အင်တာဗျူး

ကယန်းအမျိုးသား တပ်မတော်(KNA) ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူနဲ့ တွေ့ဆုံမေးမြန်းခြင်း

ကယန်းအမျိုးသား တပ်မတော်(KNA) ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူနဲ့ တွေ့ဆုံမေးမြန်းခြင်း

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ကယန်းအမျိုးသားတပ်မတော် (KNA)အနေနဲ့ ညီညွှတ်ရေးနဲ့ ပေါင်းစည်းရေးမူကိုပဲ ဦးတည်ဆောင်ရွက် သွားမှာဖြစ်ပြီး လူမျိုးတမျိုး၊ အစုအဖွဲ့တခုကို တိုက်ခိုက်ဖို့ရည်ရွယ်ပြီးတော့ ဖွဲ့စည်းလိုက်တာ မဟုတ်ဘူးလို့ KNA ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက ပြောပါတယ်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံမြို့နဲ့ ကယန်းဒေသတွေရှိ ပြန့်ကြဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်ဖွဲ့တွေကို တစ်စုတစ်စည်းတည်း ပြန်လည်ပေါင်းစုပြီး ကယန်းအမျိုးသား တပ်မတော်(KNA)ကို အောက်တိုဘာလ ၂၉ရက်က စတင်ဖွဲ့စည်းခဲ့ပါတယ်။ KNAကို ကယန်းဒေသအတွင်းရှိ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကော်မတီတရပ် ဖွဲ့စည်းကာ စုပေါင်းဦးဆောင်မှုနဲ့ ချီတက်သွားမှာဖြစ်ပြီး စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဆက်လက်ချီတက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရာတွေနဲ့ပါတ်သက်လို့ KNAပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

၁။  ပထမဦးဆုံး ကယန်းလက်နက်ကိုင်တပ်ဖွဲ့ရဲ့ နောက်ခံအကြောင်းကို အကျဉ်းချုပ် ပြောပေးပါဦး။

ကျနော်တို့က အခုမှစတင်ဖွဲ့စည်းတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် နောက်ခံသမိုင်းအကြောင်းပြောရမယ်ဆိုရင် ဟိုလိုဖြစ်လို့ ပြောတာတော့ မဟုတ်ဘူး။ ဘယ်လိုပြောရမလဲဆိုရင် ဂဂဏဏတော့ မရှိသေးဘူးလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

၂။  ကရင်နီ ဒေသ ၄ ခုကို အဓိကအခြေခံပြီး ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်ဖွဲ့ကို ပြန်လည် ပေါင်းစည်း ရေးကို ကြိုးစားမယ်လို့ ပြောထားပါတယ်။ ဒီပေါင်းစည်းရေးက ကယန်းလူမျိုးများနဲ့ ကရင်နီဒေသတခုလုံးကို ဘယ်လောက်ထိ အင်အားဖြစ်စေနိုင်မယ်လို့ ယုံကြည်လဲ။

ကရင်နီ ဒေသ ၄ ခုကို အဓိကအခြေခံပြီး ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်ဖွဲ့ကို ပြန်လည် ပေါင်းစည်း ရေးကို ကြိုးစားမယ်ဆိုတာကတော့ ထုတ်ပြန်ချက်မှာ ပါတဲ့အတိုင်းပါပဲ။ နောက်တစ်ခုက ဒီပေါင်းစည်းရေးက ကယန်းလူမျိုးများနဲ့ ကရင်နီဒေသတခုလုံးကို ဘယ်လောက်ထိ အင်အားဖြစ်စေနိုင်မယ်လို့ ယုံကြည်လဲဆိုတော့ ဒါက အဓိကက ကယန်းလူမျိုး၊ ကယန်းအမျိုးသားတပ်မတော်ဖြစ်တဲ့အတွက် ကယန်းအမည်နာမက ကယန်းတွေနဲ့ပဲ သက်ဆိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အဓိကက ကိုယ့်လူမျိုးကို ပြန်လည်စုစည်းပြီးတော့ ပေါင်းစည်းရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ KNAကို ကျနော်တို့ ဖွဲ့လိုက်တာ ဖြစ်ပါတယ်။

