၁။ စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့်ကုန်စည်စီးဆင်းမှုတားမြစ်
October 28, 2024
အာဏာသိမ်းစစ်ကောင်စီက ကရင်နီပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ထိန်းချုပ် ထားမှု၊ အကူအညီပေးသည့်အဖွဲ့အစည်းများ ကန့်သတ်မှုနှင့် ကုန်စည်စီးဆင်းမှုကို တားမြစ်ထိန်းချုပ်ထားကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ထုတ်ပြန်သည်။ ထို့ကြောင့် ကရင်နီပြည်နယ်အတွင်း သဘာဝဘေးဆိုင်ရာ အကျပ် အတည်းများနှင့် လူသားချင်းဆိုင်ရာ အကူအညီလိုအပ်ချက်အလွန်ကြီးမားနေသည်ဟုအသိပေးသည်။ စစ်ဘေးရှောင်ပြည်သူနှင့် ရေဘေးသင့် ပြည်သူများ၏ ကြုံတွေ့နေရသော ခက်ခဲသောစိန်ခေါ်မှုများကို နိုင်ငံ တကာ ကသိရှိပြီး စာနာထောက်ထားပေးရန် နှင့် ကူညီပံ့ပိုးမှုများတိုးမြှင့်ပေးရန်လည်း IEC က မေတ္တာရပ်ခံသည်။ “ရေဘေးနဲ့ စစ်ဘေး ရောသွားတော့ ကရင်နီလူထုက ပိုဒုက္ခ ရောက်ခဲ့ရတယ်။ဆိုးတာက ပြည်မဘက်ကနေ ကရင်နီထဲကိုဝင်မယ့်စားနပ်ရိက္ခာလမ်းကြောင်းတွေကိုလည်း စစ်တပ်က ပိတ်နေ တယ်။ အဘက်ဘက်က အကြပ်အတည်းတွေ ရှိတယ်။ရေဘေးကြုံခဲ့ရတဲ့သူတွေအတွက်တောင် ကယ်ဆယ်ရေးမပြီးသေး ဘူး။ အခု စစ်တပ်ရဲ့ထိုးစစ်ကလည်း ဖယ်ခုံဘက်မှာစနေပြီ။ ပွင့်လင်းရာသီမှာက တိုက်ပွဲပိုဆိုးလာဖို့ပဲရှိတော့ လူထုအတွက် စားနပ် ရိက္ခာကလိုနေကြတယ်။ တခြားအရေးပေါ် လိုအပ်ချက်တွေကလည်း များပါတယ်”ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထို့အပြင် ကဏ္ဍတစ်ခုချင်းအလိုက် လိုအပ်ချက် မှာ ရေဘေးသင့် ပြည်သူနှင့် စစ်ဘေးရှောင် လူဦးရေ ၁၅၀,၀၀၀ အတွက် တစ်လတာစားနပ်ရိက္ခာအတွက် အမေရိကန်ဒေါ်လာ ၃,၀၅၆,၈၁၇၊ ရေလွှမ်းပျက်စီးသွားသည့် စိုက်ပျိုးဧက တစ်သောင်းကျော် ပြန်လည်ကုစားရေးအတွက် ဒေါ်လာ ၃,၅၆၇,၅၈၅ လိုအပ်ကြောင်း IEC က ဖော်ပြသည်။ ပျက်စီးသွားသော နေအိမ် ၁,၉၄၇ လုံး ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ ၇၃၇,၅၀၀ နှင့် အိမ်အသုံးဆောင်ပစ္စည်းများအတွက် ဒေါ်လာ လေးသောင်းနီးပါး လိုအပ် သည်ဟု ဆိုသည်။ ကရင်နီပြည်နယ်အတွင်း စက်တင်ဘာအစောပိုင်းကစ၍ ရေကြီးရေလျှံ မြေပြိုမှုများကြောင့် လွိုင်ကော်၊ နန်းမယ်ခုံ၊ ဒီးမော့ဆို၊ ဘောလခဲ၊မော်ချီး၊ ရှားတော၊မယ်စဲ့နှင့် ဖယ်ခုံမြို့နယ်များရှိ စစ်ဘေးရှောင်စခန်း (၁၆)ခုနှင့် ကျေးရွာ (၅၄) ရွာရှိ လူဦးရေသုံးသောင်းခန့်မှာ ရေဘေး သင့်ခဲ့ကာ ၂၅ ဦး သေဆုံးခဲ့သည်။ လက်ရှိတွင်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးနေ ၍ ပင်လောင်းနှင့် ဖယ်ခုံမြို့တို့တွင် တိုက်ပွဲများနေ့စဥ်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း ကရင်နီစစ်ရေး သတင်း ရင်းမြစ် အချို့က အသိပေးသည်။ Read in Full
၂။ ဟားခါးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရ
October 28, 2024
ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆယ်ကျော်သက် အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ မနက် ပိုင်း ၇ နာရီ ခွဲဝန်းကျင်မှာ ဟားခါးမြို့ပြင်ရှိ Rual U သင်ချိုင်းကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ချင်းတော် လှန်ရေးတပ်ဖွဲ့များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဟားခါးမြို့ ရုန်းတောင်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည်ဟုသိရသည်။ ထိုသို့လက်နက်ကြီးများဖြင့် ပစ်ကူမှုကြောင့် ဟားခါးမြို့ မြို့သစ်ရပ်ကွက်ထဲ လက်နက်ကြီးကျည် ၄ လုံး ကျရောက်ပေါက်ကွဲကာ ဒေသခံပြည်သူများကို ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဟားခါးမြို့ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။“ လက်နက်ကြီးကျတာပေါ့၊ ကျည်စမှန်လို့ လူ ၅ ယောက်လောက် ဒါဏ်ရာရတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက ပြင်းပြင်း ထန်ထန်ဒါဏ်ရာရတာတော့မဟုတ်ဘူး၊ တစ်ယောက်က ကြောမှာ တစ်ချို့က လက်မှာထိတာအလို။ ချက်ချင်းပဲ Ambulance က လာခေါ်သွားတယ်။ ဒီမနက်တော့ တော်တော်ကြောက်ရတယ်။ Rual U ဘက်မှာ ပစ်ခတ်မှုဖြစ်တာ၊ စကစက စစ်ကူပစ်ပေးတာလေ ကျွန်မတို့ဆို ကြောက်လို့ ဝပ်နေရတာ” ဟု ဟားခါးဒေသခံအမျိူးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ဟားခါးမြို့သစ်ရပ်ကွက်၊ Carson ဘုရားကျောင်း အောက် ဘက်အနီးတွင် ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး နေအိမ် နှစ်လုံးထိမှန်ကာ အသက် ၆၀ ကျော်အရွယ် အမျိုး သားတစ်ဦး၊ ၎င်း၏ ဇနီးဖြစ်သူ အသက် ၅၀ ကျော်အမျိုးသမီးတစ်ဦး၊ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် အသက် ၃၀ ကျော် အရွယ် ကလေးမိခင်တစ်ဦး စုစုပေါင်း ၄ ဦးတို့ ထိခိုက်ဒါဏ်ရာရရှိခဲ့ကြသည်။ ဒဏ်ရာရရှိသူထဲတွင် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး၊ ကျန်နှစ်ဦးကတော့ ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြသည်ဟု သိရသည်။ ဟားခါးမြို့ပြင် Rual U သင်ချိုင်းကုန်းအနီးတွင် တပ်စွဲနေရာယူထားကြသော စစ်ကောင်စီတပ်ဖွဲ့များသည် ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှု ကြောင့် ဆုပ်ခွါသွားခဲ့ကြသော်လည်း ယခုလက်ရှိမှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာပြီး တိုက်ပွဲများဆက်လက်ဖြစ် ပွားနေ သည်ဟု သိရသည်။ Read in Full
၃။ အမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ ပိတ်မိနေ
October 28, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့ရဲ့ ထွက်ပေါက်တွေအားလုံးကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် မြို့ပေါ်မှာ ပိတ်မိနေသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေဟာလည်း တဖြည်းဖြည်းနဲ့ မြို့အနီးကို ရောက်လာတာကြောင့် မြို့ခံတွေ စိုးရိမ်ကြောက်လန့်နေကြ တယ်လို့ အမ်းမြို့မှာရှိနေတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။“အခုတော့ဘယ်မှလည်းသွားလို့မရတော့ဘူး။ အကုန်လုံး ပိတ်ထား တယ်လေ။ တိုက်ပွဲကလည်း အတော်လေးကို ပြင်းထန်နေတယ်။ မနေ့ကလည်း တစ်နေကုန်ဖြစ်တယ်။ နေ့ရော ညရော ဖြစ်နေ တာ။ လေယာဥ်တွေနဲ့လည်း ဗုံးလာကြဲတယ်။ မီးခိုးတွေ ထွက်နေတာကို မြို့က နေတောင် လှမ်းမြင်ရတယ်။ တိုက်ပွဲကလည်း မြို့နဲ့ နီးလာပြီဆိုတော့ ဒေသခံတွေကတော့ စိုးရိမ်နေကြတာပေါ့” တိုက်ပွဲ စတင်ဖြစ်ပွားချိန်ကတော့ စစ်ကောင်စီရဲ့ ထောက်ခံ စာနဲ့ ပဒါန်း၊ မင်းဘူး၊ ရန်ကုန်ဘက်တွေကို သွားလာခွင့်ပြုခဲ့ပေမဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကစလို့ သွားလာခွင့်အားလုံးကို ပိတ်ထားတာလို့ဆိုပါတယ်။
အမ်းမြို့ပေါ်မှာ လူဦးရေ တစ်သောင်းခန့်ရှိပြီး အများစုကတော့ တိုက်ပွဲပြင်းထန်ကတည်းက ဘေးလွတ်ရာကို ထွက် ပြေးတိမ်းရှောင်သွားကြပြီလို့ ဆိုပါတယ်။ မြို့ပေါ်မှာကျန်ခဲ့သူ အများစုဟာ ငွေကြေးခက်ခဲတဲ့ မိသားစုတွေဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။ မြို့ပေါ်မှာ ပိတ်မိနေတဲ့ အရပ်သား အရေအတွက်နဲ့ပတ်သက်လို့ အတိအကျမသိရသေးပါဘူး။ ဒေသခံတွေက ပိတ်မိနေသူ တစ်ထောင်ထက်မနည်း ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ မြို့ပေါ်မှာ စားနပ် ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေလည်း ပြတ်လပ်နေပြီး ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတယ်လို့ ဆိုပါတယ်။ အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ အမ်းအခြေစိုက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိမှာတော့ တိုက်ပွဲဟာ မြို့နဲ တစ်မိုင်ခန့်သာ ကွာဝေးတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full
၄။ ပူတာအိုက စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် အကူအညီလိုအပ်နေ
October 28, 2024
ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ တိုက်ပွဲတွေကြောင့် လနဲ့ချီကြာအောင် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံ တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်စခန်း တာဝန် ရှိသူတွေက ပြောပါတယ်။ ဆွမ်ပီယန်၊ ဝဒတ်နဲ့ အင်စီယန်ရွာတွေက ဒေသခံတွေဟာ တိုက်ပွဲတွေဖြစ်ပွားတဲ့ မေလကတည်းက ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးဒုက္ခသည်စခန်းမှာ ယာယီ တဲတွေထိုးပြီး နေထိုင်နေကြတာပါ။ တိမ်းရှောင်နေရတာ ငါးလကျော်ကြာနေပြီဖြစ်တဲ့အတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ တွေ ပြတ်လပ်လာတာလို့ ဒုက္ခသည် စခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။“အစကတော့ ခဏပဲဆိုပြီး ထွက်လာတာ၊ အခုက ငါးလကျော်သွားပြီ။ အခုက ဆောင်းတွင်း ဝင်လာတော့ တအားအေးနေပြီ။ စောင်တွေမရှိဘဲ ဒီအတိုင်းနေနေကြတော့ အခုဖျားနာတာတွေ အရမ်းများနေတယ်။ ဆေးဝါးတွေလည်းမရှိဘူး။ အစားအသောက်ဘက်ကလည်း စားစရာ ဆန်တွေလည်း မရှိတော့ဘူး။ နေတဲ့အဆောင် တဲ တွေက မိုးကာတွေက အကုန်ပေါက်နေပြီး မိုးယိုနေတဲ့ အခြေအနေဖြစ်နေတယ်” ဆောင်းရာသီ အကူးအပြောင်းကာလမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ဖျားနာတာတွေ ကြုံနေရတာကြောင့် အခြေခံဆေးဝါးတွေ လိုအပ်နေတာလို့ သူက ပြောပါတယ်။
မြစ်ကြီးနား-ပူတာအို လမ်းပေါ်က ဆွမ်ပရာဘွမ်မြို့ကို မေ ၅ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူလိုက်ပြီးနောက် ပူတာအိုအခြေစိုက် စစ်ကောင်စီတပ်က ပူတာအို-ဆွမ်ပရာဘွမ် လမ်းပေါ်က ရွာတချို့ကို မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် သုံးသန်းခန့် ရှိနေပါ တယ်။ Read in Full
၅။ KNU နယ်မြေမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် တစ်ဦး သေဆုံး၊ ခုနစ်ဦး ထိခိုက်
October 28, 2024
