အင်တာဗျူး

ဦးစိုင်းမောင်တင် နှင့်တွေ့ဆုံခြင်း

ရှမ်း ၂ ပါတီ ပူးပေါင်းရေးကိစ္စ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှု အတွေ့အကြုံများနှင့် ရှမ်းတိုင်းရင်းသားများအရေးကိစ္စများနှင့်ပတ်သတ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း လဲခြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှုတွင် အနိုင်ရရှိခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းမောင်တင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နှုတ်ဖော်ပြအပ်ပါသည်။

နီတိုး

.
မေး ၊ ၂၀၁၅ ရွေးကောက်ပွဲမှာ SNLD နဲ့ SNDP က လူထုထောက်ခံမှုကို အပြည့်အဝ မရခဲ့ဘူးလို့ ပြောရင် ရမယ်ထင်ပါတယ်ခင်ဗျ၊ အဲဒီတော့ ရွေးကောက်ပွဲမှာလည်း ရှမ်း ၂ ပါတီက ကိုယ်စားလှယ်အချို့ ရှုံးနိမ့်ခဲ့ရတာတွေရှိပါတယ်၊ အဲဒီအပေါ်နဲ့ SNLD နဲ့ SNDP တို့ ကွာခြားချက်လေးတွေကို သုံးသပ်ချက်အနေနဲ့ ပြောပြပေးပါ။

.
ဖြေ ၊ သုံးသပ်ချက်လို့ ပြောရမယ်ဆိုလို့ ရှိရင်တော့ ကျွန်တော်တို့က ကျွန်တော့်အနေနဲ့ပေါ့လေ ကျွန်တော်က ကျားဖြူပါတီလို့ခေါ်တဲ့ SNDP ထဲမှာ တွဲဘက်အတွင်းရေးမှူး တစ်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တာကိုး။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် အောင်နိုင်ရေးအတွက် ကျွန်တော်ကတော ကျွန်တော်တို့ နှစ်ပါတီ ပူးပေါင်းသင့်တယ် ပူးပေါင်းရမယ်ဆိုတာကို အကြံပြုခဲ့တယ်။ ကျွန်တော်တို့ ပါတီတွင်းအစည်းအဝေးမှာ CEC အစည်းအဝေးမှာကော လွှတ်တော်ကိုယ်စားလှယ်အစည်းအဝေးများမှာကော ကျွန်တော်တင်ပြခဲ့ဖူးတာ ရှိပါတယ်။ လုံးဝမပူးပေါင်းနိုင်ဘူးဆိုလို့ရှိရင်လည်း ကျွန်တော်တို့ SNDP နဲ့ SNLD ဘယ်မဲဆန္ဒမှာဖြင့် မဲဆန္ဒနယ်မြေကို ညှိနှိုင်းသင့်တယ်၊ ညှိနှိုင်းမှဘဲ ကျွန်တော်တို့ ရလာဒ်ကောင်းတွေ ရပြီးတော့ လွှတ်တော်အသီးသီးမှာ SNDPက တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်ဘဲ ဖြစ်ပါစေ SNLD က တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်ဘဲ ဖြစ်ပါစေ လွှတ်တော်တွင်းမှာ ကျွန်တော်တို့ ညှိညှိနှိုင်းနှိုင်း ကိုယ့်တိုင်းပြည် ကိုယ့်နယ်မြေ ကိုယ့်လူမျိုးအတွက် ပူးပေါင်းပြီး လုပ်ဆောင်နိုင်မယ်ဆိုပြီးတော့ တင်ပြခဲ့ဖူးတာရှိတယ်။

