သတင်း

တည်ငြိမ်မှုမရှိဘဲ မြန်မာစစ်ဘေးရှောင်များကို နေရပ်ပြန်မပို့ကြောင်း အိန္ဒိယပြည်ထဲရေး ဝန်ကြီးပြော

တည်ငြိမ်မှုမရှိဘဲ မြန်မာစစ်ဘေးရှောင်များကို နေရပ်ပြန်မပို့ကြောင်း အိန္ဒိယပြည်ထဲရေး ဝန်ကြီးပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဇန်နဝါရီ ၅၊  ၂၀၂၄

မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုမရှိသေးဘဲ မြန်မာစစ်ဘေးရှောင်များကို နေရပ်သို့ပြန်လည် ပို့ဆောင်သွားမယ့် အစီအစဉ် မရှိဘူးလို့ အိန္ဒိယပြည်ထဲရေး၀န်ကြီးက သတင်းစကား ပြောဆိုလိုက်ကြောင်း သိရပါတယ်။

နယူးဒေလီမြို့သို့ ရောက်ရှိနေတဲ့ မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်သစ် ပူးလာလ်ဒိုအောမ်မာနှင့် အိန္ဒိယပြည်ထဲရေး ၀န်ကြီး Amit Shah တို့က ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့တို့ တွေ့ ဆုံချိန် မြန်မာ့အရေး ပြောဆိုဆွေးနွေးခဲ့ရာမှာတော့ အခုလို အပြန်အလှန် သဘောထားပေး ပြောဆိုခဲ့ကြတယ်လို့ မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်သစ် ပူးလာလ် ဒိုအောမ်မာက သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အသိပေး ထုတ်ပြန်ထားပါတယ်။

“မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုမရှိမချင်း မြန်မာစစ်ဘေးရှောင်တွေကို နေရပ်ပြန်ပို့မှာမဟုတ်ဘူးဆိုတာ မီဇိုရမ်ပြည်သူတွေကို သိစေချင်ပါတယ်’’လို့ အိန္ဒိယပြည်ထဲရေး၀န်ကြီးက မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်ထံ ပြောဆိုခဲ့တာပါ။

တည်ငြိမ်မှုမရှိဘဲ မြန်မာစစ်ဘေးရှောင်တွေကို နေရပ်ပြန်မပို့ဘူးဆိုတဲ့ အိန္ဒိယဗဟိုအစိုးရရဲ့ သဘောထားကို လိုက်လှဲစွာကြိုဆိုသလို တဘက်က မဏိပူရ် ဒေသမှာ ပဋိပက္ခဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသားတွေကို လုံခြုံရေးထိခိုက် လာနိုင်စေတဲ့ အဆင့်ထိ စွပ်စွဲပြစ်တင်မှုတွေ လှုပ်ဆောင်လာတာကိုလည်း ထိန်းသိမ်း ကာကွယ် စောင့်ရှောင်ပေးဖို့ မြန်မာစစ်ဘေးရှောင်တွေကို စနစ်တကျနဲ့ ယာယီခိုလှုံခွင့်ရအောင် သတ်မှတ်ပေးဖို့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က တိုက်တွန်း တောင်းဆိုပါတယ်။

ဒါ့အပြင် လက်ရှိ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ အကျိုးစီးပွားအတွက် အိန္ဒိယဗဟိုအစိုးရအနေနဲ့ စစ်ကောင်စီကို ချဉ်းကပ်တာထက် တော်လှန်ရေး အင်အားစုတွေကို ချဉ်းကပ်ဖို့ လိုအပ်နေသလို တဘက်က မြန်မာ့အရေးမှာ အာဏာရှင်စနစ်ကျင့်သုံးတဲ့ တရုတ်ရဲ့ လွှမ်းမိုးမှုကို​လည်း လျော့ချပြီး ဒီမိုကရေစီကို ကျင့်သုံးတဲ့ အိန္ဒိယနိုင်ငံရဲ့ တော်လှန်ရေးအဖွဲ့တွေကို ချဉ်းကပ်လှုပ်ဆောင်တာက နယ်စပ်တည်ငြိမ်ရေးနဲ့ နှစ်နိုင်ငံကုန်သွယ်ရေး အတွက် နိုင်ငံရေးချိန်ခွင်ရှာ ညှိလို့ရနိုင်မှာ ဖြစ်တယ်လို့ India For Myanmar ဘက်က အကြံပြု တိုက်တွန်း ဖိတ်ခေါ်ပါတယ်။

စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေရဲ့ အဆိုအရ မီဇိုရမ်ပြည်နယ်ထဲ ၀င်ရောက်ခိုလုံနေကြတဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင်ဦးရေဟာ ၃ သောင်းကျော် ရှိနေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာ ဖေ့စ်ဘုတ်။

Related Articles

Back to top button