တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 34, April 26, 2024)

၁။ ဝမ္မသူးတိုက်နယ်ဆေးရုံကို စစ်တပ်က လေကြောင်းဖြင့်ဗုံးကျဲမှု ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရရှိ
 April 26, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံကို  စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးပြီး ၁၀ ဦးအထက်ဒဏ်ရာရရှိကာ ဆေးရုံ အဆောက်အအုံ လုံးဝပျက်စီးခဲ့ကြောင်း CDF Mindat မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။ ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ ည ၈ နာရီခန့်အချိန် မင်းတပ်မြို့နယ်၊ တိုက်နယ် ၂ ရှိ ဝမ္မသူးဆေးရုံကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအတွင်း ဆေးကုသမှုခံ ယူ လျက်ရှိသည့်အရပ် သား ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ  ၁၀ ဦးအထက်ဒဏ်ရာရရှိပြီး ဆေးရုံအဆောက် အအုံမှာ လုံးဝရစရာမရှိအောင် ပျက်စီးသွားကြောင်း သိရသည်။

“ ဆေးရုံတက်နေတဲ့ ပြည်သူ ၄ ဦးသေတယ်၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့ ကနဦး သိရပါတယ်။ ဆေးရုံကတော့ လုံးဝရစရာမရှိတော့တဲ့အနေအထားပါ။ မနေ့က တနေကုန်၊ တစ်ညလုံး နီးပါး တိုက်ခိုက်တယ်လို့ ပြောလို့ရပါ တယ်။ မြိုု့နယ်အတွင်းမှာ ဘာတိုက်ပွဲမှ မရှိပါဘူး” ဟု CDF Mindat မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့် ဝမ္မသူးကျေးရွာသည် အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံတော်ကောင်စီ ဝင် ဦးမောင်းဟာ၏ ဇာတိကျေးရွာဖြစ်ပြီး လက်ရှိကာလ၌ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်၊ ယောဒေ၊ မြိုင်မြို့နယ်၊ ပခုက္ကူမြို့နယ်စသည့်ဒေသများမှ လူနာများမှာ ဝမ္မသူးတိုက်နယ်ဆေးရုံကို အဓိက တက်ရောက်ကုသမှုခံယူနေကြရ ကြောင်း သိရသည်။ အဆိုပါ ဝမ္မသူးဆေးရုံအပြင် အရပ်သားပြည်သူများရှိသည့် အခြားနေရာများကိုလည်း အကြမ်းဖက် စစ် ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုရှိခဲ့ရာ ထိခိုက်ပျက်စီးမှုရှိပြီး မည်မျှထိခိုက်ပျက်စီး ဆုံးရှုံးသည်ကို အတိအကျ သိရှိ ရခြင်း မရှိရသေးကြောင်း သိရသည်။ Read ni full

၂။ ဖယ်ခုံမြို့နယ်မှာ နှစ်ရက်အတွင်း ပြည်သူ ၅ ဦး သတ်ဖြတ်ခံရ
April 25, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းမှာ နှစ်ရက်အတွင်းအရပ်သားပြည်သူ စုစုပေါင်း ၅ ဦးကို စစ်ကောင်စီတပ် က ပစ်သတ်ခဲ့တယ်လို့ ကယန်းအမျိုးသမီးအဖွဲ့အစည်း (KyWO) က ဧပြီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ အဆိုပါ ပစ်သတ်ခံရမှု ဖြစ်စဥ်မှာ ဧပြီလ ၂၀ ရက်နေ့ နဲ့ ၂၃ ရက်နေ့ နှစ်ရက်အတွင်း ဖြစ်ပြီး ဧပြီလ ၂၀ ရက်နေ့မှာ ၃ ဦးနဲ့ ဧပြီလ ၂၃ ရက် နေ့မှာ ၂ ဦး သတ်ဖြတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။“ဒီစစ်ကြောင်းထိုးလာတဲ့အခါမှာ အားလုံးပေါင်း ၅ ဦးကို သတ်ဖြတ် တယ်လို့ ပြောပါတယ်။ ပထမဆုံးစစ်ကြောင်းထိုးလာတဲ့အချိန်မှာ ယောကျာ်းနှစ်ဦးကို သတ်တယ် ပြီးတော့ အမျိုးသမီးတဦးရယ် ကလေးတဦးကို ခေါ်ဆောင်သွားတယ်။ ပြီးတော့ အဲ့အမျိုးသမီးတစ်ဦးကို သတ်ဖြတ်လိုက်တယ်။ ကလေးတော့ ပြန်လွတ်လာ တယ်ပေါ့နော်။ နောက်ထပ်တစ်ရက်မှာက စစ်ရှောင်နှစ်ဦးကိုပေါ့နော် သတ်ဖြတ်တယ်။ စုစုပေါင်း သတ်ဖြတ်ခံရတဲ့ လူဦးရေက ၅ ဦး ဖြစ်ပါတယ်။ အမျိုးသားနှစ်ဦးကတော့ ပစ်သတ်ခံရတဲ့ဟာမျိုးဖြစ်တယ်။ အမျိုးသမီးတစ်ဦးကတော့ ခေါင်းကို လုံးဝကို ထုထား တဲ့ဟာမျိုးပေါ့နော် ရက်စက်ထားတဲ့ဒဏ်ရာ ခေါင်းက ကြေမွသွားတဲဒဏ်ရာတွေ့ရတာ ဖြစ်ပါတယ်။” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပစ်သတ်ခံရတဲ့ ပြည်သူ ၅ ဦးမှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးဖြစ်ကြပါတယ်။ အသက်(၃၄) နှစ်အရွယ် ဦးမာအို၊ အသက် (၃၃) နှစ်အရွယ် ဦးသန်းထွန်း၊ အသက်(၃၂) နှစ်အရွယ် ဒေါ်အားမူ တို့ဟာ ဖယ်ခုံမြို့မှာရှိတဲ့ အင်လာကွင်းတောင်ယာ ထဲမှာ ဧပြီလ ၂၀ ရက်နေ့က ပစ်ခတ်သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။ ဧပြီလ (၂၃) ရက်နေ့မှာတော့ အသက်(၃၇) နှစ်အရွယ် ဦးမျိုး နဲ့ အသက်(၄၂) နှစ်အရွယ် ဒေါ်ရှ တို့ဟာ ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်ခံခဲ့တာဖြစ်တယ်လို့ KyWO က ထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကိုတော့ Pekhon Health Community (PKHC) နဲ့ ဖယ်ခုံ ၂၀၀၈ PDF တပ်ရင်းတို့မှ ကူညီပေးခဲ့ တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Read ni full

၃။  ဖာပွန် ခမရ-၄၃၄ တပ်ရင်းအား KNLA ပူးပေါင်းတပ် သိမ်းပိုက်
April 26, 2024
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ-၅ နယ်မြေ ဖာပွန်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၄၃၄ အား ယမန် နေ့နံနက်အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တပ်မဟာ-၅ က သတင်းထုတ်ပြန်သည်။ ထိုစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး အသေးစိတ်အချက်အလက်များအား အလျဉ်းသင့်သလို ဆက်လက်ဖော်ပြ ပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့ကပြောသည်။ တိုက်ပွဲများနှင့်ပတ်သက်ပြီး လုံခြုံရေးအရ ချက်ချင်းသတင်းထုတ်ပြန်ခြင်း မပြုလိုသော်လည်း လတ်တလောဖြစ်ပေါ်သည့် ပြည်သူများ စိတ်ကုန်လက်ပန်းကျစရာ အကြောင်းအရာများ တွေ့နေရသည့် အတွက် မဖြစ်မနေ သတင်းထုတ်ပြန်ခြင်း ဖြစ်ပြီး စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေကြောင်း ရှေ့တန်းစစ်မျက်နှာရှိ ဗိုလ်အယ်ခူစိုးက ပြောသည်။

၎င်းက “ အခု ကျနော်တို့သွားနေတာက စစ်အာဏာရှင်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ဖို့ နေ့နေ့ညည တိုက်ပွဲဝင်နေပါတယ်ဆိုတာကို ပြည်တွင်း၊ နယ်စပ်၊ ပြည်ပမှာရှိနေကြတဲ့ ကရင်ပြည်သူတွေရော တိုင်းရင်းသား ပြည်သူ တွေအားလုံးကို ပြောချင်ပါတယ်။ ရှိရှိသမျှ ငွေအင်အား၊ လူအင်အား၊ စိတ်ဓာတ်အင်အား အားလုံးပါဝင်ပေးဆပ်ကြသူ တွေကို ပြောချင်တာက ဒွိဟသံသယ မဖြစ်ကြပါနဲ့၊ စိတ်ဓာတ်ကျဆုံးမှု တစုံတရာမဖြစ်ကြပါနဲ့” ဟု ပြောသည်။ ထိုစခန်းသိမ်း တိုက်ပွဲတွင် KNLA နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ Force For Federal Democracy(FFD) နှင့် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (BPLA)တို့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ Read ni full

 ၄။ ခေါဇာမြို့တွင် ပြည်သူ့စစ်အဖွဲ့ဝင်များထံက သေနတ် ၈ လက် သိမ်းဆည်းရမိ
 April 25, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါ‌ဇာမြို့နယ်ခွဲရှိ ကျုံညှဲကျေးရွာတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် တပ်သားသစ် စုဆောင်းနေသည့် အုပ်ချုပ်ရေးမှူး နှင့် ပြည်သူ့ စစ်အဖွဲ့ဝင်များထံမှ လက်နက် ရှစ် လက်နှင့် ခဲယမ်းများကို ဒေါနစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ပြည်သူ့စစ် အဖွဲ့ဝင် ငါးဦးကို တပ်သားသစ် စု‌ဆောင်းခြင်း၊ လက်နက်ကိုင်ခြိမ်းခြောက်ခြင်းတို့ကြောင့် ပြည်သူများကအရေး ယူ‌ပေးရန် တိုင် ကြားခဲ့သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ပြီး အဖွဲ့ဝင် သုံးဦး ကိုပြန် လည်လွှတ်ပေးခဲ့‌သည်။ ထို့နောက် အုပ်ချုပ်ရေးမှူးဖြစ်သူ ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ကို ဆက်လက်စစ်ဆေး နေစဉ် သိမ်းဆည်းခဲ့သည့် လက်နက်များကို လုယူကာပြန်လည်ခုခံခဲ့၍ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အတွက် ၎င်းတို့နှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

“အဓိကကတော့ ဒီပြည်သူ့စစ်တွေက ရှိတာကြာပြီပေါ့နော်။ အပါတ်စဉ်(၁) သင်တန်း ပေးတယ်။ အပါတ်စဉ်(၂) ပြန်ပြီး ပြင်ဆင်တဲ့ကာလပေါ့နော်။ ပြည်သူ့စစ်တွေက တောက်လျှောက်ရှိနေတယ်။ အရင်တည်းက အာဏာသိမ်းတာကို အားပေးအား မြှောက်လုပ်ပြီး အာဏာသိမ်းမှုကို အထမြောက်အောင် ပိုပြီးအားကောင်းလာအောင် လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဟောင်းတွေ ပါ”ဟု ဒေါနစစ်ကြောင်းစစ်ဆင်ရေးတာဝန်ခံ ရဲဘော်ရန်နိုင် ကပြောသည်။ အဆိုပါ ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များထံမှ M4 Carbine သေနတ် နှစ် လက်၊ ကိုးလုံးပြောင်းချောသေနတ် နှစ် လက်၊ ၃၈၀ ပစ္စတို  နှစ် လက်၊ ကိုးလုံးအတို တစ်လက်၊ .၂၃ အတို တစ် လက်၊ တူမီး တစ် လက်၊ လက်ပစ်ဗုံး လေး လုံး၊ ၅ ပွိုင့် ၅၆ ကျည်ဘောက်များ၊ ကျည်တောင့်များ စကားပြောစက်များ နှင့် ဆက်စပ်ပစ္စည်း အများအပြား ကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။ အဆိုပါ တော်လှန်ရေးပူးပေါင်းအဖွဲ့များတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါန စစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေး တပ်(MSRF)၊ ရေးသိမ်းငှက်(ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲ)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF)-ဒေါနတပ်ခွဲ-၄၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ-၇ တို့ ပါဝင်ကြောင်း သိရသည်။ Read ni full