.
ရွေးကောက်ပွဲသာ ရောက်လာတာ ကျွန်တော်ကိုယ်၌ကလည်း ရှမ်းပြည်နယ်ထဲမှာ မဲဆန္ဒနယ် မရတဲ့ လူတစ်ယောက်ပါ။ မရလို့လည်း ကျွန်တော် ရှမ်းပြည်နယ်ရဲ့ ပြင်ပ ကယားပြည်နယ်ဘက်မှာ သွားပြီးတော့ ကိုယ့်နယ်မြေ ကိုယ့်မဲဆန္ဒနယ်မြေကို ရွေးခဲ့ရတယ်။ ကျွန်တော် ရှားတော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာက ဝင်ပြိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ပါတီထဲမှာ စတင်ပြီးတော့ ဆွေးနွေးတဲ့ အခါမှာ မဲဆန္ဒနယ် ဆွေးနွေးတဲ့ အခါမှာ လွှတ်တော်ရွေးတဲ့အခါမှာ ကျွန်တော်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ရှားတောမှာ ဝင်ပြိုင်ဖို့ ရှိပေမယ့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကရောက်လာတဲ့အခါကျတော့ ကျွန်တော့်အထက်က ဥက္ကဌတွေ ဒုဥက္ကဌတွေက ကိုစိုင်းမောင်တင် ဝန်ကြီးတွေ လာလိမ့်မယ် အမျိုးသားလွှတ်တော် နေရာက ဝင်ရွေးလိမ့်မယ် ရှားတောမှာ ၊ မင်း ပြည်သူ့လွှတ်တော် ဆင်းပေးပါ ၊ ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်ပေးပါဆိုတော့ ပြောကြားတာနဲ့ ကျွန်တော် ပြည်သူ့လွှတ်တော်မှာ ပြန်ရွေး ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော် သွားရွေးကတည်းကနေ ကျွန်တော်တော့  ၅၀ – ၅၀ ရာခိုင်နှုန်းပဲ၊ ကိုယ့်အတွက်က နယ်မြေသစ်ဖြစ်နေတယ်၊ ဘာကြောင့်မို့ ကျွန်တော်အဲဒီဘတ်မှာ ရွေးရသလည်းဆိုတော့ တစ် ကျွန်တော့်ပါတီအနေနဲ့ ကျွန်တော့်အတွက် မဲဆန္ဒနယ် မပေးဘူး၊ နှစ်အချက်ကြတော့ ကျားခေါင်း ကျားဖြူ ပြိုင်နေသ၍တော့ ကျွန်တော် ဒီရှမ်းပြည်နယ်ထဲမှာ မပြိုင်ဘူး၊ ရှမ်းပြည်နယ် ပြင်ပမှာ သွားပြိုင်မယ်၊ သွားပြီးတော့ ဝင်ရောက်အရွေးချယ်ခံမယ် ဒါကကျွန်တော့်ရဲ့ ပင်ကိုယ်စိတ်ပေါ့၊ အဲဒီကတည်းပဲ ကျွန်တော် ဖြစ်စေချင်တဲ့အတိုင်း ကျားခေါင်း ကျားဖြူ ညှိနှိုင်းပြီးတော့ ရွေးကောက်ပွဲ မဝင်ခဲ့တဲ့အတွက်ကြောင့် ရလာဒ်ကောင်းတွေ မရမှာစိုးတဲ့အတွက် ကျွန်တော့်အနေနဲ့တော့ တမင်ကို မရွေးခဲ့တာပါ၊ အဲဒါပဲ ဖြစ်ပါတယ်၊ ကျွန်တော်ထိပ်တိုက်မတွေ့ချင်ဘူး။

.
မေး ။ SNLD အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း ဝင်ပြိုင်ခဲ့တယ် အခု ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဝင်ပြိုင်ခဲ့တယ်ခင်ဗျ၊ အဲဒီတော့ လူထုထောက်ခံမှုနဲ့ ပတ်သတ်ပြီးတော့ အန်ကယ်ဘယ်လိုမြင်ထားပါသလဲ။

