အတွေးအမြင်

အထူးဒေသ၊ နယ်ခြားစောင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အကြောင်း သိကောင်းစရာများ

နေဇာအောင်

အထူးဒေသ၊ နယ်ခြားစောင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အကြောင်း သိကောင်းစရာများ

နေဇာအောင်

ခုချိန်မှာ ဘယ်သူနဲ့ဖြစ်ဖြစ် ဘာအကြောင်းအရာကိုပဲ ပြောနေနေ နောက်ဆုံးမှာတော့ ကိုယ့်နိုင်ငံရဲ့ စစ်ရေး နိုင်ငံရေး အကြောင်းအရာကိုပဲ ပြန်ရောက်ပြီး အဲ့မှာပဲ ငြင်းခုံရင်း အဆုံးသတ်ကြရတာပဲများတယ်။

အများဆုံး ပြောကြတာက သိကြတဲ့အတိုင်း စစ်ရေးအကြောင်းဆိုတော့ တခါတခါ ပြောနေရင်းနဲ့ အထူးဒေသတွေ ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတွေ၊ နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ်တွေ စသည်ဖြင့် အရောရောအထွေးထွေး ဖြစ်နေပြန်ရော။

အရောရောအထွေးထွေးဖြစ်မယ်ဆိုလည်း ဖြစ်လောက်စရာရှိတာကိုး – ဥပမာ ရှမ်းပြည်နယ် အထူးဒေသ -၁ လို့ ပြောလိုက် တော်ကြာနေ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလို့ သုံးလိုက်ဆိုတော့ အမှတ်တွေ မှားပြီး ရောကုန်ရော။ အထူးဒေသ လို့ဆိုတိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတာလား။ အဲ့ဒီနှစ်ခုကလည်း မတူပြန်ပါဘူး။ အဲ့တော့ ဒီဟာတွေကို  မှတ်ရလွယ်ကူအောင် ရေးထုတ်ထားကြည့်လိုက်မယ်။ ဒါလေးကိုဖတ်ပြီးရင်တော့ အသေးစိတ်မဟုတ်တောင် အကြမ်းဖျည်းသဘောလောက်တော့ သိသွားနိုင်မယ်လို့ယူဆပါတယ်။

အထူးဒေသများ
အထူးဒေသတွေ ပေါ်လာတာကတော့ ၁၉၈၉ နောက်ပိုင်း စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ အဖွဲ့တွေကို နေရာဒေသ အလိုက်သတ်မှတ်ခေါ်တွင်စေခဲ့တာဖြစ်ပါတယ်။

ဥပမာ – ကချင်ပြည်နယ် မှာ အထူးဒေသ – ၁ ဆိုရင် ဇခုန်တိန့်ယမ်း ဦးဆောင်တဲ့ NDAK၊ အထူးဒေသ -၂ က ၁၉၉၄မှာ အပစ်ရပ်တဲ့ KIO/KIA

အလားတူပဲ ကယား(ကရင်နီ)ပြည်နယ် က အပစ်ရပ်အဖွဲ့ တွေ ဖြစ်တဲ့ KNG ၊ KNPLF၊ ကယန်းပြည်သစ်ပါတီ စတဲ့ အပစ်ရပ် အဖွဲ့တွေဟာ ကယား (ကရင်နီ)ရဲ့ အထူးဒေသ – ၁ ၊ ၂၊ ၃ ဖြစ်လာပါတယ်။

ရှမ်းပြည်နယ်မှာတော့ အထူးဒေသ (၇) ခုရှိပါတယ်။

၁။        အထူးဒေသ-၁    (MNDAA)
၂။         အထူးဒေသ-၂     (UWSA)
၃။        အထူးဒေသ-၃    (SSA)
၄။        အထူးဒေသ-၄    (NDAA)
၅။        အထူးဒေသ-၅    (KDA)
၆။        အထူးဒေသ-၆    (PNA)
၇။        အထူးဒေသ-၇    (PSLF)

