တိုင်းရင်းသားများသတင်း

စစ်အာဏာသိမ်းမှုကြောင့် ပအိုဝ်းအမျိုးသား ရည်မှန်းချက်များကို အကောင်အထည် ဖော်ဖို့ ခက်ခဲသွားတယ်လို့ ခွန်ဝေထူး ပြော

ဖက်ဒရယ်ဂျာနယ်
မတ် ၁၈၊ ၂၀၂၂

စစ်အာဏာသိမ်းမှုကြောင့် ပအိုဝ်းအမျိုးသား ရည်မှန်းချက်များကို ဆက်လက် အကောင်အထည် ဖော်ဆောင်လို့ မရတော့တဲ့ အခြေအနေမျိုးဖြစ်သွားတယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ပြောခွင့်ရ ခွန်ဝေထူးက ဖက်ဒရယ်ဂျာနယ်သို့ ပြောသည်။  

ခွန်ဝေထူးက “သမိုင်းကြောင်းအရကတော့ ရှမ်းပြည်နယ်တောင်ပိုင်း လူဦးရေအများဆုံး နေထိုင်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီဒေသမှာ ပြီးတော့ သုဝဏ္ဏဘူမိ သထုံဟာဆိုရင် ပအိုပ့်တိုင်းရင်းသားတွေ ၉ ရာစုအထိကတော့ နေထိုင်ခဲ့တဲ့ ကိုယ့်ရဲ့ဒေသကြီးဖြစ်ခဲ့တယ်ပေါ့နော်။ ဒီကနေ့ ၂၀၂၁ အာဏာသိမ်းဖြစ်စဉ်မှာ လူငယ်တွေရဲ့ ပါဝင်မှူအခန်းကဏ္ဍက ယခင်ကထက်များလာတယ်။ ယခင်က ကျနော်တို့သွားမယ့် ပအိုဝ်းအမျိူးသား ရည်မှန်းချက်သည် ဖက်ဒရယ်ဒီမိုကရေစီဖြစ်တယ်၊ ဖက်ဒရယ်ဒီမိုကရေစီကိုပြောတဲ့အတွက် တန်းတူရေးကိုသွားတာဖြစ်တယ်။ ဒီကနေ့ အာဏာသိမ်းလိုက်တော့ ကျနော်တို့သွားမယ့် ပအိုဝ်းအမျိူးသား ရည်မှန်းချက်ဟာ အကောင်ထည်ဖော်လို့ မရနိုင်တော့တဲ့ အခြေအနေမျိူးမှာဖြစ်တယ်။ အစိုးရမရှိတော့ဘူး။ ကျနော်တို့ဆွေးနွေးခဲ့သမျှ တည်ဆောက်ခဲ့သမျှ တန်းတူရေးရရှိဖို့ဟာလည်း အားလုံးပျက်ဆီးခဲ့တယ်ပေါ့နော်။ ဒါကြောင့်မို့လို့ အာဏာသိမ်းပြီးတဲ့နောက်မှာ ကျနော်တို့လိုချင်တဲ့အမျိူးသားတန်းတူရေး ရရှိဖို့ဆိုရင်တော့ ကျနော်တို့ တောင်ပေါ်မြေပြန့်က ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ပြီးတော့ အခြားတိုင်းရင်းသားတွေနဲ့ လက်တွဲပြီးတော့ ပါဝင်တော်လှန်မှပဲရတော့မယ်ဆိုတဲ့ နည်းလမ်းပဲရှိတော့တဲ့အတွက် ပအိုဝ်းတိုင်းရင်းသားနဲ့ ပအိုဝ်းလူငယ်တွေအနေနဲ့ တော်လှန်ရေးမှာပါဝင်ရခြင်းဖြစ်တယ်။ ပါဝင်မှူအနေအထားကတော့ အာဏာသိမ်းပြီး နောက်ပိုင်း ရန်ကုန်မြို့မှာ ပအိုဝ်းလူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြမှူတွေ၊ ပြီးတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဘာအံမြို့ ၊ သထုံ အဲဒီလိုနေရာတွေမှာ လူငယ်တွေရဲ့ ဆန္ဒပြမှူမှာ ပါဝင်တဲ့အခန်းကဏ္ဍဟာ အားရစရာအင်အားတွေ မြင်တွေ့ရတယ်။ အဲဒီမှာ ပအိုဝ်းလူငယ်တွေရဲ့ရင်ဘတ်ထဲမှာ အာဏာရှင်ကို ရှုတ်ချတယ်၊ စစ်မှန်တဲ့အမျိူးသား တန်းတူရေးကိုလိုချင်တဲ့ ပြင်းပြတဲ့စိတ်ဆန္ဒဟာ ကျနော်တို့မြင်နေရတယ်” ဟုပြောသည်။

ပြည်ထောင်စုကြီး အတိဒုက္ခရောက်နေချိန်မှာ ပအိုဝ်းအမျိုးသားပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ ဘ၀တူ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးနဲ့အတူလက်တွဲပြီး စုပေါင်းရုန်းကန်ကြရမယ့် အချိန်ကာလဖြစ်တယ်။ ပြည်ထောင်စုအရေးဟာ ပအိုဝ်းအရေးဖြစ်သလို ပအိုဝ်းအရေးဟာလည်း ပြည်ထောင်စု အရေးဖြစ်တယ်လို့ ခံယူရပ်တည်ကြရမယ့် အချိန်ဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကို မဖယ်ရှားနိုင်ရင် ပအိုဝ်းပြည်သူတွေသာမက ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ ကံကြမ္မာကို ဖြစ်စေ၊ လူမျိုးတစ်မျိုးစီရဲ့ ကံကြမ္မာကို ဖြစ်စေ စစ်အာဏာရှင်စနစ်ကသာ ဖန်တီးနေမှာ ဖြစ်သလို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတဲ့ နောက်မှာ ပြည်နယ်သစ်တွေ ပေါ်ထွန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် ဆက်လက် ကြိုးပမ်းကြရမှာ ဖြစ်တယ်လို့လည်း ယမန်နေ့ မတ်လ ၁၆ရက် တပေါင်းလပြည့်နေ့မှာ ကျရောက်တဲ့ ၇၃ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့သို့ PNFC က သဝဏ်လွှာပေးပို့ခဲ့ရာတွင်လည်း ယခုလို ပန်ကြားထားသည်။

ပအိုပ့်အမျိူးသားနေ့သည် မြတ်စွာဘုရားကိုပင့်ဆောင်ပူဇော်ခဲ့တဲ့ သုဝဏ္ဏဘူမိသထုံပြည်ရှင် သုရိယစန္ဒာမင်းကြီးရဲ့ မွေးနေ့ တပေါင်းလပြည့်နေ့ကို ဂုဏ်ပြုသတ်မှတ်ထားတာဖြစ်ကာ ကရင်တောင်သူ၊ ဗမာတောင်သူ၊ ရှမ်းတောင်သူဟူ၍ အရင်က အမျိူးမျိူးခေါ်ကြရာမှ ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် ပအိုပ့်လူမျိူးဟု သတ်မှတ်ပြီးချိန်မှစ၍ ပအိုပ့်အမျိူးသားနေ့ကို ကျင်းပလာခြင်းဖြစ်သည်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၁ ရက် ၂၀၂၁ နှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပအိုဝ်းအမျိုးသားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် NUG နှင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည်။

Related Articles

Back to top button