ကရင်အမျိုးသားအစည်းအရုံ (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်းကျောက်ကြီးမြို့နယ် (လယ်ဒို) နဲ့ မွန်ပြည် နယ် ရေးမြို့နယ်(ဝင်းရေး)တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး၊ ခုနစ်ဦး ဒဏ်ရာ ရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၂၅ ရက်က မွန်ပြည်နယ်၊ ရေးမြို့နယ် (ဝင်းရေး) မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ပေါင်ငါးရာ ဗုံးနှစ်လုံး ကြဲချတာကြောင့် ပနော်ကလဲခီးရွာက အသက်သုံးဆယ်အရွယ် စောသဲမူး သေဆုံး ပြီး နောက်ထပ် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် နေအိမ်နှစ်လုံးနဲ့ ခရစ်ယာန်ဘုရား ကျောင်း တစ်ကျောင်း ပျက်စီးသွားတယ်လို့ KNU က ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် (လယ်ဒို) မှာ စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ (၂၆၄) က လက်နက်ကြီးနဲ့ ပစ်ခတ်မှုမှာ လက်ခံရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ အောက်တိုဘာ လ ၂၆ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်တာကြောင့် သောင်ပု (ကတို) ရွာနဲ့ တောကြောင် ပေါက်ရွာတွေထဲ ကျရောက်ပေါက်ကွဲပြီး အသက် ၁၅ အရွယ် ကလေး တစ်ဦးအပါအဝင် အရပ်သား ငါးဦး ဒဏ်ရာရသွားတယ်လို့ KNU က ပြောပါတယ်။ အခုလ အစောပိုင်းမှာပဲ KNU ထိန်းချုပ်နယ်မြေတွေမှာ နှစ်ဖက်တိုက်ပွဲတွေ ပြန်ဖြစ်လာပြီး စစ်ကောင်စီ တပ်က လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက် တိုက်လုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၄ ခုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း နိုင်ငံတစ်ဝန်း သေဆုံးသူ ၄၅၅ ဦးနဲ့ ဒဏ်ရာရသူ ၈၁၉ ဦး ရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသန အဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ Read in Full
၆။ တနင်္သာရီက စစ်ဘေးရှောင် ပြည်သူ့အခြေပြုစာသင်ကျောင်းတွေမှာ အကူအညီတွေလိုအပ်နေ
October 28, 2024
တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်ကျောင်းသား၊ကျောင်းသူတွေတက်ရောက်နေတဲ့ နွေဦးအလင်းရောင် ကြားကာလ မြေပြင် ပြည်သူ့ အခြေပြုစာသင်ကျောင်းမှာ အကူအညီတွေလိုအပ်နေတယ်လို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဆီက သိရပါတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ဒေသတွင်းစစ်ရေးကြောင့် ကျောင်းတည်နေရာပြောင်းရွှေ့ထားရတာဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေကလည်း ရွာထဲ ပြန်ဝင်မရတော့ဘူးလို့ ကြားကာလပညာ ရေးဝန်ထမ်းတွေက ဆိုပါတယ်။ ကျောင်းအတွက် KG သင်ထောက်ကူပစ္စည်းတွေ၊ ရောင်စုံစက္ကူတွေ၊ ဆရာလမ်းညွှန်စာအုပ်တွေ၊ ပန်းချီသင်ထောက်ကူပစ္စည်း တွေ၊ မှင်ရည်၊ မာကာတွေ စတဲ့ပစ္စည်းတွေ လိုအပ်နေသလို ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေအတွက်လည်း နေထိုင်စရိတ် အကူအညီတွေလိုအပ်နေတာလို့ ဆိုပါတယ်။ “ကျောင်းပြောင်းတုန်းက ပစ္စည်းတွေအားလုံးတော့ ပါသလောက် သယ်လာတာပဲ။ ဒါပေမယ့် လိုအပ်ချက်တွေကတော့ အများကြီးရှိသေးတယ်။”လို့ ကြားကာလပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
နွေဦးအလင်းရောင် ကြားကာလမြေပြင် ပြည်သူ့အခြေပြုစာသင်ကျောင်းမှာ KG ကနေ G12 အထိရှိပြီး ကျောင်းသူ၊ ကျောင်း သားဦးရေ ၃၀၀ ကျော်ရှိတယ်လို့ ကြားကာလ ပညာရေးဝန်ထမ်းတွေဆီကနေသိရပါတယ်။“ရွာထဲကို စစ်သားတွေ ရောက်လာတယ်ဆိုတော့ ရွာထဲမဝင်တော့ဘူး။ တစ်နေရာမှာပဲ အခြေချပြီးနေလိုက်တယ်။ အခုထိလည်း စိတ်ချလက်ချပြန် ဝင်နေလို့မရသေးဘူး။”လို့ ကြားကာလမြေပြင်ပြည်သူ့အခြေပြုစာသင်ကျောင်းတစ်ကျောင်းရဲ့ ကျောင်းအုပ်ဆရာကပြောပါတယ်။ တနင်္သာရီမြို့နယ်ထဲမှာရှိတဲ့ လွတ်မြောက်နယ်မြေက ကျေးရွာတွေမှာ NUG အသိအမှတ်ပြု ကြားကာလစာသင်ကျောင်း ပေါင်း ၄၀ ခန့်ရှိပြီး ကျောင်းသားဦးရေက ၇၀၀၀ ခန့်ရှိတယ်လို့ တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ရေကြီးရေလျှံမှုတွေကြောင့် တနင်္သာရီမြို့နယ်က ကြားကာလစာသင်ကျောင်းအားလုံးနီးပါး ရေဘေးသင့်ခဲ့ ပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ တနင်္သာရီမြို့နယ်ထဲက ကြားကာလ စာသင် ကျောင်းတွေပိတ်ထားရတယ်လို့ သိရပါတယ်။ Read in Full
၇။နယ်စပ်တွင်တိမ်းရှောင်နေသည့် ကံပိုက်တည်ဒေသခံများကို စစ်ကောင်စီတပ်က နေရပ်ပြန်လာရန်ခြိမ်းခြောက်နေ
October 28, 2024
တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ကံပိုက်တည်မြို့နေပြည်သူများက တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သော ကြောင့် ထွက်ပြေးတိမ်းရှောင်နေသော်လည်း တိုက်ပွဲမဖြစ်သောကြောင့် နေရပ်သို့ပြန်လာရန် မြို့ထဲတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကပြောကြောင်းသိရသည်။ ကံပိုက်တည်မြို့အတွင်း နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက တပ်စွဲထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့အတွင်းပြန်လည်နေထိုင်ရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ဒေသခံအမျိုးသား တစ်ဦးကပြောသည်။“ပြည်သူ့စစ်တွေနဲ့ နယ်ခြားစောင့်တပ်တွေက အကုန်မပြေးပါဘူး၊ မြို့ကို ထိန်းချုပ်နေနိုင်သေးတယ်။ စစ်တပ်လည်း ရွာထဲမှာရှိတယ်။ တိုက်ပွဲမဖြစ်ဘူးဆိုပြီး မြို့ထဲပြန်လာနေဖို့ ခြိမ်း ခြောက်ပြောတာတော့ရှိတယ်၊ ဒါပေမဲ့ ဒေသခံ တွေက မပြန်ပါဘူး” ဟုပြောသည်။ ပြီးခဲ့သည့် ရက်သတ္တပါတ်အတွင်း ကံပိုက်တည်မြို့အတွင်းပြန်သည့် လူငယ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ဖမ်းဆီးထားခြင်းမရှိကြောင်း သူကဆို သည်။ ကံပိုက်တည်မြို့လယ်တွင် စစ်ကောင်စီတပ်စခန်းတည်ရှိပြီး တိုက်ပွဲဖြစ်ပွားလာပါက ထိခိုက်မှုများနိုင်သောကြောင့် အိမ်တွင်းမွေးမြူးရေး လုပ်သူများ၊ ကျန်းမာရေးမကောင်းသည့် သက်ကြီးရွယ်အိုများနှင့် အိမ်စောင့်ရန် ကျန်နေသူများမှလွဲပြီး ဒေသခံများအားလုံးထွက်ပြေးတိမ်းရှောင်နေကြကြောင်း မြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။
“စစ်တပ်က မြို့ရဲ့အလယ်ထိပ်တည့်တည့်မှာကိုရှိတာဟုတ်တယ်၊ ပြီးတော့ နယ်ခြားစောင့်တပ်က မြို့ရဲ့ဘေးမှာရှိ တယ်၊ အကုန်လုံးစစ်တပ်နဲ့ ပတ်သက်တဲ့ ရုံးတွေကမြို့နဲ့ နီးတယ်။ တကယ်လို့ မိုင်းလာကြဲမယ်၊ တိုက်ပွဲဖြစ်မယ်ဆိုရင်က ရွာမှာ တော်တော်ထိမှာဟုတ်တယ်၊ လမ်းမလျှောက်နိုင်တဲ့သူတွေတော့ မပြေးကြဘူး၊ တချို့ အိမ်မွေးတိရစ္ဆာန် မွေးတဲ့သူလည်း ပစ်ထား လို့မရဘူးနော် ရွာမှာဆိုလည်း သူခိုးအရမ်းသောင်းကျန်းတယ်။ အဲ့ကြောင့် သွားနိုင်လာနိုင်တဲ့သူက အကုန်ထွက်ပြေး ကုန်ပြီ” ဟုပြောသည်။ ကံပိုက်တည်ဒေသခံပြည်သူတစ်ထောင်ခန့်က ပန်ဝါမြို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ် တိုက် ခိုက်သိမ်းပိုက်ခဲ့သည့် အောက်တိုက်ဘာ ၁၈ ရက်နေ့မှစတင်ကာ တရုတ်နယ်စပ်ဂိတ်အနီးတွင် ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။ ထွက်ပြေးတိမ်းရှောင်နေသည်မှာ ဆယ်ရက်ခန့်ရှိလာပြီဖြစ်ပြီး ယာယီတဲများတည်ဆောက်ကာနေထိုင်ရသဖြင့် ရာသီ ဥတုအလွန်အေးသောကြောင့် ကျန်းမာရေးထိခိုက်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံအမျိုးသားက ဆက်ပြောသည်။“မြို့ထဲ တော့ မပြန်သေးဘူး၊ ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိသေးလို့လေ ရှောင်နေကြတုန်းပဲ။ ချမ်းတာကတော့ ရက်ရက်စက်စက်ပဲ၊ ရှောင်နေတဲ့အချိန်ကြာလာရင်တော့ ဒေသခံတွေ ကျန်းမာရေးထိခိုက်လာနိုင်တယ်။ ယာယီတဲတွေ သူတို့ဘာသာဆောက်ပြီး နေနေကြတာဟုတ်တယ်” ဟုပြောသည်။ Read in Full
၈။ သရက်ချောင်းမှာ စစ်ကြောင်းကြောင့် ဒေသခံသုံးထောင်နီးပါး ထွက်ပြေးနေရ
October 28, 2024
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုး စီးနင်းနေတာကြောင့် ဒေသခံသုံးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်အား နှစ်ရာခန့်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒီမနက်မှာတော့ ဥတ္တူရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာလို့ ထွက်ပြေး နေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။“ဒီမနက် ခုနစ်နာရီလောက်က ဥတ္တူရွာကို စစ်ကြောင်းထိုးလာတယ်။ စစ်ကြောင်း ထိုးလာတဲ့အချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်၀င်လာတာ။ ဒီမနက်ဆို ပစ်ခတ်မှု နှစ်ကြိမ်ရှိပြီ။ ဒေသခံတွေ တော်တော်များများ က ရွာထဲမှာ မရှိတော့ဘူး။ အကုန် ရှောင်နေကြပြီ။ စစ်ကြောင်းထဲမှာ လက်နက်ကြီးပါ ပါလာပြီး အဲဒါနဲ့ ရမ်းသမ်းပြီး ပစ်ခတ်နေ တယ်” ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၅ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ်ထဲက ရွာတွေကို စစ်ကြောင်းထိုးနေတာဖြစ် ပြီး သရက်နှစ်ခွ၊ ပန်းပြင်၊ ဥတ္တူနဲ့ မဲနယ်ကုန်း စတဲ့ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်တာမျိုးမရှိသေးပေမဲ့ နှစ်ဖက်စစ်ရေးတင်း မာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်လုံး ဘုန်းကြီးကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲပြီး ပျက် စီး မှုတချို့ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြာင်းတိုက်ခိုက် မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးစီးနင်းမှုတွေကြောင့် ဒေသခံ ၁၇ ဦးအထိ သေဆုံးခဲ့ပြီး လူပေါင်း ၅၉,၀၀၀ ခန့် နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ တနင်္သာရီတိုင်းအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi တာဝန်ရှိသူတွေက ပြောထားပါတယ်။ Read in Full
၉။ သိန္နီမြို့နှင့်နောင်ချိုမြို့တို့ကို ဗုံးကျဲတိုက်ခိုက်မှု ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်းအပါအဝင် ပျက်စီးဆုံးရှုံးမှုများပြား
