စကားဝိုင်း

၂၀၂၅ မှာ စစ်ကောင်စီကို ဖြိုချနိုင်ရေး ဘယ်လဲဘာလဲ

စကားဝိုင်းအနှစ်ချုပ်

၂၀၂၅ မှာ စစ်ကောင်စီကို ဖြိုချနိုင်ရေး ဘယ်လဲဘာလဲ (စကားဝိုင်းအနှစ်ချုပ်)

 

၁။ စစ်ကောင်စီက ဒီတော်လှန်ရေး ၄ နှစ်အတွင်းမှာ ဘယ်အရာတွေ က အားနည်းသွားပြီး၊ ဘယ်အရာတွေ အားသာနေသေးလဲ။ လက်ရှိအခြေအနေမှာ စစ်ကောင်စီရဲ့ အဓိက အားနည်းချက်ကရော ဘာဖြစ်နိုင်မလဲ။ စစ်ကောင်စီရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး တော်လှန်ရေးအောင်မြင်ဖို့ ဘာလုပ်လို့ ရနိုင်မလဲ။

နှင်းသက်မှူးခင် (Front line Ethics)

ဖြေ။ ။ စစ်ကောင်စီက အစဉ်အဆက်မှာ လက်နက်အင်အားသာတယ်။ ပြီးတော့ ကျန်တဲ့ အပိုင်းတွေမှာဆိုရင်လည်း အဆက်ဆက်က နိုင်ငံကို အုပ်ချုပ်လာတာဖြစ်တဲ့အတွက် အင်စတီကျူးရှင်းတွေ ခိုင်မာတယ်ဆိုတာလည်း အတိုင်းအတာ တစ်ခုအထိရှိတယ်။ ကျွန်မတို့ ဘယ်လောက်ပဲ CDM တွေလုပ်နေပါစေ၊ တရားစီရင်ရေးတို့၊ ငွေကြေး စီးဆင်းမှုတို့၊ ဝန်ကြီးဌာနတွေကိုလည်း သူတို့ ထိန်းချုပ်နိုင်သေးတယ်။

တစ်ဖက်မှာ NUGက ရှိတယ်ဆိုပေမယ့် NUG နဲ့ ယှဉ်ရင် ပြည်တွင်းထဲမှာ အုပ်ချုပ်နိုင်တာတွေရှိတယ်။ ဝါဒဖြန့်တဲ့ဆီမှာလည်း အတိုင်းအတာတစ်ခုအထိ သူတို့အားကောင်းနေသေးတယ်။ အားနည်းချက်ကတော့ Legistamacy ကတော့ အားနည်းတယ်။

ဒါကလည်း မေးခွန်းထုတ်စရာရှိပြန်တယ်။ ဘယ်လောက်အထိ အားနည်းလဲ။ အားမနည်းဘူးလဲဆိုတာကို။ နွေဦးတော်လှန်ရေးက တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကို မထိန်းချုပ်နိုင်သေးတာလည်း အားနည်း နေသေးတယ်။ စစ်တပ်အတွင်းထဲမှာလည်း တပ်ကိုစွန့်ခွာထွက်ပြေးလာတဲသူတွေကများတဲ့အတွက် သူတို့မှာ လည်း အားနည်းချက်တွေ တော်တော် မြင်တွေ့နေရပြီးဖြစ်ပါတယ်။

ရဲရင့်မောင် (Independent Researcher)

ဖြေ။ ။ တော်လှန်ရေး ၄ နှစ်ကျော်လာတဲ့ဆီမှာတော့ ၂ ဖက် စုဖွဲ့မှုတွေမှာ အနိုင်ရဖို့ အရေးကို အပြိုင် အဆိုင် ကြိုးပမ်းနေတာကိုတော့ မြင်ရတယ်။ စစ်ကောင်စီက ဘာတွေအားနည်းသွားလဲဆိုတော့ နံပါတ် အချက်အနေနဲ့ ပြည်သူလူထုထောက်ခံမှုကို‌ တော်တော်လေး အားနည်းသွားတယ်။ လူငယ်၊ ကျောင်းသားတွေ၊ CDM တွေစုဖွဲ့မှုက ပိုပြီးတော့မှ အားကောင်းနေသေးတယ်။ အခုချိန်အထိလည်းရှိနေသေးတယ်။

ပြည်သူလူထုကလည်း အခုချိန်အထိတောင့်ခံနိုင်သေးတယ်။ ဒါကလည်း စစ်ကောင်စီအတွက် အဓိက အားနည်း ချက်၊ ထိုးနှက်ချက်တွေဖြစ်တယ်။ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီးနောက်မှာ စကစရဲ့ ခြေကုတ် နယ်မြေတွေကို သိမ်းပိုက်လာနိုင်တာ ပိုပြီးတွေ့လာရတယ်။

တော်လှန်ရေး အားကောင်းလာမှုကြောင့် စကစ ရဲ့တပ်အင်အားပြုန်းတီးမှုကလည်း ပိုမိုများပြားလာတယ်။ စကစရဲ့ နိုင်ငံတကာမှာ တရားဝင်မှုက အားနည်းလာတာကို တွေ့မြင်လာရတယ်။ စကစရဲ့ အားနည်းမှုကို စီးပွားရေး အရကြည့်မယ်ဆိုရင်လည်း ငွေကြေးဖောင်းပွလာတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှုတွေ မရှိတော့တာ စီးပွားရေးအရ ဦးဆောင်နိုင်မှု၊ခေါင်းထောင်နိုင်မှုမရှိတော့တာ အားနည်းချက်အနေနဲ့ မြင်ရတယ်။

