တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 48, June 14, 2024)

၁။ တီးတိန်မြို့အနီး တိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက် ၅ ဦးကျဆုံး
 June 13, 2024
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့်ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၅ ဦး‌ကျဆုံးကြောင်း PDF- Zoland က ထုတ်ပြန်သည်။ ဇွန်လ ၁၂ ရက် မနက်ပိုင်း ၆ နာရီခွဲအချိန်တွင် တီးတိန်မြို့ပြင်ရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိရာပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ ဘက်က ထိုးစစ်ဆင်လာပြီး အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟုသိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီး၊ RPG များဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် နှစ်ဘက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ များ ဖြစ်သည့် PDF-Zoland မှ ရဲဘော် ၄ ဦး နှင့် CNDF တပ်ဖွဲ့မှ ရဲဘော် ၁ ဦး စုစုပေါင်း ရဲဘော် ၅ ဦးကျဆုံးခဲ့သည်ဟု PDF-Zoland ကထုတ်ပြန်သည်။
တိုက်ပွဲအတွင်း ကျဆုံးသူများမှာ  PDF Zoland မှ ထန်ဆောမ်းလျန်း၊ ဇမ်းပျမ်းတွောန်၊ ခိုင်ရှန်းဆွောန်းဆန်၊ ထန်ရှန်းစန်း မွောင် နှင့် CNDF မှ ထျန်းထောင် တို့ဖြစ်ကြကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီပစ်ခတ်လိုက်သောကြောင့် ဒေသခံတစ်ဦး မှာ ကျည်ဆံထိမှန်ကာ ဒါဏ်ရရရှိခဲ့ကြောင်းသိရသည်။ အလားတူ တီးတိန်မြို့နယ် ဖိုင်လင် ရွာသို့  စစ်ဘေးရှောင်ရာမှ‌ နေအိမ် ကြည့်ရှု့ရန် ပြန်လာသော အမျိုးသမီးတစ်ဦး ဒေါ်ဒွန့်ခန့်ကျိန်အား  စစ်ကောင်စီကသေနတ်ဖြင့် ပစ်ခတ်ကာ လက်တစ်ဘက် ပြတ် ထွက်သွားကြောင်း သိရသည်။ ယနေ့မနက်ပိုင်းတွင်လည်း ဖိုင်လင်ကျေးရွာတွင် စစ်ကောင်စီက ဗုံးနှင့်လက်နက်ကြီးများ ပစ်ခတ် ကြောင်းသိရပြီ ထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။ လက်ရှိတီးတိန်မြို့တွင် စစ်ကောင်စီနှင့်ချင်းကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့ များအကြား စစ်ရေးတင်းမာလျှက်ရှိပြီး မြို့ပေါ်လူဦးရေအားလုံးနီးပါးမှာ စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။ Read ni full

၂။  စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ နှစ်ဖက် မြေပြင်အင်အားဖြည့်ပြီး ရှမ်းမြောက်တခွင် စစ်ရေးပြင်ဆင်နေ
  June 13, 2024
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လေကြောင်းနဲ့ ဒရုန်းတပ်ဖွဲ့တွေအပါအဝင် အင်အား ၁၅၀၀ ကျော်ကို လားရှိုး ကို ပို့ဆောင်ခဲ့တာအပြင် တန့်ယန်း၊ မိုင်းရယ်ဘက်က စစ်ယာဉ်တန်းတွေနဲ့ အင်အားအများအပြား ပို့ဆောင်ပြီး ကျောက်မဲ၊ သီပေါ၊ နောင်ချိုနဲ့ မူဆယ်တွေမှာ စစ်ရေးပြင်ဆင်မှုတွေလုပ်နေခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းကပဲ နမ္မတူနဲ့ သီပေါကြားကို ကားလမ်းကို မြောင်းတူးပြီး ဖျက်ဆီးလိုက်သလို အနီးက ပန်နေရွာမှာ လည်း စစ်ကောင်စီက ကတုတ်ကျင်းများတူးထားပြီး သီပေါမြို့တွင်း မြို့ပြင် ပတ်ပတ်လည်မှာ ခံစစ်အနေအထား စစ်ရေးပြင်ဆင် နေတာဖြစ်ပြီး ဌာနဆိုင်ရာ ရုံးတွေနဲ့ စာသင်ကျောင်းတွေ အချိန်မရွေးပိတ်ပြီး ဝန်ထမ်းတွေကို စစ်ရှောင်နိုင်ဖို့ သတိပေးနေတာလဲ ရှိတယ်လို့ သိရပါတယ်။”ဓာတ်မီး၊ ဆေးဝါးနဲ့ အဝတ်အစားအနည်းငယ်နဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ အဆင်သင့်လုပ်ထား တယ်၊ အချိန်မရွေးရှောင်ဖို့ပေ့ါလေ၊ ဘယ်တော့ ဖြစ်မလဲလို့ တထိတ်ထိတ်နဲ့နေနေရတာ၊ ဒီနေ့တော့ ကလေးတွေ ကျောင်းကပြန် လွှတ်တာမရှိဘူး”လို့ သီပေါက Non-CDM ဝန်ထမ်း ၁ ဦးက ပြောပါတယ်။
ရှမ်းမြောက်က မြို့တွေဖြစ်တဲ့ မူဆယ်နဲ့ လားရှိုးမှာ စစ်ကောင်စီက ဒရုန်းတပ်တွေအပါအဝင် အင်အားဖြည့်တင်းထား သလို တော်လှန်ရေးတပ်တွေဖြစ်တဲ့ MNDAA (ကိုးကန့်) သိမ်းပိုက်ထားတဲ့ ဒေသတလျှောက် အနီးဝန်းကျင် အင်အားဖြည့် နေရာ ယူထားပြီး သီပေါ၊ ကျောက်မဲ၊ နောင်ချို မြို့နယ်များအတွင်း TNLA (တအာင်း) အင်အားအများအပြား ရောက်ရှိလာနေပြီး မိုးကုတ်၊ မိုးမိတ်ဘက်ကိုလည်း ဆက်လက်ပြီး အင်အားတွေဖြန့်ကျက်နေတယ်လို့ ခိုင်မာတဲ့ စစ်ရေးသတင်းအမြစ်တွေထံက သိရ ပါတယ်။ “ကျမ သိန္နီပြန်ဖို့တောင် ကားပြောပြီးသား အခုက လမ်းဖျက်တာလားမသိဘူး၊ လမ်းကတော့ မိုးကျကတဲက ပျက်ပြီး သားလေ သတင်းတွေကြောင့် ပြန်လို့မရလို့ ဘုန်းကြီးကျောင်းမှာ ဆက်နေနေရတယ်”လို့ သိန္နီက စစ်ဘေးရှောင် ၁ ဦးက ပြောပါတယ်။ လားရှိုး-မိုင်းလီ-သိန္နီ၊ လားရှိုး-မိုင်းယော် လမ်းကြောင်းမှာလည်း MNDAA (ကိုးကန့်) နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာ လာပြီး လမ်းတွေပိတ်လိုက်တာအပြင် မိုင်းလီတံတားကျိုးသွားလို့ ခရီးသွားနဲ့ဒေသခံပြည်သူတွေ သွားလာမယ်ဆိုရင် သေချာ စုံစမ်းပြီးမှ သွားလာကြဖို့ သတိပေးနေကြပါတယ်။ လားရှိုး-မိုင်းယော်ကြားက ကောင်းဟုန်ရွာမှာ စစ်ကောင်စီတပ်ရှိနေပြီး MNDAA (ကိုးကန့်)က ကောင်းခမ်းရွာဘက်မှာ အင်အားရာချီရောက်နေပြီး မိုင်းလီဘက်မှာ ဒရုန်းတွေပါတဲ့အင်အား ၄၀၀ ကျော် ရောက် နေတယ်လို့ စစ်သတင်းအရင်းအမြစ်တွေထံကသိရပါတယ်။ Read ni full
၃။ လွိုင်ကော်မြို့စက်မှုဇုန်အနီး တိုက်ပွဲရက်ဆက်ပြင်းထန်
 June 13, 2024
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ စက်မှုဇုန်အနီးတိုက်ပွဲရက်ဆက်ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။ ဇွန်လ ၉ ရက်ကစ၍ စက်မှုဇုန်အနီးရှိ လယ်တွဲရွာ၊ ကုန်းသာရွာ၊ ထီရိရွာနှင့် ကယန်းသာယာကျေးရွာတို့ကို စစ်ကောင်စီက နယ်မြေစိုးမိုးမှုရရှိရန် ကြိုးပမ်းနေ၍ အနီးတစ်ဝိုက် ထိတွေ့မှုများရှိနေခြင်းဟု ဆိုသည်။ “ထိခိုက်မှုက တော့ရှိတယ်။ တပ်ပေါင်းစုက ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရတာရှိတယ်။ မနေ့က ညပိုင်းအထိ တိုက်ပွဲက တော်တော်ပြင်းထန်နေ တယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီ၏ စစ်ကြောင်းထိုးနေသည့် ပုံစံအရ မိုးဗြဲ  -လွိုင်ကော် လမ်း ပိုင်းကို ကနဦးထိန်းချုပ်နိုင် ရည်ရွယ်ထားပြီး ထို့နောက် မိုးဗြဲ နှင့် လွိုင်ကော်မြို့များသို့ စစ်ကြောင်းဝင်နိုင်သည်ဟု ကရင်နီတပ် ပေါင်းစုက ခန့်မှန်းထားသည်။ ဇွန်လဒုတိယပတ်က မိုးဗြဲ မြို့ဘက်သို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၃)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ​၏ ဒရုန်းတစ်စီးကို ပစ်ချ နိုင်ခဲ့ကြောင်း ဖယ်ခုံ PDF တာဝန်ရှိသူ အသိပေးသည်။
ထို့အတူ မိုးဗြဲအခြေစိုက် ခလရ(၄၂၂)တပ်က လည်း မိုးဗြဲမြို့တွင်းသို့ ထိုးစစ်ဆင်လာပြီး လွိုင်ကော်မြို့မှလာသည့် စစ်ကောင်စီတပ်နှင့်ပူးပေါင်းရန် ရှိကြောင်းလည်း ၎င်းက ဆိုသည်။ မေလဒုတိယပတ်ကစ၍ ရှမ်းပြည်နယ် ဆီဆိုင် မြို့မှတဆင့် ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အတွင်း အင်အား ၅၀၀ ခန့်ဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့သည်။ အဆိုပါစစ်ကောင်စီ စစ်ကြောင်းသည် လွိုင်ကော် -မိုးဗြဲ- ဆီဆိုင် လမ်းခွဲပေါ်ဖြန့်ကျက်နေရာယူထားကြောင်း ဇွန်လပထမပတ်တွင် KNDF တာဝန်ရှိသူ က ပြောထားသည်။ ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့သော ကရင်နီပြည်နယ် ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း ပြည်နယ် ပြင်ပမှနေ၍ စစ်ကောင်စီက ပထမဆုံးအကြိမ် စစ်ကြောင်းပြန်ထိုးလာခြင်းဖြစ်ပြီး ၎င်းတို့ ဆုံးရှုံးထားသော စခန်းများကို ပြန် လည်ရယူရန်ဟု ကရင်နီတပ်ပေါင်းစုက သုံးသပ်သည်။ Read ni full

