ရဟန်းမင်းများနဲ့ စစ်အာဏာရှင်တွေ
– ကျော်ကိုကို (သူ့အတွေးသူ့အမြင်)
ရဟန်းမင်းကြီး ဘနားဒစ်ပျံလွန်တယ်ဆိုတော့ ဘာကိုအရင်ဆုံး သတိရမိသလဲဆို The Two Popes ဆိုတဲ့ ရုပ်ရှင်ကားကိုပဲ။အမှန်အတိုင်းဝန်ခံရရင် ကျနော်လည်း ဒီရုပ်ရှင်မကြည့် ရသေးဘူး။ အညွှန်းပဲဖတ်ဖူးတာ။
ဇာတ်လမ်းရဲ့သဘောက အခုပျံလွန်သွားတဲ့ ပုပ် ဘနားဒစ် လက်ထက်မှာ လက်ရှိပုပ်ဖရန်စစ်ဖြစ်နေတဲ့ ကာဒီနယ် ဟိုရ်ဟေး မာရီယို ဘယ်ဂေါ့ဂလီယိုဟာ ဂိုဏ်းချုပ် ဘုန်းတော်ကြီးအဖြစ်က နှုတ်ထွက်ဖို့ ဗာတီကန်ကို စာတင်တာကစတာပဲ။
ပုပ် ဘာနားဒစ်က ဂျာမန်ဘုန်းကြီး၊ ကာဒီနယ် ဘယ်ဂေါ့ ဂလီယိုက အာဂျင်တီးနားဘုန်းကြီး။
ပုပ် ဘနားဒစ်က မက္ကဆီကိုဘုန်းကြီး မာစီယယ်ရဲ့ လိင်ပိုင်း ဆိုင်ရာ အနိုင်ကျင့်မှုတွေကြောင့် ကျောင်းတော်ရဲ့ ဂုဏ် သိက္ခာကျဆင်းနေတာကို တာဝန်ယူပြီး နှုတ်ထွက်ဖို့ စဉ်းစားနေချိန်ပါ။
ဒုတိယမဲအများဆုံးရထားတဲ့ ကာဒီနယ် ဘယ်ဂေါ့ဂလီယိုက လည်း ပုပ်ရဟန်းကြီးမလုပ်တော့ဘဲ အနားယူဖို့စဉ်းစား နေတယ်။
သူ့ဆီမှာလည်း အတိတ်က အရိပ်မည်းကြီးက ထပ်ချပ်မကွာ လိုက်ပါနေတာကြောင့် ပုပ်ရဟန်းမင်းကြီးလုပ်ဖို့ စိတ်မသက် မသာဖြစ်နေပုံရတယ်။
အာဂျင်တီးနားစစ်အာဏာရှင်ခေတ်က ရဟန်းပျိုတွေကို စစ်အုပ်စုက ဖမ်းဆီး နှိပ်စက် သတ်ဖြတ်နေတာကို ဂိုဏ်းချုပ် ဘုန်းကြီး တပါးအနေနဲ့ မကန့်ကွက်ဘဲ ရေငုံနှုတ်ပိတ် နေခဲ့ တာကြောင့် ဒီမိုကရေစီ ဘက်တော်သားတွေက ဒီဘုန်းကြီးကို စစ်အာဏာရှင်နဲ့အပေါင်းအပါအဖြစ် သတ်မှတ်ပြီး အမှုဖွင့် တရားစွဲဖို့ကြိုးစားတာ တွေလုပ်ခဲ့လို့ ဖြစ်ပါတယ်။
ကာဒီနယ်ရဲ့ ရှေ့နေက တောက်လျောက်ငြင်းကွယ်ခဲ့ပေမယ့် စစ်တပ်ရဲ့ သားကောင်အဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ ရဟန်းငယ် အော်လန်ဒို ယိုရီအိုကတော့ သူတို့ဖမ်းခံရချိန်မှာ လက်မရွံ့ စစ်သားတွေ ဆွဲခေါ်သွားတာကို ကာဒီနယ်က လုံးဝ မတားဆီး ခဲ့သလို သူတို့လွတ်မြောက်ဖို့လည်း ဘယ်တုန်းကမှ ကြိုးပမ်းအားထုတ်ခဲ့ခြင်းမရှိဘူးလို့ ပြောပါတယ်။
နောက်ဆုံးမှာ တရားစွဲခံရခြင်းက ကံအားလျော်စွာ လွတ် မြောက်သွားတဲ့ ကာဒီနယ် ဘယ်ဂေါ့ဂလီယိုဟာ ဗာတီကန်ရဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပါတော့တယ်။
