တိုင်းရင်းသားများသတင်း

(No. 2, January 5, 2024)

၁။ လောက်ကိုင် ဒကစနှင့်   ခလရ -၂၃၉ အားလုံး MNDAA ထံ လက်နက်ချ
    January 5, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့အခြေစိုက် လောက်ကိုင်ဒေသ ကွပ်ကဲ မှုစစ်ဌာနချုပ် (ဒကစ) နဲ့  လက်ကျန် ခလရ -၂၃၉ တပ်ဖွဲ့ဝင် အားလုံး ဇန်နဝါရီ ၄ ရက်က  MNDAA ထံ လက်နက်ချသွားတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ နယ်စပ် ဒေသခံတစ်ဦးက”လောက်ကိုင်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကုန်လုံး လက်နက် ချကုန်ပြီ။ တိုက်ပွဲမရှိတော့ဘူးဆိုတဲ့ သဘောလားမသိဘူး”လို့ ပြောပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကွပ်ကဲမှု အောက်ရှိ  လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) နဲ့ ကျန်တဲ့ တပ်ရင်းတွေပါ လက်နက်ချသွားတာလို့ ဆိုပါတယ်။ နောက်ထပ် ဒေသခံ တစ်ဦးကလည်း “မဟာမိတ်တပ်ဖွဲ့တွေက ဒီ ၁၂၅ မှာ ကုန်တင်ကားကြီး ၁၀ စီးကို လာရှာတယ်။  လက်နက်ချတဲ့ စစ်ကောင်စီအဖွဲ့ကို ပြန်ပို့မယ်လို့ ပြောသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးကတော့ အခြေအနေတွေရှုပ်ထွေးနေပြီး လောက်ကိုင် ကျသွားပြီ ဆိုတဲ့သတင်းနဲ့ ဇန်နဝါရီ ၄ ရက် ညနေ ၆ နာရီမှာ  လောက်ကိုင် ဒကစမှူး လက်နက်ချဖို့ လက်မှတ်ထိုးပေးလိုက်ပြီ ဆိုတဲ့သတင်းတွေဟာ သတင်း အမှား ဖြစ်ကြောင်း စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်တွေမှာ ဖော်ပြတာတွေ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်ရှိမှာတော့ MNDAA နဲ့ ပူးပေါင်း မဟာမိတ်ဘက်က အတည်ပြု သတင်းထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ် ပြန်ထားတာ မတွေ့ရသေးပါဘူး။ https://burmese.dvb.no/post/632514

၂။ ပြင်ဦးလွင်စစ်တက္ကသိုလ်နှင့် မိုင်အနည်းငယ်သာ​ဝေးသည့် ​နောင်ချို သံဘိုရွာစခန်းသိမ်းပိုက်ခံရပြီး စစ်​ကြောင်းမှူးပါ     ဖမ်းဆီးခံရ
  January 4, 2024

ရှမ်းပြည်နယ်၊ ​နောင်ချိုမြို့ ၊ သံဘို​ကျေးရွာတိုက်ပွဲတွင် စစ်​ကောင်စီ၏ စခန်းသိမ်းပိုက်ခံရပြီး စစ်​ကြောင်းမှူးဖြစ်သည့် ဒုဗိုလ်မှူးကြီးသက်​အောင် အဖမ်းဆီးခံရကာ စစ်​ကောင်စီတပ်သား အများအပြား​သေဆုံး​ကြောင်းသိရသည်။ ပြင်ဦးလွင် စစ်တက္ကသိုလ်နှင့် ၁၅ မိုင်ခန့်သာကွာ​ဝေးသည့် ​နောင်ချိုမြို့၊ သံဘိုရွာရှိ စစ်​ကောင်စီစခန်းကို မန္တ​လေးပြည်သူ့ကာကွယ်​ရေး တပ်ဖွဲ့နှင့် တ​အောင်းတပ်မ​တော် TNLA ပူး​ပေါင်းတပ်တို့ ဇန်နဝါရီလ ၂ ရက်​နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၃ ရက်​နေ့ မနက် ၇ နာရီခွဲခန့်တွင် သံဘိုရွာစခန်းကို ​တော်လှန်​ရေးတပ်များက သိမ်းပိုက်ရရှိခဲ့​ကြောင်း MDY- PDF ကထုတ်ပြန်ထားသည်။ အဆိုပါတိုက်ပွဲတွင် စစ်​ကောင်စီဘက်ကအများအပြားကျဆုံးပြီး စစ်​ကြောင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီးသက်​အောင်ကို အရှင် ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းမျိုးစုံအ​မြောက်အများနှင့် Jammer များပါသိမ်းဆည်းရမိခဲ့​ကြောင်းသိရသည်။

ထို့အပြင် သံဘိုရွာဘက်သို့ ဇန်နဝါရီ ၃ ရက် ​နေ့လယ် ၂ နာရီခွဲခန့်က ကားသုံးစီးဖြင့် စစ်ကူလာသည့် စစ်​ကြောင်းကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (မန္တ​လေး)နှင့် တ​အောင်းတပ်​တော် TNLA ပူး​ပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ရာ စစ်​ကောင်စီဘက်မှ ​သေဆုံးထိခိုက်မှုများပြားခဲ့​ပြီး လက်နက်များထပ်မံသိမ်းဆည်းရမိခဲ့​ကြောင်းသိရသည်။ အဆိုပါ သံဘိုရွာစစ်စခန်းသည် စစ်​ကောင်စီတပ်သား ၂၀၀ ခန့်အ​ခြေချ၍ နှစ်ရှည်အခိုင်အမာတပ်စွဲထားပြီး စစ်လက်နက်အ​မြောက်အများတပ်ဆင်ထား​ကြောင်း သိရသည်။ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့(မန္တ​လေး)မှ အထိအခိုက်အကျအဆုံးရှိခဲ့​သော်လည်း စစ်​ကောင်စီ၏ အရေးပါပြီးဗျူဟာကျသည့် စစ်စခန်းတစ်ခုကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (မန္တ​လေး) အ​နေဖြင့် ပြည်သူများအတွက် နှစ်သစ် လက်​ဆောင်​ပေးနိုင်ခဲ့​ကြောင်း ထုတ်ပြန်ထားသည်။ https://www.facebook. com/photo/?fbid=696803829255306&set=p cb.696804009255288

၃။  ပလက်ဝနှင့် ရခိုင်ဒေသက စစ်ကောင်စီ တပ်စခန်းတစ်ခုမကျန် သိမ်းပိုက်မည်ဟု AA ပြော
   January 4, 2024

ပလက်ဝဒေသနှင့် ရခိုင်ပြည်အတွင်းက အာဏာသိမ်းစစ်ကောင်စီ၏ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်စခန်းများနှင့် ဗျူဟာကုန်း များ အားလုံးကို တစ်ခုမကျန် တိုက်ခိုက်သိမ်းပိုက်မည်ဟု ရက္ခိုင့်တပ်တော် AA က ညီနောင်မဟာမိတ်တပ်ဖွဲ့ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။ ညီနောင်မဟာမိတ်တပ်ဖွဲ့မှ ယမန်နေ့ ဇန်နဝါရီလ ၃ ရက်နေ့ ည သတင်းထုတ်ပြန်ချက်တွင် AA က ပြောဆို ထားခြင်းဖြစ်သည်။ ပလက်ဝဒေသက စစ်ကောင်စီ၏ စခန်းကြီး၊ စခန်းငယ်နှင့် ဗျူဟာကုန်းကြီး ၂၀ ခုထက်မနည်းကို ဇန်နဝါရီလ ၃ ရက်နေ့အထိ AA က သိမ်းပိုက်ထားပြီး ဆက်လက်ပြီး ၂၈၉ ဗျူဟာကုန်းနှင့် မီးဝဗျူဟာကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေ ကြောင်း AA က ပြောသည်။ အပြတ်ချေမှုန်းတိုက်ခိုက်မည့် စစ်ကောင်စီ၏ တပ်စခန်းများနှင့် ပတ်သက်၍ ရခိုင်ပြည်အတွင်းမှ တပ်စခန်းများကို အမည်နှင့်တကွဖော်ပြမထားသော်လည်း ပလက်ဝဒေသမှ တိုက်ခိုက်သိမ်းပိုက်မည့် တပ်စခန်းအမည်များကို AA က ဖော်ပြထားသည်။ ပလက်ဝဒေသတွင် စစ်ကောင်စီ၏ တပ်စခန်း ၈ ခုထက်မနည်း ကျန်ရှိနေသေးပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လ ၁ ရက်နေ့ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော် AA က ဆိုသည်။ ပလက်ဝဒေသတွင် ကျန်ရှိနေသေး သော စစ်ကောင်စီတပ်စခန်းများမှာ ခလရ- ၂၃၃၊ ခမရ- ၃၇၄၊ ခမရ- ၃၇၆၊ ခမရ- ၃၀၈၊ ခမရ- ၂၁၁၊ ခမရ- ၂၁၇၊ ခလရ- ၂၈၉နှင့် ခမရ- ၂၂၀ တို့ဖြစ်ကြောင်း AA က အမည်နှင့်တကွ ဖော်ပြထားသည်။

ရခိုင်ပြည်အတွင်းမှာလည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ကုန်ပိုင်းကစ၍ ကျောက်တော်မြို့နယ် တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင် စစ်ကောင်စီ ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယခုရက်ပိုင်းအတွင်း အပြီးသတ်သိမ်းပိုက်သွားမည်ဟု ပြောဆိုထားသည်။ အဆိုပါ ဗျူဟာကုန်းအား သိမ်းပိုက်နိုင်ရေးအတွက် AA မှ ထိုးစစ်ဆင် တိုက်ခိုက်နေရာတွင် ကျောက်တော်မြို့အနီးရှိ စစ်ကောင်စီတပ်မမှ လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှု ကြောင့် လက်နက်ကြီးမှာ ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာသို့ ကျရောက်ခဲ့သည်။  စစ်ကောင်စီ ၏ လက်နက်ကြီး များကြောင့် ယင်းကျေးရွာမှ အသက် ၃၂ နှစ်အရွယ် အပြစ်မဲ့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ရပြီး အသက် ၃ လနှင့် ၁၈ နှစ်ကြားရှိ ကလေးငယ် ၆ ဦးအပါအဝင် ဒေသခံအမျိုးသား/အမျိုးသမီး စုစုပေါင်း ၁၂ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ပလက်ဝနှင့် ရခိုင်ပြည်အတွင်းက စစ်ကောင်စီ တပ်စခန်းများအားလုံးကို တိုက်ခိုက်သိမ်းပိုက်မည်ဟု AA ပြောဆိုချက်ကို ပေါက်တောဒေသခံ တစ်ဦးက ယခုလိုပြောသည်။ ” AA ရဲ့ ရွယ်ရည်ချက်ကို အရမ်းသဘော ကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီကြောင့် ကျနော်တို့ ပေါက်တောမြို့မှာ တစ်ခုမှ မကျန်တော့ဘူး။ လူတွေလည်း စစ်ဘေးရှာင်ဖြစ်သွားပြီ။ သေတဲ့သူတွေ၊ ဒဏ်ရာရတဲ့သူ တွေရှိတယ်။ နေအိမ်တွေမီးလောင်းဆုံးရှုံးတာ၊ ဈေးဆိုင်ခန်းတွေ မီးလောင်သွားတာရှိတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေမရှိမှ ရခိုင်မှာ အေးချမ်းမှာ။ မဟုတ်ရင် စစ်ကောင်စီက ဒေသခံပြည်သူတွေကို ထပ်ပြီး ဒုက္ခပေးနေမှာဖြစ်တယ်။ ” ဟု ပြောသည်။  https://www.facebook.com/ photo/?fbid=811729167633178&set=a.682731967199566

၄။ လီဆူလူငယ်များ  ပြည်သူ့စစ်အဖွဲ့တွင် တာဝန်မထမ်းဆောင်လိုသဖြင့် နေရပ်စွန့် တိမ်းရှောင်
    January 5, 2024

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က ဒေသခံ လီဆူအမျိုးသားလူငယ်တွေဟာ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့အတွင်း တာဝန်မထမ်းဆောင်လိုတဲ့အတွက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါ တယ်။ စစ်ကောင်စီ လက်အောက်ခံ ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့က ဝိုင်းမော်မြို့နယ်မှာ နေထိုင်တဲ့ လီဆူတိုင်းရင်းသားတွေကို  တအိမ်တယောက် မဖြစ်မနေ စစ်မှုထမ်းဖို့လိုက်လံစုဆောင်းနေတဲ့အတွက် လူငယ်တချို့က တခြားမြို့ရွာတွေဆီ တိမ်းရှောင် နေ ကြရပါတယ်။ ဒေသခံ လီဆူလူငယ် တစ်ဦးက “ပြည်သူ့စစ်ထဲ စစ်မှုထမ်းဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ လောက်ကတည်းက လိုက်လံ စုဆောင်းနေတယ်။ လီဆူ လူငယ်တချို့ကတော့တခြား မြို့ရွာတွေကို တိမ်းရှောင်ကုန်ကြပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းကဆို တိမ်းရှောင် တဲ့သူ ပိုများတယ်။ စစ်မှု မထမ်းချင်ကြဘူးလေ”လို့ပြောပါတယ်။

ပြည်သူ့စစ် တပ်ဖွဲ့အတွင်း ဝင်ရောက်ပြီး စစ်မှုမထမ်းလိုတာကြောင့် လူငယ်အများစုဟာ မော်တော်ယာဉ်နဲ့ လမ်းခရီး စိတ်မချရတဲ့လို့ လေကြောင်းနဲ့တခြားမြို့ရွာတွေကို တိမ်းရှောင်ကြတာရှိတယ်လို့လည်းပြောဆိုပါတယ်။ လီဆူပြည်သူ့စစ်ခေါင်း ဆောင် ဦးရွှေမင်းဟာ  လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ရဲ့ ဥက္ကဋ္ဌဖြစ်သလို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ပြည်သူ့စစ်အဖွဲ့ လည်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ရဲ့ ဥက္ကဋ္ဌ ဦးရွှေမင်း ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က  မြန်မာနိုင်ငံ လီဆူစစ်တပ်ဖွဲ့စည်းတည် ထောင်ဖို့ ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံ လီဆူလူငယ်တချို့ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတာပါ။ https://bur mese.dvb.no/post/632518

၅။ ကရင်နီ၌ ၃ နှစ်အတွင်း စစ်တပ်က အရပ်သား ၄၅၀ ကျော်ကို သတ်ဖြတ်၊ အကြိမ် ၁၀၀၀ ခန့် လေကြောင်းတိုက်       ခိုက်
  January 5, 2024

