သတင်း

လားဟူဒီမိုကရက်တစ်အစည်းအရုံးမှ တာဝန်ရှိသူများနဲ့ တွေ့ဆုံမေးမြန်းခြင်း

၂၀၂၅မှာ တော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့အားကောင်းဖို့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ

လားဟူဒီမိုကရက်တစ်အစည်းအရုံးမှ တာဝန်ရှိသူများနဲ့ တွေ့ဆုံမေးမြန်းခြင်း

မေး။ ။ ပထမဆုံးအနေနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးကို စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်နဲ့ အဖွဲ့အစည်းအကြောင်း မိတ်ဆက်ပေးပါအုံး။ လက်ရှိတော်လှန်ရေးမှာ ဘယ်လိုအခန်းကဏ္ဍ၊ လှုပ်ရှားမှုတွေနဲ့ ပါဝင်နေကြသလဲ။

အထွေထွေ အတွင်းရေးမှူး-ကျာကော်

ဖြေ။ ။ လားဟူဒီမိုကရက်တစ်အစည်းအရုံးကို ၁၉၇၃ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့မှာ ပူကျောက်လုံနဲ့ သား ကျအူဖုရားတို့ ဦးဆောင်ပြီး လားဟူလက်နက်ကိုင်တော်လှန်ရေးကို စတင်တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

လားဟူဒီမိုကရက်တစ် အစည်းအရုံးအနေနဲ့ ၂၀၂၁ခုနှစ် အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တော်လှန်ရေး အင်အားစုတွေနဲ့ အတူ ရပ်တည်ပြီး ကျနော်တို့အဖွဲ့အစည်း တတ်နိုင်တဲ့ဘက်ကနေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့နဲ့ အတူ ပူးပေါင်းပါဝင်ပြီး မြေပြင်ကို တိုက်ပွဲဝင်တာနဲ့ အခြားတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး တော်လှန်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာ ရှိပါတယ်။ လားဟူလူထုကိုလည်း ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုတွေနဲ့ လိုအပ်တဲ့ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာ ရှိပါတယ်၊ ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေကိုလည်း မိမိတို့နိုင်တဲ့ဘက်က ကူညီထောက်ပံ့မှုတွေ ပြုလုပ်လျက်ရှိပါတယ်။

မေး။ ။ ၂၀၂၄ ခုနှစ်ရဲ့ တော်လှန်ရေးအရွေ့ထဲကိုပြန်ကြည့်ရင် တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ပွဲ ဖော်ဆောင်မှုရလဒ်တွေက စစ်ကောင်စီအပေါ် ဘယ်လောက်ထိ သက်ရောက်မှုဖြစ်စေခဲ့လဲ။ ဒါက စစ်ကောင်စီရဲ့(အုပ်ချုပ်ရေးယန္တရား၊ စစ်ရေးကဏ္ဍ) တို့ကို ဘယ်လောက်ထိ အရှိုက်ထိစေခဲ့သလဲ။

ဥက္ကဌ – ကျာဟား

ဖြေ။ ။ ၂၀၂၄ခုနှစ်ထဲမှာ တော်လှန်ရေးအင်အားစုတွေနဲ့ အကြမ်းဖက်စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်လာတာနဲ့ အမျှ အကြမ်းဖက်စစ်ကောင်စီဘက်က စစ်သားကျရှုံးမှု များလာတာ တွေ့ရတယ်။ သူတို့ဘက်က စစ်သားအင်အား လျော့နည်းလာတာကြောင့်လည်း အတင်းအဓမ္မ စစ်သားစုဆောင်မှုတွေ တိုးပြီး လုပ်ဆောင်နေတာပေါ့။

စစ်ရှုံးနယ်မြေ များလာတာနဲ့အမျှ အကြမ်းဖက်စစ်ကောင်စီဖက်က အပြစ်မဲ့ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကျဲတာတွေ ပိုမိုပြုလုပ်လာတာ ကြောင့်လည်း အပြစ်မဲ့တဲ့ ပြည်သူမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရပြီး ဒီအတွက် သူတို့ကို ထောက်ခံသူတွေအပါအဝင် ပြည်သူလူထုတွေဟာ စစ်ကောင်စီအပေါ်  ယုံကြည်မှုတွေ လျော့ကျလာတာ ထင်ရှားပါတယ်။