ဘာတွေ အားသာနေသေးလဲဆိုတော့ တိုက်ခိုက်မှုတွေ အားသာနေသေးတယ်။ သူတို့မှာ လေကြောင်းပစ်တွေနဲ့ တိုက်ခိုက်နိုင်သေးတယ်။ တော်လှန်ရေးစုဖွဲ့မှုတွေအနေနဲ့ဒါတွေကို မကာကွယ်နိုင်သေးဘူး။ စစ်မှုထမ်းဥပဒေတွေ ထွက်လာပြီး သူတို့ဘက်မှာစုဖွဲ့မှု အသစ်တွေလုပ်နေတာကြောင့် ကျွန်တော်တို့အနေနဲ့လည်း ဒီဟာတွေ အပေါ်ဟန့်တားနိုင်ဖို့ စုဖွဲ့မှု အသစ်တွေ လုပ်ဖို့ လိုအပ်ပါတယ်။

စကစ က အားနည်းလာတယ်ဆိုပေမဲ့ စစ်ရေးအရ အရေးပါတယ် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့လို မြို့ကြီးတွေကို ထိန်းချုပ်နိုင်သေးတယ်။ တော်လှန်ရေး ၄ နှစ်ကျော်အတွင်းမှာ ကျွန်တော်တို့ အချင်းချင်းကြားမှာ အနာဂတ်နိုင်ငံတော်ကို ဘယ်လို တည်ဆောက်မလဲ ဆိုတာ clear decision မဖြစ်နေသေးတာလည်း စကစ ကို အားသာစေတဲ့ အချက်တစ်ခုဖြစ်တယ်။

၂။ ၂၀၂၅ မှာ အားလုံးက နိုင်ငံရေး အပြောင်းအလဲ တစ်ခုဖြစ်လာဖို့ မျှော်လင့်ကြတယ်။ ဒီအပေါ်မှာ အပြောင်းအလဲ ဖြစ်နိုင်‌ချေက အမျိုးမျိုးရှိကြတယ်။ အဲ့ဒီထဲကမှ တော်လှန်ရေးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၂၀၀၈ ဖျက်သိမ်းရေး၊ စစ်အာဏာရှင်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးဆိုတဲ့ ရည်မှန်း ချက်ကို ရောက်ဖို့ ဘာတွေကို အဓိက ထားပြုလုပ်ရမယ်လို့ ထင်ပါသလဲ။

ဗိုလ်ကြီးကောင်းသူဝင်း (တပ် CDM)

ဖြေ။ ။ ၂၀၂၅ မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ဖို့ အဓိက မျှော်လင့်တာကတော့ ပြည်သူတွေပဲ ဖြစ်ပါလိမ့််မယ်။ ပြည်သူတွေအတွက်လည်း တကယ်လိုအပ်တဲ့ အပြောင်းအလဲကို ဒီ ၂၀၂၅ အတွင်း၊ ဒါမှမဟုတ် ဒီထပ်ကြာတဲ့  ကာလတစ်ခုမှာဖြစ်လာနိုင်ဖို့တော့လိုပါတယ်။ ဒီလိုအပြောင်းအလဲက စစ်ကောင်စီဘက်ကလည်း လိုချင်တာ ရှိတယ်။

ဒါကြောင့်သူတို့အနေနဲ့လည်း ရွေးကောက်ပွဲဆိုတာကိုလုပ်နေတာလည်းရှိတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း၊ အာစီယံ အသိုင်းအဝိုင်းမှာလည်း ၂၀၂၅ က နိုင်ငံရေးအပြောင်းအလဲဖြစ်လာနိုင်ဖို့ မျှော်လင့်ချက်ရှိတယ်။ ၂၀၀၈ ဖျက်သိမ်းရေး၊ စစ်အာဏာရှင်ပြုတ်ကျရေးတို့ဆိုတာကလည်း စစ်အာဏာရှင်ပြုတ်ကျရင် ၂၀၀၈ ခြေဥက သူ့အလိုလိုဖျက်သိမ်းပြီးသားဖြစ်ပါလိမ့်မယ်။

၂၀၀၈ ဖျက်သိမ်းရေး၊ စစ်အာဏာရှင်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးဆိုတာ တွေက စစ်အာဏာရှင်ပြုတ်ကျပြီးမှ လုပ်လို့ရမယ့်ကိစ္စတွေဖြစ်တယ်။ တချို့ကိစ္စတွေတော့ စစ်အာဏာရှင်ပြုတ်ကျပြီးမှ လုပ်နိုင်မယ့် အပိုင်းတွေဖြစ်သလို တချို့ကိစ္စတွေကိုတော့ အခုချိန်ကတည်းက ညှိနှိုင်းဆောင်ရွက်သွားဖို့လိုပါတယ်။

နှင်းသက်မှူးခင် (Front line Ethics)