ကရင်နီပြည်မှာ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အရပ်သား ၄၅၀ ကျော် သတ် ဖြတ်ခံခဲ့ရပြီး လေကြောင်းကနေ တိုက်ခိုက်မှုအကြိမ် ၁,၀၀၀ လောက် ရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီ ၃ နှစ်အတွင်း ကရင်နီပြည်တွင်းက စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး အချိုးဖောက်ခံရတာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ပြန်လာတာဖြစ်ပြီး လေကြောင်းက တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ၁ လအတွင်း ၁၀၄ ကြိမ်ရှိခဲ့ပါတယ်။ ၃ နှစ်အတွင်းမှာ သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ ၄၅၇ ယောက်ရှိပြီး စစ်ရှောင်ပြည်သူ တွေထဲကလည်း ၁၄၇ ယောက် သေဆုံးခဲ့တာပါ။ ဒါ့အပြင် ပြည်သူ ၁၅၀ ဟာလည်း မတရားဖမ်းဆီးခံခဲ့ရတယ်လို့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာလထဲမှာတိုက်ပွဲ အကြိမ် ၃၀ ဖြစ်ခဲ့ပြီး ၃ နှစ်အတွင်း တိုက်ပွဲပေါင်း ၉၃၆ ကြိမ်ဖြစ်ခဲ့တယ်လို့ PKPF က ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်ဟာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ အစောဆုံးပြည်နယ်တခုလည်းဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၅၆ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ၆၅၁ ယောက် သေဆုံးခဲ့သလို ပြည်သူ ၂၅၄ ယောက်လည်း သေဆုံးခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအထိ စစ်ကောင်စီဘက်က လေကြောင်း က နေတိုက်ခိုက်တာ အကြိမ် ၈၈၀ ရှိပြီး ဒီဇင်ဘာလကုန်အထိ ၉၈၄ ကြိမ်ရှိတာကြောင့် ၁ လအတွင်း ၁၀၄ ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်။ ကရင်နီပြည်ထဲမှာ စစ်ကောင်စီရဲ့ လေယာဉ် ၂ စင်း ပျက်ကျခဲ့တယ်လို့လည်း မှတ်တမ်း မှာ ဖော်ပြထားပါတယ်။ ဒီ ၃ နှစ် အတွင်း တိုက်ပွဲတွေကြောင့် ဘာသာရေးအဆောက်အုံ ၄၆ လုံး၊ ပြည်သူတွေရဲ့ နေအိမ် ၂,၂၈၁ လုံး၊ ဆေးရုံ၊ ဆေးခန်း ၁၄ လုံးနဲ့ စာသင်ကျောင်း ၂၂ လုံး ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီဘက်က ၂,၈၄၈ ယောက်သေဆုံးခဲ့သလို စစ်ကား ၆၈ စီး ပျက်စီးခဲ့ပြီး ကရင်အမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော် KA နဲ့ PDF ဘက်က ကျဆုံးသူ ၄၃၉ ယောက် ရှိတယ်လို့ ဆိုပါတယ်။ https://burmese.dvb.no/po st/632494

၆။  KIA ပစ်ချလိုက်တဲ့ စစ်ရဟတ်ယာဉ်ထဲပါလာသူ ၆ ယောက်လုံးသေဆုံးသွားပြီး အရှင်ဖမ်းမိတာမရှိဘူး ဗိုလ်မှူးကြီး      နော်ဘူ ပြော
    January 4, 2024

KIO ဌာနချူပ်အနီး KIA ပစ်ချလိုက်တဲ့ စစ်ကောင်စီရဟတ်ယာဉ်ထဲပါလာသူ ၆ ယောက်လုံးသေဆုံးသွားပြီး အရှင်ဖမ်းမိ တာမရှိဘူးလို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အတည်ပြုပြောပါတယ်။ ဇန်နဝါရီလ ၃ ရက် မနေ့ ၁၁ နာရီခန့်က မြစ်ကြီးနား–လိုင်ဇာလမ်း လိုင်စင်တောင်(Laisin Bum) အနီး ကကမ်(Kagam) နဲ့ နာ့ဖော့ (Nahpaw) စစ်ကောင်စီ တပ်စခန်းဆီသို့ ရိက္ခာလာရောက်ပို့ဆောင်ခဲ့ပြီး ပျံတက်လာတဲ့ စစ်ရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ ပစ်ချလိုက်နိုင်တာဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။“မနေ့က KIA  ဘက် က ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်က အကုန်မီးလောင်သွားပြီ။ လေယာဉ်ထဲမှာ ပါလာသူစုစုပေါင်း ၆ ယောက်ရှိပုံရတယ်။ အဲ့ဒီ ၆ ယောက်လုံး သေသွားပြီ။ အရှင်ဖမ်းမိထားတာလည်းမရှိဘူး။”လို့ ပြောပါတယ်။ KIA ပစ်ချပေးလိုက်တဲ့ ရဟတ်ယာဉ် အမျိုးအစား မှာ M 17 အမျိုးအစားဖြစ်ပြီး နာ့ဖော့ဘွမ်တပ်စခန်းကနေ စစ်ရိက္ခာတွေ ပို့ဆောင်ထားပြီး ပြန်လည် ပျံတက်လာချိန် ပစ်ချခံလိုက် ရခြင်းဖြစ်ကြောင်း သိရပါတယ်။

အဲ့ဒီစစ်ကောင်စီရဟတ်ယာဉ်မှာ နမ်ဆန်ယန်အနီး ဖယဲယာန်(Hpanye Yang) နဲ့ ခလား(Hkala) အနီး ခေါင်လန်ဘွမ် (Hkaulan Bum) ကြားမှာ လာရောက်ပျက်ကျ မီးလောင်သွားပြီဖြစ်တယ်လို့လည်းဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။“သူတို့က အရင်ကဆို စစ်ရိက္ခာနဲ့ စားနပ်ရိက္ခာတွေကို ကန်ဒေါင်ယန်လမ်းဘက်ကနေ ပို့ဆောင်နေကြဟုတ်တယ်။ ဆိုတော့ အခု က ကန်ဒေါင်ယန်ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ပြီးခဲ့တဲ့လကပဲ သိမ်းပိုက်လိုက်တယ်။ ဒါကြောင့် သူတို့အတွက် မြေပြင် ကနေ ရိက္ခာတွေ ပို့ဆောင်နိုင်ဖို့ တော်တော်ခက်သွားပြီ။ ဆိုတော့ လေယာဉ်နဲ့ပဲ ပို့ဆောင်ပေးရတဲ့အခြေအနေ ရောက်နေတယ်။ အခုတစ်ခေါက်ကလည်း မြစ်ကြီးနားကနေ နာ့ဖော့ဘွမ်တပ်စခန်းဆီ အစားအသောက်နဲ့ အခြားစစ်ပစ္စည်းတွေ လာချပေးတာလို့ ပြောလို့ရတယ်။”လို့ ဆိုပါတယ်။ စစ်ကောင်စီရဟတ်ယာဉ် ပစ်ချခံရပြီးနောက် ဇန်နဝါရီ ၃ ရက် မနေ့ညနေပိုင်း ၆ နာရီခန့်တွင် လိုင်ဇာအနီး ပါဂျောင်ဘွမ်နဲ့ လိုင်စင်ဘွမ်တစ်ကြော စစ်တပ်ဘက်က ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတာတွေရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူ ကဆိုပါတယ်။ KIO ဌာနချူပ်အနီး မြစ်ကြီးနား– ဗန်မော်ကားလမ်းပိုင်းတွင် အဓိကအရေးပါတဲ့ စစ်ကောင်စီ တပ်စခန်း ၂ ခုဖြစ်တဲ့ လွယ်လွမ်အောင်ဂျာတပ်စခန်းနဲ့ ကန်ဒေါင်ယန်တပ်စခန်းကြီးကို ပြီးတဲ့ခဲ့ အောက်တိုဘာလမှာ ကချင်လွတ် လပ်ရေးတပ်မတော်  KIA ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်ဘက်က KIO ဌာနချူပ်အနီး စစ်တပ်စခန်းတွေဆီ စစ်ရိက္ခာတွေ ပို့ဆောင်နိုင်ဖို့ ခက်ခဲသွားခြင်းဖြစ်ပါတယ်။ https://burmese.kachinnews.com/2024/01/04/ld1-102/

၇။ ပလက်၀ စစ်ကောင်စီ၏ ချင်းလက်၀စခန်းကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်
   January 4, 2024

ပလက်၀မြို့နယ်၊ ချင်းလက်၀စခန်းကုန်းကို ရက္ခိုင်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား များ၏ အလောင်းနှင့် လက်နက်ခဲယမ်းများ စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း AA က တရားဝင် ထုတ်ပြန် သည်။  ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ပလက်ဝဒေသအတွင်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော စစ်ကောင်စီတပ်၏ စခန်း ကုန်းများထဲမှ ခမောင်းဝစခန်းကုန်းကို  ဇန်နဝါရီလ ၂ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း သိရသည်။  ထို့အပြင် ဇန်နဝါရီလ ၃ ရက်နေ့၌လည်း ချင်းလက်ဝစခန်းကုန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီ အဆိုပါ စခန်းကုန်းများကို သိမ်းပိုက်ရ ရှိရာတွင် စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြာ သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်းရှိ ခမောင်းဝ စစ်ကောင်စီတပ်စခန်း အား ရက္ခိုင့်တပ်‌တော် AA က ဇန်နဝါရီလ ၂ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့ကလည်း သတင်း ထုတ်ပြန်သည်။

လက်နက်ချ အညံ့မခံသေးသော စခန်းကြီး၊ ငယ်များနှင့်  တစ်ဝက် တစ်ပျက် အနည်းငယ်သာ ကျန်ရှိနေသေးသည့် စခန်း များကိုလည်း ယခုရက်သတ္တတစ်ပတ်အတွင်း အပြီးသတ်ချေမှုန်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။ အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပလက်ဝမြို  ခဝဲဗျူဟာကုန်းနှင့် ၂၈ ရက်နေ့ မြန်မာ နယ်စပ်၊ ပလက်ဝ ဒေသအတွင်းရှိ အခြေကုပ်စစ်စခန်းတစ်ခုဖြစ်သော ပွိင့် ၃၇၇ စစ်ဆင်ရေး အခြေကုပ်စခန်းကုန်း ရက္ခိုင့်တပ် တော်မှ အပြီးသတ်သိမ်းပိုက်ခဲ့သည်။ အဆိုပါ ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ပွိုင့် ၃၇၇ ခြေကုပ်စခန်းတို့ ကို AA က တိုက်ခိုက် သိမ်းပိုက်ခဲ့စဉ်အတွင်း လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်တစ်ချို့ လည်း ရရှိခဲ့ကြောင်း AA ထုတ်ပြန်သည်။ https://www.facebook.com /photo/?fbid=811474137658681&set=pcb.81147 274325334

၈။ နမ့်ဖတ်ကာမှာ တိုက်ပွဲ ပြင်းထန်နေ၊ စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ ဒေသခံ ၄ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ
    January 4, 2023

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ ကချင်တပ်မတော်- KIA နဲ့ စစ်ကောင်စီတပ်တို့ ၆ ရက်ကြာ တိုက်ပွဲ ပြင်း ထန်နေပြီး စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၄ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ​သိရပါတယ်။ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်မှာ လေယာဥ်နဲ့ ဗုံးကြဲလို့ ရပ်ကွက်(၄)က မိသားစုဝင် ၃ ဦးနဲ့ ဒေသခံ အမျိုးသား တစ်ဦး ထိမှန်သေဆုံးပြီး မန်မောဝ်ရွာခံတစ်ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “စ​ပစ်တဲ့နေ့တုန်းကဆို ရပ်ကွက်ထဲက မိသားစုတစ်စုက ထမင်းထိုင်စားနေတဲ့အချိန်မှာပဲ လေယာဥ်နဲ့ ပစ်လာတဲ့ဗုံးကျပြီး အဲမှာပဲ အကုန်သေသွားတယ်။ အသားတွေတောင် တစ်စစီ ဖြစ်သွားတယ်လို့ပြောတယ်။ တရုတ် အိမ်က မိသားစုဝင်သုံးယောက်။ နောက် ထပ် ယောက်ျားလေး တစ်ယောက်ကတော့ လမ်းပေါ် ထွက်ကြည့်တာ လေယာဥ်နဲ့ ပစ်ချလာတဲ့ဟာ လာထိတာ။ အဲဒါလည်း သေသွားပြီ။ တစ်ခြားနေရာမှာ သေတဲ့လူတွေလည်း ရှိသေးတယ်။ ဝင်လို့မရတော့ အကုန်မသိဘူး” စစ်တပ်က လေကြောင်းနဲ့ နေ့စဥ်ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် သေဆုံးသူအလောင်း သယ်လို့မရသလို ဒဏ်ရာရသူတွေကိုလည်း သွားမသယ် ဆောင်ရဲကြဘူးလို့ အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။

“ဗုံးထိပြီး ဒဏ်ရာရတဲ့သူတွေက လှမ်းခေါ်တာတွေ ရှိပေမဲ့ ဘယ်သူမှ မသွားရဲကြဘူး။ သူတို့(စစ်တပ်)က လူတွေ့တာနဲ့ တစ်ခါတည်းပစ်တယ်လို့ပြောတယ်။ ကျမတို့အိမ်မှာကျန်ခဲ့တဲ့လူတွေက ဖုန်းဆက်ပြီး ပြောလာတာ”တိုက်ပွဲအတွင်း စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ ၁၂၃)အနီးရှိ နေအိမ်တချို့နဲ့ နမ့်ဖတ်ကာ စျေးအနီးက အထည်ဆိုင်၊ ပန်ဂျရောပ့်ရွာ ဘုန်းကြီးကျောင်း၊ ရန်အောင်မြင်၊ သာယာကုန်း၊ ရပ်ကွက် ၂ က နေအိမ်တွေလည်းမီးလောင်ပျက်စီးခဲ့တယ်လို့ ​ဆိုပါတယ်။ နမ့်ဖတ်ကာမှာ ဇန်နဝါရီ ၄ ရက်အထိ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး ဒေသခံတွေက ​ဟိုမော၊ မော်စောင်း၊ မန်နိမ် စတဲ့ရွာတွေဘက် ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဆိုပါတယ်။ နမ့်ဖတ်ကာမှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ထားတာကြောင့် မြေပြင်မှာ သေဆုံး သူနဲ့ ထိခိုက်ဒဏ်ရာရသူတွေဟာ ဒီထက် ပိုများနိုင်ပါတယ်။ https://ww w.facebook.com/photo/?fbid=695682199405714& set=pcb.695682219405712