၄။  စစ်ရှောင်ရာက နေအိမ်ပြန်လာတဲ့ အမျိုးသမီးတွေအပါအဝင် ရွာသား ၅၉ ဦးကို စစ်ကောင်စီနဲ့ PNO ဖမ်းဆီးထား
 June 13, 2024
ရှမ်းတောင်၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့နယ်၊ ထီဗွာ(ရေဖြူ)ကျေးရွာက ဒေသခံ အမျိုးသမီးတွေအပါအဝင် ရွာသား ၅၉ ဦး ကို စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးထားတာ  ၃ ရက်ကျော်ကြာသည်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ PNLA က ထုတ်ပြန်ကြေညာပါတယ်။ ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာက ဒေသခံ ၅၉ ဦးကို စစ်ကောင်စီနဲ့သူ့လက်အောက်ခံ PNO ပြည်သူ့စစ်က ဇွန်လ ၁၀ ရက်ကတဲကဖမ်းဆီးထားတာဖြစ်ပြီး ယနေ့အထိ ပြန်လွှတ်တာမရှိသေးဘူးလို့ သိရပါတယ်။ စစ်ဘေး ရှောင်နေတဲ့ ရွာသူရွာသားတွေပြန်မလာရင် အိမ်တွေ မီးနဲ့ရှို့မယ်လို့ ခြိမ်းခြောက်လို့ ပြန်လာရတဲ့သူတွေကို ကျေးရွာခန်းမမှာ ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေမှာ အသက် ၄၀ ကျော်အများစုဖြစ်ပြီး အမျိုးသမီးဦးရေ ထက်ဝက်ကျော်ပါဝင်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီး ပြန်ပေးဆွဲငွေတောင်းတာတွေ ပြုလုပ်နေသလို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်တာတွေမကြာခဏကျုးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဇွန်လ ၁၂ ရက်က ပအိုဝ်းလူငယ် အစည်းအရုံး PYO က ထုတ်ပြန်တဲ့ ရှမ်းတောင်တိုက်ပွဲ(ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင်လောင်း)၁၄၀ ရက်ကြာ အချက်အလက်တွေ ထဲမှာ  အရပ်သားသေဆုံးမှု ၇၇ ဦးနဲ့ အရပ်သားထိခိုက်ဒဏ်ရာရသူ ၁၀၁ ဦးလို့ဖော်ပြထားပြီး စစ်ကောင်စိနဲ့ PNO ကဖမ်းဆီး စစ်ဆေးခံရစဉ် သေဆုံးသူ  ၂၄ ဦးအထိ ရှိလာနေပြီလို့ ဖော်ပြပါရှိပါတယ်။ Read ni full
၅။  ဝိုင်းမော်က စစ်ကောင်စီတပ်စခန်းနှစ်ခု KIA ဆက်လက်သိမ်းပိုက်
 June 14, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝိုင်းမော်-ချီဖွေ ကားလမ်းပေါ်က အရေးပါတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) က ဇွန်လ ၁၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ ဝိုင်းမော်မြို့နယ် ဆနီခူးရွာအနီးက အင်အား လေးဆယ်ခန့်နဲ့ အထိုင် ချထားတဲ့ တပ်စခန်းနှစ်ခုကို သိမ်းယူခဲ့တာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ “မနေ့က နေ့လယ်ပိုင်းမှာ ဆနီခူးဆိုတဲ့ တပ်စခန်းနှစ်ခု ဆက်သိမ်းတာ ရှိပါတယ်။ အဲစခန်းက ခရီးတစ်ထောက် လုံခြုံရေးယူတဲ့စခန်းဖြစ်သလို ခရီးသွားပြည်သူလူထု စစ်ဆေးတဲ့ဂိတ် တစ်ခုလည်း ဟုတ်တယ်။ ဆဒုံးကနေ ချီဖွေကိုသွားတဲ့ လမ်းခွဲအတိုင်း နည်းနည်းဆက်သွားလို့ရှိရင် အဲဒီဂိတ်ရောက်တယ်။ ဆိုတော့ လမ်းရဲ့ လုံခြုံရေးအတွက်တော့ အင်မတန်မှ အရေးကြီးတဲ့ စခန်းတစ်ခုဖြစ်ပါတယ်” ဝိုင်းမော်မြို့နယ်အပြင် မံစီနဲ့ မိုးမောက်မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မံစီမြို့နယ်က မနေ့ကတိုက်ပွဲမှာတော့ စစ်ကောင်စီတပ် ရဲ့ တင့်ကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။
မနေ့ကတစ်ရက်တည်းမှာပဲ ၀ိုင်းမော်မြို့ ခလရ (၅၈) တပ်ရင်းအနီးတစ်၀ိုက်က လမြန်နဲ့ ၀ူယန်ရွာတွေဘက်မှာ တိုက်ပွဲ တွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြာင်းပစ်ကူသုံးပြီး အပြင်းအထန် ခုခံနေတယ်လို့ လည်း ဆိုပါတယ်။ ဇွန်လ ၁၃ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ဝိုင်းမော်မြို့နယ် မိုင်းနားရွာအနီးက ငှက်ပျောခြံထဲကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။ ၂၀၂၄ နှစ်ဆန်းပိုင်းကစလို့ ကချင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်လာပြီး လွယ်ဂျယ်၊ ဆွမ်ပရာဘွမ်၊ ဆင်ဘို၊ ဒေါ့ဖုန်းယန်နဲ့ ဆဒုံးမြို့တွေ အပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၂၀ ကျော်ကို KIA က သိမ်းယူထားနိုင်ပြီလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ Read ni full
၆။  မင်းတပ်နှင့် ယောဒေသအစပ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်
 June 13, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် ယောဒေသကြားတစ်နေရာကို (ဇွန်လ ၁၃ ရက်)နံနက်တွင် စစ်ကောင်စီက လေ ကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့သည်။ “ယောနဲ့ မင်းတပ်တိုက်နယ်(၁)ကြားကို ပစ်သွားတာပါ။ အေလာလေဆိပ်က‌နေတက်လာ တဲ့ ဂျက်ဖိုက်တာက ပစ်တာ။ မြေပြင်နဲ့ အဆက် အသွယ်မရသေးဘူး။ နောက်ထက်လေကြောင်း သတိပေးချက်တွေရှိနေတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ နံနက် ၈ နာရီ ၄၀ မိနစ်တွင် လေကြောင်းမှတိုက်ခိုက်ခြင်းဖြစ်ပြီး ထပ်မံ၍တိုက်ခိုက်လာ နိုင်ကြောင်းလည်း သတင်းများရရှိထားကြောင်း မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(CDF -Mindat) ရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် မေလ ၄ ရက်မှ ၆ ရက်အတွင်း မင်းတပ်မြို့အား လေကြောင်းတိုက်ခိုက်မှုလေးကြိမ်ပြု လုပ်ခဲ့လေ သည်။ ဇွန်လ ၄ ရက် ညက မင်းတပ်မြို့နယ်၊ တိုက်နယ်(၂)ရမ်ပန်းကျေးရွာကို  စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း CDF Mindat က သတင်းထုတ်ပြန်ထား သည်။ Read ni full

၇။ တောင်ကုတ်က စစ်ကောင်စီတပ်ရင်းများတွင် မွတ်ဆလင်စစ်သားအင်အားဖြည့်
 June 13, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများတွင် စစ်သင်တန်းဆင်းမွတ်ဆလင် လူရာနှင့်ချီကို အင်အားဖြည့်ထားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များထံမှ သိရသည်။ တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်မ စကခ (၅)၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) တို့ ရှိနေပြီး ယင်းတပ်ရင်းများထဲတွင် ဇွန်လအစောပိုင်းမှစ၍ စစ်သင်တန်းဆင်း မွတ်ဆလင်များကို မြင်နေရကြောင်း မြို့ခံများက ပြောသည်။“တောင်ကုတ်က စစ်တပ်ထဲမှာပဲ မွတ်ဆလင်စစ်သားတွေကို ကားနဲ့ အတင်အချလုပ် တာတွေကို တွေ့ခဲ့ကြတာ။ စစ်ကောင်စီက ဘာတွေထပ်ယုတ်မာဦးမလဲ ဆိုတာကို ကြောက်လို့ ဒေသခံတွေ ရှောင်ပြေးသွားကြ တာရှိတယ်။ AA တိုက်လာရင် မွတ်ဆလင်တွေထည့်သုံးပြီး ခုခံမယ့်ပုံပဲ”ဟု သတင်း ရင်းမြစ်တစ်ဦးက ပြောသည်။ ထိုသို့ အင်အား ဖြည့်တင်းနေမှုကြောင့် မြို့ပေါ်ရပ်ကွက်အပါဝင်၊ စစ်ကောင်စီတပ်ရင်းအနီးနားရှိ ရန်ခေါ်၊ ဖုံညို၊ တရဂူ စသည့် ကျေးရွာများနှင့် တန်းလွဲရွာမ မြို့အနီးနားကျေးရွာမှ ဒေသခံအများအပြားမှာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်မှုများ ရှိနေသည်။
တောင်ကုတ်မြို့ကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းခရီးများ ပိတ်ဆို့ထား၍ ဘေးလွတ်ရာသို့ ထွက်ပြေးရာတွင် အခက်အခဲလည်း ရှိနေကြသည်။“တောင်ကုတ်ကိုလည်း စစ်ကောင်စီက အဝင်အထွက် ပိတ်ထားတယ်။ ဒါပေမယ့် ဒေသခံတချို့က ခပ်စိပ်စိပ်ထွက်ပြေးနေကြတာ ရှိတယ်။ တိုက်ပွဲတွေဖြစ်ရင် မောင်တော၊ ဘူသီးတောင်တို့မှာလို မွတ်ဆလင်တွေလည်း ပါလာမှာကို စိုးရိမ်နေရတယ်” ဟု တောင်ကုတ်ဒေသခံ နောက်တစ်ဦးက ပြောသည်။ စစ်ကောင်စီသည် ရခိုင်ပြည်ရှိ ဒုက္ခသည် စခန်းများမှ မွတ်ဆလင်များအား အတင်းအဓမ္မ စစ်သင်ပေးလျက် ရှိသည်။ ထို့အတူ RSO၊ ARSA၊ ARA စသည့်အဖွဲ့များကလည်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ လူငယ်များအား စစ်ကောင်စီထံ စစ်သားရောင်းချမှုများ ရှိနေသည်။ အဆိုပါ မွတ်ဆလင်များကို စစ်ကောင်စီက ရက်တိုစစ်သင်တန်းပေးပြီးနောက် ရခိုင်စစ်ပွဲအတွင်း အသုံးပြုနေသည်။  Read ni full
၈။ မိုင်းကိုင်မှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ထိတွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ SSPP ထုတ်ပြန်
 June 14, 2024
ရှမ်းတောင် မိုင်းကိုင်မြို့နယ်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ နှက်ဖက်ထိတွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ SSPP မနေ့က ဇွန်လ ၁၃ ရက်နေ့ က ရှမ်းဘာသာနဲ့ထုတ်ပြန်လာပါတယ်။ ဖြစ်စဉ်က ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာ တုံလောကျေးရွာအနီးတဝိုက်မှာ ကင်းလှည့်နေတဲ့ SSPP တပ်သားက RCSS တပ်သားနဲ့ ထိတွေ့ပြီး နှစ်ဖက်ကြား ၁၅  မိနစ် ဝန်းကျင် တိုက်ပွဲဖြစ်ပွားပြီး RCSS ဖက်က နောက်ပြန်ဆုတ်ထွက်ခွာသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ နှစ်ဖက်ကြားထိတွေ့ပြီး တိုက်ပွဲဖြစ်ပွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး SSPP ဘက်က ထိခိုက်မှုမရှိပေမယ့် RCSS ဘက်က စစ်သုံးပစ္စည်းတစ်ချို့တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။
အလားတူပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ နေ့လည်ပိုင်း ၂ နာရီကျော်မှာ SSPP တပ်သားက ကားစီးပြီး မိုင်းယွန်းအုပ်စု နောင်ပတ်ကျေးရွာအနီး တဝိုက်မှာ စစ်ဆေးမှုပြုလုပ်ဖို့ ထွက်နေတဲ့အချိန်မှာ RCSS ဘက်က ဆွဲမိုင်း ၃ လုံးနဲ့တိုက်ခိုက်ခဲ့ပြီး SSPP တပ်သားတစ်ဦး ခြေထောက်မှာ ထိခိုက်ပြီးဒဏ်ရာရခဲ့တယ်လို့ ပြောဆိုထထားပါတယ်။ SSPP စစ်ကြောင်းနဲ့ ယဉ်တန်းတွေအပါ အဝင် SSPP တပ်ဖွဲ့တွေအပေါ် မေလကနေ ဇွန်လ ပထမပတ်အထိ RCSS က ၇ ကြိမ်ခန့် ချောင်းမြောင်းမိုင်းဆွဲတာ တွေပြုလုပ်ခဲ့ တယ်လို့ အဆိုပါထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လနောက်ဆုံးအပတ်မှာ လဲချားမြို နယ်မှာ SSPP နဲ့ RCSS တိုအကြား နောက်ဆုံးတိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၉ ရက်မှာ  SSPP နဲ့ RCSS တိုအကြား အချင်းချင်း အပစ်အခတ်ရပ်စဲကြောင်း  ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ထားပါတယ်။ Read ni full

၉။  ထပ်မံရောက်ရှိလာတဲ့ လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်အတွက် နေရာထိုင်ခင်း၊ အမိုးအကာ လိုအပ်နေ
 June 13, 2024
ပြီးခဲ့တဲ့ မေလပိုင်းကစပြီး လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ရှောင်တွေ ထပ်မံရောက်ရှိလာပြီး နေရာထိုင်ခင်း၊ အမိုးအကာ လိုအပ်နေတယ်လို့ သိရပါတယ်။ မိုးရာသီကာလဖြစ်တာကြောင့် အမိုးအကာ အရေးပေါ်လိုအပ်နေသလို စားနပ် ရိက္ခာအတွက်လည်း ထောက်ပံ့မှုလိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ “မိုးတွင်းဆိုတော့  အဓိက မိုးကာပေါ့  မိုးကာ ပြီးတော့ တချို့ခါကျတော့ ပြေးလွှားရင်း နဲ့ ရွာမှာကတည်းက ရက်ပိုင်းနဲ့ပဲ ထွက်ပေးပါ  ဆိုပြီးတော့ ပစ္စည်းတွေ မသယ်ရတော့ စောင်တွေ ခြင်ထောင်တွေ အကုန်မပါခဲ့ဘူးပေါ့နော်။ မလုံမလောက်ခါကျတော့ မိုးတွင်းဆိုတော့ မိုးတအားအေးတဲ့ခါကျတော့ ကျန်းမာရေး ထိခိုက်နိုင်တယ်။ အဲ့လိုမျိုးတွေ ဖြစ်သွားတယ်လေ။ အဓိကခါကျတော့ အမိုးပေါ့ အမိုးက မလုံဘူး မိုးတအားပက် တယ် မိုးကာ အဟောင်းတွေနဲ့ပဲ ပိတ်မယ်ဆိုလည်း တအားပက်တယ်။” လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ တိုက်ပွဲ တွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေဟာ လွိုင်လင်လေး၊ ရေဖြူ၊ နာနတ်တော၊ ထေးငှားလျား နဲ့ အနီးအနား က ကျေးရွာက ဒေသခံတွေဖြစ်ကြပြီး လူဦးရေ နှစ်ထောင်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

စစ်ရှောင်ကာလ တစ်လကျော်ရှိနေပြီး နေထိုင်ရေးအတွက် ခက်ခဲနေဆဲဖြစ်သလို ရွာကနေ ထွက်ပြေးလာစဉ်ကလည်း အသုံးအဆောင်ပစ္စည်းတွေ မပါလာတာကြောင့် လိုအပ်နေတယ်လို့ ဆိုပါတယ်။ မိုးရာသီကာလဖြစ်တာကြောင့် လွိုင်ကော်အရှေ့ ဘက်ခြမ်းက ရှိနှင့်ပြီးသား စစ်ရှောင်တွေအတွက် အမိုးအကာတွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ထပ်မံရောက်ရှိ လာတဲ့စစ်ရှောင်တွေကို ပေးဝေဖို့အတွက် လိုအပ်ချက်ရှိနေပြီး အလှူရှင်တွေလည်း မရောက်ရှိဘူးလို့ စစ်ရှောင်စခန်း ကော်မတီ ဝင်တစ်ဦးက ပြောပါတယ်။ “ကျနော်တို့ အမိုးအကာတွေက စစ်ရှောင် စခန်းတွေမှာ ဝေမျှတာတွေရှိတယ်ပေါ့နော်။ ဒါပေမယ့် စစ်ရှောင် များတော့ လိုအပ်နေတာတွေ ရှိသေးတာပေါ့။ ကျနော်တို့လည်း လိုအပ်နေပါတယ်။ အလှူရှင်တွေလည်း နည်းလာ တယ်”လို့ သူက ပြောပါတယ်။ ဒေသတွင်းတိုက်ပွဲတွေကြောင့် လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်ဦးရေ နှစ်သောင်းဝန်းကျင် ခိုလှုံနေထိုင်ကြတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

