သတင်း

တော်လှန်ရေးအရွေ့နဲ့ ပအိုဝ်းလူထုအကျိုးဖြစ်ထွန်းဖို့ မဟာမိတ်များနဲ့ ပူးပေါင်းပြီး PNFC ဆောင်ရွက်နေ

ဓါတ်ပုံ – PNFC 

ဖက်ဒရယ်ဂျာနယ် မြန်မာ

မေ ၄ ရက်၊ ၂၀၂၃။

တော်လှန်ရေးအရွေ့နဲ့ ပအိုဝ်းလူထုအကျိုးဖြစ်ထွန်းဖို့ မဟာမိတ်များနဲ့ ပူးပေါင်းပြီး ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ(PNFC) က ဆက်လက် ဖော်ဆောင်လျှက်ရှိတယ်လို့ ကောင်စီတာဝန်ရှိသူတွေက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

“မူဝါဒပိုင်း နိုင်ငံရေးပိုင်းဆိုရင် NUCC မှာလည်း ကြားကာလ ဖွဲ့စည်းပုံကိစ္စရပ်နဲ့ ပတ်သတ်ပြီး လုပ်ဆောင် နေတာကြောင့် မူဝါဒပိုင်းရေးရာ နိုင်ငံရေးရာပိုင်းမှာ NUG ၊ NUCC မှာ အဓိက ချိတ်ဆက်ဆောင်ရွက် လျှက်ရှိပါတယ်။ တော်လှန်ရေးပိုင်းမှာ ဆိုရင်တော့ မြေပြင်မှာ ကရင်နီမှာရှိတဲ့ KNPP တို့ နဲ့ ချိတ်ဆက် ဆောင်ရွက်လျှက်ရှိပြီး လက်နက်ကိုင်တော်လှန်ရေးအနေနဲ့ဆိုရင်လည်း KNUနဲ့ပါ ချိတ်ဆက်ဆောင်ရွက် လျှက်ရှိပါတယ်” လို့ ကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး ခွန်ဝါးက ပြောပါတယ်။

လက်ရှိမှာတော့ ကောင်စီအနေဖြင့် မြေပြင်မှာ အရေးပေါ်လိုအပ်နေတဲ့ စစ်ဘေးရှောင်ပြည်သူများကို ကူညီ ဆောင်ရွက်လျှက်ရှိသလို ပအိုဝ်းဒေသအပါအဝင် ထိစပ်ဒေသတွေက လူထုတွေကြုံတွေ့နေရတဲ့ မြေပြင် အခြေအနေ တွေကို မှတ်တမ်းတင် အချက်အလက် စုဆောင်းလျှက် ရှိတယ်လို့လည်း ဆိုပါတယ်။

အခု ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ(PNFC) ရဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှုဟာ လက်ရှိ ကာလ အတွင်း ပအိုဝ်းလူထုတွေအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းတာမျိုး မရှိသေးပေမယ့် အနာဂတ် ကာလ မှာတော့ အားကိုးရတဲ့ နေရာတစ်ခု ဖြစ်လာမယ်လို့ ကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး ခွန်ဝါးက ဆက်ပြော ပါတယ်။

ဒါ့အပြင် ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီ(PNFC)ကို စုဖွဲ့ထားပြီးနောက် ပညာရေးကော်မတီ၊ ကျန်းမာရေး ကော်မတီ၊ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ကော်မတီ စတဲ့ကော်မတီများကိုတော့ ဥက္ကဋ္ဌစနစ်နဲ့ ဦးဆောင်လျှက်ရှိပြီး ရှိထားတဲ့ လူအင်အားနဲ့ ကော်မတီကို ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပညာရေးကော်မတီအောက်ကနေတော့ Online ကနေ ပညာသင်ကြားပေးရေးကိုလည်း အကောင်အထည် ဖော်လျှက်ရှိနေတာပါ။

လက်ရှိချိန်မှာတော့ တော်လှန်ရေးအတွက် ပိုပြီးအချိန်ပေးလျှက် ရှိနေသလို အုပ်ချုပ်ရေးနဲ့ပတ်သတ်ပြီးတော့လည်း မူဝါဒရေးရာ ရေးဆွဲရေးကိုလည်း ပြင်ဆင်လျှက်ရှိတယ်လို့ ကောင်စီထံက သိရပါတယ်။

ဒါ့အပြင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ရဲ့ စစ်ရေးဌာန အောက်ကနေ လက်နက် ကိုင် တပ်ဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခမ်းဒေါင်း – (PPDF-KD) နှင့် ပအိုဝ်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ ခမ်းကောင် (PNDF-KK) တပ်ဖွဲ့တို့ကို လက်နက်တပ်ဆင်ကာ စစ်ရေးလှုပ်ရှားမှုများလည်း ဆောင်ရွက်လျှက် ရှိနေပါတယ်။

Related Articles

Back to top button