၉။ ရွှေကူမြို့နယ်တွင် တိုက်ပွဲဖြစ်
    January 5, 2024

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား  ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ စစ်ကောင်စီ တပ် အင်အား ၃၀ လောက်က အောက်လေးလမ်းဆုံမှ စစ်ကြောင်းထိုးလာစဉ် ဝင်ဝကျေးရွာအနီးမှာ KIA/PDF က စောင့်ကြိုတိုက် ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “စစ်တပ်က အင်အား ၃၀ လောက်ရှိတယ်။ အောက်လေးလမ်းဆုံဘက်ကနေ စစ်ကြောင်း ထိုးလာတာ။ အဲ့ဒါ ဝင်ဝနားအရောက်မှာ KIA နဲ့ PDF အဖွဲ့ကစောင့်ပြီးတိုက်တယ်။ တိုက်ပွဲက တနာရီလောက်ကြာတယ်။ နှစ်ဖက် ထိခိုက်သေဆုံး ရှိမရှိတော့ သေချာမသိရဘူး” လို့ ပြောပါတယ်။ စစ်ကြောင်းထိုးလာတဲ့ ရွှေကူအခြေစိုက် ခမရ ၆၀၂ တပ်နဲ့ ခလရ ၅၆ တပ်ရင်း အင်အား ၃၀ ခန့်ဟာ ဝင်ဝကျေးရွာအနီးမှာ KIA/PDF က စောင့်ကြိုတိုက်ခိုက်ခဲ့လို့ မနက် ၈ နာရီခွဲမှ ၉ နာရီခွဲအထိ တနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ရွှေကူမြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးမှုတွေကို သက်ဆိုင် ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ https://burmese.dvb.no/post/632523

၁၀။ မင်းပြားတွင် ရိက္ခာလာယူသည့် စစ်ကြောင်းကို AA က မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း      သေဆုံး
   January 4, 2024

တောင်ပေါ်တွင်တပ်စွဲအခြေချနေထိုင်သည့် စစ်ကောင်စီတပ်သည် တောင်အောက်သို့ ရိက္ခာလာယူစဉ် ရက္ခိုင့်တပ်တော် AA မှ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးသွားကြောင်း AA သတင်းရင်းမြစ်တချို့က ပြော ဆိုသည်။ ရခိုင်ပြည်၊ မင်းပြားမြို့နယ် ငစရိုင်းချောင်းတောင်အနီး မင်းရွာနှင့်ဖားပြိုရွာကြား ရန်ကုန်-စစ်တွေ ကားလမ်းနံဘေးရှိ သလုံးတော်ဘုန်းကြီးကျောင်း အနီးတွင် ဇန်နဝါရီ ၄ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခွဲခန့်က AA က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။ AA သတင်းရင်းမြစ်တစ်ဦးက “စစ်တပ်က တောင်ပေါ်မှာတပ်စွဲထားတာ အဲ့ဒီမှာဒီကနေ့ နံနက်ပိုင်းက တောင်အောက်ကို ရိက္ခာလာယူတယ်လို့ယူဆတယ်။ ဆင်းလာတဲ့ စစ်ကောင်စီအရေအတွက် ၂၀ ကျော်လောက်ရှိမယ်။ ကားလမ်းနံဘေးလေး ရောက်တော့ မိုင်းဆွဲလိုက်တာ။ မျက်မြင်ကတော့ ၅ ယောက်သေတယ်။ တစ်ချို့ကတော့ ထိခိုက်ဒဏ်ရာရတယ်။ ပစ်ခတ်မှု အနည်းငယ်ဖြစ်တယ်။ အလောင်းတွေကိုတော့ ယူသွားတာတွေ့တယ်”ဟုပြောသည်။

စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မင်းပြားတပ်ရင်းနှင့် ရာမောင်တံတားအနီးရှိ စစ်ကောင်စီက တပ်ရင်းများက လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေးရွာများသို့ ပစ်ခတ်ခဲ့ကြောင်း  မင်းပြားမြို့နယ် ဒေသခံတစ်ဦးက ပြော ဆိုသည်။ “ပေါက်ကွဲသံနှစ်ချက်လောက် ကြားလိုက်ရတယ်။ ပြီးတော့ ပစ်ခတ်မှုတွေ ဖြစ်ကြတယ်။ သိပ်တော့မကြာလိုက်ဘူး။ ပြီးတော့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာကိုကြားလိုက်ရတယ်။ ဘယ်ဖက်ကို လှမ်းပစ်တယ်ဆိုတာကိုတော့ မသိရဘူး။ ရွာဖက် တွေကိုပစ်တယ်လို့ပဲ ယူဆပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိမှုကိုတော့ အခုထိ မကြားရသေးဘူး “ဟုပြောသည်။  https://www.face book.com/photo/?fbid=811881064284655&set=a.6 82731967199566

၁၁။ ကွတ်ခိုင်တွင်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှနေ၍  အပြင်းအထန်ကာကွယ်နေ
     January 4, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် မဟာမိတ်အဖွဲ့များနှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ ပြီး စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ပြီး အပြင်းအထန်ကာကွယ်နေကြောင်း TNLA စစ်ရေးသတင်းရင်းမြစ်ထံက သိရ သည်။ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး မဟာမိတ်သုံးဖွဲ့နှင့် KIO တို့က ကွတ်ခိုင်နှင့် နမ့်ဖက်ကာရွာတို့ကို အပြင်း အထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင် စီဘက်မှလည်း နောက်ဆုံး ဗျူဟာစခန်းမကျစေရေး လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှု များ ပြုလုပ်နေကြောင်းသိရသည်။ စစ်ကောင်စီသည် ယမန်နေ့ ဇန်နဝါရီ ၃ ရက် မနက် ၁၀ နာရီခန့်ကစတင်ပြီး အင်တာနက် လိုင်းများနှင့် ဖုန်းလိုင်းများကို ဖြတ်တောက်လိုက်သည့်အတွက် မြို့အတွင်း ပိတ်မိ နေသူများနှင့် အဆက်အသွယ်ပြတ်တောက် သွားကြောင်း ကွတ်ခိုင်မြို့အတွင်းရှိ စစ်ဘေး ရှောင်များကိုကူညီနေသူထံမှသိရသည်။ တိုက်ပွဲများစတင်ပြင်းထန်လာကတည်းက ကွတ်ခိုင်မြို့အတွင်းရှိ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြပြီး မြို့အတွင်း ပိတ်မိနေသူများလည်း ရှိကြောင်းသိရသည်။

စစ်ကောင်စီတပ်က မြို့ပြင်ရပ်ကွက်များနှင့် မြို့တွင်းရှိရပ်ကွက်များကို လေကြောင်းအသုံးပြု၍ ဗုံးများကြဲချသလို ဒရုန်းဗုံးများအသုံးပြု၍ တိုက်ခိုက်လျက် ရှိကြောင်းသိရသည်။ ကွတ်ခိုင်မြို့၏ ရပ်ကွက် (၃)၊ (၄)၊ (၅)၊ (၈)တို့တွင်ဇန်နဝါရီ ၁ ရက်နေ့မှစတင်ကာ တိုက်ပွဲများပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ကိုး လုံး၊ ပေါင် ၅၀၀ ဗုံး နှစ် လုံးတို့ ဖြင့် ကွတ်ခိုင်မြို့တွင်းရှိ တုံဆင်လေးကျေးရွာနှင့် ရပ်ကွက်(၈)ရှိ ရဲစခန်းတို့ကို လာရောက်တိုက်ခိုက်ခဲ့ကြောင်း မဟာမိတ်အဖွဲ့ များကထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည့်အတွက် ဇန်နဝါရီ ၁ ရက်နေ့မှ ယနေ့ ဇန်နဝါရီ ၄ ရက်နေ့အထိ အရပ်သားပြည်သူ လေးဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ စစ်ကောင်စီအထိုင်စခန်းများကို KIA က အပြင်းအထန်တိုက်စစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ် များထံက သိရသည်။ https://www.facebook.com/p hoto/?fbid=696736549262034&set=a. 583120797290277

၁၂။ တိုက်ပွဲကြောင့် ပလက်ဝမြို့က ဌာနဆိုင်ရာ ရုံးတွေ ပိတ်ထားရ
    January 5, 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင်း ဌာနဆိုင်ရာ ရုံးတွေ ပိတ်ထားရတယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့ကစပြီး ပလက်ဝမြို့မှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲ ပြင်းထန်နေပြီး မြို့နေပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ဘေးလွတ်ရာသို့ထွက်ပြေးနေပြီး လက်ရှိ ဆေးရုံ၊ စာသင်ကျောင်း၊ ဘဏ်တွေ ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဆေးရုံက ဝန်ထမ်းတွေ၊ ဆရာဝန်တွေက ထွက်ပြေးကြပြီ။ ဆေးရုံ ဒီအတိုင်း ပိတ်ထားခဲ့တယ်။ ကျောင်းဆရာ၊မတွေလည်း ကျောင်းမတက်တော့ဘူး။ မြို့ပေါ်မှာလူတွေမကျန်တော့ဘူး။ ထွက်ပြေး နေကြလို့ အနည်းစုသာ ကျန်တော့တယ်။ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေက ကြားနေရတုန်းပါ” လို့ ဆိုပါတယ်။

ပလက်ဝမြို့ပေါ် ကျန်ရှိနေသေးတဲ့ ပြည်သူတွေဟာ စာသင်ဆောင်၊ ဘုရားကျောင်းတွေမှာ စုဝေးနေထိုင်နေ​ရကြောင်း စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲပြင်းထန်နေဆဲလို့ သိရှိရပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့က တိုက်ပွဲတွင်း လက်နက်ကြီးကျည် ကျ ရောက်ပေါက်ကွဲပြီး ရိက္ခာရပ်ကွက်နေ အသက် ၁၄ နှစ်အရွယ် မောင်ထွန်းကိုလင်းသေဆုံးခဲ့ပြီး ၎င်းမိဘနှစ်ဦးဖြစ်တဲ့ ဦးအောင်ဘဲ နဲ့ ဒေါ်အောင်မာတို့ဟာလည်း ဦးခေါင်း၊ ခြေ၊ လက်တွေမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပလက်ဝ ဆိပ်ကမ်းမှာနေထိုင်တဲ့ ကားသမားတစ်ဦးဟာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ပွဲချင်းပြီး သေဆုံးခဲ့ကာ ထိခိုက် ဒဏ်ရာရတဲ့ လူနာတွေကိုလည်း ဆေးကုသရန် ပလက်ဝဆေးရုံထားဖို့ အခက်ခဲရှိနေတယ်လို့ သိရပါတယ်။ https://www.faceb ook.com/photo/?fbid=712748744289628&set=a.6032547 48572362

၁၃။ ထန်းတပင်ရှိ စစ်တပ်စခန်း ၂ ခုမှ တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေး
     January 4, 2023

ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်ရှိ စစ်တပ်စခန်း ၂ ခုမှ တပ်သားတွေဟာ စခန်းကို စွန့်ခွာပြီး ထွက်ပြေးသွား ကြောင်း KNU က ဇန်နဝါရီ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ကရင်အမျိုးသား အစည်းအရုံး- KNU/KNLA ကော်သူးလေ အုပ်ချုပ် နယ်မြေ၊ တောဦး (တောင်ငူ)ခရိုင် မိုနေပွာကျေးရွာအုပ်စု ဖလေးဆာလိုရွာ ဘိုးဘွားပိုင် သင်္ချိုင်းမြေအတွင်း တပ်စွဲထားတဲ့ စကခ (၂၀) လက်အောက်ခံ ခမရ ၅၈၁ တပ်စခန်းက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်၊ ကလောမီဒဲရွာပိုင်မြေအတွင်း တပ်စွဲထားတဲ့ စကခ (၂၀) လက်အောက်ခံ ခမရ ၅၈၁ တပ်စခန်းက ဇန်နဝါရီ ၂ ရက်မှာ စွန့်ခွာထွက် ပြေးခဲ့တာလို့ ဆိုပါတယ်။

ဖလေးဆာလိုစခန်းက ၆ လခန့်နဲ့ ကလောမီဒဲတပ်စခန်းမှာ ၃ လခန့်ကြာ KNLA ရဲ့ ရိက္ခာလမ်းကြောင်း ဖြတ်တောက် ထားခံရတာကြောင့် စခန်းအတွင်းရှိ စစ်သားတွေက စခန်းစွန့်ခွာထွက်ပြေးရခြင်းဖြစ်ပြီး စခန်းကို တက်ရောက် ရှင်းလင်းစဉ် ဖလေးဆာလိုတပ်စခန်းထဲမှ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပြီးတော့ KNLA ရဲ့တပ်ရင်း ၆ က စခန်းကို ရှင်းလင်းရေး လုပ်ဆောင်ခဲ့ ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီတပ်စခန်းတွေဟာ ၁၉၇၅ ခုနှစ်က ပထမအကြိမ် စတင်တပ်စွဲခဲ့ပြီး ၁၉၇၉ ခုနှစ် ဆုတ်ခွာ သွားခဲ့ကာ ဒုတိယအကြိမ်အနေနဲ့ ၂၀၀၆ ခုနှစ်က စစ်ကောင်စီ တပ်မ ၆၆ မှဦးဆောင်ပြီး တောဦးခရိုင်အတွင်း နေထိုင်တဲ့ ကရင် လူမျိုးကို “မြေလှန်စနစ်”နဲ့ လူမျိုးတုန်းရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ဝင်ရောက် ကျူးကျော်လာခဲ့တဲ့ တပ်စခန်းဖြစ်ကြောင်း ဆက်လက် ​ဖော်ပြထားပါတယ်။ https://www.facebook.com/photo /?fbid=695527119421222&set=pcb.69269421207

၁၄။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးဟာ ပြည်သူတစ်ရပ်လုံးရဲ့ အလွန်ခိုင်မာတဲ့ ဘုံရည်မှန်းချက် ဖြစ်တယ်     လို့ PNFC ပြော
   January 4, 2023

