တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

No. 67, August 22, 2023)

၁။  ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ စတင်ပြဌာန်း၊ CDM ရဲအရာရှိတွေ ရဲချုပ်၊ ဒုချုပ်ဖြစ်လာ
     August 21, 2023

ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို တပ်ဖွဲ့ပုံစံနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေ စတင်ပြဌာန်းလိုက်ပြီး CDM ရဲအရာရှိတွေက ရဲချုပ်၊ ဒုရဲချုပ်တွေအဖြစ် ဦးဆောင်သွားမှာ ဖြစ်တယ်လို့ အဲ့ဒီရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလကစလို့ ယာယီအုပ်ချုပ်ရေးကော်မတီ ဦးဆောင်မှုနဲ့ လည်ပတ်နေတာဖြစ်ပြီး အခုလအတွင်းမှာတော့ ဥပဒေတရပ် ရေးဆွဲအတည်ပြုကာ တပ်ဖွဲ့ပုံစံနဲ့ စတင်လည်ပတ်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီရဲ့ လက်ရှိ ဥက္ကဌကို ရဲချုပ်အဖြစ် ခန့်အပ် လိုက်တာဖြစ်ပြီး ဒုဥက္ကဌကိုတော့ ဒုရဲချုပ်အနေနဲ့ တာဝန်ပေးလိုက်တာပါ။ ဒါ့အပြင် တခြား ယာယီအုပ်ချုပ်ရေးကော်မတီဝင် ကိုးဦးကိုလည်း ရဲမှူးချုပ်ရာထူးနဲ့ ရဲဦးစီးချုပ်၊ ရဲရေးချုပ်၊ ရဲထောက်ချုပ်၊ ရဲလေ့ကျင့်ရေးချုပ်နဲ့ တခြားသက်ဆိုင်ရာ တပ်ဖွဲ့မှူးကြီး တွေအဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

အခုလို ခန့်အပ်လိုက်တဲ့ ရဲချုပ်၊ ဒုရဲချုပ် အပါအဝင် ၁၁ ဦးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ CDM ပြုလုပ်ထားတဲ့ ရဲအရာရှိတွေဖြစ်ပြီး ဒုရဲအုပ်လောင်း သင်တန်းနဲ့ ရဲအရာရှိ အထူးသင်တန်းတွေ တက်ရောက်အောင်မြင်ပြီးသူတွေ ဖြစ်တယ်လို့ လည်း သိရပါတယ်။ ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ကောင်စီက အသိ အမှတ်ပြုထား သလို NUG ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ရဲတပ်ဖွဲ့နဲ့လည်း ဖက်ဒရယ်ဒီမိုကရေစီအရ တရားဝင် မဟာမိတ်ဖွဲ့ထားတယ်လို့ သိရပါတယ်။ ပြည်နယ်အဆင့် ရဲတပ်ဖွဲ့အဖြစ်တာဝန်ထမ်းဆောင်မယ့် ချင်းပြည်နယ် ပြည်သူ့ရဲ တပ်ဖွဲ့အနေနဲ့ ဒေသအတွင်း လုံ ခြုံရေး၊ ဥပဒေစိုးမိုးရေးလုပ်ငန်းစဥ်တွေကိုဆောင်ရွက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဥပဒေနဲ့အညီအရေးယူနိုင်ရေးလည်း လုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် ချင်းပြည် နယ် ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ ချင်းပြည်နယ်အစိုးရ ပေါ်ပေါက်လာတဲ့အချိန် အဲဒီအစိုးရရဲ့ အုပ်ချုပ်ကွပ်ကွဲမှု အောက်ကနေတဆင့် ပြည်သူတွေအတွက် ဆက်လက်တာဝန်ထမ်း ဆောင်သွားမယ်လို့ဆိုပါတယ်။ https://www.facebook.c om/photo/?fbid=690918303081250&set=a.605723148267433

၂။  မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ လေးဦးဒဏ်ရာရ
    August 21, 2023

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်မှာ ဩဂုတ်လ ၂၀ ရက်၊ မနက် ၁၀ နာရီခန့်မှာ ခရီးသည်တင် ကား တစီး လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လမ်းပိုင်းအသုံးပြုသူတွေထံမှ သိရပါတယ်။ “ မြဝတီက ဆင်းလာရင် လမ်းသစ်တိုင်း မောင်းဆင်းလာရင် သိပ်မကြာဘူး။ အဲဒီနားလောက်မှာ ပစ်ခံရတာ၊ ခရီးသည်တင် ကားပဲ။ လက်နက်ကြီးနဲ့ လှမ်းပစ်လိုက်တာ၊ ကားရဲ့နောက်ဘက်ခြမ်းကို လှမ်းထိသွားတာ။ ထိတာတော့ လေးယောက်လောက် ကထိသွားတာ။ ခရီးသည်တွေဘဲ”လို့ အာရှလမ်းသစ်ကို အသုံးပြုနေတဲ့ ခရီးသည်တင် ယာဉ် မောင်းနှင်သူတဦးက ပြောပါတယ်။ ခရီးသည် ၁၅ ဦး လိုက်ပါစီးနင်းလာတဲ့ Super Custom ကားဟာ မြဝတီမြို့ကနေ ကော့ကရိတ်ဘက်ကို မောင်းနှင်လာစဉ်  မြဝတီ-ကော့ကရိတ် အာရှလမ်း၊ ကွင်းကလေးတံတား အကျော်၊ ဒေါနသစ္စာ စားသောက်ဆိုင်အနီးမှာ အမည်မသိ အဖွဲ့တခုမှ လက်နက်ကြီး တလုံးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ယာဉ်ပေါ်ပါသူ ၁၅ ဦးအနက် အသက် ၂၃ နှစ်အရွယ် ကိုစန်းလင်းအောင်၊ အသက် ၃၅ နှစ်အရွယ်ကို စိုးမင်းအောင်၊ အသက် ၄၅ နှစ်အရွယ် ဦးထိန်လင်းနဲ့ ၁၉ နှစ်အရွယ် မနန်းလွမ်ငင် တို့မှာ ခန္ဓာကိုယ်အနှံ့နဲ့ ခြေလက်တွေမှာ ကျည်စထိမှန် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

“ လမ်း မပျက်စီးခင်ကတော့ အဲဒီလမ်းပိုင်းမှာ PDF နဲ့ စစ်သားတွေ တိုက်ပွဲဖြစ်တာ ရှိခဲ့တယ်။ လမ်းပျက်စီးပြီး နောက် ပိုင်းတော့ တိုက်ပွဲဖြစ်တာတွေ မကြားရတော့ဘဲ စစ်တပ်နဲ့ သူ့လက်အောက်ခံ အဖွဲ့တွေကတော့ နေရာအတော်များများမှာ တပ်စွဲထားတာ ရှိတယ်။ ကျွန်တော်တို့ ထင်တာတော့ စစ်တပ်လက်အောက်ခံ အဖွဲ့တွေက ပစ်တာလို့ ထင်တာပေါ့နော် ” လို့ အဲဒီ ခရီးသည်တင် ယာဉ်မောင်းနှင်သူက ပြောပါတယ်။ ခရီးသည်တင်ကားကို ဘယ်အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကို သိရှိ နိုင်ဖို့ အဲဒီလမ်းပိုင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူထံကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားပေးခြင်း မရှိသေးပါဘူး။ လက်ရှိ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကို မြဝတီမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေကြရပြီး သူတို့အားလုံးရဲ့ ကျန်းမာရေးက စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။ https:// www.facebook.com/photo/?fbid=690989773074103&set=pc b.690989826407431

၃။ ထားဝယ်မြို့နယ် အရှေ့တောဒေသကို စစ်ကောင်စီ စစ်ကြောင်းထပ်ထိုးနေ
    August 21, 2023

ထားဝယ်မြို့နယ်၊ အရှေ့တော​ဒေသကို ဒီနေ့ မနက် အရုဏ်မတိုင်ခင်အချိန်ကတည်းက စစ်ကောင်စီစစ်ကြောင်းထိုးနေ တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့ကညသန်းခေါင်ကျော် ၁ နာရီခွဲလောက်မှာ ထားဝယ်မြို့ကနေ ပကာရီရွာ ရဲစခန်းကို စစ်ကောင်စီကားတွေ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် လမ်းအတိုင်း ပခပ်ရွာကိုဆက်သွားခဲ့ပြီး ရွာရဲ့အနောက်ဘက်ခြမ်း တောထဲ ကိုခြေလျှင်စစ်ကြောင်း ဝင်ရောက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ အဲဒီခြေလျင်စစ်ကြောင်းဟာ အရှေ့နဲ့ အနောက် နှစ်ကြောင်းခွဲထားပြီး စုစုပေါင်း အင်အား ၁၀၀ ကျော်ပါဝင်တယ်လို့ဒေသခံတွေကဆိုပါတယ်။ “ထားဝယ်ကနေလာရင် မိန်းလမ်းမရဲ့ဘယ်ဘက်ခြမ်းတောထဲဝင်တာ။ တောထဲဝင်ပြီးကတည်းက ပျောက်နေတယ်” လို့ဒေသခံအမျိုသားတစ်ဦးက ပြော ပါတယ်။

အခုမနက် ၉ နာရီလောက်မှာတော့ ရမ္မဇူရွာဘက်ကိုရောက်နေတယ်လို့သတင်းကြားရပေမယ့် သီးခြား အတည်ပြုနိုင် တာတော့မရှိသေးပါဘူး။ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ အရှေ့ဘက်ကိုဆက်သွားနိုင်ပြီး လက်ရှိအချိန်ထိတော့ ပစ်ခတ်မှုဖြစ် ပွားတာမရှိသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။ စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ရမ္မဇူ၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံးနဲ့ ဝကုန်းရွာတွေက ဒေသခံတွေ ညသန်းခေါင်ကျော်ကတည်းက နေအိမ်စွန့်ခွာစစ်ဘေးရှောင်နေရပါတယ်။ အခုလလယ်ကလည်း ကျောက်မဲတောင်ရဲစခန်းက စစ်ကောင်စီစစ်ကြောင်း ထားဝယ်ဘက်ကို ပြန်ထွက်လာတာကြောင့် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ သလို ဒေသခံတွေလည်းစစ်ဘေးရှောင်ခဲ့ရပါတယ်။ https://www.facebook.com/pho to/?fbid=322294486854974&set= a.196212679463156

၄။ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိ
    August 21, 2023

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA နဲ့ စစ်ကောင်စီတပ်တို့ တစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ TNLA က ပြောပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့က လားရှို့မြို့ နယ်အတွင်း တစ်ကြိမ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်း ၂ ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိ သူ ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော် က ပြောပါတယ်။ ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အသေးစိတ် အတည်မပြုရသေးဘူးလို့ သူက ပြောပါတယ်။“ဒီနေ့တော့ တိုက်ပွဲသတင်း တက်လာတာ မရှိသေးဘူး။ ၁၉ ရက်နေ့ကတော့ ၃ နေရာလောက်ရှိတယ်။ ကွတ်ခိုင် ဘက်ရော လားရှိုးမြို့နယ်ဘက်ရောပေါ့။ မနေ့ကတော့ တိုက်ပွဲ မရှိဘူး။ စစ်ကောင်စီဘက် ထိခိုက်မှုကတော့ ရှိတော့ရှိတယ်။ အသေးစိတ်တော့ ကျွန်တော် မသိရသေးဘူး။ သူတို့ စစ်ကူပို့တဲ့ ယာဉ်တန်းက ကျွန်တော်တို့နဲ့ တိုက်ပွဲ ဖြစ်ပွားတာ ဖြစ်တယ်။ လမ်းမပေါ်မှာ ဖြစ်တာပေါ့။ ကျွန်တော်တို့ ဘက်ကတော့ ထိခိုက်တာ မရှိဘူးခင်ဗျာ” လို့ ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော် က ပြောပါတယ်။

တအာင်း တပ်မတော် တပ်မဟာ (၄) စစ်ဒေသ၊ လားရှိုးမြို့မှ သိန္နီဘက်သို့ ကား ၂ စီးနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ် ၁၄ မိုင်ကုန်းသို့ အရောက် သြဂုတ် ၁၉ ရက်၊ နေ့လယ် ၁ နာရီမှာ TNLA နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သူက ဆိုပါတယ်။ ဒါ့အပြင် ကွတ်ခိုင်မြို့နယ်၊ မန်ပန်ကျေးရွာ အနီးမှာ စစ်ကောင်စီရဲ့ စကခ (၁၆)၊ ခလရ (၂၄၂) တပ်ဟာ TNLA တပ် ဘက် ထိုးစစ်ဆင်လာတာကြောင်း TNLA အမှတ် (၂၂၃) တပ်ရင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဩဂုတ် လ ၁၉ ရက်နေ့မှာပဲ ကွတ်ခိုင်မြို့ကနေ နမ့်ဖက်ကာမြို့ဘက်ကို ကား ၂၁ စီးနဲ့ ပစ္စည်းသယ်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်း TNLA တပ်နဲ့ ထိပ် တိုက်တွေ့တာကြောင့် နေ့လယ် ၃ နာရီမှစပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ TNLA ကပြောပါတယ်။ တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော်-TNLA နဲ့ စစ်ကောင်စီတပ် အကြား ဇူလိုင် လ ၂၃ ရက်နေ့မှ သြဂုတ်လ ၂၀ ရက်နေ့အထိ စုစု ပေါင်းတိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၅ ဦးသေဆုံးကာ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း အမြောက်အများကို TNLA ကသိမ်းဆည်းရမိခဲ့ပါတယ်။ https://www.faceboo k.com/photo/?fbid=324324243287360&set=a.2859004904069

