
ဗိုလ်ခြေတထောင်ပြဿနာ
ကျော်ကိုကို ၊ အတွေးအမြင်
လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ အောင်ပွဲအလီလီရပြီး ပြည်နယ်တွေ လွတ်မြောက်နေချိန်မှာ မြေပြန့်ဒေသက ဗမာလူမျိုးစုတော်လှန်ရေးက ထင်သလောက် ရှေ့ကိုမရွေ့တာ ဘာကြောင့်လဲ။
ဒီပြဿနာကို ကျနော်တို့ သေသေချာချာ လေ့လာဆန်းစစ်ကြည့်ဖို့လိုအပ်နေပါတယ်။
တော်လှန်ရေးအောင်ပွဲရဖို့ အဟန့်အတားဖြစ်စေတဲ့ အခြေခံအကြောင်းတရားတွေက ဘာတွေလဲ၊ ဒီအကျပ်အတည်းကြားက ဘယ်လိုဖောက်ထွက်နိုင်မလဲ၊တော်လှန်ရေးကို လမ်းကြောင်းမှန်အောင် ဘယ်လို တည့်မတ်ထိန်းကျောင်းရမလဲဆိုတာတွေကို အပိုင်းလိုက် အကန့်လိုက် သုံးသပ်သွားပါမယ်။
တော်လှန်ရေးကိုအဟန့်အတားဖြစ်နေတဲ့ အခြေခံအကြောင်းတရားများ
တော်လှန်ရေးတရပ်လုပ်ဆောင်တဲ့အခါ တော်လှန်ရေးအတွေးအခေါ်တရပ်ကို အခြေခံဖို့လိုအပ်ပါတယ်။
လက်ရှိပကတိအခြေအနေအရ ကျနော်တို့ရဲ့ တော်လှန်ရေးမှာ အတွေးအခေါ်ကို အခြေခံထားတာ သိပ်မတွေ့ရပါဘူး။
လူတန်းစားလွတ်မြောက်ရေးအတွေးအခေါ်လား၊လူမျိုးစုလွတ်မြောက်ရေးအတွေးအခေါ်လား၊ဒီမိုကရေစီစံချိန်စံညွှန်းတွေ တန်ဖိုးတကယ်ထားရဲ့လား၊ဖက်ဒရယ်လစ်ဇင်းကိုရော တကယ်ကျေကျေညက်ညက် သဘောပေါက်နားလည်ရဲ့လား။
ဒေသစွဲ၊လူမျိုးစွဲ၊ပုဂ္ဂိုလ်စွဲနဲ့ တော်လှန်ရေးလုပ်နေကြတာလား။အများသူဌာ တော်လှန်ရေးလုပ်လို့ ဖက်ရှင်တခုအနေနဲ့ လိုက်လုပ်နေကြတာလား။
တော်လှန်ရေးတရပ်အောင်မြင်ဖို့ အကြီးဆုံးအဟန့်အတားဟာ နိုင်ငံရေးအတွေးအခေါ်မရှိတဲ့ လက်နက်ကိုင်အင်အားစုကြီးထွားလာခြင်းဖြစ်ပါတယ်။
နိုင်ငံရေးအတွေးအခေါ်မရှိတဲ့ လက်နက်ကိုင်အင်အားစုအားကောင်းလာခြင်းရဲ့ အကျိုးသက်ရောက်ချက်က နိုင်ငံရေးအတွေးအခေါ်ရှိတဲ့ လက်နက်ကိုင်အင်အားစုကို ဘက်ပေါင်းစုံက ခြိမ်းခြောက်လာတာလည်းဖြစ်ပါတယ်။ကြာတော့ နိုင်ငံရေးအတွေးအခေါ်ရဲ့ အခန်းကဏ္ဍဟာ တဖြေးဖြေးသေးပြီး ပျောက်သွားတတ်ပါတယ်။
နိုင်ငံရေးအတွေးအခေါ်မတပ်ဆင်ထားတဲ့ လက်နက်ကိုင်အင်အားစုကြီးထွားလာခြင်းဟာ စစ်ဘုရင်ဝါဒနဲ့ နယ်ခံဗိုလ်ကျစိုးမိုးသူ အသိုင်းအဝိုင်းကို မွေးထုတ်ပေးလိုက်တဲ့ လက်သည်တရားခံပဲဖြစ်ပါတယ်။