သူတို့ စစ်အုပ်ချုပ်ရေးယန္တရားတွေကို ကြည့်မယ်ဆိုရင်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုပြိုပြိုကွဲလာ နေတာကိုလည်း တွေ့မြင်ရမှာပါ။ ကမ္ဘာ့နိုင်ငံ အများစုကတော့ မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လာတာ၊ ရှုတ်ချလာတာတွေ ပိုမိုလုပ်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။

မေး။ ။ ရှမ်းမြောက်ပိုင်း ညီနောင်သုံးဖွဲ့ဦးဆောင်တဲ့ မြို့သိမ်းတိုက်ပွဲ ၁၀၂၇ စစ်ဆင်ရေး စလာခဲ့တော့ တရုတ်က မီးစိမ်းပြလို့ လုပ်ဆောင်နိုင်တာလို့ သုံးသပ်ကြပါတယ်။ ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့် ချိန်မှာတော့ တရုတ်က မီးနီပြသွားပြန်တယ်ဆိုပြီး ဆိုပါတယ်။ မြန်မာ့အရေး တရုတ်ရဲ့ ကြိုးကိုင်မှုက စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစု ဘယ်ဖက်ကို ဖိအားပိုဖြစ်စေလဲ။

ဒုဥက္ကဌ – ကျာခွန်ဆာ

ဖြေ။ ။ ၁၀၂၇ နောက်ပိုင်း စစ်ကောင်စီ နယ်မြေမြောက်များစွာ ဆုံးရှုံးလာတာနဲ့အမျှ တရုတ်နိုင်ငံကတော့ သူကြိုးကိုင်နိုင်တဲ့ အကျိုးတူတဲ့ စစ်ကောင်စီနဲ့သာ ပိုမိုပူးပေါင်းပြီး တရုတ်နိုင်ငံအကျိုးစီးပွားနှင့်   ရင်းနှီးမှုများ ပြုလုပ်ထားကြသော ကိုလိုနီတွေရဲ့ အကျိုးအမြတ်ကိုသာကြည့်ပြီး လက်ရှိတော်လှန်ရေး အဆုံးသတ်နိုင်ရေးအတွက်  မြန်မာနိုင်ငံငြိမ်းချမ်းရေးကို စိတ်မဝင်စားဘဲ သူတို့ရဲ့ အကျိုးအမြတ်အတွက် နှစ်ဖက်ခွထားတယ်လို့ မြင်ပါတယ်။

အခုနှစ်ဖက်ခွထားတာစာ တော်လှန်ရေးအရွေ့ အဆုံးသတ်နိုင်စေရေး အတွက် အချိန်ကြာမြင့်စေနိုင်တဲ့အပြင် ပြည်သူလူထုတွေကို ပိုမိုဒုက္ခရောက်စေပြီး နစ်နာဆုံးရှုံး ပိုမိုများပြားဖြစ်ထွန်း လာနေတာကိုလည်း တရုတ်နိုင်ငံမှ လုံးဝလှစ်လှူရှုထားတာ တွေ့ရပါတယ်။

မေး။ ။ တဘက်က တရုတ်ဖိအားပေးမှု ကြုံနေရတဲ့ EROs နဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ တရုတ်ကို ထိရောက်စွာ ပြန်လည်တုန့်ပြန်မှုလုပ်ဆောင်နိုင်ရင် တော်လှန်ရေး အရှိန်နဲ့ မြန်မာ့ နိုင်ငံရေးအရွေ့ကို ဘယ်လိုအပြောင်းအလဲ ဖြစ်စေနိုင်မလဲ။