၅။  မွန်ပြည်နယ် ၊ သထုံမြို့နယ်ထဲကို တိုက်ပွဲ​ဖြစ်ပွားမှုမရှိဘဲ ဂျက်ဖိုက်တာဖြင့် စစ်ကောင်စီဗုံးကြဲ
     August 21, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင်းရှိ KNU တပ်မဟာ- ၁ အုပ်ချုပ်နယ်မြေထဲကို  စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ သွားကြောင်း ဒေသခံဆီမှသိရှိရပါတယ်။ ” လေယာဉ်သံကြားလို့ ထွက်ကြည့်တာ၊ ဂျက်ဖိုက်တာ ၁ စီး ၂ ချက် ပစ်လိုက်တာကို လှမ်းမြင်လိုက်တယ်။ ကွဲသံ ၁ ချက်ပဲ ကြားလိုက်တယ်။ အသံ တော်တော်ကျယ်တယ် ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့ ၊ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်အချိန်မှာ စစ်ကောင်စီဂျက်ဖိုက်တာဖြင့် သထုံမြို့နယ်ထဲက ပုရစ်ခိုကျေးရွာ အနီးကို ဗုံးကြဲခဲ့တာလည်းဖြစ်ပါတယ်။ ” ကျွန်တော် ကြည့်နေတုန်းမှာ ၊ ဂျက်ဖိုက်တာက ဇောက်ထိုးဆင်းချလာပြီး ဗုံးကြဲလိုက် တာ၊ ကျွန်တော်တို့လည်း ဝပ်နေရတယ်”ဟု ဒေသခံကဆက်ပြောပါတယ်။ စစ်ကောင်စီ လေကြောင်းဗုံးကြဲတဲ့နေရာဟာ တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်း တစုံတရာမရှိဘဲ ဗုံးကြဲခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါနေရာဟာ KNU တပ်မဟာ- ၁ KNLA တပ်ရင်း -၂ ရဲ့ရုံးအဟောင်း နေရာဖြစ်တယ်လို့ KNU နှင့် နီးစပ်သူထံမှ သိရှိရပြီး လူသူထိခိုက်တာမရှိဘူးလို့လည်း သိရှိရပါတယ်။ ” ပရစ်ခိုနဲ့ နောင်ကတုတ်ကြားက အရင် တပ်ရင်းရုံးအဟောင်းနေရာကို လာပစ်သွားတာ၊ လူအထိအခိုက်တော့မရှိဘူး အာဏာသိမ်းပြီးထဲက အဲ့နေရာကို မသုံးတော့တာကြာပြီ” လို့ KNU နှင့် နီးစပ် သူက ပြောပြပါတယ်။ စစ်ကောင်စီဘက်မှ ဘယ်လိုရည်ရွယ်ချက်နှင့် အခုလို လာရောက်ပစ်ခတ်ခဲ့တာကိုတော့ မသိရှိရသေးပါ ဘူး။  အာဏာသိမ်းပြီးနောက်ပိုင်း သထုံမြို့နယ်တွင်းကို စစ်ကောင်စီမှ ပထမဆုံးအကြိမ်အဖြစ် လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့တာ ဖြစ်ပြီး ဘီးလင်း ၊ ကျိုက်မရော နှင့် ရေးမြို့နယ် တို့ကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေပါတယ်။ https://www.facebook.com/photo/?fbid=6460 26717632482&set=a.606834888218332

၆။  မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်တွင် စစ်ကားတစ်စီး ပစ်ခတ်ခံရပြီး ၃ ဦးသေ
     August 19, 2023

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဈေးကုန်းရပ်ကွက်တွင် ဩဂုတ် (၁၉)ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က စစ်ကားတစ်စီး ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကြောင်း သိရသည်။ စျေးကုန်းရပ်ကွက်၊ သံလွင်တည်းခိုခန်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စစ်ကားကို မိုးကောင်း KPDF အဖွဲ့က ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေ ဆုံးသည်ဟု မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။“မျက်မြင်ပြောပြတာ။ ဒရိုက်ဘာအခန်းထဲမှာ ကားမှန်ကွဲပြီး သေနေတယ်။”ဟုပြောသည်။ သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို ဒေသခံပရဟိတအဖွဲ့က သယ်ဆောင် သွားကြောင်းသိရသည်။

ပစ်ခတ်မှုဖြစ်ပွါးပြီးနောက် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့က အိုးတန်းရပ်ကွက်နှင့် ကျွန်းတောရပ်ကွက်တို့တွင် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြောက်လှန့်နေကြောင်း သူကဆက်ပြောသည်။ ထို့ပြင် မိုးကောင်းမြို့နှင့် နမ္မတီးမြို့ကြားရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၃)မှ လက်နက်ကြီးများဖြင့် မြို့၏အရှေ့တောင်ဘက်သို့ ပစ်ခတ်နေကြောင်းလည်း ပြောသည်။ “ခု စကခ တောင်ကုန်းကနေ လက်နက်ကြီးနဲ့ထုနေပြီ ၄ ချက်ရှိပြီ အရှေ့တောင်ဘက်ကို ပစ်တာ၊ KIA စခန်းရှိတဲ့ဘက် အဲလို့ပစ်ပြီ မကြာဘူး။”ဟု ပြောသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း မိုးကောင်းမြို့၊ ညောင်ထောက်ကလေးကျေးရွာအနီးတွင် ကင်းလှည့်စစ်ကောင်စီကား ပစ်ခတ်ခံရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။ https://www.facebook.com/photo?fbid=68675555348833 8&set=a.605896064907621

၇။  စစ်ကောင်စီတပ်က ရေဖြူမြို့နယ်မှာ နေအိမ်နှစ်ရာကျော်ကို ဖောက်ထွင်း၊ ဖျက်ဆီးခဲ့
   August 21, 2023

ရေဖြူမြို့နယ်က နေအိမ်နှစ်ရာကျော်ကို စစ်ကောင်စီတပ်သားတွေ ရိုက်ဖြို၊ ဖျက်ဆီး၊ ဖောက်ထွင်းခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ အခုလ ၈ ရက်နေ့ကတည်းက နဘုလယ်ဒေသကို စစ်ကြောင်းထိုးလာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ  ဝဇွမ်းတောရွာက နေအိမ် ၂၃ လုံး၊ ဧကနိရွာမှာ နေအိမ် ၁၇၀ ‌ကျော်၊ ခမောင်းချောင်းရွာက နေအိမ် ၂၆ လုံး ဖောက် ထွင်း၊ ရိုက်ဖြို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။“အခုကရှောင်လိုက်ပြေးလိုက်ပြန်လာလိုက်ပေါ့။ ရွာမှာမီးရှို့ထားတာဆိုတော့ ဧကနိတို့အထဲ ဖက်ကလူတွေကတော့ ရှောင်နေတုန်းပဲ။ တချို့ကလည်း ပြန်ဝင်နေကြပြီ။” လို့ ပု‌‌ဂေါဇွန်းရွာသားအမျိုးသားတစ်ဦးက ပြောပါ တယ်။ အဲဒီစစ်ကြောင်းဟာ အခုလ ၁၈ ရက်နေ့ကတပ်ပြန်ဆုတ်သွားပြီဖြစ်ပြီး  ဆယ်ရက်တာကာလအတွင်း အရပ်သား ၅၀ ကျော်ကိုလူသားဒိုင်းအနေနဲ့ ဖမ်းဆီးခဲ့ပြီး တပ်ပြန်ဆုတ်ချိန်မှာတော့  ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒေသခံ ၁၀ ဦးဝန်းကျင် ကိုတော့ ရေဖြူရဲစခန်းကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

ဒါ့အပြင် အဲဒီကာလအတွင်း ဧကနိရွာက နေအိမ် ၁၄ ဆောင်၊ ဝဇွမ်းတောရွာက နေအိမ် ၂ ‌ဆောင်ကိုလည်း မီးရှို့ဖျက် ဆီးခဲ့ပါသေးတယ်။ မီးရှို့ဖျက်ဆီးတာအပြင် လက်နက်ကြီးကျလို့ ပျက်စီးခဲ့တဲ့နေအိမ်တချို့လည်းရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ မြိတ်မြို့၊ ရေဖြူမြို့နယ်နဲ့ ထားဝယ်မြို့နယ်အခြေစိုက် တပ်တွေ ဖြစ်တဲ့ ခမရ(၄၀၈)၊ ခမရ(၄၀၉)၊ ခမရ(၄၀၆)၊ခမရ(၄၀၇)၊ ခလရ(၁၀၄)၊ ခလရ(၁၀၃)၊ အမတ(၃၀၄)တပ်ရင်းက စစ်ကောင်စီ တပ်သားတွေပါဝင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ https://www. facebook.com/photo/ ?fbid=322018586882564&set=pcb.322018693549220

၈။  မောင်တောတွင် ပျောက်ဆုံးနေသည့် အမျိုးသမီးတစ်ဦးကို သုံးရက်ကြာသည့်တိုင် ရှာမတွေ့သေး
    August 21, 2023

ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်း ရွှေဗဟိုကျေးရွာမှ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေသည်မှာ ၃ ရက်ခန့် ကြာ သော်လည်း ယနေ့ထိ ရှာမတွေ့သေးကြောင်း မိသားစုဝင်များက ပြောသည်။ ပျောက်ဆုံးနေသူမှာ ရွှေဗဟိုကျေးရွာမှ အသက် ၂၅ နှစ်အရွယ် မယုယုခိုင်ဖြစ်သည်။ ၎င်းမှာ ဩဂုတ် ၁၈ ရက် နံနက် ၉ နာရီခန့်တွင် လယ်ယာထဲမှ နေအိမ်သို့ ပြန်သွားစဉ် ပျောက်ဆုံး သွားခြင်းဖြစ်သည်ဟု မိသားစုကပြောသည်။“မနက်စောစော ကျနော်နဲ့ စပါးစိုက်ဖို့ လိုက်လာတာ။ ကျနော်က ထမင်းတွေချက် ဖို့ အိမ်ကို အရင်ပြန်သွားလိုက်လို့ သူ့ကိုပြောလိုက်တယ်။ ကျနော် အိမ်ကိုရောက်တော့ မိန်းမက မရောက်သေးဘူး။ ပျောက်သွား တာ” ဟု မယုယုခိုင်၏ ခင်ပွန်း ကိုရဲသားချေ က ပြောသည်။ လယ်ယာထဲမှ နေအိမ်သို့ ခြေလျှင်သွားပါက တစ်နာရီခန့်ဝေးသည့် ခရီးတွင် မယုယုခိုင် ပျောက်ဆုံး သွားခဲ့ခြင်းဖြစ်ကာ ကျေးရွာသားများမှ အုပ်စုခွဲကာ ရှာဖွေနေသော်လည်း လက်ရှိအချိန်ထိ သတင်းအစအန မရရှိသေးကြောင်း သိရသည်။

မယုယုခိုင်၏ မောင်ဖြစ်သူ ဦးထွန်းမောင်က “အခုဆိုရင် ပျောက်သွားတာ ၃ ရက်ကျော်နေပြီ။ လူတစ်ယောက်က ၃ ရက်လောက် ပျောက်နေတော့ အသက်အန္တရာယ် စိုးရိမ်ရတာပေါ့။ ကျနော်တို့လည်း ဟိုရွာ၊ ဒီရွာ အကုန်လုံး လိုက်ရှာနေလည်း လုံးဝ ရှာမတွေ့ဘူး။ အခုလည်း ကျောက်ပန္ဒူဘက်မှာ သွားရှာနေတယ် မတွေ့သေးဘူး” ဟု ပြောသည်။ ပျောက် ဆုံးသွားသည့် မယုယုခိုင်မှာ ၁၀ လအရွယ် ကလေးတစ်ဦးရှိသည်။“သူ့ယောကျာ်းလည်း အိမ်မှာငိုယိုပြီး သူတို့ကလေးကို ပြုစုဖို့ အိမ်မှာကျန်ခဲ့ တယ်။ အဲဒီကလေးက အရမ်းငိုနေတော့ ကျနော်တို့လည်း မခံစားနိုင်ဘူး” ဟု ရွှေဗဟိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောသည်။ မယုယုခိုင် ပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး ရွှေဗဟိုကျေးရွာရှိ နယ်ခြားစောင့်ရဲစခန်းတွင် လူပျောက်တိုင်ကြား ထားကြောင်း မိသားစုဝင်များကပြောသည်။ ရွှေဗဟိုကျေးရွာသည် မောင်တောမြို့နယ်တောင်ပိုင်းရှိ မေယုတောင်အနောက်တွင် တည်ရှိသည်။ https://www.facebook.com/photo?fbid=6 84951850345081&set=a.643209801185953

၉။  လောက်ကိုင်ကို MNDAA ကပြန်သိမ်းယူမယ်ဆိုတဲ့သတင်းတွေကြောင့် စစ်ကောင်စီတပ် အင်အားအများအပြား        ဖြည့်တင်းနေ
    August 22, 2023

ရှမ်းမြောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ ဒီလ ဩဂုတ်လဆန်းပိုင်းကစတင်ပြီး စစ်ကောင်စီ တပ်က အင်အားအများအပြားဖြည့်တင်းနေတယ်လို့ သိရပါတယ်။ ကိုးကန့်ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တို့ ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ (မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) MNDAA က ပြန်လည် သိမ်းယူမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး စစ်ရေးပြင်ဆင်မူတွေ ပြုလုပ်လာတာဘဲဖြစ်ပါတယ်။ ဩဂုတ်လအတွင်းမှာဘဲ လောက်ကိုင်မြို့ဘက် ဦးတည်တဲ့ အနည်းဆုံး စစ်ယာဉ်တန်း ၂၀ စီးပါဝင်တဲ့ ယာဉ်တန်းတွေကို ၆ ကြိမ်ခန့် တွေ့ရှိခဲ့ရကြောင်းကို ခိုင်လုံတဲ့ သတင်းအရင်းမြစ် ကားသမားတစ်ဦးက ပြောပါတယ်။“ ဒီလထဲ ထူးခြားနေတယ်။ စစ်ယာဉ်တန်းတွေ အများကြီးဘဲ။ စစ်တပ်ဘက်က လက်လျှော့မယ့်ပုံတော့ မပေါ်ဘူး။ “စစ်ကောင်စီဘက်က လားရှိုး-သိန်နီ-ကွမ်းလုံ-ချင်းရွှေဟော်-လောက်ကိုင် လမ်းမကြီးတွေကို အသုံးပြုပြီး အင်းအားတွေဖြည့်တင်းနေပေမယ့် တိုက်ခိုက်ခံရခြင်းတော့ မရှိခဲ့ပါဘူး။

လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထက် ရာထူးမြင့်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးထိုင်တဲ့ လောက်ကိုင်မြို့မှာ စစ်ကောင်စီ တပ်အင်အား တစ်ထောင်ကျော်ရှိသလို စစ်ဘက်ဆိုင်ရာအရ တောင့်တင်းအောင် တည်ဆောက်ထားပါတယ်။ ပြီးခဲ့ တဲ့ ဒီနှစ် ဧပြီ လကုန်ပိုင်းမှာလည်း လောက်ကိုင်မြို့ကို MNDA ဘက်က ဝင်ရောက်သိမ်းယူနိုင်တဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှာစိုးရိမ်မူနဲ့ ဒေသခံအများအပြားက မြို့ကို စွန့်ခွာခဲ့ဖူးပါတယ်။ https://www. facebook.com/photo?fbid=62 1269736846961&set=a.404503215190282

၁၀။  ဒီးမော့ဆိုမှာ စစ်ဘေးရှောင်ကလေးတွေ ပညာသင်ကြားဖို့ Clean yangon က ကျောင်းဆောင်သစ်ဆောက်          လုပ်လှူဒါန်း
      August 21, 2023

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်း၊ စစ်ဘေးရှောင်ကလေးငယ်တွေ ပညာသင်ကြားရာမှာ အဆင်ပြေစေဖို့ စာသင်ဆောင်အသစ် သြဂုတ်လ ၁၉ ရက်နေ့က ဆောက်လုပ် လှူဒါန်းခဲ့တယ်လို့ Clean Yangon အဖွဲ့ တာဝန်ခံ ကိုဇေယျာထွန်း ကပြောပါတယ်။ စာသင်ဆောင်ကို Clean yangonအဖွဲ့နဲ့ Job for Kayah အဖွဲ့က တာဝန်ယူ ဆောက်လုပ်ပေးခဲ့တယ်လို့ သိရပါ တယ်။ “ပညာရေးက အဆက်ပြတ်လို့ မဖြစ်ပါဘူး။ ကိုဗစ်ကြောင့် နှောင့်နှေးခဲ့ရတဲ့ ကလေးတွေရဲ့ ပညာရေးဟာ အာဏာရှင် တစ်စုရဲ့မတရား အာဏာသိမ်းမှုကြောင့် ပိုပြီး နစ်နာခဲ့ရပါတယ်။ ကလေးငယ်တွေ  ဘေးကင်းလုံခြုံစွာ၊ အမိုးအကာလုံလုံနဲ့ ပညာ သင်ကြားစေနိုင်ဖို့ စာသင်ဆောင်လေးတွေ ဆောက်လှူ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

အဲဒီ စစ်ရှောင် စာသင်ကျောင်းမှာ မူလတန်းကနေ အထက်တန်း အထိရှိပြီး ကျောင်းသား ၁၀၀ ကျော်ရှိကာ ဆရာမ ၁၀ ဦးက ပညာသင်ကြား ပေးနေတယ်လို့ သိရပါတယ်။ စာသင်ဆောင် ဆောက်လုပ်လှူဒါန်းရာမှာ ရန်ပုံငွေ အခက်အခဲ ရှိပေမယ့် ကလေးငယ်တွေရဲ့ အနာဂတ် ကောင်းမွန်စေဖို့ ဥတုမရွေး ပညာသင်ကြားနိုင်ဖို့ အခုလို ဆောက်လုပ်ပေးတယ်လို့ ဆိုပါတယ်။ Clean yangon အဖွဲ့ဟာ အာဏာသိမ်းပြီးချိန်ကစလို့ ဒီကနေ့အထိ စစ်ဘေးရှောင် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေ ကိုယ်စား ကူညီပေးနေပြီး စာသင်ဆောင်ပေါင်း ၁၁ ဆောင်အထိ ဆောက်လုပ် လှူဒါန်းခဲ့တဲ့ အဖွဲ့ ဖြစ်ပါ တယ်။ https://www.facebook.com/photo?fbid=324194136633704&set =pcb.324194339967017

၁၁။  မတူပီ-ဟားခါးကားလမ်း ပျက်စီးမှုကြောင့် မတူပီမြို့မှာ ကုန်စျေးနှုန်းတွေ မြှင့်တက်လာနေ
      August 21, 2023

ချင်းပြည်နယ် မတူပီ-ဟားခါးကားလမ်းပျက်စီးမှုကြောင့် မတူပီမြို့မှာ ကုန်စျေးနှုန်းတွေ မြှင့်တက်လာနေတယ်လို့ မတူပီ CDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ကျွမ်းကိမ်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က ချင်းပြည်နယ်မှာ မိုးအဆက် မပြတ် ရွာသွန်းလို့ မတူပီ-ဟားခါးလမ်းပိုင်း မြေပြိုမှုဖြစ်ပြီး ပေလေးဆယ်အကျယ်ဝန်းကျင် လမ်း​ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါတယ်။ လမ်း ပြတ်တောက်ပြီး ဒီနေ့အထိ ပြန်လည်ပြုပြင်တာ မရှိသေးတာကြောင့် မတူပီမြို့ပေါ် ကုန်းစည်စီးဆင်းရေး ရပ်တန့်သွားလို့ ကုန် စျေးနှုန်းတွေ တက်လာပါတယ်။ “အရင်က ဆန်စျေး ပေါ်ဆန်းမွှေးက တစ်သိန်း ရှိရာကနေ တစ်သိန်းနှစ်သောင်းအထိ ရှိလာ တယ်။ ကုန်စျေးနှုန်းတိုင်းက တက်လာတယ်” ဆိုပြီး နိုင်ကျွမ်းကိမ်းက ပြောပါတယ်။

လမ်းပြုပြင်ဖို့ ကုန်ကျစရိတ်ကို မတူပီ CDF အနေနဲ့ မတတ်နိုင်တာကြောင့် လမ်းပြုပြင်ဖို့ ကြန့်ကြာနေတာဖြစ်ပြီး ဒေသ တွင်းမှာရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ(NGO, INGO) စတဲ့အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး အမြန်ဆုံး ပြင်ဆင်နိုင်အောင် ကြိုးစားနေတယ်လို့ သူက ပြောပါတယ်။ မင်းတပ်လမ်း အသုံးပြုဖို့ လူထုကို ခွင့်ပြုပေမယ့် စစ်ကောင်စီက ပိတ်ပင်တာ၊ စစ်ဆေးတာနဲ့ အခွန်အခ ကောက်တာတွေကို လုပ်ဆောင်နေတာကြောင့် အဆိုပါလမ်းကို လုံခြုံရေးကြောင့် အသုံး မပြုရဲကြဘူးလို့ ဆိုပါတယ်။ လက်ရှိ မတူပီမြို့ရဲ့ အခြေခံစားသောက်ကုန် ကုန်စျေးနှုန်းဟာ ဓာတ်ဆီ ရေသန့်တစ်ဗူး ၅ ထောင် ကျပ်၊ စားဆီ ရေသန့်ဗူးသေး ၄ ​ထောင်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁ သောင်း ၂ ထောင်၊ ကြက်သွန်နီ ၄ ထောင်၊ ပေါ်ဆန်းမွှေး တစ်အိတ် (၁၂၅,၀၀၀)ကျပ်နဲ့ ဆန်ကွဲ ၉ သောင်းကျပ် ဝန်းကျင် ရှိတယ်လို့ The Mtupi Time က ဖော်ပြထားပါတယ်။ https://www.facebook.com/photo/?fbid=620429410264 327&set=pcb.620429526930982

၁၂။  စစ်တပ်က လူသားဒိုင်းအဖြစ်ဖမ်းဆီးခံသွားရတဲ့ ဒွမ်ဘုံးရွာသား ၅ ဦးပြန်လွတ်လာ
      August 21, 2023

ကချင်ပြည်နယ် နမ္မတီးဘက်ကနေ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေ လူသားအဖြစ် ဖမ်းဆီး သွားတဲ့ ဒွမ်ဘုံးကျေးရွာ (Dumbung)က ဒေသခံပြည်သူ ၅ ဦး မနေ့ ညနေပိုင်းမှာ ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံတွေဆီ ကနေ သိရပါတယ်။ အဲဒီဒွမ်ဘုံဒေသခံ ၅ ဦးဟာ ဩဂုတ်လ ၁၉ ရက်နေ့က နမ္မတီးဘက်ကနေ ဖားကန့်လမ်းဘက် စစ်အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒွမ်ဘုံးကျေးရွာအရောက်မှာတော့ လယ်ယာ လုပ်ငန်းနဲ့ ခြံလုပ်ငန်းလုပ်ကိုင်နေတဲ့ ဒေသခံအမျိုးသား ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။“စနေနေ့က ခေါ်သွားပြီး တနင်္ဂနွေညနေ မနေ့ကပေါ့ ကားမိုင်းဂိတ်မှာ ပြန်လာပို့တာ။ သူတို့က ပြည်သူပါရင်တော့ သူတို့စစ်ကြောင်းတွေ မပစ် ခံရဘူးပေါ့ အဲ့လိုနဲ့ လူသားဒိုင်းအနေနဲ့ခေါ်သွားတာဖြစ်နိုင်တယ်။ လယ်ယာလုပ်ငန်းဝင်နေသူတွေ လမ်းမှာတွေ့တဲ့ အမျိုးသား တွေကို ခေါ်သွားတာပေါ့” လို့ ဒွမ်ဘုံးကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ အဲဒီစစ်ကြောင်းတွေဟာ ကားမိုင်းဂိတ်ထဲတစ်ချို့ဝင်ရောက်ပြီးကျန်ခဲ့တာတွေရှိသလို တချို့က အနီးပတ်ဝန်းကျင် နေရာယူထားပြီး စစ်အင်အားတချို့ကတော့ အထက်ဆိုင်းဖရာလမ်းဘက်သို့ ဆက်လက်ဦးတည် ချီတက်သွားတယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီက ဖားကန့်လမ်းကို ထိန်းချူပ်နိုင်ဖို့ ကြိုးစားနေပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက် နေ့မှာလည်း စစ်ကား ၃ စီးနဲ့ စစ်အင်အား ၁၅၀ ခန့်ပါဝင်တဲ့ စစ်ကြောင်း ဖားကန့်ဘက်သို့ဦးတည်သွားပြီး ဆိုင်းဖရာ၊ တံတား ညီနောင်၊ ပျားအုံနဲ့ ခွန်စိုင်ဇွပ် စတဲ့ကျေးရွာတွေမှာ တပ်ချနေထိုင်ရန် ကြိုးပမ်းနေတာဖြစ်တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကြောင်းတွေ ချီတက်လာတိုင်း ဖားကန့်လမ်းမပေါ် ရှိတဲ့ကျေးရွာတစ်ချို့က အရပ်သားပြည်သူတွေဟာ လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခံရတာတွေရှိနေတဲ့အတွက် ကျေးရွာနေပြည်သူတွေဟာ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့သာ နေနေရတယ်လို့ ဒွမ်ဘုံး ရွာဒေသ ခံတွေက ပြောပါတယ်။“ကျမတို့က တောင်ယာလုပ်တယ်၊ လယ်ယာလုပ်တယ်၊ တောထဲဝင်ပြီး အသက်မွေးဝမ်းကျောင်း အတွက် လုပ်ကိုင်စားသောက်ကြတယ်။ အဲ့လိုလှုပ်ရှားသွားနေတယ်ဆိုတော့ဘယ်အချိန်သူတို့စစ်ကြောင်းတွေ  ချီတက်လာမှာ ဘယ်သူမှမသိနိုင်ဘူး။ တက်လာတိုင်း လူသားဒိုင်းအဖြစ် ခေါ်ခေါ်သွားတာမျိုးက လုပ်တာဆိုတော့ စိုးရိမ်လျက်ပဲ နေနေတာပေါ့။ အမြဲအခြေအနေစောင့်ကြည့်ပြီး နေနေတယ်”လို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ https://burmese.kachinnews.co m/2023/08/21/ld1-52/

၁၃။ ညောင်လေးပင်ခရိုင် မြို့နယ် ၃ ခုတွင် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီး ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့
     August 21, 2023

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မြို့နယ် ၃ ခုတွင် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီတပ်မှ ဆက်သွယ်ရေးအင်တာနက်လိုင်းများကို ဖြတ်တောက်ထားပြီး ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကရင် အရေးပေါ်ကယ်ဆယ်ရေးကော်မတီထံမှ သိရသည်။ ခလယ်ထွီထူခရိုင် မူး(မုန်း)၊ လယ်ဒို(ကျောက်ကြီး)နှင့် ဆောထိ(ရွှေကျင်) စသည့် မြို့နယ် ၃ ခုအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုမပြုလုပ်မီ ၃ ရက်နှင့် ပြုလုပ်မှု ပြီးစီး သွားသည့် ရက်ပိုင်းအကြာမှ အင်တာနက်ဆက်သွယ်ရေးလိုင်းများကို ပြန်ဖွင့်ပေးသည်ဟု ကရင်အရေးပေါ်ကယ်ဆယ်ရေး ကော်မတီက ပြောသည်။ ဒေသအတွင်း ဖြစ်ပျက်နေသော စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူနေအိမ်ထိခိုက် ပျက်စီးများကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်သို့ အချိန်မီမရောက်ရှိစေရန် ရည်ရွယ်၍ ထိုသို့ ပြုလုပ် နေခြင်းဖြစ်သည်ဟု ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီ၏ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။“ကျနော်တို့ဘက်မှာ ဖုန်းလိုင်းကို စကစ တွေ ဖြတ်ထားတယ်။ ရွာတွေထဲကို လေယာဉ်နဲ့လာမပစ်ခင် ၃ ရက်လောက်နဲ့ သူတို့လုပ်ပြီးသွားတဲ့ ရက်ပိုင်းလောက်ကြာမှ လိုင်း ပြန်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုက မတည် ငြိမ်တဲ့ဒေသအတွင်းအခြေအနေလည်း ဖြစ်နေတော့ ဒီဖြစ်စဉ်တွေကို လိုင်း ပေါ်မှာ ချက်ချင်းမတက်အောင် ဆက်သွယ်ရေးဖြတ်ထားတယ်လို့ ယူဆတယ်။ သူတို့ဘက်ကလည်း သူတို့ရဲ့လုပ်ရပ်တွေ လေ ကြောင်း ပစ်ခတ်တာတွေကို မပေါ် လွင်အောင်လုပ်တာဖြစ်တယ်”ဟု ပြောသည်။

