သတင်း

ကချင်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေလို့ ပြည်သူတွေ နေ့စဉ်သတင်းသိရှိဖို့ ခက်ခဲနေ

ကချင်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေလို့ ပြည်သူတွေ နေ့စဉ်သတင်းသိရှိဖို့ ခက်ခဲနေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
မတ် ၂၄၊ ၂၀၂၅

စစ်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ထဲက မြို့အားလုံးနီးပါးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ပြည်သူတွေ နေ့စဉ် သတင်းသိရှိဖို့ အခက်အခဲ ရှိနေတယ်လို့ ဒေသအရေး စောင့်ကြည့်နေတဲ့သူတွေဆီက သိရပါ တယ်။

ဒေသအရေးစောင့်ကြည့်သူ တစ်ဦးပြောတာက “ စစ်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတဲ့ ကချင်မှာ မြစ်ကြီးနားအပါအဝင် မြို့အားလုံးနီးပါးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေတော့ ပြည်သူတွေက သတင်းဖတ်ရဖို့ စတားလင့်ခ် အင်တာနက် လိုင်းကို တွင်တွင်ကျယ်ကျယ် သုံးလာကြတယ်။ ဒါပေမယ့် အရင်ကလို နေ့စဉ် သတင်း ပြည်သူတွေ ပုံမှန်သိရှိမှု အခက်အခဲ ရှိနေတယ်။ ဘာလို့လည်းဆိုတော့ အဲဒီအင်နက်လိုင်းကို လူတန်းစေ့ မသုံးနိုင် ဘူးလေ၊ ဝန်ဆောင်ခတွေက စျေးကြီးပေးပြီး သုံးရတော့” လို့ ပြောပါတယ်။

ကချင်ပြည်သူတွေကြားမှာ နေ့စဉ်သတင်း ဖတ်ရဖို့ စတားလင့်ခ် အင်တာနက်ကို လူသုံးများလာကြပေမယ့် ငွေကြေး မတက်နိုင်တဲ့ သူတွေအတွက်တော့ အခကြေးငွေ စျေးကြီးပေးပြီး သုံးနိုင်ဖို့ အခက်အခဲ ရှိနေပြီး တစ်နာရီ ၅၀၀၀ ကျပ်၊ တစ်နာရီကို ၃၀၀၀ ကျပ်၊ တပတ်ကို ၁ သောင်းကျပ်၊ တစ်လ ၈ သောင်းကျပ် ဆိုပြီး အသုံးပြုတဲ့ ဝန်ဆောင်ခ အခကြေးငွေ သတ်မှတ်ချက် ပုံစံမျိုးစုံ ရှိနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့ခံ အမျိုးသမီးတဦးပြောတာကတော့ “ နေ့စဉ် သတင်းဖတ်ရဖို့က အရင်ကလိုမှ မလွယ်ကူတော့တာ လူကြီးပိုင်းတွေအတွက်ဆို ပိုဝေးပြီ။ ဖုန်းလိုင်း၊ အင်တာနက် လိုင်းတွေ ဖြတ်တောက်ထားတော့ တစ်မြို့နယ်ထဲမှာပဲ အတူနေထိုင်ကြတဲ့ မိသားစုတွေကြားမှာတောင် အဆက်အသွယ်ရဖို့ အင်မတန်ခက်တယ်။ အိမ်ထောင်ကျ နေပြီဖြစ်တဲ့ သမီးကြီးနဲ့ဆို အဆက်အသွယ် မရနဲ့ လနဲ့ချီရှိပြီ၊ သူနေတဲ့ ရွာဘက်မှာ စတားလင့်ခ် အင်တာနက် လိုင်း မရှိသေးဘူးဆိုတော့လေ” လို့ ပြောပါတယ်။

ဒါ့အပြင် ကချင်မှာ ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရပြီး လျှပ်စစ်မီးတွေကလည်း ပုံမှန်ထက် ရရှိနိုင်မှု ပိုမို လျော့နည်းလာပြီး စက်သုံးဆီတွေကလည်း ရှားပါးလာတာကြောင့် တနိုင်တပိုင် လျှပ်စစ်မီးနဲ့ လုပ်ငန်း လည်ပတ်နေတဲ့ မြို့ခံတွေဟာ လုပ်ငန်းရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“အခုလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာ၊ ဖြတ်တောက်ခံနေရတာကြောင့် အများ ပြည်သူရဲ့ နေ့စဉ်လူမှုဘဝကို ထိခိုက်နေပါပြီး သတင်းအချက်အလက်မရတာ၊ ငွေကြေးသုံးစွဲမှု မလုံလောက်တာ၊ ဆက်သွယ်ရေး ကိစ္စများအတွက် မလိုအပ်ဘဲ ငွေပိုမိုသုံးစွဲရတာ စတဲ့အခြေအနေဆိုးများကို ရင်ဆိုင် ကြုံတွေ့ နေရသလို ဒါတွေဟာ အဖက်ဖက်က ကျပ်တည်းနေတဲ့ အခြေအနေတွေကို ပိုမို ကျပ်တည်း သွားအောင် တွန်းပို့ နေတာပဲ” လို့ မြန်မာအင်တာနက် ပရောဂျက်(MIP)က လေ့လာသူတစ်ဦး ဦးဟန်က ပြောပါတယ်။

မြန်မာအင်တာနက်ပရောဂျက်(MIP) ရဲ့ ၂၀၂၅ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး ကချင်က မြို့ပေါင်း ၃၄ မှာအပါဝင် တနိုင်ငံလုံးက စစ်ပွဲဖြစ်ပွားနေတဲ့ မြို့ပေါင်း ၃၄၈ မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်မှုကို ပိုမိုတင်းကြပ်စွာ လုပ်ဆောင်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ ကချင်ဒေသအပါအဝင် တခြား ဒေသတွေက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် နေ့စဉ်သတင်းမှန် သိရှိဖို့ အခက်အခဲ ရှိနေတဲ့ တပြည်လုံးက ပြည်သူတွေဟာ စစ်ပွဲနောက်ဆက်တွဲ အကျိုးသက်ရောက်မှုကို ပိုမိုထိခိုက်ခံစားနိုင်တဲ့ အခြေအနေများနဲ့ ရင်ဆိုင်နေရပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button