အတွေးအမြင်

ကံသီခဲ့တဲ့ ညနေခင်းတခု

သူရိန်သစ်

ကံသီခဲ့တဲ့ ညနေခင်းတခု

သူရိန်သစ်

လွန်ခဲ့သော နှစ်နှစ်နီးပါးက ညနေခင်းတခုဟာ ဘဝမှာ မှတ်မှတ်ရရ ဖြစ်စေခဲ့ပါတယ်။  မျက်လုံးက စာဖတ်တာအဆင်မပြေတော့လို့ သူငယ်ချင်းတွေဆီက အကူအညီရတော့ မျက်မှန်လုပ်ဖို့ မြို့ကိုတက်ဖို့ အကြောင်းဖန်လာပါတယ်။ သူငယ်ချင်းတစ်ယောက်က မျက်မှန်ကိုင်းတွေပို့ပေးသလို အခြားသူတွေက မျက်မှန်လုပ်ဖို့ ငွေကြေးကို Wave Pay ကနေ ပို့ထားတော့ အဆင့်သင့်တာမို့ မြို့ပေါ်တက်ဖို့ ပြင်ဆင်ရပါတော့တယ်။ မြို့ပေါ်ကိုတက်တာကိုလည်း အခြေအနေအရ မလုပ်တာကြာတော့ လမ်းကြုံရင်း ခြင်းလုံးလေးခတ်ဖို့ပါ ပြင်ရင်း ခြင်းခတ်ဝတ်စုံလေးကို ဝတ်ဆင်ခဲ့ပါတယ်။ ခြင်းခတ်ဘောင်းဘီနဲ့ မြို့ပေါ်တက်ဖို့ အဆင်မပြေတော့ ဘောင်းဘီတိုပေါ်က ပုဆိုးလေးဝတ် ဆိုင်ကယ်စုတ်လေးနဲ့ မြို့ပေါ်တက်ခဲ့ပါတယ်။

မျက်မှန်အရင်လုပ်ပြီးရင် ရွာချင်းကပ်လျှက်က ယောက်ဖတွေရွာမှာ အပြန်ခြင်းဝင်ခတ်မယ်ပေါ့။ ကိုယ့်စိတ်ကူးနဲ့ကိုယ် အဆင်ကိုပြေလို့။ မြို့ထဲဝင်ခါနီးမှာ ငွေလဲဆိုင်မှာငွေဝင်ထုတ်လိုက်ပါတယ်။ ငွေထုတ်ဖို့ ဝှက်ယူလာတဲ့ ဖုန်းလေးကိုထုတ်၊ အင်တာနက်ဖွင့် ငွေထုတ်လိုက်ပါတယ်။ အင်တာနက်ဖွင့်တာကို ထည့်ပြောရတာက ဒီအဖြစ်အပျက်မှာ အရေးပါလို့ပါ။ ကျနော်က အင်တာနက်ဖွင့်တိုင်း အသံကိုအမြဲပိတ်ထားတတ်ပါတယ်။ နောက်တော့ ငွေထုတ်ပြီး ဆိုင်ကယ်ကို မြို့ထဲကို မစီးရဲတာမို့ မြို့အထွက်က ညီအကိုလိုနေတဲ့ စီဒီအမ်ကျောင်းဆရာရဲ့အိမ်မှာ ဆိုင်ကယ်ကိုထား၊ ဖုန်းကိုပါထားခဲ့ပြီး မျက်မှန်ဆိုင်ကို ထွက်ခဲ့ပါတယ်။ အဲ့အိမ်က ဆရာ၊ဆရာမတွေအိမ်ကလည်း ဇနီးသည်နဲ့ တကယ့်မောင်နှမ ရင်းခြားတွေလို နေကြတဲ့အိမ်ပါ။ မျက်မှန်ဆိုင်ရောက်တော့ မျက်စိစမ်းသပ်ပြီး မျက်မှန်ရက်ချိန်းယူကာ ပြန်လာခဲ့ပါတယ်။

