တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 28, April 5, 2024)

၁။  တန်ဖရဲကျေးရွာ စစ်ကောင်စီတပ်စခန်းမှ စခန်းမှူးပျောက်ဆုံးနေဖြင့် ဒေသခံများစိုးရိမ်၊ စစ်ကောင်စီတပ်ကဆက်တိုက် အင်အားဖြည့်တင်းနေ
  April 4, 2024
မြစ်ဆုံစစ်ကောင်စီတပ်စခန်းမှ စခန်းမှူးပျောက်ဆုံးပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ဒေသခံပြည်သူများ စိုးရိမ်နေကြကြောင်းသိရသည်။ တန်ဖရဲကျေးရွာအဝင်ရှိ စစ်ကောင်စီတပ်စခန်းမှူးမှာ တန်ဖြဲကျေးရွာနှင့် အောင်မြင်သာကျေးရွာကြားတွင် မတ်လ ၃၀ ရက်နေ့က ပျောက်ဆုံးသွားခြင်းဖြစ်ပြီး မြစ်ဆုံနားအနီးတစ်ဝိုက် တွင် စစ်ကောင်စီကအင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “မြစ်ဆုံကစခန်းမှူးပျောက်နေတာ၊ ပိန်ပိန်ရှည်ရှည်နဲ့ဟုတ်တယ်သူက။ မြစ်ဆုံကနေဆင်းလာတဲ့အချိန် မြစ်ဆုံနဲ့အောင်မြင်သာ ကြားမှာ ပျောက်သွားတာ။ အဲ့တာကြောင့် စစ်သားတွေတက်လာပြီး အူဗြစ်ကနေ မြစ်ဆုံအထိ တောထဲမှာတွေရော နေရာယူထားတာ ရှိတယ်”ဟုပြောသည်။ စခန်းမှူးမှာ ဗိုလ်ကြီးအဆင့်ရှိ ကိုကိုနိုင် ဆိုသူဖြစ်ပြီး ၎င်းပျောက်ဆုံးပြီးနောက် အုပ်ချုပ်ရေးပိုင်းမှ တာဝန် ရှိသူများကိုလည်း ခေါ်ယူပြောဆိုခြိမ်းခြောက်မှုများရှိသည်ဟု ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“အကြောင်းကြားပေးပါ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ပြောပေးပါ။ အခုလိုတော့ မဖြစ်သင့်ဘူး အရမ်းရှုတ်လာမှာလို့ ပြော တယ်တဲ့။ ပြီးတော့ မလွတ်ပေးရင် မနှစ်တုန်းက ဒွမ်ဂမ်ကျေးရွာလိုဖြစ်ပြီး ကျွန်တော်တို့ပြန်ထွက်ပြေးရမှာလို့ ပြောတယ်တဲ့။ အဲ့တုန်းက တစ်ရွာလုံးမီးရှို့မယ်လို့ပြောတာ မိုးတွေရွာ မိုးကြိုးတွေပစ်လို့ သူတို့မသင်္ကာတဲ့သူတွေကိုပဲ ဖမ်းသွားတာ”ဟုပြော သည်။ စစ်ကောင်စီတပ်၏ ခြိမ်းခြောက်ပြောဆိုမှုကြောင့် လက်ရှိအချိန်တွင်ဒေသခံပြည်သူများကတောထဲတွင် ဟင်းရှာ၊ ထင်းရှာ မသွားရန် အချင်းချင်းသတိပေးနေကြပြီး ဓားစာခံပြုလုပ်ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြောင်းဒေသခံများကပြော သည်။ ဗိုလ်ကြီး ကိုကိုနိုင်မှာ လက်ရှိအချိန် မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို အတိအကျမသိရသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက KIA က ဖမ်းဆီးထားသည်ဟု တစ်ထစ်ချပြောဆိုနေကြခြင်းဖြစ်သည်။ Read in full