.
ဖြေ ။ SNLD ကို SNDP အနေနဲ့ ဝေဖန်ဖို့ဆိုတာတော့ ကိုယ့်အနေနဲ့တော့ သိပ်မစွမ်းသာဘူးပေါ့၊ ဒါပေမယ့် ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ကျွန်တော်ကိုယ်၌ မြစ်ကြီးနားမှာ နေတုန်းက SNLD ရဲ့ ပါတီဝင်တစ်ယောက် ဖြစ်ခဲ့တယ် ၊ SNLD ရဲ့ လုပ်ငန်းဆောင်တာကိုလည်း ကျွန်တော်တက်စွမ်းသ၍ အဲဒီမှာ လုပ်ခဲ့တယ်၊ အဲဒီတုန်းက ဝင်ရောက်အရွေးချယ်ခံတဲ့ ဦးစည်စိုးညွှ့န့်ဆိုတာ ရှိတယ် သူက ကချင်ပြည်နယ် မိုင်းလားမှာနေတယ် သူ့မဲဆန္ဒနယ်မှာ ကျွန်တော်ဝင်ပြီးတော့ ကူညီခဲ့ဖူးတယ်။ အဲဒီတုန်းက ရလာဒ်ကောင်း ရတယ်ဆိုတာက ဒုတိယလိုက်မယ်ထင်တယ် ကျွန်တော်အမှတ်မမှားရင်နော်။ NLD ပြီးလို့ရှိရင် SNLD က ဒုတိယလိုက်တာပေါ့ ဒါပေမယ့် ၂၃ ဦးဘဲ ရပါတယ်။ အခုဒီတစ်ကြိမ်မှာ သူတို့ အယောက် ၄၀ ရတယ်ဆိုတော့ သူတို့အတွက်က ရလာဒ်ကောင်းတယ်လို့ ပြောလို့ရတာပေါ့နော်၊ ဒါပေမယ့် ရလာဒ်ကောင်းရပေမယ့် ပြည်သူတွေ မျှော်မှန်းသလောက် မရခဲ့ဘူး။ ဘာ့ကြောင့်မရသလဲ စောစောက ကျွန်တော့်စကားကို ပြန်ကောက်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့ ကျားနှစ်ပါတီက ပြိုင်နေတာကိုး။
ကျားနှစ်ပါတီ ပြိုင်တဲ့အခါကျတော့ ပြည်သူတွေက ဝေဝါးသွားတယ်၊ မဲတွေပြန့်သွားတယ် တစ်ချို့နေရာမှာဆိုလို့ရှိရင် အတိအကျပြောရရင် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရဲ့ မဲဆန္ဒနယ်မှာ ဆိုလို့ရှိရင် ကျားခေါင်း ကျားဖြူ ထိပ်တိုက်တွေ့ပြီးတော့ ယှဉ်ပြိုင်မှုကြောင့် မဲတွေပြန့်သွားတယ် ပြည်သူတွေရဲ့ ပြောပြချက်အရ ကျွန်တော် သတင်းရသလောက်ဆိုရင် ခုနှစ်ထောင်နဲ့ တစ်သောင်းကြားရှိတဲ့ ရှမ်းလူထုတွေက မဲလာမပေးဘူး။ အဲဒါကြောင့်မို့ အခြားပါတီ ပလောင်ပါတီက အကုန်လုံးနိုင်သွားတယ်၊ ဒီသာဓကတွေကို ကျွန်တော်တို့ လူကြီးတွေကို သိစေချင်တယ်။ အခုထက်ထိလည်း ကျွန်တော်က ပူးပေါင်းစေချင်တယ်။ ပူးပေါင်းမှဘဲ ၂၀၂၀ ရွေးကောက်ပွဲကို အလုံးအရင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်အများကြီးနဲ့ အနိုင်ရမယ်လို့ ကျွန်တော်က မျှော်လင့်တယ်၊ ပူးပေါင်းပါစေလို့လည်း ဆုတောင်းတယ်။

.
မေး ။ အခုဆိုရင် ရှမ်းပြည်နယ် လွှတ်တော်ထဲမှာ ပြည်မ ပါတီတွေ အားကောင်းနေတာက ရှမ်း ၂ပါတီရဲ့ မပူးပေါင်းနိုင်ခြင်းကြောင့် ဖြစ်နေတယ်လို့ အန်ကယ် ယူဆထားလား။