၅။ ကျောက်နီမော်ပျူစခန်းကို ရိက္ခာပို့မဲ့ စစ်ကောင်စီစက်လှေကို လောင်းလုံးပကဖ တိုက်ခိုက်
 April 25, 2024
စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ငါးဖမ်းစက်လှေတစ်စီးကို တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ထားဝယ်မြစ်‌ကြောင်းအတိုင်း ကျောက်နီမော်ရွာဘက်ကို ဦးတည်လာတဲ့ ငါးဖမ်း စက်လှေကို ကျောက်နီမော်ရွာအနားမရောက်ခင် တနေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ လောင်းလုံးပကဖရဲ့ ပြန်ကြား ရေး တာဝန်ခံ ကိုရှဲဒိုးက ပြောပါတယ်။ အဲ့ဒီငါးဖမ်းစက်လှေပေါ်မှာ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်နဲ့ ကျောက်နီမော်ရွာ ပျူစောထီးစခန်းကိုပေးပို့မဲ့ စားနပ်ရိက္ခာတွေပါလာတယ်လို့ သတင်းရလို့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လောင်းလုံးပကဖရဲဘော်တွေဘက်ကနေ ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ၅ လုံးတိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကိုရှဲဒိုးက ပြောပါတယ်။“ငါးလုံးပစ်ပေမဲ့ နှစ်လုံးပဲထိတယ်။ တစ်လုံးက လှေခေါင်းပိုင်းကိုထိတာ။ နောက်တစ်လုံးကတော့ လှေကိုတည့် တည့်ထိတယ်။ ထိခိုက်သေဆုံးရှိမှာပါ။ နောက်ဆက်တွဲ ကျနော်တို့ စုံစမ်းနေဆဲပါဗျ”လို့ သူကဆိုပါတယ်။ လောင်းလုံး ပကဖ ရဲဘော်တွေ စတင်ပစ်ခတ်တိုက်ခိုက်ပြီးချိန်မှာ လှေပေါ်ကစစ်ကောင်စီတပ်သားတွေလည်း လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ် ခတ်ခဲ့ပြီး ၁၅ မိနစ်ဝန်းကျင် အပြန်အလှန် ပစ်ခတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။  Read ni full

၆။ စစ်ကောင်စီတပ်က လူမရှိတဲ့ အိမ်တွေမှာ အဖိုးတန်ပစ္စည်းတွေ ခိုးယူပြီး နေရပ်ပြန် စစ်ဘေးရှောင်တွေဆီ ရောင်းချနေ
April 25, 2024
ရှမ်းပြည်‌တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့က လူသူမရှိတဲ့ နေအိမ်တွေမှာ စစ်ကောင်စီတပ်က အဖိုးတန်ပစ္စည်းတွေကို လိုက်လံခိုးယူပြီး ပြန်လည်ရောင်းချနေတယ်လို့ နေရပ်ပြန် စစ်ဘေးရှောင်တွေက ပြောပါတယ်။ ဆီဆိုင် မြို့ခံ စစ်ဘေးရှောင်တွေကို (ဧပြီ ၂၄)ကစလို့ နေရပ်ပြန်နိုင်ပြီ ဆိုတဲ့အကြောင်း အုပ်ချုပ်ရေးမှူးတွေက ကြေညာထားပြီးနောက် မှာ အိမ်ပြန်သူတွေများလာပြီး မြို့အဝင် စစ်ဆေးရေးဂိတ်မှာပဲ အခုလို ရောင်းချနေကြတာလို့ ဆိုပါတယ်။ နေရပ်ပြန် စစ်ဘေး ရှောင် တစ်ဦးက “မြို့ဝင်ဂိတ်မှာ TV လိုလား၊ ရေခဲသေတ္တာလိုလား ဘာလိုလဲ မေးတာပေါ့။ လိုတယ်ဆိုရင် သူတို့ ပစ္စည်းထားတဲ့ နေရာ ခေါ်သွားတယ်။ အဲဒီရောက်မှ ကျနော်တို့က အိမ်နီးချင်းဟာတွေမှန်း သိတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ သူတို့ရောင်းချတဲ့ ပစ္စည်းလာရောက်ကြည့်ရှုသူတိုင်းကို အဓမ္မရောင်းချပြီး မဝယ်ဖြစ်တဲ့သူတွေ ကိုလည်း ငွေကြေးတောင်းခံနေတယ်လို့ နေရပ်ပြန်စစ်ဘေးရှောင်တွေဆီက သိရပါတယ်။ ဒါ့အပြင် နေရပ်ပြန် စစ်ဘေးရှောင် တွေအတွက် မြောက်ဘက် ဂိတ်ပေါက်ဝကိုသာ ဖွင့်ထားပေးကာ ဝင်လာသူတိုင်းကို ဖုန်းတွေသိမ်းဆည်းထားပြီး ပြန်ပေး/မပေး ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ ဆီဆိုင်မြို့ခံ တစ်ဦးက “သူတို့ကရောင်းလည်းရောင်းတယ်။ တချို့ကိုတော့ ပစ္စည်း ပေါ်မှာ သူတို့မိန်းမနာမည်တွေရေးပြီး နောက်တန်းပြန်ပို့တယ်”လို့ပြောပါတယ်။ ဆီဆိုင်မြို့နယ်အတွင်း နေရပ်ပြန်လိုတဲ့စစ်ဘေး ရှောင်တွေအနေနဲ့ ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်နဲ့တကွ စာရင်းပေးရမှာ ဖြစ်ပြီး စစ်ကောင်စီဘက်က ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံ စားသောက်ကုန်တွေ ထောက်ပံ့သွားမယ်လို့ ဝါဒဖြန့်ထားပါတယ်။ Read ni full

၇။ ကော့သပ်ရွာတွင် တပ်စွဲထားသော စစ်သားများက လူငယ် ၁ ဦးကို ပစ်သတ်ပြီး ရွာထဲရှိ ပစ္စည်းများ စိတ်ကြိုက်ယူ
 April 25, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့သပ်ရွာတွင် တပ်စွဲထားသော စစ်သားများက ကျေးရွာထဲ ပြန်လည် ဝင်ရောက် လာသည့် လူငယ် ၁ ဦးကို ပစ်သတ်ပြီး ရွာထဲရှိ ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆို သည်။ မတ်လပိုင်းက စတင်ကာ ကျိုက်မရောမြို့နယ်၊ ကော့သပ်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများက ကျေးရွာအတွင်း ဝင်ရောက် တပ်စွဲပြီး နေအိမ်ထဲရှိ ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်ကာ ဆိုင်ကယ်များကိုလည်း ခိုးယူသွားကြောင်း သိရသည်။ ထို့ပြင် အကြမ်းဖက် စစ်သားများသည် ဧပြီလ ၂၄ ရက်နေ့က ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာသည့် လူငယ် ၁ ဦးကိုလည်း ပစ်သတ်ခဲ့ပြီး လက်ရှိချိန်ထိ ရွာထဲ၌ တပ်စွဲထားကြောင်း သိရှိရသည်။

“ကော့သပ်ကျေးရွာမှာ စစ်တပ်က စခန်းဝင်ချနေတာ တစ်လကျော်ကြာပြီ ရွာသူ ရွာသားတွေကိုလည်း မောင်းထုတ်ပြီ ရွာထဲပေးမဝင်ဘူး။ စစ်သားတွေက ပြည်သူတွေရဲ့ နေအိမ်ပေါ်မှာ နေနေကြတာ နောက်ပြီးတစ်အိမ်တက် တစ်အိမ်ဆင်းပြီး သော့ တွေရိုက်ဖျက်ပြီး အဝတ်စားတွေပစ္စည်းတွေ ဆိုင်ကယ်တွေပါမကျန်ယူနေကြတာ ကားကြီးများနဲ့သယ်နေကြတယ်။ အခေါက် ခေါက်အခါခါပဲ မနေ့ကလည်း လူငယ်လေး ၁ ဦးကို ရွာထဲ ဝင်လာလို့ဆိုပြီး ပစ်သတ်လိုက်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။ Read ni full
၈။ လောက်ကိုင်တွင် MNDAA က လူမြင်ကွင်း၌ သေဒဏ်ပေးသည့်အပေါ်  EU ရှုတ်ချ
 April 26, 2024
ကိုးကန့်တပ်ဖွဲ့ MNDAA က လောက်ကိုင်မြို့မှာ  လူ ၃ ဦးကို အများပြည်သူရှေ့မှောက် သေဒဏ်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ် ဥရောပသမဂ္ဂ (EU)က အပြင်းထန်ဆုံး  ရှုတ်ချလိုက်ကြောင်းကြေညာပါတယ်။ ဧပြီ ၂၄ ရက်က လောက်ကိုင်မြို့မှာ အပြာ ရောင်ဝတ်စုံဝတ်အကျဉ်းသား  ၁၀ ဦးကို  MNDAA က ခေါ်ဆောင်လာပြီး  ထောင်နဲ့ချီတဲ့ အများပြည်သူတွေရဲ့ရှေ့ လူမြင်ကွင်းမှာ ပြစ်ဒဏ်တွေချခဲ့တယ်လို့ ကိုးကန့်သတင်းဌာနက ရုပ်သံနဲတကွ သတင်းထုတ်ပြန်ခဲ့တာပါ။ လူသတ်ပြန်ပေးဆွဲမှု၊ လက်နက် မှောင်ခိုရောင်းချမှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ တချို့ကိုသေဒဏ်နဲ့တချို့ကို နှစ်ရှည်ထောင်ဒဏ်တွ ချမှတ်ခဲ့တာဖြစ်ပြီး  ဒီလူ တွေထဲကမှ ခရိုင်မှူးအဆင့်ရှိသူ အပါအဝင်  ၃ ဦးကိုတော့  သေဒဏ် စီရင်ခံခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။  အခုလို သေဒဏ်ပေးတာနဲ့ ပတ်သက်ပြီး ဥရောပသမဂ္ဂ က အပြင်းထန်ဆုံး ရှုတ်ချပြီး အခြေအနေမျိုးမှာဖြစ်ဖြစ် သေဒဏ်ချမှုကို ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့ EU ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သေဒဏ်ဟာ လူမဆန်တဲ့ ယုတ်ညံ့တဲ့ ပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန်သော ငြင်းပယ်မှုကို ကိုယ်စားပြု တယ်၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး မျှော်မှန်းချက်အတွက် အဓိကကျတဲ့ ကြိုးပမ်းမှုဟာ မြင့်မားတဲ့ နိုင်ငံတကာစံနှုန်းနဲ့ အညီ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့ ဖြစ်သင့်တယ်လို့ ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ သေဒဏ်ပေးမှုကို စစ်ကောင်စီကရော၊ ကိုးကန့် နဲ့ ‘ဝ’ တို့လို တရုတ်နဲ့ နီးစပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကပါ ကျင့်သုံးလေ့ရှိပါတယ်။ Read ni full

၉။ မုံးကိုးမြို့က KIA ရုံးကို MNDAA ချိတ်ပိတ် စာကပ်
April 26, 2024
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ထဲက ကချင်လွတ်လပ်ရေးတပ်မ‌တော် (KIA) ရဲ့ မြို့နယ်ရုံးကို ကိုးကန့် MNDAA တပ်ဖွဲ့က ချိပ်ပိတ် စာလာကပ်ထားကြောင်း  ‌KIA အသိုင်းအဝိုင်းက သိရပါတယ်။ “KIA ရဲ့ မြို့နယ်ရုံးမှာ ကိုးကန့် MNDAA တပ်ဖွဲ့က ချိပ်ပိတ်တဲ့ စာတွေ လာကပ်သွားတယ်။ သုံး၊ လေးရက် ရှိပြီ။ အထဲမှာ KIA တပ်သားတွေ ရှိပါတယ်။ ပုံမှန်ပါပဲ။ ဘာမှ တော့ လာမပြောပါဘူး” လို့ KIA နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က မနက်နဲ့ ညနေ နှစ်ကြိမ်တိုင်တိုင် ကိုးကန့် MNDAA တပ်ဖွဲ့ဝင်တွေက ချိပ်ပိတ် တားမြစ်စာ လာကပ်သွားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ကိုးကန့်  MNDAA နဲ့ KIA တို့အကြား နယ်မြေအငြင်းပွားမှုရှိနေပြီး KIA ‌နဲ့ TNLA တို့အကြားလည်း နယ်မြေအငြင်းပွားမှု မကြာခဏဖြစ်ပွားနေတဲ့အပြင် MNDAA နဲ့ TNLA တို့အကြားလည်း နယ်မြေအငြင်း ပွားမှု ရှိနေတာ ကြောင့် သုံးပွင့်ဆိုင်ရှုပ်ထွေးတဲ့ အနေအထားဖြစ်ပါတယ်။ ယခု လအတွင်း ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှ KIA ဆက်ဆံ ရေးရုံး ဧပြီ ၁၅ ရက်နောက်ဆုံးထား ထွက်ခွာသွားရန် TNLA ဘက်က သတိပေးပြောဆိုဖူးပါတယ်။ နယ်မြေအငြင်းပွားမှု ဖြစ်ပွား နေတဲ့ MNDAA, KIA, TNLA တို့ဟာ “ဝ” တပ်ဖွဲ့  UWSP ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ Read ni full