ကေအဲန်ယူ တပ်မဟာ ၃နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မြို့နယ် ၃ ခုကို ယမန်နေ့ကလည်း တောင်ပိုင်း တိုင်း တိုင်းမှူး၏ အမိန့်အရ လျှပ်စစ်မီးပေးထားသည့် ကျေးရွာများအားလုံးကို မီးဖြတ် တောက်ခိုင်းထားပြီး လိုအပ်လျှင် မြို့ပေါ် ထိ ဖြတ်တောက်ရန် အမိန့်ထုတ်ထားခြင်းဖြစ်ကြောင်း ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် စစ်ကောင်စီ တပ်ဘက်မှ ကေအဲန်ယူ တပ်မဟာ ၃ အတွင်းရှိ မြို့နယ် ၃ ခုကို ဆက်သွယ်ရေး အင်တာနက်လိုင်း ဖြတ်တောက် သကဲ့သို့ အခြား သောကေအဲန်ယူ တပ်မဟာ ၁၊ ဒူးသထူ( သထုံ) ခရိုင်နှင့် ကေအဲန်ယူ တပ်မဟာ ၅၊ မူတြော် (ဖာပွန်)ခရိုင် စသည့် တိုက်ပွဲဖြစ်ပွား နေသည့် နေရာများကိုလည်း အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်ဟု သိရသည်။ https://kicnews.org/2023/08/7 8958/

၁၄။  ရေဘေးကြောင့် ရခိုင်စစ်ရှောင်စခန်းတွေကနေအိမ်လေးရာဝန်းကျင် ပျက်စီး
      August 21, 2023

ရခိုင်ပြည်နယ်အတွင်း ရေကြီးတာ၊ လေပြင်းတိုက်တာတွေကြောင့် စစ်ရှောင်စခန်းတွေက နေအိမ်ပေါင်း လေးရာ လောက် ပျက်စီးခဲ့ပြီး ပြန်လည်ပြုပြင်တည်ဆောက်နိုင်ဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကပြောကြပါ တယ်။ “ရေတွေ အိုင်၀ပ်ပြီး ပြည့်နေခဲ့တာဆိုတော့ အိမ်တွေ ယိုင်ပြီး လဲကုန်တယ်၊အမိုးတွေလည်း ပျက်တာ ပျက်တယ်၊ လုပ်ဖို့ က ပိုက်ဆံမရှိဘူး၊အခု စားဖို့တောင် အခက်အခဲဖြစ်နေကြရတယ်”လို့ ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ရှောင်စခန်းက စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။ အခုလပထမပတ်က ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ကျောက်တော်မြို့နယ် ညောင်ချောင်းစခန်းမှာ အိမ်ခြေ တရာ့ငါးဆယ် ကျော်၊ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ရှောင်စခန်းမှာ နှစ်ရာ၀န်းကျင်၊ မြောက်ဦး မြို့ မြတန်ဆောင်းစခန်းမှာ သုံးဆယ်ကျော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင်ဘူတာစခန်းမှာ နေအိမ်ဆယ်လုံးလောက် ပျက် စီးခဲ့ တာဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေဟာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့ တဲအိမ်တွေကို ယာယီပြုပြင် နေထိုင်နေကြ ရတာဖြစ်ပြီး အဲဒီအိမ်တွေဟာ အခုရေကြီးမှုကြောင့် ထပ်မံပျက်စီးခဲ့ကြရတယ်လို့ဆိုပါတယ်။“မိုခါတုန်းကလည်း ကိုယ်ထူ ကိုယ်ထပဲ ပြင်ခဲ့ကြရတယ်၊အခုလည်း အိမ်တွေပြင်ဖို့ အကူအညီလိုနေပါတယ်”လို့ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။

စစ်ရှောင်စခန်းတွေမှာ နေအိမ်တွေ ပျက်စီးသွားခဲ့တဲ့အပြင် ရက်ရှည်ရေလွှမ်းနေခဲ့တာကြောင့် ရွံ့နွံတွေထကာ လမ်းတွေ လည်း ပျက်စီးသွားခဲ့လို့ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေ သွားလာဖို့ ခက်ခဲနေတယ်လို့လည်း ဆိုကြပါတယ်။“လမ်းတွေက နွံနစ်တွေ ထနေတယ်၊ကလေးတွေဆို သွားလို့ အဆင်မပြေဘူး၊ကျောင်းတက်ဖို့ အခက်အခဲရှိ တယ်”လို့ တိမ်ညိုစခန်းမှာနေထိုင် တဲ့ စစ်ရှောင်တဦးက ပြောပါတယ်။  ရခိုင်က လေဘေး၊ ရေဘေးသင့် ပြည်သူတွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံး ရေ တွေ အရေးပေါ်လိုအပ်နေပြီး အမြန်ဆုံးကူညီပေးကြဖို့ နိုင်ငံတကာနဲ့ ကူညီရေးအဖွဲ့တွေကို ရခိုင့်တပ်တော်(AA)က ထုတ်ပြန် ချက် ထုတ်ပြီး အကူအညီတောင်းခံထားပါတယ်။ ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့(WFP)ရဲ့ လစဉ် ငွေကြေးအထောက်အပံ့တခုတည်းနဲ့သာ ရပ်တည်နေကြရတာဖြစ်ပြီး အဲဒီထောက်ပံ့မှုကလည်း လောက်ငှမှု မရှိဘူးလို့ ပြော ကြပါတယ်။ https://deltanewsagency.com/41317/

၁၅။ တနင်္သာရီမှာ ကျောင်းဝန်ထမ်းအမျိုးသမီးနဲ့ စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦး အသတ်ခံရ
     August 21, 2023

တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စုက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ မနေ့ညက ပစ်သတ်ခံ လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ည ၇ နာရီလောက်မှာ အနောက်မော်တုန်းကျေးရွာအုပ်စု၊ ထုံနွယ်ကျေးရွာက အသက် ၅၀ ကျော်အရွယ် ဒေါ်သိန်းရီကို သူ့ရဲ့နေအိမ်မှာ အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ ဒေသခံတွေပြောပြ တာကတော့ ဒေါ်သိန်းရီ ဟာ ထုံနွယ်ကျေးရွာ မူလတန်းကျောင်းရဲ့ အထွေထွေဝန်ထမ်းအဖြစ်အရင်က အမှုထမ်းခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာ ကျောင်းအုပ်အဖြစ်တာဝန်ထမ်းဆောင်နေတာလို့ ဆိုပါတယ်။ “သူပစ်ခံရတာက သတင်းပေးလုပ် လို့ပဲ။ သူအကြောင်းတော်တော်များများ သိကြတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ အဲ့ဒီညမှာပဲ အနောက်စု ရွာက အသက် ၄၀ ဝန်းကျင်အရွယ်  ဦးအောင်ကိုဝင်းကိုလည်း သူရဲ့နေအိမ်ကို အမည်မသိအဖွဲ့တစ်ခုက လာရောက်ပြီးပစ်သတ်ခဲ့ ပါတယ်။

ဦးအောင်ကိုဝင်း ကတော့ စစ်ကောင်စီသတင်းပေးလုပ်ကိုင်နေတာကြာပြီဖြစ်ပြီး အခုလအတွင်း ဒေသခံတွေ အဖမ်းခံရ တာဟာ သူ့ရဲ့သတင်းပေးမှုကြောင့် အဖမ်းခံရတာလို့ ဒေသခံအချို့က ပြောဆိုပါတယ်။ သူတို့နှစ်ယောက်ရဲ့ အလောင်းတွေနဲ့ အတူ တမုတ်ချုံးရွာက ဦးထွန်းနိုင်ဝင်းရဲ့ အလောင်းကိုလည်း PDF က ပစ်သတ်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်နဲ့ ဖေ့စဘွတ် စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။ ဦးထွန်းနိုင်ဝင်းဟာ သြဂုတ်လ ၁၇ ရက်ညက စစ်ကောင်စီတပ်သားတွေနဲ့ တွေ့လို့ ပစ်သတ်ခံခဲ့ရပြီး စစ်သားတွေက အလောင်းကို သယ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဦးအောင်ကိုဝင်းနဲ့ ဒေါ်သိန်းရီ ကိုတော့ ဘယ်အဖွဲ့က ပစ်သတ်ခဲ့တယ်ဆိုတာကို မသိရသေးပါဘူး။ သူတို့နှစ်ဦး ပစ်ခတ်ခံရပြီးနောက် ည ၉ နာရီ လောက်မှာ မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ် အမတ (၃၀၆)က ထုံနွယ်ရွာတဝိုက်နဲ့ အနောက်စုရွာတဝိုက်ကို လက်နက်ကြီးတဲ့ အချက်ရေဆယ်ချက်ကျော် ပစ်ခတ်ခဲ့ပါတယ်။ https://www.faceb ook.com/photo/?fbid=32249717350 1372&set=a.196212679463156

၁၆။  ရှမ်းပြည်မြောက်ပိုင်းရှိ ပြည်သူ့စစ်အဖွဲ့ဝင်များဖြင့် ကချင်ဘက်သို့ စစ်အင်အားဖြည့်တင်းနေရသည်ဟု ဆို
      August 22, 2023

စစ်ကောင်စီတပ်က ရှမ်းပြည်မြောက်ပိုင်းရှိ ပြည်သူ့စစ်အဖွဲ့များမှ လူအင်အားရယူကာ ကချင်ပြည်နယ် ဗန်းမော် ဘက် သို့ စစ်အင်အား ဖြည့်တင်းရန် ပို့ဆောင်နေကြောင်း ကေအိုင်အေ နှင့် ပြည်သူ့စစ်သတင်းရင်းမြစ်များထံမှ သိရသည်။ ပြည့်သူ့စစ် အဖွဲ့တစ်ဖွဲ့မှ လူအင်အား ၅၀ စီထုတ်ခိုင်းကြောင်း သိရသော်လည်း မည်သည့် ပြည်သူ့စစ်အဖွဲ့များမှ ဖြစ် သည်ကို မသိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။“ရှမ်းစကားနဲ့ ကချင်စကား ပြောတာတွေကြားရတယ်လို့ ဒေသခံတွေကတော့ ပြောတယ်။”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ၎င်းစစ်ကူပြည်သူ့စစ်များကို ဩဂုတ်လ ၁၉ ရက်နေ့က မန္တလေးမှ ဗန်းမော်ဘက်သို့ လေယာဉ်ဖြင့် ပို့ဆောင်ပြီးပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂ လ ခန့်ကတည်းက ရှမ်းပြည်မြောက်ပိုင်းရှိ ပြည်သူ့စစ်အဖွဲ့များကို လက်နက်ကြီး ပစ်ခတ်နည်းများ အပါအဝင် စစ်သင်တန်းပေးနေကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။ USIP အဖွဲ့တွင် ဧည့်သုတေသီတစ်ဦးအဖြစ် လုပ်ကိုင်နေသည့် မြန်မာ့ စစ်ရေး၊ နိုင်ငံရေး အကဲခတ်သူ ကိုရဲမျိုးဟိန်း၏ လေ့လာသုံးသပ်ချက်အရ လက်ရှိ စစ်ကောင်စီတပ်တွင် တိုက်ခိုက်ရေး စစ်အင်အား နှစ်သောင်းဝန်းကျင်နှင့် (နောက်တန်း) လက်ရုံးဝန်ထမ်း ၅ သောင်း ကျော်ခန့်ရှိပြီး ရေ၊ လေ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ရင်း အင်အားကိုထည့်တွက်လျှင် တစ်သိန်းကျော်သာရှိပြီး နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်၊ ပျူစောထီးများပါ ထည့်တွက်လျှင် နှစ်သိန်းခွဲအထိ ရှိနိုင်သည်ဟု ဘီဘီစီမြန်မာပိုင်း၏ သတင်းမြင်ကွင်း ဆွေးနွေး ခန်း၌ ဆွေးနွေးသွားသည်ကို တွေ့ရသည်။ https://www.facebook.com /photo/?fbid=688272640003296&set=a.60589 6064907621

၁၇။  ရွာထဲစစ်ကောင်စီတပ်စွဲထားသဖြင့် ဇီးကုန်းဒေသခံများ နေရပ်ပြန်နေရန် အခက်အခဲရှိနေ
      August 21, 2023

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဇီးကုန်းကျေးရွာသို့ ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်၍ လက်နက်ကြီး ပစ်ခတ် မှုများလုပ်ဆောင်ခဲ့အတွက် ဒေသခံများနေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး လက်ရှိ အချိန် အထိရွာအတွင်းတပ်စွဲနေထိုင်ကြသဖြင့် နေရပ်ပြန်ရန်အခက်အခဲရှိနေကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ (၁၆)ရက်နေ့က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့်‌ တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီ ၏ လက်နက်ကြီး ပစ်ကူ မှုများကြောင့် ဇီးကုန်းကျေးရွာအပါအဝင် ကရဝေးဆိပ်၊ ပိတောက်စု၊ ရှမ်းစု အစရှိသည့် ကျေးရွာများမှ ဒေသခံများပါ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အခြားကျေးရွာမှ ဒေသခံများ နယ်မြေတည်ငြိမ်၍ နေရပ်ပြန်နေကြသော်လည်း ဇီးကုန်းရွာတွင် စစ်ကောင်စီတပ်စွဲနေထိုင်နေသေးသဖြင့် အိမ်ပြန် မရသည့် အခြေအနေရှိသေးကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောသည်။ ၎င်းက “ဇီးကုန်းမှာက စစ်ကောင်စီရှိလို့ ပြန်လာ ရင်ပစ်ခံရမှာ အဲ့ဒါကြောင့်မပြန်ရဲ သေးကြတာ၊ ရှမ်းစုတို့ ကရဝေးဆိပ်တို့ကတော့ ချောင်းတဖက်ကမ်းဆိုတော့ စစ်တပ်က လာရင်လည်း ဒီဘက်ခြမ်းကိုမကူးဘူး။ ဟိုဘက်မှာပဲရှိတယ်ဆိုတော့ အခုပြန် နေကြတယ်။ ပိတောက်စုက အချို့လည်းပြန် မနေရဲကြသေးဘူး” ဟု ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုအတွင်း ဒေသခံနှင့် လူနေအိမ်ထိခိုက်မှု မရှိကြောင်း အဆိုပါဒေသခံ တာဝန် ရှိသူ၏ ဆက်လက်ပြောဆိုမှုအရ သိရသည်။ ထို့အပြင် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သော ဇီးကုန်းရွာအတွင်းတိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ သုံးဦးသေဆုံး၍ လေးဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟုလည်း ကျိုက်ထို တော်လှန်ရေးအင်အားစု-KRF က ဩဂုတ်လ(၁၉)ရက်နေ့တွင် သတင်း ထုတ်ပြန်ထား သည်။“အဲ့ဒီဖြစ်တဲ့ညက စစ်တပ်က လက်နက်ကြီးပစ်တာ အချက်ရေ ၄၀ ကျော်လောက်ရှိတယ်။ အခေါက်ခေါက်အခါခါပဲ စိတ်ကြိုက်ကိုပစ်တာ၊ RPG တွေရော တော်တော်အမျိုးစုံတယ်။ ကျနော်တို့လည်းရှောင်နေရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ https://kicnews.org/2023/08/%e1%80%9b %e1%80%bd%e1%80%ac%e1%80%91%e1%80% b2%e1%80%85%e1