ကရင်ပြည်နယ် မှာကျတော့ တစ်မျိုး၊ ၁၉၉၄-၉၅ မှာ KNU ကနေ DKBA အဖြစ်ခွဲထွက်တယ်။ အထူးဒေသ – ၁ ၂ ၃ စသည်ဖြင့် သတ်မှတ်ထားတာ မတွေ့ရဘူး။ စောသမူဟဲ ဦးဆောင်တဲ့ ဟောင်သရော အထူးဒေသ (KPF) တို့ ဦးကိုကြီး ဦးဆောင်တဲ့ သံတောင် (မြောက်ပိုင်:) အထူးဒေသ ရယ်လို့တော့ တွေ့တယ်။ KNU ကနေထပ်ပြီး ခွဲထွက်တဲ့ ဖဒိုအောင်ဆန်း အဖွဲ့တို့၊ ဦးထိန်မောင်ရဲ့ KNU/KNLA-PC တို့ တစ်ခြားခွဲထွက် အဖွဲ့တွေလည်းရှိကြသေးတယ်။

ကဲ ဒါဆိုရင် လက်ရှိအထူး‌ဒေသတွေရဲ့ အခြေအနေလေးတွေကို တချက်ကြည့် ကြည့်ရအောင်။ ဘာတွေများ ပြောင်းလဲသွားပြီလဲဆိုတာ။

လက်ရှိအနေအထားအရဆိုရင်တော့ ကချင်မှာရှိတဲ့ အထူးဒေသ -၁ ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဆိုတော့ မရှိတော့ဘူးလို့ပြောနိုင်ပါတယ်။ တနည်းအားဖြင့် ကချင် အထူးဒေသ -၂ က အထူးဒေသ -၁ ကို သိမ်းလိုက်တဲ့သဘောပါ။

ကယား (ကရင်နီ) မှာ ဆိုရင်တော့ အထူးဒေသ -၂ က KNPLF က တော်လှန်ရေး ဘက်ကို ပြန်ပြောင်းသွားပြီဖြစ်လို့ မရှိတော့ပါဘူး။ အထူးဒေသ -၁ က KNG အကြောင်းတော့ သိပ်ရှင်းရှင်းလင်းလင်း မရှိဘူး။ ဟိုဘက်လိုလို ဒီဘက်လိုလိုပဲ။ ဒီလိုပြောရတာက KNDFက KNG ကို စစ်ကောင်စီနဲ့ ပူးပေါင်းနေတယ်ဆိုပြီး စာထုတ်ထားတာတွေ့လို့ ဖြစ်ပါတယ်။ အထူးဒေသ -၃ ဖြစ်တဲ့ ကယန်းပြည်သစ် ပါတီကတော့ ခေါင်းဆောင်တချို့ဟာ NUG မှာ ပါဝင်နေပါတယ်။ ဒါက လက်ရှိ ကရင်နီရဲ့ အထူးဒေသ အခြေအနေပါ။

အထူးဒေသအများဆုံးဖြစ်တဲ့ ရှမ်းပြည်နယ်အခြေအနေကရော ဘယ်လိုပြောင်းသွားပြီလဲ။

၁၀၂၇ စစ်ဆင်ရေးအပြီးမှာတော့ ရှမ်းပြည်နယ် အထူးဒေသ -၁ မှာ လားရှိုးမြို့ ထပ်တိုးလာပြီး ၀ ဒေသ အထူးဒေသ -၂ ကတော့ ဟိုပန် နဲ့ ပန်လုံ ကို တိုက်ခိုက်မှု လုပ်စရာမလိုပဲ ရလိုက်ပါတယ်။ MNDAA နဲ့ မဟာမိတ် တွေက သိမ်းပြီးတော့ ၀ ဘက်ကို လွှဲအပ်လိုက်တာပါ။ ဝ တပ် အနေ နဲ့ကတော့ ကျည်တစ်တောင့် မှ မကုန်ပဲ ရလိုက်တာပါ။အထူးဒေသ -၃ (SSA) ကလည်း သူ့ တပ်မဟာတချို့ ပြန်ရလိုက်တာရှိပါတယ်။

