ဆောင်းပါးအတွေးအမြင်

သွေးမကွဲနဲ့” ဆိုတိုင်း မကွဲကြတော့ဘူးလား

“သွေးမကွဲနဲ့” ဆိုတိုင်း မကွဲကြတော့ဘူးလား

People’s Message | အတွေးအမြင်

“သွေးမခွဲနဲ့” “သွေးမကွဲကြနဲ့” ဆိုတဲ့ အသုံးအနှုန်းတွေကို အကြမ်းဖက်စစ်အုပ်စုထောက်ခံသူတွေဘက်မှာ တွေ့ရတာနည်းပါတယ်။ ‌သူတို့အချင်းချင်းစည်းလုံးလွန်းတာလား အကြမ်းဖက်စစ်အုပ်စုဘက်ကို ထောက်ခံသူနည်းလို့ မတွေ့ရတာလားတော့မပြောတတ်ပါ။ ဒါမှမဟုတ် ဆယ်စုနှစ်များစွာ ဘာသာရေး၊ လူမျိုးရေး ဝါဒမှိုင်းတွေကြောင့် အကြမ်းဖက်စစ်တပ်အပေါ် ယုံကြည်နေကြတာလည်းဖြစ်နိုင်သလို စိတ်ပျက်အားမရတာတွေကို အချင်းချင်းကြိတ်ဆဲကြတာတွေလည်း ရှိချင်ရှိမှာပါ။

တော်လှန်ရေးအုပ်စုများဘက်မှာတော့ မိမိတို့အချင်းချင်း နိုင်ငံရေးအမြင်မတူကြတာ ပုဂ္ဂိုလ်ရေးအမြင်မကြည်ကြတာတွေကို ထိထိရောက်ရောက်ရှင်းလင်းပြောပြကြတာ မတွေ့ရသလောက်နည်းပါးနေပြီး ကိုယ်နဲ့ အမြင်မတူသူ/အစုအဖွဲ့တွေကို ဒလန်၊ သူလျှို၊ third party စတဲ့ တံဆိပ်တွေကပ် စွပ်စွဲတိုက်ခိုက်တာတွေသာ တွေ့ရများပါတယ်။ တတိယအင်အားစုဆိုတာကို မကောင်းတဲ့အဓိပ္ပါယ်၊ ရှုထောင့်ကနေ frame လုပ်နေကြတာကလည်း တော်လှန်ရေးအတွက် အကျိုးထူးလာမယ်မထင်ပါ။

“သွေးမကွဲကြနဲ့” လို့ ဆိုရုံနဲ့ မကွဲကြတော့ဘူးတဲ့လား။ တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့ ပြဿနာ ပဋိပက္ခ အစပြုကြရာမှာ “သွေးမကွဲကြနဲ့” “သွေးကွဲရင်ခွေးဆွဲမယ်” ဆိုတဲ့ မန့်တွေ အကြံပြုချက်တွေကို အများအပြား တွေ့ဖူးကြားဖူးကြမှာပါ။ လက်တွေ့မှာကတော့ တကယ်တမ်းပြဿနာတွေဖြစ်လာတဲ့အခါ “ပြည်သူတွေမျက်နှာထောက်ပါဦး” “သွေးမကွဲကြပါနဲ့” လို့ ဆိုလိုက်တာနဲ့တင် ဖြစ်နေတဲ့ပြဿနာတွေကို နေရာမှာတင်ရပ်လိုက်ပြီး ဘာမှဆက်မဖြစ်ကြတော့ဘူးလား၊ အဲလိုမျိုးပြောဆိုလိုက်ရင်ပဲ ပြဿနာတွေက တကယ်ပဲပြေလည်သွားတာလား၊ တဦးနဲ့တဦး အပြန်အလှန် နားလည် ယုံကြည် လေးစားသွားကြသလား ဆိုတာ ဘယ်လိုသိနိုင်ပါသလဲ။

ထိထိရောက်ရောက် ကြေကြေလည်လည် မဖြေရှင်းခဲ့ကြရပဲ “သွေးမကွဲကြနဲ့” ဆိုတာနဲ့တင် အပြန်အလှန် နားထောင် ပြောဆို ဆွေးနွေးမှုတွေကို ရုတ်တရက်ရပ်တန့်လိုက်ရတာတွေ တဖြည်းဖြည်းများလာတဲ့အခါ စိတ်ခံစားမှုနဲ့ ထင်မြင်ယူဆချက် အစိုင်အခဲတွေ၊ မကြေလည်မှုတွေ စုပုံလာတဲ့အခါ တချိန်မဟုတ် တချိန်မှာ ပေါက်ကွဲထွက်လာကြပြီး အခန့်မသင့်ရင် အပျက် အပျက် နဲ့ နှာခေါင်းသွေးထွက်တာတွေသာ ဖြစ်လာမှာစိုးပါတယ်။ ဒါကြောင့် “သွေးမကွဲကြဖို့” ဆိုတဲ့ အသုံးနှုန်းအစား “အပြန်အလှန်နားလည်ယုံကြည်မှုရှိလာအောင် တတ်နိုင်သမျှကြိုးစားကြဖို့” ကို အလေးပေးစေချင်ပါတယ်။