၁၈။  မယ်စဲ့မြို့နယ်က စစ်ကောင်စီတပ်စခန်းတစ်ခုကိုသိမ်းယူနေစဉ် လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပြန်လည်           ဆုတ်ခွာခဲ့
       August 19, 2023

ပြီးခဲ့တဲ့ သြဂုတ်လ (၁၇)ရက်နေ့က ကရင်နီပြည် မယ်စဲ့မြို့၊ ပန်တိန်းဒေသမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူနေစဉ် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေ အဆမတန် ပစ်ခတ်လာမှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေက ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီ ဘက် တိုက်လေယာဥ်နဲ့ (၂၅) ကြိမ် လာရောက်ဗုံးကြဲခဲ့သလို ပွိုင့်ဖိုက် တွေနဲ့လည်း ပစ်ခတ်မှုရှိခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် ကဆိုပါတယ်။“လေယာဥ်က ၂၅ ကြိမ်လောက် ဗုံးလာကြဲပြီးတော့ ပွိုင့်ဖိုက်တွေနဲ့ ပစ်တယ်လေ။ ပန်တိန်းမှာ ၁၇ ရက်နေ့ကပေါ့။ ” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာဟာ ယခင်က က.လ.လ.တ ရဲ့ BGF ၁၀၀၄ တပ်ရင်း ရှိနေခဲ့တဲ့ နေရာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်တွေ တစ်ခါသိမ်းယူခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဇွန်လ ၂၉ ရက်နေ့မှာပဲ ပြန်လည်တိုက်ခိုက်ပြီး တပ်စွဲ ထားတာဖြစ်ပါတယ်။

“ ကျနော်တို့ ၁၇ ရက်နေ့တုန်းက ကျနော်တို့ ပန်တိန်းတပ်စခန်းကို ဒုတိယအကြိမ် ထပ်တက်သိမ်းဖို့ ကျနော်တို့ တပ်ဖွဲ့ တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထပ်ကြိုးစားပါတယ်။ ဒါပေမဲ့ သိမ်းတဲ့အချိန်မှာ ကျနော်တို့ စခန်းက ၅၀ ရာခိုင်နှုန်းလောက်က သိမ်း နိုင်ပြီးပြီခင်ဗျ။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ သိမ်းဖို့ကျန်သေးတယ်။ အဲဒီသိမ်းတဲ့အချိန်မှာ လေယာဥ်တွေက တောက်လျှောက် လာတယ်ဗျ။ “လို့ ကရင်နီအမျိုးသားလွှတ်မြောက်ရေးတပ်ဦး (KNPLF)က တွဲဖက်အထွေထွေအတွင်း ရေးမှူး ရဲဘော်လောရင်းစိုး က ပြောပါတယ်။ အဆိုပါ စခန်းကို မသိမ်းယူနိုင်ခဲ့ပဲ ပြန်လည်ဆုတ်ခွာလာခဲ့ရပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးရှိနိုင်သလို ကရင်နီအမျိုးသားလွှတ်မြောက်ရေးတပ်ဦး (KNPLF)ရဲ့ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ရတယ်လို့ ရဲဘော် လောရင်းစိုး က ဆက်ပြောပါတယ်။ အဆိုပါ ပန်တိန်းက စခန်းဟာ မယ်စဲ့မြို့ကို ပြန်လည်ထိန်းချုပ်ဖို့အတွက် အရေးပါတဲ့ စခန်း နေရာဖြစ်နေတဲ့အတွက် စစ်ကောင်စီကအပြင်းအထန်ကာကွယ်နေတာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကဆိုကြပါတယ်။ https://www.kantarawaddytimes.org/% e1%80%99%e1%80%9a%e1%80%ba%e1%80%85%e1%80%b2%e1%80

၁၉။  ထောင်ပြောင်းကား မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် အသက်ဆုံးရှုံးခဲ့ရသော ဒေါက်တာဇော်ထွယ်အောင် ဖြစ်စဉ်ကို             စုံစမ်း စစ်ဆေးမှု ပြုလုပ်မည်ဟု NUG ဆို
       August 21, 2023

ထောင်ပြောင်းရွှေ့ကား မိုင်းဆွဲတိုက်ခိုက်ခံရမှုအတွင်းသေဆုံးခဲ့သည့် CDM ဆရာဝန် ဒေါက်တာဇော်ထွယ်အောင်ကို အာဇာနည်တစ်ဦးအဖြစ်သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆိုသည်။ ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့ က မုံရွာအကျဥ်းထောင်မှ မန္တလေးအိုးဘိုထောင်နှင့် မြင်းခြံထောင်များသို့ ပြောင်းရွှေ့မည့် နိုင်ငံရေးအကျဥ်းသားများ တင်ဆောင် လာသည့် ကားကို အမည်မသိအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့်ဖြစ်စဉ်တွင် ဒေါက်တာဇော်ထွယ်အောင် သေဆုံးခဲ့ခြင်းဖြစ် သည်။ ထိုတိုက်ခိုက်မှုအတွင်း ၎င်းအပြင်အခြားသောနိုင်ငံရေးအကျဥ်းသားတချို့လည်း သေဆုံးခဲ့ရပြီး လူ ၃၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့သေဆုံးခဲ့ရသည့် ဒေါက်တာ ဇော်ထွယ်အောင်ကို အာဇာနည်သူရဲကောင်းအဖြစ်သတ်မှတ်ကြောင်း၊ ထိုတိုက်ခိုက်မှု ဖြစ်စဥ်ကို စုံစမ်းမှုများပြုလုပ်မည်ဖြစ်ကြောင်း NUG က ဆိုသည်။ ဒေါက်တာဇော်ထွယ်အောင်သည် ချင်းတွင်းကျန်းမာရေး ကွန်ရက် (Chindwin Medical Network – CMN) ၏ အဓိက အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး  CDM လှုပ်ရှားမှုအတွင်း တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကာ ပြီးခဲ့သည့် 2021 ခုနှစ် စက်တင်ဘာလအတွင်း မုံရွာမြို့အတွင်း စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ထောင် ၁၁ နှစ် ချမှတ်ခံခဲ့ရသူဖြစ်သည်။ https://www.facebook.co m/photo/?fbid=275000538625656&set=a.12 1904670601911

၂၀။ တနင်္သာရီမြို့နယ်ရဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့ ဇဝဲ စစ်ဆေးရေးဂိတ်ကနေ ဆန်၊ ဆီ၊ ဆေးဝါး သယ်ခွင့်ကန့်သတ်
     August 21, 2023

တနင်္သာရီမြို့နယ်ထဲက ဇဝဲရွာမှာ အခြေစိုက်ပြီး  စစ်ဆေးရေးဂိတ်ဖွင့်ထားတဲ့ စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာတဲ့ ကားတွေကို ပစ္စည်းသယ်ယူခွင့် ကန့်သတ်၊ ပိတ်ပင်လိုက်တယ်လို့ ကားသမားတွေနဲ့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါ တယ်။ စစ်ဆေးရေးဂိတ်ရှိတဲ့ ဇဝဲလမ်းဆုံဟာ မြိတ်မြို့ဘက်ကနေ တနင်္သာရီမြို့နယ်ဘက်ကို သွားရင် မဖြစ်မနေဖြတ်ကျော်ရတဲ့ လမ်းဆုံဖြစ်ပြီး တကူကျေးရွာအုပ်စုဘက်ကိုလည်း အဆိုပါလမ်းဆုံကိုဖြတ်ပြီးမှ သွားလို့ရတဲ့ လမ်းသုံးခွဆုံမှတ်နေရာဖြစ် ပါတယ်။ သြဂုတ်လ ၁၉ ရက်ကစပြီး ဆန်၊ လောင်စာဆီနဲ့ ဆေးဝါးသယ်ယူခွင့်ကို အဓိက ကန့်သတ်လိုက်တာဖြစ်တယ်လို့ သိရ ပါတယ်။“အရင်ကဆိုဘာမတင်ရ၊ ညာမတင်ရဆိုတာတွေမရှိဘူး။ ဂိတ်ကိုကြေးပြား(ပိုက်ဆံ) ပေးပြီးဖြတ်လို့ရသေးတယ်။ အခုကမရတော့ဘူး။ ဘာကြောင့်လဲတော့ မသိဘူး” လို့ ကားသမားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ကစတင်ကာ ပိတ်ပင်လိုက်တာဖြစ်ပြီး ဘယ်အချိန်ထိပိတ်မယ် ဆိုတာမျိုးအတိအကျကြေညာထားတာမရှိသေးပါဘူး။ ဒီအတွက် ရက်ကြာလာ တာနဲ့အမျှ တနင်္သာရီတမြို့နယ်လုံးက လောင်စာဆီ၊ ဆန်၊ ဆေးဝါး စျေးနှုန်းတွေထိုးတက်လာတာ၊ လုံလောက်မှုမရှိတာမျိုးတွေ ကြုံလာရနိုင်တယ်လို့ ဒေသခံတွေက စိုးရိမ်လာကြပါတယ်။

ဇဝဲဂိတ်ရဲ့အခြေအနေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကတော့ “ဂိတ်မှာတပ်ရင်မှူး(ခမရ-၅၅၆) ကိုယ်တိုင် ထိုင်နေတယ်လို့ သိရပါတယ်။ လောလောဆယ်တော့ ပစ္စည်းတွေ ဆွဲချခဲ့တာ၊ ဘာညာတော့မကြားရသေးဘူး။ အားလုံးကို သတိပေးနေတဲ့အဆင့်လို့ပဲပြောရမယ်”လို့ ဆိုပါတယ်။ အဲဒီဂိတ်မှာ ဇဝဲရွာအခြေစိုက် ခမရ(၅၅၆)တပ်ရင်းက စစ်ကောင်စီတပ် သားတွေ ဂိတ်ချစစ်ဆေးနေတာဖြစ်ပြီး လမ်းသွားလမ်းလာတွေကို ပုံမှန်စစ်ဆေးတာမျိုးမဟုတ်ဘဲ စစ်ချင်တဲ့ အချိန်စစ်လေ့ရှိ တယ်လို့ သိရပါတယ်။ တနင်္သာရီမြို့နယ်ထဲမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်နေတဲ့အချိန်တွေမှာ အဲ့ဒီစစ်ဆေးရေးဂိတ်ကို ပိတ်ချလေ့ရှိပါတယ်။ မြိတ်မြို့ဘက်ကနေလာရင် တနင်္သာရီမြို့နယ်ရဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့ ဇဝဲလမ်းဆုံကို စစ်ကောင်စီတပ် က အခုလိုကန့်သတ်လိုက်တဲ့တချိန်တည်းမှာပဲ မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ တနင်္သာရီ-မောတောင်လမ်းပိုင်းမှာလည်း စစ်ကောင် စီတပ်သားတွေ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေပါတယ်။ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကိုလည်း စစ်ကောင်စီက ပြီးခဲ့တဲ့အပတ်ကစပြီး ဆန်နဲ့ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်ထားပါတယ်။ https://www.facebook.com/photo/?fbid=32 2375020180254&set=a.196212682796489

၂၁။  ဓာတ်ငွ့ပိုက်လိုင်းစောင့်နေတဲ့ စစ်ကောင်စီအဖွဲ့တွေ တိုက်ခိုက်ခံရလို့ အရာခံဗိုလ်အပါအဝင် ၂ ဦးသေ
      August 21, 2023

ငဖဲမြို့နယ်အနီးရှိ ဓာတ်ငွေ့ပိုက်လိုင်းတွင် စောင့်ကြည့်တာဝန်ကျနေတဲ့ စစ်ကောင်စီအဖွဲ့တွေတိုက်ခိုက်ခံရလို့ အရာခံ ဗိုလ် အပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ချင်းကာကွယ်ရေးအဖွဲ့-အရှို (CDF-Asho)က ထုတ်ပြန်ပါတယ်။ သြဂုတ် ၂၀ ရက် မနက် ၅ နာရီခွဲခန့်က ငဖဲမြို့နယ် မြေလတ်ကျေးရွာ၊ မင်းဘူး-အမ်းကားလမ်းမကြီးအနီးမှာရှိတဲ့ ဓာတ်ငွေ့ပိုက်လိုင်းကိုစောင့်ကြည့် ထိန်းချုပ်နေတဲ့ စစ်ကောင်စီစခန်းကို CDF-Aaho တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က အရာခံဗိုလ်တဦးအပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

“အခြားအဆင့် ၁ဦးက အပြင်းအထန်ဒဏ်ရာရရှိပြီး ဆေးရုံအရောက် ညနေပိုင်းတွင် သေဆုံးခဲ့ပြီး အခြားဒဏ်ရာရသူ များနှင့် စခန်းထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်´´လို့ CDF-Asho ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  အဲဒီတိုက်ပွဲဟာ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့သလို ကာကွယ် ရေးတပ်ဖွဲ့တွေဘက်က ကျည်မလုံလောက်မှု၊ လက်နက်အင်အားမမျှမှု တွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ https://www.facebook. com/photo/?fbid=68270 7510564608&set=a.477257417776286

