တိုင်းရင်းသားများသတင်း

မတူပီတွင် သတင်းသမားနှင့် ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံများ လမ်းပြအဖြစ် ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီ သတ်ဖြတ်

ပုံစာ – ချင်းပြည်နယ် မတူပီတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံခဲ့ရသည့် အထဲမှ ပြည်သူအချို့ ။

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၁၊ ၂၀၂၂

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က ၁၃ နှစ်အရွယ် ကလေးတဦးအပါအဝင် ဒေသခံပြည် သူ ၁၁ ဦးအား ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ၁၀ လောင်းအား ရှာဖွေတွေ့ရှိထားကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF-မတူပီ) တာဝန်ရှိသူတဦးက ပြောသည်။

သတ်ဖြတ်ခံရသူများသည် ဇန်နဝါရီ ၆ ရက်နေ့က မတူပီ-ဟားခါးလမ်း၊ ကီလှုန်းရွာနှင့် လုံလှော်ရွာအကြား စစ်ကောင်စီတပ်များနှင့် CDF- မတူပီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အနီးပတ်ဝန်းကျင်ရှိ ရွာများအား စစ်ကောင်စီတပ်က စီးနင်းစဉ် ဖမ်းဆီးခံရကာ လမ်းပြနှင့် လူသားဒိုင်းအဖြစ် အသုံးချခံခဲ့ရသူများ ဖြစ်ကြောင်းလည်း သိရသည်။

CDF-မတူပီ ပြောခွင့်ရှိသူ ကိုနွေဦးလင်းက “ဘာမှအပြစ်မရှိတဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး သတ်ဖြတ်တယ်၊ ရက်စက်စွာနဲ့ စွန့်ပစ်တယ်ဆိုတယ်တာ အင်မတန်ဝမ်းနည်းဖို့ကောင်းပါတယ်၊ ဒါက နိုင်ငံတကာစစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်ပါတယ်။ အာဏာရှင်တွေရဲ့ လုပ်နေကြ လုပ်ရပ်တခုပဲ၊ ဒါကို ကျနော်တို့ တမျိုးသားလုံးက ရှုတ်ချပါတယ်” ဟု ပြောသည်။

ရုပ်အလောင်းများအား တနေရာတည်းတွင် စုပြုံတွေ့ရှိခြင်းမဟုတ်ဘဲ ၎င်းတို့၏ကျေးရွာများနှင့် ကွာဝေးသည့် တောတောင်များအတွင်း တနေစီတွင် ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက်နေ့က တွေ့ရှိခြင်းဖြစ်ပြီး လက်ရှိတွင် သေဆုံးသူအများစုအား မိသားစုဝင်များက အတည်ပြုထား သည့်အတွက် ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့ပြီး ရှာဖွေတွေ့ရှိခြင်းမရှိသေးသူတဦးကိုလည်း ထပ်မံ၍ကြိုးပမ်းရှာဖွေနေကြကြောင်း သိရသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ဒေသခံမီဒီယာများ၏ ဖော်ပြချက်များအရ စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရသူများမှာ ဆလိုင်း သွီဒင်း (Salai Tui Dim)၊ ဆလိုင်း ဗန်ထူး (Salai Van Htoo)၊ ဆလိုင်း စတီဗင် (Salai Steven)၊ ဆလိုင်း လားရင်းလ် (Salai La Ring)၊ ဆလိုင်း လာနန်း (Salai La Nang- ၁၃ နှစ်)၊ ဆလိုင်းတင်စန်း (Salai Tin San)၊ ဆလိုင်း ဖူးပါးဆာလိ (Salai Phupa Sali)၊ ဆလိုင်း လျန်ငိုင် (Salai Lian Ngai)၊ ယေဇအောင် (Salai Ze Caet Aung) ဆလိုင်းထတ်လုံး (Salia Thak Lung) တို့ဖြစ်ကြောင်း သိရသည်။

သေဆုံးသူများထဲတွင် ချင်းဒေသမီဒီယာတခုဖြစ်သည့် Khonumthung (ခေါ်နူးထုန်)သတင်းဌာနအား တည်ထောင်ခဲ့သူဖြစ်ပြီး အယ်ဒီ တာချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ကာ ရှေ့ဆောင်လမ်းပြခဲ့သူ ဆလိုင်း သွီဒင်း (Salai Tui Dim)လည်း ပါဝင်ခဲ့သည့်အတွက် တုန်လှုပ်ခြောက်ခြားကာ စိတ်မကောင်းဖြစ်ရကြောင်းနှင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ကိုယ်ကျိုးစွန့်ပေးဆပ်ခဲ့မှုအား မေ့လျော့မည်မဟုတ်ဘဲ သတိရဂုဏ်ပြုကြောင်း ခေါ်နူးထုန်သတင်းဌာနက အတည်ပြုထုတ်ပြန်ခဲ့သည်။