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးဟာ ပြည်သူတစ်ရပ်လုံးရဲ့ အလွန်ခိုင်မာတဲ့ ဘုံရည်မှန်းချက်ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ -PNFC က ပြောပါတယ်။ ဒုတိယအကြိမ် ကျင်းပတဲ့ စစ်ကိုင်ဖိုရမ်သို့ သဝဏ်လွှာပေးပို့ရာမှာ PNFC က အဲ့ဒီလို ထည့်သွင်းပြောဆိုလိုက်တာပါ။ ဒါ့အပြင် ရန်သူလက်နက် ကိုယ့်လက်နက်ဖြစ်အောင် ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ တော်လှန်ရေးတိုင်းတစ်ခုအဖြစ် သမိုင်းမှတ်တမ်းတင်နေတဲ့ စစ်ကိုင်းပြည်သူ တို့ရဲ့ စစ်ကိုင်းဖိုရမ်ကို အလေးအနက်ဂုဏ်ပြုတယ်လို့လည်း PNFC ကဆိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့ ၁၁၁၁ စစ်ဆင်ရေးတွေ စတင်ခဲ့ပြီးနောက် နွေဦးတော်လှန်ရေးအောင်မြင်မှုတွေကို နိုင်ငံတကာမီဒီယာကြီးတွေက အလေးပေးဖော်ပြသလို ရန်သူတွေက လည်း အလံဖြူထောင်ပြီး ပြည်သူ့ရင်ခွင်ကို ဘက်ပြောင်းခိုလှုံလာတာ တစ်နေ့တစ်ခြား တိုးပွားလာလျက်ရှိတယ်လို့ PNFC က ဆိုပါတယ်။

အဲ့ဒီလို တော်လှန်ရေးအောင်မြင်မှုတွေကို ချေဖျက်ဖို့အတွက် စစ်အုပ်စုလောဘီတွေဟာ စစ်တပ်မရှိရင် နိုင်ငံပြိုကွဲပျက် စီးမယ် ဆိုပြီး ကျယ်ကျယ်လောင်လောင် ဝါဒဖြန့်နေပေမယ့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးဟာ ပြည်သူတစ်ရပ်လုံး ရဲ့ အလွန်ခိုင်မာတဲ့ ဘုံရည်မှန်းချက်ဖြစ်တယ်လို့ PNFC တာဝန်ရှိသူတစ်ဦးကပြောပါတယ်။“မည်သို့ပင် ဆိုစေကာမူ စစ်အာဏာ ရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးဟာ ပြည်သူတစ်ရပ်လုံးရဲ့ ဘုံရည်မှန်းချက်ဖြစ်သကဲ့သလို နိုင်ငံရေးဝိဉာဏ် နိုင်ငံရေးအသက်လည်း ဖြစ်သွားခဲ့ပြီဖြစ်တယ်”လို့ PNFC တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဒါကြောင့် အဲ့ဒီ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရန်အတွက် တော်လှန်ရေးအင်အားစုများအကြား ဘုံသဘောတူညီချက် တစ်ရပ်ရရှိ ရန် အထူးလိုအပ်သလို တော်လှန်ရေးအောင်ပွဲ မြန်မြန်ဆန်ဆန်ရရှိရေး ပီပြင်ခိုင်မာတဲ့ အောင်ပွဲဖြစ်ရေးအတွက် စစ်ကိုင်းဖိုရမ် အပါအဝင် တော်လှန်ရေးအင်အားစုအားလုံးက မဟာဗျူဟာမြောက် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အထူးလိုအပ်တယ်လို့ PNFC ကပြောပါတယ်။ အဲ့ဒီအထူးလိုအပ်ချက်တွေကို ဖြည့် ဆည်းနိုင်ဖို့အတွက်ကိုလည်း စစ်ကိုင်းတိုင်းဖိုရမ်မှာ ပါဝင်နေတဲ့ အင်အားစုအသီးသီးက လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းကိုလည်း PNFC ကဆိုပါတယ်။ https://www.facebook.com/ photo/?fbid=396097966109 987&set=a.285900490463069

၁၅။ စစ်တပ်ရဲ့ လွတ်ငြိမ်းခွင့်မှာ KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ် ပါဝင်လာခြင်းမရှိ
    Janury 4, 2024

ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးအထိမ်းအမှတ်နေ့အဖြစ် စစ်ကောင်စီဟာ အကျဉ်းသား၊သူတွေကို လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ထဲမှာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ပါဝင်လာခြင်း မရှိခဲ့ဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။ မြစ်ကြီးနား အကျဉ်းထောင်မှာထောင်ဒဏ် ၆ နှစ်အကျဉ်းကျခံထားရတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန် ကို ပြီးခဲ့တဲ့ နှစ်တွေမှာ လွတ်ပေးမယ်လို့ အကြိမ်ကြိမ်ပြောဆိုခဲ့တာတွေရှိခဲ့ပေမယ့် ဒီကနေ့ထိ လွတ်ပေးခဲ့ခြင်း မရှိတာကြောင့် လွတ်လပ်ရေးနေ့မှာလည်း လွတ်မြောက်လာဖို့ မျှော်လင့်ထားတာမရှိဘူးလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။“သူတို့လွတ်ပေးဖို့ အကြိမ်ကြိမ်ပြောဆိုခဲ့တာတွေရှိတယ်။ ဒါပေမယ့် ဒီကနေ့အထိ လွတ်ပေးတာမရှိတာကြောင့် လွတ်လာဖို့ မမျှော်လင့်တော့ဘူး။ ဘုရားက လွှတ်ပေးတဲ့နေ့ လွတ်လာမယ်လို့ထင်တယ်။ ပြီးခဲ့တဲ့နှစ်မှာလည်း လွတ်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့်မပါခဲ့ဘူးလေ။ ဒါပေမယ့် ထောင်ထဲမှာက ဘယ်သူမှ မထားချင်ဘူးလေ အမြန်လွတ်မြောက်လာရင်တော့ ကောင်းတာ ပေါ့”လို့ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို မတရားအသင်း ဥပဒေ ပုဒ်မ၁၇(၁)အတွက် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(က)ထောင်ဒဏ် ၁ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေး ၅၂(က)အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ၆ နှစ်အထိ ပြီးခဲ့တဲ့ နှစ် ၂၀၂၃ ဧပြီလမှာ မြစ်ကြီးနား အကျဉ်းထောင်တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီအမှုတွေအတွက် ခရိုင်တရားရုံးကနေ ပြည်နယ်အဆင့်အထိ အယူခံဝင်ခဲ့ပေမယ့် ပျယ်ချခံလိုက်ရတာလည်း ဖြစ်ပါတယ်။ https://www.facebook .com/photo/?f bid=765373548957252&set=a.601270185367590

၁၆။ ၂၀၂၄ ခုနှစ်တွင် စစ်ဆင်ရေးအရှိန်မြှင့်မည်ဟု  မွန်တော်လှန်ရေးအင်အားစုများပြော
     January 4, 2024

၂၀၂၄ ခုနှစ်မှာ စစ်ဆင်ရေးအရှိန်မြှင့်တင်သွားမှာဖြစ်သလို မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေအထိ ဖော်ဆောင်သွားဖို့ရည်ရွယ် ထားတယ်လို့ မွန်တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ဟာ ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်မှု အကြိမ်ကြိမ် လုပ်ဆောင်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ စစ်ဆင် ရေးအရှိန်မြှင့်တင်သွားမယ်လို့ မွန်တော်လှန်အင်အားစု ပူးပေါင်းအဖွဲ့တွေက ကြေညာထားပါတယ်။ နှစ်သစ်အကြိုစစ်ဆင်ရေး အဖြစ် ဒီဇင်ဘာ ၃၁ ရက်ကလည်း မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ(၅၉၁) နဲ့ ခမရ(၅၈၃) တပ်ရင်းတို့ကို လက်နက်ကြီးအပြင် ဒရုန်းစစ်ဆင်ရေးတွေပါ ထိုးစစ်ဆင်တိုက်ခိုက်ထားပါတယ်။ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ ၂၀၂၄ ခုနှစ်မှာ မွန်ပြည်နယ်အတွင်း မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဟန်ချက်ညီ တိုက်ခိုက်မှုတွေကို ၂၀၂၃ ခုနှစ်ထက် ၂ ဆ ၊ ၃ ဆလောက် စစ်ရေးအရှိန်မြှင့်သွားတယ်လို့ ပြောပါတယ်။ မွန်တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တွေဟာ စစ်အာဏာရှင်ကျဆုံးရေးနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်သွားတဲ့အထိ တိုက်ပွဲဝင်သွားဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ သစ္စာရေသောက် ကတိပြုထားကြတာပါ။

အဲဒီထဲမှာတော့ မွန်ပြည်တော်လှန်ရေးတပ်  MSRF ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် – YGF၊ ABSDF တပ်ရင်း (၁) နဲ့ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း MSRO ၊ Ye Air Force (YAF)နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်ပါတယ်။ မွန်ပြည် တော်လှန်ရေးအဖွဲ့အစည်း MSRO တာဝန်ခံ ကိုဒီဃာကလည်း ၂၀၂၄ ခုနှစ် စစ်ဆင်ရေးတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီး မြို့သိမ်းစခန်းသိမ်းတွေ ဆင်နွှဲသွားမယ်လို့ ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ကတော့ ၂၀၂၄ ခုနှစ်ဟာ မြန်မာပြည်သူတွေအားလုံးအတွက် အပြီးသတ်အောင်ပွဲ ခံမယ့် နှစ်ဖြစ်စေဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ဇန်နဝါရီ ၁ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။ https://b urmese.dvb.no/post/632438

၁၇။ တပ်မဟာ ၅ နယ်မြေတွင် တစ်နှစ်အတွင်း စစ်ကောင်စီတပ်သား ၈၀၀ ကျော်သေဟု KNU ထုတ်ပြန်
      January 5, 2023

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅) ထိန်းချုပ်နယ်မြေတွင် ပြီးခဲ့သည့်နှစ်အတွင်း တိုက်ပွဲပေါင်း (၁၈၅၇)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၆၉)ဦး သေဆုံးသည်ဟု KNU မူတြော်ခရိုင်ရုံးချုပ်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ  KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်များကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး(၃)ဦး၊ ဒု-ခွဲမှူး (၃)ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈၆၉)ဦး သေဆုံးခဲ့ပြီး (၆၀၉)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီ တပ်၏ စစ်စခန်း အဆောက်အဦး(၃၁)လုံးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သုံးမော်တော်ယဉ်(၁၃)စီးကိုလည်း မီးရှို့ဖျက် ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

၂၀၂၃ ခုနှစ်အတွင်း စစ်‌ကောင်စီတပ်သည် စခန်း(၂)ခုအား စွန့်ခွာထွက်ပြေးသွားပြီး ၎င်းတို့၏ အချက်အချာကျသော တပ်စခန်းတစ်ခုအား KNLA တပ်မဟာ(၅)က တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်သား (၃၀)ဦး KNLA တပ်မဟာ(၅)ထံ  လက်နက်ချအလင်းဝင်လာခဲ့သည်ဟု သိရသည်။ တစ်နှစ်တာတိုက်ပွဲအတွင်း KNLA တပ်မဟာ(၅)မှ ရဲဘော်(၄၅)ဦး ကျဆုံးပြီး (၁၈၃)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ တိုက်ပွဲများနှင့် ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်းမှ (၇၄)ကြိမ် ဗုံးအလုံးရေ(၂၈၃)လုံး လာရောက်ကြဲချကာ လေယာဉ်တင်စက်သေနတ်ဖြင့် အကြိမ်ရေများစွာ ပစ်ခတ် ခဲ့သည်ဟု သိရသည်။ အဆိုပါပစ်ခတ်မှုကြောင့် အရပ်သား(၃၀)ဦးသေဆုံးကာ (၄၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၉၃)လုံး၊ စာသင်ကျောင်း(၄)လုံး၊ ကျောင်းအစည်းအဝေးခန်းမဆောင်တစ်ဆောင်၊ ဘုရားကျောင်း (၆)ခု၊ ဝတ်ပြုဆုတောင်းရာအဆောင် (၂)ဆောင်၊ ဆေးရုံ၊ ဆေးပေးခန်း(၄)လုံး၊ မော်တော်ကား (၂)စီးနှင့် ဆိုင်ကယ် (၃)စီးအပြင် အခြားပျက်စီးမှုများရှိခဲ့ကြောင်းသိရ သည်။ https://www.facebook.com/ph oto/?fbid=765367275636592&set=a.588245110015477

၁၈။ တနင်္သာရီမှာ တစ်နှစ်အတွင်း အရပ်သား ၁၅၀၀ ကျော်အဖမ်းခံခဲ့ရ
     January 4, 2023

တနင်္သာရီတိုင်းမှာရှိတဲ့ ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တဲ့ အရပ်သား ၁၅၀၀ ကျော် ရှိခဲ့ပါတယ်။ ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ တနင်္သာရီမြို့နယ်တွေက အရပ်သားတွေ အများဆုံး အဖမ်းခံခဲ့ရတာပါ။  စစ်ကောင်စီ တပ်က စစ်ကြောင်းထိုးချိန်မှာ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးတာနဲ့ ပြောက်ကျားတိုက်ခိုက်ခံရချိန် အနီးအနားက ပြည်သူတွေကို ဖမ်းဆီးတဲ့အခြေအနေတွေမှာ အဖမ်းခံရသူက အများဆုံးဖြစ်ပါတယ်။ အဖမ်းခံရသူတွေထဲမှာ မြိတ်အခြေစိုက် သတင်းထောက် နှစ်ဦးလည်း ပါဝင်ပါတယ်။ အဲဒီအထဲက ရေဖြူမြို့နယ် ကျောက်ကညာရွာ၊ သရက်ချောင်းမြို့နယ် ရငဲရွာနဲ့ မြိတ်မြို့နယ် တုံးဗျော ရွာတွေမှာ ရွာလုံးကျွတ်နီးပါးဖမ်းဆီးစစ်မေးခံရပြီး အားလုံးနီးပါးပြန်လည်လွတ် မြောက်ခဲ့ပါတယ်။ အဲဒီထဲက တချို့ကို ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတာလည်း ရှိခဲ့ပါတယ်။ နေအိမ်တွေမှာ ညဘက် ဧည့်စာရင်းဝင်စစ်ပြီး ဖမ်းဆီးတာတွေလည်း ရှိခဲ့သလို ပြည်သူ့ ကာကွယ်ရေးတပ်တွေကို ထောက်ပို့လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဖမ်းခံရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။ “ထောက်ပို့ဆိုပြီးဖမ်းသွားတာ။ နှစ်လလောက်ကြာတော့ ပိုက်ဆံဘယ်လောက်တောင်ပေးလိုက်ရလဲနဲ့မသိဘူး ငွေနဲ့လွတ်လာ တယ်။ ပြန်လွတ်လာပြီးကတည်းက ဘယ်သူနဲ့မှ စကားကောင်းကောင်းမပြောတော့ဘူး။ ပြည်ပရောက်နေတဲ့ ကျနော်တို့ကို တောင်မှ အဆက်သွယ်မလုပ်တော့ဘူး” လို့ ပုလောမြို့နယ်မှာ အဖမ်းခံခဲ့ရသူတစ်ဦးရဲ့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။