.
ဖြေ ။ ရှမ်း ၂ ပါတီဖြစ်နေတာက အဲဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ တိုက်ရိုက်မဟုတ်ချင်တောင်မှ သွယ်ဝှိုက်နည်းနဲ့ ပတ်သတ်နေတယ်၊ ကျွန်တော်နဂိုကတည်းက ပြောတယ် နွားကွဲရင်တော့ ကျားဆွဲတယ်၊ ကျားကွဲရင်တော့ ခြင်္သေ့ဆွဲမလား ဒေါင်းဆွဲမလားပေါ့ အဲလိုပြောခဲ့တယ်၊ တစ်ကယ်လည်း အဲလိုဖြစ်သွားတယ်လေ။ ကျွန်တော်တို့ မညီညွတ်သ၍တော့ ရလာဒ်ကောင်းတွေကတော့ ရမှာမဟုတ်ဘူး၊ အရှုံးတွေနဲ့တော့ ရင်ဆိုင်နေရအုံးမှာဘဲ။ ကျွန်တော် တင်ပြချင်တာ ပြောပြချင်တာကတော့ ကျွန်တော်တို့ ကျားဖြူ ကျားခေါင်း ခေါင်းဆောင်တွေ ဒီအချိန်မှာ ပုဂ္ဂိုလ်ရေးတွေ ရှိခဲ့ရင်တောင်မှ ခဝါချပြီးတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးမျက်နှာကို တည့်တည့် ကြည့်ပြီးမှ ပူးပေါင်းသင့်တယ်လို့ ကျွန်တော့်အနေနဲ့ အဲဒါဘဲ ပြောချင်ပါတယ်။

.
မေး ။ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အချိန်ကြရင်ကော ရှမ်း ၂ ပါတီ ပူးပေါင်းနိုင်မလား ပေါင်းဖို့ အစီအစဉ်ရှိလားခင်ဗျ။

.
ဖြေ ။ အစီအစဉ်ရှိလားဆိုတော့ အခုလောလောဆယ်တော့ ကျွန်တော်မြင်နေရသလောက်တော့ ပူးပေါင်းဖို့က ရာခိုင်နှုန်း နည်းနေတယ်။ ဘယ်လိုပြောရမလည်းဆိုတော့ လူကြီးတွေက သူ့မာန ကိုယ့်မာနတွေရှိနေတယ် နှစ်ဖက်စလုံးက လူကြီးတွေကလေ ဘာ့ကြောင့်လည်းဆိုတော့ လက်ခုပ်ဆိုတာ တစ်ဖက်ထဲ တီးလို့ မြည်တာမဟုတ်ပါဘူး နှစ်ဖက်တီးမှ မြည်တာပါ။ အဲဒါကြောင့်မို့လို့ နှစ်ဖက်က ပုဂ္ဂိုလ်တွေ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သွားမယ်ဆိုရင်တော့ ပူးပေါင်းနိုင်တာပေါ့။ တစ်ကယ်လို့မှာ သူတို့က ပြည်သူတွေရဲ့မျက်နှာ ရှမ်းတိုင်းရင်း သား အများစုရဲ့ မျက်နှာကို မကြည့်ဘဲနဲ့ သူ့မာန ကိုယ့်မာနထောင်လွှားနေအုံးမယ်ဆိုလို့ရှိရင်တော့ ပူးပေါင်းဖို့က မဖြစ်နိုင်ဘူး။

.
မေး ။ ရှမ်း ၂ ပါတီပူးပေါင်းရေးအတွက် ဘာတွေလုပ်သင့်လည်းဆိုတာမျိုး အန်ကယ် ဘယ်လို အကြံပြုချင်ပါသလဲ။

.
ဖြေ ။  ပူးပေါင်းဖို့အတွက်ဆိုရင်တော့ အရင်တုန်းက ကျွန်တော်တို့ဖွဲ့ထားပြီးသား တွေ့ဆုံညှိနှိုင်းရေး ကျားဖြူဘက်က ၅ ဦးထဲမှာ ကျွန်တော်ပါတယ်၊ နောက် SNLD ကလည်း ၅ဦး တစ်ကြိမ်ထဲ တွေ့ပြီးတော့ နောက် မတွေ့တော့ဘူးလေ၊ တစ်ကယ်ဆိုလို့ရှိရင် အဲဒီကတည်းက ဆက်တိုက် ဆက်တိုက်တွေ့လာရမှာ၊ မတွေ့တဲ့ အခါကျတော့ ရှင်းရှင်းပြောရရင် တစ်ယောက်မျက်နှာတစ်ယောက်မမြင်ဘူး၊ အသံတွေ မကြားရဘူး၊ ကြာသွားတဲ့အခါကြတော့ အလှမ်းဝေးတော့ စိတ်တွေလည်းဝေးသွားတာပေါ့၊ အဲလိုဖြစ်သွားတာ။ တစ်ကယ်တမ်းကြတော့ ပထမအကြိမ် တောင်ကြီးမှာတွေ့ကတည်းက ဆက်ပြီးတော့ ထပ်တွေ့ဖို့ အများကြီး ကျွန်တော်တိုက်တွန်းခဲ့တယ်။ ဒါပေမယ့် မတွေ့ကြဘူး။