၁၀။  ဖာပွန်စစ်ဘေးရှောင်များကို ဖမ်းဆီးထားသည်ဟုဆိုသည်မှာ စစ်ကောင်စီဝါဒဖြန့်မှုသာဖြစ်ကြောင်း ကေအဲန်ယူ တုန့်ပြန်
June 12, 2024
ကေအဲန်-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅) နယ်မြေတွင် တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် ဖာပွန် စစ်ဘေးရှောင်ပြည်သူများကို ကေအဲန်ယူ တပ်မဟာ(၅)က သွားလိုရာမြို့ကို ပေးမသွားဘဲ တော တောင်ထဲတွင် ၃ လ ကျော်ကြာ အောင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် Telegram Channel တွင် ဖော်ပြထားမှုမှာ ဝါဒဖြန့်မှုသာဖြစ် ကြောင်း ကေအဲန်ယူဘက်က တုန့်ပြန်လိုက်သည်။ အဆိုပါစစ်ဘေးရှောင်များကို ကေအဲန်ယူအနေဖြင့် ယခင်က တောင်ယာလုပ် ကိုင်စားသောက်ခွင့်ပြုထားပြီး စစ်ကောင်စီတပ်က လမ်းပိုင်းတချို့တွင် ဒေသခံရွာသားများကို စစ်ဆေးမှုမေးမြန်းမှုများပြုလုပ် ခြင်းနှင့် စစ်ရှောင်နေရာများကို လေယာဉ်ဗုံးကြဲမှုများပြုလုပ်ခြင်းကြောင့် ၎င်းစစ်ရှောင်များကို ယာယီအသွားအလာ ကန့်သတ် ထားခြင်းမျိုးသာဖြစ်ကြောင်း ကေအဲန်ယူ တပ်မဟာ(၅)၏ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စောကလယ်ဒို့က ယခုလိုပြောသည်။
“ပြည်သူ ၇၀ ကို ဖမ်းဆီးချုပ်နှောင်ပြီးတော့ ဖုန်းတွေသိမ်းတယ်ဆိုတဲ့သတင်းက မှန်ကန်မှုမရှိဘူး။ ရွာသားတွေက တောင်ယာတွေ လုပ်ကိုင်စားသောက်ကြဖို့ ခွင့်တောင်းတယ်။ အဲ့တာကြောင့် တောင်ယာ လုပ်ပိုင်ခွင့်ပြုပေးတယ်။ သူတို့အပြင် သွားလာတဲ့အပေါ်မှာ စကစတွေနဲ့တိုးတော့ စစ်ကောင်စီက သူတို့ကို မေးမြန်းတယ်။ သူတို့ရဲ့ ခိုလှုံတဲ့နေရာတွေမေးတော့ ပြောပြ လိုက်တော့ အဲ့နေရာတွေကို လေယာဉ်နဲ့ ဗုံး လာကြဲတာ ၂ ခါရှိပြီး။ လေယာဉ်လာကြဲတော့ လက်ရှိထားပေးထားတဲ့နေရာမှာ လုံခြုံရေးအတွက် ယာယီ အပြင်ထွက်ခွင့်မပေးတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျန်ရှိနေတဲ့ စစ်ရှောင်ထားတဲ့နေရာတွေကို ထပ်ပြီးမသိစေချင်တော့ဘူး”ဟု ဒုဗိုလ်မှူး စောကလယ်ဒို့က ပြောသည်။ Read ni full

၁၁။ မရာလက်နက်ကိုင် ၂ ဖွဲ့၏ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ် ရပ်တန့်နေဟု CDF-Mara ထုတ်ပြန်
 June 14, 2024
မရာလက်နက်ကိုင်တပ်ဖွဲ့  ၂ ခုဖြစ်သည့် မရာဒေသကာကွယ်ရေးတပ်ဖွဲ့ MDF/MTC နှင့် CDF-Mara တပ်ဖွဲ့တို့အကြား သဘောတူထားသော ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်မှာ ရှေ့ဆက်တိုး၍မရတော့ဘဲ ရပ်တန့်နေ သည်ဟု CDF-Mara ကပြောဆိုလိုက်သည်။ နှစ်ဦးနှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသော ငြိမ်းချမ်းရေးနှင့် ပူးပေါင်းရေးအတွက် သဘောတူညီချက်အချို့ကို MTC/MDF ဘက်မှ ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး ငြိမ်းချမ်းရေးပျက်ပြားအောင် ရည်ရွယ် ချက်ရှိရှိ ပြုလုပ်ခြင်းကြောင့် Reunification မှ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများ ရှေ့ဆက်မတိုးတော့ဘဲ ရပ်တန့်သွား ခြင်းဖြစ်သည်ဟု ဇွန်လ ၁၂ ရက်နေ့က CDF-Mara ကထုတ်ပြန်သည်။ MDF/MTC နှင့် CDF-Mara တို့သည် လွန်ခဲ့သော မေလ ၂၂ နှင့် ၂၃ ရက်နေ့က မရာ ဧဝံဂေလိအသင်းတော် ဦးဆောင်သော ငြိမ်းချမ်းရေးကော်မရှင်မှ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးမှု ကြောင့် ငြိမ်းချမ်းရေးနှင့် ပူးပေါင်းရေးအတွက် သဘောတူချက် ၇ ချက်၊ လိုက်နာရန်နှင့် ဆက်လက်ဆောင်ရွက်ရန် သဘောတူ ညီချက် ၈ ချက်တို့ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

ငြိမ်းချမ်းရေးနှင့် ပူးပေါင်းရေးအတွက် လိုက်နာရန်နှင့် ဆက်လက်ဆောင်ရွက်ရန် သဘောတူညီချက် နံပါတ် ၈ အရ နှစ်ဦး နှစ်ဘက် ဖမ်းဆီးထားသူများအား လက်မှတ်ထိုးသည့်နေ့မှစ၍ ၁၄ ရက်အတွင်း ပထမခြေလမ်းအနေဖြင့် အပြန်အလှန် ယုံကြည်မှုဖြင့် ချွင်းချက်မရှိ လွတ်ပေးရမည်ဖြစ်သော်လည်း MTC/MDF မှ ထိန်းသိမ်းထားသူ ၃ ဦးကို လွှတ်ပေးရန် ငြင်းဆိုခဲ့ သည်ဟု ထုတ်ပြန်ချက်မှာဖော်ပြထားသည်။ ထို့အပြင် သဘောတူညီချက် နံပါတ် ၂ ဖြစ်သော မရာဒေသ အတွင်း လက်နက်ကိုင် အဖွဲ့အစည်းများ ဖြတ်သန်းလိုပါက MDF နှင့် CDF-Mara စစ်ဦးစီးချုပ်များနှင့် ငြိမ်းချမ်းရေးကော်မရှင်ထံ အကြောင်းကြားပြီး ဖြတ်သန်းခွင့်ပြုမည်ဟု သဘောတူ ထားသော်လည်း၊ ဇွန်လ ၁ ရက်နေ့က CNA မှ မတူပီမြို့နယ် ‌ဆတူးရွာသို့ ခရီးသွားရန် MDF စစ်ဦးစီးချုပ်ထံ အကြောင်းကြားထားသော်လည်း လစ်လှူရှုပြီး ငြင်းပယ်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ CDF-Mara တပ်ဖွဲ့ဘက်ကတော့ ဖမ်းဆီးထားသူ ၂ ဦးကို ဇွန်လ ၁၀ ရက်နေ့နံနက်ပိုင်း ၈ နာရီတွင် တာဝန်ရှိသူများထံ ကောင်း မွန်စွာလွှဲပြောင်းအပ်နှံကာ ကျန် ၂ ဦးကို ‌စောင့်ကြည့်ရန်ရှိနေသဖြင့်ခေတ္တထိန်သိမ်းထားဆဲဖြစ်သည်ဟု ဆိုသည်။ ချင်းအနွယ်ဝင် မရာမျိုးနွယ်စုများမှ ဖွဲ့စည်းတည်ထောင်ထားကြသော MDF နှင့် CDF-Mara တပ်ဖွဲတို့သည် နှစ်ဖက်သဘော ထားကွဲလွဲမှုတို့ ကြောင့် စစ်ရေးတင်းမာမှုရှိလာပြီးနောက် ယခုနှစ်ဆန်ပိုင်းကစတင်၍ တိုက်ပွဲပေါင်း ၁၀ ကြမ်ထက်မနည်း ဖြစ်ပွားကာ နှစ်ဘက် ထိခိုက် ကျဆုံးမှုများလည်းရှိခဲ့သည်။  Read ni full

၁၂။ မောင်တောက အလယ်သံကျော် နယ်ခြားစောင့်စခန်းကို AA သိမ်းယူ
 June 13, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က မြန်မာ-ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA) က ဇွန်လ ၁၂ ရက်မှာ သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ AA သိမ်းယူလိုက်တဲ့ အလယ်သံကျော် နယ်ခြားစောင့် စခန်းမှာ စစ်ကောင်စီတပ်သားအင်အား သုံးရာနီးပါး တပ်စွဲနေထိုင်ခဲ့တာပါ။ ဒီတပ်စခန်းက စစ်ကောင်စီအတွက် အရေးပါတယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “အလယ်သံကျော်စခန်းက စစ်ကောင်စီတပ်အတွက် အတော်လေးကို အရေးပါတယ်။ ဘာလို့ လဲဆိုရင် ပင်လယ်ထွက်ပေါက်အတွက်ရော၊ ထောက်ပို့လမ်းကြောင်းအတွက်ရော သုံးတဲ့စခန်းလေ။ အဲဒီစခန်းမှာ အရာရှိတွေ လည်း နေတာ” နယ်ခြားစောင့်စခန်းကို စွန့်ခွာသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ AA တို့အကြား တိုက်ပွဲတွေဆက်ဖြစ်နေတယ် လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာတွေထဲ ကျရောက်ပေါက်ကွဲပြီး အရပ်သားတချို့ ထိခိုက်ဒဏ်ရာရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မောင်တောမြို့နယ်မှာ အမှတ်(၁) ကျီးကန်းပြင် နယ်ခြားစောင့် ဌာနချုပ် အပါအဝင် စခန်းအများအပြားကို AA က သိမ်းယူထားပါတယ်။ လက်ရှိမှာ ချင်းပြည်နယ်၊ ပလက်ဝအပါအဝင် ရခိုင်ပြည် နယ်က မြို့နယ် ဆယ်ခုကို AA က သိမ်းယူထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ် အခြေစိုက်ရာ အမ်းမြို့နယ်၊ သံတွဲမြို့နယ်နဲ့ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ Read ni full

၁၃။ တနင်္သာရီတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး ဒဏ်ရာရ၊ နေအိမ်များပျက်စီး
 June 14, 2024
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ဇွန် ၁၃ ရက်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူတဦး ဒဏ်ရာရသွားပြီး နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က မနေ့ညနေ ၃ နာရီကျော်လောက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိပဲ တကူတိုက်နယ်ထဲက ပြည်အေး ရွာ၊ အင်းရှည်ကုန်းရွာ၊ သံတိုက်ရွာနဲ့ ခြာက်အိမ်စုရွာတွေဘက်ကို Mi-2 တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ ဗုံးသီး ၁၀ လုံးကျော် လာရောက်ဗုံးသီးကြဲ တိုက်ခိုက်သွားတယ်လို့  ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ပြည်အေးရွာက အသက် ၂၀ ကျော်အရွယ် မောင်ချမ်းစိုးရဲ့ ခါးမှာဗုံးသီးကျည်စအနည်းငယ်ထိမှန်ဒဏ်ရာရခဲ့ပြီးတော့ ဒေသခံ ပြည်သူနေအိမ်တလုံး  ထိခိုက်ပျက်စီးခဲ့တယ်လို့ ရွာသားတဦးက ပြောပါတယ်။

“လေကြောင်းက နှစ်ကြိမ်လာကြဲသွားတာပါ။ ရဟတ်ယာဥ်က နှစ်စီးလာတာပါ၊ အိမ်တလုံးနဲ့ မီးသတ်ရုံးနားက ကျောက်တွေ အုတ်ခဲတွေထားတဲ့ အဆောက်အအုံတလုံးလည်း ပျက်စီးသွားတယ်၊ ဘာကြောင့်လာကြဲတယ်ဆိုတာတော့ မသိရ ဘူး။” စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်မှာ လေကြောင်းအသုံးပြုတိုက်ခိုက်တာကို အခုနှစ် ဇန်နဝါရီ ပထမအပတ်မှာ စတင် ပြီးတော့ ဘန်လောရွာတိုက်ပွဲတွေမှာ အသုံးပြုလာတာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ အဆိုပါနေ့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တွေ တကူတိုက်နယ်ဘက်ကို ဗုံးကြဲဖို့ပျံသန်းလာချိန် ကျေးရွာတွေရှိ စာသင်ကျောင်း တွေအားလုံး ပိတ်လိုက်ရသလို ရပ်ရွာတွေထဲက ပြည်သူတွေမှာလည်း စိုးရိမ်ထိတ်လန့်ပြီး နေအိမ်တွေအတွင်း ဝင်ရောက်ပုန်းခိုနေကြရပါ တယ်။ Read ni full