၂၀၁၀ ဝန်းကျင်က SSA က တပ်မဟာ ၃ နဲ့ ၇ က စိန်ကျော့ နဲ့ ကာလိ ပြည်သူ့စစ်ဆိုပြီး ပြောင်းခဲ့ပါတယ်။ အဲ့ဒီထဲကမှ စိန်ကျော့ ပြည်သူ့စစ်ကတော့ သူ့ မိခင်တပ်ရင်း SSA ထံ ပြန်ပေါင်းသွားပါပြီ။ ကာလိ ပြည့်သူစစ်ကတော့ စကစ လက်အောက်ခံ အဖြစ် ဆက်ရှိနေဆဲပါ။

အထူးဒေသ -၄ မိုင်းလားကတော့ အရင်အတိုင်းပဲ ပြောင်းလဲမှုရှိတာ မတွေ့ရ။ ဥက္ကဌ ဦးစိုင်းလင်း ကွယ်လွန်ပြီးနောက် သားဖြစ်သူ ဦးထိန်လင်းက ဥဣဌ ဖြစ်လာပြီး ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်တာသာရှိပါတယ်။

အထူးဒေသ-၅ KDA (ကောင်းခါး ပြည်သူ့စစ်) လည်း သူ့မူလ အဖွဲ့အစည်း KIA ထံ ပြန်ပေါင်းသွားပါပြီ။ အင်အားလည်း သိပ်မရှိတော့သလို နာမည်ပျက်ထွက်နေတဲ့ပြည်သူ့စစ်အဖွဲ့လည်း ဖြစ်တယ်။

အထူးဒေသ -၆ PNA ပြည်သူ့စစ်ကတော့ အာဏာသိမ်းကာလ နောက်ပိုင်း စစ်ကောင်စီ နဲ့ အနီးစပ်ဆုံးအဖွဲ့ဖြစ်သလို သူထိန်းချုပ်ထားတဲ့ဒေသတွေ ကနေ ပြည်သူ့စစ် အတွက်ဆိုပြီး လူသစ်တွေကို ထောင်ချီ သင်တန်းပေးပြီး စုဆောင်းနေတာကို သူတိုရဲ့ထုတ်ပြန်ချက်အရတွေ့ရပါတယ်။ စစ်ကောင်စီနဲ့ စိတ်ပါလက်ပါ ပူးပေါင်းနေတဲ့ အဖွဲ့အစည်းလို့ဆိုရင်လည်း မမှားပါဘူး။

အထူးဒေသ -၇ PSLF ကတော့ အပစ်ရပ်ပြီး နောက်ပိုင်း ၂၀၀၅ မှာ လက်နက်ပါ ဖြုတ်သိမ်းခံလိုက်ရပါတယ်။ အခုလက်ရှိ PSLF/TNLA က အဲ့တုန်းက အပစ်ရပ် တာကို လက်မခံတဲ့ အဖွဲ့ဝင်တချို့က KNU ထိန်းချုပ် နယ်မြေမှာ အသစ်ပြန်ဖွဲ့စည်းခဲ့ပြီး ၂၀၀၉ မှာတော့ KIA အကူအညီနဲ့ တပ်ကို ပြန်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ၂၀၀၅ က လက်လွတ်ခဲ့ရတဲ့ နေရာတွေကိုပါ ပြန်လည် သိမ်းပိုက်ထားနိုင်ခဲ့ရုံ သာမက မန္တလေးတိုင်းက မိုးကုတ်မြို့အပါအဝင် မြို့ပေါင်း ၁၂ မြို့ကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထားကို ရောက်နေတာ တွေ့ရပါတယ်။

နယ်ခြားစောင့်တပ် ( Border Guard Forces)

၂၀၀၈ အခြေခံဥပဒေအရ ဆိုပြီး အဲ့တုန်းက (၂၀၀၉ -၂၀၁၀ ) ဝန်းကျင်က နအဖ ဟာ အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်အဖွဲ့ပြောင်းဖို့ ဖိအားပေးပါတယ်။ လက်ခံပြီး ပြောင်းတဲ့ အဖွဲ့တွေရှိသလို၊ မပြောင်းတဲ့အဖွဲ့တွေလည်း ရှိပါတယ်။ ဝ၊ မိုင်းလား၊ ကိုးကန့်၊ နဲ့ KIA တို့က နယ်ခြားစောင့် ပြောင်းဖို့ လက်မခံပါဘူး။