ဥက္ကဌ – ကျာဟား

ဖြေ။ ။ နဂိုရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ အားလုံး၊ တော်လှန်ရေးကာလအတွင်း လက်နက်ကိုင်တော်လှန်ကြတဲ့ အင်အားစုတွေ၊  အခြားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အစုအဖွဲ့တွေ အားလုံး  အမြန်စည်းလုံးညီညွတ်ပြီး  တပြိုင်တည်း တိုက်ပွဲဝင်နိုင်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် အမြန်ဆုံး အဆုံးသတ်နိုင်မယ်လို့ သုံးသပ်မိပါတယ်။ ပြည်သူလူထုတွေကလည်း ကြံ့ကြံခံစည်းလုံးညီညွတ်ပြီး တော်လှန်ရေးဘက်က ရပ်တည်နိုင်ဖို့ဟာလည်း အရေးကြီးပါတယ်။

တရားမဝင် တရုတ်စီးပွားရေးတွေကို နယ်မြေဒေသအသီးသီးက လက်မခံစေရေးအတွက်လည်း ဒေသ အာဏာပိုင်တွေကို စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်သင့်ပါတယ်။

မေး။ ။ စစ်ကောင်စီနဲ့ နီးစပ်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီက ကြိုးစားကြမယ့် ဒီမိုကရေစီဖက်ဒရယ် တည်ဆောက်ရေးက လူထုတောင်းဆိုချက်ကို ပြည့်မှီအောင် တကယ်ကော ဖော်ဆောင်နိုင်ပါ့မလား။

ကျာမူးဒီ – ဗဟိုကော်မတီဝင်

ဖြေ။ ။ စစ်ကောင်စီနဲ့ နီးစပ်နေတဲ့ နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီက ကြိုးစားနေတဲ့ ဒီမိုကရေစီဖက်ဒရယ် တည်ဆောက်ရေးဆိုတာဟာ ဖက်ဒရယ်ဒီမိုကရေစီ အတုအယောင်သာဖြစ်ပြီး စစ်ကောင်စီ အနေနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို လုံး၀ဖော်ဆောင်မှာမဟုတ်ဘူးလို့ LDU အနေနဲ့ ပြောကြားလိုပါတယ်။ စစ်ကောင်စီအနေနဲ့ အာဏာရှင်စနစ်နဲ့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်  အာဏာတည်မြဲရေးကိုသာ လုပ်ဆောင်သွားကြမှာဖြစ်ပြီး ပြည်သူလူထုရဲ့ နစ်နာဆုံးရှုံးမှု အသက်သွေးချွေးပေးဆပ်နေရတာကို ဆက်လက် လှစ်လှူရှုထားလိမ့်မယ်လို့လည်း ပြောချင်ပါတယ်။

မေး။ ။ တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အမြင်ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လက်ရှိ နွေဦးတော်လှန်ရေးနဲ့ ဖက်ဒရယ်အရွေ့ပိုပြီးတော့ အားကောင်းလာဖို့အတွက် အဓိကရင်ဆိုင်နေရတာက ဘာတွေဖြစ်မလဲ။ ဒါတွေကို ဘယ်လိုကျော်ဖြတ်သင့်သလဲ။

အထွေထွေ အတွင်းရေးမှူး-ကျာကော်

အကြမ်းဖက်စစ်ကောင်စီဘက်က ဖယ်ဒရယ်ဒီမိုကရေစီဆိုတာကို နိုင်ငံတကာ ကြားသာ ကြားကောင်းရုံမျှပဲ ပြောနေတာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးနဲ့ ယခုတော်လှန်ရေးအင်အားစုတွေရဲ့ တောင်းဆိုချက်ကို လုံးဝလှစ်လှူရှုထားတာ တွေ့ရပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတချို့ကလည်း စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တော်လှန်ရေး ကြန့်ကြာအောင် ကူညီလုပ်ဆောင်မှုတွေပြုလုပ်နေတာတွေ ဥပမာ-ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက် အားပေးတာမျိုးကို ရပ်တန့်စေချင်ပါတယ်။ နိုင်ငံတကာရောက်ပြည်သူလူထုတွေအနေနဲ့လည်း  အသံများများ ထွက်ပေးဖို့လည်း လိုပါတယ်။ တောင်းဆို၊ စည်းရုံးလှုပ်ဆော်မှုတွေ များများလုပ်ဆောင်ပေးဖို့လည်း လိုပါလိမ့်မယ်။

