သတင်း

စစ်ကောင်စီ သံချပ်ကာ ကား ၂ စီးကို ဖျက်ဆီးနိုင်ခဲ့တဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကို NUG ငွေကျပ် သိန်း ၄၀၀၀ ချီးမြှင့်

စစ်ကောင်စီ သံချပ်ကာ ကား ၂ စီးကို ဖျက်ဆီးနိုင်ခဲ့တဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကို NUG ငွေကျပ် သိန်း ၄၀၀၀ ချီးမြှင့်

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇူလိုင် ၄ ရက်၊ ၂၀၂၃။

ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ သံချပ်ကာကား ၂ စီးနှင့် ယာဥ်တန်းကို ပြီးခဲ့သည့် ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက် ဖျက်ဆီး နိုင်ခဲ့တာကို အထောက်အထားနဲ့ တင်ပြနိုင်ခဲ့တာကြောင့် NUG အစိုးရက ငွေကျပ် သိန်း ၄၀၀၀ ချီးမြှင့် လိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နှင့်အညီ အထောက်အထားနဲ့ တင်ပြနိုင် ခဲ့တာကြောင့် သံချပ်ကာယာဥ် ၁ စီးကို ကျပ်သိန်း ၂၀၀၀နှင့် ၂  စီးအတွက် မြန်မာကျပ်ငွေ သိန်း ၄၀၀၀ ကို ချင်းပြည်နယ် CNF/CNA + CDAs ရဲ့ တာဝန်ရှိသူ တွေကို NUG အစိုးရအဖွဲ့ရဲ့ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ပြုလုပ်တဲ့ ၂၂ ကြိမ်မြောက်  အစည်းအဝေး ကနေတဆင့် ဂုဏ်ပြု ချီးမြှင့်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အစည်းအဝေးထုတ်ပြန်ချက်အရ ချင်းတော်လှန်ရေး အင်အားစုများက စစ်အုပ်စု၏ သံချပ်ကာ ယာဉ် ၂ စီးကို ချေမှုန်း ဖျက်ဆီးနိုင်ခဲ့ကြောင်း အထောက်အထားများနှင့် တကွ တင်ပြလာသည့်အတွက် NUG အစိုးရ၏ စိစစ် ချီးမြှင့်ရေးအဖွဲ့က လေ့လာသုံးသပ် စိစစ်ကာ အတည်ပြုနိုင်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

ဂုဏ်ပြု ချီးမြှင့်စကားအနေဖြင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့တုန်းက ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ သံချပ်ကာကား ကား ၂ စီးနဲ့ ယာဉ်တန်းကို တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့ကြပါတယ်။ ဒီသတင်းကို ကြားရချိန်တုန်းက ကျွန်တော်တို့ အားလုံး အံ့ဩ ဝမ်းသာဖြစ်ခဲ့ပြီး တော်လှန်ရေးအတွက်လည်း တကယ်ကို အားတက်ခဲ့ကြ ရပါ တယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင် “ဒီလို ကြီးမားတဲ့ အောင်မြင်မှုမျိုးကို စွမ်းဆောင်နိုင်တဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ အပါအဝင် တိုင်းပြည်အာဏာကို စစ်တပ်က မတရား လုယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စလို့ ဒီတော်လှန်ရေးကြီးမှာ မဆုတ်မနစ် ဇွဲသတ္တိရှိရှိနဲ့ ရှေ့ဆုံးက ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ချင်းအမျိုးသားများ အားလုံးကိုလည်း အထူး လေးစားဂုဏ်ယူ ကြောင်း ပြောကြားလိုပါတယ်” ဟု အစည်းအဝေးကနေတဆင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆက်လပ် ပြောဆိုခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရဟတ်ယာဉ် တချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။

အခုနှစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရွှေပြည်အေးမြို့သစ်ကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ဖွဲ့တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF၊ ဟုမ္မလင်း ခရိုင်တပ်ရင်း ၁၊ HPDF-124၊ HPDF မိုးကြိုးနဲ့ မဟာမိတ်တပ်ပေါင်းစုတွေက စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

အလားတူ ကရင်နီပြည်၊ ဘော်လခဲခရိုင်၊ ရွာသစ်မြို့အနီးတွင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခန့်က  စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ကြောင်း ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) ဗဟိုကော်မတီ ဝင် ရဲဘောလောရင်းစိုးက ဖက်ဒရယ်ဂျာနယ် မြန်မာကို အတည်ပြု ပြောဆို ထားပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၇ ရက်နေ့က စစ်ကောင်စီ လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်နှင့် တိုက်လေ ယာဉ်တို့ကို အကြီးစား ပျက်စီးသည်အထိ ပစ်ခတ် ချေမုန်းနိုင်ပါက တစ်စီးလျှင် အမေရိကန်ဒေါ်လာ (၃) သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း (၆၀၀၀) ချီးမြှင့်မှာ ဖြစ်ကြောင်း ထုတ်ပြန်ဖူးပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button