၁၄။ ဝိုင်းမော်မြို့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ လုံခြုံတဲ့နေရာပြင်ဆင်ထားဖို့လိုတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော
June 13, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာတွေပြင်ဆင်ထားဖို့လိုတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့လောက်ကစပြီး မြစ်ကြီးနား ဘက်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေဟာ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားတွေနေတဲ့ နေရာတွေမှာ ကျရောက်ပေါက် ကွဲခဲ့ပြီး အရပ်သားသေဆုံးမှုမြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ပြီးလုံခြုံတဲ့နေပြင်ဆင်ထားဖို့ လိုတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။“အဓိကကတော့ စကစဘက်က ရန်သူရှိမရှိ ဘာမှ နားမလည်ဘူး ပြည်သူလူထုရှိတဲ့ဘက်မှာပဲ ရမ်းပစ်နေတာ အဲ့တာကိုတော့ကျနော်တို့ ဂရုစိုက်ဖို့လိုပါတယ်။ တိုက်ပွဲမရှိဘူး KIA တွေမရှိဘူးဆိုပြီးမှ ကိုယ့်ရဲ့ နေရာတွေ ရပ်ကွက်တွေကလုံခြုံတာမဟုတ်ဘူးအဲ့တာကိုကျနော်ပြောလိုပါတယ်။ ဒါ့ကြောင့် လုံခြုံတဲ့နေရာတွေတော့ ပြင်ဆင်ထားဖို့ကတော့ လိုတယ်လို့ပြောလိုပါတယ်။”လို့ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေအတွင်း ကျေးရွာရပ်ကွက်တွေမှာရှိတဲ့ ဘာသာရေးအဆောက်အဦးနဲ့ စာသင်ကျောင်းတွေမှာ စစ်ရှောင်တွေအနေနဲ့ တိမ်းရှောင်နေကြပေမယ့် ဒီနေရာတွေကိုလည်း စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် လုံခြုံမှု မရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ခတ်ချိုရွာနဲ့ သိမ်ကြီးစုရွာမှာ ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ နှစ်ရက်ဆက်တိုက်အရပ်သားသေဆုံးမှုတွေရှိခဲ့ပြီး လက်နက်ကြီးကျခဲ့တဲ့နေရာ တွေနဲ့ ဝိုင်းမော်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲကြီးကြီးမားမားဖြစ်တာမရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူ ကဆက်ပြောပါတယ်။“ဝိုင်းမော်မြို့ရဲ့ပတ်ဝန်းကျင်မှာကတော့ တိုက်ပွဲတွေကမရှိပါဘူး ဒါပေမဲ့ စကစ ဘက်ကတော့ သူတို့လုံခြုံရေး မြှင့်ပြီးမှ တစ်ခါ တစ်ရံ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေတော့ရှိပါတယ်။ နောက်တစ်ခုက သူတို့ မပခ ဘက်က နေ လက်နက်ကြီးနဲ့ပစ်တာတွေရှိတယ်။ ပြီးတော့ဒရုန်းနဲ့လေကြောင်းတွေရောပေါ့။ မြေပြင်တိုက်ပွဲကြီးကြီး ကျယ်ကျယ်ကတော့မရှိပါဘူး”လို့ ပြောပါတယ်။ တိုက်ပွဲ ကြောင့်ပဲ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားသောင်းနဲ့ချီ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်ထဲက ဘေးလွှတ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ဝိုင်းမော်မြို့အထိ KIA ပူးပေါင်းတပ်ဘက်က စစ်ရေးခြိမ်းခြောက် လာလို့ စစ်ရေးပြင်ဆင်မှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ Read ni full
၁၅။ ဂျိုင်းမြစ်ဝှမ်းရှိ မွန်စစ်ဘေးရှောင် ငါးသောင်းကျော် အကူအညီရရန် ခက်ခဲနေ
 June 13, 2024
ဂျိုင်းမြစ်ဝှမ်းရှိ မွန်စစ်ဘေးရှောင်များ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် စစ်ကောင်စီ၏ကန့်ကွက်ပိတ်ပင်မှု များရှိနေသည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာနထံက သိရသည်။ လက်ရှိတွင် ဂျိုင်းမြစ်ဝှမ်းဒေသရှိ ဓမ္မသ၊ သံကလောင်၊ ကော့သပ်၊ တရနာစသည့် ကျေးရွာများအပါအဝင် ကျေးရွာပေါင်း (၁၀) ရွာခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့်အတွက် အဆိုပါဒေသခံစစ်ဘေးရှောင်များသည် နေရပ်ပြန်ရန် ခက်ခဲနေခြင်းဖြစ် သည်။“ကလေးပစ္စည်းပံ့ပိုးတာတောင်မှ စစ်ဆေးပြီးခြိမ်းခြောက်တာတွေရှိနေတဲ့အတွက်ကြောင့် လွတ်လွတ်လပ်လပ်လုပ်လို့ မရနေဘူး။ လူသားချင်းစာနာဆိုပြီးတော့မှလည်း ဘေးဖယ်ထားတာမရှိဘူး။ နှောက်ယှက်တားမြစ်နေတဲ့ အနေအထားကိုကျော် ပြီးတော့မှ လုပ်ဆောင်နေရတယ်”ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာနမှူး မိသုတဂျော် က ပြောသည်။
၂၀၂၄ ခုနှစ် မေလကုန်ပိုင်း၌ ဖြစ်ပွားခဲ့သည့် မွန်-ကရင်အစပ် ကော့ဘိန်းစခန်းသိမ်းတိုက်ပွဲအပြီးတွင် ဂျိုင်းမြစ်ဝှမ်း တစ်လျှောက်ရှိ မွန်ကျေးရွာများမှ စစ်ဘေးရှောင် ၅၀,၀၀၀ ကျော်သည် မြို့ပေါ်ဒေသများနှင့် ဆွေမျိုးနီးစပ်ရာကျေးရွာများတွင် ပျံ့နှံ့နေထိုင်ခဲ့ကြရသည်။ ထိုသို့ပျံ့နှံ့နေထိုင်နေသည့် စစ်ဘေးရှောင်များထံသို့ အကူအညီပေးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စိန်ခေါ်မှုရှိနေသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ၎င်းက “အေးချမ်းနေတဲ့အခြေအနေကနေ ချက်ချင်း ကြီး စစ်ဘေးရှောင် ၅ သောင်းလောက်ဖြစ်လာတဲ့အခါကျတော့ တော်တော်ကြီးကို ကိုင်တွယ်ရခက်တဲ့အနေအထားပါ။ လိုနေတဲ့ နေရာကို ချက်ချင်း အကူညီတွေရောက်နိုင်ဖို့ စီစဉ်တဲ့ အခါမှာ အရမ်းကို စိန်ခေါ်ဖြစ်နေတဲ့ အနေအထားမျိုး ဖြစ်နေတယ်ဟု” ဆိုသည်။ ထို့ပြင် စစ်ဘေးရှောင်များ ရှိရာနေရာသို့ သွားရာတွင်လည်း လုံခြုံရေး စိုးရိမ်သည့်အခြေအနေများကြောင့် ကူညီပေး သည့်အဖွဲ့အစည်းများအနေဖြင့်လည်း အကန့်အသတ်နှင့်သာ ကူညီနိုင်သည်ဟု စစ်ရှောင်အရေးကူညီသူများထံက သိရသည်။ Read ni full

၁၆။  မင်းတပ်-ကျောက်ထု လမ်းမကြီးအား အချိန်ပိုင်းဖြင့်သာ အသုံးပြုရန် အသိပေးထုတ်ပြန်
 June 14, 2024
ချင်းပြည်နယ်အစပ် မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းရှိ ကျောက်ထု – မင်းတပ် ကတ္တရာကားလမ်း၊ ကျောက်ထု – ဆော ကတ္တာရာကားလမ်းမကြီးတို့အား ယနေ့ဇွန်လ ၁၄ ရက်နေ့မှစတင်ကာ မနက် ၆ နာရီမှ ည ၇ နာရီထိသာ သွားလာခွင့်ပြုမည်ဖြစ် ကြောင်း  ဂန့်ဂေါခရိုင်အမှတ် (၈/၉)တပ်ရင်းက ယနေ့တွင်ထုတ်ပြန်ထားပါသည်။ အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မိဘပြည်သူများ အနေဖြင့် ယခုကြေငြာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ် ထုတ်ပြန် ကြေငြာချက် မရှိသေးသည့် ကာလအတွင်း ကျောက်ထု – မင်းတပ်၊ ကျောက်ထု – ဆော ကတ္တရာ ကားလမ်းမကြီးများ အား ည ၇ နာရီမှ မနက် ၆ အတွင်း ဖြတ်သန်းသွားလာခြင်း လုံး၀ (လုံး၀) မပြုလုပ်ကြပါရန် အသိပေးဖော်ပြထားသည်။
အရေးပေါ်ကိစ္စရပ်များ မဖြစ်မနေသွားလာမည်ဆိုပါက ဂန့်ဂေါခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းအမှတ် ၈/၉ တပ်ရင်းအား ဆက်သွယ်အကြောင်းကြားပေးကြပါရန် အသိပေးထုတ်ပြန်အပ်ကြောင်း ဂန့်ဂေါခရိုင်အမှတ် (၈/၉) တပ်ရင်းဖော် ပြထားသည်။ ထို့ကြောင့်သတ်မှတ်ထားသည့် အချိန်ကာလအတွင်း သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ထံအကြောင်းကြားခြင်းမရှိပဲ ဖြတ်သန်းသွားလာခြင်းများလုပ်ဆောင်ပါက မိမိတာ၀န်သာ လျင်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်ဟုဖော်ပြ ထားသည်။  Read ni full
၁၇။  တကူကျေးရွာကို စစ်ကောင်စီ က ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေး တစ်ဦးဒဏ်ရာရ
 June 14, 2024
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု ကို စစ်ကောင်စီက လေကြောင်းကနေ  ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ညနေ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီလေတပ် က တကူကျေးရွာအုပ်စုထဲက အင်းရှည်ကုန်းရွာ၊ ခြောက်အိမ်စုရွာ၊ ပြည်အေးရွာနဲ့ သံတိုက်ရွာတွေကိုလာရောက် ဗုံးကြဲသွားတာဖြစ် တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ကောင်စီတပ်က တကူကျေးရွာအုပ်စုကို MI 2 ရဟတ်ယာဥ်အမျိုးအစားနဲ့ ဗုံးကြဲတိုက် ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။“ အချက် ၂၀ ကျော်လောက်ရှိ မယ်။ လာကြဲတုန်းက အိမ်ထဲကမထွက်ရဲဘူး။ အခုတော့ နီးစပ်ရာ လုံခြုံတဲ့ နေရာကို ရွှေ့နေပါတယ်” လို့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ သံတိုက်ကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်တကူကျေးရွာအုပ်စု က  ပြည်အေးရွာနေ အသက် ၁၂ အရွယ်၊ ယောင်္ကျားလေး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ မစိုးရိမ်ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။“ကလေးက ဗုံးကြဲချတာကို တိုက်ရိုက်ထိ သွား တာ မျိုးမဟုတ်တော့ ကံကောင်းသွားတယ်။ သူကအနီးဝန်းကျင်မှာရှိနေတော့ မှန်စ လာစင်တာပါ” လို့ ပြည်အေးရွာနေ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။ အရပ်သားထိခိုက်တာအပြင် အင်းရှည်ကုန်းရွာက မီးသတ်ရုံဘေးက အဆောင်တစ်ခုနဲ့ ပြည်အေးရွာက နေအိမ်တစ်ဆောင် ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တနင်္သာရီမြို့နယ်မှာ အခုဇွန်လ အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အကြား စစ်ရေးအခြေအနေငြိမ်သက်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိ ချိန်မှာ စစ်ကောင်စီက အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံ တွေက ဆိုပါတယ်။ Read ni full

၁၈။ မွန်ပြည်နယ်မှာ စစ်ကောင်စီတပ် စစ်ရေးပြင်ဆင်မှုတိုးမြှင့်
 June 14, 2024
နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကြောင့် စစ်ရှုံးနေတဲ့ စစ်ကောင် စီတပ်ဟာ မွန်ပြည် နယ်မှာ နယ်မြေဆုံးရှုံးမှုမရှိရေးအတွက် စစ်ရေးဆိုင်ရာ ပြင်ဆင်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသတွင်းတော်လှန်ရေး အဖွဲ့ တာဝန်ရှိတွေက ပြောပါတယ်။ မွန်ပြည်နယ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သထုံ၊ကျိုက်ထို၊ဘီးလင်း၊ကျိုက်မရောနဲ့ တစ်ခုတည်းသော စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့ ရေးမြို့ နယ်တို့မှာ လက်နက်ကိုင်တော် လှန်ရေးလှုပ်ရှားမှုတွေ အားကောင်းတဲ့ဒေသတွေပါ။ အဲဒီထဲက ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်အတွင်း စစ်ကောင်စီဘက်က ခံစစ်ပုံစံပြင်ဆင်လာနေသလို လက်နက်နဲ့ရိက္ခာသယ်ယူတာတွေလည်း ပုံစံအမျိုး မျိုး လုပ်လာတယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကပြောပါတယ်။“ကျွန်တော်တို့ သထုံခရိုင်ဘက် စစ်ကောင်စီကတော့ သူတို့ပြင်ဆင် မှုတွေ လုပ်တာတွေရှိတယ်။ ခံစစ်ပုံစံတွေလုပ်တယ်။ ပြီးတော့ဘန်ကာတွေကို အခိုင်အမာတည်ဆောက်တာတွေရှိတယ်။ ပြီးတော့ လက်နက်ရိက္ခာ သယ်တာတွေက ပုံစံအမျိုးမျိုးပေါ့။ အရပ်သားကားနဲ့ သယ်တာတွေရှိတယ်။ ကုန်တင်ကားနဲ့ သယ် တာလည်းရှိတယ်။ အဲဒါမျိုးတွေ သူတို့လုပ်နေကြတာပေါ့”လို့ ဆိုပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တပ်စခန်းတွေကို ထောက်လှမ်းတာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေပြီး စခန်းတည်နေရာအတိအကျ သိရင်တော့လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တယ်လို့ သူကဆက်ပြောပါတယ်။

