သုတေသန

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

လစဉ်အစီရင်ခံစာ (၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင်လှုပ်ရှားမှုများအား ဖက်ဒရယ်ဂျာနယ်-မြန်မာက လစဉ်လေ့လာပြုစု၍ ထုတ်ပြန် လျက်ရှိပါသည်။ ယခုစာတမ်းတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများနှင့် တော်လှန် ရေး ရဲဘော်များနှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ်ပျက်စီးမှု၊ အရပ်သား ပြည်သူများသေဆုံးမှုနှင့် တော်လှန်ရေးတပ်ပေါင်းစုများ၏ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်စခန်းများ ကို စုစည်းတင်ပြ ထားပါသည်။

အပိုင်း (၁)

ပြည်နယ်ဒေသများအတွင်း စစ်ရေးနှင့် လုံခြုံရေး နောက်ဆက်တွဲ အခြေအနေများ

(က) တိုက်ပွဲအတွင်း နှစ်ဘက် သေဆုံးမှုများ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု အကြိမ်ပေါင်း(၆၉)ကြိမ်ကျော်ရှိခဲ့ရာ မွန်ပြည်တွင်(၁၅)ကြိမ်၊ ကရင်နီပြည် တွင်(၁၄)ကြိမ်၊ ကချင်ပြည်၊ ရှမ်းပြည်၊ ကရင်ပြည်တွင် (၁၀) စီ နှင့် ရခိုင်ပြည်တွင် (၅) ကြိမ်၊ ချင်းပြည်တွင် (၅) ကြိမ်ခန့် အသီးသီး ဖြစ်ပွားကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။

ဖေဖော်ဝါရီလ တစ်လတာစစ်ပွဲအတွင်း သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ကချင်ပြည်တွင် (၆၀)ဦး၊ မွန်ပြည်တွင်(၅၂)ဦး၊ ကရင်နီပြည်တွင်(၄၅)ဦး၊ ကရင်ပြည်တွင်(၃၃)ဦး၊ ရှမ်းပြည်တွင်(၁၂)ဦးစသည်ဖြင့် စုစုပေါင်း (၂၀၂) ဦးခန့် နှင့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ ဘက်မှလည်း (၄၀) ဦးခန့် ကျဆုံးခဲ့ကြောင်း မှတ်တမ်း တင်နိုင်ခဲ့ပါသည်။

(ခ) တိုက်ပွဲဖြစ်ပွားမှု ဒေသများ

(၁) ကချင်ပြည်

ကချင်ပြည်နယ် ဗန်းမောက်မြို့နယ်၊ မိုးညှင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း အစပ်ဒေသများတွင် ကချင် လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်လျက် ရှိပါသည်။ KIA ပူးပေါင်းတပ်ဖွဲ့များသည် ဗန်းမော်မြို့သိမ်း တိုက်ပွဲတွင် အမှတ် ၆၀၀၇ သံချပ်ကာတပ်ရင်း၊ အမြောက်တပ် ၃၆၆၊ တင့်ကားတပ် ၅၀၁၄၊ လေယာဉ်ကွင်းတပ်၊ အမြောက်တပ် အမှတ် ၃၆၆ တပ်ရင်း နှင့် ခလရ ၂၃၆ တပ်ရင်း အသီးသီးကို သိမ်းပိုက်နိုင်ခဲ့ပါသည်။

(၂) ချင်းပြည်

ချင်းပြည်တွင် ချင်းညီနောင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့သည် ချင်းပြည် ဖလမ်း ဒေသတွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်လျက်ရှိပါသည်။  တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နေသည့် မင်းတပ်မြို့နယ်၊ ကန်ပက်လက် မြို့နယ် ဒေသအချို့တို့တွင် ဒေသတွင်း မြေမြှုပ်မိုင်းများ ရှင်းလင်းခြင်း များကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

(၃) ကရင်နီပြည်

ကရင်နီပြည်ဒေသတွင် KNDF၊ ကရင်နီဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ရှမ်း-ကရင်နီ နယ်စပ်ဒေသ၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်ဒေသများတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။ ကရင်နီပြည်တပ်မတော်-KA သည် ထိုင်း-ကရင်နီ နယ်စပ်ဒေသရှိ စစ်ကောင်စီပွိုင့် ၅၄၁၆ (စစ်ဆင်ရေးခြေကုပ်စခန်း) နှင့် တောင်ကတုံး စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပါသည်။

(၄) ကရင်ပြည်

ကရင်ပြည်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များသည် ကရင်ပြည်ကော့ကရိတ်ဒေသ၊ သံတောင်ကြီးဒေသ များတွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ညောင်လေးပင်ခရိုင် အတွင်းရှိ စစ်ကောင်စီတပ် ခမရ-၅၆၀ ဦးဆောင်သည့် နရွဲပင်ဂိတ်စခန်း အပါအဝင် ဂိတ်စခန်း ၂ ခုကို သိမ်းပိုက်ခဲ့ပါသည်။