တန်ပြန်တော်လှန်ရေးနဲ့ စစ်ဘုရင်ဝါဒ
အဟောင်းကိုဖြိုပြီး အသစ်ကို အစားထိုးနိုင်မှ တော်လှန်ရေးလို့ခေါ်လို့ရတာပါ။အဟောင်းကိုပဲဖြိုနိုင်ပြီး အသစ်အစားထိုးဖို့မလုပ်တာဟာ တန်ပြန်တော်လှန်ရေးသက်သက်ပဲဖြစ်ပါတယ်။
တော်လှန်ရေးမှာ အကျိုးကျေးဇူး အသီးအပွင့်ဆိုတာရှိပါတယ်။တန်ပြန်တော်လှန်ရေးမှာကျတော့ အဆိပ်အတောက်နဲ့ အဖျက်သဘောပဲရှိပါတယ်။
စစ်ဘုရင်ဝါဒဆိုတာလည်း ဒီသဘောပါ။အာဏာရှင်ဟောင်းကို ဖြုတ်ချပေမယ့် အာဏာရှင်အသစ်က နေရာအစားဝင်ယူလိုက်တဲ့သဘောမျိုးဖြစ်နေပါတယ်။
စကစနေရာမှာ ပကဖရောက်လာတာဖြစ်ပေမယ့် စစ်အာဏာရှင်စနစ်နေရာမှာ ဒီမိုကရေစီကို အစားထိုးတာမျိုး ဟုတ်မနေပါဘူး။
လက်နက်ကိုင်တွေရဲ့လုပ်ပိုင်ခွင့်က ပြည်သူ့ လူ့အခွင့်အရေးထက်ပိုကြီးမားနေတဲ့ စစ်ဘုရင်ဝါဒ ခေတ်နောက်ပြန်စွဲဝါဒဟာ ရှေ့တိုးတက်မယ့်လမ်းကို ပိတ်ဆို့ထားသလို ဖြစ်နေပါတယ်။
နယ်ခံဗိုလ်ကျစိုးမိုးသူများ
လူထုကိုယ်တိုင် နိုင်ငံရေးအရ တက်တက်ကြွကြွ မပါဝင်နိုင်တဲ့အနေအထားမှာ လူတစုက ချုပ်ကိုင်ခြယ်လှယ်လေ့ရှိတာ သဘာဝပါ။
အခုလက်ရှိအနေအထားအရ တော်လှန်ရေးမှာ လူထုတရပ်လုံး တက်ကြွစွာပါဝင်နေတယ်လို့ ယူဆလို့မရသေးပါ။လူထုက ဖိနှိပ်ခံအဆင့်မှာပဲရှိနေပါသေးတယ်။
ရွာလုံးကျွတ်မီးရှို့ခံရလို့ စစ်ပြေး စစ်ရှောင်ဖြစ်နေရတဲ့လူထုကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့ လက်နက်ကိုင်တပ်တွေ ဖွဲ့စည်းခဲ့ကြတာမှန်ပေမယ့် နောက်ပိုင်းမှာ လူထုကို ဒဏ်ပေးတာ၊ကြိမ်နဲ့ရိုက်တာ၊အခွန်ကောက်တာ၊လူထုရဲ့စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပင်တားမြစ်တာမျိုးတွေအထိ ရှိလာပါတယ်။မှိုမချိုး မျှစ်မချိုးရ ချိုးမိပါက သေဒဏ်အထိပေးလို့ရတဲ့ပုဒ်မတွေနဲ့ အရေးယူမယ်လို့ စာထုတ်မိတဲ့ ပကဖတွေ လူပြောသူပြောများလို့ ပြန်လည်ရုတ်သိမ်းသွားခဲ့ရတာ အားလုံးအသိပဲဖြစ်ပါတယ်။