ဆိုင်ကယ်အပ်ထားတဲ့အိမ်မှာ ဆိုင်ကယ်ယူပြီး ပြန်ဖို့ ဆိုင်ကယ်စက်နိုးနေတုန်း “ဆရာရေ ဖုန်းယူအုံးလေ” လို့ ညီအကိုလိုနေတဲ့ကျောင်းဆရာကလှမ်းပြောပြီး ဖုန်းလာပေးပါတယ်။ နောက်သူကထပ်ပြောသေးတယ် “အခုလေးတင်အကို့ရှေ့ကပဲ ခွေးဆိုင်ကယ်တွေမောင်းသွားကြတယ်၊ သတိထားအုံးနော်” ပြောတော့ ဖုန်းကိုထားခဲ့ရင်ကောင်းမလား စဉ်းစားမိပါသေးတယ်။ ဒါပေမယ့် ဘာမှမဖြစ်လောက်ပါဘူးတွေးပြီး ဖုန်းကို ရင်ဘတ်ကြားထဲထည့် ခါးပုံစနဲ့ ညှပ်ထားလိုက်ပါတယ်။ ဖုန်းကိုအဲ့အိမ်မှာ ထားခဲ့လို့ရရက်နဲ့ ယူခဲ့မိလိုက်တာက ဒုက္ခတွေ့ဖို့ အကြောင်းဖန်လာတာပါပဲဖြစ်ပါတယ်။

ဆိုင်ကယ်လေးမောင်းထွက်ပြီး သိပ်မကြာလိုက်ဘူး ကျေးရွာချင်းဆက်လမ်းမပေါ်မှာ လိုက်ထရပ်ကားတစ်စီးပိတ်ရပ်ထားလို့ ဘာဖြစ်တာပါလိမ့်တွေးမိပေမယ့် ဆိုင်ကယ်ကိုဆက်မောင်းလိုက်ပါတယ်။ စက္ကန့်ပိုင်းလောက်အကြာမှာ ကားကရပ်ထားတာကနေထွက်လို့ လှမ်းကြည့်တော့ သွားပြီးလို့ စိတ်ထဲကထအော်မိပါတယ်။ ကားကိုရပ်ပြီးစစ်နေတဲ့ ခွေးလှရွှေတို့ကို ကားကွယ်နေလို့ မမြင်ရဘဲ၊ ကားထွက်မှာ ဆိုင်ကယ်တွေနဲ့ သေနတ်တွေနဲ့ ခွေး၆ကောင်လောက်ကို ဘွားကနဲတွေ့လိုက်ရလို့ပဲဖြစ်တယ်။ ဆိုင်ကယ်ကိုရုတ်တရက်ရပ်ပြီး နောက်ပြန်လှည့်ဖို့ စိတ်ကူးလိုက်ပေမယ့် ပေတရာလောက်အကွာအဝေးဆိုတော့ နောက်လှည့်ဖို့ အဆင်မပြေတော့ပါဘူး။ စိတ်ထဲတုန်လှုပ်ခြောက်ချားမှုက အပြည့်ပေမယ့် ခပ်တည်တည်ပဲ မောင်းလာခဲ့ပါတယ်။

ခွေးတွေက သူတို့နားမရောက်ခင်ကတည်းက ဆိုင်ကယ်ကို ရပ်ဖို့လက်တားနေပါတယ်။ သူတို့ရှေ့ကို အသာရပ်ပေးလိုက်ပြီး ဆိုင်ကယ်ကို စက်မသတ်ပဲထားလိုက်ပါတယ်။ စိတ်ထားမှာတော့ ညကစကားပြောခဲ့တဲ့ မက်ဆေ့တွေဆီကိုပဲ ရောက်နေပါတယ်။ ဒီတခါတော့ သွားပြီလို့လဲ စိတ်ထဲတွေးမိလျှက်သားပါ။ ခွေး၃ကောင်က အနားကပ်လာပြီး ဘယ်ကလာပြီး၊ ဘယ်သွားမှာလဲမေးပါတယ်။ အဓိက ခေါင်းဆောင်ဖြစ်တဲ့ ၃ရစ်နဲ့ကောင်ကပဲ ကျနော့်လွယ်အိတ်ကို လှမ်းယူလိုက်ပြီး ရှာပါတော့တယ်။ အဲ့အချိန် အိင်္ကျီကြားထဲက တဒီဒီနဲ့ ဗိုက်ကို လှုပ်နေပါတယ်။ ဒါပေမယ့် ဟန်မပျက်ပဲ အေးအေးဆေးဆေး ပုံစံနေခဲ့ပါတယ်။

