သတင်း

ရှမ်းမြောက် နှစ်ဖက်တိုက်ပွဲများက စစ်သားတွေကို လက်နက်ချအညံ့ခံဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ရာဇသံပေး

ရှမ်းမြောက် နှစ်ဖက်တိုက်ပွဲများက စစ်သားတွေကို လက်နက်ချအညံ့ခံဖို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ရာဇသံပေး

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
နိုဝင်ဘာ ၂၈၊ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ညီနောင်မဟာမိတ် ၃ဖွဲ့က စစ်ကောင်စီ စစ်သားတို့ကို လက်နက်ချအညံ့ခံဖို့ ဒီကနေ့မှာ ရာဇသံပေး ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နိုဝင်ဘာလ ၂၇ရက်မှာ တစ်လပြည့်မြောက်ခဲ့ပြီဖြစ်သလို စစ်ဆင်ရေးရက်အားဖြင့် ၃၂ရက်မြောက်နေ့ကို ရောက်ရှိ လာခဲ့ ပြီဖြစ်ပြီး သတ်မှတ်ထား စစ်ဆင်ရေးပစ်မှတ်များနှင့် မြို့သိမ်းတိုက်ပွဲတွေကိုလည်း ဆက်လက် ဆင်နွှဲနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီးဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ စစ်ဗျူဟာ စခန်းကုန်းကို ညီနောင်မဟာမိတ် ၃ဖွဲ့မှ နိုဝင်ဘာလ ၂၇ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ဆက်လက် ပြင်းထန်နေသလို အဲဒီတိုက်ပွဲအတွင်း စစ်တပ်က ဂျက်တိုက်လေယာဉ် ၁စီးနဲ့ နှစ်ကြိမ်တိုင်လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစခန်းကို ၂၄ နာရီအတွင်း လက်နက်ချ၊ အညံ့ခံဖို့ ပြောထားပေမယ့် လက်နက်ချအညံ့မခံတာ ကြောင့် အခုလို တိုက်ခိုက်နေတာဖြစ်ပြီး လက်နက်ချအညံ့မခံတဲ့ စခန်းတွေကို တစ်ခုပြီး တစ်ခု ဆက်လက်တိုက်ခိုက်သွားမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

“ကျောက်မဲ၊ မူဆယ်၊ လားရှိုးတို့မှာ ပစ်ခတ်သံတွေ ကြားနေရတယ်။ လက်နက်ကြီးသံတွေလည်း အဆက်မပြတ်ပဲ၊ လားရှိုးတပ်ကလည်း မြို့ပြင်ဖက်ကို လက်နက်ကြီးလှမ်းပစ်ကူပေးနေတယ်။ ကျောက်မဲတိုးဂိတ်ကတော့ မနက်အစောကတည်းက ကျသွားပြီ”လို့ ဒေသခံတစ်ဦးက FJMM ကို ပြောပါတယ်။

TNLA တပ်မဟာ (၁) စစ်ဒေသ၊ မူဆယ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ နမ့်ပေါတံတားတပ်စခန်းကိုလည်း နိုဝင်ဘာလ ၂၇ရက်၊ မနက်ပိုင်းက TNLA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ တပ်မဟာ (၂) စစ်ဒေသ၊ ကျောက်မဲ မြို့နယ်၊ ကောင်းမူးလိန်ကျေးရွာအနီးမှာ နိုဝင်ဘာလ ၂၇ရက်က TNLAနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို လားရှိုးမြို့နယ်၊ မိုင်းလီ ကျေးရွာ မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို TNLA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – The KoKang

Related Articles

Back to top button