နားလည်မှုရှိလာမှသာ တဘက်နေရာကနေတွေးကြည့်နိုင် ယုံကြည်မှုရှိလာနိုင်မှာဖြစ်ပြီး အပြန်အလှန်နားလည်မှုအခြေခံကစလို့ အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်မှသာ ရေရှည်လုပ်ငန်းစဥ်အတွက် အချင်းချင်း အပြန်အလှန် နားလည် လေးစား သည်းခံလာနိုင်မယ် ဆိုတာ အငြင်းပွားစရာမရှိလို့ ဆိုချင်ပါတယ်။

▪️နားလည်ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ယူကြမလဲ

တယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ယုံကြည်ထားတဲ့ လမ်းစဉ်တွေမတူရင်တောင် တယောက်မှာရှိတဲ့ စံတန်ဖိုးတွေကို တခြားတယောက်က အပြန်အလှန် နားထောင်ကြည့်တာ ကနေ စနိုင်ပါတယ်။ တော်လှန်ရေးဘက်တော်သားချင်း အမြင်မတူကြသူတွေ အပြန်အလှန်နားလည်အသိအမှတ်ပြုလေးစားတတ်လာဖို့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ဆိုရာမှာ ကိုယ့်ဘက်ကအတွေးအကြံတွေ၊ ကိုယ့်ဘက်ကသိမြင်နားလည်ထားတဲ့ ကိုယ်လိုချင်တဲ့အမှန်တရားကို လူအများကို ချပြပြီး အနိုင်ရချင်တာမျိုးနဲ့တော့မရနိုင်ပါဘူး။ သတင်းစာရှင်းလင်းပွဲတွေလုပ် မီဒီယာတွေမှာချပြ ဖေ့ဘွတ်မှာ liveလွှင့် အော်ဟစ်နေကြရုံနဲ့လည်းမရနိုင်ကြောင်း ပြောပြချင်ပါတယ်။

ဒါဆို ဘာနဲ့ရနိုင်မလဲ — အပြန်အလှန်နားထောင် ခံစား သိမြင်ခြင်းကို အတိုင်းအတာတခုအထိ နက်နက်ရှိုင်းရှိုင်း သွားနိုင်ကြတဲ့အခါ တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့ ရေရှည်ထိ နားလည်ယုံကြည်လာစေဖို့ လမ်းပွင့်သွားနိုင်မှာဖြစ်ပါတယ်။ ပါဝင်ကြသူတွေအချင်းချင်း အထက်စီးမဆန် တန်းတူသဘောထားပြီး ဒိုင်ယာလော့ ကို ကြိုးစားနိုင်ခဲ့ရင် နှစ်ဖက်လုံး (သို့) အတူတကွပါဝင်ကြသူတွေအတွက် စစ်မှန်ရိုးရှင်းတဲ့ ဘုံရည်မှန်းချက်တွေကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။

တကယ်တမ်းမှာ ဘယ်သူ့အတွက်မှအရှုံးရယ်လို့မရှိ ထိခိုက်နာကျင်နေရတဲ့ မိမိတို့နိုင်ငံနဲ့ ပြည်သူအားလုံးအတွက် ထည့်ဝင်စိုက်ထုတ်မှုသာဖြစ်ကြောင်း သိမြင်လာတဲ့နောက်အဆင့်တွေမှာ အတူတကွ လက်တွဲဖော်ဆောင်ကြမယ့် လုပ်ငန်းစဥ်တွေအတွက် ကျောချင်းကပ် လက်ချင်းတွဲပြီး ဆက်ကြိုးစားနိုင်ကြမှာဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ “သွေးမကွဲခြင်း” “သွေးစည်းညီညွတ်ခြင်း” ပဋိညာဉ်‌ကိုရလာနိုင်ပြီး ရှေ့ဆက်လုပ်ငန်းတွေကို ပေါင်းလုပ်လုပ် ဖြန့်ကျက်လုပ်လုပ် ရည်ရွယ်ချက်တွေ ဆုံစည်းနိုင်ကြဖို့ အားထုတ်နိုင်ကြမှာဖြစ်ပါကြောင်း …

ဇွန် ၄ ၊ ၂၀၂၃
People’s Message
#peoplemessage
#နားထောင်ကြည့်မယ်_စကားပြောကြည့်မယ်

Related Articles

Back to top button