လွယ်အိတ်သူတို့လက်ထဲရောက်မှ ပြဿနာစတက်တာပါ။ အဲ့လို ပြဿနာတက်တာကလည်း ကျနော့်အတွက်ကံကောင်းခြင်းပါ။ အကြောင်းကတော့ ကျနော့်လွယ်အိတ်ထဲမှာ ကျနော်လုံခြုံရေးအရ သူငယ်ချင်းတယောက်က ဝယ်ပေးထားတဲ့ အဆစ်တုတ်ကို ထည့်တဲ့အိတ်ကို လွယ်အိတ်နဲ့အသေချုပ်ထားတာပါ။ ပြဿနာက အဲ့တုတ်ကို မြင်တာနဲ့ ဘယ်ကရတာလဲ၊ မင်းကဘာကောင်လဲ၊ မင်းကိုဘယ်သူက ဘာလုပ်မှာမို့ ဒါကိုဆောင်ထားတာလဲ၊ စတဲ့မေးခွန်းတွေ ခွေးပါးစပ်က တန်းစီထွက်လာပါတော့တယ်။ သူမေးလည်း မေးချင်စရာပါ မြို့နဲ့ အနည်းငယ်အလှမ်းကွာတဲ့နေရာက ကျေးရွာသားတစ်ယောက်ဆီမှာ ရှိမနေသင့်တဲ့ အရာဖြစ်နေတာကိုး။ ကျနော်အတွက်လည်း ရွာမှာလက်ရှိအနေအထားအရ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေမို့ သူငယ်ချင်းကို ပြောပြပြီး အကူအညီတောင်းလို့ သူငယ်ချင်းက ဝယ်ပေးထားတဲ့အဆစ်တုတ်ပါ။ အဲ့တုတ်ကိုလည်း ရွာထဲအိမ်လည်သွားတာကအစ မထားခဲ့ပဲ လွယ်နေကျလွယ်အိတ်ထဲ အမြဲထည့်ထားတာပါ။

ကျနော်လည်း လေသံပျော့လေးနဲ့ “အဲ့ဒါက သူများပေးလို့ရထားတာပါ။ ညဘက်ငါးရှာ၊ ကြွက်ရှာတဲ့အခါ ကာကွယ်ဖို့ပါဆရာကြီးရယ်”လို့ အသွင်သွင်ပြောရပါတယ်။ ဆရာခေါ်လိုက်၊ ဆရာကြီးခေါ်လိုက်နဲ့ အခါ၃၀လောက်နီးပါး ခေါ်ခဲ့တာရတာကိုလည်း မှတ်မိပါတယ်။ အဆစ်တုတ်ကို တွေ့သွားလို့ သူတို့မသင်္ကာပိုဖြစ်ပုံရပြီး၊ လွယ်အိတ်ထဲက ပါတာမှန်သမျှကို ထုတ်ယူလိုက်ပါတော့တယ်။ အဲ့မှာ နယ်ထိန်းဖြစ်ပုံရတဲ့ ခွေးကလည်း ဒေါသထွက်ဟန်နဲ့ လေသံကတော်တော်မာလာပါတယ်။ သူ့ဘေးမှ ရပ်နေတဲ့ထဲက ခွေးတကောင်က ကျနော့်လွယ်အိတ်ထဲက မှတ်စုစာအုပ်ကို ဆွဲထုတ်ပြီး အထဲမှာ ဘာတွေရေးထားလည်း လှန်လှောကြည့်ပါတော့တယ်။

ဖြစ်ချင်တော့ အဲ့မှတ်စုစာအုပ်က ကျနော်ကလေးတွေကို စာသင်တဲ့အခါ သုံးဖို့ ကူးရေးထားတဲ့ အင်္ဂလိပ်ပုံပြင်လေးတွေကို တွေ့တော့ “စာသင်တာလားဗျ” လို့မေးပါတယ်။ ကျနော်ကလည်း “ဟုတ်ပါတယ်ဆရာ ကလေးတွေကို ကျူရှင်သင်တာပါ၊ အစိုးရကျောင်းဆရာ” မဟုတ်ပါဘူးလို့ ပြောလိုက်ပါတယ်။ အဲ့အချိန်ခုနက ကျနော့်ကို ဖိဟောက်နေတဲ့ ခွေးကောင်နယ်ထိန်းက လေသံနည်းနည်းလောက်လျော့ပြီး “နောက်တခါအဲ့တုတ်ကို မဆောင်ထားနဲ့ စစ်လို့တွေ့ရင် သေပြီသာမှတ်” လို့ပြောပြီး၊ ဆိုင်ကယ်ကိုမောင်းတော့လို့ပြောလိုက်ပါတော့တယ်။ အဲ့လိုမမောင်းခိုင်းခင် ဆိုင်ကယ်ကို “စက်ကိုရပ်ထားဟေ့ကောင်”လို့ ပြောပေမယ့် ကျနော်က “ဆိုင်ကယ်ကစက်ရပ်လိုက်ရင် စက်ပြန်နိုးဖို့ခက်လို့ပါဆရာရယ်၊ ပြီးတော့ ဆိုင်ကယ်ကို ကောင်းကောင်း မမောင်း တတ်လို့ပါဆရာရယ်” လို့ပြောလိုက်ပါတယ်။ ဆိုင်ကယ်တမင်စက်မသတ်ထားတာကလည်း ကျနော့် စိတ်ထဲလည်း အခြေအနေမလှရင် ပြေးဖို့ကိုစိတ်ထဲတွေးထားလို့ပါ။ သို့ပေမယ့် စစ်ဆေးရေးဂိတ်ရှေ့မှာက ချောင်းကူး တံတားလေးက ရှိနေတော့ ကိုယ့်ရဲ့ဆိုင်ကယ်ကျွမ်းကျင်မှုနဲ့ဆို ကျိန်းသေချောင်းထဲကျရင်ကျ၊ မကျရင် တံတားဘောင်တွေကို တိုက်မိမယ်ဆိုတာလည်း သိနေပါတယ်။