October 28, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နှင့်နောင်ချိုမြို့တို့ကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်း အပါအဝင် နေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများပြားကြောင်း ဒေသပြည်သူများထံမှသိရှိရသည်။ အောက်တိုဘာလ ၂၇ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်နှင့် ည ၉ နာရီ ၅၃ မိနစ်အချိန် အကြမ်းဖက် စစ်ကောင်စီတပ်၏ လေယာဉ်များက သိန္နီမြို့သို့ ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးများ ကျဲချမှုကြောင့် သိန္နီ မြို့ ရှိ KBC ခရစ်ယာန် ဘုရားကျောင်း၊ အမှတ် ၃ ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ နေအိမအများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။ “သိန္နီမြို့ပေါ်မှာတော့ ခရစ်ယာန် ဘုရားကျောင်းကတော့ အတော်ပျက်စီးတယ်။ ထွေ/အုပ်ရုံးနဲ့ နေအိမ် တွေပျက်စီးတာရှိတယ်။ လူအထိအခိုက် မရှိဘူးလို့ ကြား ပေမယ့် အသေအချာသိဖို့ ထပ်မေးနေတုန်းပဲ။ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အဲဒီဘက်မှာ သိပ်မလွယ်ဘူး” ဟု ရှမ်းမြောက် သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ ယမန်နေ့ညပိုင်း နောင်ချိုမြို့နယ်၊ သပြေရေရပ်ကွက်အပါအဝင် နေရာတချို့ကို စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ဗုံးများကျဲချခဲ့ပြီး လူထိခိုက်သေဆုံးမှုများရှိကြောင်း သိရှိရသည်။ “မနေ့ညပိုင်း နောင်ချိုကို လေယာဉ်နဲ့ ဗုံးကျဲတာမှာ ပထမအကြိမ် ၂ လုံးကျဲတယ်။ ဒုတိယအကြိမ်က ဗုံး ၈ လုံးတွဲကျဲချတယ်။ နောင်ချို သပြေရေရပ်ကွက်မှာ ဗုံးတွေကျလို့ အသေ အပျောက်ရှိတယ်။ ပျက်စီးမှုလည်းများတယ်လို့ သိရတယ်”ဟု နောင်ချိုမြို့မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ ၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့်ဖြစ်သော ယမန်နေ့တွင်လည်း စစ်ကောင်စီတပ်က လောက်ကိုင်မြို့နှင့် နမ့်ခမ်းမြို့များကို လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ရာ ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ Read in Full
၁၀။ ဆွမ်ပရာဘွမ်တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ အမြန်ဆုံးလုပ်ဆောင်ပေးစေလိုကြောင်း ဒေသခံများပြော
October 28, 2024
KIA က တိုက်ခိုက်သိမ်းပိုက်ထားသည့် ဆွမ်ပရာဘွမ်မြို့နယ်တွင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် လက်နက်ကြီးနှင့် ဗုံးသီး များကြောင့် ထိခိုက်မှုများရှိလာသဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို အမြန်ဆုံးလုပ်ဆောင်ပေးစေလိုနေကြောင်းသိရသည်။ ဆွမ်ပရာဘွမ်မြို့အတွင်း ဒေသခံများပြန်လည်နေထိုင်နေသည်မှာ လေးလခန့်ရှိပြီဖြစ်ပြီး လက်ရှိအချိန်ထိ မပေါက်ကွဲသေးသည့် လေယာဉ်ဗုံး၊ လက်နက်ကြီးနှင့် ဗုံးသီးများရှိနေဆဲဖြစ်သောကြောင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လိုအပ်နေခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။“တိုက်ပွဲပြီးတော့ အလောတကြီးလာနေခဲ့တာဟုတ်တယ်။ မိုင်းတွေက နေရာတကာရှိသေးတယ်။ ကျွန်တော်တို့မတွေ့ရသေးတဲ့မိုင်းတွေလည်းရှိတယ် မရှင်းရသေးတော့ တိရိစ္ဆာန်တွေထိလို့ ပေါက်ကွဲတာတွေရှိတယ်။ ကလေး တွေဆော့လို့ ပေါက်ကွဲတာတွေရှိတယ်။ KIA အစိုးရကလည်း ကျွမ်းကျင်တဲ့မိုင်းပညာရှင်တွေမရောက်လာသေးတော့ မရှင်းနိုင် သေးဘူးထင်တယ်” ဟုပြောသည်။ မြို့ပေါ်ဘုရားကျောင်းဝင်းတွင်လည်း မပေါက်ကွဲသေးသည့် လေယာဉ်ဗုံးတစ်လုံးရှိနေဆဲ ဖြစ် ကြောင်း သူကပြောသည်။ မပေါက်ကွဲသေးသည့် ဗုံးသီးဆော့ကစားရာမှ ပေါက်ကွဲခဲ့သဖြင့် ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်နေ့ တွင်လည်း ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသားတစ်ဦးကပြောသည်။
“ကလေးတွေက စာမေးပွဲဖြေပြီးတဲ့အချိန် ညနေပိုင်းမှာဟုတ်တယ်။ အစကသူတို့နှစ်ယောက်က ဟိုဘက်ဒီဘက်ပစ် တမ်းဆော့တာတဲ့အဲ့ဗုံးသီးကို၊ ဗုံးသီးကလက်တစ်ဆုတ်စာလောက်ပဲ။ လက်ထောက်သေနတ်ကဗုံးသီးထင်တယ်။ နောက်မှ ဘောလုံးလို ကန်ထည့်လိုက်တော့ ပေါက်ကွဲသွားတာ။ ကန်တဲ့သူက အများကြီးဒဏ်ရာမရဘဲ တစ်ယောက်က တော်တော်လေး ဒဏ်ရာပြင်းတယ်”ဟုပြောသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက် ၁၃ နှစ်အရွယ်ကလေးနှစ်ဦးမှ တစ်ဦးမှာ ရင်ဘတ် ညာဘက်အခြမ်းတွင် မိုင်းစဝင်နေပြီး ညာလက်နှင့် ခြေထောက်နှစ်ဖက်တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က မတ်လ ၈ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နှစ်လကျော်ကြာတိုက်ခိုက်ခဲ့ပြီးနောက် မေလ ၅ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ ဒေသခံ ပြည်သူများက ဇွန်လ ဒုတိယပတ်တွင် မြို့အတွင်းပြန်လည်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ Read in Full
၁၁။ ဖလမ်းမှာ လက်နက်ကြီးကြောင့် ကျောင်းဆရာမတစ်ဦး သေဆုံး
October 28, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်မှာ အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အဲဒီရပ်ကွက်မှာနေထိုင်တဲ့ ကျောင်းဆရာမတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ည ၉ နာရီဝန်းကျင်မှာ အသက် ၃၈ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ဗန်ကျဲကျင့် (Van Cer Cin) ရဲ့ နေအိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ ဖလမ်းမြို့ အောက်ပိုင်းမှာ အောက်တိုဘာ လ ၂၅ ရက်နေ့ကစလို့ ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ သုံးရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှုတွေလည်းရှိနေသလို တိမ်းရှောင်နေကြသူတွေလည်း ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က လက်နက်ကြီး နှစ်ကြိမ်လောက် ပစ်တာကြားရတယ်။ မြို့ထဲကလူတွေ အများဆုံးက ထွက်ပြေးကြတယ်။ တချို့တော့ ကျန်သေးတယ်။ တိုက်ပွဲပြင်းထန်လာရင်တော့ အားလုံးထွက်ပြေးဖို့ ပြင်နေကြတယ်” အောက်တိုဘာလ ၂၅ ရက်နေ့ မှာ အမျိုးသားနှစ်ဦးနဲ့ ၂၆ ရက်နေ့မှာ တောင်ယာမှာ စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးတစ်ဦးတို့ စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့်ဒဏ်ရာရခဲ့တယ်လို့ သူကပြောပါတယ်။ Read in Full
၁၂။ ပင်လောင်းဒေသခံအမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်က ကြိုးတုပ်ပြီး အဓမ္မပြုကျင့်
October 28, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်ဝိုးချောင်းချားရွာ (ဒုံခြောင်ခါး)နေ အသက် ၅၆ အရွယ်အမျိုးသမီး တယောက်ကို စစ်ကောင်စီတပ်သား ၂ ယောက်က ကြိုးတုပ်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အောက်တိုဘာ ၂၆ ရက်က အဆိုပါအမျိုးသမီး ပြောင်းခြံထဲရှိနေစဉ် စစ်ကောင်စီတပ်သား ၂ ယောက်က ရောက်လာပြီး အဓမ္မပြု ကျင့်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။ “ခုက အသက်ကြီးတဲ့သူတောင် ဒီလိုလုပ်တာ အသက်ငယ်တဲ့ အမျိုးသမီး အတွက်ဆို ဘယ်လောက်တောင် စိုးရိမ်စရာကောင်းလဲ။ ကြိုးတုပ်ပြီးတော့ လူမဆန်တဲ့ လုပ်ရပ်လုပ်သွားတာ အရမ်းယုတ်မာ တာ။” အဓမ္မပြုကျင့်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ နောင်ဝိုးတောင်ပေါ် ပြန်လည်တက်သွားခဲ့တယ်လို့ ပြောပါတယ်။
ပအိုဝ်းဒေသ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတယောက်က “အခုလိုကိစ္စက လုံးဝ မဖြစ်သင့်ဘူး မဖြစ်ထိုက်ဘူး။ တိုက်ပွဲဖြစ်နေတဲ့ မငြိမ်းချမ်းတဲ့နေရာဒေသမှာ အမျိုးသမီးတွေကို လက်နက်သဖွယ် အသုံးပြုနေတာ ရပ်သင့်နေပြီ။ အဓိက အခု လို အခြေအနေမှာ အမျိုးသမီးအတွက် လုံးဝလုံခြုံမှုမရှိဘူး။ ကာကွယ်ပေးမယ့် ဥပဒေမရှိဘူး။ ဒီလိုကိစ္စတော့ ကျမအနေနဲ့ လုံးဝ ရှုတ်ချတယ်”လို့ ပြောပါတယ်။ နောင်ဝိုးရွာမှာ ကရင်နီတော်လှန်ရေးအဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတာ ၈ လလောက် ရှိပြီဖြစ်ပြီး ဒေသခံတွေလည်း တောတောင်ထဲ နေထိုင်ရတာ၊ ခြံထဲမှာ တဲထိုးပြီး နေနေကြရပါတယ်။ Read in Full
၁၃။ ကော့ကရိတ်တွင် KNPF အချုပ်မှူးကိုသတ်ပြီး အကျဉ်းသား ၃ ဦး ထွက်ပြေးလွတ်မြောက်နေ
October 28, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) အချုပ်စခန်းတွင် အပြစ်ဒဏ်ကျခံရသည့် အကျဉ်းသား (၃)ဦးသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် အချုပ်မှူးကို သတ်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း မြို့နယ် KNPF တပ်ဖွဲ့က ပြောသည်။ ဖြစ်စဉ်မှာ အပြစ် ဒဏ်ကျခံရသူ အကျဉ်းသား အသက် ၂၁ နှစ်အရွယ် စောသမော့အဲ သည် ရေမိုးချိုးရန် အချုပ်ခန်းအပြင်သို့ ခေါ်ထုတ်ချိန်တွင် အချုပ်မှူး မန်းချိုအေးကို သေနတ်ဖြင့် ပစ်သတ်ပြီး အခြားရွယ်တူ အကျဉ်းသား (၂)ဦးနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်း ကော့ကရိတ် မြို့နယ်၊ ကရင်အမျိုးသားရဲတပ်ဖွဲ့မှူး မန်းအဲဒါး ခလိန်းက ယခုလိုပြောသည်။ ၎င်းက“ ၂၆ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်မှာ အပြစ်သားတွေကို ရေချိုးဖို့အပြင်ခေါ်ထုတ်ချိန်မှာအချုပ်မှူးကိုထိုးကြိတ်၍ သေနတ်ကိုလုယူပြီး ပစ်သတ်သွားတယ်။ အချုပ်ခန်း ထဲမှာ ကျန်တဲ့အပြစ်သားနှစ်ဦးကိုလည်း ခေါ်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ အခြားအပြစ်သားပိုက်ဆံတွေယူပြီး ထွက်ပြေးလွတ် မြောက်နေတယ်”ဟု ရဲမှူး မန်းအဲဒါးခလိန်းက ပြောသည်။
အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသား (၃)ဦးကို ဖမ်းဆီးရမိနိုင်ရေးအတွက် ကရင်အမျိုးသား ရဲတပ် ဖွဲ့ (KNPF)မှ အပူတပြင်းကြိုးစားရှာဖွေနေသော်လည်း ယခုအချိန်ထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း မြို့နယ်ရဲမှူးက ပြောသည်။ အချုပ်မှူးကို ပစ်သတ်ပြီး ထွက်ပြေးလွတ်မြောက်သွားသည့် ထိုအကျဉ်းသား ၃ ဦးမှာ မူးယစ်ဆေးဝါး အထူးအက် ဥပဒေပုဒ်မဖြင့် တစ်နှစ်စီ အပြစ်ဒဏ်ကျခံရသူ စောသီဟ(၂၂) ၊ စောသမော့အဲ (၂၁)နှစ်နှင့် ပြုပြင်ထိန်း သိမ်းရေးအတွက် အပြစ်ပေးခံရသည့် (POA) ဒရုန်းအဖွဲ့ဝင် အောင်ထက်မြတ်ဇော်(၂၀)နှစ် တို့ဖြစ်ကြကြောင်း သိရသည်။ ထို့အပြင် ထွက်ပြေးသွားသည့် အကျဉ်းသား ၃ ဦးသည် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF ထံမှ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဆံအချို့နှင့် မြန်မာငွေသိန်း (၃၀) ကျော်အပြင် ဆိုင်ကယ် (၁)စီးလည်း ယူဆောင်သွားကြောင်း မြို့နယ်တာဝန်ရှိသူများက ပြောသည်။ Read in Full