ဆိုလိုတာက နယ်တိုင်းနယ်တိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေ အများအပြားရှိနေပြီး တူညီတဲ့ စံ၊ တူညီတဲ့ မူအောက်က သွားနေကြတာမဟုတ်ကြပါဘူး။ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ဆိုသလို ဗိုလ်၊ကျား၊သေနတ် ကိုယ်ကြိုက်တာ ကိုယ်လုပ်နေကြတာ ပြဿနာပါ။
ဗိုလ်ခြေတထောင်၊ကျားပေါင်းတသောင်း၊သေနတ်ပေါင်း တသိန်းလောက် ရှုပ်ထွေးပွေလီနေတဲ့ ဗမာ့တော်လှန်ရေးအခင်းအကျင်းဟာ ကိုယ်အသက်သွင်းထားတဲ့ ဖုတ်ကောင်ကို မနိုင်နင်းတော့တဲ့ ပယောဂဆရာလို ဇောချွေးပြန်စရာဖြစ်လာနေပါပြီ။
MOD အောက်မှာ COC တကယ်အသက်ဝင်ရဲ့လား
COC အသက်ဝင်ရဲ့လားလို့ မေးခွန်းမမေးခင် MOD အောက်မှာ စစ်တပ်တတပ်တည်းရှိတာရော ဟုတ်ရဲ့လားလို့ အရင်မေးရပါမယ်။
ခုလက်ရှိဖွဲ့ထားတဲ့တပ်တွေ တတပ်ချင်းစီတိုင်းက ကိုယ်ပိုင်စစ်ဦးစီးအဖွဲ့နဲ့ လှုပ်ရှားလည်ပတ်နေတာဖြစ်တယ်။အဖွဲ့ကြီးကြီးလည်း ကိုယ့်စစ်ဦးစီးနဲ့ကိုယ်၊ အဖွဲ့သေးသေးလည်း ကိုယ့်စစ်ဦးစီးနဲ့ကိုယ်။ဆင်လည်း ဆင့်အထွာနဲ့ ဆိတ်လည်း ဆိတ်အထွာနဲ့ပါ။
MOD နဲ့ မဆိုင်တဲ့တပ်တွေ ခဏထားလိုက်ဦး။ MOD အောက်မှာလည်း ဗိုလ်ခြေတထောင်ဖြစ်နေတာကို တွေ့ရပါတယ်။ တခုတည်းသော ဗဟိုအမိန့်စီးဆင်းမှုမရှိတာ မဆန်းပါ။
ဝန်ကြီး၊ဒုဝန်ကြီး၊အတွင်းဝန်စတဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ၊အရာရှိတွေရှိရုံနဲ့တင် တော်လှန်ရေးတပ်တွေကို ထိန်းချုပ်ဖို့ မလွယ်ကူပါ။စစ်သားဆိုတာ စစ်မိန့်နဲ့ အုပ်ရပါတယ်။အခုက စစ်မိန့်ပေးသူ ရာဂဏန်းမကတော့ တယောက်တပေါက်မဖြစ်အောင်ထိန်းဖို့ခက်တယ်။ညှိနှိုင်းကွပ်ကဲရေးလည်း အားနည်းတော့ စစ်ဆင်ရေးဖော်ဆောင်တဲ့နေရာမှာလည်း အခက်အခဲရှိပါတယ်။ကောလင်းတိုက်နေချိန်မှာ ချင်းတွင်းမြစ်အနောက်ခြမ်းက ငြိမ်နေရင် ငြိမ်နေမယ်။ကနီ ပုလဲဘက်နယ်မှာ တိုက်ပွဲဖြစ်ရင် ကန့်ဘလူ ရွှေဘိုဘက်က စစ်ကူပို့ပေးမှာ မဟုတ်ပါဘူး။
One Central Command မရှိတဲ့အကြောင်းအရင်းက နယ်မြေစုံမှာ တပ်တွေထောင်ပြီး၊ စစ်ဦးစီးမှုတွေယူထားကြလို့ဖြစ်သလို အဖွဲ့တဖွဲ့ချင်းစီရဲ့ အကျိုးစီးပွားတွေလည်း မညီကြလို့ဖြစ်ပါတယ်။တချို့က တော်လှန်ရေးအကျိုးစီးပွား ဦးစားပေးပြီး လွတ်မြောက်နယ်မြေရရေး တိုက်ပွဲဝင်နေကြတယ်။တချို့ကျတော့လည်း ရွှေလုပ်ကွက်တွေ၊ရေနံလျှံတွင်းတွေရရှိရေးလောက်သာ အာရုံစိုက်နေကြတယ်။