ကံသီတယ်ပြောရမလား ကျနော့်ရဲ့မှတ်စုစာအုပ်လေးကို ဖတ်လိုက်တဲ့တယောက်က ရင်းနှီးလေးစား ဟန်ပြလာတော့ မတရားဖိဟောက်ခြိမ်းခြောက်နေတဲ့ နယ်ထိန်းခွေးက “သွားတော့ သွားတော့ နောက်တခါစစ်လို့ အဲ့တုတ်ကိုတွေ့ရင်တော့ မင်းမလွယ်ဘူးနော်ဟေ့ကောင်” ပြောလာတော့ ဆိုင်ကယ်ကိုအေးဆေးစွာ မောင်းထွက် လာခဲ့ပါတော့တယ်။ ပြောရရင်သူတို့ စစ်ဆေးပုံက သာမန်လျှံကာလောက် စစ်တာဖြစ်တာလည်းပါသလို၊ အဆစ်တုတ်ကို တွေ့လို့ရစ်ပေမယ့် လူတကိုယ်လုံးကို မစစ်ဆေးတာလည်း အခြေအနေမဆိုးသွားခဲ့တာပါ။ ရင်ဘတ်ထဲထည့်ထားတဲ့ ဖုန်းကလည်း အရေးတွေ့နေတဲ့အချိန်မှ ဖုန်းခေါ်တာနဲ့ တိုးနေပေမယ့် ငွေထုတ်တုန်းက ဖုန်းအသံကိုပိတ်ထားမိတော့ သက်သာသွားတယ်ပြောရမှာပါ။

စစ်ဆေးတဲ့ဂိတ်ကနေထွက်လာခဲ့ပြီး ခြင်းခတ်ဖို့ ရည်ရွည်ထားခဲ့ပေမယ့် ယောက်ဖတော်အိမ်ရှေ့ရောက်တော့ ခြင်းခတ်ချင်စိတ်ပျောက်ပြီး အိမ်ကိုသာ ပြန်ရောက်လိုစိတ်များတော့ ယောက်ဖနဲ့အတူ ခြင်းခတ်ဖို့ စောင့်နေတဲ့သူတွေကို အကျိုးအကြောင်းပြောပြပြီး ပြန်ထွက်လာခဲ့ပါတယ်။ ယောက်ဖအိမ်ကထွက်ပြီး ကျနော်ကွန်ပျူတာသင်ပေးတဲ့ တပည့်တွေရှိတဲ့အိမ်ကို စိတ်မောလူမောနဲ့မို့ ဝင်ထိုင်လိုက်ပါတယ်။ အဲ့အိမ်ကလည်း ကိုယ်ရွာစရောက်ကတည်းက ညီအစ်လိုနေတာရယ်၊ သူ့အမျိုးသမီးကလည်း စီဒီအမ်ဆရာမဖြစ်သလို ကျနော့် ဇနီးသည်နဲ့ပါ ညီအစ်မတွေလို နေတဲ့သူတွေဖြစ်နေတော့ လဘ္ဘရည်သောက် ကွမ်းလေးစားရင်း ဝင်အမောဖြေ လိုက်ပါတယ်။