.
မေး ။ ပထမအကြိမ်တွေ့တုန်းက အန်ကယ်ကိုယ်တိုင်လည်းပါထားတော့ တွေ့ဆုံဆွေးနွေးမှုတွေကိုကော အားရရဲ့လား ဘယ်အကြောင်းအရာကို အဓိကထား ဆွေးနွေးခဲ့ကြလည်း။

.
ဖြေ ။ ပထမဆုံးအကြိမ်တွေ့တယ်ဆိုတော့ အားရမှုတော့ မရှိခဲ့ဘူးပေါ့။ ဒါပေမယ့် မတွေ့တာထက်စာလို့ ရှိရင်တော့ ရလာဒ်ကောင်းရလာနိုင်ပါရဲ့ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျွန်တော်ကတော့ ပီတိဖြစ်ခဲ့တယ်။ တစ်ကြိမ်ထဲတွေ့ပြီးတော့ တစ်ထိုင်ထဲ ဆုံးဖြတ်ဖို့ဆိုတာတော့ သူ့ဘက်ကိုယ့်ဘက် ဗဟိုအလုပ်မှုဆောင်တွေ တွေ့ပြီးတော့မှ ပြန်ဆုံကြမယ်လို့ ပြောပြီးတဲ့နောက်ပိုင်း ထပ်မတွေ့လိုက်တော့ဘူး ၊ အဲဒီမှာ ဝေးသွားတာ။

.
မေး ။ ရှမ်းပြည်နယ်အတွင်းမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေတော့ ရွေးကောက်ပွဲမှာ စည်းရုံးရေးဆင်းတဲ့ အခါမျိုးတွေမှာ ရှမ်းပါတီတွေ အောင်နိုင်ရေးအတွက် အထောက်အကူပြုတာတွေ ရှိလား။

.
ဖြေ ။ အထောက်အကူ ပြုနိုင်သလားဆိုတော့ သူတို့လည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကောင်းစားစေချင်လို့ လက်နက်ဆွဲကိုင်ပြီးတော့ ဒုက္ခခံပြီးတော့ တောထဲမှာနေတာကိုး၊ အထောက်အကူပြုနိုင်တဲ့ အဖွဲ့တွေရှိပါတယ်။ အထောက်အကူပြုနေတဲ့ အဖွဲ့တွေလည်းရှိပါတယ်။

.
မေး ။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်ထဲက လက်နက်ကိုင်အဖွဲ့အစည်းတွေက အထောက်အကူ ဘယ်လိုပြုသလဲ အန်ကယ်။

.
ဖြေ ။ ကျွန်တော်က ရှမ်းပြည်ထဲမှာ ရွေးကောက်ပွဲမဝင်တော့ နားစွန်နဖျားလောက်ပဲ ကြားတာပေါ့လေ ဒါပေမယ့် တည့်တိုးမဟုတ်တောင်မှ သွယ်ဝှိုက်တဲ့ နည်းနဲ့တော့ ရှမ်းမှမဟုတ်ပါဘူး အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း နည်နည်းလေး ဇောင်းပေးပြီးတော့ ဘက်လိုက်တာတော့ ရှိတာပေါ့။ ဒါပေမယ့် ခေါင်းဆောင်ပိုင်းတွေကတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့လေ၊ အောက်က ငယ်သားတွေက နည်းနည်းဖိအားပေး တာလေးတွေတော့ အနည်းအကျင်းတော့ ရှိတယ်လို့ ကြားတာပဲ။

.
မေး ။ ရှမ်းအမျိုးသားတွေ အားထားလောက်တဲ့ ရှမ်းပါတီကြီးတစ်ခု ဖြစ်ဖို့အတွက် ဘာတွေ လုပ်ဖို့လိုအပ်ပါသလဲ။