တနင်္သာရီတိုင်းက ပြုစုထားတဲ့ စာရင်းအရ တစ်နှစ်လုံးမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ အရပ်သား ၁၅၅၁ ဦးရှိခဲ့ပြီး ပြန်လွတ်လာသူက ၉၉၇ ဦး ရှိခဲ့ပါတယ်။ မြေပြင်အခြေအနေမှာ အခုထက် ပိုများနိုင်ပါတယ်။ ၂၀၂၃ ခုနှစ်ထဲမှာ တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ KNDO၊ KNLA တို့က ဖမ်းဆီးခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကတော့ တနင်္သာရီတိုင်းမှာ အဖမ်းခံရသူ စုစုပေါင်း ၁,၃၉၉ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ခဲ့ပါတယ်။ https://www.face book.com/photo/?fbid=3929674997876 72&set=a.196212679463156

၁၉။ မိုးမိတ် စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဆက်ပြင်းထန်နေ
     January 4, 2024

သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့ကို ပြန်လည် တိုက် ခိုက်ခဲ့ပြီး တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ (ဇန်နဝါရီလ ၄ ရက်) နေ့လယ်အချိန်ကလည်း မိုးမိတ်မြို့ အခြေစိုက် စစ်ကောင်စီတပ်မှ စင့်ကင်ရွာဘက်သို့ လက်နက်ကြီးနှင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စင့်ကင်နှင့် သဲနီရွာတို့မှ ဒေသခံများမှာ စိုးရိမ်ထိတ်လန့်ပြီး မိုးမိတ်မြို့အတွင်းရှိ ဆွေမျိုးများထံသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း မိုးမိတ် ဒေသခံများက ပြောသည်။“နေ့ခင်းက စစ်တပ်ဘက် လေယာဉ်နဲ့ စင့်ကင်ဘက် ပစ်တယ်လို့ကြားတယ်။ ခုစစ်တပ်က မိုးမိတ်မြို့ ထဲ နေရာယူထားတယ်။ အမှတ် ၄ ကျောင်းကနေလည်းလက်နက်ကြီးနဲ့ ရမ်းပစ်နေတယ်။ မြို့မရဲစခန်းကပ်လျက် အမှတ် ၂ ကျောင်းကနေလဲ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ မြို့မရဲစခန်း၊ အမှတ် ၂ ကျောင်း၊ မြို့နယ်ထွေအုပ်၊ လျှပ်စစ်ရုံး အကုန်လုံးက ကပ်ရပ်နီးနီးလေးပဲ”ဟု မိုးမိတ်မြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၃ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှစတင်၍ မိုးမိတ်မြို့နယ် စင့်ကင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်း ထန်ခဲ့ကြောင်း မိုးမိတ်မြို့နယ်ဒေသခံများထံမှ သိရသည်။“စစ်ကောင်စီတပ်က နမ့်မိတ်ချောင်းရဲ့ မြောက်ဘက်မှာရှိတဲ့ စင့်ကင်ရွာ (ဝၢၼ်ႈၸၢင်ႈၵၢင်ႇ)ထဲမှာ နေရာယူထားတာ။ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကျတော့ နမ့်မိတ်ချောင်း တောင်ဘက်က သဲနီရွာ (ဝၢၼ်ႈသၢႆးလႅင်)ထဲကနေ ပြန်ပစ်နေကြတော့ အဲ့မှာတိုက်ပွဲပြင်းထန်နေတယ်။ အခုထိတော့ စင့်ကင်ရွာက စစ်ကောင်စီတပ် စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ မသိမ်းနိုင်သေးဘူး”ဟု မိုးမိတ်မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ပြီးခဲ့ သည့် ဇန်နဝါရီလ ၁ ရက်တွင် မိုးမိတ်မြို့နယ် မန်ပတ်‌ကျေးရွာရှိ စစ်ကောင်စီတပ် ခလရ-၂၇၆ တပ်ရင်းကို KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ https://burmese.shannews.o rg/archives/39157

၂၀။ ရသေ့တောင်တွင် တပ်အနီး မိုင်းနင်းမိ၍ ဒေသခံ လူငယ်တစ်ဦး ခြေထောက်ပြတ်
     January 4, 2024

ရခိုင်ပြည် ရသေ့တောင်မြို့တွင် စစ်ကောင်စီ တပ်အနီး မိုင်းနင်းမိ၍ အသက် ၂၁ အရွယ် လူငယ်အမျိုးသားတစ်ဦး ခြေထောက်ပြတ်ထွက်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။ ဇန်နဝါရီလ ၃ ရက်နေ့ ရသေ့တောင်အခြေစိုက် စစ်ကောင်စီ တပ်ရင်း ၅၃၇ တပ်ရင်းအနီး မိုင်းနင်းမိခြင်းဖြစ်ပြီး အဆိုပါလူငယ်မှာ အရှေ့မြောက်ရပ်ကွက် (ဘောလုံးကွင်းရွာသစ်) မှ အဖ ဦးမြင့်သိန်းနှင့် အမိ ဒေါ်ဦးခင်အေး သား မောင်ဆန်းဝင်း ဖြစ်ကြောင်းသိရသည်။ မိသားစုဝင်တစ်ဦးက “ဒီနေ့ မနက်က မောင်ဆန်းဝင်း ဟာ ၅၃၇ တပ်ရင်းအနီး ဂဏန်းရှာဖို့ သွားရာကနေ မိုင်းနင်းမိတာ။ ညာဘက်ခြေထောက် ပြတ်ထွက်သွားတယ်။ ဒူးရင်းကနေ ပိုင်းထွက်သွားတာ။ အခု ရသေ့တောင်ဆေးရုံမှာ ကုသနေပါတယ်” ဟု ပြောသည်။  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ပထမအပတ်အတွင်း စစ်ကောင်စီ ထောင်ထားသော မိုင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု ၆ ဦး အထိ ရှိခဲ့ပြီဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နှင့် ၂၅ ရက်က မင်းပြားမြို့ အောက်ရွာပိုင်းရပ်ကွက်မှ အသက် ၄၀ အရွယ် ချင်းအမျိုးသား ၁ ဦးနှင့် မြို့မရဲစခန်းအနီးက ဒေသခံ အမျိုးသား ၁ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က မြေပုံမြို့နယ် ဝက်ရူးကျေးရွာမှ ဒေသခံ အမျိုးသား ၂ ဦးမှာ ယောချောင်းတံတား အနီး မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက် ပြတ်ထွက်သွားသည့် ဒဏ်ရာများ ရရှိခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေပိုင်းက မောင်တောမြို့နယ် မီးတိုက်ကျေးရွာမှ အသက် ၄၀ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်းမှာ ငါးဖမ်းပြန်လာစဉ် မိုင်းနင်းမိ၍ ခန္ဓာကိုယ်၌ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က အမ်းမြို့နယ်၊ တပ်တောင်မြို့ ပဒေါက်ချောင်ကျေးရွာအနီး အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး မိုင်းနင်းမိ၍ သေဆုံးသွားခဲ့ရသည်။  မိုင်းနင်းမိ၍သေဆုံးသွားသူမှာ မောင်ဇွဲနိုင်ထွန်းဖြစ်ပြီး ၎င်း၏ မိခင် ဒေါ်သူဇာနှင့်အတူ ပဒေါက်ချောင်ကျေးရွာရှိ စစ်တပ်စခန်းချ ထားသည့် တောင်အောက်တွင် ဟင်းရှာသွားစဉ် မိုင်းနင်းမိ၍ သေဆုံးသွားရခြင်းဖြစ်သည်။  https://www.facebook.com/ph oto?fbid=811232747682820&set=pcb.811233 54349456

၂၁။ တနင်္သာရီမှာ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားတဲ့ ရွာသားနှစ်ယောက် အဆက်အသွယ်မရဘဲ ပျောက်နေ
     January 4, 2023

တနင်္သာရီမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ ရမ်းဖိုရွာသား ၂ ဦးဟာ မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ရမ်းဖိုရွာသား ၂ ဦးကတော့ အသက် ၂၀ ဝန်းကျင်အရွယ်ရှိတဲ့ ကိုတာတေဆိုသူနဲ့ ကိုနောင်နော ဆိုသူတွေဖြစ်ပြီး သူတို့ကို လွန်ခဲ့တဲ့ ဆယ်ရက်၊ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့ မနက်ပိုင်းက ဖမ်းသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ သူတို့နှစ်ဦးဟာ ရွာထဲကိုအလုပ်သွားဖို့အတွက် ဆိုင်ကယ်တစ်စီးကို နှစ်ယောက်အတူစီးပြီး ထွက်လာချိန်မှာ စစ်ကောင်စီတပ်သားတွေနဲ့တွေ့ပြီး အဖမ်းခံခဲ့ရတာလို့ ရမ်းဖိုရွာ ဒေသခံတစ်ဦးက ပြောပြပါတယ်။“ရွာကနေစစ်ကြောင်းထွက်သွားတော့ သူတို့ နှစ်ယောက်ကိုလည်း စစ်ကြောင်းနဲ့ ခေါ်သွားတယ်။ အခုရွာထဲမှာ သူတို့ဘယ်ရောက်နေလဲ၊ ဘာဖြစ်သွားလဲ ဘယ်သူမှမသိကြဘူး။ မိသားစုလည်း သူတို့နဲ့ အဆက်အသွယ်မရဘူး” လို့ ရွာခံက ဆက်ပြောပါတယ်။

ကိုတာတေနဲ့ ကိုနောင်နောအပါအဝင် ဒေသခံအမျိုးသားခြောက်ဦးလည်း ဖမ်းဆီးခံခဲ့ရပေမဲ့ တခြား လေးဦးက ပြန်လွတ် လာပြီ ၎င်းတို့နှစ်ဦးသာ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လ ၂ ၃ရက်ကနေ ၂၅ ရက် အတွင်းမှာ ရမ်းဖိုရွာနဲ့ ကပ်ရပ်ရွာဖြစ်တဲ့ ဘန်းလမွတ်ရွာ၊ ကမ်းတိုရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာတွေ ရှိပါတယ်။ လွန်ခဲ့တဲ့ ငါးရက်ကလည်း စစ်ကောင်စီတပ်ရင်းခမရ (၅၆၁) တပ်က စစ်ကောင်စီတပ် စစ်ကြောင်းဟာ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ၊ ကျွဲထိန်းကွင်းက ရွာသား ၁၀ ဦးခန့်ကို လူသားဒိုင်း အနေနဲ့ဖမ်းဆီးခဲ့ကာ နှစ်ဦးကလွဲပြီး ကျန်တဲ့သူတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။ https://www.facebook.com/photo/?fbid= 392463113171444&set=a.196212682796489

၂၂။ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ အန်တိုနီစူး ကွယ်လွန်
    January 4, 2023

ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP) ဥက္ကဋ္ဌဖြစ်သူ အသက် ၈၈ နှစ်အရွယ် အန်တိုနီစူး သည် ဇန်နဝါရီ ၁ ရက် တွင် လောက်ကိုင်မြို့၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ ဦးစိုင်းညွန့်လွင် က ဥက္ကဋ္ဌ အန်တိုနီစူး သည် SNLD နှင့်အတူ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၁၉၉၃ အမျိုးသားညီလာခံ၊ UNA စသော အခက်အခဲပေါင်းများစွာကို ကွယ်လွန်သည့်နေ့ရက်အထိ အတူတကွ ဖြတ်သန်းခဲ့ကြသည့် မိတ်ဆွေတဦးဟုလည်း သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။“ဦးအန်တိုနီစူးနဲ့ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီဟာ မိမိရဲ့ အခွင့်အလမ်းနဲ့ အကျိုး စီးပွားအပေါ်အခြေမခံဘဲ မိမိ ယုံကြည်ချက်နဲ့ ပန်းတိုင်အပေါ်ကိုသာ မယိမ်းမယိုင်ခိုင်ခိုင်မြဲမြဲ အသက်ထက်ဆုံး ရပ်တည်သွားခဲ့ သူဖြစ်ကြောင်း ဂုဏ်ပြု လိုက်ရပါတယ်” ဟု ဦးစိုင်းညွန့်လွင် က ဆိုသည်။

ဦးအန်တိုနီစူးသည် နအဖ စစ်အစိုးရလက်ထက်၂၀၀၄ ညောင်နှစ်ပင် ညီလာခံကို တက်ရောက်ရန် ဖိတ်ကြားခံရမှုအပေါ် SNLD၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့နှင့်အတူ ငြင်းဆန်ခဲ့သူဖြစ်ကြောင်း သိရသည်။ ဦးအန်တိုနီစူး ဦးဆောင် သော SSKDP သည် ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့၌ အခြေစိုက်ကာ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများတွင်လည်း ကိုးကန့် ဒေသအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပါတီများပြန်လည် မှတ်ပုံတင်ခိုင်းမှုကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ပြီးခဲ့သည့်နှစ် မေလ ၃၀ ရက်တွင် နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင် ခွင့်ပြုခဲ့သည်။ ထိုသို့ မှတ်ပုံတင်ပြီးနောက် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား ၁ ထောင် ပြည့်ရမည်ဆိုသော သတ်မှတ် ချက်အရ ပါတီဝင်အင်အား ပြည့်မီအောင် စုဆောင်းနိုင်ခြင်းမရှိဟု ဆိုကာ SSKDP ပါတီကို ဖျက်သိမ်းကြောင်း နိုဝင်ဘာ ၂၀ ရက် စွဲဖြင့် ကြေညာခံခဲ့ရသည်။ https://www.facebook.com /photo/?fbid=770616365111553&set=a.600722605434264

၂၃။ ခေါင်လန်ဖူး ခရန်ထီဒမ်းပြည်သူ့စစ်တပ်စခန်း တိုက်ခိုက်ခံရ
    January 3, 2024

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ခရန်ထီဒမ်း ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPF)တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပူတာအိုနဲ့ ခေါင်လန်ဖူး မြို့နယ် ၂ခုကြားမှာ တန်ဂူးတန်ဦးဆောင်တဲ့ ခေါင်လန်ဖူးဌာနယ် ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ တပ်စခန်းရာ ကို စခန်းသိမ်းတိုက်ပွဲအဖြစ် ဇန်နဝါရီလ ၂ ရက်နေ့ နံနက်အစောပိုင်း ဝင်ရောက်တိုက် ခိုက်ခဲ့ရာမှာ ၂ ဖက်တပ် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ခေါင်လန်ဖူးဘက်ကို အဆက်အသွယ်ရှိတဲ့ ပူတာအိုဒေသခံ တစ်ယောက်က ပြောပါတယ်။“တိုက်ပွဲစဖြစ်တာကတော့ မနေ့ကနေ စဖြစ်တယ်။ KIA နဲ့ ကာကွယ်ရေးတပ်တွေက ဝင်တိုက် တယ်လို့ပြောပါတယ်။ တိုက်ပွဲအခြေအနေကတော့ မနေ့က တစ်ရက်လုံးတိုက်ပွဲဖြစ်တယ်။ KIA က စခန်းသိမ်းခါနီးမှာ စစ်တပ်က လေယာဉ်နဲ့ ပြန်လာပစ်လို့ ပြန်နောက်ဆုတ်သွားရတယ်လို့ပြောတယ်။ ပြန်သိမ်းနိုင်တယ်လို့လည်း ပြန်ကြားရတယ်လို့ ဒါပေမယ့် ဖုန်းလိုင်းအရမ်းခက်တော့ အသေးစိတ်မသိရသေးဘူး”လို့ပြောပါတယ်။