၁၄။ ဖရူဆိုမြို့ ၊ ဝယ်ဒူလျား စစ်ရှောင်စခန်းမှာ ပြင်းထန်တဲ့ ရာသီတုပ်ကွေးအဖြစ်များ၊ ဆေးဝါးအကူညီလိုအပ်နေ
October 28, 2024
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ဝယ်ဒူလျားစစ်ရှောင်စခန်းမှာ ပြင်းထန်တဲ့ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေတာ နှစ်လ ကျော်ရှိနေပြီး ဆေးဝါးမလုံလောက်တဲ့အတွက် အကူအညီလိုအပ်နေတယ်လို့ ဝယ်ဒူလျား စစ်ရှောင်ကော်မတီတစ်ဦးက ပြောပါ တယ်။“ရာသီတုပ်ကွေးလို့ပဲ သိထားတာ။ မိုးကုန်လို့ ဆောင်းပြောင်းလာလို့ အေးလာလို့လားမသိဘူးပေါ့နော။”လို့ သူက ပြောပါ တယ်။ အဆိုပါ ပြင်းထန်ရာသီတုပ်ကွေးဟာ မိသားစုအလိုက် ကူးစက်မှုတွေရှိနေပြီး ယခုရက်ပိုင်း ပိုမိုဆိုးရွားလာတယ်လို့ ဆိုပါ တယ်။“ကျောင်းမတက်နိုင်တဲ့ ကလေးက ထက်ဝက်ကျော်ရှိတယ်။ မိသားစုထဲဖြစ်ရင် အကုန်ကူးတာလေး၊ ဆရာမတွေပါ ကူးစက်ခံရတယ်။” လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။
ဝယ်ဒူလျား စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်ကတည်းက ရာသီတုပ်ကွေး စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ပြင်းထန်စွာ ခံစားနေရသူတွေကို ဆေးရုံ၊ ဆေးခန်းပြသနိုင်ဖို့ လမ်းခရီး ၇ နာရီ အချိန်ကြာ မောင်းနှင်ရတာကြောင့် အခက် အခဲရှိတယ်လို့ ဆိုပါတယ်။ ဝယ်ဒူလျား စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၅၀ ကျော်နဲ့ လူဦးရေ ၇၀၀ ကျော်ရှိပြီး ကျောင်းသူ၊ကျောင်း သားဦးရေ ၈၀ ကျော် ရှိတယ်လို့ သိရပါတယ်။ Read in Full
၁၅။ ဘူးသီးတောင် ရိုဟင်ဂျာအသိုင်းအဝိုင်းရဲ့ ရပ်မိရပ်ဖ ကျောင်းဆရာတစ်ဦးကို AA က ဖမ်းထားတယ်လို့ဆို
October 28, 2024
ရက္ခိုင့်တပ်တော် AA က ဘူးသီးတောင် ရိုဟင်ဂျာအသိုင်းအဝိုင်းရဲ့ ရပ်မိရပ်ဖတစ်ဦးလည်းဖြစ် ကျောင်းဆရာတစ်ဦး လည်းဖြစ်တဲ့ ဆရာဦးလှအောင်ကို မတရားသဖြင့် ဖမ်းဆီးထားတယ်လို့ ဘူးသီးတောင် ရိုဟင်ဂျာအသိုင်းအဝိုင်းက အတည်ပြု ပြော ပါတယ်။ ဆရာဦးလှအောင်ဟာ ကျောင်းဆရာတစ်ဦးဖြစ်ပြီး အထက်တန်းကျောင်းသားများကို လူမျိုးဘာသာမရွေး မြန်မာ စာဘာသာရပ် သင်ကြားပေးနေသူလို့ သိရပါတယ်။ ပရဟိတအလုပ်တွေနဲ့ ပညာရေးကဏ္ဍတွေမှာ အားတက်သရော လုပ်ကိုင်လို့ ဆရာဦးလှအောင်ကို ရိုဟင်ဂျာတွေအပြင် ဘူးသီးတောင်မြို့နယ်အတွင်းက ဒေသခံအများစုကပါ လေးစားကြတယ်လို့ ဆရာ ဦးလှအောင် ရဲ့ တပည့်တစ်ဦးက ပြောပါတယ်။ ” ဆရာဦးလှအောင်က လူအများလေးစားတဲ့ ကျောင်းဆရာတစ်ဦးပါ။ ARSA, RSO, ARA စတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေက သူတို့ကို မထောက်ခံလို့ဆိုပြီး ဆရာ့ကို ရန်ရှာခဲ့တာတောင်ရှိတယ်။ စစ်ကောင်စီ ဘက်နဲ့လည်း ဆရာက ကင်းကင်းရှင်းရှင်းရှိတဲ့သူ ဆရာဦးလှအောင် ဘယ်လိုလူမျိုးလဲဆိုတာ ဘူးသီးတောင်က ရခိုင်တွေလည်း သိပါတယ်၊ ဆရာ့တပည့် ရခိုင်တွေလည်း ရှိပါတယ်” လို့ ဆရာဦးလှအောင်တပည့် ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောပြပါတယ်။
ရက္ခိုင့်တပ်တော် AA က ကျောင်းဆရာဦးလှအောင်ကို အကြောင်းပြချက်တစ်စုံတစ်ရာမှ မပေးပဲ သူ့ရဲ့နေအိမ်ကနေ အောက်တိုဘာလ ၂၂ ရက်နေ့က ဖမ်းဆီးသွားပြီးနောက် ယနေ့အထိ အဆက်အသွယ် တစ်စုံတစ်ရာ မရတော့သလို မိသားစုဝင် တွေက သွားတွေ့နိုင်ဖို့ ကြိုးစားတာကိုလည်း AA က လက်မခံဘူးလို့ သိရပါတယ်။ ” ဘယ်မှာဖမ်းတယ်ဆိုတာလဲ မပြောဘူး၊ မိသားစုဝင်တွေကိုလည်း တွေ့ခွင့်မပေးဘူး။ ဖမ်းဖို့ လာတုန်းက ဆရာက ဘာအတွက် ဖမ်းတယ်ဆိုတာကို ပြောပြပေးဖို့ ပြော တော့ လာဖမ်းတဲ့ AA တပ်ဖွဲ့ဝင်တွေက ဘာမှ မရှင်းပြတဲ့အပြင် ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပြီး ဆွဲခေါ်သွားတာ ” လို့ ဆရာဦးလှအောင် ဖမ်းဆီးခံရတဲ့ အခြေအနေကို သိသူက ပြောပြပါတယ်။ မောင်တောမြို့နယ်ထဲ ဆရာဟာမိတ် ဆိုတဲ့ လူသိများတဲ့အသက် ၇၀ ကျော် အစ္စလာမ်ဘာသာရေးပညာရှင်တစ်ဦးကိုလည်း AA ဘက်က ဖမ်းဆီးထားပါတယ်။ AA ဖမ်းထားတဲ့ ကျောင်းဆရာ ဦးလှအောင် အတွက် ရိုဟင်ဂျာအသိုင်းအဝိုင်းဘက်က စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဘာကြောင့်ဖမ်းတာလဲ ဘယ်မှာဖမ်းထားတာလဲ မိသားစုဝင်တွေကိုတောင် တွေ့ခွင့်မပေးဘူးဆိုတော့ ဆရာ့အတွက် စိုးရိမ်စရာပဲလို့ ကျောင်းဆရာ ဦးလှအောင်ရဲ့ တပည့်ဖြစ်တဲ့ ကိုမျိုးလွင်က ပြောပြပါတယ်။ Read in Full
၁၆။ TNLA နဲ့ MNDAA တပ်ဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအကြောင်းပြချက်နဲ့ အရပ်သားတွေကိုဖမ်းဆီးပြီး ငွေနဲ့ရွေးခိုင်း
October 29, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဖတ်ကာမြို့မှာ TNLA နဲ့ MNDAA တပ်ဖွဲ့တွေက မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးဆိုတဲ့အကြောင်းပြချက်နဲ့ မြို့ထဲအရပ်သားတွေကိုဖမ်းဆီးပြီး ငွေကြေးနဲ့ရွေးခိုင်းတာတွေ ဆက် တိုက်လုပ်နေ တယ်လို့ နမ့်ဖတ်ကာဒေသခံတွေက ပြောပါတယ်။ နမ့်ဖတ်ကာမြို့အတွင်း တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးခေါင်းစဉ်နဲ့ သက်ဆိုင်ရာအုပ်ချူပ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်မှုမရှိပဲ ပြည်သူ တွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ငွေကြေးသိန်းဆယ်ချီနဲ့ရွေးခိုင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။“ဥပမာ အိမ်တစ်အိမ်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတစ်ယောက်ရှိတယ်ဆိုရင် အဲဒီတစ်ယောက်ကို လာရှာတယ်။ အဲဒီမူးယစ်ဆေးဝါး သုံး တဲ့ သူမရှိဘူးဆိုရင် အဲဒီအိမ်က အိမ်သူအိမ်သားတစ်ယောက်ယောက်ကို ဖမ်းသွားတယ်။ ပြီးရင် အဲဒီအဖမ်းခံရတဲ့အိမ်သားကို ငွေ ကြေးနဲ့ ပြန်လာရွေးခိုင်းတယ်။ တချို့ကတော့ အိမ်မှာတင် မူးယစ်ဆေးဝါးသုံးတဲ့သူကိုတွေ့ပြီး ဖမ်းသွားနိုင်တာရှိတယ်။ ဒါပေမဲ့ သူ့ကိုလည်း ငွေကြေးနဲ့ပဲ လာလဲလှယ်ခေါ်ခိုင်းတယ်”လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ပြောချက်အရ TNLA နဲ့ MNDAA တပ်ဟာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို မူးယစ်ဆေးဝါးဖြတ်ပေးမယ်လို့ ဆိုကာ နေအိမ်အထိလိုက်လံဖမ်းဆီးနေပြီး မူးယစ်ဆေးသမားနေအိမ်မှာရှိမနေပါက မိသားစုဝင်တစ်ဦးကို ဖမ်းဆီးသွားတာမျိုး လုပ်နေပြီး ငွေကြေးနဲ့ပြန်ရွေးခိုင်းနေတယ်လို့ နမ့်ဖတ်ကာဒေသခံတွေ ပြောပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့-KIO အောက် နမ့်ဖတ်ကာအုပ်ချုပ်ရေးအဖွဲ့က TNLA နဲ့ MNDAA တပ်ဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တိုင်ပင်ခြင်းမရှိဘဲ အခုလိုလုပ်ရပ်မျိုးမလုပ်ဖို့ တောင်းဆိုစာပို့ထားတာဖြစ်ပါတယ်။“ဒီတ လောကတော့ TNLA ဘက်က အဲလိုလိုက်လုပ်တာမျိုး ပြန်မတွေ့ရတော့ဘူး။ ရှေ့တောက်လျှောက်က ဆက်တိုက်ကိုဖြစ်နေတာ ဟုတ်တယ်။ နမ့်ဖတ်ကာသိမ်းပြီးတာနဲ့ တောက်လျှောက်ကာလမှာ အဲဒီလိုဖြစ်ရပ်မျိုးတွေ ဆက်တိုက်ရှိတာဟုတ်တယ်။ ဒီမှာ လည်း KIO ကအုပ်ချုပ်ရေးယန္တရားတွေစတင်တုန်း။ ဌာနဆိုင်ရာအသစ်တွေထပ်တိုးပြီး စတင်လည်ပတ်နေတုန်းဆိုတော့ အား လုံးကို အတည်တကျကောင်းမွန်စွာ မထိန်းချုပ်နိုင်တဲ့ကာလဆိုတော့ လက်နက်ကိုင်တွေအချင်းချင်းက အင်အားပြိုင်ဆိုင်တာ မျိုးလား၊ အချင်းချင်းကထိကအောက်တွေဖြစ်အောင် ပြုလုပ်ကြတာတွေရှိတာပေါ့။ ဒါပေမဲ့ဒီနောက်ပိုင်းကာလမှာတော့ အချင်း ချင်းကြား ကထိကအောက်ဖြစ်အောင် လုပ်ကြတာမျိုးတွေတော့ မတွေ့ရတော့ဘူး။ အဆင်ပြေနေပါတယ်” လို့ နမ့်ဖတ်ကာ ဒေသခံတစ်ဦးက ပြောပါတယ်။ နမ့်ဖတ်ကာကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မြို့အဆင့်မြင့်တင်ကာ ဌာနဆိုင်ရာအသီးသီးဖွင့်လှစ်ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဖြစ်ပါတယ်။ Read in Full
၁၇။ ဝိုင်ဖိုင်စက်များကို ဖမ်းဆီးမည်ဟုသတင်းများထွက်ပေါ်ပြီးနောက် မြစ်ကြီးနားတွင် အင်တာနက်ဆိုင်အများစုပိတ်ထား
October 28, 2024
မြစ်ကြီးနားမြို့ရှိ ဝိုင်ဖိုင်အင်တာနက်ဆိုင်များကို လိုက်လံစစ်ဆေးမည်ဟုသတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယမန်နေ့မှ စတင်ကာ မြို့အတွင်းရှိဆိုင်အချို့ ပိတ်ထားကြောင်း သိရသည်။ သက်ဆိုင်ရာသို့ပေးထားသော အချက်အလက်များနှင့် ဝိုင်ဖိုင် စက်များကို တိုက်ဆိုင်စစ်ဆေးမည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဆိုင်အများစုပိတ်ခဲ့ခြင်းဖြစ်သည်ဟု ဝိုင်ဖိုင်ဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။“မနေ့ကရုံးပိတ်ရက်မှာ ဝိုင်ဖိုင်ဆိုင်တွေကို စစ်ဆေးဖို့အစည်းအဝေးလုပ်ကြတယ်လို့ လည်းကြား တယ်။ အဲ့နောက်ပိုင်း ဆိုင်တချို့ပိတ်ကုန်တာပါပဲ။ ဒီနေ့တော့ ပိတ်တဲ့ဆိုင်တွေပိုများလာတယ် ဖွင့်ရဲတဲ့သူတွေဖွင့်ပြီး မဖွင့်ရဲတဲ့ သူတွေကပိတ်ထားတာပေါ့” ဟုပြောသည်။ ယမန်နေ့ နံနက်အစောပိုင်းမှစတင်ကာ အဆိုပါသတင်းပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး ငွေလွှဲ၊ ငွေထုတ်သည့်ဆိုင်အချို့မှာလည်း Kpay လက်မခံတော့ကြောင်း သိရသည်။ ဝိုင်ဖိုင်စက်များကို စစ်ဆေးမည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် မြစ်ကြီးနားမြို့ရှိ အင်တာနက်ဆိုင် အများစုပိတ်ထားကြောင်း သိရသည်။ မြို့တွင်းရပ်ကွက်များရှိ ဝိုင်ဖိုင်ဆိုင် အချို့က ဆိုင်းဘုတ်နှင့် ဗီနိုင်များကိုသိမ်းကာ ဆိုင်ပိတ်ထားသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“မနေ့မနက်ကတည်းက ဆိုင်တော်တော်များများပိတ်နေတာကိုတွေ့ရတယ် ဆိုင်ဘုတ်တွေနဲ့ ဗီနိုင်းတွေ အကုန်သိမ်း ကုန်တာ။ ကျွန်တော်တို့ကြားတာလည်း အင်တာနက်ဆိုင်တွေကို စကစ(စစ်ကောင်စီ)က စစ်ဆေးရေးဝင်မယ်ဆိုတဲ့ အသံတွေ ကြားနေတာပါပဲ”ဟု ပြောသည်။ ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့မှစတင်ကာ ဖုန်းနှင့် ဖိုင်ဘာအင်တာနက် လိုင်းများ ဖြတ်တောက်ခံခဲ့ရပြီးနောက် ဩဂုတ်လလယ်ခန့်မှစတင်ကာ ဝိုင်ဖိုင်ဆိုင်များဖွင့်လှစ်လာခဲ့ကြခြင်းဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလကလည်း မြစ်ကြီးနားမြို့တွင်းရှိ ဆိုင်အချို့ကို စစ်ကောင်စီတပ်က ရှောင်တခင်ဝင်ရောက် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ Read in Full
