ဓါတ်ပုံ – EEDY Shiga
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၆၊ ၂၀၂၃
ခေတ်အဆက်ဆက် အစိုးရတွေက ကျင့်သုံးခဲ့တဲ့ မဟာလူမျိုးကြီးဝါဒကို အမြစ်ပြတ်ချေမုန်းနိုင်ဖို့ ကချင် လူမျိုးများနှင့် အတူယှဉ်တွဲနေထိုင်လျက်ရှိတဲ့ ရှမ်းလူမျိုးတွေကလည်း အတူတကွ ဆန့်ကျင်တိုက်ဖျက်ဖို့ လိုတယ် လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက မနေ့က ကျရောက်တဲ့ ၆၂ နှစ်မြောက် ကချင်လွတ်လပ် ရေးအဖွဲ့(KIO) ၏တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။
ပြည်ထောင်စု တည်ဆောက်ခဲ့တဲ့ နှစ်ပေါင်း (၇၅) နှစ်အတွင်း ခေတ်အဆက်ဆက်က အစိုးရတွေ ကျင့်သုံးခဲ့တဲ့ မဟာလူမျိုးကြီးဝါဒတို့ကြောင့် မိမိတို့လူမျိုးများ၏ ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ စာပေနှင့် ယာဉ်ကျေးမှုများကို လေးစား တန်ဖိုးထား ဂုဏ်ယူရမယ့်အစား မျက်ကွယ်ပြုလာတက်တဲ့ အပြုအမှုများ မျိုးဆက်သစ်များမှာ ဖြစ်ပေါ်စေနေတာကို တွေ့မြင်လာရတယ်လို့ ထောက်ပြပြောဆိုပါတယ်။
ဒါ့အပြင် မဟာလူမျိုးကြီးဝါဒဟာ ခေတ်အဆက်ဆက်ကတည်း “စပါးအုံးမြွေကြီးက သမင်မြိုသလို” လူမျိုးတမျိုး ပျေက်ကွယ်သွားနိုင်တဲ့အထိ ဖြစ်ပေါ်စေနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာကို နားလည်ထားဖို့ လိုအပ်သလို အဲဒီ မဟာလူမျိုးကြီးဝါဒကို ဆန့်ကျင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အင်အားစုတွေကိုဘဲ တာဝန်ပေး အားကိုးတဲ့ အခင်းအကျင်းမဟုတ်ပဲ ပြည်သူလူထုတွေကိုယ်တိုင် ဆန့်ကျင်တိုက်ဖျက်ဖို့ လိုတယ်လို့ အကြံပြု ပြောဆို ထားပါတယ်။
အလားတူ ကချင် လူမျိုးများနှင့် အတူယှဉ်တွဲနေထိုင်လျက်ရှိတဲ့ ရှမ်းလူမျိုးတွေကလည်း ခေတ်အဆက်ဆက်က အစိုးရတွေနဲ့ စစ်ကောင်စီတို့ရဲ့ ကျင့်သုံးခဲ့တဲ့ မဟာလူမျိုးကြီးဝါဒအောက်မှာ တူညီစွာ ဖိနှိပ်ခံနေရတယ်ဆိုတာကို အမြင်ရှင်းဖို့လိုအပ်သလို စစ်ကောင်စီ၏ သွေးခွဲတဲ့ ပြောဆိုသမုတ်မှုများကိုလည်း ခွဲခြမ်း စိတ်ဖြာပြီး နားလည် ဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ယခုကာလာဟာ ဘက်ပေါင်းစုံ ဖိနှိပ်မှုအခြေအနေမှ လွတ်မြောက်နိုင်ဖို့ တိုက်ပွဲဝင်နေတာ ဖြစ်သလို ဒီဖိနှိပ်မှုများကနေ လွတ်မြောက်ဖို့ ရှမ်းလူမျိုးများကိုယ်တိုင် ပါဝင်တွန်းလှန်ဖို့ အချိန်ကျရောက်နေပြီဆိုတာကို တိုက်တွန်း နိုးဆောင်လိုက်တယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆိုထားပါတယ်။