သတင်း

ဟားခါးမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်း ထပ်မံ ဗုံးကြဲတိုက်ခိုက်

ဓါတ်ပုံ – Getty Images (ဟားခါးမြို့နယ်ထဲက ကျေးရွာတချို့မြင်ကွင်း)

ဖယ်ဒရယ်ဂျာနယ် မြန်မာ

မေလ ၂ ၊ ၂၀၂၃။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ထဲက ဇိုခွားတိုက်နယ်ရှိ Vantlang ကျေးရွာကို ဒီကနေ့ မွန်းတည့်ခန့်က စစ်ကောင်စီ လေကြောင်း (၄) ကြိမ်ထိ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျေးရွာထဲက အရပ်သား နေအိမ် (၃) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အခု စစ်ကောင်စီ၏ လေကြောင်း ထပ်မံ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု ရှိမရှိ မရသေးပေမယ့် ဒေသခံများ ထိတ်လန့်တုန်လှုပ်ခဲ့ရပြီး ဘေးလွှတ်ရာသို့ တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီ စစ်ကြောင်းတို့ဟာလည်း ချင်း-မကွေးတိုင်း ထိစပ်ဒေသဖြစ်တဲ့ ကန့်ကောမှ ဟားခါးမြို့ထဲ ဝင်ရောက်လာနိုင်ဖို့ ကြိုးစားနေတဲ့ သတင်းတွေကြောင့် စစ်ကြောင်းလာနိုင်တဲ့ လမ်း ကြောင်းထဲက ကျေးရွာနေပြည်သူများဟာ ကြိုတင် တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အင်အား (၂၀၀) ခန့် ပါတဲ့ ခြေမြန်တပ်ရင်း တပ်မ (၇၇) စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က စတင်ပြီး ကန့်ကောမှ ဟားခါးမြို့နယ်၊ ဇိုခွားတိုက်နယ် ကျေးရွာအနီးတွင် ရောက်ရှိနေသလို အဲဒီရောက်ရှိနေတဲ့ အနီးဝန်းကျင်တို့မှာ ကင်းပုန်း စခန်းချလျှက်ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေအရ သိရပါတယ်။

ဒါ့အပြင် ဧပြီလ ၁၉ ရက်နေ့စတင်ပြီး ဟားခါးမြို့နယ်၊ ဇိုခွားတိုက်နယ် Leium ကျေးရွာအနီးမှာ ချင်းအမျိုးသား တပ်မတော်(CNA)၊ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေပြီး ဒီကနေ့ချိန်ထိ ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မြေပြင် သတင်းရင်းမြစ်တွေအရ အဲဒီ နှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သားများ ထိခိုက် သေဆုံးမှု ရှိနေ တယ်လို့ သိရပေမယ့် ဖက်ဒရယ်ဂျာနယ် မြန်မာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ရက်၊ ညနေပိုင်း ၃ နာရီခွဲ အချိန်ခန့်က ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ထလန်လိုကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးကာ အသက် မပြည့်သေးတဲ့ ကလေး ၄ ဦးအပါအ၀င် အရပ်သား ၉ ဦး ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

Related Articles

Back to top button