သထုံခရိုင်အပါအဝင် မွန်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ စစ်ရေးလှုပ်ရှား မှုအားကောင်းတဲ့ ဒေသတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် အောက်တိုဘာနှောင်းပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ရပ်တန့်ထားခဲ့တာ ပါ။ မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရ နိုင်ဗညားမွန်ကတော့ လောဆယ် မိမိတို့ဘက်မှာ စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ပတ် သက်ပြီး အထွေအထူးမတွေ့ရပေမယ့် အခြားစစ်ရေးလှုပ်ရှားမှုနယ်မြေတွေမှာတော့ ရိက္ခာသယ်ယူတာတွေရှိတယ်လို့ ပြောပါ တယ်။ မိခင်ပါတီကနေ ခွဲထွက်ထားတဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ မွန်ပြည်သစ်ပါတီ AD ဟာ က ရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးဒေသအပါအဝင် မွန်ပြည်နယ်က ကျိုက်မရော၊မုဒုံ၊ သံဖြူဇရပ်နဲ့ရေးမြောက်ပိုင်းဒေသတွေမှာ စစ်ရေးလှုပ်ရှားနေတာပါ။  မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ ရေးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေမှာ အရင်က မသုံး ဖူးတဲ့ လက်နက်ကြီးအမြောက်တွေ တပ်ဆင်ထားသလို တပ်ဖွဲ့ဝင်တွေလည်း နယ်မြေထိန်းချုပ်ရေးအတွက် စတင်လှုပ်ရှားလာ တယ်လို့ ပြောပါတယ်။ လက်ရှိအချိန်ထိမွန်ပြည်နယ်မှာ အခြားတိုင်းရင်းသားဒေသတွေလိုမျိုး မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ မဆင်နွှဲနိုင်သေးပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နယ်မြေရဲစခန်းတချို့နဲ့ စစ်ဆေးရေးဂိတ်တွေ ကင်းစခန်းတွေ နဲ့ ယာဉ်တန်းတွေကိုတော့ မကြာခဏ ဝင်ရောက်တိုက်ခိုက်တာတွေ ရှိနေပါတယ်။ Read ni full
၁၉။ ချင်းပြည်နယ် ပလက်ဝဘက်သို့ လောင်စာဆီနှင့် အခြေခံစားကုန်များ တင်သွင်းခွင့် ပြန်လည်ခွင့်ပြု
 June 13, 2024
မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင်ကိုဖြတ်၍ ချင်းပြည်နယ်ပလက်ဝမြို့နယ်ကတဆင့် ရခိုင်ပြည်နယ်ထဲသို့ လောင်စာဆီနှင့် အခြေခံစားသုံးကုန်များတင်သွင်းခွင့် ပိတ်ပင်ထားမှုကို ဗဟိုလိုင်းလူငယ်များအသင်း(Central Young Lai Association) က ပြန်လည်ခွင့်ပြုလိုက်ပြီဟုသိရသည်။ မကြာသေးခင်ရက်ပိုင်းက အာရက္ခတပ်တော် (AA) နှင့် ဗဟိုလိုင်းလူငယ် အသင်း (CYLA) တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် လောင်တလိုင်ခရိုင်မှတဆင့် ပလက်ဝမြို့သို့ ကုန်ပစ္စည်းတင်သွင်းမှု လမ်းကြောင်းကို ဇွန်လ ၁၁ ရက်နေ့က စ၍ CYLA က ပြန်ဖွင့်ပေးလိုက်ပြီဟု လောင်တလိုင်အခြေစိုက် The Lairam Times က ဖော်ပြသည်။ လောင်တလိုင်ခရိုင်တွင် ဩဇာကြီးမားသည့် CYLA လူငယ်အဖွဲ့သည် အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝနှင့် ရခိုင်ပြည် နယ်တို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့အကြားတိုက်ပွဲများ ပြင်းထန်လာသောကြောင့် ကုန်သည်နှင့် ယာဥ်မောင်း များ၏ အသက်အန္တရာယ်စိုးရိမ်ရသည်ဟုဆိုကာ မေလ ၂၅ ရက်နေ့ကစ၍ ကုန်ပစ္စည်းပို့ ဆောင်မှုကို ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။
အာရက္ခတပ်တော် (AA) နှင့် လူငယ်အဖွဲ့အစည်းကြား ကုန်ပစ္စည်းများ ပြန်လည်ပို့ဆောင်ပေးရန် သဘောတူညီခဲ့ပြီး နောက် လေ့လာရေးအဖွဲ့ (Study Team) အဖွဲ့တခုကိုလည်း ဖွဲ့စည်းကာ ကုန်တင်ပို့မှုအပေါ် လူငယ်အသင်းဘက်က ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်၀မြို့ နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာပြည်မဘက်မှ လောင်စာဆီနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများ ဝင်ရောက်နိုင်ခြင်းမရှိသည်မှာ လနှင့်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်က ဒေသခံပြည်သူများသည် လောင်စာဆီနှင့် အခြေခံစားသောက်ကုန်လိုအပ်ချက်များကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ကတဆင့် အဓိက တင်သွင်းလျှက်ရှိကြသည်။ Read ni full

၂၀။  CEC ကျောင်းမှာ ကျောင်းသားဦးရေတိုးလာတာကြောင့် စာသင်ခန်းနေရာအခက်အခဲကြုံနေ
 June 13, 2024
ကွတ်ခိုင်မြို့ထဲက ရပ်မိရပ်ဖတွေနဲ့ပူးပေါင်းပြီးဖွင့်လှစ်ထားတဲ့ Kachin Education Center (CEC) ကျောင်းမှာ ဒီနှစ် ကျောင်းသားဦးရေတိုးလာတာကြောင့် စာသင်ခန်းနေရာအခက်အခဲကြုံနေတယ်လို့ သိရပါတယ်။ ဒီကျောင်းကို စတင်ဖွင့်လှစ်ခဲ့ ချိန်ကစပြီး မနှစ်ကအထိ ကျောင်းသားဦးရေ ၁၀၀ ဝန်းကျင်ထိသာရှိခဲ့ပေမဲ့ ၂၀၂၄–၂၀၂၅ ပညာသင်နှစ်မှာတော့ ကျောင်းသား ဦးရေ ၅၀၀ ခန့်တိုးလာတာကြောင့် စာသင်ဖို့နေရာထိုင်ခင်းအခက်အခဲကြုံနေတယ်လို့ ကျောင်းကော်မတီအဖွဲ့ဝင်တွေက ပြောပါ တယ်။“ကျောင်းခန်းအခက်ဖြစ်နေတယ် ကျနော်တို့ ၁ ပတ်အတွင်းမှာပဲ ဘယ်မှာဘယ်လိုသင်ကြမယ်ဆိုတာ ပြင်ဆင်လိုက်နိုင်တော့ ကျောင်းခန်းတွေကဆက်လက်လိုနေတယ်။ ကျနော်တို့ခန့်မှန်းထားတာက ကျောင်း သား ဦးရေ ၃၀၀ ကျော်၊ ၄၀၀ တောင် မရောက်လောက်ဘူးလို့ထင်ပြီး အဲလောက်စာပဲ ကျောင်းခန်းစီစဉ်ထားတာ အခုက ၅၀၀ လောက်ရောက်လာတော့ ကျောင်း ခန်း အခက်ကြုံနေရတယ်။” လို့ Kachin Education Center ( CEC) ကျောင်းကော်မတီဝင်တစ်ဦးက ပြောပါတယ်။ ကပ်ကာလနဲ့ နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် ကလေးတွေပညာ ရေးနောက်ကျသွားမှာကိုစိုးရိမ်တဲ့ ကျောင်းသားမိဘတွေနဲ့ ကချင်ရိုးရာ ယဉ်ကျေးမှုအဖွဲ့အပါအဝင် အသင်းတော်အဖွဲ့အစည်းနဲ့ ဒေသတွင်းရှိ CSO အဖွဲ့အစည်းတွေပူးပေါင်းကာ ကွတ်ခိုင် Christian Education Centre (CEC) ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းကစပြီး စတင်သင်ကြားဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ  KG ကနေ ၉ တန်းထိကို စစ်ရှောင်စခန်း ကွတ်ခိုင်စစ်ဘေးရှောင်စခန်း KBC Camp ၁ က လွတ်တဲ့ နေရာမှာ နေရာထိုင်ခင်းပြင်ဆင်ပေးပြီး သင်ကြားပေးနေရပြီး ၁၀ တန်းကနေ ၁၂ တန်းကိုတော့ ကွတ်ခိုင် KTC ဓမ္မကောလိပ် ကျောင်းဝင်း ဘက် နေရာပြင်ဆင်ထားပေးကာ ကျောင်းသုံးပစ္စည်း၊ ထိုင်ခုံတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။“ကျမတို့ CEC ကျောင်းဖွင့် လိုက်တော့ အားလုံး တက်တက်ကြွကြွနဲ့ ဘယ်သူမဆို အများကြီး ကျောင်းနာမည်စရင်းတွေ ထည့်သွင်းလာတာက ထူးခြား ပြောင်းလဲမှုတစ်ခုဖြစ်တယ်။ TNLA ဘက်ကလည်း အရင်အစိုးရကျောင်းတွေမှာ သူတို့ကျောင်းအဖြစ် ဖွင့်လှစ်နေပြီ။ သူတို့ဆီမှာ တက်တဲ့သူလည်းတက်တယ်။ ဒီကျောင်းကိုလည်း လူမျိုးမရွေး၊ ဘာသာမရွေး အများကြီး ရောက်လာကြတာကတော့ ဒီနှစ်ရဲ့ ပြောင်းလဲမှုတစ်ခုဖြစ်တယ်။” လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ CEC ကျောင်းမှာ ကျောင်းသားပေါင်း ၅၀၀ ခန့်နဲ့ ဆရာ၊ဆရာမပေါင်း ၃၀ ဝန်းကျင်ရှိပြီး ဇွန်လ ၁၀ ရက်နေ့ကစပြီး ကျောင်းဖွင့်နေပြီး ဒီကျောင်းမှာ လူမျိုးဘာသာမရွေး ဗမာ၊ ရှမ်း၊ ဂေါ်ရခါး၊ ပလောင်၊ ကချင် စတဲ့တိုင်းရင်း သားမျိုးစုံက ကလေးတွေအားလုံးကို လက်ခံတာဖြစ်ပြီး ကွတ်ခိုင်မြို့နယ်ထဲက လူမျိုးဘာသာပေါင်းစုံက ကလေးတွေ အားလုံးတက်ရောက်သင်ကြားနေပြီလို့ ဆိုပါတယ်။ ဒေသခံတွေပြောချက်အရ CEC ကျောင်းအတွက်ကျောင်းနေရာကို အရင်ကကွတ်ခိုင်ခရစ်ယန်အသင်းတော်က ဖွင့်လှစ်ထားတဲ့ သာသနာကျောင်းကို ပေးဖို့ TNLA ထံတောင်းဆိုထားတာရှိပေမဲ့ ကျောင်းနေရာမပေးသေးဘူးလို့ ဆိုပါတယ်။ Read ni full

၂၁။ စစ်တွေက အတင်းပြောင်းရွှေ့ခံရ ၁၂ ရွာတွင် အိမ်စောင့်ကျန်ခဲ့သူများလည်းကို စစ်ကောင်စီက လိုက်လံဖမ်းဆီး
 June 14, 2024
ရခိုင်ပြည် စစ်တွေမြို့အနီး ကျေးရွာ ၁၂ ရွာက ရွာသားများအားလုံး တစ်ယောက်မကျန်ကို ယနေ့ ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး အတင်းပြောင်းရွှေ့ရန် အမိန့်ထုတ်ခဲ့သော်လည်း ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့တွင် အဓမ္မပြောင်းရွှေ့ခဲ့သည်ဟု သိရသည်။ မပြောင်းရွှေ့လိုသည့် ရွာသားများနှင့် အိမ်စောင့်ကျန်ခဲ့သူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီး ကာ ငွေပေးမှ လွှတ်ပေးခဲ့ကြောင်း ကြွီတဲရွာသားများက ပြောသည်။ ” ကျမတို့ ကြွီတဲရွာမှာ မပြောင်းရွှေ့လိုတဲ့သူတွေရှိတယ်။ အိမ်ကပစ္စည်းတွေ၊ ကျွဲတွေ၊ နွားတွေ ပျောက်မှာစိုးလို့ အိမ်စောင့်ကျန်ခဲ့တာရှိတယ်။ သူတို့တွေကို လိုက်ဖမ်းတာ ၁၀ ယောက် ကျော် ပါသွားတယ်။ ဒီနေ့ မနက်မှ ငွေပေးလို့ ပြန်လွှတ်လာတယ်။ တစ်ယောက် ဘယ်လောက်ခဲ့ရသလဲ မသိဘူး။ စစ်ကောင်စီက ယုတ်မာလွန်းအားကြီးတယ်။ အိမ်စောင့်နေမယ်ဆိုတာတောင် မရဘူး။”ဟု ပြောသည်။ ပြောင်းရွှေ့ခံရသည့် ကျေးရွာများမှာ ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲ၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ပျားလယ် ချောင်း (ရွာသစ်)/(ရွာဟောင်း)၊ သင်းပုန်းတန်း၊ မောင်နီပြင် စသည့် ကျေးရွာများဖြစ်သည်။