.
ဖြေ ။ ပြည်သူတွေ အားထားလောက်တဲ့ ရှမ်းပါတီကြီးတစ်ခုဖြစ်ဖို့အတွက်ဆိုရင် ရှမ်း ၂ ပါတီ မပေါင်းစည်းလို့ မရဘူး။ မပေါင်းစည်းသ၍တော့ ပြည်သူတွေက စိတ်ထဲမှာ ဝေဝါးနေမှာဘဲ။ ပြောမယ်ဆိုလို့ ရှိရင် ကျွန်တော်တို့ တောသူတောင်သားတွေက နိုင်ငံရေးနဲ့ အလှမ်းဝေးနေတာ၊ အကြောက်တရားနဲ့ အုပ်ချုပ်ခံနေရတာ စိုးမိုးခံနေခဲ့ရတာ ၊ အကြောက်တရားကြားမှာ နေခဲ့ရတာ။ နိုင်ငံရေးလို့ ပြောလိုက်လိုက် ထောင်နန်းစံရတော့မယ် ထောင်ထဲရောက်တော့မယ်ဆိုတဲ့ အသိဘဲ ရှိတာ ။ နှိပ်ချပြောတာတော့ မဟုတ်ဘူး ပြည်သူအတော်များများရဲ့ စိတ်ထဲမှာ အဲလိုရှိခဲ့တာ၊ အဲဒါကြောင့် ရှမ်းပြည်သူတွေအားကိုးအားထား ပြုလောက်တဲ့ ရှမ်းပါတီကြီးဖြစ်ဖို့ကတော့ ပူးပေါင်းပြီးလုပ်ကြဖို့လိုတယ်။ အဲဒါမှ အောင်ပွဲဆင်နိုင်မှာ မပူးပေါင်း သ၍တော့ ကျွန်တော်တို့ ဒီလိုပဲ မဲပြန့်ပြီးတော့ ပြည်မက ပါတီကြီးတွေရဲ့ အနိုင်ယူမှုကို ပေးလိုက် ရမှာဘဲ။

.
မေး ။ ၂၀၁၅ ရွေးကောက်ပွဲမှာ အန်ကယ် ဝင်ပြိုင်ခဲ့တော့ နယ်မြေကလည်း အစိမ်းဖြစ်တယ် နောက်ပြီးတော့ ဘာအခတ်အခဲတွေ တွေ့ရသေးလည်းခင်ဗျ။

.
ဖြေ ။ အခတ်အခဲတွေထဲမှာ သွားရေးလာရေး လမ်းပန်းဆက်သွယ်ရေးအခတ်အခဲတွေ ရှိခဲ့တယ်၊ ရှားတော မြို့နယ်ထဲမှာဆိုရင် သွားရလာရ တော်တော်ခတ်ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် စည်းရုံးရေးကာလ ၂ လ ပေးထားတယ်။ ၂ လထဲမှာ မိုးကလည်း မကုန်သေးဘူး၊ ကားနဲ့ သွားလို့ရတဲ့ နေရာရှိသလို ကားနဲ့ သွားလို့ မရတဲ့နေရာတွေလည်း ရှိတယ်။ ကားနဲ့ သွားမရပေမယ့် ဆိုင်ကယ်နဲ့ သွားလို့ ရတဲ့နေရာ ကယားပြည်နယ် တောင်ပေါ် ရှမ်းရွာတွေ သွားခဲ့တယ်။ ဆိုင်ကယ်နဲ့ သွားမရလို့ ၂ နာရီခရီး လမ်းလျှောက်ခဲ့ရတဲ့ ရွာလေးတစ်ရွာ ရောက်ခဲ့သေးတယ်၊ ဒါကျွန်တော်သွားခဲ့တာပေါ့ ဒီထက်ဝေးတဲ့ နေရာလည်း ရှိသေးတယ် ဒါပေမယ့် ကျွန်တော် မရောက်နိုင်ခဲ့ဘူး။ ခြေလျင် အသွား ၂ နာရီ အပြန် ၂ နာရီ လျှောက်ခဲ့ရပါသေးတယ်။ ဒါက မြေပြန့် မဟုတ်ဘူး နော် တောင်ပေါ်လမ်းတွေပါ၊ အခတ်အခဲများတဲ့အထဲမှ လမ်းပန်းဆက်သွယ်ရေးရှိမယ် နောက်ပြီးတော့ ငွေရေးကြေးရေးအခတ်အခဲရှိမယ်၊ ဒါပေမယ့် ဒီအခတ်အခဲတွေကို ကိုယ့်အတွက် အခတ်အခဲဘူး ဒီအခတ်အခဲတွေကို ပြည်သူ့မျက်နှာ ကြည့်ပြီးတော့ တစ်ကယ်လို့များ ရွေးကောက်ပွဲမှာ နိုင်ခဲ့လို့ရှိရင် ပြည်သူ တွေကို ငါဘယ်လို အလုပ်အကျွေးပြုမလဲဆိုတဲ့ စေတနာလေးနဲ့ပဲ အမောဖြေခဲ့ရတယ်၊ ကျေနပ်ခဲ့ရတယ်။ မမောခဲ့ပါဘူး၊ နိုင်တာ မနိုင်တာက တစ်ကဏ္ဍပေါ့ ကျွန်တော်မရှုံးခဲ့ပါဘူး။