၁၈။ စစ်ကောင်စီတပ်က ကဒဲရွာကို နှစ်ရက်ဆက်တိုက်မီးရှို့
October 28, 2024
ပုလောမြို့နယ်၊ ကဒဲရွာက အိမ်တွေကို စစ်ကောင်စီတပ်က နှစ်ရက်အတွင်းအကြိမ်ကြိမ်မီးရှို့နေတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။ ကဒဲရွာကိုရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့ မွန်းလွဲ ၁ နာရီခွဲမှာ အိမ်တွေကိုမီးရှို့နေသလို မနေ့ညဦးပိုင်းကလည်း မီးရှို့ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။“မီးလုံးတွေက အကွက်လိုက် အကွက်လိုက်တက်နေ တာ တစ်နေရာတည်းကိုရှို့နေတာမဟုတ်ဘူး။ သူတို့လိုချင်တဲ့အိမ်တွေကို ရွေးပြီးလိုက်ရှို့တာနေမှာ။”လို့ ဒေသခံအမျိုးသား တစ်ဦးက ဒီနေ့မွန်းလွဲပိုင်းက ပြောပါတယ်။ တိုက်ပွဲမရှိဘဲနဲ့ မီးရှို့နေတာလို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ အခုလ ၂၃ ရက်နေ့ကလည်း ဇရပ်ဆိပ်ရွာက အိမ်တွေကို စစ်ကောင်စီ တပ်က မီးရှို့ခဲပါတယ်။ အခုလ ၁၈ ရက်နေ့ မနက် ပိုင်းကလည်း ကြဲရွာက လူမရှိတဲ့အိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ သိရပါတယ်။
ဒေသခံတွေထွက်ပြေးနေရတဲ့အတွက် မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ အခုလ ၁၄ ရက်နေ့ကတည်းကနေ ဒီကနေ့အထိ ပုလောမြို့နယ်ထဲက ကြဲ၊ စက်တော်ရာ၊ တပို၊ ဇရပ်ဆိပ်၊ ပလမြို့၊ သင်္ကန်းတော၊ ကဒဲစတဲ့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေတောက် လျှောက်ရှိနေတာပါ။ ဒါကြောင့် အဲဒီရွာတွေက ပြည်သူထောင်ချီဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အကူအညီတွေအများအပြား လိုအပ်နေ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကတော့ ပုလောမြို့နယ်က ငါးမိုင်၊ မီးလောင်အော်၊ ရှပ်ပုံရွာ တွေက အိမ် ၅၇ ဆောင်ကို စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ Read in Full
၁၉။နန်းယွန်းဒေသမှာ ကျေးလက်ဆေးပေးခန်းများရှိပေမယ့် ကျန်းမာရေးဝန်ထမ်းမရှိတဲ့အတွက် အခက်အခဲဖြစ်နေ
October 29, 2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ကျေးရွာတွေမှာ ကျေးလက်ဆေးပေးခန်း တွေရှိပေမယ့် ကျန်းမာရေးဝန်ထမ်းမရှိတဲ့အတွက် အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နန်းယွန်းမြို့နယ် ကြိုင်ရိုင်ရွာ၊ ယောင်ငွေးရွာ၊ နမ္မလစ်ရွာ၊ဟားဝါးရွာအပါအဝင် ရွာအများစုမှာ ကျေးလက်ဆေးပေးခန်းများကို ဆောက်လုပ်ပြီးစီး ထားပြီဖြစ်ပေမယ့် ကျန်းမာရေးဝန်ထမ်းတွေရောက်မလာတဲ့အတွက် ဒေသခံပြည်သူများ ကျန်းမာရေးပိုင်းဆိုင်ရာအခက်အခဲဖြစ် နေကြတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။“ဆေးခန်းတွေဆွေးတောင်ဆွေးနေပြီ ပြီးတာဖြစ် နှစ်ပေါက် နေပြီလေ ဆေးခန်းတွေတော့ဆောက်ခိုင်းပြီးမှ ဆရာ၊ဆရာမတွေကျတော့တစ်ယောက်မှပေါ်မလာဘူး ဘယ်သူမှမသွားကြဘူး လေ။ ဖျားရင်နာရင်လေး ဒီတိုင်းအိပ်ယာထဲလှဲနေရုံလောက်ပဲ အခြေနေဆိုးမှဒီမြို့ပေါ်ကိုတက်လာကြတာ”လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦး ပြောပါတယ်။
နန်းယွန်းမြို့နယ်မှာ ကျေးရွာပေါင်း ၁၆၅ ရွာရှိပြီး ကျေးလက်ဆေးပေးခန်းတွေဆောက်ပေးဖို့ NLD အစိုးရလက်ထက် ကတည်းက ချမှတ်ပေးခဲ့တာဖြစ်ပြီး ဆေးခန်းတွေအားလုံး ၂၀၂၂ ခုနှစ်မှာဆောက်လုပ်ပြီးစီးထားတာဖြစ်ပါတယ်။ သို့သော် ကျန်းမာရေး ဝန်ထမ်းတွေရောက်မလာတဲ့အတွက်ဒေသခံတွေပြည်သူတွေဟာ မြို့ပေါ်ထိတက်ပြီးဆေးကုသမှု ခံယူနေရတယ် လို့ ဆိုပါတယ်။“ဆရာ၊ဆရာမတွေရောက်လာမယ်ရောက်လာမယ်လို့မျော်လင့်ချက်တွေပေးပြီး မပေါ် လာကြဘူးတဲ့ လမ်းပန်း ဆက်သွယ်ရေးကမကောင်း ဆေးခန်းကမရှိတော့ တချို့လူနာတွေဆို ခက်ခက်ခဲခဲလာပြီးမှမြို့ပေါ်ထိဆေးလာကုကြတာ သနားစရာကောင်းပါတယ်”လို့ နန်းယွန်းမြို့ခံ အမျိုးသမီးတစ်ဦး ဆက်ပြောပါတယ်။ ခုလိုကျေးလက်ဆေးပေးခန်းတွေမှာ ကျန်းမာရေး ဝန်ထမ်းတွေမရှိတာကြောင့် အခြေအနေဆိုးဝါးတဲ့လူနာတွေဟာ နန်းယွန်းမြို့ပေါ်ထိတက်ပြီး ဆေးကုသမှုခံယူရသလို တချို့ လူနာတွေလမ်းခုလတ်မှာ အသက်ဆုံးရှုံးသွားတာရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ Read in Full
၂၀။ KIA ဖမ်းဆီးခဲ့သည့် ဖားကန့်မှ သတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်
October 28, 2024
ဖမ်းဆီးခံထားရသည့် ဖားကန့်မြို့နယ်မှ အလွတ်တန်းသတင်းထောက် ၂ ဦးကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။ သတင်းထာက်နှစ်ဦးမှာ ၂၈ ရက်အကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး မလွှတ်ပေးမှီ KIA အရာရှိကြီးတစ်ဦးနှင့် တွေ့ဆုံခွင့်ပြုခဲ့ကာ သတင်းများကို တိကျမှန်ကန်စွာရေးသားရန်နှင့် လိုအပ်ပါကဆက်သွယ်မေးမြန်းနိုင် သည်ဟု ပြောဆိုခဲ့ကြောင်း ကိုနောင်ရိုးက ပြောသည်။ “အကယ်၍အချက်လက်ခိုင်လုံဖို့လိုတယ်ဆိုရင် သူတို့ကိုမေးပါ၊ မြန်းပါ။ သူတို့လည်း ဖြေပေးနိုင်အောင်လုပ်ပါမယ် အဲဒီလိုမျိုးပေါ့လေ။ အခုက တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အချိတ်ဆက်မရှိဘဲနဲ့ တစ်ဖက်ကရတဲ့ဟာကိုဘဲ တစ်ဖက်သတ်ရေးနေသလိုဖြစ်တော့ တစ်ဖက်မှာနစ်နာမှုတွေဖြစ်နေတယ်။ အဲဒီလိုမျိုးနောင်ကိုမဖြစ် အောင်လို့ သူတို့အနေနဲ့သတင်းပေါ်မှာသက်ဝင်တယ်။ သတင်းတွေရေးပါ။ ဒါပေမယ့် ခိုင်ခိုင်လုံလုံ၊ တိတိကျကျလေးဖြစ်အောင် ကြိုးစားဆိုပြီးတော့ သူတို့ကတောင်းဆိုတာပေါ့” ဟုဆိုသည်။ Red News Agency သတင်းဌာနမှ ကိုတာလင်းမောင်နှင့် ဖားကန့် အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ကို KIA ရှေ့တန်းတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက် နေ့ နံနက်ပိုင်းနှင့် ညပိုင်းတို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ၂၈ ရက်အတွင်း စစ်ဆေးမေးမြန်းခံရသည့် အခြေအနေ၊ အကြောင်းအရာများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် မဖြေလိုသေးကြောင်း သူကပြောသည်။ ကိုတာလင်းမောင်မှာ ဖားကန့်ဒေသအတွင်းရှိ လက်နက် ကိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်သည့်အကြောင်း အရာများကို ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်မကြာခဏရေးသားလေ့ရှိပြီး ဆိုင်းတောင်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားနေစဉ် Jade Garden ကစားကွင်းနှင့် စားသောက်ဆိုင်တွင် ပိတ်မိနေသည့်ဝန်ထမ်း များကို KIA အထက်အရာရှိကြီးများ၏ စေခိုင်းချက်အရဟုဆိုကာ လူကယ်ထုတ်သွားသည့်အကြောင်းနှင့်ပတ်သက်၍ ရေးသားခဲ့ ပြီး နောက်တစ်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ကိုတာလင်းမောင်မှာ စစ်အာဏာသိမ်းပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်နေသူဖြစ်သည်။ အလွတ် တန်း သတင်းထောက်ကိုနောင်ရိုးမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံခဲ့ရပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ တွင် ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်သည်။ Read in Full
၂၁။ ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တာအတွင်း ရှမ်းပြည်မြောက်ပိုင်းက ပြည်သူ ၃၀၀ ကျော် သေဆုံးခဲ့
October 28, 2024
၁၀၂၇ စစ်ဆင်ရေး တစ်နှစ်တာကာလအတွင်းမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ရှမ်းပြည် မြောက်ပိုင်းက ပြည်သူ ၃၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် HRAN က ထုတ်ပြန်ပါတယ်။ တအာင်းအမျိုးသမီးအဖွဲ့အစည်း၊ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့ ၊ တအာင်းဥပဒေအထောက်အကူပြု ဖောင်ဒေးရှင်း အပါ အဝင် တအာင်း အရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့တို့ ပါဝင်တဲ့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် HRAN ကနေ ၁၀၂၇ စစ်ဆင် ရေးအတွင်း ရှမ်းမြောက်ဒေသ စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း အစီရင်ခံစာကို ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။ ယင်းအစီရင်ခံစာ ဖော်ပြချက်အရ စစ်ဆင် ရေးတနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်းကပြည်သူ ၃၃၉ ဦး သေဆုံးခဲ့ရပြီး ၆၇၂ ဦး ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။“၁၀၂၇ စစ်ဆင်ရေးရဲ့ တနှစ်တာအတွင်းမှာဆိုရင် ရှမ်းမြောက် ဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေက စစ်ကောင်စီကနေပြီးမှ လက်နက်ကြီး အသုံးပြု ပစ်ခတ်တာတို့ လေယာဉ် အသုံးပြု ပစ်ခတ်တာတို့ အရပ်သားပြည်သူတွေနေတဲ့ နေရာ အဆောက်အဦး အဲဒီနေရာတွေမှာ သူတို့ ပစ်မှတ်ထားပြီးမှ တိုက်ခိုက်နေ တယ်” လို့ Human Right Action Network ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေယာဉ်ကနေ ဗုံးကြဲမှုကြောင့် မိုးကုတ် ၊ မိုးမိတ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသ မြို့နယ် ၁၄ မြို့နယ်မှာ စာသင်ကျောင်း ၁၂ ကျောင်း၊ ဆေးရုံ ၆ နေရာ အပါအဝင် အဆောက်အအုံပေါင်း ၂,၀၀၀ နီးပါး ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ တအာင်းအရပ်ဖက်အဖွဲ့အစည်းကွန်ရက်ဖြစ်တဲ့ Human Right Action Network ကကောက်ယူရရှိထားတဲ့ ပြည်သူသေဆုံး ထိ ခိုက်ဒဏ်ရာရရှိမှု ၁,၀၀၀ ကျော်ဆိုတာဟာ လားရှိုး၊နောင်ချို၊ ကျောက်မဲမြို့နယ် စတဲ့ တိုက်ပွဲပြင်းထန်နေတဲ့ နေရာ၊ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ဖြစ်နေတဲ့နေရာက အချက်အလက်တွေ မပါရှိသေးဘူးလို့ HRAN ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။“အကြမ်းဖက်စစ်ကောင်စီကနေပြီးမှ အဲဒီနယ်မြေဒေသတွေကို လေယာဉ်မကြာခဏပြန်ပြီးမှ ဗုံးကြဲတယ်၊ ပြည်သူတွေက စစ်ရှောင်နေရသေးတယ်ပေါ့နော်၊ ဥပမာ လားရှိုးဆိုရင် မနေ့ကအထိပေါ့နော် လေယာဉ်ဗုံးကြဲတာတွေရှိသေးတယ်၊ ပြီးတော့ လောက်ကိုင်ဘက် တိုက်ပွဲတွေက မဖြစ်နေတော့ဘူး ဒါပေမယ့် လေယာဉ်ဗုံးကြဲမှုတွေ ဆက်တိုက်ဆက်တိုက် ဖြစ်နေတဲ့အခါကျ တော့ ပြည်သူတွေက ရှောင်ကြတယ်၊ ကျမတို့က ထိခိုက်နစ်နာသူတွေ ဒဏ်ရာရတဲ့သူတွေကို တွေ့ဖို့ အခွင့်အလမ်းနည်းတယ်၊ သူတို့ကိုယ်တိုင်ကလည်း စစ်ရှောင်နေရသေးတယ်” လို့ သူက ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းဒေသ သာမက မြန်မာတနိုင်ငံလုံး အတိုင်းအတာအထိ ပြည်သူတွေဟာ လေယာဉ်ဗုံးဒဏ်ကြောင့် သေဆုံးမှုတွေ ဆက်ရှိလာနိုင်တာဖြစ်လို့ အဓိကတောင်း ဆို ထားတာတွေကို ဖြည့်ဆည်းပေးဖို့ Human Right Action Network ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းပြောဆိုထားပါတယ်။ Read in Full
