တိုင်းရင်းသားများသတင်း

ကရင်နီပြည်နယ်မှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းနီးပါးရှိပြီလို့ KCSN ပြော

ဖက်ဒရယ်ဂျာနယ်

မတ် ၁၆၊ ၂၀၂၂

 

■ ကယား (ကရင်နီ) ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် စုစုပေါင်း နှစ်သိန်းနီးပါး ရှိနေပြီလို့ ကရင်နီပြည် လူမှုအသင်းအဖွဲ့များကွန်ရက် ( KCSN) က မတ်လ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခု မတ်လအထိ ကရင်နီပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် စုစုပေါင်း တစ်သိန်းကိုးသောင်းကျော်ရှိနေပြီလို့ KCSN က ထုတ်ပြန်ထားပါတယ်။

 

ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ်လ ၁၃ ရက်အထိ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်လို့ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ဒီးမော့ဆိုမြို့နယ်ထဲမှာဆိုရင် တစ်သောင်းနဲ့ ဖယ်ခုံမြို့နယ်ထဲက တစ်သောင်း လောက်ရှိတယ်လို့ ပြောပါတယ်။

 

ဒီးမော့ဆိုမြို့ နန်းမယ်ခုံကို စစ်ကောင်စီက အင်အားအလုံးအရင်နဲ့ ထိုးစစ်ဆင်လာတဲ့အတွက် နန်းမယ်ခုံကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက နောက်ဆုတ်ပေးလိုက်ရပါတယ်။

 

ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်းက ပါဒေါဒူ၊ ဒေါပလော်ကလဲ၊ ဒေါတဒါး နဲ့ ထီးဖိုးကလို စတဲ့ရွာက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရပြီး ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်း ဦးခူရီဘက်က ရွာတွေမှန်သမျှလည်း စစ်ဘေးရှောင်နေတဲ့အတွက် စုစုပေါင်း တစ်သောင်းကျော်လောက်ရှိမယ်လို့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးဒုက္ခသည် ကူညီသူတစ်ဦးကလည်း ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်အတွင်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ လွိုင်ကော်မြို့ပေါ်မှာ ဒေသခံနှစ်သောင်းကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့ KCSN ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အခုမတ်လ နှစ်ပတ်အတွင်းမှာလည်း အရပ်သား သေဆုံးမှု ၁၂ ဦး အထိရှိနေပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှု စုစုပေါင်း ၂၃၅ ဦးအထိ ရှိတယ်လို့ KCSN က ထုတ်ပြန်ထားပါတယ်။

 

KCSN အဖွဲ့ဟာ ပြည်တွင်းသတင်းဌာနတွေက ဖော်ပြနေတဲ့ အချက်အလက်တွေကို စုဆောင်းထားသလို Free Burma Ranger အဖွဲ့ရဲ့ အချက်အလက်တွေကိုလည်း မေးမြန်းပြီး ကောက်ယူစုဆောင်းထားတာလို့ သိရပါတယ်။

KCSN-briefer-20-Burmese

 

Related Articles

Back to top button