လက်မခံတဲ့ အဖွဲ့တွေထဲကမှ နအဖ စစ်တပ်ဟာ ၂၀၀၉ မှာ ကိုးကန့် ၊ ၂၀၁၁ မှာ KIA ကိုတိုက်ပြီး အပစ်ရပ် ကျိုးပျက်သွားပါတယ်။ အားလုံးသိကျတဲ့အတိုင်း ကိုးကန့် ဖုန်ကြားရှင် အောက်က တပ်မှူးတချို့ စစ်တပ်နဲ့ပေါင်းသွားသလို ဖုန်ကြားရှင် ကိုယ်တိုင်လည်းပဲ မိုင်းလားဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ လူစုပြီး လက်လွတ်ခဲ့ရတဲ့ ကိုးကန့်ကို ၂၀၁၅မှာ ပြန်တိုက်ခဲ့ပေမယ့် မရရှိခဲ့ပဲ အခု ၂၀၂၄ ကျမှသာ ပြန်လည် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်ကို လက်ခံပြီး ပြောင်းတဲ့အဖွဲ့တွေကတော့ အောက်မှာဖော်ပြထားတဲ့အတိုင်းပါပဲ။ အများစုကတော့ DKBA ကနေ ပြောင်းတာအများဆုံးဖြစ်ပြီး BGF 1011 ကနေ 1022 ဆိုတော့ ၁၂ ခုထိ ရှိတာကိုတွေ့ရပါတယ်။ DKBA က နယ်ခြားစောင့်တပ် ကို လက်မခံပဲ မပြောင်းတာကတော့ DKBA တပ်မဟာ ၅ က စောလားဗွယ် ဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး စစ်တပ်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။ တပ်ဖွဲ့ နာမည်ကိုလည်း Democratic Karen Buddhist Army ကနေ Democratic Karen Benevolent Army (ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်) ဆိုပြီး နာမည်ပြောင်းခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ NCA ထိုးသွားတဲ့အထဲ ပါခဲ့ပါတယ်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံအရ တပ်ရင်း တရင်းကို ၃၂၆ ယောက်နဲ့ စုဖွဲ့ထားပြီး အဲ့ထဲမှာမှ စစ်တပ်က ဗိုလ်မှူးအဆင့်အပါ အယောက် ၃၀ ရှိပြီး ကျန်တဲ့ ၂၉၆ ယောက် ကတော့ အပစ်ရပ်အဖွဲ့က ဖြစ်ပါတယ်။ စစ်တပ်လက်အောက်ခံအဖွဲ့ဖြစ်တဲ့အတွက် လစာနဲ့ရိက္ခာရရှိပါတယ်။

နယ်ခြားစောင့်တပ် တွေဟာ ကချင်၊ ကယား(ကရင်နီ)၊ ရှမ်းပြည်နယ် နဲ့ ကရင် ဒေသတွေမှာ ဖွဲ့စည်းထားရှိပါတယ်။ နယ်ခြားစောင့်တပ် ၁၀၀၁ ကနေ စပြီး ၁၀၂၃ အထိ ဆိုတော့ အားလုံးပေါင်း ၂၃ ခုရှိပါတယ်။

  1. NDAK – BGF  1001    to         1003    (Kachin State)
  2. KNPLF – BGF  1004    to         1005    (kayah(karenni State))
  3. Kokang – BGF  1006    (MNDAA လက်ကျန်အဖွဲ့)
  4. မိုင်းတုံ (ပသစ)             – BGF 1007
  5. မိုင်းယောင်း (ပသစ) – BGF 1008
  6. တာချီလိတ်(ပသစ) – BGF 1009
  7. မက်မန်း (ပသစ) – BGF 1010

(BGF 1007 ကနေ 1010 အထိ အဖွဲ့တွေဟာ အရင်က အပစ်ရပ်ပြီးသား ပြည်သူ့စစ်အဖွဲ့တွေကို နယ်ခြားစောင့်တပ် အဖြစ်ပြောင်းထားတာဖြစ်ပါတယ်။