၁၀။စစ်တွေမှာ နောက်ထပ် ရိုဟင်ဂျာသုံးရာကျော် စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်ခံရ
 Apirl 26, 2024
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘုမေ၊ သဲချောင်း၊ သက္ကယ်ပြင်၊ ဒါးပိုင်၊ ဗေဒါ၊ ဘာဆာရာ အစရှိတဲ့ ကျေးရွာပေါင်း သုံး ဆယ်ကျော်က အသက် ၁၈ နှစ်ကနေ ၃၀ ကျော်အရွယ် ရိုဟင်ဂျာသုံးရာခန့်ကို ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီက စစ်သင်တန်း ပေးဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ သူတို့ကို စစ်ကောင်စီရဲ့ စစ်တွေမြို့အခြေ စိုက် ဒေသကွပ်ကဲ မှုစစ်ဌာနချုပ် (ဒကစ) ထဲကို ရဲကား တွေနဲ့ ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။ စစ်ကောင်စီက ကျေးရွာလူကြီးတွေကို ပြည်နယ် စစ်ကောင်စီရုံးကိုခေါ်ပြီး စစ်သင်တန်းတက်ဖို့ မဖြစ်မနေ လူစုပေးရမယ်လို့ ပြောဆိုတာကြောင့် တစ်ရွာကလူဆယ်ဦးခန့်၊ စုစု ပေါင်း လူသုံးရာကျော် ပေးလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။“ရွာကလူကြီးတွေကို ပြည်နယ်အစိုးရရုံးကိုခေါ်တယ်။ လဝကလည်းပါတယ်။ သူတို့က မင်းတို့ရွာမှာအိမ်ခြေဘယ်လောက်ရှိ တယ်။ လူဦးရေကဘယ်လောက်ရှိတယ်ပြောပြီးတော့ ဘယ်နှစ်ယောက်ပေးရမယ်ဆိုတာ ပြောတယ်။ မပေးလို့ လုံးဝမရဘူးပေါ့ နော်။ မဖြစ်မနေပေးရတာဆိုတော့ ဆယ်ယောက်ပေးရတာရှိတယ်။ ငါးယောက်ပေးရတာရှိတယ်။ အခုတစ်ခေါက်မှာတော့ သုံးရာလောက်ရှိပါတယ်” ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း စစ်တွေမြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာ တစ်ထောင်လောက်ကို စစ်သင်တန်းတက်ဖို့ ပထမအကြိမ်ခေါ်ယူခဲ့ပြီး အခုတခါတော့ ဒုတိယအကြိမ်အဖြစ် ရွာသားတွေကို ခေါ်ယူတာလို့ ဆိုပါတယ်။

“မဖြစ်မနေပေးရတာဆိုတော့ ဆယ်ယောက်ပေးရတာ ရှိတယ်။ ငါးယောက်ပေးရတာ ရှိတယ်။ အခုတစ်ခေါက်မှာတော့ သုံးရာလောက် ရှိပါတယ်” စစ်သင်တန်းဟာ အချိန်နှစ်ပတ်ကြာမြင့်ပြီး သင်တန်းတက်ပြီးနောက် နေအိမ်ပြန်ရောက်လာသူတွေရှိ သလို သင်တန်းကနေထွက်ပြေးရင်း မိုင်းနင်းမိလို့သေဆုံးသူတွေနဲ့ ရှေ့တန်းစစ်မြေပြင်တွေကို ပို့ဆောင်ခံရတာတွေလည်း ရှိ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်သင်တန်းပြီးဆုံးတဲ့သူတွေကိုတော့ သင်တန်းဆင်းလက်မှတ်ထုတ်ပေးပြီး လိုအပ်လာ ရင် စစ်မှုထမ်းရမယ်၊ စစ်တွေမြို့နဲ့ မိမိရပ်ရွာကိုကာကွယ်ရမယ့်အကြောင်းကတိပြုထားရတယ်လို့လည်းဆိုပါတယ်။ စစ်ကောင်စီ တပ်ဟာ ကျွေးရွာတာဝန်ခံတွေဆီကနေ အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းတာဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေး မယ်လို့ မက်လုံးပေးတာတွေလည်းရှိတယ်လို့ စစ်တွေမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာ အမျိုးသမီးတစ်ဦး က ပြောပါတယ်။ ရိုဟင်ဂျာတွေကတော့ စစ်သင်တန်းကို မတက်ချင်ကြဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ စစ်သင်တန်းမတက်ရင် ဖမ်း ဆီးခံရမှာ၊ ရိုက်နှက်ခံရမှာနဲ့ မိသားစုတွေကို ဒုက္ခပေးမှာကိုစိုးရိမ်တာကြောင့် သူတို့ရဲ့ဆန္ဒမပါဘဲ တက်နေရတာလို့လည်း အဲဒီ အမျိုးသမီးက ပြောပါတယ်။ Read ni full

၁၁။ မိုးမောက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး
 April 25, 2024
ကချင်ပြည်နယ်၊ မိုးမောက်မြို့ပေါ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ဧပြီ ၂၄ ရက်က တိုက်ပွဲတွေဆက်ဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်လို့  လုံဂျာရွာကပြည်သူတဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံ ထံကသိရပါတယ်။ ညနေ ၄ နာရီခွဲလောက်မှာ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ မိုးမောက်မြို့ ကနေ တိမ်းရှောင်‌လာသူတဦးက ပြောပါတယ်။“၄ ခွဲလောက် ဂျက်လေယာဉ်တစီးနဲ့ ဗုံး ၂ လုံး အရင်ချတယ်၊ ပြီးရင် စက်သေ နတ်နဲ့ပစ်တယ်၊ အဲ့တစီးပြန်သွားပြီး နောက်တစီးထပ်လာတယ်။ အဲလိုပဲ ပစ်သွားတာ။ လုံဂျာရွာပတ်ဝန်းကျင်နဲ့ ဝဝမ်ရွာဘက်ကို ပစ်တာ။ လုံဂျာရွာက အမျိုးသမီးတယောက် ထိတယ်။ အစပိုင်းကြားတာတော့ ဒဏ်ရာပြင်းထန်တယ်လို့ပဲ ကြားတာ။ နောက် တော့ ဆုံးသွားပြီလို့ ပြန်သိရတယ်။” မိုးမောက်မြို့ပေါ်နဲ့ မြို့အနီးက ကျေးရွာတွေမှာ နေအိမ်စောင့်ဖို့ ကျန်ရှိနေတဲ့ ပြည်သူတွေ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

မိုးမောက်မြို့တွင်းမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မိုးမောက်မြို့ခံတဦးက ပြောပါတယ်။“မနက် ပိုင်းမှာလည်း ပစ်ခတ်သံတွေ ထပ်ကြားရတယ်။ အလင်းကောင် အနောက်ဘက်မှာ အကြီးသံကော အသေးသံတွေကော ကြားရ တယ်။ သေနတ်သံတွေက စျေးပိုင်းတွေမှာကော ကြားရတယ်လို့ပြောတယ်။ လက်နက်ကြီးတွေကော နှစ်ဖက် အပြန်အလှန်ပစ် တာတွေရှိတယ်လို့ ပြောတယ်။” နှစ်ဖက်တိုက်ပွဲတွေကြောင့် ခါနန်ရပ်ကွက်က မန္တလေးဘုန်းကြီးကျောင်းတိုက်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေတဲ့ ပြည်သူတွေ ထပ်မံတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ မိုးမောက်မြို့ပေါ်မှာ ကျန်ရှိနေတဲ့ ပြည်သူတချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လွှတ်ပေးခဲ့တဲ့ ပြည်သူတချို့ရှိ သလို ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးတဲ့ ပြည်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ Read ni full
၁၂။ RCSS အပေါ် ခြိမ်းခြောက်ခဲ့သည့် ဓနု PDF အဖွဲ့ကို RCSS ကထိရောက်စွာအရေးယူမည်ဟု သတင်းမှားဖြန့်
   April 26, 2024
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်မတော် RCSS/SSA ကို ခြိမ်းခြောက်စာထုတ်ပြန်ခဲ့သည့် ဓနုဒေသ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် DANU PDF ကို RCSS ကပြန်ပြီး ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည် ဟု ဖြန့်ချိနေသည်။ စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် Mawshan Myay Media အကောင့်မှ “ဓနုဒေသ အတွင်းရှိ ရပ်စောက်၊ အင်တောကျောက်ဂူဒေသတွင် RCSS/ SSA အနေဖြင့် တပ်သားသစ်များ အတင်းအဓမ္မ မစုဆောင်းရန် ဓနု လူမျိုးအမည်ခံ PDF အဖွဲ့က ခြိမ်းခြောက်စာထုတ်ပြန်၍ အသိပေးခဲ့၊ RCSS အပေါ်ခြိမ်းခြောက်ခဲ့တဲ့ ဓနု PDF အဖွဲ့ကိုထိရောက် တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ RCSS/ SSA တပ်မဟာ ၂၄၉ လက်အောက်ခံတပ်ရင်းမှ စိုင်းနာလိန်က MSM သို့ပြော” ဟုဆိုကာ လုပ်ကြံသတင်းများ ဖန်တီးပြီး ချဲ့ကားဝါဒဖြန့်ချိနေလျက်ရှိသည်။ အဆိုပါ စစ်ကောင်စီ ဝါဒဖြန့်ပိုစ့်ကို ကြည့်ရှု့သူပေါင်း ၁ ထောင်ကျော်ရှိသည်။

ဓနုလူမျိုးအများစုနေထိုင်သည့် ရွာငံမြို့နယ်၊ ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် နောင်ချို့မြို့ နယ်တို့တွင် တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများက အဓမ္မတပ်သားသစ်စုဆောင်းခြင်းအပေါ် DANU PDF က ပြင်းပြင်းထန် ထန်ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ကြေညာခဲ့သည်မှာ မှန်ကန်သည်။ သို့သော် အဓမ္မတပ်သားသစ်စုဆောင်းသည့်နေရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ကဖြစ်ကြောင်း ထည့်သွင်းရေးသားဖော်ပြထားခြင်းမရှိပေ။ ထိုကဲ့သို့ ပြော ဆိုခြင်းမရှိသည်ကို စစ်တပ်လော်ဘီများက တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား ပဋိက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် သတင်းလုပ်ကြံဖန်တီးပြီး ရေးသားကာ သွေးထိုးလှုံ့ဆော် နေခြင်းဖြစ်သည်။ ထို့အပြင် ခိုင်လုံသည့်သက်သေ အထောက်အထား များ ဖော်ပြထားခြင်းမရှိဘဲ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS “တပ်မဟာ ၂၄၉ လက်အောက်ခံ တပ်ရင်းမှ စိုင်းနာလိန်က MSM သို့ပြော”သည်ဟု လုပ်ကြံဖန်တီးရေးသားထားသည်။ Read ni full

၁၃။ ဘူးသီးတောင်-မောင်တောကားလမ်း၌ စစ်ကောင်စီကား ၃ စီးကို AA တိုက်ခိုက်သိမ်းပိုက်
 April 25, 2024
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်- မောင်တော ကားလမ်း၌ ဧပြီလ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်က စစ်ကောင် စီလက်နက် ရိက္ခာတင်ဆောင်လာသည့် ကား ၃ စီအား အာရက္ခတပ်တော်မှ မိုင်းဆွဲ တိုက်ခိုက်ပြီး သိမ်းပိုက်လိုက်သည်ဟု သတင်းရရှိသည်။ ထိုသို့တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နံနက် ၁၁ နာရီကျော်တွင် ၎င်းလမ်းအားစစ်ကောင်စီမှ ဂျက်တိုက်လေယာဥ်များဖြင့် နှစ်ကြိမ် တိတိ ဗုံးလာကြဲသွားခဲ့ကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။ “ဒီနေ့ မနက် ၆ နာရီမှာ စစ်ကားကို အပြာရောင်ဆေးသုတ် ထားတဲ့ ကား ၃ စီးမှာ လက်နက်တွေတင်ပြီး မိုးကာအစိမ်းရောင်ဖုံးကာ ဘူးသီတောင်ဖက်ကိုတက်သွားတယ်။ အဲဒီကား ၃ စီးကို အေအေ ဖက်က မိုင်းဆွဲတိုက်ခိုက်တယ်။ နံနက်  ၁၁ နာရီ ၄၀ လောက်မှာ အေအေ လွမ်းမိုးထားတဲ့ ၆ မိုင်ဖက်ကို ဂျက်တစ်စီးလာ ပြီး ဗုံး ၂ လုံး စချတယ်။ ၁၁ နာရီ ၄၅ မှာ နောက်ထက် ဂျက်တိုက်လေယာဥ် နှစ်စီး နောက်ထပ် လာပြီးဗုံးကြဲ ၄ လုံးချခဲ့တယ်။ မောင်တောမြို့တစ်ခုလုံးတုန်ခါသွားတယ်”ဟု ပြောကြားသည်။ အဆိုပါ ကား ၃ စီးအား မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အထိအခိုက် အကျအဆုံးကိုတော့ မသိရသေးပါ။