.
မေး ။ အန်ကယ့်အနေနဲ့ ပြောချင်တာရှိရင် ပြောနိုင်ပါတယ်။

.
ဖြေ ။ ပြောချင်တာကတော့ ကျွန်တော်ကိုယ်၌က စိတ်ပြင်းပျလို့လားမသိဘူး တိုက်တွန်းဖန်လည်းများလာပြီ၊ ကျွန်တော့်ကိုလည်း ကျွန်တော်တို့ ကျားဖြူပါတီက ပုဂ္ဂိုလ်တွေကလည်း အမြင်စောင်းတယ်၊ ကျားခေါင်းဘတ်ကို ယိုင်တယ်၊ ကျားခေါင်းဘတ်ကို ရှေ့နေလိုက်တယ်ဆိုပြီးတော့ အစည်းအဝေးတွေမှာ ကျွန်တော် အပြောခံခဲ့ရဖူးတယ်၊ တစ်ကယ်တမ်းကြတော့ ကျွန်တော်အဲလိုမဟုတ်ပါဘူး၊ ကျားခေါင်း ကျားဖြူဆိုတာက ပြည့်ညတ်ပဲ၊ ပရမတ် မဟုတ်ပါဘူး၊ တစ်ကယ့်ရည့်ရွယ်ချက်က ကျွန်တော်တို့ ပူးပေါင်းလိုက်ချင်းအားဖြင့် အရင်တုန်းကလည်း ကျွန်တော်တို့ ကျားခေါင်းရဲ့ အဖွဲ့ဝင်တွေပဲ၊ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလေ ဆိုလိုချင်တာက ကျားဖြူ ကျားခေါင်းခွဲခြားဖို့ ကျွန်တော့်စိတ်ထဲမှာ မရှိဘူး၊ ဘယ်ပါတီဘဲ ဖြစ်ဖြစ် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် လုပ်မယ်ဆိုတဲ့ ဆန္ဒဟာ ရှိနေကြတာပဲ။ ရှိနေတဲ့ ဆန္ဒချင်း အတူတူ ပါတီ မူဝါဒအရ ကွဲလွဲမှုတွေ ရှိပေမယ့်လည်း ဒီမူဝါဒတွေက လူကလုပ်တာ။