KIA နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) တွေ မနက်ပိုင်း ၁၂ လောက်အထိ စခန်းသိမ်းနိုင်လောက်အထိ တိုက်ခိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်ကနေ တစ်ရက်လုံး ၃ ကြိမ်တိုင်တိုင် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် လက်ရှိ မှာ စခန်းသိမ်းနိုင်မှုရှိမရှိ အသေးစိတ် သိရှိဖို့ ခက်ခဲနေသေးတယ်လို့ သူက ဆက်ဆိုပါတယ်။ တိုက်ခိုက်ခံရတဲ့acg စစ်ကောင်စီ တပ်သားနဲ့ ပြည်သူ့တပ်ဖွဲ့တွေ အင်အား ၆၀ ဝန်းကျင်လောက် ၁၀ စုနှစ်ကျော် တပ်ချထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး ပူတာအိုမြို့ နယ်နဲ့ ခေါင်လန်ဖူး ဒေသအဝင်အထွက်ကို အဓိက ထိန်းချုပ်ထားတဲ့ ဌာနယ်ပြည်သူ့စစ်တပ်စခန်းကြီး တစ်ခုဖြစ်တယ်လို့ သိရပါ တယ်။ ဒါ့အပြင် ခရန်ထီဒမ်း ခရန်ထီဒမ်း ပြည်သူ့စစ်စခန်းဟာ KIA တပ်မဟာ (၁) လက်အောက် တပ်ရင်း (၇) နဲ့ အနီးမှာ ရှိနေ တာကြောင့် စခန်းသိမ်းပိုက်ဖို့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်လို့ ပူတာအိုဒေသခံက ဆက်လက်သုံးသပ်ပါတယ်။ လွန်ခဲ့ တဲ့ ၂၀၁၃ ခုနှစ်တွေမှာ တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တာကြောင့် ခရန်ထီဒမ်းကျေးရွာမှာရှိတဲ့ ဒေသခံပြည်သူတွေဟာ ပူတာအိုမြို့ပေါ် ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာကြောင့် ခရန်ထီဒမ်းဒေသခံတွေက ဆယ်စုနှစ်တစ်ခုအကြာ နေရပ်စွန့်ခွာထားတဲ့ ဒေသ တစ်ခုလည်းဖြစ်ပါတယ်။ https://burmese. kachinnews.com/2024/01/03/yl1-153/

၂၄။ တစ်နှစ်အတွင်း စစ်ကောင်စီ လူ့အခွင့်အရေးချိုးဖောက်မှု ၄,၆၀၀ ကျော်ရှိကြောင်း NUG ပြော
    January 4, 2024

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့တွင် စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် စုစုပေါင်း ၄,၆၅၆ ခု ကျူးလွန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဇန်နဝါရီလ ၃ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြ သည်။  လူ့ အခွင့်အရေးချိုးဖောက်ခံရမှုများမှာ စစ်ကိုင်းတိုင်း ၃၃၄ မှု၊ မကွေးတိုင်း ၉၈ မှု၊ မန္တလေးတိုင်း ၇၂ မှု၊ ပဲခူးတိုင်း ၂၉ မှု၊ ရန်ကုန်တိုင်း ၂၃ မှု၊ ချင်းပြည်နယ် ၂၁ မှု၊ တနင်္သာရီတိုင်း ၁၇ မှု၊ ကရင်၊ ကရင်နီနှင့် ရှမ်းပြည်နယ်တို့တွင် ၁၁ မှုစီ၊ ကချင်နှင့် ရခိုင်တွင် ၁၀ မှုစီ၊ မွန်တွင် ၇ မှု၊ ဧရာဝတီတိုင်းတွင် ၂ မှုနှင့် နေပြည်တော်တွင် ၁ မှုရှိခဲ့သည်။ အရပ် သားပြည်သူများ သတ်ဖြတ်ခံရမှုများမှာ လေကြောင်းမှ တိုက်ခိုက်ခံရခြင်း၊  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်း၊ အကြောင်းမဲ့ပစ်သတ်ခြင်း၊ မီးရှို့ သတ်ဖြတ်ခံရခြင်းတို့ကြောင့် ဖြစ်သည်။ ယင်းအထဲတွင် ဥပဒေမဲ့သတ်ဖြတ်ခြင်းအား ပိုမိုတွေ့ရှိရပြီး ဥပဒေမဲ့သတ်ဖြတ်မှု စုစု ပေါင်း ၈၆ မှု ရှိခဲ့ကာ သေဆုံးသူအရပ်သား စုစုပေါင်း ၁,၃၄၂ ဦး ရှိခဲ့ကြောင်း NUG စာရင်းတွင် ဖော်ပြသည်။

လက်ရှိတွင်လည်း ညီနောင်မဟာမိတ်(၃)ဖွဲ့ ဦးဆောင်သော ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ရေးအရှိန်ပြင်းထန်နေပြီး စစ်ကောင်စီက အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများနေ့စဉ် ရှိနေသည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်နေသောလုပ်ရပ်များမှာ လူ့အခွင့်အရေးချိုးဖောက်မှုအပြင် လူမျိုးတုံးသတ်ဖြတ်မှုအထိ စစ်ရာဇဝတ်မှုမြောက်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောကြသည်။“အခုက စစ်ရာဇဝတ်မှုကို ကျူးလွန်နေတဲ့အဆင့်ကို ရောက်သွားပြီ။ လက်နက်ကြီးနဲ့ပစ်တာ၊ မီးရှို့တာတွေ အဲဒီလို ရက်ရက်စက်စက်လုပ်နေတဲ့ စစ်ဝါဒီလုပ်ရပ်တွေကို ကျနော်တို့က လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုတာလောက်နဲ့ တိုင်းတာလို့မရတော့ဘူး။ တကယ့်ကို စစ်စရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်နေတာ ဟာ လူ့အခွင့်အရေးချိုးဖောက်တာထက် အဆပေါင်းများစွာ ပိုသွားပြီ” ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။ ၂၀၂၃ ခုနှစ် အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများထဲမှ ဖြစ်စဉ် ၁၆၅ ခုကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်း စစ်ဆေးမှုယန္တရား (IIMM) နှင့် နိုင်ငံတကာသို့ NUG က ပေးပို့ခဲ့ကြောင်း သိရသည်။ https://www.facebook.com/photo/?fbid =76118428272183 7&set=a.643209801185953

၂၅။ သထုံတွင် စစ်တပ်က အမျိုးသမီး ၁ ဦးအားဖမ်းဆီးပြီး နေအိမ်ချိပ်ပိတ်
     January 4, 2024

မွန်ပြည်နယ်  သထုံမြို့နယ်မှာ စစ်တပ်က ဇန်နဝါရီ ၃ ရက် ညနေက အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးအား စစ်တပ်က ဖမ်းဆီးပြီး နေအိမ်ကို ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သထုံမြို့နယ်၊ ကိုးနဝင်းဘုရားလမ်း၊ နယ်မြေ ၁၀ (က)၊ ဘင်လှိုင် ရပ်ကွက်မှာ နေတဲ့ အသက် ၄၀ ကျော်အရွယ်  ဒေါ်ချောစုကို PDF၊ NUG၊ CRPH စတဲ့ အဖွဲ့အစည်း တွေနဲ့အဆက်အသွယ်ရှိတယ်၊ အားပေးကူညီထောက်ပံ့နေတယ်စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။ ဒေါ်ချောစု ကို ဖမ်းဆီးသွားပြီး သူမနေတဲ့ အလျား ၂၅ ပေခန့်၊ အနံ ၆၀ ပေခန့်ရှိတဲ့ အုတ်ခံ၊ ပျဉ်ကာသွပ်မိုး ၂ ထပ် နေအိမ်ကိုလည်း နိုင်ငံတော် ပိုင်အဖြစ် ချိပ်ပိတ် သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

နီးစပ်သူတဦးက ”မနေ့က အင်အား ၂၀ လောက်နဲ့ လာဖမ်းသွားတာ။ စစ်သားတွေကြီးပဲ။ အဖမ်းခံရတဲ့ အမျိုးသမီးက အလှပြင်တဲ့ အလုပ်လုပ်နေတဲ့သူပါ။ အိမ်ကိုပါ တခါတည်း ချိပ်ပိတ်သွားတာ” လို့ ပြောပါတယ်။ ဖမ်းဆီးသွားတဲ့ အမျိုးသမီးကို သထုံမြို့နယ်ရဲစခန်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က)နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။ သထုံမြို့နယ်မှာ  ပြီးခဲ့တဲ့ ၁ လအတွင်း ကျန်းမာရေးဝန်ထမ်းတွေ၊ မွေးမြူရေး လုပ်ငန်းရှင်တွေ၊ စားသောက်ဆိုင် လုပ်ငန်းရှင်တွေ နဲ့ ဆန်စပါး ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေရဲ့ နေအိမ် ၁၁ လုံးလည်း အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်ပတ်သက်တယ်လို့ စွပ်စွဲကာ စစ်တပ်က ချိပ်ပိတ်ခဲ့ပါတယ်။ https://burmese.dvb.no/post/632420

၂၆။  ရခိုင်တွင် ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်သည့်ဒေသ ပိုများလာ
    January 4, 2024

ရခိုင်ပြည်တွင် မိုဘိုင်းဖုန်းနှင့် အင်တာနက်လိုင်းများပြတ်တောက်သည့် ဒေသပိုများလာနေပြီး ဒေသတွင်း ဆက်သွယ်ရေးအခက်ခဲနှင့် သတင်းရယူနိုင်မှုများဆုံးရှုံးလျှက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်တွင် စစ်ကောင်စီတပ်ဖက်မှ ဒေသအလိုက်လမ်းကြောင်းများအားလုံးကို ၂ လနီးပါးကြာ ပိတ်ဆို့ထားဆဲဖြစ်ရာ သက်ဆိုင်ရာ ကုမ္ပဏီများက မိုဘိုင်တာဝါတိုင်များတွင် ဆီဖြည့်နိုင်မှုမရှိ၍ ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှု ပိုလာနေခြင်းဖြစ် သည်။ လတ်တလော ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှု အဆိုးရွားဆုံးကြုံနေရသည့် မြို့နယ်များမှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ စသည့်မြို့နယ်များ ဖြစ်သည်။ ဖုန်းနှင့် အင်တာနက်လိုင်းများမှာ ပြီးခဲ့သည့် လပိုင်းအတွင်းက ကျေးလက်ဒေသများတွင် အဓိက ပြတ်တောက်မှု ရှိနေသော်လည်း လက်ရှိ မြို့ပေါ်ဖက်တွင်ပါ ပြတ်တောက်မှုများရှိလာခဲ့ပြီး ဆက်သွယ်ရေး ပိုမိုခက်ခဲလာသည်ဟု တောင်ကုတ်မှ ဒေသခံတစ်ဦးက ပြောသည်။

“လမ်းတွေပိတ်ပြီးနောက်မှာ နယ်ဖက်တွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်လာတယ်။ အခုရက်ပိုင်းတွေမှာ တော့ မြို့ပေါ်မှာလည်း ဖုန်းလိုင်းတွေက သိပ်အဆင်မပြေတော့ဘူး။ ဖုန်းခေါ်လို့ ရဖို့အရေးက မလွယ်သလို ရရင်လည်း တစ်ဖက် နဲ့ တစ်ဖက်အသံ ပြတ်ပြတ်သားသား မကြားရပြန်ဘူး” ဟုပြောသည်။ MPT တစ်ခုတည်းသာရသည့် မောင်တောမြောက်ပိုင်း တစ်ခွင်ရှိ ကျေးလက် ဒေသများအားလုံး ဖုန်းလိုင်းပြတ်တောက်နေခြင်း၊ ဘူးသီးတောင်တွင်လည်း တောင်ပိုင်းဖက်မှ ဒေသအချို့ ဖုန်းလိုင်းပြတ်တောက်နေခြင်း၊ ကျောက်တော်ဖက်တွင်လည်း ကုလာတန်းမြစ်ကမ်းဖက်ကျေးလက်ဒေသများ၊ မြောက်ဦးဖက် တွင်လည်း ကျေးလက်ဒေသအားလုံးနီးပါး ဖုန်းနှင့် အင်တာနက်လိုင်းများပြတ်လာခြင်းနှင့် မင်းပြား၊ မြေပုံ၊ ပေါက်တော၊ အမ်းမြို့ နယ်များတွင်လည်း အသီးသီးပြတ်တောက်မှုတို့ ရှိနေခြင်းဖြစ်သည်။ “ဆင်းကဒ်တွေက တစ်ကဒ်တည်း အသုံးပြုနေလို့ မရတော့ ဘူး။ ခုနက MPT ရနေပေမယ့် ခဏနေရင်လိုင်းပျောက်သွားပြန်ပြီ။ ဒီတော့ Mytel ထပ်ထည့်ရပြန်တယ်။ Mytel ကလည်း အင်တာနက်လိုင်း မရတော့ပြန်ဘူး။ မြို့ပေါ်ရော နယ်ဖက်တွေရော ဒီအတိုင်းပဲ။ ဆက်သွယ်ရေး အရမ်းအခက်ခဲဖြစ်နေကြတယ်” ဟု ဒေသခံများကဆိုသည်။ အင်တာနက်ဆက်သွယ်ရေးပြတ်တောက်နေမှုမှာ ဒေသနေသူများ၏ လူ့အခွင့်ရေးကိုများစွာ ထိခိုက် မှုရှိနေပြီး ပိုမိုကျယ်ပြန့်လာပါကာ အခွင့်ရေးဆုံးရှုံးမှုများ ပြားလာနိုင်သည်ဟု ANP ပါတီမှ နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီ အဖွဲ့ဝင်ဖြစ်သူ ဦးထွန်းအောင်ကျော်မှ ပြောသည်။ https://www.facebook.com/photo?fbid=811785297627565&set=a.6 82731967199566

