အတွေးအမြင်

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် သတိပြုစရာ

ဆလိုင်းဖွေမာန်

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် သတိပြုစရာ

  • ဆလိုင်းဖွေမာန်

ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်တည်လာပုံကို အနည်းငယ်မီးမောင်းထိုးပြလိုပါသည်။ ပြည်ထောင်စုမြန်မာ နိုင်ငံသည် ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကချင်၊ ချင်း၊ ရှမ်းနှင့် ပြည်မကိုယ်စားပြု ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာခေါင်းဆောင်များက တည်ထောင်ထားခဲ့သော နိုင်ငံဖြစ်သည်။

ဖက်ဒရယ်စကားလုံး၏ မူရင်းအဓိပ္ပါယ်(လက်တင်စကား Fodus and Fide)နှင့်အညီ ပူးပေါင်းပြီး မိမိ၏ကံကြမ္မာကို လူမျိုးအသီးသီးက လွတ်လပ်စွာဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ စိတ်မကောင်းစွာဖြင့် အကြောင်းရင်းမျိုးစုံကြောင့် ပြည်ထောင်စု၏ အနှစ်သာရသည် ပျောက်ကွယ်ခဲ့ရသည်။

ထိုအားနည်းချက်များကို ဖော်ပြခြင်းသည် ကနေ့တည်ဆောက်မည့် ဖက်ဒရယ်ပြည်ထောင်စုအတွက် သင်ခန်းစာယူစရာဖြစ်ပါသည်။ ပင်လုံညီလာခံ၌ ပြည်မကိုယ်စားပြု ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာခေါင်းဆောင်များက ပြည်ထောင်စုတည်ဆောက်ကြတဲ့အခါ အားလုံးသည် တန်းတူ ညီမျှသော အခွင့်အရေး ရှိရမည်ဖြစ်ကြောင်း အားလုံးသဘောတူလက်ခံပြီးမှသာ ပြည်ထောင်စုကိုတည်ထောင် ခဲ့ကြခြင်းဖြစ်သည်။

သို့သော် ၁၉၄၇ ပင်လုံသဘောတူညီချက်နှင့်အတူ ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်းခဲ့ကြတဲ့ ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ ပြည်မ ကိုယ်စားပြု ခေါင်း​ဆောင်းတချို့သည် လုပ်ကြံခံရပြီးနောက် နောက်မျိုးဆက် ဗမာ(ခ)မြန်မာ ခေါင်းဆောင်များက ပင်လုံအနှစ်သာရ အတိုင်း မဟုတ်တော့ဘဲ ပြည်ထောင်စု တည်ဆောက်ရေး ထက် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၄၇ ခုနှစ်  ပြဌာန်းကျင့်သုံးပြီး တစ်ပြည်ထောင် စနစ်သို့ ဦးတည်သွားကြောင်း တွေ့ရသည်။

စာရေးသူဖော်ပြမည့်အချက်များမှာ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉၄၇ ခုနှစ်ကို လေ့လာကြည့်ရာတွင် (၁)ကိုယ်ပိုင် ပြဌာန်းခြင်း-Self Determination (၂)အထက်လွှတ်တော်တွင် လူမျိုး (သို့မဟုတ်) ပြည်ထောင်အသီးသီးမှ ကိုယ်စား လှယ်ဦးရေ တန်းတူမထားရှိခြင်း (၃)ပြည်နယ်အစိုးရ မရှိခြင်းတို့ ကြောင့် ဗမာမှုပြုခြင်းကို စတင်ကျင့်သုံး လာခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဥပဒေရေးဆွဲရာတွင်ပါဝင်သော ဦးချန်ထွန်း ကိုယ်တိုင်က “ကျွန်တော်တို့ အခြေခံဥပဒေဟာ သဘောအားဖြင့် ပြည်ထောင်စုစနစ်ဖြစ်ပေမယ့် လက်တွေ့တွင် တစ်ပြည်ထောင်စနစ်ဖြစ်တယ်”ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ရန်ကုန်တက္ကသိုလ်ပါမောက္ခဟောင်း ဟူးတင်ကာ က သူ၏ပြည်ထောင်စုဗမာနိုင်ငံတော်စာအုပ်တွင် ဖော်ပြထား သည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်

(၁) အမည်နာမ

ကနေ့ တည်ရှိနေသည့် ပြည်ထောင်စုမြန်မာနိုင်ငံသည် ဖော်ပြခဲ့ပြီးသည့်အတိုင်း ပင်လုံညီလာခံမတိုင်မှီ မတည်ရှိခဲ့ဖူးသော ပြည်ထောင်စုနိုင်ငံဖြစ်သည်။ မြန်မာဟူသောစကားလုံးနှင့် ဗမာဟူသော စကားလုံးသည့် ရှင်းလင်းသည့် ဝေါ်ဟာရပင် မရှိပဲ ရောထွေးနေပြီး ပြန်လေ့လာကြည့်လျှင် ယင်းစကားလုံးသည် လူမျိုးတစ်မျိုး၏ အမည်နာမတစ်ခု မသိမသာ ထင်ဟက် နေခြင်းဖြစ်သယောင် ရှုပ်ထွေးမှုဖြစ်စေသည်။ နောင်တွင် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ အတွက် အမည်နာမကို မည်သည့် ဝေါ်ဟာရစကားလုံးကို သုံးနှုန်းမည်ကို ပြန်လည် စဉ်းစားရပါမည်။