မောင်တော ၄ မိုင်အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ(၂)အားလည်း ဧပြီ ၂၅ ရက်ယနေ့လည် ၁ နာရီ ခန့်၌ အာရက္ခ တပ်တော် မှ ဒရုန်းများဖြင့် ဗုံး ၅ လုံး တစ်ကြိမ်၊  ၃ လုံးတစ်ကြိမ်း ချပြီးတိုက်ခိုက်ခဲ့သလို ညနေ ၃ နာရီကျော် ၌နောက်ထပ်ဗုံး ၂ လုံးချပြီးတိုက်ခိုင်ခဲ့ကြောင်း မျက်မြင်ဒေသများကပြောဆိုသည်။ “အေအေ ဖက်က နခခ(၂)နဲ့ နခခ(၅) ကို ဒရုန်းတွေနဲ့ဆက် တိုက်နေတာ။ စစ်ကောင်စီကလည်း ဒုန်းပစ်လက်တွေနဲ့ ဖျက်ဆီးတာတွေရှိတယ်။ ဒီနေ့ မွန်းတည်းမှာ ဂျက် ၃ စီးနဲ့ မောင်တော-ဘူးတောင်လမ်း ၆ မိုင်ဖက်ကို ဗုံး ၆ လုံးလာချပြီးတာနဲ့ ဒရုန်နဲ့ ဗုံးချပြီး ၃ ကြိမ်တိုက်ခိုက်ခဲ့တယ်”ဟု ပြောဆိုသည်။ ထိုသိုအာရက္ခ တပ်တော်မှ နခခ(၂) အားဒရုန်းများဖြင့် တိုက်ခိုက်လာသည့် အတွက် နခခ(၂)အတွင်း၌ စစ်ကောင်စီတပ်အင်အား အလုံးအရင်း ဖြင့် တိုးချထားကြောင်း မျက်မြင်ဒေသများထံမှသိရသည်။  Read ni full

၁၄။ အိန္ဒိယ-မြန်မာနယ်စပ်ပိတ်ပင်မှုကို အိန္ဒိယကပြန်လည်ရုပ်သိမ်း၊ ရိ-ဇိုခေါထာရ် နယ်စပ်ဂိတ်တံတား ပြန်ဖွင့်
 April 25, 2024
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်ဝင်ထွက်သွားခွင့်ပိတ်ပင်မှုကို အိန္ဒိယဗဟိုအစိုးရက ပြန်လည်ရုပ်သိမ်း လိုက်ပြီး ရိ-ဇိုခေါထာရ် ချစ်ကြည်ရေးတံတားကိုလည်း ပြန်လည်ဖွင့်ပေးလိုက်ပြီဟုသိရသည်။ အိန္ဒိယနိုင်ငံမှာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကျင်းပမှုကို အကြောင်းပြကာ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန် သွယ်ရေးစခန်း တည်ရှိရာ ရိဒ်-ဇိုခေါထာရ် ချစ်ကြည်ရေး တံတားကို ဧပြီလ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ပိတ်ပင်ခဲ့သည်။  ရွေးကောက်ပွဲ ကျင်းပပြီးစီး၍ ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှာ ရိဒ်-ဇိုခေါထာရ် ချစ်ကြည်ရေး တံတားကို ပြန်ဖွင့်ခဲ့ သော်လည်း အိန္ဒိယပြည်ထဲရေးဝန်ကြီး ဌာန၏ အမိန့်အရဟု ဆိုကာ အာသံရိုင်ဖယ်တပ်ဖွဲ့က နှစ်နိုင်ငံဝင်ထွက်သွားလာခွင့်ကိုတင်းကြပ်လိုက်ပြီး မြန်မာဘက်ခြမ်းက ကျောင်းသူ၊ ကျောင်း သား နှင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေများကိုသာ ခြွင်းချက်အဖြစ် နယ်စပ်ဖြတ်ကျော်ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

အာသံရိုင်ဖယ်တပ်ဖွဲ့က မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်ထဲက နယ်စပ်အနီးကျေးရွာများမှ ရပ်ရွာလူကြီးများ၊ အုပ်ချုပ်ရေး အဖွဲ့များအား ခေါ်ယူတွေ့ဆုံကာ အိန္ဒိယ-မြန်မာနယ်စပ်ကို ဧပြီလ ၂၀ ရက်မှ ၃၀ ရက်နေ့အထိ နားလည်မှု ကာလအဖြစ်သတ် မှတ်ကာ ဝင်ထွက်သွားလာခွင့်ပြုထားမည်ဖြစ်သော်လည်း မေလ ၁ ရက်နေ့ကစ၍ ပိတ်ပင်သွား မည်ဟုပြောဆိုခဲ့သည်။ သို့သော် လည်း ဧပြီလ ၂၅ ရက်နေ့မွန်းလွဲပိုင်းတွင် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း ချင်းပြည်နယ် ဖလမ်းမြို့နယ်က ရိခေါဒါရ် မြို့နှင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်ကျေးရွာကြား ရိ-ဇိုခေါထာရ် နယ်စပ်ဂိတ် တံတား ကို အိန္ဒိယဘက်က ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်ဟု မီဇိုရမ်ရုပ်သံသတင်းဌာန Zonet ကကြေညာသည်။  ထို့အပြင် မေလ ၁ ရက်နေ့ကစ၍ နယ်စပ်ကုန်သွယ် ရေးစခန်းနှင့် နှစ်နိုင်ငံဝင်ထွက်သွားလာ၍ရသော နယ်စပ် လမ်း ကြောင်းအားလုံးကို ပိတ်ပင်သွားမည်ဟု ပြောဆိုမှုကိုလည်း အိန္ဒိယဗဟိုအစိုးရက ပြန်လည်ရုပ်သိမ်းခဲ့သည်ဟု သိရသည်။   Read ni full
၁၅။ မြိတ်-ထားဝယ်ကားလမ်းမပေါ်မှာရှိတဲ့ ကျေးရွာ ၈ ရွာက ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ
 April 25, 2024
စစ်ကောင်စီစစ်ကြောင်းထိုးတာနဲ့အတူ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် သရက်ချောင်းမြို့နယ်ထဲက ထားဝယ်-မြိတ်ကား လမ်းမပေါ်မှာရှိတဲ့ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီ နီးစပ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။ ထွက်ပြေးနေရတဲ့ဒေသခံတွေကတော့ ဆင်ကူး၊ ဘုတ်ကိုင်း၊ ကျွဲဇပ်၊ ဆင်ကြန်း၊ လဘ၊ ပိတိုင်၊ ပြင်းဖြူကြီး၊ ပြင်းဖြူသား ရွာတွေကဖြစ်ပြီး အဲဒီရွာတွေမှာ စုစုပေါင်း အိမ်ထောင်စုပေါင်း နှစ်ထောင်ဝန်းကျင်ရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက် စစ်ကောင်စီ တပ်သားတွေ ဆင်ကူးရွာကိုကားနဲ့ရောက်လာပြီး နေအိမ်တစ်ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မီးရှို့ခံရတဲ့နေအိမ်ကနေမီးကူးပြီးနောက်ထပ်နေအိမ်နှစ်ဆောင်လည်းမီးလောင်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ မြိတ်-ထားဝယ်ကားလမ်းပေါ်က အဲဒီကျေးရွာတွေမှာ ကင်းပုန်းဝတ်နေတာတွေ ရှိသလို ပြင်းဖြူကြီးရွာနဲ့ ချောက်ချောင်းရွာတွေဘက်ကို အင်အား ၃၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတာတွေလည်းရှိ နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “(စစ်ရှောင်သူတွေ)တဖွဲဖွဲရောက်လာတာ မနည်းဘူး။ မှီတဲ့ထုတ်ဆွဲပြီးထွက်ပြေးလာရ တာဆိုတော့ စားစရာသောက်စရာတွေလည်းမပါလာကြဘူး။ အခုလည်းခြံထဲက ကြက်တွေနဲ့ ချက်ကျွေးနေတယ်။” လို့ စစ်ဘေး ရှောင်လာသူတွေကို အကူအညီပေးနေတဲ့ အသက် ၅၂ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ် သားတွေရောက်နေလို့ ရွာမှာ လူတစ်ယောက်မှ မရှိဘူးလို့ ဆင်ကူးရွာသူ CDM ကျောင်းသူတစ်ဦးက ပြောပါတယ်။

၁၆။ ဆင်ဘိုအခြေစိုက် ခ.လ.ရ (၁၄၁) ကို KIA ပူးပေါင်းတပ်က ပြန်လည်ထိုးစစ်ဆင်၊ စခန်းမသိမ်းနိုင်သေး
 April 26, 2024
ဆင်ဘိုမြို့တွင် တစ်ခုတည်းကျန်ရှိနေသော စစ်ကောင်စီခြေလျင်တပ်ရင်းကို KIA ပူးပေါင်းတပ်က ယနေ့ နံနက် ၆ နာရီ ခန့်မှစတင်ကာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းပစ်ကူရယူကာအပြင်းအထန်ခုခံနေ ကြောင်းသိရသည်။ ခ.လ.ရ(၁၄၁)စခန်းကို သိမ်းပိုက်နိုင်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု KIA နှင့်နီးစပ်သည့်သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။“တိုက်ပွဲကပြင်းထန်နေတယ်။ ဒီမနက်ကနေပြန်စတိုက်ပြီ။ ဒီတစ်ကြိမ်တော့အပြီး သိမ်းဖို့တိုက် နေတာဟုတ်တယ်။ လေယာဉ်လည်းတော်တော်လာတယ်။ စစ်ကောင်စီဘက်က လေယာဉ်မျိုးစုံနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်”ဟု ပြောသည်။ အဆိုပါစခန်းမှာဆင်ဘိုမြို့နှင့် သုံးမိုင်ခန့်အကွာတွင်တည်ရှိပြီး လက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က တစ်ကြိမ်လျှင် တိုက်လေယာဉ်သုံးစီးနှုန်းဖြင့် လာရောက်ပစ်ခတ်နေ ခြင်းဖြစ်ကြောင်း ရှေ့တန်းရောက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။“ခဏကတည်းက လေး၊ ငါး၊ ခြောက်စီးလောက် တောက်လျှောက်ကြဲနေလို့ ခဏလေးရပ်ထားတာ။ ပထမက သုံးစီးတစ်ပြိုင်တည်းလာတာ MI 35 လည်းပါတယ် ဂျက်ဖိုက်တာ လည်းပါတယ်။ အားလုံးပေါင်းလာကြဲတာဆို ငါးကြိမ်၊ ခြောက်ကြိမ်လောက်ရှိသွားပြီ။”ဟုဆိုသည်။ စစ်ကောင်စီတပ်က လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်တိုက်ခိုက်များ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။ ယနေ့နံနက်မှ လက်ရှိအချိန်ထိ ဗုံး အလုံး ၁၀၀ ကျော်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆင်ဘိုဒေသခံအမျိုးသားတစ်ဦးက ပြောသည်။“ရေတွက်လို့ တောင် မရတော့ဘူး။ ဆက်တိုက်ဗုံးကြဲတယ်။ စက်သေနတ်နဲ့လည်း လေယာဉ်ကနေ ပစ်တယ်။ အခုတော့ ရဟတ်ယာဉ်နဲ့တောင် လာပစ် နေတယ်။ အဓိကမြစ်ကြီးနားကဆင်းလာတဲ့ လေယာဉ်တွေနဲ့ပစ်နေတာ။ အခုလည်းတိုက်ပွဲကပြင်းထန်နေတယ်” ဟုပြောသည်။ Read ni full

၁၇။ မောထစစ်ကောင်စီတပ်စခန်းမှ စစ်သားများ ထွက်ပြေးသွား၍  KNLA နှင့် PDF ပူးပေါင်းတပ်များက  စခန်းသိမ်းပိုက်ရရှိ
 April 25, 2024

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မောထစစ်ကောင်စီတပ်စခန်းမှ စစ်သားများ ထွက်ပြေးသွား၍  KNLA တပ်များက  လက်နက် ၃၄ လက်၊ ခဲယမ်းများနှင့်အတူ စခန်းကို သိမ်းပိုက်ရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။ ဧပြီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် ထားဝယ်မြို့ နယ်၊ ထိုင်း-မြန်မာနယ်စပ်မှ မောထစစ်ကောင်စီတပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ ကြောင်း၊ စစ်အင်အား ၄၀ ဝန်းကျင်ရှိသော ယင်းစခန်းမှ စစ်သားများက ခုခံတိုက်ခိုက်မှုများ လုပ် ဆောင်ခဲ့သော်လည်း နောက်ဆုံး တွင် ထွက်ပြေးသွားကြသဖြင့် ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

“စခန်းမှာရှိတဲ့ စစ်သားတွေကထွက်ပြေးသွားတော့ စခန်းကိုအလွယ်တကူပဲသိမ်းပိုက်ရရှိပါတယ်။ လက်နက်တွေပါထား ပြီးထွက်ပြေးကြတာ။ လက်နက် ၃၀ ကျော်၊ လက်နက်ကြီးကျည်တွေအပါအဝင် ခဲယမ်းတွေရပါတယ်။ စခန်းကိုတော့ အပြီးသတ် နယ်မြေရှင်းလင်းပြီးပါပြီ”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသသ တင်းရင်းမြစ်က ပြောဆိုသည်။ အဆိုပါစခန်းတွင် မြိတ်အခြေစိုက် ခလရ ၁၇ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချထားခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ သို့ရာတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အားလုံးကို တစ်ပါ တည်း သယ်ပိုး ထွက်ခွာခဲ့ကြသည့် ပုံရှိကြောင်း  ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်က ရှင်းပြသည်။ မောထစခန်းကို KNLA ဦးဆောင်သော  တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ Read ni full