သူ့ရဲ့ နှုတ်ထွက်စာကို ပုပ်ရဟန်းမင်းကြီး ဘနားဒစ်က ပယ်ချပြီး ကိုယ်တိုင်ပဲ အနားယူသွားလို့ဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော့်အနေနဲ့ ဆက်စပ်တွေးတောကြည့်မိတာက အာဂျင်တိုင်းစစ်အာဏာရှင်တွေရဲ့ “ညစ်ပတ်တဲ့စစ်ပွဲ”လို ပြည်သူတွေကို ဖမ်းဆီး၊နှိပ်စက်၊သတ်ဖြတ်နေတဲ့ကာလမှာ သာသနာပိုင်တွေ၊ ဘုန်းကြီးတွေဟာ စစ်အာဏာရှင်ဘက်က ရပ်တည်ပြီး ပြည်သူလူထုကို ထိထိရောက်ရောက် မကာ ကွယ်ပေးဘူးဆိုတာပါပဲ။
ကျနော်တို့ဆီမှာလည်း မင်းအောင်လှိုင်စစ်အုပ်စုက စစ်ကိုင်းတိုင်းထဲက ရွာတွေကို မီးရှို့ပြီး နေရာအနှံ့အပြားမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အချိန်မှာ စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာသားတယောက်ဖြစ်တဲ့ ကာဒီနယ် ချားစ်မောင်ဘိုဟာ စစ်အုပ်စုရဲ့ အခမ်းအနား တွေတက်၊ စစ်ခေါင်းဆောင်နဲ့ ကိတ်မုန့်အတူခွဲ၊ စစ်တပ်ကို ခရစ္စမတ်သီချင်းနဲ့ ချော့သိပ်နေတာကို မြင်ရပါတယ်။
ဘရင်ဂျီဘာသာဝင်တွေအများစုနေထိုင်ရာ စစ်ကိုင်းတိုင်းထဲက ရွာတွေကို မှုန့်မှုန့်ညက်ညက်ကြေအောင် ဖျက်ဆီးခံနေရချိန်မှာ “ဝမ်းနည်းပါတယ်၊ စိတ်မကောင်းပါဘူး၊ ဘုရားသခင်ထံမှာ ဆုတောင်းပေးပါမယ်”ဆိုတဲ့ စကားတွေဟာ ပွင့်ပွင့်လင်းလင်း ပြောရရင် အရေးမပါတဲ့ စကားလုံးသက်သက်တွေပဲဖြစ်တယ်။
ရိုမန်ကက်သလစ်တွေအများစုနေထိုင်ရာ ကရင်နီပြည်တို့၊ကယန်းဒေသတို့မှာ ချာ့ခ်ျကျောင်းတွေ ဗုံးကြဲခံရပြီး ဖာသာတွေ ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီလို စစ်တပ်ရဲ့ လုပ်ရပ်တွေကို ကာဒီနယ် ချားစ်မောင်ဘိုအနေနဲ့ ကန့်ကွက်တာ တခါမှမကြားခဲ့ဖူးဘူး။
ရိုမန်ကက်သလစ်မှမဟုတ်ပါဘူး ဘယ်ဘာသာဝင်မဆို၊ ဘယ်လူမျိုးမဆို၊ ဘာသာမဲ့ပဲဖြစ်ဖြစ် ပြည်သူပြည်သားတွေကို စစ်တပ်က သတ်ဖြတ်နှိပ်စက်နေတာကို တရားသမား တယောက်၊ ဓမ္မဘက်တော်သားတယောက်မှန်ရင် ဆန့်ကျင် ကန့်ကွက်ဖို့ တာဝန်ရှိတယ်။
တချိန်ချိန်မှာ ကာဒီနယ်တွေရဲ့ လွှတ်တော်က ချားစ် မောင်ဘိုကို ပုပ်ရဟန်းမင်းကြီးအဖြစ် မတော်တဆ ချွတ်ချော်မှားယွင်းပြီး ရွေးချယ်မိခဲ့ရင်တောင် ကျနော်တို့ပြည်သူတွေက ကျိန်းသေ ပေါက် ကန့်ကွက်ရမှာ ဖြစ်ပါတယ်။
အာဂျင်တီးနား လူ့အခွင့်အရေးရှေ့နေတွေ ကြိုးပမ်းချက် မအောင်မြင်ခဲ့ပေမယ့် ကျနော်တို့ လူ့အခွင့်အရေးသမားတွေ၊ရှေ့နေတွေ၊ တက်ကြွလှုပ်ရှားသူတွေကတော့ ချားစ်မောင်ဘိုရဲ့ လုပ်ရပ်တွေကို မမေ့ဖို့ အရေးကြီးပါကြောင်း သတိပေး ခေါင်းလောင်း ထိုးလိုက်ချင်ပါရဲ့။