သတင်း

ထန်ထလန်မြို့နယ်ထဲက ရက်ပေါင်း ၆၀ တိုက်ပွဲမှာ နှစ်ဖက်ကျဆုံးမှုရှိ

ဓါတ်ပုံ – CJ 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃ 
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက သီလိမ်စစ်ဆင်ရေး (Telim Operation)ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့က စတင်ခဲ့ပြီး ဆင်နွဲခဲ့လို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
အဆိုပါ သီလိမ်စစ်ဆင်ရေး (Telim Operation)အတွင်း စစ်ကောင်စီတပ်သား ၂၀ ဦး ကျဆုံးကာ ၆ ဦးကိုတော့ အရှင်ဖမ်းမိခဲ့ပါတယ်။ အလားတူ အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း ချင်းအမျိုးသားတပ်မ တော်(CNA)နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Thantlang) ပူးပေါင်းတပ်ဖွဲ့ဝင် ၆ ဦးလည်း ကျဆုံးခဲ့တာပါ။
အဲဒီ သီလိမ်စစ်ဆင်ရေး (Telim Operation)အတွင်း ချင်းကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တို့က စစ်ကောင်စီ တပ်စခန်းတချို့ ဖျက်ဆီးနိုင်ခဲ့သလို သေနတ်ငယ် ၅၀ လက်ခန့်နဲ့ ခဲယမ်းတချို့ သိမ်းဆည်း ရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Thantlang) က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ရိက္ခာနှင့် လက်နက်ခဲယမ်းများ လာပို့တဲ့ စစ်ကောင်စီ ရဟတ်ယာဉ် ၂စင်း၏ အစိတ်အပိုင်းတစ်ချို့ကိုလည်း ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အင်အား ၅၀ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ ထန်တလန်မြို့ရဲစခန်းကိုလည်း CNA နဲ့ CDF တပ်ဖွဲ့၀င်များက သိမ်းပိုက်နိုင်ခဲ့တာပါ။
စစ်ကောင်စီဖက်ကတော့ အဲဒီ ရက်ပေါင်း ၆၀ တိုက်ပွဲအတွင်း လေကြောင်းဖြင့် ၉၅ ကြိမ်ထိ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိချိန်ထိ နှစ်ဖက်တိုက်ပွဲဟာ ငြိမ်သက်သွားခြင်း မရှိသေးသလို တိုက်ပွဲဆက်လက်ပြင်းထန်နေလို့ မိဘပြည်သူများ မလိုအပ်ပဲ ခရီးသွားလာခြင်း မပြု လုပ်ဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က အသိ ပေးထားပါတယ်။

Related Articles

Back to top button