၁၈။ အမ်းမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှတဆင့် လက်နက်ခဲယမ်း စစ်အင်အားတိုးချဲ့နေ
April 25, 2024
ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီက တပ်အင်အားတိုးချဲ့နေပြီး ကျေးရွာများအတွင်း ဝင်ရောက်ကာကင်းပုန်းချမှု များရှိနေသဖြင့် ဒေသခံကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသတင်းရရှိသည်။ အမ်းမြို့နယ်တွင် စစ်ကောင်စီ က လေကြောင်းမှတဆင့် လက်နက်ခဲယမ်းနှင့် စစ်သားအင်အားဖြည့်တင်းမှုများကို ယခုရက်ပိုင်းအတွင်းတွင် ပိုမိုပြုလုပ်လာနေ ပြီး စစ်ရေးတင်းမာလာမည်ကို စိုးရိမ်သဖြင့် ဒေသခံများနေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း စစ်ဘေးရှောင်နေသူ အမျိုးသား တစ်ဦးက ပြောသည်။“စစ်ကောင်စီဖက်က အခုရက်ပိုင်းအတွင်းမှာ လေယာဉ်တွေနဲ့ စစ်အင်အားတွေ၊ လက်နက်တွေဖြည့်နေ တယ်။ တစ်ရက်တစ်လေကျရင် အမ်းလေဆိပ်မှာ လေယာဉ် သုံးစီးအထိတောင် အတက်အဆင်းပြုလုပ်တာတွေရှိတယ်။ စစ်ရေး ပို တင်းမာနိုင်တဲ့အခြေအနေမှာရှိနေတယ်။ လက်နက်ခဲယမ်းနဲ့စစ်အင်အားတွေတိုးချဲ့တာတွေကို အမ်းမှာအများကြီး လုပ်နေ တယ်လို့ ပြောလို့ရတဲ့အနေအထားမှာရှိနေတယ်။ စစ်ကြောင်းတွေလည်း ထပ်ပြီး တိုးတယ်။ လေကြောင်းနဲ့လာပြီး တိုက်ရိုက် စစ်ကြောင်းထိုးနေတာလည်းရှိတယ်” ဟုပြောသည်။

အမ်းရိုးမတစ်လျှောက်တွင်လည်း စစ်ကောင်စီစစ်ကြောင်းများ ဆက်တိုက်ထိုးလျက်ရှိနေပြီး ဆင်ခုံတိုင်ကျေးရွာ၏ ဘုန်းတော်ကြီးကျောင်းအထိ စစ်ကောင်စီ စစ်ကြောင်းများရောက်ရှိလာသဖြင့် ကျေးရွာသားများ ထွက်ပြေးနေကြကြောင်း အမ်း‌ မြို့နယ် လုံးရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။“ အမ်းရိုးမ တစ်လျှောက်မှာလည်း စစ်ကောင်စီ စစ်ကြောင်းတွေ တောက် လျှောက် စစ်ကြောင်းထိုးဝင်ရောက်နေကြတယ်။ အခုဆိုရင် ဆင်ခုံတိုင်ဘုန်းကြီးကျောင်းအထိ ရောက်လာကြပြီ။ ရွာသားတွေက လည်းတိမ်းရှောင်တဲ့သူက တိမ်းရှောင်နေကြပြီ” ဟုပြောသည်။ ထို့အပြင် ကြက်ရေစမ်းကျေးရွာတွင်လည်း စစ်ကောင်စီမှ အထိုင် စခန်းချရန်အတွက်ကျေးရွာသားများအား သစ်၊ ဝါး ခုတ်ခိုင်းခြင်းများ စေခိုင်းထားသည်ဟု အမ်း‌ဒေသခံ လူမှုရေးလှုပ်ရှားနေသူ များက ပြောသည်။ လက်ရှိတွင် အမ်းမြို့နယ် ကဇုကိုင်းတောင်ဗျူဟာ၊ တောဟိန်းတောင်နှင့် အမ်း အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ်မှ နေ့စဉ်ရက်ဆက် ပစ်ခတ်သံများကြားနေကြရကြောင်းလည်းသိရသည်။ Read ni full

၁၉။ စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၉ ဦး ပြင်းထန် ဒဏ်ရာရ
 April 25, 2024
ကရင်ပြည်နယ်၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လဒိုမြို့နယ် ကို ဧပြီလ ၂၂ ရက်နဲ့ ၂၃ ရက် ၂ ရက်တာအတွင်း စစ်ကောင်စီက လေကြောင်းကနေ  ၆ ကြိမ်တိတိ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး နဲ့လည်း ၉ ကြိမ်တိတိ ပစ်ခတ်ခဲ့တယ်လို့ KNU ထုတ်ပြန်ထားပါတယ်။ အခုလို ပစ်မှုတွေကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်စန်း နဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်ကေသီထွန်းတို့ ပွဲချင်းပြီး သေဆုံးကာ အသက် ၁၇ နှစ်၊ ၁၄ နှစ်နဲ့ ၆ လအရွယ် ကလေး ၃ ဦး အပါ အဝင် ၉ ဦး ပြင်းထန် ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စာသင်ကျောင်း တစ်ကျာင်း၊ ဘုန်းကြီး ကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် အဆောက်အဦး အများစု မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး ဒေသခံအများစုဟာလည်း စစ်ဘေး ရှောင်နေရတယ်လို့ KNU ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧပြီလ ၂၂ ရက်နေ့ နေ့လည် တစ်နာရီခွဲ အချိန်မှာ ပိန်းဇလုပ်အခြေစိုက် ခြေလျှင်တပ်ရင်း (ခလရ ၂၆၄)က ဘောကထာ ကျေးရွာအတွင်းကို ၁၅၀ မမ ဟောင်ဝိုင်ဇာ လက်နက်ကြီး၊ ၆၀ မမ လက်နက်ကြီးတို့နဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ဧပြီလ ၂၃ ရက်နေ့ မနက် ၉ နာရီခွဲ အချိန်မှာလည်း Jet Fighter တိုက်လေယာဉ်နဲ့ ဗုံးသီးတစ်လုံး ပစ်ချခဲ့တာပဲ ဖြစ်ပါတယ်။ 

၂၀။ ရွှေကုက္ကိုလ်မြို့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ပြန်လည်ပတ်နေ
 April 25, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင် ရပ်နားထားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များ ပြီးခဲ့သည့် မတ်လမှစ၍ ပြန်လည်စတင်လည်ပတ်လုပ်ကိုင်လာနေကြောင်း ရွှေကုက္ကိုလ်ဒေသခံများ၏ ပြောပြချက်အရ သိရ သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစ၍ အွန်လိုင်းငွေလိမ်လုပ်ငန်းကုမ္ပဏီအများစု ရပ်နားထားရာမှ ယခင်လမှစ၍ လုပ်ငန်းအတွက် လူသစ်ခေါ်ယူ စုဆောင်းမှုများနှင့် တရုတ်နိုင်ငံသားများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မှ အလုပ် သမားများ ပြန်လည်ဝင်ရောက်လာကြကြောင်း ရွှေကုက္ကိုလ် ဒေသခံတစ်ဦးက ပြောသည်။ ၎င်းက “ကုက္ကိုလ်မှာ ကွန်ပျူတာနှိပ် သမားတွေရော၊ တရုတ်တွေရော ပုံမှန်သွားလာနေကြပြီး။ အရင်လတွေကတော့ တိုက်ပွဲသတင်းတွေရော ဆင်းကဒ်တွေပိတ်ခံရ လို့ အလုပ်ပါးပြီး တရုတ်တွေနည်းသွားတာ အခုပုံမှန် တိုင်းဖြစ်နေပြီး။ ကာစီနိုတွေလည်း ပိုများလာတယ်။ လူအသစ်တွေလာ လျှောက်ကြဖို့လည်း ခေါ်နေတယ်။ လောက်ကိုင်ဘက်ကရော နယ်စပ်တွေဘက်ကလူတွေ ကုက္ကိုလ်ဘက်ကို လာကြတယ်။ တရုတ်ဆိုက်နဲ့အိမ် တန်းရားဘက်တွေမှာ မီးပြန်လာနေပြီး။ ပြောရမယ်ဆိုရင် အကုန်ပြန်လည်ပတ်လာပြီးပေါ့” ဟု ပြောသည်။

အွန်လိုင်းငွေလိမ်လုပ်ငန်းသည် မြဝတီမြို့နယ်စပ်ဘက်ခြမ်းနှင့် ရွှေကုက္ကိုလ်မြို့အပြင်ဘက်ကို ၂ ခြမ်းခွဲ၍ လုပ်ငန်းများ လုပ်ကိုင်နေရာမှ လက်ရှိတွင် ရွှေကုက္ကိုလ်မြို့ထဲသို့ လုပ်ငန်းပြန်လည်ပြောင်းရွှေ့လာပြီး ကာစီနို အဆောက်အဦးများလည်း ဆောက်လုပ်နေလျက်ရှိကြောင်း အွန်လိုင်းကျားဖြန့်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ၎င်းအပြင် ရွှေကုက္ကိုလ်မြို့နှင့် မြဝတီမြို့ပြင်ဘက်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းကို ပြောင်းရွှေ့လုပ်ကိုင်ရခြင်းသည် ကုက္ကိုလ်မြို့တွင်မှာသာ အလုပ်သက်သာမှု ရှိပြီး ဝင်ထွက်သွားလာမှု လွယ်ကူကာ နှိပ်စက်ရိုက်နှက်ခံရမှုများ မရှိကြောင်း အမည်မဖော်လိုသူ အွန်လိုင်းငွေလိမ် လုပ်ငန်း အလုပ်သမားတစ်ဦးက ပြောသည်။ “ လခက တစ်သောင်းငါးထောင်ရတယ်။ တစ်ခါ တစ်လ ၁၀ ရက်လောက်နဲ့ ပိုက်ဆံထုတ်ပေး တာလည်းရှိတယ်။ အစမ်းခန့်တာ ရက် ၂၀။ အလုပ်က ည ၉ နာရီကနေ မနက် ၉ နာရီအထိ။ ကွန်ပျူတာမှာ အကောင့်ဟက်ရ တယ်။ တချို့တလေ အဝေးကလူတွေကတော့ နှိပ်စက်ခံထိတယ်။ ကုက္ကိုလ်ကလူတွေကျ တော့ဘာမှ မလုပ်ဘူး။ အပြင်ကိုပေး မထွက်ဘူး။ အခန်းတွေထဲမှာပဲ နေရတယ်။ ဖုန်းကိုင်မရဘူး။ ကွန်ပျူတာ ကိုင်တဲ့သူတွေက ကုက္ကိုလ်ထဲမှာပဲ အလုပ်ရှာတာများ တယ်။ အပြင်မှာကျ ဘယ်သူမှမလုပ်ချင်ဘူး။ စည်းကမ်းချက်များတယ်”ဟု ၎င်းကပြောသည်။ Read ni full

၂၁။ ဖားဆောင်းမြို့ကို သိမ်းပိုက်ရန် စစ်ကောင်စီ၏ စစ်ကူဖြည့်တင်း ခုခံနေသဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်နေ
 April 26, 2024
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့တွင် ခလရ ၁၃၄ တပ်ရင်း တစ်ခုသာကျန်ရှိတော့ပြီး စစ်အင်အားဖြည့်တင်း ခုံခံနေ သဖြင့် မြို့ကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ  တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။ ဧပြီလ ၂၃ ရက်နေ့  ဖားဆောင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ နေရာယူထားရာ မီးသတ်စခန်း ကို ကရင်နီတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း အမှတ်-1105 မှ ရဲဘော်လဘန်သည် နိုင်ငံ‌‌တော်နှင့် လူမျိုး အတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့ရကြောင်း သိရှိရသည်။

“ဖားဆောင်းမှာကတိုက်နေတုန်းဘဲ မြို့ကိုမရသေးဘူး။ မရသေးဘူးဆိုတာကစစ်ကူတွေလာတယ်။ စစ်ကူစစ်ကြောင်း တွေက ဘယ်လို ဘယ်လိုကျော်သွားလဲတော့ မသိဘူး၊ သူတို့ကလည်း ဖြန့်ကျဲပြီးတော့ လာနေတာ။ သတင်းရ တာတော့  ဧပြီလ ပထမအပတ်ထဲ လောက်မှာဆင်းလာတာလို့ သိရတယ်။ ဖားဆောင်းရဲ့ အပေါ်ဘက် နားမှာ ရှိတဲ့ ခလရ ၁၃၄ တပ်ရင်းက ကုတ်ခံ၊ တင်းခံပြီးတော့ ကျန်နေသေးတာ။ အဲဒီတစ်ရင်းပဲကျန်တော့တာ။ တစ်ရင်းတောင်လူအပြည့်မဟုတ်တော့ဘူး၊ အဲဒါကြောင့်အပြင် ကနေ စစ်ကူပေးလာတာမျိုးတော့ဖြစ်လာတာပေါ့။” ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ ဖားဆောင်းမြို့ သို့ စစ်ကူပေးရန် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ဘက်မှ တပ်မ ၅၅ ၊ စကခ ၁၄ ၊ စကခ ၆ တို့မှ အကြမ်းဖက်စစ်သားများကို ပို့ဆောင်ကာ အင်အားဖြည့်တင်းလျက်ရှိကြောင်း၊ ဖား ဆောင်းမြို့တွင် ခလရ ၁၃၄ တပ်ရင်းနှင့် ခလရ ၁၃၅ တပ်ရင်း ၂ ရင်းရှိပြီး ခလရ ၁၃၅ တပ်ရင်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ Read ni full