၂၂။ ရခိုင်ပြည်သူများ သတင်းသိဖို့ အာရက္ခဒတ်ချ် သတင်းဂျာနယ် အခမဲ့ထုတ်ဝေ
October 28, 2024
ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်ပြီး သတင်းအမှောင်ကျနေသည့် ရခိုင်ပြည်အတွင်း သတင်းအချက်အလက် မှန်မှန် ကန်ကန်စီးဆင်းစေရန် ရခိုင်သတင်းသမားအချို့က “အာရက္ခဒတ်ချ်- ARAKKADESH” အမည်ရှိ သတင်းဂျာနယ်ကို အခမဲ့ ထုတ် ဝေ ဖြန့်ချိနေကြောင်း သိရသည်။ တိုက်ပွဲပြင်းထန်နေသည့် နေရာဒေသများနှင့် စစ်ကောင်စီ ထိန်းချုပ်ထားဆဲမြို့နယ်များက လွဲပြီး အာရက္ခတပ်တော် AA ထိန်းချုပ်ရာ လွတ်မြောက်နယ်မြေကို ဦးစားပေးဖြန့်ဝေနေကြောင်း ဦးဆောင်သူထဲပါဝင်သူ ကိုတေဇာအောင်က ပြောသည်။ ” ရခိုင်မှာက အခုလောလောဆယ်က အင်တာနက်က လုံးဝ မရသလောက်ဖြစ်သွားပြီလေ။ အင်တာနက် ရခဲ့မယ်ဆိုရင်တောင်မှ ဖုန်းအားသွင်းခက တစ်ခါသွင်းရင် အနည်းဆုံး ကျပ် ၁,၀၀၀၊ ၁,၅၀၀ အထိ ပေးနေရတယ်။ အင်တာနက်ဖို့အတွက် တော်တော်ဝေးတဲ့နေရာတွေကို သွားနေရတာရှိတယ်။ အဲဒီလို ပိုက်ဆံအကုန်မခံနိုင်တဲ့အခါကျတော့ လူတွေက သတင်းတွေ ငတ်လာတယ်။ လုံးဝ ဖုန်းလိုင်းလည်းမရ၊ အင်တာနက်လည်းမရတဲ့ ရွာတွေရှိတော့ သတင်းက ပြတ် တောက်သွားပြီလေ။ ဒါကြောင့် ကျနော်တို့က ဘာမရရှိတဲ့ရွာတွေကို သတင်းအနည်းငယ် သိရအောင်ဆိုပြီး ကြိုးစားပြီးဖြည့်ပေး လိုက်တာပါ။ ” ဟု ပြောသည်။
လက်ရှိတွင် သံတွဲမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်တို့ကို နောက်ဆုံးထား ဖြန့်ဝေပေးနေပြီး မကြာမီရက်ပိုင်းအတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသဖြင့် ရောက်ရှိလာမည်ဟု တာဝန်ရှိသူများက ဆိုသည်။ ” စစ်ကောင်စီ ထိန်းချုပ်နယ်မြေက လုံခြုံရေးအရ မဖြန့်ဝေတာပါ။ အခု ဦးစားပေးက လွတ်မြောက်နယ်မြေပေါ့။ ဒီလို ဂျာနယ် ထုတ်ဝေခွင့်ရဖို့လည်း ULA/AA ဆီမှာ ခွင့်ပြုတောင်းခံပြီးမှ ခွင့်ပြုတယ်ဆိုမှ ထုတ်ဝေဖြန့်ချိလိုက်တာပါ။ ” ဟု ပြောသည်။ ရခိုင် သတင်းသမားအချို့ဦးဆောင် ထုတ်ဝေသော “အာရက္ခဒတ်ချ်- ARAKKADESH” အမည်ရှိ သတင်းဂျာနယ်ကို ယခု ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်စ၍ သံတွဲမြို့နယ်တွင် ပထမဆုံး ဖြန့်ဝေခဲ့ပြီး လက်ရှိတွင် ရခိုင်မြောက်ပိုင်းက မြို့နယ်များကိုပါ တိုးချဲ့ ဖြန့်ဝေလာခြင်းဖြစ်သည်။ ပြည်သူများ သတင်းဖတ်ချင်နေချိန် သတင်းဂျာနယ် လက်ထဲရောက်လာသည့်အတွက် ဝမ်းသာ အားရကြောင်းနှင့် သတင်းဂျာနယ်တွင် ပြည်သူ့အကျိုးသတင်းများ၊ ဆောင်းပါးများ ထည့်သွင်းစေလိုကြောင်း မြေပုံဒေသခံ တစ်ဦးက အကြံပြုပြောဆိုထားသည်။ အာရက္ခဒတ်ချ်- ARAKKADESH သတင်းဂျာနယ်တွင် သတင်းအမှားအမှန် ခွဲခြားစိတ် ဖြာ ခြင်းနှင့် မိုင်းအသိပညာပေး အစီအစဉ်ကို အဓိက ရေးသားထားကြောင်းနှင့် စစ်ရေး၊ နိုင်ငံရေးကိုလည်း ထည့်သွင်းဖော်ပြထား ကြောင်း ကိုတေဇာအောင်က ဆိုသည်။ Read in Full
၂၃။ နောင်ချိုမြို့နယ် ဂန့်ကော်ရွာကို စစ်ကောင်စီတပ် ထိန်းချုပ်
October 28, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဂန့်ကော်ရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် အောက်တိုဘာလ ၂၇ ရက် ညနေပိုင်းမှာတော့ အဲဒီရွာကို စစ်ကောင်စီတပ်က ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးသုံး ပြီး အဆက်မပြတ် ထိုးစစ်ဆင်တာကြောင့် ခံစစ်ပြင်ထားတဲ့ TNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ဆုတ်ခွာပေးလိုက်ရတာလို့ စစ်ရေးအခြေအနေသိရှိတဲ့ နောင်ချိုဒေသခံ တစ်ဦးက ပြောပါတယ်။“စစ်တပ်က ဂန့်ကော်ရွာကို ရသွားပြီးလို့ ပြောလို့ရတယ်။ တော်လှန်ရေးအဖွဲ့တွေက ဆုတ်ပေးလိုက်တာ။ အခု ဂန့်ကော်ရွာကနေ စစ်တပ်က ထိုင်ပြီးတော့ ဟိုခိုတို့၊ သုံးဆယ်ရွာတို့ ဘက် ကို လက်နက်ကြီး ထုနေတယ်။ တော်လှန်ရေးအဖွဲ့တွေ အဲဒီနားမှာပဲ ရှိနေတုန်းပဲ။ ပစ်ခတ်နေတုန်းပဲ”အောက်တိုဘာလ ၂၀ ရက် နေ့ကစပြီး စစ်ကောင်စီတပ်က ပြင်ဦးလွင်ကနေ မိုင်နှစ်ဆယ်နီးပါးဝေးတဲ့ ဘန့်ဘွေး၊ ဂန့်ကော်ရွာတွေဘက်ကို အင်အား နှစ်ရာ ကျော်နဲ့ ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတာ တစ်ပတ်ကျော်ရှိလာပြီလို့ သူက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နောင်ချိုမြို့ကို TNLA၊ မန္တလေး PDF နဲ့ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာပါ။ လက်ရှိမှာ နောင်ချိုမြို့ကို ပြန်ရရေးအတွက် စစ်ကောင်စီတပ်က ထိုးစစ်ဆင် နေတာလို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ ၂၇ ရက်နေ့ ညပိုင်းမှာတော့ နောင်ချိုမြို့နယ် သပြေရေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။ Read in Full
၂၄။ ခြံမြေ ပိုင်ဆိုင်မှုအငြင်းပွားပြီး မူလပိုင်ရှင်သားဖြစ်သူ PC ဗိုလ်မှူးတစ်ဦးကို တပ်ဖွဲ့က ပြန်ဖမ်းထား
October 28, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ကျိုက်ပွန်ကျေးရွာရှိ ဘိုးဘွားပိုင် မြေပေါ်တွင် ငြိမ်းချမ်းရေးကောင်စီ-PC ဗဟိုဌာနချုပ်၊ အခြေချဗျူဟာဆိုင်းဘုတ်ကို မူလပိုင်ရှင် သားဖြစ်သူ အဆိုပါအဖွဲ့၏ ဗိုလ်မှူးတစ်ဦးက ဖြုတ်ချလိုက်သည့်အတွက် ဖမ်းဆီးထားခြင်းခံလိုက်ရသည်ဟု မိသားစုဝင်များက ပြောသည်။ အဆိုပါ ဖမ်းဆီးချုပ်နှောင်ခံရသူ သည် မြေပိုင်ရှင်အမည်ပေါက်ဖြစ်သူ နော်မသန်းမြင့်၏ သားဖြစ်ပြီး ငြိမ်းချမ်းရေးကောင်စီ- PC အဖွဲ့၏ ဗိုလ်မှူးစောချစ်ဝင်းဆိုသူ ဖြစ်သည်။ သူသည် အောက်တိုဘာ ၁၁ ရက်နေ့တွင် မိခင်ဖြစ်သူ ပိုင်ဆိုင်သည့် မြေပေါ်တွင် ငြိမ်းချမ်းရေးကောင်စီ အခြေချ ဗျူဟာ(၇)က ထောင်ထားသည့် ဆိုင်းဘုတ်ကို သွားဖြုတ်ပြီးနောက် တပ်ဖွဲ့၏ ဖမ်းဆီးချုပ်နှောင်ခံလိုက် ရခြင်းဖြစ်သည်။“အဲဒီမြေက ငြိမ်းချမ်းရေးကောင်စီမြေနဲ့ဘာမှ မပတ်သက်ဘူး။ စောချစ်ဝင်းက ငြိမ်းချမ်းရေးကောင်စီ ဖြစ်ပေမယ့်လည်း အဲဒီခြံက သူ့အမေပိုင်ခြံ။ သူဆိုင်းဘုတ်သွားဖြုတ်ပြီး ဌာန ချုပ်ကို အဲဒီဆိုင်းဘုတ်ယူ သွားတဲ့အချိန် ဟိုမှာရောက်တော့ အဖမ်းခံရတယ်။ ဖမ်းထားတာကရိုးရိုးမဟုတ်ဘူး၊ သံကြိုး နဲ့ ခြေထောက်ကိုချည်ထားတာ အပြစ်သားတယောက်လို ဖြစ်တယ်။ သွားတွေ့တော့ မျက်နှာတွေလည်း ဖူးရောင်နေတယ်။ သူတို့ ငြိမ်းချမ်းရေးကောင်စီမှာ ဒီလိုပဲ တပ်ဖွဲ့ဝင်တွေကို နိုင်တဲ့လူက နှိပ်စပ်တာခံရတာလား မေးချင်တယ်” ဟု စောချစ်ဝင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုမြေသည် စစ်ဗျူဟာမှူ ဗိုလ်ကျော်ကျော်နှင့်တိုက်ရိုက်ပတ်သက်မှုလုံးဝမရှိသလို မြေပိုင်ရှင်နှင့်ပြဿနာဖြစ်သူကတိုင် ကြားသည့်အတွက် အဆိုပါဗျူဟာမှူးက လုပ်ဆောင်ပေးခြင်းဖြစ်သည်ဟု ကနဦးသိရသည်။ ထို့ကြောင့် ယခု ခြံမြေအငြင်းပွားမှု ပြဿနာကိုဆိုင်ရာ ငြိမ်းချမ်းရေးကောင်စီ-PC အနေဖြင့် တရားမျှတစွာ ဖြေရှင်းပေးစေလိုပြီး ရာဇဝတ်အပြစ်သားလို ဖမ်းဆီးချုပ် နှောင်ထားသူကို လွှတ်ပေးရန်မိသားစုဝင်များက လိုလားလျက်ရှိသည်ဟု ပြောသည်။ လက်ရှိဖြစ်ပွားသည့် ပြဿနာသည် တပ်ဖွဲ့ ဝင် အချင်းချင်းကြား ဖြစ်သည့်ပြဿနာဖြစ်၍ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိ သူများက ဖြေရှင်းပေးသွားမည်ဟု ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) အုပ်ချုပ်ရေးပိုင်း ခေါင်းဆောင်များဘက်က ပြောဆိုထားသည်ဟု မိသားစုဝင်များထံမှ သိရသည်။ ငြိမ်းချမ်းရေး ကောင်စီ-PC စစ်ထောက်ချုပ်စောလေးစိုးက “အဲဒီကိစ္စကို သူ့မိန်းမ ကျနော့်ကိုတစ်ခါ ဖုန်းဆက်ပြောတယ်။ ကျနော်လည်း တိတိကျကျ မစစ်ဆေးရသေးဘူး။ အတွင်းရေးမှူးကို မေးရင် သူဘုရားဖူးသွားတာ အခုမှ ပြန်ရောက်တော့ သိတဲ့လူတော့မရှိဘူးထင်တယ်။ ဒီကိစ္စကို လူကြီးစုံမှ သူတို့ ဝိုင်းဖြေရှင်းပေးမယ်” ဟု ပြောသည်။ Read in Full
၂၅။ နယ်စပ်အနီး ပျံသန်းလာတဲ့ မြန်မာစစ်ကောင်စီလေယာဉ်ကို တရုတ်က သတိပေးပစ်ခတ်
October 29, 2024
တရုတ်နယ်စပ်အနီး အလွန်နီးကပ်စွာ ပျံသန်းခဲ့တဲ့ မြန်မာစစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစ် စင်းကို တရုတ်က တနင်္ဂနွေနေ့မှာ သတိပေးပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာစစ်ကောင်စီ ဂျက်တိုက်လေယာဉ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းအဖွဲ့ (TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်ရှိ တည်နေရာတွေကို ဗုံးကြဲပြီးနောက် တရုတ်နယ်စပ် အနီးကို ပျံသန်းခဲ့တာဖြစ်ပါတယ်။“စစ်ကောင်စီ ဂျက်တိုက်လေယာဉ်က နမ့်ခမ်းမြို့ကို ပြန်လှည့်ဖို့ တရုတ်နိုင်ငံဘက်ကို ပျံသန်း လာချိန်မှာ တရုတ်ကလေပိုင်နက်ထဲ မဝင်ရောက်နိုင်အောင်ပစ်ခတ်ခဲ့တာပါ။ (၅)မိနစ်လောက်အကြာမှာ စစ်ကောင်စီ ဂျက်တိုက် လေယာဉ်က ပစ်မှတ်ရှာဖို့ပြန်လာချိန်မှာ တရုတ်ကထပ်ပစ်ခတ်ခဲ့ပါတယ်”လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဉီးက ပြောပါတယ်။
