သတင်း

တန်ဆောင်တိုင်ပွဲကို မဖြစ်မနေ သွားကြရမဲ့ Non CDM ဝန်ထမ်းများ

တန်ဆောင်တိုင်ပွဲကို မဖြစ်မနေ သွားကြရမဲ့ Non CDM ဝန်ထမ်းများ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၁၉၊ ၂၀၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းအားလုံး တန်ဆောင်တိုင်ပွဲကို မဖြစ်မနေသွားဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

တောင်ကြီးမြို့နယ်အတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအလိုက် Non CDM အောက်ခြေဝန်ထမ်းတွေအားလုံးကို တောင်ကြီးတန်ဆောင်တိုင်ပွဲသွားရောက်ဖို့အတွက် တာဝန်ချထားတယ်လို့ သိရပါတယ်။

“ရဲ၊ ယာဉ်ထိန်းရဲ၊ ထွေအုပ်နဲ့ EPCက ဝန်ထမ်းတွေအားလုံးက နေ့ဂျူတီနဲ့ ညဂျူတီ နေ့တိုင်းသွားရမယ်။ စည်ပင်နဲ့ ကျန်းမာရေးကတော့ ၃ရက်သွားရမယ်၊ ကျန်ဝန်ထမ်းတွေကတော့ တစ်ရက်သွားဖို့ စာထုတ်ထားတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက FJMMကို ပြောပါတယ်။

ဒါပေမယ့် Non CDM ဝန်ထမ်းအများစုကတော့ လက်ရှိကျင်းပမယ့်တန်ဆောင်တိုင်ပွဲရဲ့ မြေပြင်အခြေအနေအရ သွားရောက်ဖို့ဆန္ဒမရှိကြပေမယ့် မဖြစ်မနေသွားရမှာဖြစ်တာကြောင့် ကိုယ့်လုံခြုံရေးကို မိမိဘာသာဂရုစိုက်ပြီးသွားရမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

“အခုပွဲက အုတ်တံတိုင်းပတ်ပတ်လည်ခတ်ထားတယ်၊ အဝင်အထွက်ဂိတ်ကိုလည်း ၄ခုအထိထားမှာဆိုတော့ တစ်ခုခုဖြစ်တယ်၊ ဥပမာ-ဗုံးတွေဘာတွေကွဲတာ၊ မီးပုံးပျံပျက်ကျတာမျိုးဆို ပြေးဖို့မလွယ်တော့ဘူး”လို့ ဝန်ထမ်းတစ်ဦးက FJMMကို ပြောပါတယ်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ကျောက်တစ်လုံး လမ်းမကြီးဘေးရှိ အဝေရာမီးပုံးပျံကွင်းမှာ လာမယ့် နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၇ ရက်အထိ စစ်ကောင်စီက ဦးစီးပြီးကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီပွဲအတွက် စစ်ကောင်စီလက်အောက်ခံ ပွဲကျင်းပရေးကော်မတီက ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ငှားရမ်းရောင်းချဖို့စီစဉ်ထားပေမယ့် လက်ရှိအချိန်ထိတော့ ဝယ်ယူသူနည်းပါးနေတာကြောင့် ဆိုင်ခန်းပေါင်း ၅၀ နီးပါးခန့်သာ ရောင်းချရသေးတယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – Getty (ပုံဟောင်း)

Related Articles

Back to top button