၂၂။ ကွတ်ခိုင်မြို့နယ်တွင်  ၃ လအတွင်း မိုင်းထိလူနာ ၂၀ ဝန်းကျင်ရှိလာ
 April 26, 2024
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နဲ့ အနီးပတ်ဝန်းကျင်ကရွာတွေမှာ ဇန်နဝါရီ ၁၅ ရက်ကစလို့ ဧပြီလဝက်အထိ ၃ လ အ တွင်း မိုင်းထိလူနာ ၂၀ ဝန်းကျင်အထိရှိခဲ့တယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ အဓိကအားဖြင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ပွဲဖြစ်ပွားရာနေရာတွေ၊ စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်သွားတဲ့ နေရာတွေမှာ မိုင်းထိသူအများဆုံး လို့ ဆိုပါတယ်။ ကွတ်ခိုင်ဒေသခံတဦးက “ပြောရမယ်ဆိုရင် ၁ လပိုင်း ၁၅ ရက်နောက်ပိုင်း မိုင်းထိတဲ့လူနာ အနည်းဆုံး ၁၅ ယောက်နဲ့အထက်မှာရှိတယ်ဗျ၊ အလုပ်မရှိလို့ဆိုပြီး နေ့စားသွားလုပ်တဲ့သူတွေ၊ ဘူးခွံကောက်တဲ့ သူတွေ၊ အရင်တုန်းက သူတို့ စစ်တပ် ထိုင်သွားတဲ့ နေရာတွေလေ၊ အဲပတ်ဝန်းကျင်နားက မိုင်းတွေတို့ အများကြီး” လို့ ပြောပါတယ်။

ဒါ့အပြင် တချို့နေအိမ်ခြံဝင်းတွေထဲမှာလည်း စစ်ကျန်ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရှိလို့ လက်နက်ကိုင်တွေကို ပြော တဲ့အခါမှာလည်း ရှင်းလင်းပေးတာမရှိဘူးလို့ မြို့ခံတဦးက ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်ကို တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA)နဲ့ ကိုးကန့်တပ်(MNDAA)တို့က ဇန်နဝါရီ ၇ ရက်မှာထိန်းချုပ်နိုင်ခဲ့တာပါ။ ၁ လနီးပါးကြာမြင့်ခဲ့တဲ့ ကွတ်ခိုင်မြို့တိုက်ပွဲတွေမှာ အရပ်သား ၆ ဦးသေဆုံးကာ ၁၉ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ် ၁၅ လုံး ထက်မနည်းထိ ခိုက်ပျက်စီးခဲ့ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က ထုတ်ပြန်ထားပါတယ်။ Read ni full

၂၃။ ကရင်နီတွင် ငှက်ဖျားရောဂါအတွက် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်
 April 26, 2024
ကရင်နီ (ကယား)ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအဖို့ လာမယ့်မိုးရာသီအတွက် ငှက်ဖျားရောဂါနဲ့ ပတ်သတ်တဲ့ ဆေးဝါးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့လိုတယ်လို့ စစ်ဘေးရှောင်တွေကို ကုသပေး နေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။“မိုးတွင်းတုန်းကတော့ တော်တော်ဆိုးဆိုးပဲပေါ့။ ခုလက်ရှိမှာလည်း ငှက်ဖျားကူးစက်ခံရ သူတွေကရှိနေတုန်းပဲ။ မိုးတွင်းကလောက်တော့မများဘူးပေါ့။ ခုကတည်းကထိန်းချုပ်တာတွေမလုပ်ဘူးဆိုရင် ပျံ့သွားနိုင်တယ်။ ငှက်ဖျားက ထိန်းချုပ်ရခက်တယ်။ ပိုက်ဆံလည်းပိုကုန်တယ်။ လူအင်အားလည်းပိုကုန်တယ်။ ဒီကာလကတည်းက ငှက်ဖျားကို ထိန်းချုပ်ထားနိုင်ဖို့လိုတယ်။ ထိန်းချုပ်ဖို့အတွက် အစီအစဉ်တွေ၊ နည်းလမ်းတွေ ပြောရရင်တော့ အင်အားမကောင်း သေးဘူး ပေါ့။ ဒီရာသီကတော့ ငှက်ဖျားအများကြီး ဖြစ်ပွားတဲ့ရာသီ မဟုတ်လို့ နည်းနည်းခံသာတယ်။ လာမယ့်မိုးရာသီမှာတော့ ကြီးကြီး မားမားကို ဖြစ်လာလိမ့်မယ်လို့ ယူဆတယ်။” ခုလက်ရှိအချိန်မှာလည်း ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်က ငှက်ဖျားပိုး ကူးစက် ခံရသူ စစ်ရှောင်စခန်းတချို့မှာ ၂ ယောက် ၃ ယောက် ဖြစ်ပွားနေတဲ့သူတွေရှိတယ်လို့ သိရပါတယ်။

လက်ရှိအ‌‌ခြေအနေအရ ငှက်ဖျားနဲ့ပတ်သက်တဲ့ ဆေးဝါးတွေ၊ Test kit တွေနဲ့ လိုက်လံစစ်ဆေးပေးနိုင်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အားနည်းပြီး ကြိုတင်ပြင်ဆင်မှု အနေနဲ့လည်း ဆေးခြင်ထောင်၊ ခြင်မကိုက်စေတဲ့ လိမ်းဆေးတွေ၊ ငှက်ဖျားရောဂါ အတွက် ဆေးတွေ လုံလောက်ဖို့ အားနည်းတာကြောင့် မိုးရာသီကာလမှာ ငှက်ဖျားရောဂါတွေ ပျံ့နှံ့နှုန်း မြင့်လာမယ်လို့ ဆိုပါ တယ်။“မိုးတွင်းတုန်းက ဦးနှောက်ထဲကို ငှက်ဖျားပိုးဝင်တဲ့ လူနာတွေ ရှိတယ်ပေါ့။ တကယ်တော့ ဦးနှောက် ငှက်ဖျားပိုးဝင်တာ က ဒီဘက်ခေတ်မှာ မဖြစ်သင့်တော့ဘူးပေါ့။ ကျနော်တို့ လက်လှမ်းမမှီတဲ့ နေရာတွေမှာလည်း အများကြီး ဖြစ်ကြတာပေါ့နော်။ မိုးရာသီလာတော့မှာဆိုတော့ ငှက်ဖျားနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်စေချင်တယ်။” မိုးရာသီအတွက် ကရင်နီပြည်နယ်မှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေနဲ့ စစ်ရှောင်တွေကို လိုက်လံကုသပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ငှက်ဖျားရောဂါနှိမ်နင်းနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ Read ni full

၂၄။ ခိုးဆိုးလုယက်သည့်သံသယဖြင့် စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့သည့် လူငယ်ကိုးဦးမှအများစု ဥပဒေမဲ့သတ်ဖြတ်ခံရ
 April 24, 2024
စစ်ကောင်စီတပ်နှင့် လက်အောက်ခံပြည်သူ့စစ်ပူးပေါင်းတပ်တို့က ဖမ်းဆီးခဲ့သည့် အုပ်စုဖွဲ့ ခိုးဆိုးလုယက်မှုကျူးလွန် သည်ဟု ယူဆရသူများကို ဧပြီလ ၂၃ ရက်နေ့က သတ်ဖြတ်လိုက်ကြောင်း သိရသည်။ ဆိုင်ကယ်ခိုးယူရန်ကြိုးစာနေစဉ် ဖမ်းဆီး ရမိခဲ့သည့် လူငယ်တစ်ဦးကို ရိုက်နှက်စစ်ဆေးရာမှ ကိုးဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး သတ်ဖြတ်ခံခဲ့ရသည့် ရုပ်အလောင်းများ ပြန်မရကြောင်း မူဆယ်မြို့နေ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။“သူတို့ကိုကျတော့ ပြန်ပေးဆွဲတဲ့သူတွေဆိုပြီး စံပြအနေနဲ့ သတ် လိုက်တာ။ တကယ်တမ်းက မဟုတ်ပါဘူး။ ကွတ်ခိုင်က အသတ်ခံရတဲ့ သူတစ်ယောက်တောင် အလောင်းတောင်းဖို့လုပ်တာ၊ အခုချိန်က တောင်းရင်တောင်းတဲ့သူရဲ့ အသက်အန္တာရာယ်လည်းစိုးရိမ်ရတယ်ဆို‌တော့ အလောင်းမရနိုင်တာမို့လို့”ဟုပြောသည်။ သတ်ဖြတ်ခံရသည့်လူငယ်များမှာ မူဆယ်မြို့တွင်ဖြစ်ပွားခဲ့သော ဆရာဝန်တစ်ဦးကို ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့သူများဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဒေသခံများက မဟုတ်မှန်ကြောင်း ပြောဆိုကြသည်။

ခိုးဆိုးလုယက်သည်ဟု သံသယရှိသူကိုးဦးကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ရှစ်ဦးကိုဥပဒေမဲ့သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ သတ်ဖြတ်ခံခဲ့ရသူများမှာ အသက် ၁၇ နှစ်နှင့် ၃၀ နှစ်ကြား အမျိုးသားများဖြစ်ကြပြီး ဖမ်းဆီးရမိစဉ်က မူဆယ်မြို့ရှိ တပ်မ ၉၉ တပ်စခန်းတွင်ကွင်းဆက်ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် စစ်ဆေး အရေးယူလျက်ရှိကြောင်း သိရသည်ဟု စစ်ကောင်စီဝါဒဖြန့် မီဒီယာ NP News တွင် ဖော်ပြထားသည်။ မူဆယ်မြို့တွင် အုပ်စုဖွဲ့ ခိုးဆိုးလုယက်မှု၊ ဓားပြမှုနှင့် ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ကျူးလွန်သူအများစုကို ဖမ်းဆီးရမိခြင်းမရှိပါ။ Read ni full

၂၅။ မြစ်ကြီးနားအကျဉ်းထောင်ပစ်ခတ်မှုတွင် ဒဏ်ရာရသူတဦး ထပ်မံ သေဆုံး
April 25, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်၌ ထောင်ဆူသည်ဟုဆို၍ ပစ်ခတ်ရာ အကျဉ်းသား ၄ ဦး သေဆုံးခဲ့သလို ဒဏ်ရာရသူများထဲမှ ၁ ဦးမှာ ထပ်မံသေဆုံးခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။ အကျဉ်းထောင်နှင့် နီးစပ် သူတဦးက “အဲဒီဖြစ်စဉ်နောက်ဆက်တွဲ ဒဏ်ရာရတဲ့သူထဲ ပြင်းထန်ဒဏ်ရာရခဲ့သူ သေဆုံးသွားတာ။ နိုင်ကျဉ်းတော့ မဟုတ်ဘူး၊ တခြားရာဇဝတ်မှုပေါ့“ ဟု ပြောသည်။ ဧပြီ ၁၇ ရက်က စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းစာရင်း၌ မြစ်ကြီးနား ထောင်မှ အကျဉ်း သားတချို့ပါသော်လည်း လွှတ် ပေးခြင်းမရှိ၍ နောက်တရက်ညနေတွင် အကျဉ်းသားများဆန္ဒပြရာ ထောင်ဆူသည်ဆိုပြီး ပစ် ခတ်သဖြင့် အကျဉ်းသား ၄ ဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရခဲ့သည်။ ထိုအထဲမှ ၅ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPMN) မှ သိရသည်။ အသက် ၂၈ နှစ်အရွယ် ကိုယိန်းဘောမ် ထပ်မံ သေဆုံး၍ လက်ရှိ သေဆုံးသူ ၅ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။ Read ni full