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေချိန်မှာ တရုတ်နိုင်ငံက ဩဂုတ်လအတွင်း မြန်မာ နယ်စပ်အနီးမှာ(၃)ရက်ကြာ ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပြီးခဲ့တဲ့သီတင်းပတ် တွေအတွင်း စစ်ကောင်စီအပေါ် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့ပြီး မြောက်ပိုင်းမဟာ မိတ်အဖွဲ့က အရေးပါတဲ့နေရာတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ တိုက်ပွဲတွေအရှိန်မြှင့်နေစဉ် စစ်ကောင်စီဟာ ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရကို အံ့အားသင့်စွာ ဖိတ်ကြားခဲ့ပါတယ်။ Read in Full
၂၆။ ပုလောမှာ ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်ပြတ်တောက်
October 28, 2024
တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့မှာ စပါးရိတ်ဖို့သွားတဲ့ ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိတာကြောင့် ခြေထောက်တစ်ဖက် ပြတ်တောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက ပြောပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့ နေ့လယ် ပိုင်းမှာ စပါးရိတ်ဖို့သွားတဲ့ ဒေသခံအမျိုးသားတစ်ဦးဟာ ပလမြို့မှ လိပ်ကူဘက်ကို သွားတဲ့ လမ်းပိုင်းတစ်နေရာမှာ မြေမြှုပ်မိုင်း နင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်း နင်းမိခဲ့တာကြောင့် ပလမြို့နေ အသက် ၅၀ နှစ်အရွယ် ကိုစိုးကြီးဟာ ခြေထောက်ပြတ်တောက် ဒဏ်ရာရရှိခဲ့ပြီး ပုလောမြို့ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ မြေမြုပ်မိုင်းနင်းမိတာကြောင့် ဆေးကုသမှု ခံယူနေတဲ့ အမျိုးသားကို စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့တွေက မိုင်းသွားထောင်လို့ပေါက်ကွဲခဲ့တာနဲ့ PDF ရဲဘော်ဆိုပြီးစစ်ဆေး မေးမြန်းတာတွေ မကြာခဏ လာရောက်လုပ်ဆောင်နေတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကိုစိုးကြီးဟာ ပလမြို့ခံတစ်ဦးဖြစ်ပြီး လိပ်ကူဘက်မှာရှိတဲ့ သူရဲ့စပါးခင်းမှာ စပါးသွားရိတ်ဖို့အတွက် ပလမြို့ရှိ စစ်ကောင်စီ ရဲ့ ခွင့်ပြုချက်ပြပြီး သွားရာမှ အခုလို ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီနေ့မှပဲ ပလမြို့က ဒေသခံ အမျိုးသား တစ်ဦးနဲ့ မရီရီလှိုင်ဆိုတဲ့ အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီတပ်သားတွေက အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခဲ့တယ်လို့ဆို ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကလည်း ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံအမျိုးသားတစ်ဦးကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ Read in Full
၂၇။ ချင်းအမျိုးသားတက္ကသိုလ်၏ အကြိုကောလိပ်ဒီပလိုမာသင်တန်းဝင်ခွင့် လျှောက်လို့ရပြီလို့ သိရ
October 29, 2024
ချင်းအမျိုးသားတက္ကသိုလ်(CNU) ၏ အကြိုကောလိပ်ဒီပလိုမာ သင်တန်းဝင်ခွင့်လျှောက်လွှာကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လို့ရပြီဖြစ်တဲ့အကြောင်း Chinland Council ကနေ ဖွဲ့စည်းထားတဲ့ ချင်းပြည် (Chinland) အစိုးရ ပညာရေးဝန်ကြီးဌာနက ဒီကနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ချင်းအမျိုးသားတက္ကသိုလ်၏ အကြို ကောလိပ် ဒီပလိုမာသင်တန်းကို စစ်ကောင်စီကျောင်းနဲ့ ပတ်သက်ဆက်နွယ်မှုမရှိတဲ့ အခြေခံပညာပြီးဆုံးကြောင်း အကဲဖြတ်တဲ့ လက်မှတ် (BECA,NUG) ရရှိထားသူ၊ စစ်အာဏာမသိမ်းခင်က တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူတွေ၊ အိမ်နီးချင်းနိုင်ငံက ၁၂ တန်းအောင်မြင်ခဲ့တဲ့သူတွေ၊ GED စာမေးပွဲဖြေဆိုအောင်မြင်ထားသူတွေ၊ IGCS စာမေးပွဲအောင်မြင်ထားသူနဲ့ တိုင်းရင်းသား ပညာရေးစနစ်တွေ အထက်တန်းပညာပြီးမြောက်အောင်မြင်ထားသူတွေ လျှောက်လို့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဝင်ခွင့်လျှောက်လွှာတွေကို ဒီဇင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထားပြီး လိုအပ်တဲ့ပညာအရည်အချင်းလက်မှတ် အထောက်အထားမိတ္ထူတွေနဲ့ သက်ဆိုင်ရာ မြို့နယ်/ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာ၏ ထောက်ခံစာနဲ့ အတူ moe.goc@chilandcouncil.org ကို ပူးတွဲတင်သွင်းရမယ်လို့ ထုတ်ပြန်ထားပါတယ်။ ချင်းအမျိုးသားတက္ကသိုလ်၏ အကြိုကော လိပ်ဒီပလိုမာ သင်တန်းကို လာမယ့်နှစ်သစ်၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကာလ (၈)လ အတွက် သင်တန်းကြေး လစဉ် ကျပ်ငါးသောင်း သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ Read in Full
၂၈။ ကလော တန်ဆောင်တိုင်ပွဲ မဖြစ်မနေ ကျင်းပရန် စစ်ဝန်ကြီးချုပ် ဖိအားပေး
October 29, 2024
သျှမ်းတောင်၊ ကလောမြို့၌ တန်ဆောင်တိုင်ပွဲ မဖြစ်မနေ ကျင်းပရမည်ဟု သျှမ်းပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ်က ဖိအားပေးသဖြင့် ပွဲကျင်းပရန်ပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း မြို့မိမြို့ဖ တစ်ဉီးပြောသည်။ ပြီးခဲ့သည့် စက်တင် ဘာလ ၁၀ ရက်က စတင်ခဲ့သည့် ရေကြီးမှုကြောင့် ကလောမြို့လယ် ရပ်ကွက် (၄) တခုလုံး၊ ရပ်ကွက် (၂) နှင့် ရပ်ကွက် (၃) အစိတ်ပိုင်း တချို့ ရေနစ်မြုပ်ခဲ့ပြီး လူသေဆုံးမှုများရှိခဲ့သဖြင့် မြို့ခံများ အနေဖြင့် ပွဲမကျင်းပလိုသော်လည်း သျှမ်းဝန်ကြီးချုပ်၏ ဖိအားကြောင်း လာမည့် နိုင်ဝင်ဘာလ ၁၆၊ ၁၇၊ ၁၈ ရက်များတွင် ကျင်းပမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။“ရေကြီးပြီး သေဆုံးတာတွေရှိတော့ မြို့ခံတွေက မလုပ်ချင်ဘူး။ ဝန်ကြီးချုပ်က ဖိအားပေးလို့ လုပ်ရတာ။ ပွဲအတွက် သိန်း ၇၅၀ ရန်ပုံငွေ ချပေးမယ်တော့ ပြောတာ တယ်။ အခုပြင်ဆင်နေကြပြီ” ၎င်းကရှင်းပြသည်။ တန်ဆောင်တိုင်ပွဲသည် ကလောမြို့၏ အထင်ကရပွဲဖြစ်သော်လည်း လက်ရှိ လုံခြုံရေးအခြေအနေအရ ယမ်းအသုံးပြုခွင့်မပေးလိုသဖြင့် မြို့နယ်ထွေအုပ်က ပွဲအကျဥ်းချုံးသာ ပြုပ်လုပ်လိုသော်လည်း ဝန်ကြီး ချုပ်က စည်စည်ကားကားဖြစ်စေရန် ဖိအားပေးနေသဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်ထွေအုပ်နှင့် နီးစပ်သူတစ်ဦးက ဆို သည်။
“ရေကြီးပြီးတော့ ဗိုလ်ချုပ်မှူးကြီး (မင်းအောင်လှိုင်) ရောက်လာတယ်။ ပြန်လည် ထူထောင်ရေး အမြန်လုပ်ဖို့တို့ နောင် ရေထပ်မကြီးအောင်လုပ်ဖို့တို့ မှာတယ်။ အဲနောက်ပိုင်း ဝန်ကြီးချုပ် ခဏခဏလာပြီးတော့ ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါပေါ့။ ချောင်းရေပြည့်နေတဲ့ ကာလကြီးမှာတောင် ဘက်ဟိုးတွေနဲ့ ချောင်းချဲ့ဖို့ လုပ်တယ် ဆိုတော့ ခင်ဗျား စဉ်းစားကြည့်ပေါ့။ ပြည်နယ် ရန်ပုံငွေကတောင့်တော့ အသုံးစာရင်းပြလို့ ကောင်းတယ်လေ”ဟု ၎င်းက ဆက်ပြော သည်။ ထို့အပြင်ရေကြီးသည့် ဧရိယာနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းများကို ထွေအုပ်နှင့်စည်ပင်ကပင် ချဲ့ကား၍စာရင်းတင် ထားကြောင်း၊ မီဒီယာများအား ချဲကားပြောဆိုသူများလည်းရှိခဲ့ကြောင်း ၎င်းကဆိုသည်။“ဌာနဆိုင်ရာက ဘတ်ဂျက် များများကျဖို့။ လူတချို့က အလှူများများလာဖို့ အဲလိုတွေရှိ တယ်။ မြို့တမြို့လုံး အနေနဲ့ဆို ရေနစ်ဧရိယာက ဘယ် လောက်မှမရှိဘူး။ မြို့ပေါ် ရပ်ကွက် ၁၁ ခုရှိတာမှာ ရေနစ်တာ ရပ်ကွက် ၂ ခုစာတောင် မရှိဘူး။ ဖြစ်တဲ့ ဧရိယာမှာတော့ တော်တော်ဆိုးတာပေါ့။ ဒါပေမယ့် ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့ ဟိုတယ်မရှိဘူး။ ၂ ခုပဲရေဝင်သွားတာ။ မီဒီယာတွေမှာ တမြို့လုံးရေနစ်ကုန်ပြီ ရွှံ့ဖုံးကုန်ပြီ ရေးနေကြတာပဲ။ အခုတော့ ဧည့်သည်မလာတော့ဘူး ပေါ့” ဟု ၎င်းကရှင်းပြသည်။ Read in Full
၂၉။ KNDF တပ်ရင်းအမှတ် (၁၀) ဖွဲ့စည်းပြီး (၃) နှစ်အတွင်း တပ်ဖွဲ့ဝင် (၁၂)ဦး ကျဆုံး
October 28, 2024
၂၀၂၁ ခုနှစ် အောက်တိုဘာက ၂၇ ရက်နေ့မှာ လူအင်အား ၁၀၀ နဲ့ ဖွဲ့စည်းပြီး ရရာ တူမီး သေနတ်တွေ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၁၀) ဟာ အခုဆိုရင် (၃)နှစ်ပြည့်လာခဲ့ပါပြီ။ တော်လှန်ရေးကာလ (၃) နှစ်အတွင်းမှာ တပ်ဖွဲ့ဝင် (၁၂) ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေ တယ်လို့ သိရပါတယ်။ အောက်တိုဘာလ (၂၇) ရက်နေ့မှာတော့ ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို အောက်မေ့သတိရပြီး၊ အသိ အမှတ်ပြုတဲ့အနေနဲ့ တပ်ရင်းရဲ့(၃) နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ တပ်ရင်းမှူး မီရယ်က အခုလိုပြောပါတယ်။“ကျနော်တို့တပ် စတင်တည်ထောင်တဲ့နေ့ကို အောက်မေ့ပြီးတော့မှ တပ်မွေးနေ့အဖြစ် ကျနော်တို့ ပြုလုပ်ရခြင်းဖြစ် တယ်။ နောက်ပြီးတော့ အဓိကအချက်က ကျဆုံးသွားတဲ့ ရဲဘော်တွေကို အောက်မေ့သတိရတဲ့ အနေနဲ့၊ ပြန်ပြီးတော့ အသိအမှတ်ပြုတယ်၊ ဂါဝရပြန်ပြုတယ်။”လို့ တပ်ရင်းမှူး မီရယ်က ပြောပါတယ်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် တပ်ရင်း အမှတ်(၁၀) ကို ပြည်သူလူထုတွေ ယုံကြည်အားကိုးရတဲ့ တပ်ရင်းတပ်ဖွဲ့ ဖြစ်အောင် ကြိုးစားလျက်ရှိနေပြီး တော်လှန်ရေး ပြီးဆုံးသည်အထိ အားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း တပ်ရင်းမှူးက ဆက်ပြောသွားပါတယ်။ တပ်ရင်းအတွက် အသုံးအဆောင် ပစ္စည်းတွေ ၊ စားနပ်ရိက္ခာလိုအပ်ချက်တွေ များစွာရှိနေတာကြောင့် ပြည်သူတွေ၊ အလှူရှင်တွေအနေနဲ့ ကူညီပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။ Read in Full
၃၀။ စစ်ကောင်စီ ရဲ့တကျော့ပြန် ထိုးစစ်ဆင်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် “ဝ”ဒေသထဲ ရွှေ့ပြောင်းနေထိုင်သူများလာ
October 28, 2024