၂၂။ စစ်ကောင်စီရဲ့ လမ်းပိတ်ဆိုမှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ ဆန်နဲ့စားနပ်ရိက္ခာပြတ်လပ်နေ
     August 21, 2023

ကရင်နီပြည် ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ လမ်းကြောင်းပိတ်ဆို့ထားမှုကြောင့် ရိက္ခာသယ်ယူရေးလို့မရ တော့ဘဲ စားနပ်ရိက္ခာ ပြတ်လပ်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။“တိုက်ပွဲ တွေဖြစ်တော့ လမ်းပိတ်တာရှိတဲ့အပြင် စစ်ကောင်စီတွေက သက်သက်မဲ့ ပိတ်တာတွေ အများကြီး ပိုပိုများလာတယ်။ ဖမ်းဆီးမှု တွေလဲ ပိုများလာတော့ စားနပ်ရိက္ခာ အလွယ်တကူ သယ်လိုမရတော့ဘူးပေါ့နော်။ သယ်လိုမရတဲ့ အတွက်ကြောင့်မို့လို ဘာလို့ လဲဆိုတော့ အလိုလိုနေရင်းနဲ စားနပ်ရိက္ခာတွေက ဆန်ဆီစျေးက တအားတက်သွားတာပေါ့နော်။” လို့ ကရင်နီလူ့ အခွင့်အရေး အဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။ လက်ရှိမှာဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်ကြား ဝန်းကျင်နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နယ်မြေကူးသန်းသွားလာဖို့ ခက်ခဲနေသလို၊ တဖက်မှာလည်း ကုန်စျေးနှုန်းတွေမြင့်တက်လာတာကြောင့် စစ်ရှောင် တွေအတွက် အခက်အခဲတွေပိုဖြစ်နေတယ်လို့ ဦဗညားက ဆိုထားပါတယ်။

“လမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် အဲ့ကြောင့်လဲ ဆန်၊ ဆီစျေးက စျေးကြီးသွားတယ်။ အခြားတစ်ဖက်မှာလဲ သိတဲ့အတိုင်းပဲ ကုန်စျေးနှုန်း မြင့်တက်နေတာပေါ့နော်။ တစ်ရက် နဲ့တစ်ရက်က ကုန်စျေးနှုန်းကို ခန့်မှန်းလိုမရဘူး ဖြစ်နေတယ်ပေါ့နော်။ ပုံမှန် ရက်နဲ့အမျှ တော်တော်လေး ကြီးမြှင့်လာတယ် အဲ့ဒီဟာလဲ ကျနော်တို့ အခက်ခဲမှု။ ဝယ်ယူဖို့အတွက် ပိုက်ဆံ မလုံလောက်ဘူး ပိုဖြစ်လာတယ်” လို့ ဦဗညား ကဆိုထားပါတယ်။ ရိက္ခာပြတ်လပ်တဲ့ ပြဿနာဟာ ဖရူဆိုအပြင် ဒီးမော့ဆိုမြို့နယ် နဲ့ တခြားမြို့ နယ်တွေကပါ ကြုံတွေ့နေရတယ်လို့ ဦးဗညားက ပြောဆိုထားပါတယ်။ https://www. kantarawaddytimes.org/%e1%80 %85%e1%80%85%e1%80%ba%e1%80%80%e1%80 

၂၃။  မူဆယ်မှာ နေအိမ်တစ်အိမ်ထဲ အုပ်စုလိုက် လာရောက်ဓားပြတိုက်မှုဖြစ်၊ ဖုန်း ၈ လုံးနဲ့ ငွေတွေ ပါသွား
     August 21, 2023

ရှမ်းမြောက် မူဆယ်မြို့ထဲက နေအိမ်တစ်အိမ်ကို လူအုပ်စုတစ်စုက လာရောက် ဓားပြတိုက်ပြီး ဖုန်းနဲ့ ငွေတွေ ယူဆောင် သွားသလို အိမ်ရှင်ကိုလည်း ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက် မနက် ၈ နာရီမှာ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ အမျိုးသား ၁၀ ဦးက ကားတစ်စီးနဲ့ရောက်ရှိလာပြီး နေအိမ်ထဲ ဝင်လာပြီး နောက် တံခါးတွေ အကုန်ပိတ်ပြီး ဓားပြတိုက်သွားခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက “ဓားပြ တိုက်ခံရတဲ့အိမ်က တရုတ်အိမ်ပါ။ မနေ့က အိမ်ထဲမှာ အဖွားရော၊ ကလေးရော အလုပ်သမားနဲ့ အိမ်ရှင်တွေ ရှိထားတယ်။ ဓားပြတိုက်သူတွေက ကားနဲ့ရောက်လာပြီး အိမ်ထဲဝင်လာတယ်။ သူတို့ကမျက်နှာတွေလည်း အုပ်ထား တယ်။ ဝင်လာပြီး တံခါးတွေ အကုန်ပိတ်ပြီးတော့ အိမ်ထဲက ပစ္စည်းတွေ ယူသွားတာ အိမ်ရှင်တွေကိုလည်း ရိုက်သွားတယ်” လို့ ပြောပါတယ်။

ဓားပြတိုက်သူအဖွဲ့ဟာ ဖုန်း ၈ လုံး၊ ငွေတွေ ယူဆောင်သွားပြီး အိမ်ရှင်ကိုလည်း ခြိမ်းခြောက်ထားတာ ရှိတယ်လို့ ဆိုပါ တယ်။  ဓားပြတိုက်သူ ၁၀ ဦးဟာ  ပြည်သူ့စစ်အဖွဲ့တွေ ဖြစ်နိုင်ခြေများပြီး အိမ်ထဲ ရောက်ရှိလာချိန်မှာလည်း မီးပျက်တဲ့အချိန်နဲ့ အချိန်ကိုက် ရောက်ရှိလာတယ်လို့ ၎င်းက ပြောပါတယ်။ “ဓားပြတိုက်တဲ့သူတွေက ပြည်သူ့စစ်အဖွဲ့ပဲ ဖြစ်ဖို့များတယ်။ ဘာလို့လဲ ဆိုတော့ ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်က ကျနော်အလုပ်သမားတွေကို မိုးချုပ်ချိန် သုံးဘီး အမြန်မောင်းတယ်ဆိုပြီး အဲပြည်သူ့စစ်အဖွဲ့ တွေက ဖမ်းထားတယ်။ ပြီးတော့ ရိုက်နှက်တာတွေ လုပ်တယ် ကျနော် သွားပြောလို့လည်း မရဘူး။ နောက်မှ အခုဓားပြတိုက်ခံရ တဲ့အိမ် ကျနော်မိတ်ဆွေကို အကူအညီတောင်း ပြောခိုင်းပြီး သူတို့ပြန်လွှတ်ပေးတာ။ အဲနောက် သူတို့မကျေနပ်လို့ သူ့ကိုပြန်လာ လုပ်တာလို့ ကျနော်ထင်တယ်” လို့ ပြောပါတယ်။ အခုလို နေအိမ်ထဲအထိ ဓားပြ လာတိုက်တာဟာ မူဆယ်မြို့ရှ ရပ်ကွက်တွေထဲ မကြာခဏ ဖြစ်ပွားပြီး တာဝန်ရှိသူတွေဆီ တိုင်ကြားချင်ပေမယ့် အရေးမယူတာကြောင့် ဘယ်သူ့ဆီ တိုင်ကြားရမှန်း မသိဘူးလို့ မြို့ခံတွေက ပြောပါတယ်။  https://www.facebo ok.com/photo?fbid=620891343551467&set=a.404503215190282

၂၄။ တမူးမြို့အနီး တိုက်ပွဲကြောင့် ဒေသခံငါးရာကျော် အိန္ဒိယဘက်ထွက်ပြေးရ
     August 21, 2023

စစ်ကိုင်းတိုင်း၊ တမူးမြို့နဲ့ ကလေးမြို့ကြားက ဘုက္ကန်ရွာအနီးကို ဩဂုတ်လ ၁၈ ရက် ည ၈ နာရီခန့်မှာ စစ်ကောင်စီတပ် က လေကြောင်းနဲ့ဗုံးကြဲခဲ့တာကြောင့် ဘုက္ကန်ရွာအပါအဝင် အနီးအနားက ဒေသခံငါးရာကျော် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲ ညတွင်းချင်း ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက​ ပြောပါတယ်။ ဘုက္ကန်ရွာအနီးမှာ ချင်းကာကွယ်ရေးတပ် (CNDF)၊ ထားဒို (PDF) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ညဘက်မှာ စစ်ကောင်စီတပ်က လေကြောင်းက လာပစ်ခဲ့ တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။“တိုက်ပွဲဖြစ်တာကတော့ တမူးနဲ့ ကလေးလမ်းမကြီး အမြန်လမ်းမကြီးဘေးနား မလူ ကျောက်မီးသွေးလမ်းခွဲ စစ်ကောင်စီတပ်စခန်းမှာ တိုက်ပွဲဖြစ်တာ။ ဘုက္ကန်ကျေးရွာနဲ့ သုံးမိုင်ခန့်ရှိတယ်။ အဲဒီ တိုက်ပွဲဖြစ်တဲ့ ည ပိုင်းမှာ လေကြောင်းနဲ့ ဗုံးလာကြဲတော့ ညတွင်းချင်းကို ထွက်ပြေးနေရတယ်။ ပြည်သူတွေကတော့ ထိခိုက်တာမရှိပါဘူး ကြောက် လို့ ထွက်ပြေးကြတာ။” ဒုက္ခသည်တွေဟာ လက်ရှိ မဏိပူရ်မှာရှိတဲ့ ကူကီးချင်းတွေထံမှာ ခိုလှုံနေကြရတယ်လို့ ဒေသခံက ဆိုပါ တယ်။

ဇူလိုင်လ ၂၂ ရက်ကလည်း ခမ်းပတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲကြောင့် ခမ်းပတ် မြို့ခံ ခုနစ်ရာကျော် မဏိပူရ်ပြည်နယ်ဘက်ကို ထွက်ပြေးခဲ့ပေမယ့် ပြန်မောင်းထုတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မဏိပူရ်ပြည်နယ်ကို ထွက်ပြေးလာတဲ့ မြန်မာဒုက္ခသည်တွေထဲမှာ မဏိပူရ်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အယောက် ခုနစ်ဆယ်ကျော် အဖမ်းခံထားရပြီး ဒီနေ့အထိ ပြန်မလွတ်သေးသလို ဆက်သွယ်ဖို့လည်း ခက်ခဲနေတယ်လို့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မဏိပူရ်ပြည်နယ်ကို ထွက်ပြေးနေရတဲ့ မြန်မာစစ် ဘေးဒုက္ခသည် စုစုပေါင်း ငါးထောင်ကျော်ရှိတယ်လို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။ https://www.facebook.com/photo/?f bid=688673383294067&set=a.583637430464330

၂၅။  ပုဏ္ဏားကျွန်းမှ ကျေးရွာအချို့တွင် အမည်မသိရောဂါဖြင့် ဝက်များ သေဆုံးမှုရှိနေ
      August 21, 2023

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့အတွင်းက စပါးထား၊ ကွမ်းတောင်၊ အောင်ဇေယျ၊ ကံချောင်း၊ အောင်မြေကုန်း၊ ပဒေသာ၊ ဆင်အင်းကြီး စသည့်ကျေးရွာများတွင် အမည်မသိရောဂါကြောင့် ဝက်များ သေဆုံးမှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ဝက်များမှာ ကိုယ်ပူခြင်း၊ အစားမစားခြင်း၊ ဝမ်းလျှောခြင်း၊ ချောင်းဆိုးခြင်းများဖြစ်ပြီးနောက် သုံးရက်အတွင်း သေဆုံးသွားခြင်း ဖြစ်ကာ ကျေးရွာတစ်ရွာလျှင် အနည်းဆုံး ဝက်ကောင်ရေ ၂၀ ထက်မနည်း သေဆုံးမှုရှိသည်ဟု ဒေသခံများကပြောသည်။“ကျနော်တို့ အိမ်မှာ ဝက် ၁၁ ကောင်လောက် ဆုံးသွားပြီ။ ရွာထဲမှာလည်း အများကြီး သေသွားကြပြီ။ ဝက်တွေက နေမကောင်း ဆက်တိုက်ဖြစ်ပြီး ဆက်တိုက်သေကြတာ။ ကူးစက်မှုကလည်း အရမ်းမြန်တယ်” ဟု ကွမ်းတောင်ကျေးရွာမှ ကိုငြိမ်းစိုးက ပြော သည်။ ကံချောင်းကျေးရွာတွင်လည်း မုန်တိုင်းအလွန် ဇွန်လမှစတင်ကာ ဝက်များသေဆုံးမှု တဖြည်းဖြည်း များပြားလာနေသည် ဟု ကျေးရွာသားများက ပြောသည်။ “ကျမတို့မှာ ဝက်သုံးကောင် မွေးထားတာ။ သုံးကောင်လုံး ဆက်တိုက်သေသွားတယ်။ ရွာ က ဆေးဆရာနဲ့ပြပြီး ကာကွယ်ဆေးထိုးရင်လည်း သေသွားတယ်။ ရွာမှာ ဝက်မွေးစားတဲ့ အိမ်တိုင်းလိုလို သေကြတယ်။ အခုက ရွာမှာ ဝက်တွေတောင် မရှိကြတော့ဘူး” ဟု ကံချောင်းကျေးရွာမှ ဒေါ်ခင်သန်းအေးက ပြောသည်။