၃။  တပ်ရင်း ၈ ရင်းစုစည်းပြီး ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။ ဘယ်တပ်ရင်းတွေပါမလဲ၊ စစ်ရေးတွေကို ဘယ်သူတွေက ဦးစီးဆောင်ရွက်သွားမလဲ။ ကယန်းမဟုတ်တဲ့ တော်လှန်ရေးအင်အားစုတွေကော ပါဝင်နေသလား။

ဘယ်တပ်ရင်းတွေပါမလဲဆိုတာကတော့ ကျနော့်တို့ဆီမှာ ဂဂဏဏမရှိဘူး။ အဓိကက ဒီနွေဦးတော်လှန်ရေး မှာလည်း ဘယ်အဖွဲ့မှာမှ ပူးပေါင်းမပါဝင်သေးတဲ့အဖွဲ့တွေ၊ မလုပ်ဆောင်ကြသေးတဲ့ အင်အားစုတွေ၊ ကလေးတွေလည်း အများကြီးရှိသေးတာကိုး။ အဲဒါတွေကို ပြန်လည်စုစည်းတယ်၊ သူတို့ဆန္ဒရှိရင်လည်း ပြန်လက်ခံတယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းတွေအနေနဲ့ ပါဝင်ထားတယ်ဆိုတာ မျိုးကတော့ သေချာဂဂဏဏမရှိဘူး။

အဓိကက ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုတချို့ကို ကျနော်တို့ ပြန်လည်စုစည်းခြင်း ဖြစ်ပါတယ်။ စစ်ရေးတွေကိုလည်း အဲဒီအင်အားစုတွေထဲက၊ အဲဒီဒေသက ပုဂ္ဂိုလ်တွေကပဲ ဦးဆောင်ဦးရွက်လုပ်နေတာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ စစ်ရေးတွေကို ဘယ်သူတွေက ဦးစီးဆောင်ရွက်သွားမလဲဆိုတာကတော့ ကျနော်တို့မှာ စုပေါင်းဦးဆောင်မှုနဲ့ပဲ စစ်ရေးကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

ကယန်းမဟုတ်တဲ့ တော်လှန်ရေးအင်အားစုတွေကော ပါဝင်နေသလားဆိုတာကတော့ အနည်းအကျဉ်း ပါဝင်ထားတာ ရှိပါတယ်။ တချို့လူနည်းစုတွေ၊ မည်သည့်လူမျိုးမဆို ဘာသာမဆို ပါဝင်နိုင်တာကြောင့်ပါ။ ကယန်းအမျိုးသားတပ်မတော်ဆိုပေမယ့်လည်း ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းမှာ မှီတင်းနေထိုင်တဲ့ လူမျိုးစုတမျိုးသာ ဖြစ်တဲ့အတွက် ကျနော်တို့က လူမျိုးရေးအသွင်ဆောင်ပြီးတော့ အစွန်းရောက်တဲ့ တဖက်ပိတ်ပုံစံမျိုးသွားတဲ့ အဖွဲ့အစည်းမျိုး၊ အမျိုးသားရေးပုံစံမျိုး လုံးဝစီစဉ်ဆောင်ရွက်ထားတာ မရှိပါဘူး။ အဲဒါကိုလည်း အသိပေး ပြောကြားချင်ပါတယ်။

၄။  ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်တွေကို ပြန်လည်ပေါင်းစည်းပြီး စစ်အာဏာရှင်ကို တော်လှန်မယ်လို့ ထုတ်ပြန်ထားတော့ ဒီပေါင်းစည်းရေးက လက်ရှိ နွေဦးတော်လှန်ရေး ကို ဘယ်လောက်ထိ သက်ရောက်မှု ရှိလာနိုင်မယ်လို့ ယုံကြည်လဲ။