ရှမ်းမြောက် နယ်စပ်ဒေသတွေဖြစ်တဲ့ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်ဘက်က လူထုတွေဟာ စစ်ကောင်စီရဲ့ တကျော့ပြန် ထိုးစစ်ဆင် တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် “ဝ” ဒေသထဲ ကို ရွှေ့ပြောင်းနေထိုင်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အပြင် ရှမ်းမြောက် က နယ်မြေအားလုံးနီးပါးကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီး ၎င်းနယ်မြေ ပြန်လည်ရရှိရေးကိုလည်း ပြင်ဆင်ဆောင်ရွက်နေပါတယ်။ တစ်ဖက်မှာလည်း လေယာဥ်နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ဒေသကို ဦးတည်ကာ ဗုံးကြဲတိုက်ခိုက်နေပါ တယ်။ အခုလိုစစ်ကောင်စီရဲ့ လေယာဥ်နဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက် လာမှုကြောင့် လုံခြုံရေးအရ နယ်မြေတည်ငြိမ် အေးချမ်း တဲ့”ဝ” ဒေသထဲ ရွှေ့ပြောင်းနေထိုင်သူတွေ ပေါများလာနေတယ်လို့ ဟိုပန်မြို့နေ အမျိုးသမီးတစ်ဦး ကဆိုပါတယ်။ “ဒီစစ်ဆင် ရေးထဲ ပြောရမယ်။ နယ်စပ်ဒေသက လူတွေပေါ့။ အထူးသဖြင့် သူတို့က ကိုးကန့်ဒေသတွေဘက်က ပြောင်းလာကြတာ။ အခု လည်း စကစနဲ့ စစ်ပြန်ဖြစ်မယ်သတင်းတွေ ကြောင့်လည်းပါတယ်။ ပြောင်းလာတဲ့သူတွေထဲ လုပ်ငန်းရှင်တွေလည်းပါတယ်။ ပြည်သူတွေလည်းပါတယ်။ ဟိုပန်၊ နမ့်တစ်၊ ပန်ဆန်း ဘက်တွေကို ပြောင်းလာကြတယ်။ မြန်မာပြည် အောက်ပြည် အောက်ရွာ က အညာသားတွေကော ဒီဘက်ကို အလုပ်လာရှာ လုပ်ကြတယ်” အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ရှေ့ရက်တွေထဲ ကိုးကန့် ထိန်းချုပ်ဒေသဖြစ်တဲ့ ကွမ်းလုံ၊ လောက်ကိုင်နဲ့ သိန္နီမြို့တွေကို စစ်ကောင်စီကလေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက် ခဲ့ပြီးနောက် နေ့တိုင်း လို လေယာဥ်တွေဝဲနေတယ်လို့ နောက်ထပ် သတင်းအရင်းအမြစ် တစ်ဦးက ဆိုပါတယ်။
“အောက်တိုဘာလထဲ တစ်ခါမှမကြဲဖူးတဲ့ ကွမ်းလုံကျေးရွာဘက်တွေကို ကြဲလာနေတယ်။ သိန္နီ ကတော့ ခဏခဏပါပဲ။ ကွမ်းလုံ မှာက ဒီရက်တွေထဲ လေယာဥ် ကင်းထောက်တွေ မကြာမကြာ ဝဲတယ်။ ညကလည်း လောက်ကိုင်ကို ကြဲသွားပြီ။ ကျွန်မ ကတော့ လေကြောင်းကြောက်လို့လေ ဆိုင်ကော လူကောသားသမီးတွေကော ဟိုပန်ဘက်ကို ပြောင်း လိုက်တာ။ ကွမ်းလုံလူ တွေ ဆိုဒီဟိုပန်မှာ အများကြီးပဲခု ဆိုင်ပြောင်းဖွင့်ကြတဲ့သူတွေ။ အလုပ်လာလုပ်တဲ့သူတွေ။ လာနေထိုင်တဲ့သူတွေလည်း ရှိတယ်” “ဝ” ဒေသအတွင်း ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး “ဝ” ပြည်နိုင်ငံ ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ” ဒီအပေါ် မူဝါဒ ကတော့ သီးသန့်ကြီးမရှိထားပါဘူး။ အားလုံးက ကိုယ့်သဘောနဲ့ ကိုယ်လာကြတယ်။ အမျိုးတွေ၊ အသိတွေ အချိတ်အဆက်နဲ့ လာကြတယ်။ ဒါပေမယ့် သတင်းပို့ရတာပေါ့ သူကနေထိုင်ခွင့် သုံးလ တစ်ကြိမ်ပေါ့။ “ဝ” ပြည်နယ် တရားရေးဌာနမှာ ယာယီနေ ထိုင်ခွင့် ပုံစံလုပ်ရတာပေါ့။ ကျန်တဲ့ဒီအကူအညီပေးရေးတို့ အစိုးရက အလုပ်အကိုင် ရှာဖွေပေးတာတို့က မရှိဘူးပေါ့ဗျ။ တရုတ် ပြည် ပေါ်လစီအတိုင်းပါပဲ။ ယာယီနေထိုင်ခွင့် ကိုတရားရေးနဲ့ရဲစခန်းမှာ မှတ်ပုံတင်ရမယ်။ ဒါပါပဲ” “ဝ” ပြည်အစိုးရဟာ ဟိုပန်မြို့ ကိုပြည်နယ်ရဲ့တရားဝင် ခရိုင်တစ်ခုအဖြစ် ဇွန်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပြီးနောက် ဇွန်လ ၂၈ ရက်မှာတော့ “ဝ” ပြည်နယ် ခရိုင်အဆင့် ခေါင်းဆောင် အသီးသီး တင်မြှောက်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ Read in Full
၃၁။ Zoland Army မွမ်းမံတန်းမြှင့်သင်တန်းအပတ်စဉ် – ၁ တွင် အမျိုးသမီးရဲဘော် ၃၀ ရာခိုင်နှုန်းခန့် ပါဝင်
October 28, 2024
ချင်းပြည်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားသော PDF- Zoland သည် မကြာသေးခင်ရက်ပိုင်းက Zoland Army မွမ်းမံ တန်းမြှင့်သင်တန်းအပတ်စဉ် – ၁ ကို အောင်မြင်စွာကျင်းပပြုလုပ်ပြီး အမျိုးသမီးရဲဘော် ၃၀ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်းသိရ သည်။ ပြီးခဲ့သော အပတ်ထဲက လွတ်မြောက်နယ်မြေတစ်နေရာမှာ Zoland Army မွမ်းမံသင်တန်း အပတ်စဉ် – ၁ ကို ကျင်းပခဲ့ ကြခြင်းဖြစ်ပြီး သင်တန်းသားထဲတွင် အမျိုးသမီး ရဲဘော် ၂၀ ဝန်းကျင်ခန့်က ပါဝင်သည်ဟု PDF – Zoland မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုဘတ်က ပြောသည်။“အဲဒီတန်းမြှင့်သင်တန်းမှာ အမျိုးသမီးရဲဘော် ၂၀ နီးပါးလောက် ပါဝင်တယ်။ ရာခိုင်နှုန်းကတော့ ၃၀ လောက်ပေါ့နော်။ တန်းမြှင်သင်တန်းဆိုတာ ကျနော်တို့ တပ်ဖွဲ့ရဲ့ ရေရှည်အတွက်ဖြစ်ပါတယ်” ဟု PDF – Zoland မှ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။
မြန်မာပြည် စစ်အာဏာရှင်လက်မှ လွတ်မြောက်ဖို့ရန် Zoland Army မွမ်းမံတန်းမြှင့် သင်တန်း အပတ်စဥ် (၁) သင်တန်း ဆင်းပွဲကို အောင်မြင်စွာ ကျင်းပထားပြီးဖြစ်ကြောင်း PDF Zoland ကလည်းထုတ်ပြန်သည်။ မွမ်းမံတန်းမြှင့်သင်တန်းဆင်းပွဲကို PDF – Zoland သင်တန်းသူ/သား ၇၀ နီးပါးခန့် တက်ရောက်ခဲ့ကြောင်း ယင်းအဖွဲ့မှ ထုတ်ပြန်သော သတင်းဓါတ်ပုံများအရ သိရ သည်။ မွမ်းမံတန်းမြင့်သင်တန်းများကိုလည်း ထပ်မံပြုလုပ်သွားရန် အစီအစဉ်များလည်း ရှိကြောင်း၊ Zoland Army မွမ်းမံ သင်တန်းများသည် ကိုယ်ပိုင်ထိန်းချုပ်နယ်မြေများ၊ လွတ်မြောက်နယ်မြေများ ဖန်တီးရန်လည်း ရည်ရွယ်ထားကြောင်း သိရ သည်။ Read in Full
၃၂။ ကုန်ပစ္စည်းတွေ စျေးတင်ရောင်းရင် အရေးယူမယ်လို့ UWSA ထုတ်ပြန်
October 28, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းက ဟိုပန်၊ ပန်လုံနဲ့ နမ့်တစ်မြို့တွေ အပါအဝင် UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်ဒေသအတွင်းမှာ ကုန်ပစ္စည်းတွေ စျေးတင်ရောင်းရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ “ဝ” ဗဟိုအစိုးရ အာဏာပိုင်တွေက သတိပေးစာ ထုတ် ပြန်ထားပါတယ်။ တရုတ်နိုင်ငံဘက်က “ဝ” ဒေသကို ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ပိတ်ပင်လိုက်ပြီးတဲ့နောက် ဒေသတွင်း မှာ ကုန်စျေးနှုန်းတွေ မြင့်တက်လာနေချိန်မှာပဲ အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ “ဝ” အာဏာပိုင်တွေအနေနဲ့ ဒေသတွင်း မှာရှိတဲ့ လူထုစားဝတ်နေရေး အဆင်ပြေစေဖို့ ကုန်ပစ္စည်းတွေ ရရှိရေး၊ ကန့် သတ်ချက်တွေ လျှော့ချရေးနဲ့ ကုန်စျေးနှုန်းတည်ငြိမ် ရေးအတွက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ စားသောက် ကုန်နဲ့ လူသုံးကုန်ပစ္စည်းရောင်းချမှုတွေကို စောင့်ကြည့်သွားမှာ ဖြစ် ပြီးကုန်ပစ္စည်းတွေမရောင်းချဘဲ သိုလှောင်သိမ်းဆည်းထားတာ၊ စျေးလိမ်ရောင်းချတာတွေကို တရားမဝင်လုပ်ငန်းအဖြစ် သတ် မှတ်ပြီး ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ “ဝ” အာဏာပိုင်တွေက ပြောပါတယ်။
တရုတ်နိုင်ငံထဲက စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်းနဲ့ အိမ်ဆောက်ပစ္စည်း တင်ပို့မှုတွေကို ရပ်ထားပေမဲ့ စားသောက်ကုန် ပစ္စည်းတွေကတော့ ပုံမှန်အတိုင်းဝင်ရောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ၂၀၂၄ သြဂုတ်လကတည်း က UWSA “ဝ” တပ်ဖွဲ့ထိန်းချုပ်ရာ နမ့်တစ်-မန်ခါးနယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်က ပိတ်ထားတာပါ။ ဒါဟာ “ဝ” ဒေသနဲ့ ဆက်စပ်နေတဲ့ ကိုးကန့်တပ်မတော် (MNDAA) ထိန်းချုပ်တဲ့ဒေသတွေကို ကုန်ပစ္စည်းတွေ မရောက်အောင် တရုတ်နိုင်ငံဘက်က ကန့်သတ်ထား တာလို့ “ဝ” ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေက ပြောထားပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ နောက်ပိုင်းမှာတော့ “ဝ” ဒေသအပါအဝင် တရုတ်-မြန်မာနယ်စပ်ဂိတ် အားလုံးနီးပါးမှာ စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ ဆေးဝါးနဲ့ စားသောက်ကုန် သယ်ယူခွင့်တွေကို တရုတ်နိုင်ငံဘက်က ကန့်သတ်လိုက်တာကြောင့် မြန်မာ-တရုတ်နယ်စပ်ဒေသက မြို့တွေ မှာ စက်သုံးဆီနဲ့ ဆေးဝါးပြတ်လပ်မှုတွေကို ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full
၃၃။ အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးသည့် တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး လူအထိအခိုက်ရှိ
October 28, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကြောင်းထိုးနေသည့် အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းအား စစ်ကူပေးသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် လက်နက်ငယ် ၂ လက်သိမ်းဆည်းရရှိ ခဲ့သည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။ အောက်တိုဘာ ၂၇ ရက်တွင် ကော့ကရိတ်- သင်္ကန်းညီနောင် အာရှလမ်းမတစ်နေ ရာ၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး သေဆုံးခဲ့သည့် စစ်ကောင်စီအလောင်းများ လည်း မျက်မြင်တွေ့ရှိမှုများရှိခဲ့သည်ဟု မြေပြင်ရဲဘော်တစ်ဦးက ပြော သည်။ ၎င်းက “မနေ့ကတော့ တစ်နေကုန်တိုက်ပွဲဖြစ် တယ်ပေါ့နော်။ ကျွန်တော်တို့ဘက်က ရန်သူ့အလောင်း(စစ်ကောင်စီတပ်သား) ၄ လောင်းနဲ့ သေနတ် ၂ လက်ရရှိခဲ့တယ်။ အခုရ တဲ့ သေနတ်က အောင်ဇေယျကိုစစ်ကူလာတဲ့စစ်ကြောင်းကရတာ” ဟု ဆိုသည်။
လက်ရှိတွင် တောနော်ရေတံခွန်အကျော်သို့ရောက်ရှိနေသည့် အောင်ဇေယျစစ်ကြောင်းသည် ပူးပေါင်းတပ်များ၏ ကြား ဖြတ်တိုက်ခိုက်မှု၊ နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ရှေ့ဆက်တိုး၍ မရဘဲဖြစ်နေသည်ဟု အဆိုပါ မြေပြင်ရဲဘော်တစ်ဦးက ဆက်ပြောသည်။ ၎င်းက ” လက်ရှိအောင်ဇေယျရဲ့ အခြေအနေအကတော့ ဆုတ်လည်းဆူး၊ စားလည်းရူးဆိုတဲ့ အခြေအနေပေါ့။ ရှေ့ပဲတိုးရမလိုလို၊ နောက်ပဲ ဆုတ်ရတော့မလိုလိုနဲ့ တိုင်ပတ်နေတဲ့အခြေအနေပေါ့” ဟုဆိုသည်။ ပြီးခဲ့သည့်အောက်တိုဘာလ ၂၀ ရက်နေ့တွင် ချေမှုန်းရေးသေနတ်အပါအဝင် 84 နောက်ပွင့်နှင့် ကျည်များ၊ အောက်တိုဘာ ၂၆ ရက်နေ့တွင်လည်း လက်နက် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်ဟု တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်သည်။ Read in Full
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။