  1. DKBA – BGF 1011 to 1022 (Karen State)
  2. KPF(ဟောင်သရော) – BGF 1023 (Karen State)

လက်ရှိ အချိန်မှာတော့ ကချင်၊ ကရင်နီ၊ ရှမ်းမြောက် က နယ်ခြားစောင့်တပ်တွေ ဖြစ်တဲ့ BGF 1001 ကနေ 1006 ဟာ မရှိတော့ပါဘူး။ 1001 -1003 ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး၊ BGF 1004-1005 ဖြစ်တဲ့ KNPLF ကလည်းပဲ တော်လှန်ရေးအင်အားစုတွေဆီ ပြန်လည်ပူးပေါင်းသွားခဲ့ပါပြီ။ KNPLF ကတော့ မပူးပေါင်းခင်ကတည်းက လွိုင်ကော် မှာ ဆန္ဒပြတဲ့သူတွေဘက်မှနေပြီးအကာအကွယ်ပေးနေခဲ့တာကို သတင်းတွေထဲမှာအမြဲတွေ့နေခဲ့ရပါတယ်။ 1027 operations အပြီး မှာ MNDAA က သူ့ဒေသ ကို အလုံးစုံ ထိန်းချုပ်လိုက်ပြီဖြစ်လို့ BGF -1006 လည်းပဲ မရှိတော့ပါဘူး။

ရှမ်းအရှေ့ က BGF 1007 -1010 အထိ လေးခု ရှိနေပါသေးတယ်။

ကရင်က စောချစ်သူရဲ့ BGF တပ်တွေကလည်း စစ်တပ်ဆီက လစာနဲ့ ရိက္ခာမယူတော့ဘူး ကိုယ့်ဟာကို ရပ်တည်မယ်ဆိုပြီး BGF 1011-1022 ကို KNA -Karen National Army ဆိုပြီး ပြောင်းလဲခဲ့တာ တွေ့ရတယ်။ လက်တွေ့မှာတော့ တကယ်ပြောင်းလဲတာကို မတွေ့ရသေးပဲ စစ်တပ်လက်အောက်ခံအဖွဲ့အဖြစ် ရှိနေဆဲပဲလို့ယူဆရပါတယ်။

နောက်ဆုံး BGF-1023 ကလည်းပဲ KNA အောက်မှာပဲ ရှိနေဦးမယ်လို့ယူဆရပါတယ်။ ဒီ BGF ဟာ ကရင်နယ်ခြားစောင့်တပ်ရဲ့ နောက်ဆုံးတပ်ရင်းတခု ဖြစ်သလို စောသမူဟဲ ဦးဆောင်တဲ့ KPF တပ်ကို BGF ပြောင်းထားတာပါ။ ဒီအဖွဲ့အကြောင်းကို ကျွန်တော့်ဘော်ဒါ ပြောပြခဲ့ဖူးတာရှိတော့ ထူးထူးခြားခြား မှတ်မိနေတယ်။ စောသမူဟဲအဖွဲ့ဟာ BGF မဖွဲ့ခင် KNU က ခွဲထွက်လာပြီး လက်နက်ချပါတယ်။ လက်နက်ချပွဲ အခမ်းအနားကို အဲ့တုန်းက နအဖ ဒုဥက္ကဌ မောင်အေး တက်ရောက်ပြီး ကရင်အလံပေါ် ခြေထောက်နဲ့ နင်းခဲ့တယ်လို့ဆိုတယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တဲ့ ဖျောက်မရတဲ့ သမိုင်းသက်သေ တွေပေါ့ဗျာ။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများ (Border Guard Police Divisions)

နခခ လို့ အတိုကောက် ခေါ်တဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ -၁ ကနေ နခခ -၁၀ အထိ ဆယ်ခု ရှိပါတယ်။ အကုန်လုံးက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော မှာ အခြေစိုက်တယ်။ အခု အဲ့ဒီ စခန်းတွေ တခုမှ မရှိတော့ပါဘူး။ AA က ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပါပြီ။ ရခိုင် – ဘင်္ဂလားဒေရှ့် နယ်စပ်ဧရိယာ တခုလုံး AA ထိန်းချုပ်မှုအောက် ရောက်သွားပြီလည်း ဖြစ်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (Self-Administered Division) နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Self-Administered Zone)