၂၇။  ရေး-ထားဝယ်ကားလမ်းမပေါ်က စစ်ကောင်စီတပ်ရင်း မောင်းသူမဲ့လေယာဥ်နဲ့ ဗုံးကြဲခံရ
    January 4, 2024

ကလိန်အောင်မြို့နားမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းကို မောင်းသူမဲ့လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒေါနတပ်ခွဲ-၄)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်က ခြေမြန် တပ် ရင်း (၄၀၉) ဖြစ်ပြီး အခုလ ၂ ရက်နေ့ မနက် ၈ နာရီခွဲခန့်က ၈၁ မမ ဗုံးသီး ငါးလုံးအသုံးပြုကာ တိုက်ခိုက်ခဲ့တယ်လို့ တပ်ဖွဲ့ တာဝန် ရှိသူရဲ့ ပြောပြပါတယ်။“တပ်ထဲကနေ လက်နက်ကြီးပြန်ပစ်တယ်။ဘယ်နှစ်လုံးမှန်းတော့ မသိဘူး။ ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း အသည်းအသန် ရမ်းသန်းပစ်တယ်။ လမ်းမှာလည်း ရမ်းသန်းပစ်တာတွေရှိတယ်။” လို့ တာဝန်ရှိသူက ပြောပါတယ်။ တပ်ရင်း တိုက်ခိုက်ခံရတဲ့နေ့ ညနေပိုင်းမှာ ကလိန်အောင်မြို့ထဲက နေအိမ်တချို့ကို စစ်ကောင်စီတပ်က စစ်မေးတာနဲ့ မြို့တွင်းကင်းလှည့် တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ကံပေါက်ဒေသပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က နေ သိရပါတယ်။ဒါ့အပြင် ခမရ(၄၀၉) တပ်ရင်းအရှေ့မှာလည်း ခရီးသွားကားတွေကို စစ်ဆေးတာ၊ ကလိန်အောင်တံတား စစ်ဆေးရေး ဂိတ်နဲ့ တိုက်ခိုက်ခံရတဲ့တပ်ရင်းကနေ လက်နက်ငယ်နဲ့ ရမ်းသန်းပစ်ခတ်တာတွေလည်း မနေ့ကအထိ လုပ်ဆောင်ခဲ့တယ်လို့ KBDF တပ်ဖွဲ့တာဝန်ရှိသူပြောပြချက်အရ သိရပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခမရ(၄၀၉)တပ်ရင်းထဲမှာရှိတဲ့ အရာရှိရိပ်သာ အပါအဝင် အဆောက်အအုံထိခိုက်ပျက်စီးတာနဲ့ တပ်သားထိခိုက်၊ ကျဆုံးတာတွေရှိတယ်လို့သိရပေမယ့် အသေးစိတ်ကို ဆက်လက်စုံစမ်းဆဲဖြစ် တယ်လို့လည်း တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဆိုပါပစ်ခတ်မှုကို ကံပေါက်ဒေသ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(ဒေါနတပ်ခွဲ-၄)ရဲ့ ဒရုန်းတပ်ဖွဲ့၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် T1 က မြေပြင်ချေမှုန်းရေး ကွန်မန်ဒို တပ်ဖွဲ့နဲ့ ရေဖြူတပ်ပေါင်းစုအဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မောင်းသူမဲ့ လေယာဥ်နဲ့ ဗုံးကြဲခံရတဲ့ခမရ (၄၀၉) တပ်ရင်းဟာ ရေး-ထားဝယ်ကားလမ်းမရဲ့အနောက်ဘက်မှာရှိပြီး ခမရ (၄၀၈)နဲ့ ခမရ(၄၁၀) တပ်တွေနဲ့ ကားလမ်းရဲ့အရှေ့ ဘက်မှာရှိကာ တပ်ရင်းသုံးခုက ကပ်ရပ်တွေ ဖြစ်ပါတယ်။ https://www.youtube.com/c/TheTanintharyiTimes

၂၈။ ကြာအင်းဆိပ်ကြီးနှင့် ချောင်းနှစ်ခွတွင် စစ်တပ်နှင့် BGF တပ်များ တပ်အင်အားတိုးပြီး ဒေသခံများကို ရှောင်တိမ်းခိုင်းနေ

January 4, 2024

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ထိစပ်နေသည့် ချောင်းနှစ်ခွ၊ တောင်ကလေး ကျေးရွာများဘက်တွင် စစ်တပ်နှင့် BGF-ကရင်နယ်ခြားစောင့်တပ်များ စစ်အင်အားအလုံးအရင်းဖြင့် ဇန်နဝါရီ ၁ ရက်မှစ၍ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်အင်အားတိုးချဲ့ပြီး ဒေသခံများကို နေရာရွှေ့ပြောင်းရှောင်တိမ်းခိုင်းနေကြောင်း သိရသည်။ ဒေသခံတစ်ဦးက “အခုက BGF တွေအများကြီး ရောက်လာတယ်။ ချောင်းနှစ်ခွနေရာအစုံပြန်တပ်စွဲနေတယ်။ စစ်တပ်က ကြာအင်းဆိပ်ကြီးမှာ လူတွေ မနေခိုင်းဘူး။ အကုန်ပြောင်းခိုင်းတယ်၊ ဆေးရုံ ကုန်း၊ ရုံးလမ်း၊ ကမ်းနားပိုင်း၊ ဈေးပိုင်း၊ ကားဝင်းနေ ရာတွေနဲ့သုံးဆူဘက်အထွက် လမ်းဂိတ်တွေ ဈေးဆိုင် တန်းတွေ အကုန်ပိတ်အကုန်ပြောင်းနေကြပြီ။ PDF တွေ၊ ကရင်အဖွဲ့တွေ လာတိုက်ရင် မြို့ထဲ အလုံးကြီး ကျမယ်။ ပစ်ထည့်မယ်ဆိုပြီး တပ်ကပြောတော့ လူစောင့်လောက်ပဲထားပြီး မုဒုံဘက်၊ မော်လမြိုင် ဘက် ပြောင်းနေကြတယ်။”ဟု ပြောသည်။ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ချောင်းနှစ်ခွ တံတားကျိုးပျက်နေသည့်နေရာ အား စစ်တပ် နှင့် BGF တပ်များ ဝင်ရောက်နေရာယူပြန်လည်စိုးမိုးထားပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များ ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်သို့ တိုက်ပွဲအရှိန်မြှင့် ပြန်လည် တိုက်ခိုက်လာမည်ကို ခံစစ်ပြင်ဆင်နေသည့် အတွက် စစ်တပ်က ဒေသခံများအား တိမ်းရှောင်ခိုင်း နေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိ ကြာအင်းဆိပ်ကြီးမြို့တွင်း၊ မြို့ပြင် စစ်တပ်တပ်စွဲထားသည့်နေရာများနှင့် KNLA မဟာမိတ်ပူးပေါင်း PDF တပ် ဖွဲ့များ ပြောက်ကျားတိုက်ပွဲ ဆက်ဖြစ်နေဆဲဖြစ်သည်။ ထို့အတူ ကော့ကရိတ်မြို့ဘက်တွင်လည်း စစ်ကောင်စီတပ်က ဒရုန်ဗုံးချ တိုက်ခိုက်မှုများ လုပ်ဆောင်လာသည့်အတွက် အရပ်သားနှင့် တော်လှန်ရေးအဖွဲ့များ ထိခိုက်မှုများရှိနေကြောင်း စစ်မြေပြင် သတင်းအရင်းအမြစ်များ ပြောဆိုချက်အရ သိရသည်။“အခုက စစ်တပ်က လက်နက်ကြီးနဲ့ မြို့ထဲရပ်ကွက်ထဲ ပစ်ထည့်တယ်။ ဒရုန်းနဲ့လည်း ဗုံးကြဲတယ်။ အောက်ခြေမြေပြင်မှာ သွားလာနေတာတွေကို ကင်းထောက်ကြည့်ပြီး ပစ်နေတာရှိတော့ တော်တော် သတိထားရတယ်။ အရပ်သားတွေ ရပ်ကွက်ထဲ ပြန်နေနေသူတွေလည်း ထိခိုက်တာအစမှန်တာတွေရှိသလို PDF တွေလည်း ထိ ထားတာရှိနေတယ်”ဟု ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်ဘက်တွင် နှစ်ဖက် တိုက်ခိုက်နေသည့်အခြေအနေကို တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ လတ်တလောတွင်ကရင်ပြည်နယ်အတွင်း ကော့ကရိတ်၊ကြာအင်းဆိပ်ကြီး၊ တောင်ကြာအင်း နှင့် ဝေါလေဒေသအတွင်း စစ်တပ်တပ်စွဲထားသည့် နေရာများနှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲအပြန်အလှန်ဆက်လက်ဖြစ်ပွား နေဆဲအခြေအနေရှိနေကြောင်း သိရသည်။ https://kicnews.org/2024/01/%e1%80%80%e1%80%bc%e1%80%ac%e1 %80%a1%e1%80%84%e1%80%ba%e1

၂၉။ရခိုင်က ကျေးရွာ ၅ ရွာကို လက်နက်ကြီးပစ်ခတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက် ပြောင်းရွှေ့ခိုင်း
    January 5, 2024

ရခိုင်ပြည် စစ်တွေမြို့နှင့် မိုင် ၃၀ ပတ်ဝန်းကျင်အတွင်းက ကျေးရွာ ၅ ရွာကို လက်နက်ကြီးများ ပစ်ခတ်မည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်နေပြီး ရွာသားများအား အခြားနေရာများသို့ ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံများထံမှ သိရ သည်။ ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့ နေ့လယ်ကစ၍ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုနေပြီး ပြောင်းရွှေ့ပေးရမည့် ကျေးရွာများမှာ ဝါဘို၊ စပါးထား၊ ကွမ်းတောင်၊ ညိုရောင်ချောင်း၊ အိုင်ဒင် စသည့်ကျေးရွာများဖြစ်သည်။ ကွမ်းတောင်ကျေးရွာ ဒေသခံတစ်ဦးက “ကျနော်ရွာက လူတွေ မနေ့ နေ့လယ်ကတည်းက ပုဏ္ဏားကျွန်းမြို့နဲ့ ရသေ့တောင်ဘက်ခြင်း၊ စစ်တွေဘက်ခြမ်း သို့ ဆွေမျိုးတွေရှိရာကို ထွက်ခွာသွားကြပါပြီ။ လူအနည်းလောက်ပဲ ကျန်တော့တယ်။ စစ်ကောင်စီတပ်တွေက ကျနော်တို့ ရွာ အနီးတစ်ဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မယ်။ ရွာသားတွေရွှေ့ပြောင်းကြဆိုပြီး ပြောတယ်။ အဲဒီတော့ ရွာသားတွေလည်း ကြောက်ပြီး ဘေးကင်းရာကို တိမ်းရှောင်ကြတာပါ” ဟု ပြောသည်။

အဆိုပါ ကျေးရွာ ၅ ရွာကို စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်မည်ဟု ခြိမ်းခြောက်မှုကြောင့် ယင်းကျေးရွာများ အပြင် အနီးအနားကျေးရွာများကပါ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြကြောင်း သိရသည်။ ကွမ်းတောင်အနီးက ပဒေသာရွာ ဟောင်း/ရွာသစ်၊ တံဘတ်လှမ်း၊ အထုပ်သည်နှင့် အမြင့်ကျွန်းကျေးရွာများမှ ရွာသားများမှာလည်း အိုးအိမ်စွန့်ခွာနေကြသည်။ ဝါဘိုနှင့် စပါးထားကျေးရွာအနီးက ကံချောင်း၊ အောင်ဇေယျ၊ မြကျွန်းသာနှင့် တောကန် စသည့်ကျေးရွာများမှ ရွာသားများမှာ လည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေကြကြောင်း သိရသည်။  တောကန်ကျေးရွာသားတစ်ဦးက “ကျနော်တို့ အနီးအနားကျေးရွာ တွေကို စစ်ကောင်စီ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မယ်လို့ ပြောတယ်ဆိုတော့ ကျနော်တို့ရွာကလည်း လက်နက်ကြီး ပစ်ခတ်ရာ လမ်းကြောင်းကျတယ်။ ရွာထဲကို လက်နက်ကြီး မကျလာဘူးလို့ ပြောလို့မရဘူး။ ပေါက်တောဘက်ခြမ်းနဲ့ စစ်တွေမြို့ အနီး အနားကို ပြောင်းရွှေ့နေရပါတယ်” ဟု ပြောသည်။ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ရခိုင်ပြည်အတွင်းနှင့် ပလက်ဝဒေသတွင် ရက္ခိုင့်တပ်တော် AA ၏ ထိုးစစ်များကို ကြည်း၊ ရေ၊ လေ အစုံအလင်ဖြင့် အပြင်း အထန် ခုံခံနေရပြီး ယနေ့အချိန်အထိ တပ်စခန်း ၁၅၀ ထက်မနည်းကို စွန့်လွှတ်ဆုံးရှုံးထားရပြီဟု AA ၏ ထုတ်ပြန်ချက်များအရ သိရသည်။ https://www.facebook.com/phot o/?fbid=812331444239617&s et=pcb.812 331627572932

၃၀။ ထို့ကော်ကိုးလမ်းပိုင်း၌ ဖြတ်သန်းခ တိုးမြှင့်ကောက်နေသဖြင့် ကားသမားများ အခက်ကြုံ
      January 4, 2024

ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းတခုဖြစ်တဲ့ ကရင်ပြည်နယ် ထို့ကော်ကိုးလမ်းပိုင်းမှာ လက်နက်ကိုင်အဖွဲ့စုံကဖြတ်သန်း သွားလာခတွေ တိုးမြှင့်ကောက်ခံနေပြီး ၁၀ ဘီးအထက် ကုန်ကားတွေ ဖြတ်သန်းခွင့်ကိုလည်း ပိတ်ပင်လိုက်တယ်လို့  ကားသမား တွေထံက သိရပါတယ်။ ထိုင်း-မြန်မာ နှစ်နိုင်ငံ အဓိကကုန်သွယ်ရေးလမ်းဖြစ်တဲ့ အာရှလမ်းမကြီး ယာယီပိတ်ထားတဲ့ နောက်မှာ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ကားတွေက လမ်းဟောင်း ထို့ကော်ကိုး ကျော့ခိုဘက်ကနေ သွား လာနေရတာပါ။ ၂၀၂၄ ခု ဇန်နဝါရီ ၁ ရက်ကစပြီး ထို့ကော်ကိုးလမ်းမှာ ဖြတ်သန်းသွားလာခတွေ တိုးမြှင့်ကောက်ခံနေတဲ့အတွက် ကားသမားတွေ အခက် ကြုံနေရတယ်လို့ သိရပါတယ်။  အရင်က ပေးရတဲ့ ကုန်ကျစရိတ်ရဲ့ နှစ်ဆလောက် ပိုပေးနေရတယ်လို့ နေ့စဉ် ဘားအံ-မြဝတီ ပြေးဆွဲနေတဲ့ ကားသမားတယောက်က ပြောပါတယ်။