(၂) လူမျိုးဖြစ်တည်မှုကိုအခြေခံရန်

ပြည်ထောင်စုအဖွဲ့ဝင်လူမျိုးဖြစ်တည်မှု မြန်မာနိုင်ငံတွင် လူမျိုးစု (၂၅)မျိုးခန့်ရှိမည်ဟု ခန့်မှန်းရပါသည်။ ထိုလူမျိုး(စု)များထဲမှ ဗမာလူမျိုးသည် တိကျခိုင်မာသော သမိုင်းကြောင်း၊ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာရှိသော လူမျိုးတစ်မျိုးဖြစ်ပါသည်။

ရခိုင်လူမျိုးများသည် ၁၇၈၅ခုနှစ်၊ ဘကြီးတော်လက်ထက်တွင် ဗမာ၏သိမ်းပိုက်ခြင်းကို ခံရပြီး ထိုစဉ်၌ ရခိုင်လူမျိုးများသည် စည်းလုံးညီညွှတ်စွာဖြင့် ထီးနန်းဆောင်းခဲ့သူများဖြစ်သည်။

မွန်လူမျိုးများ သည်လည်း မွန်ဟူသည့်အမျိုးသားနာမည်ဖြင့် စုစည်းညီညွှတ်သောလူမျိုးများ ဖြစ်ပါသည်။

ချင်းလူမျိုးများသည် ဘာသာစကား၊ ရိုးရာယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ စသဖြင့် များပြားပြီး တစ်သွေး တစ်သားတည်း ဖြစ်ကြ သော်လည်း အမျိုးသားအဆင့်သို့ မစုစည်းနိုင်ခဲ့သေးသော လူမျိုးဖြစ်ပါသည်။ ကချင်လူမျိုး များသည်လည်း တည်ဆောက်ဆဲဖြစ်ပါသည်။

ကျန်သည့် ဝ၊ တအာင်း/ပလောင်၊ ကိုးကန့်၊ ကရင်နီများသည်လည်း အမျိုးသား အဆင့်သို့ တက်လှမ်းရန်တည်ဆောက်ဆဲလူမျိုးများဖြစ်ပါသည်။

ကရင်နီ(ကယား)သည် ၁၈၇၅ခုနှစ်တွင် ဗြိတိသျှ အစိုးရနှင့် ဗမာဘုရင်က လွတ်လပ်သောပြည်ထောင်စုအဖြစ် သတ်မှတ်ခဲ့ကြသော လူမျိုးဖြစ်သည်။ နောင်တွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ် ဖြစ်လာသည်။ ကျန်ရှိသောလူများကိုမူ လက်လှမ်းမမှီနိုင်ပါ။

မြန်မာနိုင်ငံရှိလူမျိုးများတွင် တပ်မတော်ခိုင်ခံ့စွာတည်ထောင်ထားသော လူမျိုးတချို့တွင် လွတ်လပ်ရေးအဆင့် ထိ ဦးတည်ထားသော လူမျိုးလည်းရှိပါလိမ့်မည်။

သို့သော်လည်း ယနေ့တိုင် ပြည်ထောင်စုမှ သီးခြားခွဲထွက်ရန် အခိုင်အမာထုတ်ဖော်သော လူမျိုးမရှိသေးပေ။ ရခိုင်နှင့် ဝသည် ကွန်ဖက်ဒရေးရှင်းအဆင့်ကိုရည်မှန်းထားကြောင်း သူတို့၏ ခေါင်းဆောင်များ၏  ပြောကြားချက်အရ မှတ်ချက်ပြုနိုင်သည်။

သမိုင်းကြောင်းအရဖြစ်စေ၊ နယ်မြေ၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှု၊ လူဦးရေအပေါ် အခြေခံ၍ ပြည်နယ် သတ်မှတ်ပေးရမည့် လူမျိုးများလည်း ရှိပေသည်။ အထက်ပါဖော်ပြချက်များသည် ပြည်ထောင်စု မြန်မာနိုင်ငံရှိ လူမျိုးများ၏ အမျိုးသားအဆင့် စုစည်းမှု အခြေအနေနှင့် တည်ဆောက်မည့် ဖက်ဒရယ်ပြည်ထောင်စုတွင် အဆင်ပြေချောမွေ့စွာ ပူးပေါင်းပါဝင်နိုင်မည့် အလားအလာကို မီးမောင်းထိုးပြခြင်းဖြစ်သည်။ လူမျိုးကိုအခြေပြု၍ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း ယူဆသည်။