တပည့်လေးတွေအိမ်ရောက်မှ စိတ်နည်းနည်းအေးသွားပြီး ကလေးတွေအဖေကို အကျိုးအကြောင်း ရှင်းပြလိုက်တော့ သူတို့က တော်တော်ကိုစိုးရိမ်သွားသလို အခုလောက်ပဲ စစ်ဆေးခံရပြီး ပြန်လွှတ်လိုက်လို့ တော်တော်လေးဝမ်းသာနေကြပါတယ်။ ကျနော်လည်းအဲ့တော့မှ ဖုန်းကိုထုတ်ပြီးဖွင့်လိုက်တော့ လွန်ခဲ့တဲ့ ၁၅မိနစ်လောက်က ဇနီးသည်ခေါ်ထားတဲ့ဖုန်း ၅ကြိမ်ရှိနေတာကို တွေ့လိုက်ရသလို အင်တာနက်လိုင်းကို ဖွင့်ထားရက်ရှိသလို လိုင်းဖွင့်သုံးတိုင်း ပြုလုပ်နေကျ အသံပိတ်ထားတာကိုပါတွေ့လိုက်ရပါတယ်။ ကျနော့် အကျင့်အတိုင်း အင်တာနက်ပိတ်ရင် ဖုန်းအဆက်အသွယ်တွေကို ချက်ချင်းသိနိုင်ဖို့ အသံကို ပြန်ဖွင့်တတ်တာမို့ မေ့လျော့ပြီး အင်တာနက်မပိတ်မိတာက ကျနော်အန္တရာယ်က လွတ်မြောက်ဖို့အတွက် အခြေအနေ ဖြစ်သွားပါတော့တယ်။

တပည့်လေးတွေအိမ်မှာထိုင်ပြီး ဇနီးသည်ကို ဖုန်းပြန်ခေါ်ပြီး အကျိုးအကြောင်းရှင်းပြလိုက်တော့ သူမကရွာကိုချက်ချင်းပြန်လာတော့လို့ စိတ်ပူစွာပြောတာမို့ ရွာဘက်ကို ပြန်လာခဲ့ပါတော့တယ်။ သူမဖုန်းခေါ်တာကလည်း ကလေးနေမကောင်းလို့ ပါရာစီတမောလ်ဆေးရည် မှာမလို့ပဲဖြစ်ပါတယ်။ ပြောရရင် ကျနော်ကြုံခဲ့တဲ့ အန္တရာယ်ကို လွတ်မြောက်စေတာက ပထမဆုံး မြို့ပေါ်မရောက်ခင်က ဆိုင်ကယ် ဝင်ထားတဲ့အိမ်က စီဒီအမ်ကျောင်းဆရာက ပထမကယ်လိုက်တာပါ၊ သူကသာခွေးတွေ ကျနော့်ရှေ့ကသွားတာကို မပြောရင်၊ ကျနော်အရင် ထည့်ထားနေကျအတိုင်း ဖုန်းကိုလွတ်အိတ်ထဲ အလွယ်တကူ ထည့်ထားမိမှာပါ။ သူပြောလို့သာ ကျနော်အင်္ကျီကြား ထည့်ညှပ်လိုက်ခဲ့တာပါ။ နောက်တချက်က ခွေးတွေက အဆစ်တုတ်ကို အာရုံစိုက်သွားတာရယ်၊ မှတ်စုစာအုပ်ထဲက ကလေးတွေသင်ဖို့ မှတ်စုမှတ်ထားတာလေးတွေက ဒုတိယံမိ ကျနော့်ကို အန္တရာယ်ကနေ လွတ်မြောက်စေခဲ့တာပါ။

အကယ်၍များ ကျနော့်ဖုန်းကို စစ်ဆေးခဲ့လို့ရှိရင် ပြီးခဲ့တဲ့ညက ကျနော်ဆက်သွယ်စကားပြောထားတဲ့ အကြောင်းအရာတွေက ကျနော့်ကို မရဏမင်းဆီတန်းရောက်စေမှာက အသေအချာပါ။ နောက်တချက်က မေ့တတ်တဲ့အကျင့်ကြောင့် အင်တာနက်မပိတ်မိသလို၊ အကျင့်ပါနေတဲ့ အင်တာနက်ပိတ်ရင် ဖုန်းအသံပိတ် တတ်တာကလည်း ကံသီစေခဲ့တဲ့တာပဲဖြစ်ပါတယ်။ တကယ်လို့ အင်တာနက်ပြန်ပိတ်ပြီး ဖုန်းအသံပြန်ဖွင့်ထားရင် ဇနီးသည်ဖုန်းဆက်တဲ့အချိန်နဲ့ ခွေးတွေစစ်တဲ့အချိန်က တချိန်တည်း ဖြစ်နေတာက ကျနော့်ကို ဘေးတွေ့စေမှာ အမှန်တကယ်ပဲဖြစ်ပါတော့တယ်။

သူရိန်သစ်

“CDM ကျောင်းဆရာ ကိုနိုင်” သို့ ကျေးဇူးတင်သတိရလျှက်

Related Articles

Back to top button