တိုင်းရင်းသားများသတင်း

မွန်က ရွေးကောက်ခံကိုယ်စားလှယ် (၁၅)ဦး နိုင်ငံရေးမလုပ်တော့ဘူးလို့ စစ်ကောင်စီထံ ခံဝန်ထိုး

မွန်က ရွေးကောက်ခံကိုယ်စားလှယ် (၁၅)ဦး နိုင်ငံရေးမလုပ်တော့ဘူးလို့ စစ်ကောင်စီထံ ခံဝန်ထိုး

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၇၊ ၂၀၂၁

မွန်ပြည်နယ်မှာတော့ စစ်တပ် အာာဏာသိမ်းပြီးနောက် ၂၀၂၀ အထွေထွေးရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကိုယ်စားလှယ် ၁၅ ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPHတို့နဲ့ ပတ်သတ်တာ မရှိကြောင်းနဲ့ နိုင်ငံရေး မလုပ်ဘူးလို့ စစ်ကောင်စီထံ ခံဝန်လက်မှတ်ရေးထိုးထားကြကြောင်း ဒေသသတင်းရင်းမြစ်များ အရ သိရသည်။

ယင်းခံဝန်လက်မှတ် ရေးထိုးကြသည့်ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ် ၄ ဦးနဲ့ မွန်ညီညွတ်ရေးပါတီက ၁၁ ဦး ပါဝင်ပါတယ်။ မွန်ညီညွတ်ရေးပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၁ ဦးမှာတော့ ၂ ဦးကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းထားပါတယ်။

မွန်ညီညွတ်ရေးပါတီက နှုတ်ထွက်ထားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ နိုင်မွန်ရာဇာကတော့ စစ်ကောင်စီက ခံဝန်ထိုးခိုင်းလိုက်တဲ့အတွက်ကြောင့် လက်မှတ်ထိုးပေးလိုက်တယ်လို့ ဆိုပါတယ်။

“ တချို့က ပြည်နယ်မှာ လက်မှတ်သွားထိုးရတယ် ။ တချို့ကတော့ မြို့နယ်အဆင့်မှာပဲ ထိုးကြရတယ်။ ကျွန်တော်ကတော့ မြို့နယ်ရဲမှူးဆီမှာပဲ ထိုးရပါတယ်” လို့ ရွေးကောက်ခံကိုယ်စားလှယ် နိုင်မွန်ရာဇာက ပြောပါတယ်။

မွန်ညီညွှတ်ရေးပါတီက ရွေးကောက်ခံကိုယ်စားလှယ် ၂ ဦး ဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုးနဲ့ နိုင်လယိတမက စစ်ကောင်စီနဲ့ ပူးပေါင်းထားပြီး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

NLD ပါတီက ခံဝန်ထိုးထားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေထဲမှာတော့ ဒေါ်နွယ်နွယ်အောင်၊ ဒေါက်တာထိန်လင်း ၊ ဒေါက်တာခင်နိုင်ဦးနဲ့ ဦးရွှေမြင့်တို့ ပါဝင်ပါတယ်။

ရွေးကောက်ခံ ကိုယ်စားလှယ်တွေအနေနဲ့ စစ်ကောင်စီထံ ခံဝန်ထိုးတာဟာ နိုင်ငံရေး မရိုးသားမှု တစ်ခုဖြစ်ပြီး သူတို့ လုပ်ခဲ့တဲ့ နိုင်ငံရေး မှန်ကန်မှု မရှိဘူးလို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ မင်းသံစဉ်ဦးက ဝေဖန်လိုက်တာပါ။

“ ခေတ်ကောင်းတုန်းက ပြည်သူတွေနဲ့ ရပ်တည်တယ်ဆိုပြီး နိုင်ငံရေးလုပ်ကြတယ်။ ခေတ်မကောင်းတော့ သူတို့နေထိုင်နိုင်ရေးအတွက် ပြည်သူ့မျက်နှာ မမူဘဲ စစ်ကောင်စီမှာ လက်မှတ်ထိုးတယ်။ သူတို့ရဲ့ နိုင်ငံရေး မရိုးသားဘူးလို့ပဲ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဆီမှာ ခံဝန်လက်မှတ်ရေးထားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ လက်ရှိမှာတော့ ဖမ်းဆီးခံရခြင်းမရှိဘဲ နေအိမ်မှာ ဆက်လက် နေထိုင်နေကြပါတယ်။

မွန်ပြည်နယ်မှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် ၄၅ ဦးထိ ရှိပါတယ်။ အဲဒီထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၃၄ ဦးနဲ့ မွန်ညီညွတ်ရေးပါတီက ၁၁ ဦး ပါဝင်ပါတယ်။

Related Articles

Back to top button