သတင်း

စစ်အာဏာရှင်ကို နည်းလမ်းပေါင်းစုံ​ဖြင့် ဆက်လက် ဆန့်ကျင်ရန် ဒေါက်တာ လျန်မှုန်းဆာခေါင်း တိုက်တွန်း

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၁၆ ၊ ၂၀၂၁

စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနှင့် ဆက်လက် ဆန့်ကျင်သွားရမည် ဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ခေါင်း ဆောင်တဦးလည်းဖြစ် NUG ၏ ဖက်ဒရယ် ပြည်ထောင် စုရေးရာ ဝန်ကြီးလည်းဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက တိုက်တွန်း ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်က အွန်လိုင်းမှတဆင့် ပြုလုပ်သည့် NUCC သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခြင်းဖြစ်သည်။

လက်ရှိကာလသည် တော်လှန်ရေးကာလဖြစ်သော ကြောင့် နည်းလမ်းတမျိုးတည်းကိုသာ အသေ ဆုပ်ကိုင်မထားဘဲ မဟာဗျူဟာ၊ နည်းဗျူဟာ အမျိုးမျိုးဖြင့် တော်လှန်ရေး အောင်မြင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ဒေါက်တာ လျန်မှုန်းဆာခေါင်း က ဆိုသည်။

“တခုတည်းကို တရားသေ ရွေးချယ်လို့ မရတဲ့ ကာလဖြစ်ပါတယ်။ အခုက နည်းပေါင်းစုံနဲ့ တော်လှန်ရေး ဆင်နွှဲနေတယ်။ လမ်းမပေါ် ချီတက်ဆန္ဒပြတာလည်း ဆန့် ကျင်မှုတခုဖြစ်တယ်။ CDM ကလည်း ဆန့်ကျင်မှုတခုဖြစ်တယ်။ PDF ၊ CDF တွေရဲ့ လက်နက်ကိုင် ခုခံကာ ကွယ်ရေးဟာလည်း ဆန့်ကျင်မှုတခုဖြစ်တယ်။ ဒီနည်းလမ်းပေါင်းစုံ စုစည်းလာတဲ့အခါကျရင် အခြေအနေ ဖိအားပေးနိုင်မှုအပေါ်မှာ ကျနော်တို့ တော်လှန်ရေးက ဘယ်လိုပုံစံနဲ့ အဆုံးသတ်မယ်ဆိုတာ အဆုံးအဖြတ်ပေးလာမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ဒေါက်တာ လျန်မှုန်းဆာခေါင်းက တော်လှန် ရေးသည် တွေ့ဆုံဆွေးနွေးရေးဖြင့် အဆုံးသတ်မည်လော၊ လက်နက်ကိုင်တော်လှန်ရေးနှင့်သာ အဆုံးသတ်မည်လောဆိုသည့် အချက်များနှင့် ပတ်သက်၍လည်း ယခုကဲ့သို့ ပြောဆိုသည်။

“ဒါကတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ ဘက်ပေါင်းစုံက ပြင်ဆင်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိတယ်ဆိုတာ တင်ပြချင်ပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာ့အရေးကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရန် တိုက်တွန်းနေသော်လည်း မြန်မာနိုင်ငံအတွင်း၌မူ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ပိုမိုတိုးပွားလာခြင်းနှင့်အတူ စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်တော်လှန်မှုများနှင့် ဒလန်ရှင်းလင်းရေး လုပ်ငန်းများလည်း အရှိန်ဟုန်ဖြင့် လုပ်ဆောင်လာကြ သည်။

ထိုကဲ့သို့ အခြေအနေတွင် နည်းလမ်းတခုတည်းကိုသာ အသေ ဆုပ်ကိုင်မထားဘဲ စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနှင့် ဆက်လက်ဆန့်ကျင်ရန် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC) ခေါင်း ဆောင်တဦးလည်းဖြစ် NUG ၏ ဖက်ဒရယ်ပြည် ထောင်စုရေးရာဝန်ကြီးလည်းဖြစ်သူ ဒေါက်တာ လျန်မှုန်းဆာခေါင်းက ပြောဆိုလာခြင်းဖြစ်သည်။

Related Articles

Back to top button