ခေါနူးထုန် သတင်းဌာန တာဝန်ခံအယ်ဒီတာ ဆလိုင်းရောဘတ် က “ကျတော်တို့ ဆုတောင်းမပြည့်ခဲ့ဘူး မနေ့ညမှာပဲ သူတကယ်ပဲ စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် သေဆုံးသွားတယ်လို့ အတည်ပြုချက်ရရှိတဲ့ အခါမှာ တကယ်ပဲ မပြောပြတတ်လောက်အောင် ကျတော်တို့ ခံစားပြီး ဝမ်းနည်းကြေကွဲရတာပေါ့။ ကိုသွီးဒင်းဆိုရင် ကျတော် ချင်းသတင်းဌာနမှာ ချင်းမီဒီယာ ချင်းသတင်းတွေထဲမှာဆိုရင် သူက ဝါအရင့်ဆုံး သတင်းသမားလို့ ပြောလို့ရပါတယ်။ ကျတော်တို့ ချင်းမီဒီယာတွေ အတွက်ရော မြန်မာနိုင်ငံက သတင်းမီဒီယာ လောကအတွက်ရော တကယ် အင်မတန် ဆုံးရှုံးမှုကြီးဖြစ်တယ်လို့ ကျတော် ပြောချင်တယ်ပေ့ါ” ဟု ပြောသည်။

ယင်းအပြင် ဆလိုင်းသွီဒင်း အပါအဝင် အပြစ်မဲ့အရပ်သား ပြည်သူများအားဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုသော အာဏာသိမ်း စစ်ကောင်စီအား အပြင်းအထန်ပြစ်တင်ရှုတ်ချပြီး နောက်နောင်တွင် အရပ်သားပြည်သူများအား ယခုကဲ့သို့ဖမ်းဆီးကာ လူမဆန်စွာသတ် ဖြတ်မှုများ ထပ်မံကျူးလွန်ခြင်းမပြုရန် အလေးအနက်တောင်းဆိုကြောင်းလည်း ခေါ်နူးထုန်သတင်းဌာနက ဆိုထားသည်။

မတူပီမြို့ အခြေစိုက် ခြေမြန်တပ်ရင်း ၁၄၀ မှ တပ်ဖွဲ့ဝင်များမှာ ဇန်နဝါရီလဆန်းပိုင်းကစတင်ပြီး မြို့နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှား နေခြင်းဖြစ်ပြီး သေဆုံးသူ ဒေသခံပြည်သူများအား ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်းလည်း ဒေသခံများထံကသိရသည်။

စစ်တပ်အာဏာသိမ်းမှုအား ခုခံတိုက်ခိုက်နေသည့် ချင်းပြည်နယ်သည် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့နှင့်အတူပါဝင်နေပြီး စစ်တိုင်းမှူးအဖြစ် ဗိုလ်ချုပ်ဖြိုးသန့်က တာဝန်ယူခဲ့သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းကပင် ၎င်း၏ နေရာ၌ ကလေးမြို့အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူးဗိုလ်မှူးချုပ်သန်းထိုက်အား ဗိုလ်ချုပ်ရာထူး အဆင့်တိုး မြှင့်ကာ အစားထိုးခန့်အပ်ခဲ့သည်။

စစ်ကောင်စီအနေဖြင့် ၎င်းတပ်များအား ပြင်းထန်စွာခုခံတိုက်ခိုက်နေသည့် ချင်းပြည်နယ်၊ မကွေးတိုင်းမြောက်ပိုင်း၊ စစ်ကိုင်းတိုင်းတို့ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များအား ဗိုလ်ချုပ်ဖြိုးသန့်အနေဖြင့် ထိန်းချုပ်နိုင်ခြင်းမရှိဟုဆိုကာ အမှတ် ၁ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော်နှင့် အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်တို့အား တာဝန်ပေးဦးစီးဆောင်ရွက်စေခဲ့သည်။

ယင်းနောက် ၎င်းတို့အနေဖြင့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း စစ်လေယာဉ်များအသုံးပြုကာ ထိုးစစ်ဆင်မှုများ ပြုလုပ်လျှက်ရှိရာတွင် ဆာလင်းကြီး-ဒုံးတောရွာ၊ ဂန်ဂေါ- နှမ်းခါးရွာနှင့် မွေ့လယ်ရွာ၊ ကလေး-နတ်ချောင်းရွာ၊ ရေဦး-ရေမျက်ရွာစသည့် ဒေသများတွင် ဒေသခံပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအား ပြုလုပ်ခဲ့ကြသည်။