(၃) စနစ်ကိုတော်လှန်သူများမှ လူမျိုးစုအချင်းချင်းကြား လေးစားရန်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး စစ်အာဏာသိမ်းခြင်း ဖြစ်ပွားမှုအလွန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီအရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး စသည်ဖြင့် ဗမာ(ခ) မြန်မာလူမျိုးအများစုနှင့် လူငယ်များ ပြည်သူတစ်ရပ်လုံးက မလွဲသာ၍ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လာရောက်ပူးပေါင်းကာ နွေဦး တော်လှန်ရေး တိုက်ပွဲကြီး အင်တိုက်အားတိုက် ပါဝင်လာသည်ကို တွေ့လာရသည်။  

ယင်းအခြေအနေသည် တစ်ဖက်တွင် အားရာစရာ ကောင်းသော်လည်း တစ်ဖက်တွင် နှစ်တချို့ကြာလာချိန်တွင် မိမိလူမျိုး၊ မိမိအင်အား အကျိူးစီးပွားကို ရှေးရှုသည့် လက်နက်ကိုင် အဖွဲ့အစည်းများလည်း ပေါ်ပေါက်လာသည်ကို တွေ့ရသည်။  

မြန်မာနိုင်ငံ၏ အတိတ်သမိုင်းပေး သင်ခန်းစာများအရ လူမျိုးစုတိုင်းက အမျိုးသားအကျိုးစီးပွားနှင့် မိမိလူမျိုးများကို အကာအကွယ်ပေးနိုင်ဖို့ တော်လှန်ရေး ကိုယ်ပိုင်တပ်မတော် မဖြစ်မနေ တည်ဆောက်ထားရမည်ဟူသည့် အယူအဆက အားကောင်းစွာ ဖြစ်တည်နေပြီ ဖြစ်သည်။

သို့သော် ယင်းတို့တည်ဆောက်ရာတွင် မိမိအမျိုးသား အကျိုးစီးပွားကို ရှေ့တန်းတင်ကာ တခြားလူမျိုးများကို အင်အား ချိနဲ့အောင် ပြုလုပ်ခြင်း၊  တခြားလူမျိုးများ၏ နယ်မြေကို ကျုးကျော်ဝင်ရောက်လာခြင်း၊ ဒါ့အပြင် ဘုံရန်သူ စစ်ကောင်စီ တော်လှန်တိုက်ထုတ်ရန်ဟူသည့် အကြောင်းပြချက်ဖြင့် တခြားလူမျိုးများ၏ နယ်မြေထဲ အတင်းအဓမ္မ ဝင်ရောက် လာကာ စစ်ရေးဖော်ဆောင်မှုခြင်းတို့ကိုလည်း ရှောင်ရှားသင့်သည်။ ယင်းအခြေအနေသည် နောင်တွင် ဖြေရှင်းရ ခက်ခဲသော အခြေအနေမျိုးကို ဦးတည်သွားစေနိုင်သောကြောင့်ပင် ဖြစ်သည်။

ဒါ့ကြောင့် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်တည်ဆောက်လာခဲ့ကြပြီ ဖြစ်၍ စနစ်ကျတဲ့ တော်လှန်ရေး ဖြစ်လာစေဖို့ စစ်စည်းမျဉ်းဥပဒေများကို လေးစားလိုက်နာရန်လိုအပ်သလို မဟာမိတ် အချင်းချင်း ကြားလည်း လေးစားမှုကိုပြသရန် လိုအပ်လာသည်။ အထူးသဖြင့် အင်အားကြီးမားသည့် ဘုံရန်သူ စစ်ကောင်စီကို တိုက်ခိုက် တွန်းလှန်ရာအတွင် ပိုမိုထိရောက်သည့် စစ်ရေးဖော်ဆောင်မှုများကို အကောင်အထည် ဖော်နိုင်ဖို့ လူမျိုးစုတွေကြား မဟာမိတ်တည်ဆောက်ခြင်းသည် အင်မတန်မှ အရေးကြီးသောကြောင့်ပင် ဖြစ်သည်။

အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို မျှော်မှန်းရာတွင် လက်ရှိ ပစ္စုပ္ပန် တော်လှန်ရေး ကာလကို ဖြတ်ကျော်နေချိန်၌ လူမျိုးစုအချင်းချင်းကြား မတူညီသောကိုးကွယ်ယုံကြည်မှုဘာသာတရား၊ ရိုးရာ ယဉ်ကျေးမှု၊ ဘာသာ စကား၊ သမိုင်းကြောင်းနှင့် ပထဝီနယ်မြေများအရ ကွဲပြားမှုတို့ကို လေးစားအသိအမှတ်ပြုကာ နှစ်ပေါင်း (၇၀)ကျော် ကြုံတွေ့ ဖြတ်သန်းနေရသည့် စစ်အာဏာရှင်များ၏ ဖိနှိပ်မှုပေါင်းစုံကို သင်ခန်းစာယူကာ အလုံးစုံ လွတ်မြောက်နိုင်ပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးကို ဦးတည်နိုင်ဖို့ လူမျိုးစု အချင်းချင်းတွေကြား စည်းလုံးညီညွတ်စွာဖြင့် အပြန်အလှန် ယုံကြည်မှုတို့ကို တည်ဆောက်ကြရင်း လက်တွဲ သွားကြဖို့ တိုက်တွန်း လိုက်ရပါသည်။  

Related Articles

Back to top button