သတင်း

“နိုင်ငံကြီးတွေ အားပြိုင်မှုကြားက မြန်မာ- အန်ယူဂျီကို အမေရိကန် ဘယ်လို တရားဝင် အသိအမှတ်ပြု ပံ့ပိုးမလဲ”

“နိုင်ငံကြီးတွေ အားပြိုင်မှုကြားက မြန်မာ- အန်ယူဂျီကို အမေရိကန် ဘယ်လို တရားဝင် အသိအမှတ်ပြု ပံ့ပိုးမလဲ”

ဖက်ဒရယ်ဂျာနယ်
ဒီဇင်ဘာ ၂၉၊ ၂၀၂၁

၂၀၂၂ ဘဏ္ဏာနှစ်အတွက် NDAA လို့ အတိုကောက်ခေါ်တဲ့ အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေ ရဲ့ နိုင်ငံခြားရေးနဲ့ပတ်သက်သောအခြားကိစ္စ ရပ်များဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာ့အရေး ပြင်ဆင်ချက် ပါဝင်လာပါတယ်။

ဒီဥပဒေအရ မြန်မာနိုင်ငံကို ဘာတွေ အထောက်အကူပေးမှာလဲဆိုတာကို ကြည့်ပါမယ်။

ဘာတွေကို ဘယ်လိုကူမှာလဲ

အဲဒီ NDAA ပြင်ဆင်ချက်ပါ အချက်တွေထဲမှာ စစ်ကောင်စီကို အရေးယူနိုင်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင် အသိအမှတ်ပြု ကူညီပံ့ပိုးတာတွေ လုပ်ဖို့ဆိုတာတွေ ပါဝင်လာပါတယ်။

ဒီဥပဒေအရ လာမယ့် ၂၀၂၂ဘဏ္ဍာနှစ်မှာ အမေရိကန်ကာကွယ်ရေးဌာနအတွက် ဒေါ်လာ ဘီလီယံ ၇၇၀ သုံးစွဲခွင့်ပြုမှာ ဖြစ်ပါတယ်။

မြန်မာပြည်အတွက် NUG ရဲ့ အုပ်ချုပ်‌ရေး ဆိုင်ရာဆောင်ရွက်ချက်တွေ၊ အစီ အစဉ်တွေကိုတရားဝင်ဖြစ်အောင် ဖော်ပြထားသလို ရုံးမတက်ဘဲ အာဏာဖီဆန်ရေးလုပ်ခဲ့တဲ့ CDM လှုပ်ရှားမှုကိုထောက်ခံအားပေးပြီး တရားဝင် ဖြစ်အောင် လုပ်ဆောင်ဖို့အပါအဝင် လိုအပ်တဲ့ကူညီထောက်ပံ့မှုတွေ ပေးဖို့ ဆောင်ရွက်ဖို့ဆိုတာတွေပါဝင်ပါတယ်။

ဒါဟာ အချုပ်ပြောရရင် စစ်တပ်ကို တရားဝင်မှု မပေးဖို့နဲ့ အန်ယူဂျီကို တရားဝင်မှုပေးဖို့ အမေရိကန်က အစွမ်းကုန် အရင်းအမြစ်တွေ သုံးပြီးလုပ်မယ်ဆိုတာဖြစ်တယ်လို့ သြစတြေးလျ အမျိုးသား လုံခြုံရေး ကောလိပ်က စစ်ဘက်နဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာလေ့လာသူ ကိုကျော်ဇောဟန်က ပြောပြပါတယ်။

အဲဒီဥပဒေပါ မြန်မာ့အရေးနဲ့ပတ်သက်ပြီးအမေရိကန်အထတ်လွှတ်တော်အမတ် Mitch McConnell ဦးဆောင်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ McConnell ဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆယ်စုနှစ်များစွာ တောက်လျှောက် ကြိုးစားထောက်ခံခဲ့သူ ဖြစ်ပါတယ်။