တော်လှန်ရေးအင်အားစုတွေ အနေနဲ့ကတော့ တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ လက်နက်ခဲယမ်း မလုံလောက်တာတွေ၊ ရိက္ခာမလုံလောက်တော့တာ၊ ခေတ်မှီစစ်သုံးအထောက်အကူတွေ အမြန်ရရှိနိုင်မှု အားနည်းတာ၊ အချို့တိုက်ပွဲတွေမှာ စကစဘက်က ပြည်သူလူထုကို ပစ်မှတ်ထားလာတာတွေကြောင့် နောက်ဆုတ်ပေးလိုက်ရတာတွေ ရှိပါတယ်။ ဒါတွေကို အမြန်ဆုံး ပြင်ဆင်ကျော်ဖြတ်ရမှာပါ။

မေး။ ။ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့အခါ အချုပ်အခြာအာဏာ၊ သွေးစည်း ညီညွတ်မှု၊ လူထုနှင့်အနီးကပ်ဆုံးအာဏာနှင့် အချိုးကျမှု အခြေခံမူများအတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေ ကျင့်သုံးမယ်လို့ ပြည်နယ်အားကောင်းရေးမှာ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism)မူကို  တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ထားတဲ့အပေါ် လက်တွေ့ဖြစ်လာအောင် ဘယ်လိုမျိုးအကောင်အထည်ဖော်ကြမလဲ။

ဖြေ။ ။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ၊ တော်လှန်ရေး နိုင်ငံရေးပါတီတွေ၊ တော်လှန်ရေးကာလ မှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အင်အားစုတွေနဲ့ မြန်မာနိုင်ငံ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ရေးအတွက် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်း၊ အစုအဖွဲ့တွေ အားလုံးပေါင်းစည်း စုဆုံနိုင်ပြီး အားလုံးပါဝင်လာနိုင်ရေးကို ဦးတည်ပြီး အမြန်ဆုံး ဖော်ဆောင်သင့်ပါတယ်။

ပြည်နယ်အသီးသီးမှ ပြည်သူလူထုတွေ ကို ဖယ်ဒရယ် ဒီမိုကရေစီသဘောတရား နားလည်လာစေဖို့ အတွက်လည်း စည်းရုံးလှုံ့ဆော် အမြင်ဖွင့်မှုတွေ လုပ်ဆောင်နိုင်သင့်တယ်။ ပြည်နယ်အတွင်းမှာရှိကြတဲ့ ဒေသခံအာဏာပိုင် အစုအဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ၊ စည်းရုံးရေးကိစ္စတွေ များများ လုပ်ဆောင်ရလိမ့်မယ်လို့ မြင်ပါတယ် ။

မေး။ ။ တခြားဖြည့်စွက်ပြီး ပြောချင်တာရှိရင် ပြောပေးပါအုံးခင်ဗျ။

UNနဲ့ နိုင်ငံတကာကလည်း အကြမ်းဖက်စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်စွာနဲ့ ပြည်သူလူထုတွေကို ဖမ်းဆီးနှိပ်စက်တာ၊ သတ်ဖြတ်တာတွေကို လစ်လှူရှုနေတာကို ရပ်တန့်ပြီး ကျယ်လောင်တဲ့ အသံထွက် ပေးကြဖို့  LDUမှ တောင်းဆိုလိုပါတယ်။ အာဆီယံနိုင်ငံတွေကလည်း မြန်မာအရေးကိစ္စအပေါ် မူ (၅) ချက်ချမှတ်ထားပေမယ့် လက်တွေ့အကောင်အထည် ဖော်ဆောင်မှုမရှိတဲ့အပေါ် အမြန် အကောင်အထည် ဖော်ဆောင်မှုတွေ ပြုလုပ်ဖို့ LDU အနေနဲ့ တောင်းဆိုလိုပါတယ်။

Related Articles

Back to top button