ဖြေ။ ။ ၂၀၂၅ မှာနိုင်ငံရေး အပြောင်းအလဲဖြစ်ဖို့က ဖြစ်နိုင်ချေ ၃ ခုရှိတယ်။ တစ်ခုကတော့ ကျွန်မတို့ အကုန်နိုင်၊ သူတို့ အကုန်နိုင်၊ ဒါမှမဟုတ် တစ်ဝက်တစ်ပျက်ပေါ့။ လူထုက ဆန့်ကျင်တော်လှန်စိတ်က တအားများနေပြီးဖြစ်တဲ့ အတွက် သူတို့ အကုန်နိုင်ဆိုတဲ့ အခြေအနေကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ကိုယ်တွေ အကုန်နိုင်ဖို့ဆိုတာလည်း ၂၀၂၅ မှာစစ်ရေးအရလုံးဝထိန်းချုပ်နိုင်ဖို့ဆိုတာ ဖြစ်နိုင်လား၊ မဖြစ်နိုင်လား ဆိုတာလည်း စဉ်းစားစရာ အများကြီးရှိတယ်။ ဖြစ်နိုင်ချေအရှိဆုံးကတော့ သူတို့လည်း အဆုံးထိမနိုင်သေးဘူး။

ကိုယ်လည်း အဆုံးထိ မနိုင်သေးဘူး။ ဒါမှမဟုတ်လည်း တရုတ်ကပဲ ဖြစ်ဖြစ်၊ အိမ်နီးချင်း နိုင်ငံတစ်ခုကပဲ ဖြစ်ဖြစ်၊ ဝင်ပြီး ကြားဝင် ပွဲစားလုပ် ငြိမ်းချမ်းရေးယူခိုင်းတာတို့လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်လည်း သူတို့ထဲမှာပဲ တစ်ယောက်ယောက်ကပဲ အာဏာပြန်သိမ်းတာ၊ သူတို့အချင်းချင်း အာဏာပြန်လွဲတာလည်း ဖြစ်နိုင်တယ်။ NUG က တရားဝင်မှုပိုရလာလည်းဖြစ်နိုင်တယ်။ ဖြစ်နိုင်ချေအရှိဆုံးကတော့ ဘာမှ ပြောင်းလဲမှုမရှိပဲ ဒီတိုင်းပဲ ရှေ့ဆက် ပြီးတိုက်နေ တိုက်နေရင်း အဆုံးအနိုင်မပေါ်ပဲ ဖြစ်ဖို့လည်းများပါတယ်။

၃။ စစ်ကောင်စီကို စစ်ရေးအရဖိအားပေးဖို့ဆိုရင် ဘာတွေပြင်ဆင်သင့်လဲ။ ဘယ်လိုနေရာတွေမှာ အဓိကထား ဖိအားပေးဆောင်ရွက်သင့်လဲ။ ရှေ့က တော်လှန်ရေး ၄ နှစ်အတွင်းမှာလည်း မြို့နယ် ၁၄၄ မြို့နယ်ကို သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတော့ ဒီတစ်နှစ်ထဲနဲ့ရော ကျန်တဲ့ မြို့နယ် အားလုံးကို သိမ်းပိုက်နိုင်မယ့် စစ်ဆင်ရေး တွေ ဖော်ဆောင်နိုင်မလား။

ရဲရင့်မောင် (Independent Researcher)

ဖြေ။ ။ စစ်ရေးအရ ဖိအားပေးဖို့ဆိုရင် ကျွန်တော်တို့ကိုယ်တိုင် စစ်အင်အားကို ကောင်းမွန်လာအောင် လုပ်ဖို့ လိုတယ်။ စစ်ရေးအရ အားကောင်းဖို့ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့ တွေ များလာဖို့တစ်ခုတည်းမရဘူး။ ရှိနေပြီးသား လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ကလည်း ပြည်သူတွေကို အကျိုးပြုမယ့် လက်နက်ကိုင်စုဖွဲ့မှုတွေ ဖြစ်ဖို့လိုတယ်။

ထက်ပြီးစုဖွဲ့မှုတွေလုပ်မယ်ဆိုရင်တောင် ပြည်သူတွေဖိနှိပ်တဲ့စုဖွဲ့မှုမျိုးတွေဖြစ်လာရင်တော့ ကျွန်တော်တို့ လက်သင့် မခံနိုင်ပါဘူး။ ပြည်သူတွေကို ကာကွယ်ပေးပြီးတော့မှ ကျင့်ဝတ်တွေကို လိုက်နာရမယ့် စုဖွဲ့မှုတွေ ဖြစ်ဖို့လိုတယ်။ တော်လှန်ရေးကို အမြန်ပြီးပြတ်စေချင်တယ်ဆိုရင်တော့ ကျွန်တော်တို့က စုပေါင်းမှုလုပ်ဖို့ကို လိုပါ တယ်။ စုပေါင်းမှုလုပ်တဲ့အခါမှာလည်း ခေါင်းဆောင်တဲ့သူတွေက နောက်လိုက်မယ့်။