ဒါကတော့ နွေဦးတော်လှန်ရေးရဲ့ သဘောတရားက PDF အင်အားစုဖြစ်ဖြစ်၊ Localအင်အားစုဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သူတို့ဟာနဲ့ သူတို့သွားနေမှာပဲ။ ကျနော်တို့ကတော့ ဒါကိုဖြိုခွဲဖို့၊ သူတို့ကို ပဲ့ထုတ်ဖို့ဖဲ့ထုတ်ဖို့ ဆိုတဲ့ဟာမျိုးလည်း ကျနော်တို့မှာ အစီအစဉ်မရှိဘူး။ မိမိတို့တပ်ရင်းတပ်ဖွဲ့ကတော့ သူ့အစီအစဉ်နဲ့သူ သွားရမယ်ဆိုတာပဲ ခံယူထားပါတယ်။ တော်လှန်ရေးမှာ ကယန်းအမျိုးသားတွေလည်း ပူးပေါင်းပါဝင်ပါတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ KNAကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ ကယန်းလူမျိုးစုတွေကို ပြန်လည်စုစည်းချင်တဲ့ လူငယ်တွေရဲ့ ဆန္ဒဖြစ်ပါတယ်။

၅။  ကယန်းတပ်မတော် ဖွဲ့စည်းတည်ထောင်တဲ့အပေါ် ကယန်းတိုင်းရင်းသားတွေကလည်း ထောက်ခံကြိုဆိုနေတာ တွေ့ရပါတယ်။ ဒီအတွက် စည်းလုံးမှုခိုင်မာရေး၊ နိုင်ငံရေးအမြင်နဲ့ စစ်ရေးအမြင် ပိုမိုသဘောပေါက် နားလည်လာနိုင်စေရေး၊ လူထုထောက်ခံမှုပိုမိုရရှိလာစေရေးအတွက် ဘယ်လိုလုပ်ငန်းစဉ် တွေနဲ့ ရှေ့ဆက်သွားမလဲ သိပါရစေ။

စည်းလုံးမှုခိုင်မာရေး၊ နိုင်ငံရေးအမြင်တွေကတော့ ကျနော်တို့ကတော့ ဂဂဏဏလုပ်ပြဖို့ကတော့ ကျနော်တို့မှာက စစ်ရေးနဲ့ပဲသက်ဆိုင်တဲ့အတွက် စစ်ရေးတခုတည်းကိုပဲ သွားမယ်ဆိုတဲ့မူကိုတော့ ချမှတ်ထား ပြီးသား ဖြစ်ပါတယ်။ စည်းလုံးမှုခိုင်မာရေး၊ နိုင်ငံရေးအမြင်တွေကတော့ ကယန်းလူမျိုးတခုလုံးနဲ့ သက်ဆိုင်တဲ့ အတွက် တခြားအသင်းအဖွဲ့တွေအနေနဲ့ လုပ်ဆောင်နေတာ ရှိကောင်းရှိနိုင်ပါတယ်။

ရှေ့ဆက်လုပ်ငန်းစဉ်တွေကတော့ ပိုမိုသဘောပေါက် နားလည်လာနိုင်စေရေး၊ လူထုထောက်ခံမှု ပိုမိုရရှိလာ စေရေးအတွက် တဖြည်းဖြည်းနဲ့ လုပ်သွားဖို့ကတော့ ကျနော်တို့မှာ အစီအစဉ်ရှိပါတယ်။

၆။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြည်ထောင်စု အစိုးရအဖြစ် အသိ အမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒီအချက်က ကယန်း တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဖော်ဆောင်ရေးအတွက် ဘယ်လိုအကျိုး သက်ရောက်မှု ရှိနိုင်မယ်လို့ မျှော်မှန်းထားလဲ။

ကယန်း တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဖော်ဆောင်ရေးဆိုတာက ကယန်းပြည်သူ လူထုတရပ်လုံးနဲ့ သက်ဆိုင်ပါတယ်။ ကျနော်တို့ KNAအနေနဲ့ စစ်ရေးဖက်ကိုပဲ ဦးတည်ထားတဲ့အတွက် စစ်ရေးတခုတည်းကိုပဲ လောလောဆယ်မှာ ပြုလုပ်သွားဖို့ ရှိပါတယ်။

၇။  ပြည်နယ် / လူမျိုးကို အခြေခံထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ချင်တယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ကယန်းမျိုးသား တပ်မတော်အနေနဲ့ ဘယ်လိုပြင်ဆင်ထားပါသလဲ။ လက်ရှိ သွားနေတဲ့ တော်လှန်ရေးအခင်းအကျင်းနဲ့ ဘယ်လိုပေါင်းစပ်သွားကြမလဲ။