စစ်ကောင်စီသည် ယင်းကျေးရွာများအားလုံးကို ဖြိုဖျက်သွားမည်ဟု ရွာသားများ အသိပေးထားပြီး ရွာသားများကိုလည်း စစ်တွေမြို့ထဲသို့ ခေါ်ယူကာ ဓားစာခံအဖြစ် ထားရှိထားကြောင်း သိရသည်။ ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အထိ ငါးရက်အတွင်း ပြောင်းရွှေ့ရမည်ဟု စစ်ကောင်စီက အမိန့်ထုတ်ပြီးနောက် ရွာသားများမှာ စစ်တွေမြို့နှင့် အခြားဘေးကင်းရာနေရာများသို့ ထွက် ပြေးတိမ်းရှောင်ခဲ့ကြပြီး ဇွန် ၁၃ ရက်နေ့လယ်တွင် လူမနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ ခေါ်လာသော မွတ်ဆလင်များက နေအိမ်ဖောက်ထွင်းမှုများ ပြုလုပ်ကြသည်ဟု နောက်ထပ် ကြွီတဲရွာသားတစ်ဦးက ပြောသည်။  ” မနေ့ က နေ့လယ်လောက်ကစပြီး လူမနေအိမ်တွေကို ဝင်ဖောက်ထွင်းတော့တာပါပဲ။ စစ်ကောင်စီတပ်တွေလည်းပါသလို စစ်ကောင်စီ ခေါ်လာတဲ့ မွတ်ဆလင်တွေလည်း ပါတယ်။ ကျမတို့မှာ ပြောင်းရွှေ့ရတယ်ဆိုပေမယ့် အိမ်က ပစ္စည်းအားလုံးကို သယ်ယူနိုင် တာမဟုတ်ဘူးလေ။ ကျွဲ၊ နွားအပါအဝင် အိမ်မွေးတိရစ္ဆာန်တွေရှိမယ်။ သယ်လို့ မနိုင်တဲ့ ဆန်၊ စပါးတွေရှိမယ်။ အိမ်ပရိဘောဂ တွေရှိမယ်။ အဝတ်အစားတွေရှိမယ်။ ဒါတွေအကုန်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မွတ်ဆလင်အချို့က ဖောက်ယူကြတာ။ တော်တော်လေးကို စိတ်ပျက်ဖို့ ကောင်းပါတယ်။ စစ်ကောင်စီဟာ ပြည်သူများအပေါ်မှာ ဘယ်လိုမှ အလေးထားတာမရှိဘူး။ ပြည်သူပိုင်တွေကို ယူမယ်။ မရရင်ဖမ်းမယ်။ သတ်မယ်။ နှိပ်စက်မယ် ဒါပဲ သူတို့ သိတယ်။ ” ဟု ပြောသည်။ Read ni full

၂၂။  လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် မြဝတီမြို့မှာ ဆန်ပြတ်လပ်
 June 13, 2024
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေအတူနဲ့ နှစ်ဖက် စစ်ရေးတင်းမာမှုတွေကြောင့် ဇွန်လဆန်းပိုင်းကစပြီး ဆန်ပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ မြဝတီ၊သင်္ဃန်းညီနောင်၊ကော့ကရိတ်မြို့အတွင်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ် တို့အကြားဖြစ်ပွားခဲ့တဲ့ နှစ်ဖက်စစ်ရေးအခြေအနေတွေကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအပါအဝင် ဒေါနတောင်ပေါ် လမ်းဟောင်းတို့ဟာ လနဲ့ချီ ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။ အာရှလမ်းမကြီးနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းတို့ ပိတ်ထားခဲ့တာကြောင့် နယ်စပ်ကုန်သွယ်မှုနဲ့ ခရီးသွားလာရေးအတွက် ပြည်သူလူထုတွေက ကော့ကရိတ်မြို့ မြောက်ဘက်ခြမ်းမှာရှိတဲ့ ထို့ကော်ကိုးတောင်ပေါ်လမ်း၊ သေ့ကတေကြက်ဥတောင် တောင်ပေါ်လမ်း၊ ၁၀၁၈ တောင်ပေါ်လမ်းတို့မှာ သွားလာအသုံးပြုနေခဲ့ရပြီး ဒီလိုသွားလာ အသုံး ပြုရာမှာ စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်အဖွဲ့ တွေအားလုံးကို ငွေကြေးအဆမတန် ပေးဆောင် နေရပါတယ်။

လတ်တလော မိုးတွင်းကာလမှာ မိုးသည်းထန်စွာရွာသွန်းနေတဲ့အတွက် ထို့ကော်ကိုးလမ်း၊ သေ့ကတေ ကြက်ဥတောင် လမ်းနဲ့ ၁၀၁၈ တောင်ပေါ်လမ်းတွေမှာ လမ်းမြေသားတွေ ပျက်စီးခဲ့ရပြီး ယာဉ်အများအပြား အသွားအ လာခက်ခဲမှုနဲ့ နစ်မြုပ်တာ တွေ ဖြစ်ပေါ်ခဲ့သလို ဒေါနတောင်ပေါ်လမ်းဟောင်းမှာလည်း မြေပြိုမှုတွေပါ ဖြစ်ပေါ်ခဲ့ ပြီး ယာဉ်အများအပြား ပိတ်ဆို့တာတွေ ဖြစ်ပေါ်နေခဲ့တာပါ။ ယာဉ်ကြောပိတ်ဆို့မှု၊ တောင်ပေါ်လမ်းတွေ ပျက်စီးမှုဖြစ်ပေါ်ခဲ့ရတာကြောင့် မြဝတီမြို့ကို သယ်ပို့လာတဲ့ ဆန်အပါအဝင် ကုန်စည်ပစ္စည်းတွေအားလုံးဟာ ကြန့်ကြာမှုတွေဖြစ်ပေါ်ခဲ့ရပြီး လတ်တလောမှာ မြဝတီမြို့ပေါ်မှာ ဆန်ပြတ် တောက်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ “ကုန်ကားတွေမရောက်ကြတာပေါ့လေ။ ကုန်ကားတွေမရောက်ကြတဲ့အတွက် ဆန် နည်းနည်းလေး ကြန့်ကြာသွားတာပေါ့နော်။ နောက်လေးငါးရက်လောက်တော့ ရောက်မယ်လို့တော့ ကုန်ကားတွေကပြော တယ်” လို့ မြဝတီမြို့ခံ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။ ဆန်ပြတ်လပ်မှုကြောင့် ဆန်ချောတစ်အိတ်လျှင် ကျပ်နှစ်သိန်း ကျော်အထိ ဈေးနှုန်းမြင့်တက်လာပြီး ဆန်ကြမ်း တစ်အိတ်လျှင် ကျပ်တစ်သိန်းနှစ်သောင်းနီးပါးအထိ ပေါက်ဈေးရှိနေပြီး ဆန် အမျိုးအစားအပေါ် မူတည်ပြီးဈေးနှုန်းကွာခြားမှုရှိတယ်လို့ သိရပါတယ်။ Read ni full

၂၃။ မိုးဗြဲစစ်ရှောင်တွေ စိုက်ပျိုးရာသီကာလမှာ တောင်ယာ၊ လယ်ယာငှားရမ်းပြီး ဝမ်းရေးဖြေရှင်းနေကြ
 June 14, 2024
ရှမ်း – ကရင်နီ နယ်စပ် မိုးဗြဲမြို့အတွင်းမှာ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြတဲ့ မိုးဗြဲ စစ်ဘေး ရှောင်တွေဟာ နေရပ်မပြန်နိုင်ကြသေးဘဲ စစ်ရှောင်စခန်းတွေမှာ တောင်ယာ၊ လယ်ယာမြေတွေကို ငှားရမ်းကာ သီးနှံစိုက်ပျိုးပြီး ဝမ်းရေးဖြေရှင်းကြတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်တွေ သွားရောက်တိမ်းရှောင်တဲ့ နေရာတွေမှာ မြေယာပိုင်ရှင်တွေကနေ မြေယာ၊ လယ်ယာ ငှားရမ်းပေးသလို မျိုးစေ့တွေလည်း ထုတ်ပေးတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတစ်ဦးက ပြောပါ တယ်။“စားဝတ်နေရေးကတော့ အကုန်လုံးက အခက်အခဲဖြစ်နေကြတာပေါ့။ အလှူရှင်တွေကိုဆက်ပြီး မျှော်လင့်နေလို့မရ တာမို့ တချို့ပြည်သူတွေက တောင်ယာ၊ လယ်ယာတွေ အငှားစိုက်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေရတာပေါ့နော်။ ငှားပေးတဲ့ တောင်ယာ၊ လယ်ယာပိုင်ရှင်တွေက မျိုးစေ့တွေ၊ လိုအပ်တဲ့ မြေသြဇာတွေ ပြီးတော့ ထွန်ယက်ဖို့ ဆီ‌တွေကို ထုတ်ပေးတာပေါ့။ အငှားလုပ်တဲ့သူကျတော့ လုပ်အားစိုက်ပြီးအသီးအပွင့်ရလာရင် တစ်ယောက်တစ်ဝက်ယူကြတာပေါ့”လို့ သူက ပြောပါတယ်။
မိုးဗြဲမြို့ပေါ်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲ ကြိုကြား ရှိနေဆဲဖြစ် သ လို မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ပြည်သူတွေ နေရပ်ပြန်မနေရဲကြသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ မိုးဗြဲ အခြေစိုက် ခမရ ၄၂၂ တပ်စခန်း ကို တော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏ ဝင်ရောက်တိုက်ခိုက်နေပြီး လက်နက်ကြီး ပစ်ခတ်မှု ကလည်း ရှိနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။“ထိတွေ့မှုတွေတော့ အချို့ရှိပါတယ်။ နေ့တိုင်းတော့ မရှိပါဘူး။ အချို့ရက် တွေလောက်ပါပဲ။ လက်နက်ကြီးတွေတော့ မိုးဗြဲ မြို့ထဲမှာ ကျရောက် ပေါက်ကွဲမှုတွေတော့ ဖြစ်နေတုန်း ပါပဲ”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ မိုးဗြဲစစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်တာ ၂ နှစ်ကျော်ရှိပြီး စစ်ရှောင် ကာလ ကြာမြှင့်လာတာနဲ့အမျှ စစ်ရှောင်စခန်းတွေမှာ အလှူရှင်အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ပေးမှုက နည်းပါးလာသလို စားနပ် ရိက္ခာလိုအပ်ချက်ကလည်း ရှိနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ Read ni full

၂၄။ ဒေသအုပ်ချုပ်ရေးတွင် သက်ဆိုင်ရာမျိုးနွယ်စုအလိုက် နေရာပေးထားကြောင်း AA ပြော
 June 14, 2024
အာရက္ခတပ်တော်(AA) ထိန်းချုပ်ဒေသများ၌ အုပ်ချုပ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဒေသအလိုက် မျိုးနွယ်စုများကို နေရာပေးထားကြောင်း AA က ပြောသည်။ ရခိုင်ပြည်အတွင်း မှီတင်းနေ ထိုင်သူများ နှင့်ပတ်သက်၍ မျိုးနွယ်စုရေးရာကော်မတီ ဖွဲ့စည်းထားပြီး ဒေသအလိုက် နေရာပေးထားကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။“မျိုးနွယ်စုဆိုင်ရာကိစ္စနဲ့ပတ်သက်လို့ ပြောချင်တာက မွတ်ဆလင်နဲ့ တခြားမျိုးနွယ်စုတွေပါနေထိုင်တဲ့ ဒေသတွေ၊ တခြားဒေသတွေမှာ သက်ဆိုင်ရာအလိုက် ခန့်ထားတာရှိပါတယ်” ဟု ဦးခိုင်သုခက ပြော သည်။ တိုက်ပွဲကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရသည့် ဒေသခံများကိုလည်း AA အနေဖြင့် လူမျိုးဘာသာမရွေး လူသားချင်းစာနာမှု အကူအညီများပေးထား ကြောင်း  ထုတ်ပြန်ထားသည်။ 

အုပ်ချုပ်ရေးလုပ်ငန်းနှင့် တခြားကဏ္ဍအသီးသီးတွင် မျိုးနွယ်စုဝင်များကို AA က နေရာပေးထားသည်ဆိုသော်လည်း မြေပြင်တွင် ယင်းထက်လိုအပ်သေးကြောင်း ပြောဆိုမှုများ ရှိနေသည်။ သက်အမျိုးသားတစ်ဦးက “AA က လူသားချင်းစာနာမှု အကူအညီပေးတာတွေကို အများကြီးတွေ့ရတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးလုပ်ငန်းဆောင်ရွက်တဲ့ အပိုင်းတွေမှာတော့ မျိုးနွယ်စု တွေကိုနေရာပေးတာ နည်းသေးတယ်လို့မြင်ပါတယ်”ဟုပြောသည်။ တိုက်ပွဲကြောင့် ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်အသီးသီးမှ မြို၊ ခမီ၊ ဒိုင်းနက်၊ သက် လူမျိုးအပါအဝင် ရခိုင်ဒေသခံထောင်နှင့်ချီမှာ ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေကြသည်။ “စားဝတ်နေရေးက တော်တော်လေးခက်ခဲပါ တယ်။ AA တာဝန်ရှိသူတွေက ရွာကအလှူခံပေးတာနဲ့ စားနေရတယ်။ ရေရှည်အတွက် အဆင်မပြေနိုင်ဘူး။ အမိုးအကာမလုံခြုံ ဘူး။ ကုန်ဈေးနှုန်းကမြင့်တော့ တစ်ခုမှဝယ်မစားနိုင်ဘူး”ဟု ခမီအမျိုးသားတစ်ယောက်က ပြောသည်။ ULA/AA ၏ နိုင်ငံရေး ရည် မှန်းချက်သည် မြန်မာနိုင်ငံထဲမှခွဲထွက်ခြင်းမဟုတ်ဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သည့် ကွန်ဖက်ဒရစ် လမ်းစဉ်ကို ဦးတည်ကြောင်း ပြောဆိုထားသည်။ Read ni full