ရဲဘော်ရဲဘက်တွေရဲ့ လေးစားလောက်မယ့် စံပြဖြစ်လောက်မယ့် သူမျိုးဖြစ်ဖို့အတွက်တော့လိုတယ်။ ကျွန်တော် တို့က စစ်ရေးနဲ့ နိုင်ငံရေးကို တွဲလုပ်ရမယ့် အချိန်ဖြစ်တယ်။ စစ်ရေးကို ဦးစားပေးလွန်းရင်လည်း နောက်ထပ် အာဏာရှင်တွေကို ထပ်ပြီးတော့မှ မွေးထုတ်လိုက်သလို ဖြစ်သွားနိုင်တဲ့ အတွက် စစ်ရေးကို ဦးစားပေးဖို့လိုသလို တပြိုင်နက် နိုင်ငံရေးကို လည်း ဦးစားပေးလုပ်ဖို့လိုတယ်။ နောက်တစ်ချက် မြို့နယ်တွေကို သိမ်းပိုက်နို င်တယ်ဆိုတာကလည်း ဘယ်လို အုပ်ချုပ်ရေးနဲ့လည်ပတ်နေလည်းဆိုတာကို ချပြဖို့လိုတယ်။ NUG၊ တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တွေနေနဲ့ရော၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ရော ပြည်သူတွေကို ဘယ်လို ကာကွယ်ပေးမလဲဆိုတာကို ပြောပြဖို့လိုအပ်တယ်။

ဗိုလ်ကြီးကောင်းသူဝင်း (တပ် CDM)

ဖြေ။ ။ စစ်တိုက်ဖို့ ပထမဆုံးလိုအပ်တာက ငွေပေါ့။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေမှာဖြစ်ဖြစ်၊ တော်လှန်ရေးတပ်ဖွဲ့တွေမှာဖြစ်ဖြစ် ငွေရေးကြေးရေးပိုင်းမှာ စကစကို မယှဉ်နိုင်သေးဘူး။ စစ်တိုက်တဲ့ အခါမှာ လက်နက်ခဲယမ်းရှိနေမှ တိုက်ပွဲတွေတိုက်နိုင်မယ်။ လက်နက်ခဲယမ်းရှိနေမှ သိမ်းပိုက်ပြီးသားမြို့တွေကို ထိန်းချုပ် နိုင်မယ်။ စကစ ရဲ့ ထိုးစစ်ဆင်တဲ့ အခြေအနေကို ပြန်လည်ခုခံနိုင်ဖို့လည်း လက်နက်ခဲယမ်းလိုတယ်။ စကစကို ဖိအားပေးဖို့ဆိုရင် ဒီလို လမ်းကြောင်းတွေမှာ စကစကို ငွေရရှိနိုင်တဲ့ လမ်းကြောင်းတွေ၊ လက်နက်ခဲယမ်းရရှိနေတဲ့ အပိုင်းတွေ၊ ရိက္ခာရရှိနေတဲ့ အပိုင်းတွေကိုလည်း ဖြတ်တောက်ဖို့လိုတယ်။

စကစ ကို ပြန်တိုက်မယ်ဆို အခြေခိုင်မာပြီးသားတပ်ကိုပြန်တိုက်တဲ့ အခါမှာ စစ်တပ်လိုပဲပြန်တိုက်လို့ အဆင်ပြေ တယ်။ စစ်ကောင်စီရဲ့ လေတပ်ကိုလည်း တိုက်ခိုက်ဖျက်စီးနိုင်ဖို့လိုအပ်တယ်။ လေတပ်လိုပဲဖြစ်ဖြစ် ခြေလျှင် တပ်လိုပဲ ဖြစ်ဖြစ် အနောက်က အင်အားဖြည့်ပေးနေတဲ့ ကပစ လိုမျိုးတွေကိုလည်း တိုက်ခိုက်ဖိအား ပေးနိုင်ဖို့ လိုအပ်တယ်။

၄။ စစ်ကောင်စီ ပြုတ်ကျရေးအတွက် စစ်ရေးအပြင် နိုင်ငံရေး အရ ဖိအားပေးမယ်ဆိုရင်ရော အခု အခြေအနေမှာ ဘာတွေပြုလုပ်လို့ရနိုင်မလဲ။ ဒီပြုလုပ်မှုတွေကရော စစ်ကောင်စီအတွက် ဘယ် လောက်အထိ ဖိအားဖြစ်နိုင်မလဲ။

နှင်းသက်မှူးခင် (Front line Ethics)

ဖြေ။ ။ ကျွန်မတို့ အဓိကကတော့ သူတို့ကို သံတမန်ရေးရာကနေ ဖယ်ထုတ်ထားတာမျိုးလုပ်နိုင်ဖို့လိုတယ်။ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီနဲ့ လုံးဝမပတ်သက်ရေးကိုလုပ်ဖို့လိုတယ်။ ဒီလိုလုပ်ဖို့ဆိုတာကလည်း နိုင်ငံတကာအနေနဲ့ နိုင်မြင်းကို ရွေးလောင်းတာဖြစ်တဲ့သဘောဖြစ်တယ်။ အဲ့လိုဆိုတော့ နိုင်ငံတကာက ကိုယ့်ဘက်ပါလာဖို့ဆိုရင် ကိုယ်က နိုင်မြင်းဖြစ်ဖို့လိုအပ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ကျွန်မတို့ကြိုးစားရမှာ အာစီယံပေါ့။