၂၆။ မြဝတီမြို့စောင့်တပ် ခလရ -၂၇၅ မှလွဲ၍ ကျန်နေရာများကို KNU က ထိန်းချုပ်ထားဆဲ
April 25, 2024
ကရင်ပြည်နယ်၊ မြ၀တီမြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်သည့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များက ယာယီဆုတ်ခွာခဲ့သော်လည်း မြို့စောင့်တပ်ဖြစ်သည့် ခလရ-၂၇၅ တပ်မှလွဲ၍ စစ်ကောင်စီ ၏ ကျန်တပ်စခန်းများကို ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထံကသိရသည်။ ထို့အတူ မြဝတီ မြို့ကို နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးဖြင့် မရအရ ပြန်သိမ်းမည်ဟု ကျုံးဝါး၍ဒရောသောပါး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် အပေါင်းအပါအားလုံးကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ KNLA ဦးဆောင်သည့် ပူးပေါင်းတပ်များက ပြတ်ပြတ် သားသား ရိုက်ချိုးဖြတ်တောက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း KNU ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဆိုသည်။“ပိုပြီးရှင်းအောင် ပြောချင်တာက ကျွန်တော်တို့ တပ်တွေအကုန်လုံး သင်္ကန်းညီနောင် ၃၅၅၊ ၃၅၆၊ ၃၅၇ ဗျူဟာ အကုန်လုံး ကျွန်တော်တို့ ထိန်းထားတယ်နော်။ လက်ရှိ ကျွန်တော်တို့ တပ်တွေပဲ ရှိတယ်။ မရှိတာတစ်ခုက အဲဒီမြို့ထဲက ၂၇၅ ပါပဲ ရှိတယ်။ အဲဒါ အားလုံးသိဖို့ပေါ့နော်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က ပြော သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ယာယီဆုတ်ခွာသွားပြီးနောက် ဧပြီ ၂၃ ရက်နေ့တွင်ပင် ကရင်ပြည်နယ် နယ်ခြား စောင့်တပ် (BGF) ဦးဆောင်ခေါ်လာသည့်  စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သည် ၎င်းတို့၏ အလံကို ခလရ-၂၇၅ တွင်  လာတင်ခဲ့ ကြောင်း သိရသည်။“အမှန်မှာက BGF နယ်ခြားစောင့်တပ်ကနေပြီး စစ်ကောင်စီတွေကို ခေါ်လာပြီးတော့ အဲ့ဒီ ၂၇၅ မှာပဲ စစ်ကောင်စီအလံကို လာတင်ပေးတာဖြစ်ပါတယ်။ ဒီလိုဖြစ်သွားခဲ့တဲ့ အပေါ်မှာတော့အထူးသဖြင့် ဒီလိုအင်မတန်မှကို အရေးကြီး တဲ့အခါမျိုးမှာ ရန်သူဆင်ထားတဲ့အကွက်ထဲ မကျရောက်စေဖို့အတွက် ကျွန်တော်တို့ KNLA ပူးပေါင်းတပ်တွေ မြဝတီမြို့ကနေ ယာယီဆုတ်ခွာပေးလိုက်ရတာဖြစ်တယ်”ဟု ပဒိုစောတောနီး ကပြောသည်။“ဒီမြဝတီမြို့သိမ်းတိုက်ပွဲကိုအပြတ်အသတ်အောင် မြင်ပြီးစီးအောင် လုပ်ခဲ့ရပြီးပြီမှ အခုစောချစ်သူရဲ့ BGF တပ်ဖွဲ့တွေက စစ်ကောင်စီနဲ့ပေါင်းပြီး အဲ့ဒီဒေသမှာရှိနေတဲ့ အကောက်ခွန် တွေ၊ နောက်ပြီးတော့ နယ်စပ်ကုန်သွယ်ရေးဝင်ငွေတွေ အဲ့ဒါတွေရရှိ ဖို့အတွက် ဝင်ရောက်ပြီး‌တော့ ရှုပ်ထွေးအောင်‌လုပ်နေတဲ့ အနေအထား ဖြစ်ပါတယ်။ KNU ဗဟိုအနေနဲ့ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လူထုထိခိုက်နစ်နာမှုများမှာ စိုးတဲ့အတွက် နောက် ပြန်ဆုတ်လာတဲ့ အနေအထားပါ” ဦးသန်းစိုးနိုင်က ဆိုသည်။အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ် ကမူ ထိုအခြေအနေနှင့် ပတ်သက်၍ လတ်တလောတွင် မှတ်ချက်ပေးရန် မရှိသေးကြောင်းပြောသည်။ Read ni full

၂၇။ မြိတ်မှာ  ညဘက် ဧည့်စာရင်းဝင်စစ်ပြီး ဖမ်းဆီးငွေတောင်းနေ
 April 25, 2024
မြိတ်မြို့ပေါ်က ရပ်ကွက်အချို့မှာ စစ်ကောင်စီဘက်က ညအချိန် ဧည့်စာရင်းဝင်စစ်ပြီး လူငယ်တွေကို ဖမ်းဆီးခေါ် ဆောင်တာ၊ ငွေတောင်းပြီးမှ လွတ်ပေးတာမျိုးတွေ ပြန်လုပ်နေတယ်လို့ မြိတ်မြိုခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်၊ ည ၁ နာရီဝန်းကျင်က မြိတ်တောင်နယ်မြေ၊ မြို့မ (၂) ရပ်ကွက် (မွန်စုရပ်) က တိုက်ခန်းတစ်ခုကို စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ဧည့်စာရင်းဝင်ရောက် စစ်ဆေးခဲ့ပြီး လူငယ် ၆ ဦး ကို ဖမ်းဆီးသွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါ တယ်။“အဲတိုက်ကိုပဲ ဦးတည်လာပြီးစစ်တာပါ။ ဒီရပ်ကွက်က အိမ်ထောင်စုမဟုတ်တာရော၊ ဧည့်စာရင်းမတိုင်ထားတာကြောင့် ရော ဖမ်းသွားတာပါ” လို့ ဖမ်းဆီးခံရတဲ့ လူငယ်တစ်ဦးနဲ့ နီးစပ်တဲ့ အသက် ၂၀ ဝန်းကျင်အရွယ်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ ဖမ်းသွားတဲ့လူငယ်တွေကို မြိတ်မြို့ကားကွင်းသစ်အနီးမှာရှိတဲ့ အမှတ်(၄) ရဲကင်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အချုပ်တစ်ညချ ထားခဲ့တယ်လို့ နီးစပ်သူအမျိုးသမီးက ဆက်ပြောပြပါတယ်။ ဧပြီ ၂၂ ရက် မနက်ပိုင်းမှာတော့ အဖမ်းခံရသူ လူငယ်တွေရဲ့ လူကြီး မိဘတွေ သွားရောက်ထုတ်ယူချိန်မှာ လူငယ် ၆ ဦးအတွက် စုစုပေါင်း ကျပ်ငွေရှစ်သိန်းပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧပြီ ၂၃ ရက်ညကလည်း အောက်ရေပုန်းရပ်ကွက် (ကျားတွင်းရပ်) ကို ဧည့်စာရင်းဝင်စစ်ချိန်မှာ ဧည့်စာရင်း မတိုင်ထားတဲ့အတွက် အမျိုးသမီးငယ်သုံးဦးကို ဖမ်းဆီးခဲ့တယ်လို့ အသက် ၃၀ ဝန်းကျင်အရွယ် ရပ်ကွက်နေ အမျိုးသားတစ်ဦး ဆီက သိရပါတယ်။ ၂၃ ရက်နေ့ညမှာ ဖမ်းဆီးခဲ့တဲ့ အမျိုးသမီး ၃ ဦးကိုတော့ ရပ်ကွက်ရုံးကို ဖမ်းခေါ်သွားခြင်းဖြစ်ပြီး မိသားစုက နေ ညတွင်းချင်း ပြန်ထုတ်နိုင်ခဲ့တယ်လို့ ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။  သူတို့ကိုတော့ ပိုက်ဆံတောင်းခဲ့တာ မျိုးမရှိခဲ့ဘူးလို့ ဆိုပါတယ်။  အဲဒီရပ်ကွက်နှစ်ခုအပြင် မြိတ်တောင်ရပ်ကွက်၊ အင်းလေးမြိုင်ရပ်ကွက်နဲ့ ကလွင်ကျေးရွာအုပ်စု တွေ မှာလည်း ညဘက် ဧည့်စာရင်းစစ်ဆေးတာတွေ ရှိနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။ အခုလို ဧည့်စာရင်း စစ်ပြီး ဖမ်းဆီးတာတွေ ပြန်ရှိလာလို့ မြိတ်မြို့ခံတွေအနေနဲ့စိုးရိမ်နေကြပါတယ်။ “ဖမ်းတာတွေပြန်ဖြစ်လာတော့ ရပ်ကွက်ထဲမှာ လည်း အမြဲစောင့်ကြည့်နေတယ်လို့ပဲ ခံစားရပြီး စိတ်လုံခြုံမှုကို မရှိဘူးဗျ။” လို့ အသက် ၄၀ ဝန်းကျင်အရွယ် မွန်စုရပ်နေအမျိုး သားတစ်ဦးက ပြောပါတယ်။  Read ni full

၂၈။ နမ့်ဖတ်ကာမှာ မိုင်း၊ ဗုံးရှင်းလင်းရေးလုပ်ရင်း မတော်တဆပေါက်ကွဲမှုကြောင့် KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး
 April 26, 2024
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်လက်နက်ကျန်ဖြစ်တဲ့ မိုင်း၊ ဗုံးရှင်းလင်းနေရင်း မတော်တဆဗုံးပေါက် ကွဲလို့ KIA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၄ ရက် မနေ့ ညနေ ၃ နာရီဝန်းကျင် နမ့်ဖတ်ကာကျေးရွာ သာယာကုန်းဘက် စစ်လက်နက်ကျန် မိုင်း၊ ဗုံးတွေကိုရှင်းလင်း ပြီး ဗုံးတွေကိုယမ်းမှုန့်ထုတ်လိုက်ဖို့ ပြင်ဆင်နေချိန် ပေါက်ကွဲတာဖြစ်တယ်လို့  ဒေသခံတစ်ဦးကပြောပါတယ်။“ညနေ ၂း၅၆ မိနစ်မှာဖြစ်သွားတယ်။ အခုဖြစ်တာက ဒီလက်နက်ကျန်ပစ္စည်းဗုံးတွေကို ယမ်းမှုန့်ထုတ်လိုက်ပြီး မြေမြုပ်လိုက်ဖို့ လုပ်ထားတာ မထိဖို့ မကိုင်ကြဖို့လည်း ပြောထားပြီသားဖြစ်တယ်။ မထင်မှတ်ပဲ ရိုက်မိထုမိလိုက်တာ ဗုံးက ပေါက်ကွဲတာတော့ အဲ့မှာ တစ်ယောက်က ပွဲချင်းပြီး သေသွားတယ်။ ကျန် ၂ ယောက်က တော်တော်ဆိုးတယ် ဆေးရုံမှာတင်ထားတယ်”လို့ နမ့်ဖတ်ကာ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကနေ ဒေသခံပြည်သူတွေ ဗုံး၊ မိုင်းအန္တရယ် မကျရောက် အောင်မိုင်းရှင်းလင်းပေးနေတာလည်းဖြစ်ပါတယ်။ ဗုံးပေါက်ကွဲချိန် KIA တပ်ဖွဲ့ဝင် ၁ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီးသေဆုံး ခဲ့ရပြီး ကျန် ၂ ဦးကတော့ ထိခိုက်မှုဒဏ်ရာပြင်းထန်ပြီး လက်ရှိ နမ့်ဖတ်ကာဆေးရုံတင်ထားရတယ်လို့ ဆက်လက်သိရပါတယ်။ ဗုံးအမျိုးအစားကတော့ ဘာအမျိုးအစားဆိုတာမသိရှိရဘူးလို့ သူကပြောပါတယ်။“ယူထားပြီးသား၊ ထားထားပြီးသား ဗုံးကို ကိုင်မိထုမိသွားတာပေါ့။ ဘာဗုံးအမျိုးအစားလဲဆိုတော့ ကောင်းကောင်းတော့မသိဘူး။ ပြီးခဲ့တဲ့ ရက်ကလည်း ရွာသားတရုတ် အမျိုးသားတစ်ဦးက သူ့ဘာသာသူ မိုင်းကျန်ယူဆော့ရင်း ပေါက်ကွဲလို့ သေဆုံးမှုဖြစ်သွားသေးတယ်”ဟု သူကဆက်ပြောပါတယ်။ Read ni full

၂၉။ စစ်သားစုဆောင်းနေသည့် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ကန့်ကွက်ဟု ဓနု ပြည်သူ့ကာကွယ်ရေးတပ်မတော်ပြော
 April 26, 2024
စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေဖြင့် ဓနုလူငယ်များကို စစ်သားအဖြစ်စုဆောင်းနေသည့် စစ်ကောင်စီလက်အောက် ခံ တိုင်းရင်းသားအဖွဲ့အစည်းများကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ဓနုပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၀၀၃ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဓနုလူမျိုးအများစုနေထိုင်သော ရွာငံမြို့ နယ်၊ ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့်နောင်ချိုမြို့နယ်တို့ရှိ ဓနုလူငယ်များကို စစ်ကောင်စီ၏ဒေါက်တိုင် လက်နက်ကိုင်အဖွဲ့အစည်းများက တပ်သားသစ်များအဖြစ် စုဆောင်းခြင်းကို အဓမ္မပြုလုပ်လျက်ရှိကြောင်း၊ ထို့ပြင် ဓနုလူမျိုး မိဘပြည်သူများ၏ ယာဉ်၊ အဆောက်အဦများ အသုံးပြုခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ရိုက်နှက်ခြင်း၊ မူးယစ်ဆေးဝါး ဖမ်းမိ သည်ဟု အကြောင်းပြကာ မိဘများထံမှ ငွေ ကြေးတောင်းခံခြင်း စသည့်များကို လည်းဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ “အကြမ်းဖက်စစ်ကောင်စီရဲ့ဒေါက်တိုင် လက်နက်အဖွဲ့အစည်းတွေက ရွာငံ၊ ကလော၊ ပင်းတယ၊ ရပ်စောက်နဲ့ နောင်ချိုမြို့နယ် တွေ ထဲမှာနေထိုင်တဲ့ ဓနုလူငယ်တွေကို စစ်သားစုဆောင်းနေတာပါ။ အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းဆိုရင် ဘယ်အဖွဲ့ အစည်းဆိုတာကတော့ အကုန်သိပြီးသားဖြစ်မှာပါ။” ဟု ဓနုအခြေစိုက် တပ်မတော် တပ်ရင်း ၁၀၀၃ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တစ်မြေတည်းနေတစ်ရေတည်းသောက် တိုင်းရင်းသားအချင်းချင်း စစ်အာဏာရှင်အားကိုးဖြင့် နိုင် ထက်စီးနင်း မပြုရန်၊ ဓနုလူငယ်များအား အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကိုလည်း အပြင်းအထန်ကန့်ကွက်ပါကြောင်း အလယ်ပိုင်းတိုင်း ရှမ်း တောင် စစ်ဒေသခွဲ (P3-1003)တပ်ရင်း၊ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။ ဓနုလူမျိုး များသည် ရှေးယခင်ကရင်း ဓနုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း မရှိသော လူမျိုးဖြစ်ပြီး ထိုကဲ့သို့ ဓနုတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းမရှိခဲ့သည်ကို အခွင့်အရေးယူကာ အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများမှ အနိုင်ကျင့်စော် ကား လာမည်ကိုလည်း မိဘပြည်သူများမှ စိုးရိမ်ကြောင့်ကျလျက်ရှိကြောင်း၊ စစ်အာဏာရှင်၏ ဒေါက်တိုင်/အပေါင်းအပါ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့၏ တပ်သားသစ် အဓမ္မစုဆောင်းသည့် လုပ်ရပ်များကို မသိနားမလည်သော မိဘပြည် သူများ အနေဖြင့် အားပေးအားမြှောက် မပြုမိစေရန်ကို သတိပေးထားသည်။ Read ni full