၂၅။  ဆာတောနော် ကိုယ်ပိုင်အထက်တန်းကျောင်းကို နိုင်ငံတကာတက္ကသိုလ်တက်နိုင်သည် အထိ ရည်ရွယ်ဖွင့်လှစ်
 June 13, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေ၊ နဘူးမြို့နယ် ဒေါနတောင်ပေါ်ရှိ သေ့က တေကျေးရွာတွင် တည်ဆောက်ဖွင့်လှစ်လိုက်သော ဆာ့တောနော် ကိုယ်ပိုင်အထက်တန်းကျောင်းကို နိုင်ငံတကာ အသိ မှတ်ပြု တက္ကသိုလ်များ တက်ရောက်နိုင်သည့်အခွင့်အလမ်း ရရှိသည်အထိရည်ရွယ်ထားကြောင်း ကျောင်းတာဝန်ရှိသူများကပြောသည်။ အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်းသည် မည်သည့်အဖွဲ့အစည်း၊ အစိုးရပညာရေး စနစ်အောက်တွင် ထိန်းချုပ်ထား ခြင်းမရှိ ဘဲ ကိုယ်ပိုင်အထက်တန်းကျောင်းပုံစံဖြစ်ပြီး ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင် ကျောင်း ဖွင့်ပွဲပြုလုပ်၍ စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ ဆာတောနော် အထက်တန်းကျောင်းသည် ကျောင်းတက်ရန်အခက်အခဲရှိ သည့် ကျောင်းသူ၊ ကျောင်းသားများအတွက် အဓိက ရည်ရွယ်ဖွင့်လှစ်ကာ ထို အထက်တန်းကျောင်း အောင်မြင်သွားသည့် သွား သူများအနေဖြင့် နိုင်ငံတကာအသိမှတ်ပြု အမေရိကန်အထက်တန်းကျောင်း (GED)မှတဆင့် တက္ကသိုလ်များတက်ရောက် ရရှိနိုင်သည်အထိ ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဆာတောနော်ကျောင်း၏ တာဝန်ရှိသူ ဆရာမ နော်ဖောရေက ပြောသည်။

၎င်းက “ကျမတို့ရည်ရွယ်ထားချက်က ဒီကျောင်းပြီးရင် တက္ကသိုလ်အထိတက်နိုင်ပြီး ဒီဂရီကောင်းကောင်းရရှိဖို့ အတွက် လည်းပါတယ်။ ဒီကျောင်းမှာ GED အတွက် တစ်ခုထဲလည်းမကဘူး။ နောက်ပြီး သူတို့ဝါသနာပါရာ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်တာတွေပေါ့၊ ဆာ့သူးလေကျောင်းလိုမျိုးပဲ၊ ဒီကျောင်းပြီးရင် ဒီကျောင်း အောင်လက်မှတ်ရမယ်။ ပြီးတော့ GED ဝင်ဖြေ အောင်ရင် GED အထက်တန်း အောင်လက်မှတ်ရမယ်။”ဟု ပြောသည်။ ထို့အပြင် အဆိုပါ ကျောင်းပြီးမြောက်ပြီး တက္ကသိုလ် မတက်ရောက်နိုင်သူများ အနေဖြင့် လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက ဖွင့်လှစ်ပေးမည့် ဆေးသင်တန်းများ နှင့် အသက် မွေးဝမ်းကျောင်း ပညာရပ်များကိုပါ ဆက်လက် သင်ကြားနိုင်ရန် စီစဉ်ပြောဆို ထားကြောင်းလည်း ဆရာမနော်ဖောရေက ဆက် ပြောသည်။ ဆာ့တောနော်အထက်တန်းကျောင်းတွင် Grade-5 မှ Grade 9 အထိ မြန်မာစာ၊ ပထဝီ နှင့် အင်္ဂလိပ်ဘာသာကို မြန်မာပြည်သင်ရိုးညွှန်းတမ်းယူပြီး ကရင်ဘာသာရပ်၊ သင်္ချာ၊ သပ္ပံနှင့် သမိုင်းဘာသာရပ်ကို ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန -KECD သင်ရိုးညွှန်းတမ်းကိုယူ၍ သင်ကြားပို့ချပေးမည်ဖြစ်သည်။ Read ni full

၂၆။ သီပေါ-နမ္မတူလမ်း ဖျက်ဆီးခံရလို့ ကုန်ဈေးနှုန်းကြီးလာနိုင်ကြောင်း TNLA ပြော
 June 13, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မိုးတေရွာအနီး သီပေါ-နမ္မတူလမ်းမကို စစ်ကောင်စီက မြောင်းဖောက်ပြီး ဖျက် ဆီးလိုက်တာဟာ မော်တော်ယာဉ်တွေ သွားလာလို့မရဘဲ ကုန်စည်စီးဆင်းမှုပျက်အောင်လုပ်တာလို့ တအာန်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။ သီပေါ-နမ္မတူလမ်းပိုင်းကို စစ်ကောင်စီက အများပြည်သူသွားလာခွင့်နဲ့ ကုန်စည်စီးဆင်းမှု ပိတ်ပင်တာဟာ ဟိုက်ဂင်သဘောတူစာချုပ်ကို ချိုးဖောက်နေတာလို့ ဆိုပါတယ်။ စစ်ကောင်စီက လမ်းပိတ် ထားတာကြောင့် ကုန်စည်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူတွေခံစားရနိုင်တယ်လို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦး က ပြောပါတယ်။

”ထိခိုက်မှုကတော့အများကြီးရှိပါတယ်။ လူထုတွေက သွားလာလို့မရအောင်၊ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်မားတာ တွေ ဖြစ်လာမယ်။ နောက်တစ်ခုက ဒေသခံတွေအတွက် စိုးရိမ်ဖွယ်ရာတွေ အများကြီး ရှိလာနိုင်တယ်။” ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကလည်း မိုတေရွာအနီး သီပေါ-နမ္မတူလမ်းမမှာရှိတဲ့ မိုးတေချောင်းတံတားကို စစ်ကောင်စီက မိုင်းဖောက်ခွဲဖျက်ဆီး ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ခဲ့ပါတယ်။ Read ni full
၂၇။ ဗျိုင်းဖြူရွာသား သေဆုံးသူ တိုးလာ၊ ဖမ်းဆီးခံရွာသားများကို ရုံးထုတ်
 June 13, 2024
ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား သတ်ဖြတ်ခံရမှု တိုးလာနေပြီး သေဆုံးသူ ၇၈ ဦးအထိ ရှိလာနေပြီဖြစ်သည်။  မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်နေ့အတွင်း နှိပ်စက်သတ်ဖြတ်ခံရသူ ၇၆ ဦးရှိခဲ့ပြီး စစ်ကြောရေးဒဏ်ရာကြောင့် စစ်တွေဆေးရုံ၌ ဆေးကုသခံယူနေသူများထဲမှ နောက်ထပ် ၂ ဦး ဇွန်လ ၁၁ ရက်နေ့တွင် သေဆုံးခဲ့ရသည်။ မေလ ၂၉ ရက်နေ့က စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ စစ်ကြောင်းသည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကလေးပါမကျန် အမျိုးသား အမျိုး သမီးအားလုံးကို ဖမ်းဆီးကာ နှိပ်စက်ရိုက်နှက်ခဲ့သည်။ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း အမျိုးသားအားလုံးကို ဆက်လက်ဖမ်းဆီးထားသည်။ ဗျိုင်းဖြူရွာနှင့် နီးစပ်သူတစ်ဦးက ” အရေအတွက် အတိအကျကို မသိရပေမယ့် ဖမ်းဆီးခံရသူဟာ ၁၂၀ ကျော်ရှိလောက်ရှိမယ်။ အဲဒီအထဲက ဇွန်လ ၄ ရက်နေ့အထိ ၇၆ ဦး သတ် ဖြတ်ခံခဲ့ရတယ်။ နောက် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရလို့ ဆေးကုသနေသူတွေထဲက နောက်ထပ် ၂ ဦးသေသွားတယ်။ ထပ်ပြီးတော့လည်း စစ်ကြောရေးမှာ အများကြီးရှိနေကြသေးတယ်။ စစ်ကြောရေးဒဏ်ရာကြောင့် ဆေးရုံမှာ ဆေးကုသခံယူနေ ရတဲ့သူ ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိရဘူး။ ” ဟု ပြောသည်။

စစ်ကြောရေး၌ စစ်ဆေးခံနေရသူများထဲမှ ၅၀ ဦးကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီး ယင်းအထဲ က ၃၈ ဦးကို စစ်ကောင်စီက မတရားအသင်း ဆက်သွယ်မှု၊ အမိန့်လိုက်မနာမှု ပုဒ်မဖြင့် အမှုဖွင့်ထားသည်။ အဆိုပါ ဗျိုင်းဖြူရွာ သား ၃၈ ဦးကို ဇွန်လ ၁၀ ရက်နေ့က စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ကာ ချုပ်ရမန်ထပ်ယူခဲ့ပြီး စစ်ကောင်စီက တရားစွဲဆိုရန် စီစဉ်နေသည်။ ရွာသား ၃၈ ဦးမှာ အစာရေစာငတ်ပြတ်ပြီး နှိပ်စက်ထားသည့် ဒဏ်ရာအများအပြားဖြင့် ခန္ဓာကိုယ် ပိန်လိန်နေ သည်ဟု ရုံးထုတ်လာစဉ် မြင်တွေ့ခဲ့ရသည့် မိသားစုဝင်တစ်ဦးက ပြောသည်။ ” ကျမ ယောကျ်ားအပါအဝင် တခြားသူတွေဟာ ထမင်းလည်းမစားရ၊ ရေလည်းမသောက်ရလားမသိဘူး။ ခန္ဓာကိုယ်တွေမှာလည်း ဒဏ်ရာတွေ အများအပြားနဲ့ ဘယ်လောက် တောင် နှိပ်စက်ခံထားရလဲမသိဘူး။ ဝဝဖြိုးဖြိုးရှိတဲ့ သူတွေ ပိန်လိန်ပြီးတော့ အရုပ်ကို မှတ်လို့တောင် မရတော့ဘူး။ အရမ်းပိန် သွားပြီးတော့ တော်တော်လေးကို နှိပ်စက်ခံထားရပုံ မြင်လိုက်ရတယ်။ အရမ်းကိုဝမ်းနည်းဖို့ ကောင်းပါတယ်။ ဘာအပြစ်မှမရှိဘဲ နှိပ်စက်ခံရတဲ့အပြင် အခု တရားပါစွဲတော့မယ်။ ရင်ထဲမှာ ပြောပြမတတ်အောင်ကို ခံစားရနေရပါတယ်။ အမြန်ဆုံးပြန်လွှတ်ပေး စေချင်ပါတယ်။”ဟုပြောသည်။ ဗျိုင်းဖြူ ရွာသားများကို စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီး စစ်ကောင်စီနှင့် အတူ ဒေါ်စောမြရာဇာလင်းဦးဆောင်သော ALP တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ သင်တန်းဆင်း မွတ်ဆလင် လက်နက်ကိုင် အချို့လည်း ပါဝင်ကြောင်း AA က ထုတ်ပြန်ထားသည်။ Read ni full

၂၈။ မူဆယ် ကလေးငယ်တစ်ဦးကို ၁ နှစ်ကျော်ကြာ မုဒိမ်းကျင့်ခဲ့သည့်အမျိုးသား ဖမ်းဆီးခံရ
 June 13, 2024
သျှမ်းပြည် မူဆယ်မြို့နယ်တွင် နေထိုင်သည့် ကလေးငယ်တစ်ဦးအပေါ် ၁ နှစ်ကျော်ကြာ မုဒိမ်းကျင့်ခဲ့သည့် အမျိုးသား ကို ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ (ဇွန်လ ၁၃ ရက်) နေ့လည် ၁၁ နာရီခွဲခန့်တွင် မူဆယ်မြို့နယ်ရှိ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ၁ နှစ်ကျော်ကာလအတွင်း မကြာခဏ မုဒိမ်းကျင့်ကျူးလွန်ခဲ့သည့် အသက် ၄၄ နှစ် အရွယ် အမျိုးသားကို ရဲတပ်ဖွဲ့မှ ဟိုမွန်ရပ်ကွက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြော သည်။ “ကလေးက ငယ်တော့ ယောကျ်ားလေးမြင်ရင်တောင် ကြောက်နေပြီး စိတ်ဒဏ်ရာရတယ်လို့ ပြောလို့ရတာပေါ့။ ကလေးမလေးက အသက် ၁ နှစ်နဲ့ ၇ လကတည်းက မုဒိမ်းကျင့်ခံခဲ့ရတာ။ သူ့အဖွားကို တိုင်ပြီး သူအဖွားကလည်း ဆေးခန်းတွေ သွားပြတာပေါ့။ အဲ့တာနဲ့ တိုင်ပင်ပြီး သက်ဆိုင်ရာတွေအထိ ရောက်သွားတာ။ ရဲကတော့ ဖမ်းပြီး အမှုစစ်နေတယ်”ဟု မူဆယ်မြို့ မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ကလေးငယ်အား မုဒိမ်းမှုကျူးလွန်ခဲ့သည့် ၎င်းအမျိုးသားသည် အဖွားဖြစ်သူ၏ နောက်အိမ်ထောင်ဖြစ်ပြီး အတင်းအဓမ္မပြုကျင့်ခဲ့သည့် ၎င်းအမျိုးသားကို သက်ဆိုင်ရာအဖွဲ့အစည်းမှ စစ်ဆေး၍ အမှုဖွင့်အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မုဒိမ်းမှုကျူးလွန်ခံခဲ့ရသည့် ကလေးငယ်ကို ကျန်းမာရေး စစ်ဆေးထားသော်လည်း ဆေးစစ်ချက် အဖြေ မသိရသေးကြောင်း ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် သျှမ်းပြည်တဝှမ်း သက်ငယ်မုဒိမ်းမှု ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း သိရပြီး မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှု ပပျောက်ရန်အတွက် လူမှုကူညီရေးအဖွဲ့အစည်းများနှင့် လူ့အသိုင်းအဝိုင်းမှ ကြိုးစားဆောင်ရွက်နေသော်လည်း ပိုမို မြင့်တက်လာကြောင်း သိရသည်။ မူဆယ်မြို့သည် တရုတ်နယ်စပ် မြို့တစ်မြို့ဖြစ်သည့်အလျောက် လက်နက်ကိုင်ပေါများကာ လူသတ်မှု မကြာခဏ ဖြစ်ပွားပြီး ဓားပြတိုက်မှုလည်း နေ့စဉ်နှင့်အမျှ ကြားရပြီး သက်ဆိုင်ရာမှ တာဝန်ယူဖြေရှင်းဖော်ထုတ်မှု အားနည်းနေသေးကြောင်း မူဆယ် ဒေသခံများ ပြောပြချက်အရ သိရသည်။ Read ni full