အာစီယံက စစ်ကောင်စီကို လုံးဝမခေါ်မပြောပဲ ဖယ်လိုက်ပြီးဆို တော်တော်လေး အားလျော့သွားသေချာတယ်။ တရုတ်နဲ့ ရုရှားကတော့သိတဲ့ အတိုင်းပဲ စစ်ကောင်စီရဲ့ သူငယ်ချင်းကောင်းလိုဖြစ်နေတာ။ သူတို့နှစ်ယောက်ရဲ့ အားမရှိတော့ဘူးဆိုရင် စစ်ကောင်စီက တော်တော်လေး အားလျော့ လာလိမ့်မယ်။ သူတို့ကို စစ်ရေး အရ ထောက်ပံ့နေတဲ့ လက်နက်တွေရောင်းနေတဲ့ နိုင်ငံတွေကို ကျွန်မတို့က တတ်နိုင်သမျှ ဖိအားတွေပေးပြီးတော့ လက်နက်မရောင်းဖို့ သူတို့ အကျိုးစီးပွားတွေကို ပိတ်ပစ်ဖို့ ပြောဖို့လိုတယ်။

စစ်ကောင်စီရဲ့ တောက်လျှောက် ကြူးလွန်လာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်တဲ့ပစ်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် နိုင်ငံတကာ ခုံရုံးဖြစ်တဲ့ ICC၊ ICJ တို့မှာ စစ်ကောင်စီက ဒါတွေကို ကျူးလွန်ခဲ့တယ်ဆိုတာ အများကြီးပြောဖို့လိုပါတယ်။ ဒါအပြင့် တပြိုင်နက်တည်းမှာ NUG ကိုလည်း အားကောင်းအောင်လုပ်ဖို့လိုတယ်။

ရဲရင့်မောင် (Independent Researcher)

ဖြေ။ ။ လက်ရှိအခြေအနေမှာ နိုင်ငံတကာ ထောက်ခံမှုရဖို့ကို စကစ ဘက်ကရော တော်လှန်ရေးဘက်က ပါ အပြိုင်အဆိုင်လုပ်နေရတဲ့ အနေအထားမှာဖြစ်တယ်။ နိုင်ငံတကာရဲ့ ထောက်ခံမှုလို့ပြောလိုက်ရင် အိမ်နီးချင်း နိုင်ငံတွေရဲ့ ထောက်ခံမှုကလည်း အန်မတန် အရေးကြီးပါတယ်။

အာစီယံနိုင်ငံတွေရဲ့ထောက်ခံမှုကိုပိုလိုတယ်။ အာစီယံနိုင်ငံတွေကလည်း ဗဟိုချုပ်ကိုင်မှုအားကြီးတော့ သူတို့ဆီက ထောက်ခံမှုရဖို့ကတော့စိန်ခေါ်မှုတစ်ခုဖြစ်တယ်။ NUG အစိုးရအနေနဲ့ ဥရောပနဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်ခံ မှုရဖို့ကို ကြိုးစားကြတာတွေ့ရတယ်။ ကျွန်တော်တို့ မေ့ထားလို့မရတာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တယ်။ အထူးသဖြင့် ထိုင်း၊ အိန္ဒိယ၊ တရုတ်တို့လို နိုင်ငံမျိုးတို့ကကျွန်တော့်တို့ အတွက် Key Holder တွေဖြစ်တယ်။ သူတို့ကို ပြည်သူကနေပြည်သူ၊ နိုင်ငံရေးစုဖွဲ့မှုကနေ နိုင်ငံရေးစုဖွဲ့မှု၊ အစိုးရကနေ အစိုးရ၊ အလွှာအသီးသီးကြားမှာ ချိတ်ဆက်မှု လုပ်ဖို့ လိုတယ်။

ဘာကြောင့်မို့ သူတို့တွေအနေနဲ့ တော်လှန်ရေးတစ်ခုမှာ ပါဝင်ပေးဖို့ ထောက်ခံပေးဖို့ လိုအပ်လဲဆိုရင် ပုံစံအမျိုးမျိုးနဲ့ အတူညီတဲ့ နိုင်ငံတွေအကြားမှာ ညှိနှိုင်းဖို့ လိုအပ်နေတဲ့ အတွက်ဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ထောက်ခံမှုရမှ ကျွန်တော်တို့တွေက တော်လှန်ရေးကိုရှေ့ဆက်လို့ရမှာ။ အိမ်နီးချင်းနိုင်ငံတွေကလည်း စကစကို ပိုယိမ်းလာတာ၊ စကစကိုပိုထောက်ခံလာတာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ရပ်တည်ရတဲ့ အခြေအနေမှာ အများကြီး အခက်အခဲတွေနဲ့ တွေ့လာရတယ်။

၅။ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ရော စစ်ကောင်စီကို ဘယ်လို ဖိအားပေးနေတာရှိလဲ။ ဘယ်အဖွဲ့တွေက ဒီ ၂၀၂၅ မှာ စစ်ကောင်စီ လုံးဝ ပြုတ်ကျသွားဖို့ဆိုရင် ဘယ်လိုမျိုး ဖိအားတွေ ထပ်ပေးဖို့ အရှိန်မြင့်တင်သင့်လဲ။

ဗိုလ်ကြီးကောင်းသူဝင်း (တပ် CDM)

ဖြေ။ ။ တိုင်းရင်းသားတော်လှန်ရေးဒေသတွေမှာတော့ စစ်ကောင်စီကို ပိုမိုထိရောက်တဲ့ တော်လှန်မှုတွေ လုပ်နေတာကို တွေ့ရပါတယ်။ သို့ပေမဲ့ စစ်ကောင်စီရဲ့ အရေးကြီးတဲ့ ကပစ လိုဟာမျိုးတွေက ပြည်မထဲမှာပဲ ရှိနေသေးတယ်။