MOD အောက်မဝင်တဲ့အဖွဲ့အစည်းတွေလည်း ရှိနေကြပါတယ်။တကယ့်လက်တွေ့အခြေအနေကို သုံးသပ်ပြီး သူတို့မှာ ဘာအခက်အခဲရှိလို့လဲ၊ တကယ်တော်လှန်ရေးလုပ်နေတဲ့အဖွဲ့အစည်း ဟုတ် မဟုတ် ဆန်းစစ်လေ့လာရပါမယ်။တကယ်တော်လှန်ရေးစိတ်ဓာတ်နဲ့ ဖြတ်သန်းနေတဲ့အဖွဲ့အစည်းဆိုရင် စနစ်တကျချဥ်းကပ်ပြီး ဆွေးနွေးပါ။စစ်ရေးမဟာမိတ်အဆင့်ကို ကောင်းကောင်းတည်ဆောက်လို့ရပါလိမ့်မယ်။
ငါနဲ့မတူ ငါ့ရန်သူ သဘောထားမျိုးမွေးပြီး MOD အောက်ကအဖွဲ့မဟုတ်တိုင်း နှင်မယ်၊မောင်းထုတ်မယ်၊ငါ့နယ်ထဲမထားဘူး၊မူးယစ်ဆေးဝါးအဖွဲ့တွေလို တံဆိပ်ကပ်ပြီးတိုက်ခိုက်မယ်ဆိုရင် တော်လှန်ရေးမှာ ပိုပြီး အစိတ်စိတ်အမြွာမြွာ ကွဲသွားပါလိမ့်မယ်။ရန်သူအကြိုက်ဖြစ်သွားပါလိမ့်မယ်။
အဖွဲ့ပေါင်းစုံရဲ့ ဘေးထွက်ဆိုးကျိုး
အဖွဲ့တွေများတဲ့အခါ ပြည်သူလူထုက ပေးရတဲ့ အခွန်တွေများသလို လှုရတဲ့အလှုတွေလည်း များပါတယ်။ဒီသဘောတရားကြောင့် အားလုံးစုဖွဲ့နိုင်ရင် အကောင်းဆုံးပါပဲ။ဥပမာ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့၊ဖဆပလ စသဖြင့် တော်လှန်ရေးတပ်အားလုံး အကျုံးဝင်တဲ့ တပ်ပေါင်းစုပလက်ဖောင်းတခုတည်ဆောက်လိုက်ရင် ဒီပြဿနာ ယာယီပြေလည်သွားပါလိမ့်မယ်။
ရေရှည်ပြေလည်ဖို့ကတော့ ခေါင်းဆောင်လုပ်သူတွေရဲ့ အမျှော်အမြင်နဲ့ဆိုင်ပါတယ်။တပ်ပေါင်းစုအမည်ခံပြီး အလှုခံရတဲ့ ရန်ပုံငွေကို အဖွဲ့အစည်းအလိုက် အချိုးအစားမျှမျှတတဝေခြမ်းပေးဖို့လိုပါတယ်။ရေများရာ မိုးရွာ၊ မျက်နှာကြီးရာ ဟင်းဖတ်ပါလို့တော့ အဆင်မပြေပါ။
တပ်ပေါင်းစုထဲမပါသေးတဲ့အဖွဲ့တွေ ပါလာအောင်စည်းရုံးရေးလည်းမှန်ရပါမယ်။ကျနော် ကျမတို့ကလွဲရင် ကျန်တဲ့အဖွဲ့တွေကို အလှုရှင်တွေမပေးကြပါနဲ့လို့ သွားပိတ်ရင် လက်နက်ကိုင်အဖွဲ့အချင်းချင်း ပဋိပက္ခပိုများလာမှာဖြစ်သလို ရန်ပုံငွေမရှိတဲ့အဖွဲ့တွေက လုယက်ဓားပြတိုက်မှုတွေမလုပ်လာဘူးလို့ ပြောမရပါ။