ကျွန်တော်တို့ မကြာခဏ အမှတ်မှားကြတာက ဒီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနဲ့ အထူးဒေသတွေ ပဲလို့ ထင်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ဒေသတွေဟာလည်းပဲ ၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာတာပဲ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံ မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ခုနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ၁ခု ဆိုပြီး အားလုံးပေါင်း ၆ခု ရှိပါတယ်။ ၅ခုက ရှမ်းပြည်နယ် ထဲမှာ ရှိပြီး ၁ခုကတော့ စစ်ကိုင်းတိုင်းထဲမှာပါ။

၁။        ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
၂။         ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
၃။        နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
၄။        ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
၅။        ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
၆။        ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

ပုံမှန်ဆိုရင် ဒေသတွင်း ရွေးကောက်ပွဲ အနိုင်ရက ဦးဆောင်၊ ဒေသဦးစီးဥက္ကဌရွေးချယ်ပြီး ရွေးကောက်ခံထဲကပဲ ဥက္ကဌ ဖြစ်လာရမှာပါ။ ဥပမာ – ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဆိုရင် PNO ပါတီဟာ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အထိ ၃ ကြိမ်ဆက် အနိုင်ရခဲ့ပြီး ခေါင်းဆောင် ခွန်စံလွင်ဟာ ဒေသဦးစီး ဥက္ကဌ အဖြစ် ၃ ကြိမ်မြောက် ထမ်းဆောင်ရမယ့်သူဖြစ်လာမှာပါ။ ဒါပေမယ့် စစ်ကောင်စီ ဟာ အာဏာသိမ်းအပြီး သူ့ ကြံ့ဖွံ့ က လူတွေနဲ့ ဒေသဦးစီးအဖွဲ့ ဥက္ကဌနေရာတွေကို အစားထိုးပစ်ခဲ့ပါတယ်။ လက်ရှိမှာ ပလောင် နဲ့ ကိုးကန့် အဖွဲ့က စစ်ကောင်စီခန့် ဥက္ကဌတွေကတော့ TNLA နဲ့ MNDAA က သက်ဆိုင်ရာဒေသအလိုက် ထိန်းချုပ်ခံလိုက်ရပြီဖြစ်လို့ မရှိတော့ပါဘူး။

လာဘ်စားမှုနဲ့ နာမည်ကြီးနေတဲ့ စစ်ကောင်စီခန့် ဓနုဦးစီးဒေသ ဥက္ကဌ အာကာလင်း ဆိုတဲ့ ပုဂ္ဂိုလ် ကတော့ ဓနု ဒေသမှာ တခါမှ မရှိခဲ့ဖူးတဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ဖွဲ့ဖို့ လိုက်လံစည်းရုံးနေတာကို တွေ့ရတယ်။ သူ့ ပြည်သူ့စစ် ဖွဲ့ ဖြစ်လား မဖြစ်လား မသေချာပေမယ့် လူငယ်တွေစုပြီး ဖွဲ့ထားတဲ့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦးကတော့ ရှမ်းမြောက်နဲ့ ရှမ်းတောင်မှာ စစ်ကောင်စီ ကို တိုက်နေကြပါပြီ။
နောက်ထပ် စစ်ကောင်စီက ခန့်ထားတဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း က ဦးညီနပ် လည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ဟိုပန် နဲ့ ပန်လုံ ကို ဝ တပ်ဆီ ပြန်လွှဲပေးလိုက်ရပါတယ်။ ထူးခြားချက်အနေနဲ့ ဦးညီနပ်ကို အဲ့ဒေသ မှာပဲ ဝ က ဒုဥက္ကဌ ပြန်ခန့်ထားပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကတော့ ကြီးကြီးမားမား အပြောင်းအလဲဖြစ်တာ မတွေ့ရသေးပါဘူး။ ဒါတွေကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေရဲ့ လတ်တလော အခြေအနေတွေပါ။

ပြည်သူ့စစ် (Militia)

