
နှစ်ဖွဲ့ကွဲနေတဲ့ ချင်းကောင်စီတွေ ပေါင်းစည်းလိုက်တာဟာ ချင်းပြည် စည်းလုံးခြင်းရဲ့ ခြေလှမ်းအစလို့ ပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
မတ် ၁၊ ၂၀၂၅
နှစ်ဖွဲ့ကွဲနေတဲ့ ချင်းကောင်စီတွေ “ချင်းအမျိုးသားကောင်စီ ” တစ်ခုတည်းအဖြစ် ဖွဲ့စည်းဖို့ ဖေဖော်ဝါရီလ ၂၆ရက်မှာ သဘောတူညီမှု ရရှိခဲ့တာဟာ ချင်းပြည် စည်းလုံးခြင်းရဲ့ ခြေလှမ်းအစဖြစ်တယ်လို့ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)အဖွဲ့ဝင်၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) ဒုဥက္ကဌ၊ ဆလိုင်းပီတာထန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ရက်က ချင်းပြည်နယ်ကောင်စီ ၂ခုဖြစ်တဲ့ ချင်းပြည် (Chinland) ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့အကြား ပူးပေါင်းစုစည်းကာ “ချင်းအမျိုးသားကောင်စီ ” တစ်ခုတည်းအဖြစ် ဖွဲ့စည်းဖို့ သဘောတူညီဖို့ ရရှိခဲ့တယ်လို့ဆိုကာ ချင်းအမျိုးသားညီညွတ်ရေး သဘောတူညီချက်ဆိုတဲ့ ထုတ်ပြန်ချက်တရပ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
“ချင်းပြည်စည်းလုံးခြင်းရဲ့ ခြေလှမ်းအစလို့ မှတ်ယူပါတယ်။ third party (တတိယအဖွဲ့အစည်း)ရဲ့ စေ့စပ်ပေးမှုနဲ့ ဆွေးနွေး ဖြစ်ခဲ့ကြတာပါ။ ဆိုတော့ ဆွေးနွေးမှုကနေ နှစ်ဖက်စလုံးက ပေါင်းစည်းချင်တယ်။ သူ့ဖက်ကိုလာပါ၊ ငါ့ဖက်ကို လာပါလို့ ပြောမရတော့ နှစ်ဖက်စလုံးက ခြေတစ်လှမ်းစီ နောက်ဆုတ်ဖို့ သဘောတူခဲ့ကြတာပါ”လို့ ဆလိုင်းပီတာထန်းက ဖြေကြားထားပါတယ်။
နှစ်ဖွဲ့ကွဲနေတဲ့ ကောင်စီနှစ်ခုကို ပူးပေါင်းကာ “ချင်းအမျိုးသား ကောင်စီ” အဖြစ် ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြသလို ချင်းအမျိုးသားကောင်စီ အမြန်ဆုံးပေါ်ပေါက်လာနိုင်ဖို့အတွက် ချင်းအမျိုးသား ဖွဲ့စည်းပုံ အခြေခံဥပဒေမှုကြမ်း ရေးဆွဲရေး အဖွဲ့ ဖွဲ့စည်းရန်လည်း သဘောတူညီမှုရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူထု သပိတ် ဦးဆောင်သူ ဒေါက်တာ တေဇာစန်း က “အလွန်အားတက် ဝမ်းသာစရာ သတင်းကောင်းပါပဲခင်ဗျာ။ အခုချိန်ခါမယ် ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ ညီညွတ်ကြရင် ဒီတော်လှန်ရေးက ၃ ပုံ ၂ ပုံလောက် ပြီးမြောက်ပြီလို့တောင် ဆိုချင်ပါတယ်။ ဒီလို ချင်းအမျိုးသား ညီညွတ်ရေး ကြိုးပမ်းနိုင်မှုအတွက် သက်ဆိုင်ရာ ခေါင်းဆောင်များ၊ တာဝန်ရှိသူများနဲ့တကွ ပြည်သူ အပေါင်းကို အထူး ဂုဏ်ပြု ကျေးဇူးတင်ပါသည်။ အရေးတော်ပုံ အောင်ရမည်”လို့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
CC မှာတော့ ချင်းလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး ( CNF/CNA)၊ CDF -Matupi တပ်မဟာ(၂)၊ CDF – Lautu၊ CDF–Tongzang၊ CDF–Zotung၊ CDF–Hakha၊ CDF/CDM SIYIN၊ PDA–Tedim ၊ CDF–KKG၊ CDF–Mara ၊ CDF–Paletwah ၊ CDF–Zanniatramနဲ့ Mindat Council စတဲ့ အဖွဲ့တွေ ပါဝင်ပြီး ICNCC ကောင်စီမှာကတော့ ချင်းညီနောင် (CB- Chin BrotherHood) အဖြစ် စုဖွဲ့ထားတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ZFU/PDF–Zoland၊ CDF–Mindat၊ CDF–Kanpalet၊ CDF–Matupi တပ်မဟာ(၁)၊ MTC/MDF စတဲ့ တပ်ဖွဲ့ ခြောက်ဖွဲ့ ပါဝင်ပါတယ်။
အခုလိုကောင်စီနှစ်ခု ပေါင်းစည်းနိုင်ပြီဖြစ်ပေမယ့် လက်နက်ကိုင် တပ်ဖွဲ့တွေ အချင်းချင်း ပေါင်းစည်းမှု အသေးစိတ်ကိုတော့ နှစ်ဖက်စလုံးက ဒီကနေ့ မတ်လ ၁ရက်နေ့အထိ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
ချင်းပြည်(Chinland)ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)တို့ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ ကောင်စီတွေ ဖြစ်ပြီး လက်ရှိမှာလည်း စစ်အာဏာရှင် အမြစ်ပြတ်ရေး တော်လှန်နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
#ဖက်ဒရယ်ဂျာနယ်၊ မြန်မာ