ရခိုင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းဦးကို ဆက်သွယ်မေးမြန်းရာတွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဝက်သေဆုံးမှုများ ဖြစ်ပွားနေသည်ကို မသိရှိသေးကြောင်း ပြောသည်။ ရောဂါကြောင့် သေဆုံးသွား သည့် ဝက်များကို မြေမြုပ်ရန်လိုကြောင်း ၎င်းကဆက်ပြောသည်။“ရောဂါဖြစ်ပြီးသား ဝက်တွေရဲ့ အသားတွေကို မစားတာ အကောင်းဆုံးပဲ။ ရောဂါဖြစ်သွားရင် ဝက်သားက အာဟာရဓာတ် ကျသွားပြီ။ ပြီးရင် ဒီရောဂါက ရိုးရိုးရောဂါဆိုရင် ဘာမှမဖြစ် ဘူး။ ကူးစက်တတ်တဲ့ရောဂါဆိုရင် တခြားအကောင်တွေကိုလည်း ကူးစက်နိုင်တယ်။ ရောဂါဖြစ်လို့ သေသွားတယ်ဆိုရင် မြုပ်လိုက်တာ အကောင်းဆုံးပဲ” ဟု ဒေါက်တာ ဝင်းဦးက ပြောသည်။ သေဆုံးသွားသည့်ဝက်များကို အချို့က မြေမြုပ်ကြသော် လည်း အချို့က မြစ်၊ ချောင်းများအတွင်းသို့ စွန့်ပစ်မှုများ ရှိသဖြင့် ရောဂါပျံ့နှံ့ကူးစက်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ https://www.facebook.com/photo/?fbid=6849847303417 93&set=pcb.684984990341767

၂၆။  ကလိန်အောင်-ကော့လှိုင် တံတားကျိုးကျပြီး  ကားများပိတ်နေ
     August 22, 2023

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းပေါ်ရှိ  ကလိန်အောင်-ကော့လှိုင် တံတားဟာ မိုးရေလျှံမှုကြောင့် ရေတိုက်စားပြီး ကျိုးကျသွားတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ကားတွေပိတ်သွားတယ်လို့ ဒေသခံထံက သိရပါတယ်။ မလွှဲတောင်လမ်းပိုင်း ကလိန်အောင်မြို့၊ ကော့လှိုင်ရွာအဝင်  မိုင်တိုင်အမှတ်  ၅၁ နားက  အရှည် ၁၅ ပေ ၊ အကျယ် ၁၈ ပေအရွယ်ရှိ သံကူကွန်ကရစ်တံတားဟာ ဩဂုတ် ၂၁ ရက် ညနေ ၆ နာရီမှာ ပြိုကျသွားခဲ့တာဖြစ်ပါတယ်။ ကလိန်အောင်မြို့ခံ တဦးက “ကားတွေ ဖြတ်နေတုန်းပြိုကျတာတော့မဟုတ်ဘူး။ ကားတွေဖြတ်ပြီးမှ မြေသားအိကျပြီး ပြိုသွားတာ။ သူကရေလွှဲ တံတားပုံစံဆိုတော့ အောက်မှာ ရေလွှဲပိုက်လုံးနဲ့ မြေသားနဲ့ ခံပြီး လုပ်ထားတာ။ လောလောဆယ်ကတော့ ကားတွေပိတ်မိနေ တာပေါ့။ မနက်ဖြန်ဆိုရင်ပိတ်မိတဲ့ ကားတွေပိုများလာမယ်”လို့ ပြောပါတယ်။

ဒီတံတားဟာ ပြီးခဲ့သည့်ရက်ပိုင်းက မြေသားနိမ့်နေတဲ့အတွက် ဆောက်လုပ်ရေးဌာနက ယာယီ လာရောက် ပြင်ဆင် ထားပြီး ရက်ပိုင်းအကြာမှ အခုလိုကျိူးကျသွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ တိုင်းပြန်ကြားရေးဌာနကတော့ တံတားဟာ မိုးရေလျှံမှုကြောင့် ရေတိုက်စားပြီး ပြိုကျ သွားတာဖြစ်ပြီး ပြန်လည်သွားလာလို့ရအောင် ​အမြန်ဆုံးပြုပြင်သွား မယ် လို့ သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါတံတားဟာ တနင်္သာရီတိုင်း ကုန်းလမ်းဝင်ပေါက် အမှတ် ၈ ပြည်ထောင်စု ကားလမ်းမ ပေါ်မှာတည်ရှိပြီး တခြားလမ်းလွှဲမရှိတာကြောင်း အမြန်ပြန်လည် မပြုပြင်နိုင်ပါက ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုနဲ့ ခရီးသွား လာရေး ပြတ်တောက်မှုနဲ့ ကြုံတွေ့နိုင်ပါတယ်။ https://burmese.dvb.no/post/611027

၂၇။ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲပြုလုပ်နိုင်ရေး အင်ဒိုနီးရှား ကြိုးပမ်းနေ
     August 22, 2023

မကြာခဏမီးမောင်းထိုးပြခံနေရတဲ့ မြန်မာ့အရေးဟာ အာဆီယံကိုယ်တိုင်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီ (Retno Marsudi)က ပြောဆိုကြောင်း သြဂုတ်လ ၂၁ ရက်နေ့ထုတ် အင်ဒိုနီးရှားသတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ဆူမားတြားကျွန်းမှာ ပြုလုပ်တဲ့ အင်ဒိုနီးရှားရဲ့ Soft Power သံခင်းတမန် ခင်း အကောင်အထည်ဖော်ရေး လူထုဟောပြောပွဲမှာ အွန်လိုင်းဗီဒီယိုကတစ်ဆင့်ပြောခဲ့တာပါ။ အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဋ္ဌ အနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကိုဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကျင်းပနိုင်ရေး လိုမျိုးငြိမ်းချမ်းရေးအတွက် အကောင်းဆုံးဖြေရှင်းနည်းတွေရဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ဟာ သက်ဆိုင်သူအားလုံး၊ အထူးသဖြင့် စစ်ခေါင်းဆောင်တွေရဲ့ သဘောထားအပေါ်မှာ မူတည်နေတယ်လို့လည်း ဆိုပါတယ်။ အာဆီယံပဋိညာဉ်စာတမ်းကို လေးစားလိုက်နာစေရေးအပါအဝင် ဘုံသဘောတူညီချက် ငါးရပ်ကို အကောင် အထည်ဖော်ဖို့ မြန်မာနိုင်ငံကို အာဆီယံနိုင်ငံအားလုံးက အစဥ်တစိုက်တောင်းဆိုနေ တယ်လို့လည်း မစ္စ ရက်တ်နို မာဆူဒီက ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားအစိုးရဟာ မြန်မာနိုင်ငံက ပဋိပက္ခတိုက်ပွဲတွေအတွင်း ပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေနဲ့ ဆက်သွယ်ရေးကို ဆက်လက်တည်ဆောက်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ကြားရေးနဲ့ သံတမန်ရေးရာ ညွှန်ကြားရေးမှူးချုပ်ကလည်း ပြောကြားပါတယ်။ https://www.rfa.org/burmese/news/in donesia-asean-myanmar-08212023113701.html

၂၈။ ဗန်းမော်မှာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းကလွှဲပြီး အရပ်သားပြည်သူသွားလာခွင့်ပိတ်ပင်ခံထားရ
     August 21, 2023

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်တပ်က မြို့တွင်းမြို့ပြင်လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် မြို့တွင်း ရပ်ကွက်သွား လမ်းတွေမကျန် စစ်တပ်လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေကလွှဲပြီး အရပ်သားပြည်သူတွေ သွားလာခွင့် ပိတ်ပင်ခံထားရ တယ်လို့ ‌ဒေသခံတွေ ပြောပါတယ်။ ဒီလိုလုပ်ဆောင်လာတာဟာ စစ်လက်နက်ရိက္ခာတင် သင်္ဘော ၉ စီး ဆိုက် ကပ်လာတဲ့ ဩဂုတ်လ ၁၉ ရက်နေ့ကတည်းက ဖြစ်တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ “လောလောဆယ် ဗန်းမော်မြို့ ပြင်ကလူတွေက မြို့ထဲဝင်လို့မရဘူး၊ မြို့ထဲကလည်း ထွက်လို့မရဘူး။ အစိုးရဝန်ထမ်းတွေလောက်ပဲ သွားလာလို့ရတယ်။ ခဏတဖြုတ် စျေးသွားဘာသွားတောင် လုပ်လို့မရဘူး။ လုံခြုံရေးတွေ တင်းကြပ်ထားတယ်။ သွားလာမိလို့ မသင်္ကာရင်လည်း ဖမ်းတာ တွေရှိတယ်။ ကိုဗစ်တုန်းကလိုမျိုး မြို့တွင်း အရမ်းခြောက်ကပ်နေတယ်။ လူတွေလှုပ်ရှားတာတောင် မတွေ့တော့ဘူး”ဟု ဗန်းမော်ဒေသခံတစ်ဦးကပြောပါတယ်။

 “အခုသူတို့က သင်္ဘောကနေ ပစ္စည်းတွေချနေတဲ့အချိန်ဖြစ်တာကြောင့် မြို့တွင်းမှာ ရပ်ကွက်တိုင်း လုံခြုံရေးချလိုက် ပြီး ပြည်သူတွေကိုတော့ ရပ်ကွက်တစ်ခုပြီးတစ်ခု သွားလာလှုပ်ရှားလို့မရအောင်လုပ်ထားတာပေါ့။ သွားလာရင်လည်း ဆိုင်ကယ် တွေ စစ်တယ်၊ ဖုန်းတွေစစ်တယ်” ဟု နောက်ထပ် ဗန်းမော်ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောပြပါတယ်။ ဒါ့အပြင် ဗန်းမော် မြို့ အောက်ချောင်းကျေးရွာဘက်ကိုလည်း စစ်တပ်က ဖုန်းလိုင်းတွေပိတ်လိုက်ပြီး သွားလာရေးအားလုံးပါ ပိတ်ပင်ထားတာ ကြောင့် လမ်းထက်ဝက် ခရီးမရောက်ပဲ သောင်တင်နေသူများ၊ ပိတ်မိနေသူများလည်း ရှိနေတယ်လို့ ဆက်လက်သိရပါတယ်။ လက်ရှိ ဗန်းမော်မြို့ဆိပ်ကမ်းမှာရောက်နေတဲ့ စစ်လက်နက်ရိက္ခာတင် သင်္ဘော ၉ စီးစာ ဇူလိုင် ၂၇ ရက်နေ့မှစပြီး မန္တလေးမြို့ ဘက်ကနေ ကချင်ပြည်နယ် ဗန်းမော်ဆိပ်ကမ်းဘက်သို့ ဦးတည်ချီတက်လာတာဖြစ်ပြီး ဆန်တက်လာတဲ့ မြစ်ကြောင်းတစ် လျှောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်လနီးပါးကြာမှ ဗန်းမော်ဆိပ်ကမ်းရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ https://burmese.kachinnews.com/2023/08/21 /ld2-13/

၂၉။  တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ဆိုင်ခန်းများ စက်ယန္တရားဖြင့် ဖြိုဖျက်နေ
      August 21, 2023

သျှမ်းပြည် တောင်ကြီးခရိုင်၊ တောင်ကြီးမြို့ ပြည်တော်သာ ရပ်ကွက်ရှိ ယခင် ဆောက်လုပ်ရေးဝန်ကြီး ဌာနပိုင် မြေကွက် ပေါ် တည်ဆောက်ငှားရမ်းထားသည့် ဆိုင်ခန်းများကို စက်ယန္တရားများဖြင့် ဖြိုဖျက်နေကြောင်း စုံစမ်းသိရသည်။ (သြဂုတ်လ ၂၁) ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်ရှိ မင်းကျောင်းဘုန်းကြီးကျောင်းအနီး ဆိုင်ခန်းများကို စက်ယန္တရား များဖြင့် လူတစ်စုက လာရောက် ဖြိုဖျက်ခဲ့ကြောင်း တောင်ကြီး ဒေသခံ အမျိုးသား တစ်ဦးထံမှ သတင်းသိရသည်။ “အဲ့ဒီ နေရာ မှာ စည်ပင်က ဝန်ထမ်း ၃/၄ ယောက်လည်း ရောက်နေတယ်၊ အဲ့နားက လူတွေကို မေးကြည့်တော့ အရင်က အစိုးရပိုင်မြေဖြစ် ပေမဲ့ အခုက ကန်ထရိုက်တာ တစ်ဦးဆီကို ရောင်းလိုက်လို့ ဆိုင်ခန်းတွေကို အကုန်ပြောင်းရွှေ့ခိုင်းတာ၊ ဒီနေ့ စက်တွေနဲ့ လာဖြို တာပေါ့၊ ၄/၅ ခန်းလောက်တော့ ဖြိုပြီးသွားပြီ” ဟု တောင်ကြီး ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ အဆိုပါ နေရာသည် ယခင်အချိန်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် နယ်မြေဖြစ်ပြီး ဆိုင်ခန်းများကို ငှားရမ်းသူ အဆက်ဆက် ပြောင်းရွှေ့နေထိုင် ကြပြီး လက်ရှိ စစ်အာဏာသိမ်းချိန်တွင် ကန်ထရိုက်တာ တစ်ဦးထံသို့ ရောင်းချခြင်း ခံလိုက်ရကြောင်း သိရသည်။

ယင်းကဲ့သို့ အစိုးရပိုင်မြေကို ပုဂ္ဂလိကပိုင်ဖြစ်အောင် ကန်ထရိုက်ဆီသို့ ရောင်းချခြင်း နှင့် ပတ်သက်ပြီး နှစ်ဖက်အချင်း ချင်းညှိနှိုင်းမှုရှိနိုင်မည် ဖြစ်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။“အခု ဖျက်တာက အစိုးရဖျက်တာ မဟုတ်ဘူး။ ကန်ထရိုက်တာက အဆင့်မြင့် အဆောက်အဦး ဆောက်ဖို့ ထွက်ခိုင်းတာ မထွက်လို့ ဘူဒိုဇာတွေနဲ့ ထိုးဖျက်လိုက်တာလို့ သိရ တယ်၊ အစိုးရပိုင်မြေကနေ အခု ကြတော့ ဘယ်ကနေ ဘယ်လိုငြိလိုက်တယ် မသိဘူး ၊ ကန်ထရိုက် တစ်ယောက်က ပိုင်သွားတယ် လို့ သိရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အဆိုပါ ဆိုင်ခန်းများသည် စုစုပေါင်း ၂၀ ကျော် ရှိနေပြီး ကွမ်းယာဆိုင်၊ ကုန်စုံ ဆိုင် အသေး၊ ဆေးဆိုင် ၊ ဆေးခန်း နှင့် ဝပ်ရှော့များလည်း ဖွင့်လှစ်ထားသည့် နေရာ ဖြစ်နေကြောင်းလည်း သိရသည်။ ဖျက်ခံ လိုက်ရတဲ့ ဆိုင်ခန်းက သူတွေကတော့ ဘာပစ္စည်းမှတော့ မသိမ်းလိုက်ရဘူးပေါ့၊ အခုကျန်နေတဲ့ သူတွေကလည်း ပြောင်းရွှေ့ဖို့ ပစ္စည်းတွေ သိမ်းနေကြပြီ၊ အမှန်တော့ ဒီလိုမလုပ်သင့်ပါဘူး။ အားလုံးအခက်အခဲကိုယ်စီ ရှိနေချိန် နေစရာမဲ့သွားအောင် ထပ်လုပ် တာက လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်”ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးကပြောသည်။ https://burmese.Shanne ws.org/archives/36343