.
ကျွန်တော်တို့ ပါတီတွင်း သင်းဖွဲ့ စည်းမျဉ်းတွေ စည်းကမ်းတွေဆိုတာလည်း ကျွန်တော်တို့တတွေ လုပ်ထားတာ ။ ဒီစည်းကမ်းတွေ မပြောနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတောင်မှ ကျွန်တော်ကြိုက်လို့မှ မဟုတ်တာ၊ အဲဒီကောင်တောင် ပြင်ဖို့ ဆိုပြီးတော့ လွှတ်တော်ထဲရောက်တာ၊ ပြောချင်တာက ပြန်ချုပ်ရရင် မူဝါဒမတူညီတာကိုဘဲ ဇောင်းပေးပြီးတော့ မပူးပေါင်းနိုင်ပါဘူးလို့ ပြောတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်အနေနဲ့ ပြောချင်တာက အဲဒီအစွဲကို ခဝါချစေချင်တယ်။ အဲဒါကို အစွဲမပြုနဲ့ ကျွန်တော်တို့ ပြည်သူပြည်သားတွေရဲ့ မျက်နှာ တိုင်းသူပြည်သားတွေရဲ့မျက်နှာ တောသူတောင်သားတွေရဲ့ မျက်နှာကိုကြည့်ပြီး ကျွန်တော်တို့ နိုင်ငံရေးအလှည့်အပြောင်းတွေကို ပူးပေါင်းပြီး လုပ်မှ အပြောင်းအလဲကို မြန်မြန်ဆန်ဆန်နဲ့ အောင်ပွဲတွေ ဆင်နိုင်လိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်က ပါတီကနေ နှုတ်ထွက်မှာ ပါတီကနေ ပြောင်ချင်လားဆိုတော့ မဟုတ်ဘူး၊ ကျွန်တော့် ပါတီလူကြီးတွေကိုလည်း ကျွန်တော့် စိတ်ဆန္ဒ ဒီလိုရှိပါ့လားဆိုတာကိုလည်း သိစေချင်လို့ပါ၊ လူကြီးတွေကို ဂလန်ဂဆန်လုပ်တာလည်း မဟုတ်ပါဘူး။

.
ကျွန်တော့်စိတ်ရင်းစေတနာကလည်း တစ်ကယ်တမ်းကျတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် ဒီ ၂ ပါတီပူးပေါင်းမှ ပိုပြီးလုပ်နိုင်မယ်ဆိုတာမျိုးကို ကျွန်တော်မြင်ပြီးလို့ ပူးပေါင်းစေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော် ပါတီကနေ နှုတ်ထွက်မယ်၊ ပြီးလို့ရှိရင် အပြင် လူမှုအဖွဲ့အစည်း ကနေပြီးတော့ ပြည်သူတွေကို သင်တန်းတွေပေးသင့်ရင်လည်း ကျွန်တော်နဲ့ နီးစပ်တဲ့ လူတွေကို သင်တန်းပေးမယ်၊ အပြင်ကနေဘဲ ဒီ ၂ ပါတီပူးပေါင်းရေးအတွက် အပြင်ကနေ ဝိုင်းလုပ်သွားမယ်။ ပူးပေါင်းနိုင်လိမ့်မယ်လို့တော့ ကျွန်တော်မျှော်လင့်တာပဲလေ ပူးပေါင်းနိုင်ရင်တော့ အကောင်းဆုံးပေါ၊ အဲဒါဆိုရင် ရလာဒ်က ကောင်းမှာကိုး၊ မပူးပေါင်းနိုင်သ၍ ကာလတစ်လျှောက်လုံးတော့ စောစောက ကျွန်တော်ပြောခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲ နမ်းခမ်း မြို့နယ်က မဲဆန္ဒနယ်လို ကျားဖြူ ကျားခေါင်းကွဲနေလို့ ပြည်သူတွေ သောင်းဂဏန်းလောက်က မဲလာမပေးကြသလိုဖြစ်နေအုံးမယ်။ အဲဒါကြောင့် တစ်ခြားပါတီက နိုင်သွားတယ်။ ဒါက အရှင်းလင်းဆုံး မဲဆန္ဒနယ်က သာဓကတစ်ခုပဲ နမ်းခမ့်မြို့နယ်က မဲဆန္ဒနယ်လိုပဲ အခြားနေရာတွေမှာ လည်း ရှိခဲ့မှာဘဲ။ အဲတော့ ဒီလိုမဖြစ်အောင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြားမှာ ၅ နှစ်သက်တမ်းရှိတယ်၊ လူကြီးတွေအနေနဲ့ ပူးပေါင်းစေချေင်လို့ ကျွန်တော်အနေနဲ့ ပါတီကနေ ထွက်ပြီးတော့ အပြင်ကနေ ကျွန်တော် လှုပ်ရှားသွားမယ်။
အခုလို အချိန်ပေး ဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button