(၅) မွန်ပြည်

မွန်ပြည်ဒေသတွင် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့(NMSP-AD)၊ မွန်ပြည်တော် လှန်ရေးတပ် (MSRF) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ဘီးလင်း မြို့နယ်အတွင်းရှိ မဲပလီဗျူဟာစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၂၇) စစ်ဗျူဟာ တပ်ရင်း၊ တပင်ရွှေထီးစစ်ကြောင်း၊ တပ်မဟာဒရုန်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ KNLA၊ PDF၊ BPLA၊ FFD ဒရုန်းအဖွဲ့၊ LDF၊ ပကဖ(ဘီးလင်း)နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က တစ်လအတွင်း အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

(၆) ရခိုင်ပြည်

ရခိုင်ပြည်တွင် အာရက္ခတပ်တော်(AA) သည်  ကျောက်ဖြူမြို့အခြေစိုက် အမှတ်(၃၂) ရဲတပ်ရင်းနဲ့ ဓည ဝတီရေတပ်စခန်း တို့ကို တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် ရခိုင်ပြည်နှင့် မကွေးတိုင်းနယ်စပ် ငဖဲမြို့နယ်အတွင်းရှိ နတ်ရေကန်ဗျူဟာစခန်းအပြင် ရိုးမပေါ်နှင့် ပဲခူးတိုင်းအစပ် ဒေသများတွင် ပြင်းထန်စွာ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါသည်။ အာရက္ခတပ်တော်(AA) သည် ဂုတ်စည်းရွာတာဝါတိုင်စခန်း(ခေါ်) မိုက်ခရိုဝေ့စခန်းကို ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။

(၇) ရှမ်းပြည်

ရှမ်းပြည်ဒေသတွင် နောင်ချိုမြို့နယ် ဒေသရှိ စစ်ကောင်စီ အမြောက်တပ်ရင်းဌာနချုပ်ကို တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသည်။  ရှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင်လည်း စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် တော်လှန်ရေး အင်အားစု များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားကြောင်း သိရှိရပါသည်။

အပိုင်း (၂)

အရပ်သားပြည်သူများအပေါ် တိုက်ပွဲ၏ အကျိုးအဆက်များ

(က) အရပ်သားပြည်သူ သေဆုံးမှု

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီ၏ လေကြောင်းတိုက် ခိုက်မှု၊ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းကြောင့်ထိခိုက်မှု၊ တိုက်ပွဲအတွင်း ပစ်ခတ်မှုများနှင့် သတ်ဖြတ်ခံရမှုများကြောင့် အရပ်သားပြည်သူ(၉၆)ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း မှတ်တမ်းတင်နိုင် ခဲ့သည်။ ထိုသေဆုံးမှုများမှာ ရှမ်းပြည်တွင်(၃၃)ဦး၊ ရခိုင်ပြည်တွင်(၂၉)ဦး၊ ကချင်ပြည်တွင်(၁၇)ဦး၊ ကရင်နီ ပြည်တွင် (၈) ဦး၊ ကရင်ပြည်တွင် (၅) ဦးနှင့် မွန်ပြည်တွင်(၄)ဦး စသည်ဖြင့် အသီးသီး မှတ်တမ်း တင်နိုင်ခဲ့သည်။

(ခ) အိုးအိမ် ပျက်စီးမှု

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တိုင်းရင်းသားဒေသအသီးသီးတွင် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်းလက်နက်ကြီး ထိခိုက်ခံရမှုတို့ကြောင့် အရပ်သားနေအိမ်(၂၃၉)ကျော်ပျက်စီးခဲ့ကြောင်း မှတ် တမ်းတင်နိုင်ခဲ့ပါသည်။ ကရင်နီပြည်တွင် နေအိမ်(၇၂)ကျော်နှင့် ကရင်ပြည်တွင်(၅၆)ကျော်၊ မွန်ပြည်တွင် (၃၀)ကျော်၊ ရခိုင်ပြည်တွင်(၂၉)ကျော်၊ ရှမ်းပြည်တွင် (၂၅) ကျော်၊ ကချင်ပြည်တွင်(၂၀)လုံးကျော်နှင့် ချင်းပြည်တွင် (၇) လုံးကျော် စသည်ဖြင့် ပျက်စီးမှုအခြေနေများကို တွေ့ရှိခဲ့ရပါသည်။  

ကိုးကားချက်များ

၁) လွတ်လပ်သော ပြည်တွင်း သတင်းမီဒီယာများနှင့် တိုင်းရင်းသားသတင်းမီဒီယာများ

၂) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများ

၃) ဖက်ဒရယ်ဂျာနယ်-မြန်မာမှ မေးမြန်းချက်၊ စုစည်းချက်များ

Related Articles

Back to top button