ယင်းသို့ သတ်ဖြတ်ခံရသူများတွင် အသက်မပြည့်သေးသူ ကလေးငယ်များ၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများလည်း ပါဝင်ပြီး အချို့မှာ ကြိုးတုပ်လျှက် ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်ထားသည်ကို တွေ့ရကြောင်း ဒေသခံများက ထုတ်ဖော်ပြောကြားထားကြသည်။

အရပ်သားပြည်သူများ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) က “စစ်သားတွေဟာ အရပ်သားတွေကို သတ်ဖြတ်ဖို့နဲ့ ကျေးရွာတွေကို ဖျက်ဆီးပစ်ဖို့ ရက်စက်တဲ့နည်းလမ်းတွေကို အသုံးပြုပြီး ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်” ဟု ပြောထားသည်။

ချင်းပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်ခံရသူ ၁၆၃ ရှိခဲ့ကြောင်း၊ ၎င်းတို့အထဲတွင် အမျိုးသမီး ၁၃ ဦးအပါအဝင် အရပ်သားပြည်သူ ၈၇ ဦးနှင့် ချင်းဒေသတော်လှန်ရေး တပ်ဖွဲ့များမှ ၇၆ ဦးပါဝင်ကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA) ကလည်း ဒီဇင်ဘာ ၆ ရက်နေ့က ကြေညာထားသည်။

စစ်ကောင်စီအနေဖြင့် ချင်းပြည်နယ်အတွင်း နေအိမ်ရာနှင့်ချီကာ မီးရှို့ခြင်း၊ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းများဖြင့် အရပ်သားပြည်သူများအား ပစ်မှတ်ထားကာ စနစ်တကျတိုက်ခိုက်သတ်ဖြတ်နေခြင်းဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှု နှင့် စစ်ရာဇဝတ်မှုများ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်နေသည်မှာ ထင်ရှားကြောင်းလည်း ချင်းရေးရာအဖွဲ့ချုပ်က ပြောထားသည်။

လက်ရှိတွင် မတူပီ၊ မင်းတပ်၊ ဟားခါးဒေသတို့အတွင်း ပစ်ခတ်တိုက်ခိုက်မှုများနှင့် စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးလှုပ်ရှားမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ သောင်းဂဏန်းခန့်ရှိနေပြီး ဒေသတွင်း ဆက်သွယ်ရေး လမ်းကြောင်းများတွင်လည်း အစားအသောက်နှင့် ဆေးဝါးအပါအဝင် အခြေခံလူသုံး ပစ္စည်းများအား ဒေသကာကွယ်ရေး တပ်ဖွဲ့များထံ ထောက်ပံ့မည်ဟူသော စွပ်စွဲချက်များဖြင့် သယ် ယူခွင့်တားဆီးပိတ်ပင်မှုများအား စစ်ကောင်စီက ပြုလုပ်နေကြောင်းလည်း ဒေသတွင်း အဖွဲ့အစည်းများက ပြောသည်။

လတ်တလောစစ်ရေးလှုပ်ရှားမှုများရှိနေသည့် မတူပီမြို့နယ်အတွင်း ပြင်းထန်သည့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားမှုမရှိသေးသော်လည်း စစ်ကောင်စီဘက်က လူအင်းအားတိုးမြှင့်ခြင်း၊ လက်နက်၊ ရိက္ခာစုဆောင်းခြင်းများ ပြုလုပ်နေသည့်အတွက် စစ်ရေးတင်းမာမှုများ ရှိနေကာ မကြာမီတိုက်ပွဲများ ပြင်းထန်လာနိုင်ခြင်းကြောင့် ခုခံစစ်အတွက် ကြိုတင်ပြင်ဆင်လျှက်ရှိနေကြောင်းလည်း CDF-မတူပီ တာဝန် ရှိသူတဦးကပြောသည်။

၎င်းက “လက်နက်ကိုင်အချင်းချင်း မျက်နှာချင်းဆိုင် လာပြီးတိုက်ခိုက်ပါ၊ အချိန်မရွေး အဆင်သင့်ရှိပါတယ်။ အရပ်သားတွေကို ဖမ်းဆီး ရိုက်နှက်တာ၊ သတ်ဖြတ်တာတွေမလုပ်ပါနဲ့၊ မကြိုက်ဘူး။ သေနတ်ကိုင်သူချင်း ယောကျ်ားဆန်ဆန် မျက်နှာချင်းဆိုင်းလာတိုက်ပါလို့ ပြော ချင်ပါတယ်”ဟု ပြောသည်။

ကိုးကား – ဧရာဝတီ၊ ချင်းလူ့အခွင့်အရေးအဖွဲ့၊ ခနှုံန်းတုံမ်၊ မတူပီ ဒေသခံ

 

Related Articles

Back to top button