၃၀။ ရက္ခိုင်ဒေသရှိ မည်သည့်လူမျိုးဘာသာခွဲခြားခြင်းမပြုဘဲ ကာကွယ်စောင့်ရှောက်မည်ဟု AA ရှင်းလင်း
 April 25, 2024
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)အစိုးရအဖွဲ့အနေဖြင့် အာရက္ခဒေသတွင်း မည်သည့် လူမျိုး၊ ဘာသာဝင် နောက်ခံရှိ သည်ဖြစ်စေ ခွဲခြားဆက်ဆံခြင်း မပြုလုပ်ဘဲကာကွယ်စောင့်ရှောင်သွားမည်ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက UN လူ့အခွင့်အရေးကော်မရှင်နာ၏ ပြောကြားချက်အားတုန့်ပြန်စဉ် သတင်းစကားပါးခြင်းဖြစ်သည်။ ဧပြီ ၁၉ ရက်က  ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာ Volker Türk မှ ရက္ခိုင်ပြည် စစ်ရေး၊ နိုင်ငံရေးနှင့် အသိုင်းအဝိုင်းများကြား ဆက်ဆံရေး အခြေအနေ များနှင့် ဆက်စပ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ရာတွင် ထုတ်ပြန်ချက်၌ ပါသည့် အချက်များ မှားယွင်းနေကြောင်း AA ပြောရေး ဆိုခွင့်ရှိသူက ရှင်းလင်းခဲ့ပြီး  ဘက်လိုက်သော စွပ်စွဲချက်များအပြင် အဖြစ်မှန်ကို ဖုံးကွယ်ရန် ကြိုးစားခြင်းများ ရှိနေသည်ဟု ပြန် လည်ရှင်းလင်းသည်။

ရက္ခိုင်ပြည်သည် အဖွဲ့အစည်းများစွာပါဝင်သည့် စစ်မြေပြင် ပြန်ဖြစ်လာပြီး၊ အရပ်သားများမှာ ကြီးမားသော ဆုံးရှုံးမှုကို ပေးဆပ်နေရပြီး၊ ‘မူဆလင်များသည် ပို၍အန္တရာယ်ကျရောက် နေသည်ဆိုသည့်အချက်တွင် ‘အဖွဲ့အစည်းများစွာ’ဟူသည်ကို ကော်မရှင်နာအနေဖြင့် ပို၍ ထင်ရှားစွာဖော်ပြရန် လိုအပ်ကြောင်း ဦးခိုင်သုခက ပြောသည်။ ယခင်စစ်ပွဲများတွင် AA နှင့် စစ်ကောင်စီတပ်တို့ကြားသာ ဖြစ်ပေါ်ခဲ့သော တိုက်ခိုက်မူများသည် ယခုအခါ စစ်ကောင်စီ၏  ပြဿနာဖန်တီးမှုကြောင့် မူဆလင် အဖွဲ့များဖြစ်သော ARSA (Arakan Rohingya Salvation Army), ARA (Arakan Rohingya Army), RSO (Rohingya Solidarity Organization) အပြင် တခြားသော မူဆလင်လက်နက်ကိုင်များ ခေါင်းထောင်ပေါ်ထွက်လာကြောင်း AA တာဝန်ရှိသူက ပြော သည်။ ထိုသို့ ပြောကြားရာ၌ အထက်ပါအဖွဲ့များကို အစွန်းရောက်အဖွဲ့များဟု ဖော်ပြထားသည်။ အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့ များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီး ကြောင်း ဦးခိုင်သုခက ပြောသည်။ Read ni full

၃၁။ စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းအောင် ပစ်ခတ်ခံရပြီး သေဆုံး
 April 25, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော လက်နက်ကိုင် ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းအောင်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဧပြီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၅ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာ မှ လက်နက်ကိုင် ဆောင်ထားသော ပျူစောထီးခေါင်းဆောင် ၊ ပြည်သူ့စစ်အဖွဲဝင် ၊ မှော်ဘီလေတပ် အရာရှိတစ်ဦး၏ ဖခင် ဖြစ်သူ ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှူးဝင်းအောင်ကို ကော့ထင်းကျေးရွာထိပ်တွင် PDF၊ တပ်ရင်း -၇၈၀၅ ၊ တပ်ခွဲ-၄ ၊ UG က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းအောင် သည် အများပိုင် လယ်မြေများကို သိမ်းယူထားသူ ဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း ဥပဒေကို ဦးစီးလုပ်ကိုင်ပေးနေသူဖြစ်ကာ အာဏာသိမ်းပြီးချိန်တွင် အုပ်ချုပ်ရေးမှူး တာဝန်ယူထားသူဖြစ်ကြောင်း PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ပစ်ခတ် တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း PDF ၊ တပ်ရင်း – ၇၈၀၅ ၊ တပ်ခွဲ – ၄ ၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။ Read ni full

၃၂။ ကေးဖိုးဒူ ကျောင်းရန်ပုံငွေ အတွက် သဘာဝမြေသြဇာ ခေါ် (ဘိုကာရှီ) ပြုလုပ်ရောင်းချ
 April 26, 2024
ကရင်နီပြည် ဖရူဆိုမြို့အနောက်ဖက်ခြမ်းမှာ ဖွင့်လှစ်ထားတဲ့ ကေးဖိုးဒူကျောင်းဟာ ကျောင်းရန်ပုံငွေရရှိနိုင်ရန်အတွက် သဘာဝမြေသြဇာဖြစ်တဲ့ ဘိုကာရှီကို လက်တွေ့ပြုလုပ်ပြီး ရောင်းချနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ကေးဖိုးဒူကျောင်းရဲ့ ဒါရိုက်တာ တစ်ဦးက ပြောပါတယ်။“အခုကကျနော်တို့ ကေးဖိုးဒူကျောင်း လည်ပတ်ဖို့အတွက် ရန်ပုံငွေတွေ လိုနေတယ်။ ကျနော်တို့ တိကျ ရှင်းလင်းတဲ့ ထောက်ပံ့မှုမျိုးမရတဲ့အတွက်ကြောင့် ကျနော်တို့ကျောင်းလည်ပတ်ဖို့ ကျောင်းတက်တဲ့သူတွေအပေါ် အများကြီးမူ တည် သလို ဒီကျောင်းကိုစီမံခန့်ခွဲတဲ့သူတွေအပေါ်မူ တည်တဲ့အတွက် ကျနော်တို့ရန်ပုံငွေတစ်စုံတစ်ရာရရှိအောင်ဆိုပြီး ကျနော် တို့ ဘိုကာရှီပြုလုပ်ပြီး ရန်ပုံငွေရှာဖို့အစီအစဉ်ဖြစ်လာတာပါ”လို့ ကျောင်းဒါရိုက်တာတစ်ဦးက ပြောပါတယ်။

လက်ရှိ ပြုလုပ်နေတဲ့ အစီအစဉ်မှာလည်း ကေးဖိုးဒူကျောင်း တာဝန်ရှိသူတွေအပြင် ကရင်နီတောင်သူလယ်သမား သမဂ္ဂ အဖွဲ့တွေဆီက လိုအပ်တဲ့ပံ့ပိုးကူညီမှုတွေနဲ့ အစီစဥ်ကို ဆောင်ရွက်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါ ပြုလုပ်တဲ့ ရန်ပုံငွေအစီအစဥ်ကို တောင်သူလယ်သမားတွေ အတွက် အချိန်မီ ဖြန့်ဖြူးနိုင်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ကျောင်းဒါရိုက်တာ က ဆက်ပြောပါတယ်။“အဓိက စိုက်ပျိုးရာသီ တောင်သူလယ်သမားတွေကို အချိန်မှီဖြန့်ဖြူးနိုင်အောင် ရောင်းချနိုင်အောင် ကျနော်တို့ ကြိုးစားသွားမှာဖြစ်တယ်ပေါ့”လို့ သူကဆက်ပြောပါတယ်။ ဘိုကာရှီပြုလုပ်ပြီး ပြန်လည်ရောင်းချတဲ့အပေါ် ကျောင်း အတွက် ရံပုံငွေရရှိမည့်အပြင် တောင်သူလယ်သမားတွေအတွက် ဘေးထွက်ဆိုးကျိုးမှုမရှိတဲ့ သဘာဝမြေသြဇာကို ရရှိနိုင်မှာဖြစ် တယ်လို့ဆိုပါတယ်။ Read ni full

၃၃။ မွန်ပြည်သစ်ပါတီ-AD နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီတို့  နိုင်ငံရေး၊ စစ်ရေးအပါအဝင် ကဏ္ဍအားလုံးတွင် ပူးပေါင်း ဆောင်ရွက်မည်
April 25, 2024
မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး- NMSP-AD) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)တို့ နိုင်ငံရေး၊ စစ်ရေး၊ လူမူကယ်ဆယ်ရေးအပါအဝင် အခြား ကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း MSFC အဖွဲ့မှ နိုင်မွန်စိုင်းက ပြောဆိုသည်။ ဧပြီလ ၂၂ ရက်နေ့ မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ကောင်စီဝင် ၉ ဦး၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာ ရှင်တိုက်ဖျက်ရေး)မှ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ဝင် ၆ ဦး တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထိုသို့ ပူးပေါင်းဆောင်ရွက်ကြရန် ဆုံး ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။“အဓိကကတော့ ပထမပိုင်းနိုင်ငံရေးကိစ္စနဲ့စစ်ရေးကိစ္စတွေမှာ သတင်းအချက်အလက် တွေ ဖလှယ်ကြပါတယ်။ ဘယ်လုပ်ငန်းကို ဘာလုပ်ကြမယ်ဆိုတဲ့ သဘောတူညီမှုတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ၂ ဖွဲ့ကြားထဲမှာ ဒီလိုမျိုး နောင်ကျရင် လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းဖို့ ရှိပါတယ်။ အဲဒါ သဘောတူညီမှုတစ်ခုကိုတော့ ရခဲ့ပါတယ်။ နောက်ပိုင်း အသေးစိတ် ဘယ်လိုလုပ်ကြမလဲဆိုတာတော့ အဲဒီအဖွဲ့မှာ ဆွေးနွေးကြ မှာ ဖြစ်ပါတယ်” ဟု MSFC အဖွဲ့မှ နိုင်မွန်စိုင်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် MMSP-AD တပ်နှင့် MSFC တပ်များသည် နေရာတစ်နေရာစီဖြစ်သည့်အတွက် စစ်ရေးပူးပေါင်းမှုများ မရှိသေးသော်လည်း မဟာမိတ်တပ်အနေနှင့် ရှိသည့် မွန်ပြည်ကာကွယ်ရေးတပ်နှင့်မူ အနီးကပ်ရှိနေကြောင်း MSFC က ပြောဆို သည်။ မွန်ပြည်နယ်နှင့် မွန်ဒေသသည် အခြားပြည်နယ်များနှင့် နှိုင်းယှဉ်ပါက စစ်ရေးအဟုန်များ အားနည်းနေသေးကြောင်း ၊ ယခုထက်ပို၍ အားကောင်းလာစေရန် တော်လှန်ရေးအဖွဲ့အစည်းများကြားတွင် ယုံကြည်မှုတည်ဆောက်ခြင်း၊ သတင်းအချက် အလက်များ ဖလှယ်ခြင်း၊ အချို့သော တူညီသည့် လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရင်း မဟာဗျူဟာမြောက် စစ်ရေးလုပ်ငန်းများ တွင် လုပ်ဆောင်ကြမည်ဖြစ်ကြောင်း MSFC အဖွဲ့မှ နိုင်မွန်စိုင်းက ပြောဆိုသည်။ Read ni full

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button