၂၉။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လေးလအတွင်း အရပ်သား ၃၇၀ နီးပါး သေဆုံး
 June 13, 2024
၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ လေးလတာအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီက လူ ငါးဦးနဲ့အထက် အစု လိုက်အပြုံလိုက် သတ်ဖြတ်မှု အနည်းဆုံး ၄၆ ခု ကျူးလွန်ခဲ့ပြီး အရပ်သား ၃၆၉ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ဇွန်လ ၁၂ ရက်နေ့ ထုတ်ပြန်ပါတယ်။ လေးလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ဖြစ်စဉ်က အများဆုံးဖြစ် ပြီး သေဆုံးတဲ့ အရေအတွက်လည်း အများဆုံးဖြစ်တယ်လို့ ဉာဏ်လင်းသစ် အဖွဲ့က ပြောပါတယ်။ ဒါ့အပြင် စစ်ကြောင်းထိုးဝင် ရောက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ပြိုင်တည်း တိုက်ခိုက်တာတွေနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကနေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ် အနည်းဆုံး ၂၃ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၁၆၈ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ချိန် အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် အနည်းဆုံး ၁၁ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၉၁ ဦိးရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၁၀ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၁၀၅ ဦိး ရှိတယ်လို့ ပြောပါတယ်။ ဒီအချက်အလက်တွေဟာ မြေပြင်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြုစုထားတာလို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြောပါတယ်။ အာဏာ သိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လူ ငါးဦးနဲ့အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ် ၂၆၀ ကြိမ် ကျူး လွန်ခဲ့ပြီး သေဆုံးသူ အရပ်သား ၂၄၉၀ ဦး သတ်ဖြတ်ခံခဲ့ရတဲ့အပြင် ဖြစ်စဉ်နဲ့ သေဆုံးသူတွေရဲ့ ထက်ဝက်နီးပါးဟာ စစ်ကိုင်းတိုင်း က ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ Read ni full

၃၀။ မောင်မယ်ရှောင်‌ကျေးရွာကို စစ်ကောင်စီတပ်ဝင်ပြီး ရွာသားတချို့ကိုဖမ်းဆီးထား
 June 14, 2024
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်‌ကျေးရွာကို စစ်ကောင်စီတပ်သားတွေရောက်လာပြီး ရွာသားတွေကိုဖမ်းဆီးထား သလို ရွာထဲမှာပစ်ခတ်သံတွေလည်းထွက်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မောင်မယ်ရှောင်ရွာထဲကို ဒီနေ့မနက် ၅ နာရီ‌လောက်မှာ စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်ရောက်လာပြီး ၈ နာရီဝန်းကျင်လောက်မှာတော့ နောက်ထပ် စစ်ကား လေးစီးထပ်ရောက်လာခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ အဲဒီစစ်ကောင်စီတပ်သားတွေဟာ ရွာသား တွေနဲ့ လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေစစ်ဆေးခဲ့ပြီးနောက် ရွာသားဆယ်ဦးဝန်းကျင်လောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံ တွေကဆိုပါတယ်။“အင်အားက နည်းနည်းနောနောမဟုတ်ဘူး။ စရောက်ရောက်ချင်းရွာအဝင်မှာ ကားဆိုင်ကယ်တွေကို စစ်နေ တာ။ အဲမှာလူတချို့ကိုဖမ်းတယ်။ ပြီးတော့ ရွာထဲထပ်ဝင်ချလာတာ” မောင်မယ်ရှောင်ရွာခံ အမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ကဖမ်းဆီးထားသူတွေထဲမှာ အမျိုးသမီးရော အမျိုးသားရောပါတယ်လို့ ဒေသခံကဆိုပါတယ်။ အခု မနက် ၁၁ နာရီဝန်းကျင်‌လောက်မှာတော့ မောင်မယ်ရှောင်ရွာထဲက သေနတ်ပစ်ခတ်သံတွေအများအပြားထွက်ပေါ်နေသလို နှစ် မိုင်ခန့်ဝေးတဲ့ ဇဟာရွာအမြောက်တပ် (၃၀၂)ကလည်း မောင်မယ်ရှောင်‌ကျေးရွာတဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ တယ်လို့ ရွာခံတွေက ဆိုပါတယ်။“ပစ်သံတွေက တိုက်ပွဲပုံစံလိုမျိုးပဲ။ အဝေးကကြားတာတောင် အသံတွေတော်တော်ကြမ်းနေ တယ်” လို့ ရွာထဲကနေတိမ်းရှောင်လာတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ မောင်မယ်ရှောင်ကျေးရွာက ဒေသခံတချို့ကတော့ စစ်ကောင်စီတပ်သားတွဝင်လာကတည်းက နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီး တချို့ကလည်း ရွာထဲမှာပဲဆက်ရှိ နေတယ်လို့ ရွာခံတွေက ဆိုပါတယ်။ Read ni full

၃၁။ တောင်ကြီးတွင် VPN များ စစ်ဆေးနေ
 June 13, 2024
သျှမ်းပြည် တောင်ကြီးမြို့တွင် VPN အက်ပလီကေးရှင်းများကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများမှ စစ်ဆေး မှုများ တင်းကြပ်လာကြောင်း သိရသည်။ ဇွန်လ ပထမပတ်မှ စတင်၍ တောင်ကြီးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအနီးနှင့် မြို့မဈေးရှေ့ ၊ (Ocean Super Center)အနီး ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ဖုန်းထဲထည့်ထားသည့် VPN အက်ပလီကေးရှင်းများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောသည်။

“ပန်းခြံရယ် Ocean ရယ် အဲ့နှစ်နေရာမှာ စစ်တာ။ နေ့လည်က ဆိုင်ကယ်ဦးထုပ်တွေ၊ VPN တွေ စစ်တယ်။ ရဲကားတွေ လည်း အများကြီး။ ညဆိုလည်း ၇ ခွဲ လောက်ထိ ရှိတယ်။ ဒီရက်ပိုင်းတွေမှ ပိုစစ်လာတယ်။တွေ့လို့ မိရင်‌တော့ ဒဏ်ရိုက်တာပေါ့။ ကျနော်ကတော့ VPN ဖျက်သွားတော့ တော်သေးတာ”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။ ထိုပြင် ဆိုင်ကယ်ဦးထုပ် မဆောင်းသူများကို ဖမ်းဆီးပြီး ငွေကြေးအဆမတန်တောင်းခံမှုများ၊ ဆိုင်ကယ်သိမ်းခြင်း များကိုလည်းပြုလုပ် နေကြောင်း သိရသည်။ Read ni full

၃၂။ ပိတ်မိနေသည့် ဂေါ့ကျေးရွာသား တစ်ထောင်ကျော်ကို AA ကယ်ထုတ်
 June 13, 2024
သံတွဲမြို့နယ်၊ ဂေါ့ကျေးရွာအနီး တိုက်ပွဲများကြောင့် တစ်ပတ်ကျော်ကြာ ပိတ်မိနေသည့် ကျေးရွာသားများကို အာရက္ခ တပ်တော်(AA)က ဇွန်လ ၁၂ ရက်တွင် ကယ်ထုတ်နိုင်ခဲ့သည်။ ဂေါ့ကျေးရွာအနီးတွင် ဇွန်လ ၂ ရက်မှစ၍ တိုက်ပွဲဖြစ်ခဲ့ကြပြီး သံတွဲ လေဆိပ်အနီး စပါးကြီးကျေးရွာထွက်ဝကနေ စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် ကျေးရွာအတွင်း လူဦးရေ ၁,၀၀၀ ကျော် ပိတ်မိ ခဲ့ခြင်းဖြစ်သည်။“ဂေါ့မှာပိတ်မိခဲ့တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ မနေ့ကတွေ့တယ်။ သူပြောတာကတော့ ရွာထဲမှာ ပိတ်မိနေတဲ့ လူဦးရေတစ်ထောင်ကျော်ကို အေအေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးတာလို့ဆိုတယ်။ လောလောဆယ်တော့ လုံခြုံရေး ကြောင့် သူတို့ရဲ့ဖုန်းတွေကို သိမ်းထားပေမယ့် မိသားစုတွေနဲ့ အဆက်အသွယ်လုပ်ခွင့်ပေးတယ်” ဟု လွတ်မြောက်လာသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဂေါ့တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှု မရှိကြောင်းနှင့် ဂေါ့ကျေးရွာအနီးတဝိုက်ကို AA က ထိန်းချုပ်ထားကြောင်း လွတ်မြောက်လာသူများထံမှ သိရသည်။ သံတွဲအခြေစိုက် ခမရ(၅၆၆) တပ်ရင်းကို AA လာတိုက်မည်ကို စိုးရိမ်မှုရှိနေသဖြင့် ဗျူဟာမှူးကိုယ်တိုင်ကွပ်ကဲပြီး သံတွဲလေဆိပ်ဝင်းကနေ ခံစစ်ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၁၂ ရက်က လည်း သံတွဲမြို့နယ်၊ ဂေါ့ကျေးရွာနှင့် မှိုဟင်းပြင်ကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ခဲ့ကြပြီး စစ်ကောင်စီဖက်က လေကြောင်း၊ ရေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။“မနေ့က ညနေပိုင်း ၃ နာရီက ဂေါ့ဖက်က လက်နက်ငယ်ပစ်သံတွေ ကြားရတယ်။ ညနေပိုင်း ၆ နာရီလောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးတွေချသွားတယ်။ စစ်ကောင်စီက သံတွဲ လေဆိပ်နဲ့ ခမရ ၅၆၆ တပ်ရင်း တွေ တိုက်ခိုက်ခံရမှာကို တော်တော်လေးကို စိုးရိမ်နေပြီးတော့ ဂေါ့ဖက်ကနေ အေအေ တိုက်ခိုက် မလာနိုင်အောင် အသေအလဲ ခုခံနေကြတာဖြစ်တယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။ Read ni full

၃၃။ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့များက စတင်တိုက်ခိုက်နေပြီး ရဲစခန်းနှင့်ထွေ/အုပ်ရုံးတို့ကို သိမ်းပိုက်
 June 14, 2024
ချင်းပြည်၊ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့များက စတင်တိုက်ခိုက်နေပြီး မတူပီမြို့မ ရဲစခန်းနှင့် ထွေ/အုပ် ရုံးတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့တွင် ပါဝင်သော  ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုက ပြောဆို သည်။ မတူပီမြို့ မြို့တွင်းစစ်ဆင်ရေးတွင် ချင်းညီနောင်တပ်ဖွဲ့များအပြင် AA ကလည်း ပါဝင်ကူညီမှုများရှိနေပြီး လက်ရှိချိန်အထိ မြို့မရဲစခန်းကို စတင်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ထွေ/အုပ်ရုံးကိုလည်း ၀ိုင်းထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာ သွားကြောင်း၊ စစ်တပ်ဘက်မှ လေကြောင်းပစ်ကူများဖြင့် ဗုံးကျဲသဖြင့် မတူပီမြို့အတွင်းတွင် ပျက်စီးမှုများရှိနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။“ချင်းညီနောင်အနေနဲ့ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေခြင်းဖြစ်ပါတယ်၊ စစ်ဆင်ရေး ပြင်ဆင်မှု စတင်ချိန်ကတည်းက စကစဘက်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်တာတွေ တရစပ်ပြုလုပ်ခဲ့ပြီး လက်ရှိမှာ လည်း တိုက်ပွဲပြင်းထန်လျက်ရှိပါတယ်၊ တိုက်ပွဲအသေးစိတ် အခြေအနေတွေကို လိုအပ်သလို ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ပါတယ်” ဟု ချင်းညီနောင် သတင်း၊ မှတ်တမ်းနှင့်ပြန်ကြား ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇွန်လ ၉ ရက်နေ့မှစတင်ပြီး ချင်းညီနောင်တပ်ဖွဲ့များက မတူပီမြို့အတွင်းသို့ ထိုးဖောက်ဝင်ရောက် ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့တွင်မူ ချင်းညီနောင်တပ်ဖွဲ့အနေဖြင့် မတူပီမြို့ စစ်ဆင်ရေး ဆင်နွှဲနေကြောင်း၊ ချင်းညီနောင် စစ်ဆင်ရေး Operation CB အဖြစ် စစ်ဆင်ရေး ဖော်ဆောင်နေခြင်းဖြစ်ပြီး YAW Army အပါအဝင် အခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ မတူပီမြို့အတွင်း ရှိ စစ်ကောင်စီစခန်းများကို စတင်တိုက်ခိုက်ထိုးစစ်ဆင်နေကြောင်း၊ လက်ရှီအချိန်အထိ နှစ်ဖက်တိုက်ပွဲများပြင်းထန်နေကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။ “မတူပီမြို့သိမ်းတိုက်ပွဲလို့ ပြောလို့ရတယ်။ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတာတွေ တောက်လျှောက် ရှိနေပါတယ်။ AA လည်းပါတယ်။ အခြားမဟာမိတ်တပ်ဖွဲ့တွေလည်းပါတယ်” ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ တစ်ခုက ပြောဆိုသည်။ Read ni full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button