ပြည်သူ့စစ်အဖွဲ့တွေကတော့ များလွန်းလို့ ဘယ်အဖွဲ့က ဘယ်ဟာမှန်းကို မသိလောက်အောင်ပါပဲ။ အဖွဲ့တော်တော်များများကတော့ စစ်တပ်လက်အောက်ခံတွေ ဖြစ်ကြတယ်။ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ အဖွဲ့တွေထဲက တချို့ဟာ BGF ပြောင်းခံရပြီး တချို့ကတော့ ပြည်သူ့စစ် အဖြစ်ပြောင်းကြရတယ်။ BGF နဲ့ မတူတာက စစ်တပ်က လူတွေ ရာခိုင်နှုန်း တခု အနေနဲ့ ပါဝင်တာ မရှိဘူး။ လစာ ရိက္ခာ မရဘူ:လို့တွေ့တယ်။ တချို့အဖွဲ့တွေလည်း ရတယ်ပြောတယ်။ ပြည်သူ့စစ်ကို စစ်ကောင်စီကဦးဆောင်ဖွဲ့ပေးပြီး လက်နက်တပ်ဆင် ပေးတာလည်းရှိတယ်။ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကနေ သွားမှာပေါ့ ဥပမာ -ပျုစောထီး(ပသစ) စစ်တပ်က တိုက်ရိုက်ဖွဲ့တာမဟုတ်သော်လည်းပဲ လက်နက်ကိုင် အဖွဲ့က ခွဲထွက်၊ စစ်တပ်ဆီ သွားရောက် လက်နက်ချပြီး အသွင်ပြောင်းတဲ့ ပြည်သူ့စစ်လည်းရှိတယ်။

၂၀၁၉ ခုနှစ် တုန်းက ဒေါ်ဇင်မာအောင် ပြည်သူ့စစ် တပ်ဖွဲ့တခုကို သွားရောက် အင်တာဗျူးထားတာ ကြည့်ရတယ်။ အဲ့ဒီဗွီဒီယို ထဲမှာတော့ သူတို့ဟာ RCSS တပ်မဟာ ၇၅၈ က ခွဲထွက်လာတဲ့ အဖွဲ့ဖြစ်ပြီး ဝမ်ပန် -နားပွဲ ပြည်သူ့စစ် -ဌာနေ (အသွင်ပြောင်း) လို့ သုံးသွားတယ်။ တနေ့ကပဲ စကစ ထိန်းချုပ်ထားဆဲဖြစ်တဲ့ မူဆယ်မှာ ပသစ အချင်းချင်း ပစ်ကြ ခတ်ကြတာလည်း တွေ့လိုက်တယ်။
အခြားအခြားသော ပြည်သူ့စစ် ဆိုတာတွေလည်း ပုံစံအမျိုးမျိုး၊ ရည်ရွယ်ချက်အဖုံဖုံနဲ့ အများကြီးရှိကြ ပါသေးတယ်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တုန်းက ဆန္ဒပြလူအုပ်ကို အတင်းအကျပ် ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ စွမ်းအားရှင် တို့ အခု ပေါ်လာတဲ့ သွေးသောက်အဖွဲ့တွေဟာလည်း စစ်တပ်က နောက်ခံ ပေးထားတဲ့ အဖွဲ့တွေပါပဲ။ သူတို့ကတော့ ပသစ ဆိုတာထက် လိုရင်သုံးဖို့၊ ဘယ်က ပေါ်လာမှန်း မသိတဲ့ လူအုပ်ကြီးတွေဖန်တီးဖို့ ဖွဲ့ထားတဲ့ စစ်တပ်ရဲ့ခါးပိုက်ဆောင် လူမိုက်အဖွဲ့တွေလို့ပြောရင်ပိုမှန်မယ်ထင်ပါတယ်။

၈၈ နဲ့ ၂၁

၁၉၈၈ အာဏာသိမ်းအပြီး ၁၉၈၉ ကနေစလို့ နောက်ပိုင်းနှစ်တွေအထိ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေနဲ့ အပစ်ရပ်ထားနိုင်ခဲ့တယ်။ ၁၉၉၀ မှာ ရွေးကောက်ပွဲလုပ်တယ်။ လွှဲမပေးဘူး။ အမျိုးသားညီလာခံဆို တာကြီးကိုစိတ်အေးလက်အေးလုပ်ပြီး စိတ်ကြိုက်ဖွဲ့စည်းပုံ ရေးဆွဲအတင်းအဓမ္မ အတည်ပြုပြီး လွှတ်တော်နိုင်ငံရေးစခဲ့တယ်။