“ပထမ အဖွဲ့စုံဆိုတာရှိတယ်။ အဖွဲ့စုံဆိုတာ DKBA၊ PC KNU တို့ ဘာတို့ရှိတယ်။ အဲဒီအဖွဲ့စုံကို လေးသောင်း။ ‌နောက် တောင်ပေါ်ကို တက်ရမယ်ဆို ကျနော်တို့က လက်မှတ်ဖြတ်ရတယ်။ without ဆို တစီး ငါးသောင်းဗျ။ အိမ်စီးကားဆို လူပေါ် ကြည့်ပြီး လူတယောက် ၁ ထောင်တို့ ဘာတို့ ကောက်တယ်။ ကုန်ကားကြီးတွေကျတော့ တတန်ကို ၆ သိန်း၊ ၃ သိန်းတို့ပေါ့။  ၁၂ ဘီးကားတွေကို ၁၂ လပိုင်းတုန်းက လွတ်တယ်၊ အဲဒီလမ်းက အခက်အခဲရှိတယ်။ အတက် တရက် အဆင်း တရက်ကို ဘားအံ ကိုရောက်ဖို့ကို လမ်းမှာ အဲဒီ ၁၂ ဘီးတွေက မတက်တော့ နောက်က ကား‌လေးတွေက လမ်းပိတ်တာပေါ့။” ပြင်ဆင်ဆဲလမ်းတွေ တံတားတွေ ပျက်စီးစေတဲ့အတွက် ၁၀ ဘီးနဲ့ အထက်ကားတွေကို ဖြတ်သန်းခွင့် လုံးဝ ပိတ်ပင်လိုက်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး၊  ကေအန်ယူခွဲထွက်အဖွဲ့ ဖြစ်တဲ့ KNU/KNLA-PC က ထုတ်ပြန်ထားပါတယ်။ ဖြတ်သန်းခ တိုးမြှင့်ကောက်ခံတာနဲ့ လမ်းမှာ အချိန်ကြာမြင့်နေတာတွေကြောင့် ကုန်သွယ်စီးဆင်းမှု နှောင့်နှေးကြန့်ကြာတာနဲ့ ကုန်ပစ္စည်း ပြတ်လပ်မှုတွေ ဖြစ်နေ တယ်လို့ မြဝတီမြို့ခံ ကုန်သည်တယောက်က ပြောပါတယ်။ https://burmese.dvb.no/post/632467

၃၁။ မောင်တောတွင် ပေါ်ဆန်မွှေးဆန်တစ်အိတ် ကျပ် ၄ သိန်းထိစျေးမြင့်တက်နေ စားသောက်ကုန်များ မူလထက် ၅        ဆမှ ၁၀ ဆကြား စျေးမြင့်တက်
   January 4, 2024

ရခိုင်ပြည် မောင်တောမြို့နယ်တွင် ပေါ်ဆန်မွှေး ဆန်တစ်အိတ်ကို ကျပ် ၄ သိန်းထိစျေးရှိနေပြီး တစ်ခြားအခြေခံ စား သောက်ကုန်များမှာလည်း တစ်ခြားမြို့နယ်များထက် စျေးနှုန်းပိုမြင့်သည့်အနေအထားတွင်ရှိနေကြောင်း ဒေသသတွင်း နေထိုင် သူများကပြောသည်။ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဖက်စစ်ရေးတင်းမာနေမှုကြား စစ်ကောင်စီမှ ပြည်နယ်တွင်း ကုန် စည် စီးဆင်းရာလမ်းကြောင်းများ အားလုံးပိတ်ဆို့ထားသည့် ရခိုင်တွင် မြို့နယ်အလိုက်ကုန်စည်စျေးများ အဆမတန်မြင့်တက်မှု ရှိနေပြီး ထိုအထဲမှ မောင်တောမြို့မှာ ဆန်အပါအဝင် ကုန်စည်စျေးနှုန်းအမြင့်ဆုံးရှိသည့် မြို့နယ်တစ်ခုဖြစ်နေသည်။ လက်ရှိ မောင်တောဒေသ၏ ကုန်စျေးနှုန်းမှာ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ၄ သိန်းကျပ်၊ ရိုးရိုးဆန်တစ်အိတ်ကို၂ သိန်းခွဲကျပ်၊ ရာသီပေါ် ခရမ်းသီး တစ်ပိဿာကို ၃ သောင်းကျပ်၊ ကြက်တစ်ကောင်ကို ၈ သောင်းကျပ် (တစ်ပိဿာကျ) နှင့် တစ်ခြားသားငါး စားသောက် ကုန်စည်များမှာလည်းထိုနည်းတူစွာ စျေးမြင့်လျှက်ရှိနေကြောင်းသိရသည်။ မောင်တော ကုန်စျေးမြင့်တက်နေမှု အခြေနေကြား တွင် နေထိုင်နေရသည့် မောင်တောဒေသခံတစ်ဦးက “ထမင်းတစ်ထပ်စားနိုင်ဖို့ဆိုတာ မလွယ်တော့ဘူး။ တစ်ထပ် စာစျေးဝယ် ရင် ၄ သောင်းဖိုးလောက်တော့ဝယ်ရတယ်။ ဒီအခြေနေနဲ့ ငတ်ပြတ်လာတဲ့နေသူတွေလည်းများလာပြီ” ဟုပြောသည်။

ရခိုင်ရှိ တစ်ခြားမြို့နယ်များတွင်မူ စားသောက်ကုန်စည်စျေးများမှာ မောင်တောမြို့နည်းတူ ယခင်ထက်စျေးမြင့်တက် နေသော်လည်း ဆန်စျေးနှုန်းများမှာမူ မူလထက်အနည်းငယ်ခန့်သာမြင့်တက်ပြီး ဆန်တစ်အိတ်ကို မြို့နယ်အလိုက် ၉ သောင်း ကျပ်မှ ၁ သိန်း ၃ သောင်းကျပ်ကြားသာရှိနေသည်။ မောင်တောခရိုင်ရှိ ဘူးသီးတောင်မြို့နယ်၏ ဆန်အပါအဝင်ကုန်စည် စျေးနှုန်း များမှာလည်း တစ်ခြားမြို့နယ်များနည်းတူဖြစ်ပြီး မောင်တောမြို့နယ်တွင်မူ ဆန်စျေးအမြင့်ဆုံးရှိနေခြင်းဖြစ် သည်။ “အခြေနေ တွေ မတည်မငြိမ်နဲ့ လမ်းတွေပိတ်တော့ ဆန်တွေအလု အယက်ဝယ်ကြရာကနေ စျေးက မြင့်တက်သွားတာလို့ ပြောရ မယ်။ ဆန် ကဝယ်ရလည်း မခက်ဘူး။ ရှားပါးနေတာလည်း မဟုတ်သေးဘူး။ လက်ဝယ်ရှိသူတွေက စျေးမြှင့်ရောင်းနေကြတာ” ဟုပြော သည်။ နိုဝင်ဘာ ၁၃ ရက်မှ စတင်၍ ကုန်စည်စီးဆင်းရာလမ်းကြောင်း အားလုံးပိတ်ဆို့ခံထားရသည့် ရခိုင်တွင် စားသောက် ကုန်စည်များဖြစ်သည့် စက်သုံးဆီ၊ ဆီ၊ ငရုတ်သီးခြောက်၊ ဆား၊ ဟင်းချိုမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်းသီးဟင်းရွက်၊ သား ငါးနှင့် တစ်ခြားစားသောက်ကုန်စည်စျေးနှုန်းများမှာ မူလထက် ၅ ဆမှ ၁၀ ဆကြားစျေးမြင့်တက်နေဆဲ ဖြစ်သည်။ လမ်းကြောင်း များ ပိတ်ဆို့ခံထားရမှု ၂ လနီးပါးရှိလာနေသည့် ရခိုင်တွင် ကုန်စည်စျေးနှုန်းမြင့်တက်မှုအပြင် ဆေးဝါးအပါ အဝင် ကုန်စည်အချို့ ပြတ်လပ်လာသည်များလည်း ရှိလာနေပြီလည်း ဖြစ်သည်။ https://www.facebook.com/photo/?fbid=8117496376311 31&set=a.682731967 199566

၃၂။ ရှမ်းပြည်ရောက် ကရင်နီစစ်ရှောင်တွေ စားဝတ်နေရေးအတွက် နေ့စားလိုက်ပြီး ဖြေရှင်းနေကြ
    January 4, 2024

ဒေသတွင်း တိုက်ပွဲတွေကြောင့် ရှမ်းပြည်ဖက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကရင်နီစစ်ရှောင်တွေဟာ ရေရှည် စားဝတ်နေရေးအတွက် နေ့စားအလုပ် လိုက်လုပ်ကြသူတွေရှိသလို၊ ဈေးရောင်းပြီး ရတဲ့အမြတ်ငွေနဲ့ ဖြေရှင်းနေရတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတွေနဲ့ စစ်ရှောင်တွေက ပြောပါတယ်။ ဆီဆိုင်မြို့နယ် စစ်ရှောင်အရေး ကူညီဆောင်ရွက်သူ တဦးက “တချို့က ဈေးရောင်းဈေးဝယ်တွေ လက်လှမ်းမီသလောက်ပေါ့ ရသလောက်လေးပေါ့။ ဒေသခံတွေလောက်တော့ ဖောက်သည်မရှိဘူး။ အရောင်းအဝယ်ပါးပါးလေးတော့ရှိတယ်။ မလုပ်နိုင်တာ ခပ်များများပါ။ ဒါမဲ့ ဒီရာသီ နောက် ၁၅ ရက် လကုန်လောက်ဆိုရင် ပြောင်းချိုးရှိတယ်လေ။ နေ့စားတော်တော်များများလိုက်ကြတယ်။ လုပ်နိုင်တဲ့သူဆိုရင်တော့လေ။ နကိုယ် ကလည်း ခြံယာ လယ်ယာလုပ်ငန်း လုပ်တဲ့သူဆိုရင် ဒီဖက်ရောက်ရင် နေ့စားပြန်လိုက်လို့ရတယ်ပေါ့။ တရက် တသောင်းကျော် လောက် ရတာပေါ့။ ဘာပဲဖြစ်ဖြစ် ဖြေရှင်းလို့ရတာပဲ။ ဒါမဲ့ နေရာတိုင်းတော့ မရနိုင်ဘူး အလုပ်ကမရှိနိုင်ဘူး။” လို့ စစ်ရှောင် အရေးကူညီဆောင်ရွက်သူ တဦးက ပြောပါတယ်။ စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အမျှ စားနပ်ရိက္ခာလိုအပ်ချက် ပိုမြင့်မား လာသလို စားနပ်ရိက္ခာပြတ်လပ်တဲ့ စစ်ရှောင်စခန်းလည်းရှိတယ်လို့ဆိုပါတယ်။ လက်ရှိမှာလည်း စားနပ်ရိက္ခာအပြင် စောင်၊ အနွေးထည်၊ ဆေးဝါး၊ အိမ်သာ၊ သောက်သုံးရေ စတာတွေ လိုအပ်နေပေမဲ့ အလှူရှင်မရှိတာကြောင့် မထောက်ပံ့နိုင်သေးဘူးလို့ ဆိုပါတယ်။

ရှမ်းပြည်ရောက် စစ်ရှောင်အများစုဟာ ဘာသာရေးကျောင်းတွေမှာ နေထိုင်ကြတာဖြစ်ပြီး အသိမိတ်ဆွေခြံဝန်းတွေမှာ တဲထိုးနေထိုင်ကြတာရှိသလို အိမ်ငှားရမ်းနေထိုင်သူတွေလည်း ရှိတယ်လို့ အေးသာယာမြို့မှာ စစ်ရှောင်နေတဲ့ လွိုင်ကော်ဒေသခံ တဦးက ပြောပါတယ်။“အိမ်ငှားခ စျေးအရမ်းကြီးတာသိပေမဲ့ ရောဂါသည်သက်ကြီးသူတွေ ပါနေတော့ ဘုန်းကြီး ကျောင်းလို နေရာမှာ နေလို့ကြအဆင်မပြေပြန်ဘူး။ အိမ်ကနေလည်း ဘာမှမသယ်လာနိုင်တော့ အိုးခွက်တွေက အစပြန်ဝယ်နေရတော့ အတော်လေးကိုခက်ခဲပါတယ်ဗျာ။” လို့ လွိုင်ကော်စစ်ရှောင်တဦးက ပြောပါတယ်။ “အိမ်ငှားခက တချို့ကပေးရတယ်။ တချို့ ကမပေးရဘူး ဒီတိုင်းပေးနေတာရှိတယ်။ တချို့ကျတော့ နေရာပေါ်မှာတူတည်တယ်။ နေရာကောင်းရင်ကောင်းသလို ပိုက်ဆံ ပိုပေးရတာပေါ့လေ။ နေရာမကောင်းရင်တော့ မကောင်းသလိုပဲပေါ့ အဲ့လိုအခြေအနေတော့ရှိတယ်။ တချို့ကတော့ အလကား ပေးနေတဲ့သူရှိတယ်။”လို့ စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။ ကရင်နီပြည်တွင်းနဲ့ ရှမ်း-ကရင်နီနယ်စပ်က စစ်ရှောင်တွေ ဟာ ဆီဆိုင်၊ ညောင်ရွှေ၊ ပင်လောင်း၊ တောင်ကြီး၊ ကလော စတဲ့မြို့နယ်အသီးသီးမှာ အများစုစစ်ရှောင်ကြပြီး လူဦးရေ ၅ သောင်း ဝန်းကျင်ရှိနိုင်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ခန့်မှန်းထားကြပါတယ်။ စစ်ရှောင်တွေအတွက် လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ရရှိဖို့ မျှော်လင့်နေပြီး ဒေသခံအသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးဖို့ စစ်ရှောင် အရေး ကူညီဆောင်ရွက်သူတွေက တောင်းဆိုထားကြပါတယ်။ https://www.kantarawaddytimes.org/%e1%80%9b%e1 %80%be%e1%80%99%e 1%80%ba%e1%80%b8%e1%80

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button