တိုင်းရင်းသားတွေအနေနဲ့ကတော့ သူတို့ရဲ့ ဒေသအတွင်းမှာရှိတဲ့ နယ်မြေတွေကို ပြန်လည် တိုက်ခိုက် သိမ်းပိုက် နိုင်တာရှိတယ်။ စစ်ကောင်စီနဲ့ မဟာမိတ်ဖြစ်နေတဲ့ ရှမ်းနီတို့လို အဖွဲ့တွေ PNO ZRA BGF တို့လို အဖွဲ့တွေလည်း ရှိတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေမှာ သူတို့ကို စစ်ရေးအရ တိုက်ခိုက်နေတာရှိသလို စစ်ရေးအရ ကူညီပေးနေတာတွေလည်းရှိတယ်။ ဒီလို အဖွဲ့တွေကလည်း စစ်ကောင်စီကို စွန့်ခွာဖို့ အရေးကြီးတယ်။ စစ်ကောင်စီကို စွန့်ခွာဖို့ အရေးကြီးတယ်ဆိုတာကလည်း ဒေသတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သူတို့က ညှိနှိုင်းဆွေးနွေးပြီး ဘယ်ဘက်မှ မပါရင်တောင် စစ်ကောင်စီဘက်က မတိုက်ခိုက်တာမျိုးလုပ်ဖို့လိုတယ်။ သူတို့ရဲ့ တိုက်ခိုက်မှုတွေက တော်လှန်ရေးအတွက် အနောက်အယှက်အဟန့်အတားများစွာဖြစ်လာတယ်။ ၂၀၂၅ မှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို အဓိကထားတိုက်ခိုက်ရမှာက လေတပ်နဲ့ ကပစ တို့ပဲဖြစ်တယ်။

နှင်းသက်မှူးခင် (Frontline Ethics)

ဖြေ။ ။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက ဟို့အရင်ကတည်းကလည်း တောက်လျှောက်ဆန့်ကျင်ခဲ့တာ အများကြီးကြီးရှိတယ်။ operation 1,2,3 လိုဟာမျိုးဆိုရင် အရမ်းကို အောင်မြင်မှုကိုရခဲ့တယ်။ တဖြည်းဖြည်းနဲ့ လည်း စစ်တပ်က အားနည်းလာတာကို မြင်ရတယ်။ တစ်ဖက်မှာလည်း မြို့ပြအဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေလည်း ရှိနေတယ်။

တော်လှန်ရေးအဖွဲ့တွေလို့ ပြောလိုက်တဲ့အခါမှာ လက်နက်ကိုင်တပ်ဖွဲ့တွေအပြင် ထောက်ပို့လုပ်နေတဲ့ အဖွဲ့တွေ၊ လူသားချင်းစာနာမှုလုပ်နေတဲ့ အဖွဲ့တွေကိုလည်း High Light ထားပြီးပြောချင်ပါတယ်။ စစ်ရေးအရဆိုရင် နိုင်ငံတကာက ထောက်ပံ့နိုင်တာမရှိဘူး။ ဒါပေမဲ့ တခြားစစ်ဆင်ရေးနဲ့ မဆိုင်တဲ့ ဟာတွေဆို ထောက်ပံ့လို့ရတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အထားတွေကို ယူလို့ရတယ်။

၆။ ၂၀၂၅ မှာ စစ်ကောင်စီကို ပြုတ်ကျတဲ့အထိ ဖိအားမပေးနိုင်လို့ ရွေးကောက်ပွဲလုပ်နိုင်ခဲ့ရင် ဒီတော်လှန် ရေးရဲ့အခြေအနေက ဘယ်လိုဖြစ်သွားနိုင်မလဲ။ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရကို နိုင်ငံတကာ က အသိအမှတ်ပြုသလို ရွေးကောက်ပွဲလုပ်ပြီးမှ ဆွေးနွေးပွဲတွေလုပ်လာခဲ့ရင် မြန်မာ့နိုင်ငံရေး ဘယ်လို အခြေအနေကို ဦးတည်သွားနိုင်လဲ။

ရဲရင့်မောင် (Independent Researcher)

ဖြေ။ ။ စကစကို ကျွန်တော်တို့အနေနဲ့က ဒီမိုကရေစီနည်းကျရွေးကောက်တင်မြောက်ထားတဲ့ အစိုးရကိုဖြုတ်ချပြီး အာဏာရှင်ဆန်စွာအုပ်ချုပ်နေတဲ့ လူတစ်စုလို့မြင်တယ်။ ဒါပေမဲ့ စကစ ကလည်း သူတို့ ရွေးကောက်ပွဲ တစ်ခုလုပ်နိုင်ဖို့အတွက် ကြိုးစားနေတာ သူတို့ကိုထောက်ခံတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့တွေ့တာ။ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တွေ့တာတွေ လုပ်နေကြတယ်။