၃၀။ အမ်းမြို့နယ်တွင် လမ်းနှင့်မလွတ်သည့်နေအိမ်များ ဖယ်ရှားပေးရန် ထပ်မံသတိပေး
     August 21, 2023

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း-တပ်တောင်ကားလမ်းဘေးက နေအိမ်တွေကို ဖယ်ရှားပေးဖို့ စစ်ကောင်စီလက် အောက်ခံ မြို့နယ်လမ်းဦးစီးဌာနကနေ ထပ်မံသတိပေးလာကြောင်း အဆိုပါလမ်းဘေးမှာ နေထိုင်နေသူတွေက ပြောပါတယ်။ လက်ရှိမြေနေရာတွေဟာ ဘိုးဘွားတွေလက်ထက်ကနေ အဆင့်ဆင့်နေထိုင်လာခဲ့တဲ့ နေရာတွေဖြစ်ပြီး ကျူးကျော် အဖြစ်နဲ့ နေအိမ်တွေ အမှန်တကယ် ဖယ်ရှားခံရမှာကို စိုးရိမ်မိနေပြီလို့ အမ်း-တပ်တောင် ကားလမ်းဘေး နေထိုင်သူတဦးက ဆိုပါတယ်။“ဒီနေရာက ဘိုးဘွားတွေလက်ထက်ကတည်းက ကျနော်တို့ နေလာကြတာဖြစ်တယ်။ ခုလိုတွေ ထပ်ထပ်သတိပေးလာတော့ တကယ်ဖယ်ရှားခံရတော့မလား မသိဘူး။” အမ်း-တပ်တောင် ကားလမ်းဘေးက နေအိမ်တွေကို ဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်က မြို့နယ်လမ်းဦးစီးဌာနကနေ ပထမအကြိမ် အကြောင်းကြားခဲ့ပြီး အခုတဖန် သြဂုတ် ဒုတိယသီတင်းပတ်အတွင်းမှာ အနီရောင်ဆိုင်းဘုတ်ထောင်ပြီး သတိပေးလာခဲ့တာ ဖြစ်ပါတယ်။

လမ်းဧရိယာနဲ့ မလွတ်ကင်းပါက သက်ဆိုင်ရာတွေအနေနဲ့ နေအိမ်အဆောက်အဦတွေ မတည်ဆောက်ခင် ကြိုတင် တား မြစ်သင့်ပြီး အခုလိုအတည်တကျ နေထိုင်ပြီးနောက်မှ ဖယ်ရှားပေးဖို့ အကြောင်းကြားတာဟာ မဖြစ်သင့်ဘူးလို့လည်း တပ်တောင် ဒေသခံတွေက ပြောပါတယ်။ လက်ရှိ နေအိမ်တွေ ဖယ်ရှားပေးဖို့ သတိပေးခံရတဲ့ နေအိမ်အရေအတွက်ဟာ ၃၀၀ ခန့်ရှိပြီး လမ်းဧရိယာထဲမှာတော့ တပ်တောင်မြို့က နေအိမ်တွေအပြင် စာသင်ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံး၊ ကမ္ဘာ့ရတနာဘဏ်နဲ့ လမ်းတ လျှောက် ကျေးရွာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ အမ်းမြို့နယ်အပြင် စစ်တွေမြို့မှာလည်း စစ်တွေ ဟိုတယ်ကမ်း ခြေက စားသောက်ဆိုင် ၁၆ ဆိုင်ကို လမ်းဧရိယာနဲ့ မလွတ်ကင်းလို့ဆိုပြီး မြို့နယ်စည်ပင်ကနေ ဆိုင်ခန်းတွေ ဖယ်ရှားပေးဖို့ ပြီးခဲ့ တဲ့ သြဂုတ် ၁၂ ရက်က ပြောဆိုတာ ရှိခဲ့ပါတယ်။ https://burmese.dvb.n o/post/610977

၃၁။ အာဏာသိမ်းပြီးနောက် စိုးရိမ်စိတ်ဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများကို စစ်ကောင်စီ ပြန်လည်ခေါ်ယူ
      August 22, 2023

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိ နေသော မြန်မာနိုင်ငံသားများအားလုံးကို စစ်ကောင်စီက ပြန်လည်ခေါ်ယူနေကြောင်း ဩဂုတ်လ ၂၁ ရက်နေ့က ထုတ် ပြန်သည်။ အာဏာသိမ်းပြီးနောက် ကျောင်းသားလူငယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသားအချို့တို့သည် NUG, NLD, CRPH တို့၏ သွေးထိုးလှုံဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် EAO များ တည်ရှိရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်သွားကြ သည်ဟုစစ်ကောင်စီကဆိုသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ပြည်ပမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း များ၏သွေးထိုးလှုံ့ဆော်မှုကြောင့်လည်း ထွက်သွားရသည်ဟုပြောသည်။ ထွက်ပြေးတိမ်းရှောင်ရသူများမှာ ရောက်ရှိ ရာနေရာ များတွင် လုံခြုံရေးအာမခံချက်မရှိမှု၊  လူမှုစီးပွားဘ၀ အဆင်မပြေခက်ခဲမှုနှင့် ရင်ဆိုင်နေရ၍ မိမိနေရပ်ဒေသအသီးသီးသို့ ပြန်လာ လိုသည့် ဆန္ဒများဖြစ်ပေါ်နေသည်ဟု စစ်ကောင်စီက ပြောသည်။

နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများမှာလည်း နိုင်ငံသားဖြစ်သောကြောင့် တိမ်းရှောင်ရောက်ရှိနေရာများမှ မြန်မာနိုင်ငံ သို့ ပြန်လည်ဝင်ရောက်နိုင်ရေးကို စစ်ကောင်စီက ကူညီမှုဟုထုတ်ပြန်ချက်ကဆိုသည်။  စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ် းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှပုဂ္ဂိုလ်များ၊ နိုင်ငံသားများကို စစ်ကောင်စီက ပြန်လည်ခေါ်ယူနေပြီး ဥပဒေအရ အထူးသက်ညှာစွာ ဖြေလျော့ဆောင်ရွက်ပေးမည်ဟု စစ်ကောင်စီ ကပြောသည်။ သို့သော်လည်း အကြောင်းတမျိုးမျိုးဖြင့် ပြစ်မှုကျုးလွန်ထားသူများ မပါဝင်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယင်း အပြင် NUG, CRPH, PDF တို့နှင့် ပူးပေါင်းပြီး နိုင်ငံအတွင်း အဆောက်အဦးများ၊ ဝန်ထမ်းများနှင့် ပြည်သူများအား အုပ်စုဖွဲ့ တိုက် ခိုက်ခြင်း၊ ငွေကြေးအရ သို့မဟုတ် တနည်းနည်းဖြင့် နက်ရှိုင်းစွာလုပ်ကိုင်ဆောင် ရွက်နေသူများ ပါဝင်မည်မဟုတ်ကြောင်း စစ်ကောင်စီ က ဆိုသည်။ NLD, NUG, CRPH မှ သွေးထိုးလှုံ့ဆော်မှုကြောင့် စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်နေရသူများကိုသာ ပြန်လည်ခေါ်ယူနေခြင်းဖြစ်ပြီး ၎င်းတို့ ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ ဖြေလျော့ ပေးမည်ဟု စစ်ကောင်စီက မတ်လုံးပေးထားသည်။  https://www. facebook.com/photo/?fbid=731344929004936&set=a. 682731967199566

၃၂။ မိုးညှင်းမြို့နယ်၌  လူငယ်များ  မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာ
     August 22, 2023

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသက်မပြည့်သေးတဲ့  ၁၈ နှစ်အောက် လူငယ်တွေ အကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ လူငယ်တွေဟာ ဆေးခြောက်၊ WY စိတ်ကြွဆေးပြားနဲ့  No.4 ဘိန်းဖြူ သုံးစွဲမှု ပိုမိုများပြားလာတာ ဖြစ်ပြီး  မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးအရေးယူတာ မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ မိုးညှင်းမြို့ခံ အမျိုးသား တစ်ဦး က ” မိုးညှင်းမှာက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အတော်များများရတယ်။ Wy စိတ်ကြွဆေး ဆေးခြောက် No.4 အကုန် ရတယ်။ အာဏာမသိမ်းခင်က မူးယစ်ဆေးသုံးတဲ့သူ ဒီလောက်မများဘူး။ ခုအခြေအနေက အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေးတွေပါ ဝိ (ဆေးခြောက်)လေး တဖွာဖွာနဲ့ တွေ့နေရတယ်။ ဖမ်းတာဆီးတာလည်းမရှိပါဘူး” လို့ ပြောပါတယ်။

ဆေးခြောက်၊ စိတ်ကြွရူးသွပ်ဆေးပြားနဲ့ ဘိန်းဖြူ စတာတွေကိုရောင်းချနေသူတွေကလည်း စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင် အဖွဲ့တွေကို လိုင်းကြေးပေးဆောင်ပြီး ရောင်းချနေကြတာလို့ သိရပါတယ်။ ဒေသခံ အမျိုးသားတစ်ဦးက “သုံးစွဲသူ ရောင်းချသူတွေကို ဘယ်ဖမ်းမလဲ။ ဖမ်းရမယ့် သူတွေက ရောင်းသူတွေဆီကနေ လိုင်းကြေးရနေတာ။ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ နယ်ထိန်းတပ်ဖွဲ့ဝင်တွေက တရားမဝင်လိုင်းကြေးရနေတော့ ဒီကောင်တွေကလည်း မဖမ်းဘူး။ ရဲစခန်းနားမှာတင် အဖမ်းအဆီးမရှိကို ရောင်းနေတာ” လို့ ပြောပါတယ်။ စစ်အာဏာမသိမ်းခင် ကချင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အသိပညာပေးတာတွေ၊ တိုက်ဖျက်ရေးလုပ် ငန်းတွေ လုပ်ကိုင်ခဲ့တာရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့  လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။ https:// burmese.dvb.no/post/611030

၃၃။ အပစ်ရပ်စာချုပ် NCA ကို ဆက်လက် ဆုပ်ကိုင်ထားတယ်လို့ RCSS ပြော
     August 21, 2023

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ_RCSS အနေနဲ့ ယနေ့အထိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ်-NCA ကို စွဲကိုင်ထားဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ ဒီကနေ့ ထုတ်ပြန်တဲ့ RCSS ရဲ့ ၆ လပတ် အစည်းအဝေး ထုတ်ပြန်ချက်မှာ အဲ့ဒီလို ပြောဆိုထားတာ ဖြစ်ပါတယ်။ NCA စာချုပ်ဟာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ပါဝင် လက်မှတ်ရေးထိုးတာတင် မကဘဲ ကုလသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ဂျပန်နိုင်ငံက အသိသက်သေအဖြစ် ပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ် ဖြစ်တယ်လို့ RCSS ကဆိုပါတယ်။ NCA အရ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှ တဆင့် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပေမယ့် အလျှော့အတင်း မလုပ်နိုင်လို့ NCA စာချုပ်ပါ အချက်အလက်များ အကောင်အထည်ဖော်တဲ့ လုပ်ငန်းများ ရှေ့မတိုးနိုင်တာ ဖြစ်တယ်လို့ RCSS ကပြောပါတယ်။ ဒါ့အပြင် တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရမှာ ဖြစ်လို့ စစ်ရေး၊ နိုင်ငံရေး ပြဿနာများ ဖြေရှင်းရာမှာ သက်ဆိုင်တဲ့ အစုအဖွဲ့ ဘက်အဖက်ဖက် အနေနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ RCSS က တိုက်တွန်း ပြောဆိုထားပါတယ်။

RCSS က တွေ့ဆုံဆွေးနွေးခြင်းဟာ အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့ ပြောဆိုပေမယ့် အဲ့ဒီလမ်းကြောင်းကို စစ်ကောင်စီက အာဏာသိမ်းခြင်းနဲ့ အတူ ဖျက်ဆီးခဲ့တာလို့ ရှမ်းနိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။“အဲ့ဒီ လမ်းကြောင်းကို စစ်ကောင်စီက ဖျက်ဆီးလိုက်လို့ ပျက်စီးသွားပြီလေ။ ဒီအကြမ်းဖက် စစ်တပ်နဲ့က ဘယ်လိုမှ ညှိနှိုင်း ဆွေးနွေး လို့ မရဘူးဆိုတာ သမိုင်းမှာလည်း သက်သေအပြည့် ရှိပါတယ်။ အဲ့ဒီလို ညှိနှိုင်း ဆွေးနွေးလို့ မရလို့ အခုအချိန်မှာ လူထုတွေက နွေဦးတော်လှန်ရေးကို ဆင်နွှဲနေတာ ဖြစ်တယ်” လို့ သူကထောက်ပြ ပြောဆိုပါတယ်။ NCA ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ RCSS နဲ့ KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နဲ့ အဲဒီကာလ ဦးသိန်းစိန် အစိုးရတို့ကြား ပထမဆုံး သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဟာ NCA နဲ့ ပတ်သက်ပြီး လက်ရှိ စစ်ကောင်စီနဲ့ မကြာခဏတွေ့ဆုံ ဆွေးနွေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ https://www.facebook.com/photo /?fbid=324279816625136&set=a.2859004 90463069

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button