ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇွန် ၁၂ ရက်၊ ၂၀၂၃။
ဖက်ဒရယ်ပဋိဉာဉ်ကို မသွေဖယ်ဘဲ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်တယ်လို့ ဒီကနေ့ ဇွန်လ ၁၂ရက် ညနေပိုင်းက အွန်လိုင်းကနေတဆင့် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကောင်စီ ဒုဥက္ကဌ ခွန်းဘီထူးက ပြောပါတယ်။
ဖက်ဒရယ်ပဋိဉာဉ် သို့မဟုတ် ကရင်နီအမျိုးသား တော်လှန်ရေးအစိုးရ ယန္တရားအောက်ကနေ ဖွဲ့စည်းသလားဆိုတဲ့ မေးမြန်းချက်မှာ “ဖက်ဒရယ်ပဋိဉာဉ်နဲ့ မသွေဖယ်ဘဲ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ကရင်နီဒေသအတွင်း တော်လှန်ရေးလုပ်ငန်းများကို ဆက်လက် လုပ် ဆောင်သွားမှာ ဖြစ်ပါတယ်။ NUG, NUCC နှင့် အခြားပြည်နယ်ကောင်စီများနှင့်လည်း လက်တွဲဆောင်ရွက်သွားမယ်”လို့ သူက ပြောတာပါ။
ဒါ့အပြင် ဖက်ဒရယ်ပဋိဉာဉ်နဲ့အညီ ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေး ယန္တရားများကို ဖော်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။
ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲကနေတဆင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) ဟာ တော်လှန် ရေး လုပ်ငန်းများအပြင် ပြည်သူ့လုံခြုံရေးလုပ်ငန်းများကိုလည်း အလေးထား လုပ်ဆောင်သွားမှာ ဖြစ်သလို ကောင်စီရဲ့ ရည်ရွယ်ချက်များ၊ လုပ်ဆောင်မဲ့ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြခဲ့သလို ကရင်နီဒေသက စစ်ရှိန်မြင့်နေတဲ့ အခြေအနေအပါအဝင် စစ်ရေးကဏ္ဍများကိုလည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။