၂၀၂၅ မှာ သူတို့ရွေးကောက်ပွဲလုပ်မယ်ဆိုတာ ကျွန်တော်တို့တွေ ဆက်တိုက်ကြားနေရတယ်။ ရွေးကောက်ပွဲ တစ်ရပ်ကို သူတို့တွေလုပ်နိုင်မလားဆိုတော့ လုပ်နိုင်ပါတယ်။ တိုင်းရင်းသားအင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေရဲ့ထိန်းချုပ်နယ်မြေမှာဆိုရင်တော့ လုံးဝဖြစ်မှာ မဟုတ်ဘူး။ အဲ့ရွေးကောက်ပွဲဖြစ်လာရင်တော့ စကစကိုထောက်ခံနေတဲ့ နိုင်ငံတချို့ရှိတယ်။ အဲ့ဒီနိုင်ငံတွေကနေ ဒီအစိုးရက ရွေးကောက်ပွဲက နေ တက်လာတဲ့အစိုးရဖြစ်တယ်ဆိုပြီး ထောက်ခံနိုင်တယ့် အကြောင်းပြချက်တစ်ခု ဖြစ်လာနိုင်တယ်လို့ မြင်တယ်။ ဒီရွေးကောက်ပွဲက အားလုံးပါဝင်တဲ့ ရွေးကောက်ပွမဟုတ်ဘူးဆိုတာ နိုင်ငံတကာကနေ မြင်အောင်ပြောဖို့လိုတယ်။ ဒီရွေးကောက်ပွဲကို နိုင်ငံတကာနေ စောင့်ကြည့် လို့ရအောင် လုပ်ဖို့လည်းလိုတယ်။

ဘယ်လိုပဲပြောပြောဒီကစားပွဲက တစ်ဖက်ကနေ ကျွန်တော်တို့ကို အကြပ်အတည်းထဲ ရောက်သွား အောင်လုပ် နိုင်တယ်လို့ မြင်တယ်။ ဒီရွေးကောက်ပွဲကို တားစီးတဲ့ အခါမှာ ကျွန်တော်တို့က နိုင်ငံရေးအားဖြင့် တားဆီးရမယ်။ စစ်ရေးအားဖြင့် တားဆီးလို့ မရဘူး။ စစ်ရေးအရ ပစ်မှတ်ထားပြီးတိုက်ခိုက်လို့ မရဘူး။

ဗိုလ်ကြီးကောင်းသူဝင်း (တပ် CDM)

ဖြေ။ ။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်က သူတို့အနေနဲ့ မဖြစ်ဖြစ်အောင်လုပ်ဖို့ ရှိတယ်။ သူတို့အနေနဲ့ နိုင်ငံတကာအသိအမှတ်ပြုအောင်လုပ်ဖို့ မဖြစ်မနေလိုအပ်နေတယ်။ သူတို့ရွေးကောက်ပွဲလုပ်တဲ့ ဆီမှာလည်း ဘယ်လောက်အထိ ထိန်းချုပ်နိုင်မလဲ။ သူတို့ ထိန်းချုပ်တဲ့ နေပြည်တော်နဲ့ ရန်ကုန်ကွက်ပြီးကျန်ရင်လည်း အဲ့ဒီမှာလုပ်ကြမှာပါ။

ဒီလုပ်ဖို့ကိုလည်း သူတို့ကရင်းကြလိမ့်မယ်။ ရင်းတယ်ဆိုတာကလည်း မဲပေးတဲ့စာရင်းတွေကောက်တာတွေလုပ်တဲ့ အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ လဝက တွေနဲ့ မဲစာရင်းကောက်ရင်လည်း အဲ့လူတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက အကြမ်းဖက်တဲ့နည်းနဲ့ တုန့်ပြန်ခဲ့ရင်လည်း လက်နက်မကိုင်တဲ့သူတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက လုပ်တယ်ဆိုပြီးတော့ အကြောင်းပြချက်ကောင်းတဲ့ ခေါင်းစဉ်တွေလည်း ရကောင်းရလာလိမ့်မယ်။

၇။ ၂၀၂၅ မှာ စစ်ကောင်စီကိုသာ ပြုတ်ကျတဲ့ အထိ မဖြိုချနိုင်ဘူးဆိုရင် မြန်မာနိုင်ငံရဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး အလားအလာက ဘယ်လို ဖြစ်လာနိုင်မလဲ။

နှင်းသက်မှူးခင် (Front line Ethics)

ဖြေ။ ။ ကျွန်မရှေ့မှာ ပြောခဲ့သလိုပဲ တစ်ဝက်တစ်ပျက်နိုင်ဖို့သာဖြစ်နိုင်တယ်ပေါ့။ အဲ့ထဲမှာ ဖက်ဒရယ် လစ်ဇင်ဘက်က ကြည့်မယ်ဆိုရင် နယ်မြေရထားတဲ့ နေရာတွေမှာ သူတို့ဘာသာ သူတို့ ဖက်ဒရယ်ကို တစ်နည်း မဟုတ် တစ်နည်း တည်ဆောက်နေတာကို တွေ့ရမှာပါ။ ကိုယ့်နေရာလေးတွေကိုယ်နိုင်ပြီး နယ်မြေစိုးမိုးမှုရပြီး အဲ့နေရာတွေ ကနေမှ သာ အုပ်ချုပ်မှုတွေရလာတာတွေဖြစ်လာနိုင်တယ်။ အဲ့ဒါဆိုရင်တော့ အပိုင်းပိုင်းတော့ ဖြစ်နေမှာ။ ရခိုင်လည်း ရခိုင်အလျောက် ကရင်နီလည်း ကရင်နီအလျောက်သူ့အပိုင်းလိုက်ဖြစ်နေနိုင်တယ်။ နောက်တစ်ခုကလည်း တစ်ဖက်ဖက်ကနေ ကြားဝင်ပြီးတော့စေ့စပ် ညှိနှိုင်းလိုက်လို့ ဖက်ဒရယ်လစ်ဇင်ဖြစ်သွားတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲ့လို ဖက်ဒရယ်လစ်ဇင်ဖြစ်မယ်ဆိုရင်တော့ အစစ်အမှန်ဖြစ်နိုင်မှုက နည်းလိမ့်မယ်။