အဲဒီဥပဒေမှာ မြန်မာအပေါ် တရုတ်နဲ့ရုရှားရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားနဲ့ လွှမ်းမိုးတဲ့ လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံ လူမျိုးစု ပဋိပက္ခ ပိုကြီးလာတာကို ပြန်လည်သုံးသပ်ဖို့လည်း ပါဝင်ပါတယ်။

နိုင်ငံကြီးတွေရဲ့ ပထဝီနိုင်ငံရေး အားပြိုင်မှုကြားက မြန်မာ

အဲဒီဥပဒေအရ “တရုတ်နဲ့ ရုရှားရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အကျိုးစီးပွားတွေကို လေ့လာပြီး သုံးသပ်ပြဖို့ ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံကြီးတွေရဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ အားပြိုင်မှုထဲမှာ သိသိသာသာ ပါလာတဲ့ အခြေအနေကို တွေ့ရတယ်။”

“ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း မြန်မာက ရုရှားနဲ့ တရုတ်ဘက်ကို ပိုပြီး နီးစပ်သွားတဲ့အတွက် အမေရိကန်က သူ့ရဲ့ စိုးရိမ်ချက်နဲ့ မြန်မာကို ပိုပြီး အာရုံစိုက်လာတယ်လို့ ယူဆရပါတယ်”လို့ ကိုကျော်ဇောဟန်က ပြောပါတယ်။

ဘယ်လို အသက်ဝင်အောင်လုပ်မှာလဲ

ဥပဒေပါ မြန်မာ့အရေး ပြင်ဆင်ချက်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီပေးရေး အေဂျင်စီ (USAID)၊ ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က အဆင့်မြင့် တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရရဲ့ မူဝါဒတွေနဲ့ လုံခြုံရေးဆိုင်ရာ ရည်မှန်းချက်တွေကို ကွန်ဂရက်မှာ လူကိုယ်တိုင် ရှင်းလင်းတင်ပြကြဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။

အမေရိကန်အစိုးရ တာဝန်ရှိသူတွေဟာ သက်ဆိုင်ရာလွှတ်တော် ကော်မတီတွေကို ဥပဒေ ပြဋ္ဌာန်းပြီး ရက် ၆၀ အတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အစီရင်ခံတင်ပြရ မှာဖြစ်ပါတယ်။

NDAA ရဲ့ တခြားသိသင့်တာတွေ

အဲဒီ ဥပဒေဟာ အနှစ် ၆၀ အတွင်း နှစ်စဥ် ဥပဒေ ပြင်ဆင်ထုတ်ပြန်နေတဲ့ ဥပဒေ ဖြစ်ပါတယ်။

ဒီနှစ် ဥပဒေအရ အမေရိကန် တပ်ဖွဲ့ဝင်တွေရဲ့ လစာ ၂.၇ ရာခိုင်နှုန်း တိုးပေးဖို့ နဲ့ အမေရိကန် စစ်တပ်တွေအတွက် လေယာဥ်တွေနဲ့ ရေတပ် စစ်သင်္ဘောတွေ တိုးဝယ်ဖို့လည်း ပါပါတယ်။

တရုတ်အရေးမှာတော့ ပစိဖိတ်ဒေသကာကွယ်မှု အနေနဲ့ ဒေါ်လာ ၇.၁ ဘီလျံ သုံးစွဲမှာ ဖြစ်ပါတယ်။

ရုရှားနဲ့ တင်းမာမှုတွေ ရှိနေတဲ့ ယူကရိန်းအရေးမှာတော့ ယူကရိန်း လုံခြုံရေး အထောက်အကူပြုမှု အဖြစ် ဒေါ်လာ သန်း ၃၀၀ သုံးစွဲမှာ ဖြစ်ပြီး အဲဒီကနေ ယူကရိန်း တပ်ဖွဲ့တွေကို ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ဥရောပကာကွယ်ရေးအနေနဲ့ ဒေါ်လာ ၄ ဘီလျံသုံးစွဲမှာ ဖြစ်ပြီး ဘောလ်တစ်ဒေသလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ဒေါ်လာ သန်း ၁၅၀ သုံးစွဲမှာ ဖြစ်ပါတယ်။

Source – BBC, Getty Images

Related Articles

Back to top button