အခု ၂၀၂၁ အာဏာသိမ်းတယ်။ သိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြနေတာကို အကြမ်းဖက်ပြီး ရက်ရက်စက်စက် နှိမ်နင်းမှုတွေကြောင့် တဆင့်တက်ပြီး လူထုထောက်ခံတဲ့ လက်နက်ကိုင်တော်လှန်ရေးကို ပြန်ရောက်သွားတယ်။ အရင်က အပစ်ရပ်အဖွဲ့တွေနဲ့ပါ ပြန်တိုက်ရပြီး နယ်မြေတွေ ဆုံးရှုံးသွားတယ်။ ဆုံးရှုံးသွားတဲ့ အထဲမှာ မြန်မာပြည် နေရာအနှံ့ က တိုင်းရင်းသားဒေသတွေ အပြင် ဗမာလူမျိုး အများစု အခြေပြုရာ ဒေသတွေ ဖြစ်တဲ့ စစ်ကိုင်း၊ မကွေး က နေရာတွေပါ ဆုံးရှုံးသွားတာပါ။ ပြီးခဲ့တဲ့လပိုင်းမှာပဲ KNU က နှစ်ပေါင်း ၃၀ ကျော်လောက် လက်လွှတ် ထားခဲ့ရတဲ့ နာမည်ကျော် မာနယ်ပလော ဌာနချုပ်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်တပ်ဟာ ၂၀၀၈ ခြေဥ ကို ခွစီးပြီး အသာစီး ယူထားတာကိုတောင် မကျေနပ် နိုင်ပဲ လောဘဇော တိုက်ပြီး အာဏာ ထသိမ်းတယ်။ အခုတော့ မရှူနိုင် မကယ်နိုင် ဖြစ်ပါပြီ။ ဒါပေမယ့် နောင်တ မရသေးဘူး။ မိုက်တွင်းနက်နေဆဲပါ။ ပြည်သူလူထုက စကစနဲ့ အပေါင်းအပါတွေကို တူးတူးခါးခါး မုန်းပါတယ်။ လူမဆန်တဲ့ နှိပ်စက် သတ်ဖြတ်မှုတွေ၊ မီးရှို့ မှုတွေ ရက်ရက်စက်စက် ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲဖြစ်လို့ပါ။ အခုထိလည်း အရပ်သားတွေ ရှိတဲ့နေရာ ( ကျောင်း၊ ဆေးရုံ၊ သာသနိက အဆောက်အဦး၊ စစ်ရှောင်စခန်းတွေပါမကျန်) ကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲဖျက်ဆီးပြီး စစ်ရာဇဝတ်မှု တွေကို တစိုက်မတ်မတ် ကျူးလွန်နေတာကြောင့် ရှေ့ဆက်ပြီးလည်း နယ်မြေတွေ၊ စခန်းတွေ ထပ်ပြီးဆုံးရှူံးနေဦးမှာဖြစ်ပါတယ်။

ဒီဟာကတော့ ၁၉၈၈ နဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှု ကွာခြားချက်တွေက အချို့ပဲဖြစ်တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ၂၀၁၀ တုန်းကလို ကိုယ့်ဖဲကိုယ်ချိုး ကုလားဖန် ထိုးထားတဲ့ ဟန်ပြရွေးကောက်ပွဲလေး လုပ်ပြပြီး သူ့၏ အကျပ်အတည်းရဲ့ ထွက်ရပ်လမ်းကို ရှာဖွေနေပေမယ့် ဒီတကြိမ်မှာတော့ အရင်လို လွယ်လွယ်ကူကူ လုပ်လို့ရမှာ မဟုတ်တော့ကြောင်း တင်ပြလိုက်ရပါတယ်။

Ref: Wikipedia                                                           

ရေးသားသူ – နေဇာအောင်

Related Articles

Back to top button