သတင်း

မြစ်ကြီးနား-ဖားကန့်-တနိုင်း ခရီးသွားလမ်းပိုင်းကို ယာယီပိတ်

မြစ်ကြီးနား-ဖားကန့်-တနိုင်း ခရီးသွားလမ်းပိုင်းကို ယာယီပိတ်

 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၂၄၊ ၂၀၂၅
 
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဖားကန့်-တနိုင်း ဘက်ကိုသွားတဲ့ ခရီးသွားလမ်းပိုင်းတွေကို ဒီကနေ့ ဧပြီ ၂၄ ရက်နေ့မှာ ယာယီပိတ်ထားလိုက်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ သတင်း ၄ ပတ်ကျော် ဖားကန့်မြို့နယ်၊ လဝါးကျေးရွာဝန်းကျင်တို့မှာ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်း အဖွဲ့တွေနဲ့ ကချင်တပ်(KIA)၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနှစ်ဖက်စစ်ရေး တင်းမာနေကြတာပါ။
 
အဲဒီလို နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာဝန်းကျင်တွေဘက်ကို စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့က မြစ်ကြီးနား-ကားမိုင်း-မိုးကောင်း စတဲ့ လမ်းပိုင်းတွေကနေ ယမန်နေ့ ဧပြီ ၂၃ ရက်နေ့က စပြီး မြေပြင်အင်အား ရာချီနဲ့ ထိုးစစ်ဆင် စစ်ကြောင်းထိုးလာတာကြောင့် ကချင်တပ်(KIA) ဘက်က ဒီကနေ့ ဧပြီ ၂၄ ရက်နေ့မှာ မြစ်ကြီးနား-ဖားကန့်-တနိုင်း ဘက်ကိုသွားတဲ့ ခရီးသွားလမ်းပိုင်းတို့ကို ယာယီပိတ်ထား လိုက်ရတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့်က သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေ စစ်ကြောင်းထိုးနေတဲ့ဒေသဖြစ်တဲ့ လဝါး ကျေးရွာဝန်းကျင်ဘက်ကို ကချင်တပ် (KIA)၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ကလည်း အင်အားတိုးမြင့် ထားတာကြောင့် နှစ်ဖက်စစ်ရေး ပြင်းထန်လာနိုင်တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
 
စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က ငလျင်သင့်ဒေသများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်နှင့် ငြိမ်းချမ်းရေးကို ရှေးရှုသောကြောင့် ဧပြီ ၂၃ မှ ၃၀ ရက်နေ့အထိ သတင်းတပတ် ယာယီ အပစ်ရပ်စဲကာလကို ထပ်မံတိုးမြှင့်ကြောင်း ထုတ်ပြန်ထားပါသေးတယ်။
 
ဒါပေမယ့် အခုလို စစ်ကောင်စီက မြေပြင်အင်အားများစွာသုံးပြီး ထိုးစစ်ဆင်လာတာကြောင့် ကချင်တပ်(KIA)နဲ့ နှစ်ဖက်စစ်ရေးအရှိန် ပြင်းထန်စွာ မြင့်တက်လာနိုင်ပြီး မြစ်ကြီးနား-ဖားကန့်-တနိုင်း လီဒိုလမ်းပိုင်းတွေဟာလည်း သတင်းအပတ်ကြာ လမ်းပိတ်သွားတာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ ကချင်စစ်ရေးလေ့လာ စောင့်ကြည့် နေသူတွေက သုံးသပ်ပြောဆိုထားပါတယ်။
 
ဒါ့ကြောင့် ပြီးခဲ့တဲ့ သတင်း ၄ ပတ်ကျော်ကြာကတည်းက ဘေးလွှတ်ရာသို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြတဲ့ လဝါး ကျေးရွာဝန်းကျင်က ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးပဲ လက်ရှိနေထိုင်နေကြတဲ့ နေရာတွေမှာ အရေးပေါ် ဆေးဝါးနဲ့ အစားအသောက် အကူအညီတွေ ဆက်လက် လိုအပ်မှုမြင့်တက်လာနေမှာ ဖြစ်တယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရတယ်။
 
ဓါတ်ပုံ – CJ(ပုံဟောင်း) 

Related Articles

Back to top button