ရဲရင့်မောင် (Independent Researcher)

ဖြေ။ ။ စစ်ကောင်စီ ပြိုကျခြင်း မပြိုကျခြင်းက ကျွန်တော့် မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်အလားလာကို သက်ရောက်မှုအများကြီးရှိပါတယ်။ အကယ်၍ စစ်ကောင်စီကို ၂၀၂၅ မှာ မဖြိုချနိုင်ဘူးဆိုရင် ပြောင်းလဲ သွားနိုင်ချေကတော့ အန်မတန် နည်းပါတယ်။ ၂၀၂၅ မှာ ပြတ်သွားနိုင်ဖို့ဆိုတာက အားလုံးက စုစုစည်းစည်းနဲ့ လုပ်ဖို့ အန်မတန်လိုအပ်တဲ့အရာဖြစ်တယ်။ မဖြစ်နိုင်ဘူးဆိုတော့ မရှိပါဘူး။ ကျွန်တော်တို့ အားလုံးစုစည်းမယ်။

ကျွန်တော်တို့ အားလုံး အားစိုက်ကြမယ်ဆိုရင် ဖြစ်နိုင်တယ်။ ကျွန်တော့် လက်ရှိမှာ အစိတ်အပိုင်းလေးတွေက တစ်ခုချင်းစီကွဲနေတယ်။ ဒီကွဲနေတဲ့ စီမှာ စိုးမိုးနယ်မြေတွေက အုပ်ချုပ်ရေး ယန္တရားတွေဖော်ဆောင်နိုင်ဖို့၊ local government တွေဖော်ဆောင်နိုင်ဖို့ကိုပဲ သူတို့တွေက လုပ်ကြတယ်။ ကျွန်တော်တို့ ဒီကာလမှာတွေ့ရတာ ဖက်ဒရယ်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံချင်းက တစ်နေရာနဲ့ တစ်နေရာ၊ ခေါင်းဆောင်တစ်ယောက်နဲ့ တစ်ယောက် ကြားမှာ မတူနေကြတာရှိတယ်။

ဖက်ဒရယ်လို့ပြောလိုက်ရင် အနာဂတ်မှာ ဘယ်လို ဖက်ဒရယ်နိုင်ငံကို တည်ထောင်မလဲ ဆိုတာ တိုင်းရင်းသား တွေရော၊ NUG ကိုယ်တိုင်ရောက ပြည်သူတွေကို ရှင်းရှင်းလင်းလင်းရှင်းပြဖို့ လိုတယ်။ ၂၀၂၅ မှာတော်လှန်ရေးက မပြီးဘူး၊ တိုင်းရင်းသားစုဖွဲ့မှုတွေက အားကောင်းလာပြီး ကိုယ့် ပြည်နယ်ရဲ့ အရေးကိုသာ ပိုမို အလေးထား လာမယ်ဆိုရင် ဖက်ဒရယ်ဆိုတာထက် ကွန်ဖဒရေးရှင်းဆိုတဲ့ ဘက်ကိုပိုသွားဖို့ များပါလိမ့်မယ်။

ဗိုလ်ကြီးကောင်းသူဝင်း (တပ် CDM)

ဖြေ။ ။ စကစ ဘက်ကလည်း ရွေးကောက်ပွဲလုပ်လာမယ့် ဖက်ဒရယ်ပုံစံတစ်ခုရှိနိုင်ပြီး တော်လှန်ရေးဘက်ကလည်း သူတို့ သက်ဆိုင်ရာ လူမျိုးစုတွေအနေနဲ့ ရေးဆွဲထားတဲ့ ပုံစံတွေရှိမယ်။ အဲ့လိုမျိုးတစ်ဖက်နဲ့တစ်ဖက်ရှိနေချိန်မှာ တစ်ဖက်နဲ့ တစ်ဖက်က တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေမယ်။ စစ်ကောင်စီနဲ့ တော်လှန်ရေး တပ်ဖွဲ့တိုက်ပွဲဖြစ်နေတဲ့ ကြားမှာ ညှိနှိုင်းစေ့စပ်တာတွေလည်းပေါ်လာနိုင်တယ်။

ဒီလို ညှိနှိုင်းမှုတွေကလည်း တော်လှန်ရေးဘက်က နယ်မြေတွေသိမ်းထားနိုင်ပြီး စကစ ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာကြောင့် ပြည်သူတွေ ထိခိုက်မှုနည်းအောင် ဆောင်ရွက်တာတွေလည်း ဖြစ်နိုင်တယ်။ အဲ့လိုဆိုရင် ကွန်ဖတ်ဒရိတ်ဖြစ်လာနိုင်ချေ ပိုများပါတယ်။ အဲ့ဒီအတွက်လည်း နယ်မြေရနိုင် သလောက် ရအောင် တိုက်ယူနေတာလည်း တွေ့ရတယ်။

Related Articles

Back to top button