ဘေးထွက်ဆိုးကျိုးများစေမယ့် ဗျုဟာတွေမချမှတ်မိစေဘဲ ဘေးထွက်ဆိုးကျိုးနဲ့ ပဋိပက္ခတွေ အနည်းဆုံးဖြစ်အောင် လျှော့ချဖို့ သဘောထားကြီးကြီးထားရပါမယ်။နိုင်ငံရေးအရ သဘောထားကြီးမှု ရှိရပါမယ်။
အလံတလက်ထဲလား၊ အလံပေါင်းစုံလား
တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးကို စုစည်းနိုင်ရင် အလံတလက်ထဲကိုင်နိုင်မယ်။မစုစည်းနိုင်ရင် အလံပေါင်းစုံထွက်လာမယ်။ဒီဟာက ရိုးရှင်းပါတယ်။
စုစည်းတဲ့အခါ ဘယ်လိုစုမလဲ။တောင်ကြီးဖဝါးအောက် သူပုန်ကြီးရင် NUG အောက်ရောက်ရမယ်ဆိုတဲ့အတွေးနဲ့တော့ စုစည်းရခက်ပါလိမ့်မယ်။
ဘုံရန်သူတိုက်ရေးဆိုတာ အကုန်လုံးလက်ခံပြီးသား ရည်မှန်းချက်ပါ။ဘုံရည်မှန်းချက်တော့ရှိတယ် ဒါပေမယ့် ဘုံလုပ်ငန်းစဥ်မရှိဘူး ပျောက်နေပါတယ်။ဒါကြောင့် နွေဦးတော်လှန်ရေးအတွက် အရေးတကြီးလိုအပ်နေတာ ဘုံလုပ်ငန်းစဥ်ဖော်ဆောင်ရေးဖြစ်ပါတယ်။လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ ဘုံလုပ်ငန်းစဥ်တူအောင်ညှိရမယ့်အပြင် တော်လှန်ရေးအင်အားစုအားလုံးနဲ့လည်း ဘုံလုပ်ငန်းစဥ်တူအောင် ညှိရေးဖြစ်တယ်။
တော်လှန်ရေးအင်အားစုအသီးသီးက အသက်ပေး သွေးချောင်းစီးတိုက်ပွဲတိုက်နေတုန်း စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ သဘောထားရှိပါတယ်လို့ စကားဦးသန်းတာမျိုးဟာ ဘုံလုပ်ငန်းစဥ်မရှိလို့ ဖြစ်တဲ့ပြဿနာပါ။
ဆွေးနွေးမယ် စကားပြောမယ်ဆိုတာ စစ်တပ်ကို ပြိုအောင်တိုက်နိုင်ပြီးမှ ပြောရမယ့်စကားမျိုးပါ။အာရက္ခတပ်တော်ရဲ့အနိုင်ရလာဒ်၊ညီနောင်မဟာမိတ်တွေရဲ့အနိုင်ရလာဒ်၊ချင်းညီနောင်ရဲ့အနိုင်ရလာဒ်၊ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့အနိုင်ရလာဒ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အနိုင်ရလာဒ်တွေမဟုတ်ပါဘူး။အလှု့လက်ဖက်နဲ့ မျက်နှာလုပ်ပြီး ငါတို့နိုင်နေပြီ ဒီအချက်တွေလက်ခံရင်တော့ စစ်အုပ်စုနဲ့ ဆွေးနွေးလို့ရတယ်ဆိုတဲ့ မောင်မင်းကြီးသားများ စဥ်းစဥ်းစားစားလုပ်စေချင်ပါတယ်။
ပထဝီမပိုင်ရင် စစ်မနိုင်သေးပါ။ပထဝီပိုင်အောင် ဗိုလ်ခြေတထောင်ကိုသာ နိုင်အောင်ထိန်းပါဦးလို့ အကြံပေးဆွေးနွေးတင်ပြလိုက်ရပါတယ်။
ကျော်ကိုကို