ကျနော်တို့ ကယန်းအမျိုးသားတပ်မတော်အနေနဲ့က ကြိုတင်ပြင်ဆင်ရတဲ့ အပိုင်းတွေက လောလောဆယ်မှာ စစ်အာဏာရှင်ပြုတ်ကျရေးကို ဦးတည်ပြီးတော့ သွားနေတယ်။ လက်ရှိသွားနေတဲ့ တော်လှန်ရေး အခင်းအကျင်းနဲ့ ပါတ်သက်ပြီး  ဘယ်လိုပေါင်းစပ်သွားကြမလဲဆိုတာကတော့ ဒီအနေအထားမှာ ကျနော်တို့က ဘယ်အသင်းအဖွဲ့မဆို အဓိကကတော့ EROအကြီးကြီးတွေနဲ့ ပွတ်တိုက်မှုအနည်းဆုံးဖြစ်အောင် သွားနေတယ်။ ကျနော်တို့က စစ်အာဏာရှင်ပြုတ်ကျရေးကိုပဲ ဦးတည်ပြီးသွားတာဆိုတော့လေ။

ဒီပြည်နယ်ထဲမှာ တော်လှန်ရေးအင်အားစုတွေက အခင်းအကျင်း အမျိုးမျိုးရှိကြတယ်။ မိမိတပ်ရင်း၊ တပ်ဖွဲ့၊ အင်အားစုတွေအားလုံးကတော့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ရေးမူ၊ စုပေါင်းခေါင်းဆောင်မှုမူနဲ့ပဲ ဆက်ပြီးတော့ ချီတက်သွားမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

၈။  ဖြည့်စွက်ချက်

တချို့က ကျနော်တို့ကို လူမျိုးစုတွေအလိုက် ပဋိပက္ခဖြစ်သွားနိုင်တယ်ဆိုတာမျိုး ပြောနေကြတာရှိတယ်။ ဒီလိုမေးခွန်းမျိုးတွေလည်း ခဏခဏမေးခံရတာ ရှိတယ်။ ကျနော်တို့က ညီညွှတ်ရေးကို ဦးတည်တယ်၊ ပေါင်းစည်းရေးကို ဦးတည်ပြီးတော့ သွားနေတဲ့အခါကြတော့ ဘယ်တော့မှ ဒီလိုဖြစ်မှာမဟုတ်ဘူး။ KNAကို ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က လူမျိုးတမျိုး၊ အစုအဖွဲ့တခုကို တိုက်ခိုက်ဖို့ရည်ရွယ်ပြီးတော့ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ ကျနော်တို့ ရည်ရွယ်ချက်က စစ်ကောင်စီ၊ စစ်အာဏာရှင်ပြုတ်ကျရေးပါပဲ။

ပြည်သူတွေအနေနဲ့လည်း ဒါကို အရမ်းကြီးစိုးရိမ်တာမျိုး၊ ပဋိပက္ခဖြစ်မှာ ထိတ်လန့်နေတာမျိုးတွေကို ပြန်ပြီးတော့ သုံးသပ်ပေးစေချင်ပါတယ်။ ဒီကနေ့ခေတ်မှာ လူငယ်တွေက အရင်ခေတ်နဲ့ မတူတော့တဲ့ အမြင်တွေ အများကြီးရှိလာပြီ။ အဲဒီတော့ ဘယ်တော့မှလည်း အဲဒီလိုမျိုးတွေ လုပ်မှာမဟုတ်ပါဘူး။ တချို့တွေကတော့ ကျနော်တို့ကို ဆိုက်ဝါးပုံစံမျိုးနဲ့ လာပြီးတော့ တိုက်ခိုက်တာတွေလည်း ရှိတာပေါ့။ ဒါကို ကျနော်တို့အနေနဲ့ကလည်း အဖြေဘယ်လိုထုတ်ရမလဲဆိုပြီးတော့ ကြိုတင်ပြင်ဆင်ထားပါတယ်။ ကျနော်တို့ကတော့ ညီညွှတ်ရေး၊ ပေါင်းစည်းရေးကိုပဲ ဆုပ်ကိုင်ထားပြီး‌တော့ ရှေ့ဆက်ချီတက်သွားမယ်လို့ ပြောချင်ပါတယ်။

Related Articles

Back to top button