၂။ ကရင်ပြည်နယ် မြို့နယ်အများစု တိုက်ခိုက်ခံနေရချိန် မြို့တော်ဘားအံကို စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
  April 4, 2024
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံနေရ သည့် စစ်ကောင်စီတပ်သည် ကရင်ပြည်နယ်၏မြို့တော် ဘားအံကို လုံခြုံရေးတိုးမြှင့်ရန် လုပ်ဆောင်နေကြောင်း ဒေသခံများနှင့် ခရီးသွားများထံက သိရသည်။ ဘားအံမြို့နယ်သို့ အလွယ်တကူ သွားလာနိုင်သည့် ဖာပွန်၊ ကော့ကရိတ်၊ မြဝတီစသည့် ကရင်ပြည်နယ်အတွင်းမှမြို့နယ်များရှိ စစ်ကောင်စီအထိုင်ချ တပ်ရင်းများ၊ နှစ်ရှည်အထိုင်ချ တပ်စခန်းများသည် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခံနေရသည်။ အဆိုပါမြို့နယ်များရှိ တပ်စခန်းများ တိုက်ခိုက်ခံနေရချိန်တွင် စစ်ကောင်စီက မြို့တော် ဘားအံမြို့နယ် တဝိုက်၌ လုံခြုံရေး တိုးမြှင့်ခြင်း၊ စစ်ဆေးရေးဂိတ်များ ထပ်မံတိုးချဲ့ခြင်းနှင့် စစ်ကောင်စီတပ်ရင်း တဝိုက်၊ ကားလမ်းဘေးများနှင့် လမ်းဆုံများတွင် မိုင်းထောင်ခြင်းများပြုလုပ်လာကြောင်း ဒေသခံများထံကသိရသည်။

လက်ရှိတွင် ရန်ကုန်-သထုံ- ဘားအံလမ်းပေါ်ရှိ မြိုင်ကလေးကျေးရွာ၊ ဆယ်မိုင်ကုန်းတွင် စစ်ကောင်စီက စစ်ဆေးရေး ဂိတ်အသစ်တခုပြုလုပ်ရန် ဘန်ကာများဆောက်လုပ်နေပြီး ဒုံသမိတံတားဂိတ်၊ မြိုင်ကလေးရှိ ခမရ (၂၀၄)၊ (၂၀၅)၊ မြိုင်ကလေး-ဖာပွန်လမ်းဆုံ၊ သံလွင်တံတား(ဘားအံ)တို့တွင် စစ်ကောင်စီကဘန်ကာအသစ်များတိုးချဲ့နေကာ အင်အားတိုးမြှင့်ချထားကြောင်း ခရီးသွားများထံက သိရသည်။“ဆယ်မိုင်ကုန်းမှာ ဘိလပ်မြေတွေ၊ သဲတွေနဲ့ ဘန်ကာတွေဆောက်နေတာ အောက် ခြေပဲ ပြီးသေး တယ်။ ကားလမ်းဟိုဘက်ရော ဒီဘက်ရော စုစုပေါင်းခြောက်လုံး။ ပြီးတော့ ဒူးရင်းဆိပ်တံတားနဲ့ မြိုင်ကလေး စစ်တပ်ဝင်းကပ် ရပ်မှာလည်း ဘန်ကာမျှော်စင် အမြင့်တွေ ဆောက်ထားတယ်။ ပြီးတော့ ဖာပွန်ဘက်သွား တဲ့လမ်းဆုံမှာဆိုရင် အရင်က ရဲတွေ၊ စစ်သားတွေမရှိဘူး။ အခုအုပ်စုလိုက် ဟိုဘက် ဒီဘက် အသွားအလာ တွေ စစ်နေတယ်။ ကြောက်နေပြီ နေမှာပေါ့” ဟု အငှား ယာဉ်မောင်းတဦးက ပြောသည်။ အလားတူ ခြေမြန်တပ်ရင်း ခမရ (၂၀၄)၊ (၂၀၅)၊ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းတို့၏ အနီး တဝိုက်၊ သထုံ-ဘားအံလမ်းဘေးတလျှောက်တွင် စစ်ကောင်စီက မိုင်းထောင်ထားကြောင်း ဒေသခံက ဆိုသည်။  Read in full

၃။ တိုက်ပွဲလက်ကျန်မိုင်းတွေကြောင့် ဖရူဆို တောင်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာက ဒေသခံတွေ နေရပ်မပြန်ရဲ
 April 4, 2024
တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်တောင်ဘက်ခြမ်းက ကျေးရွာ ၂ ရွာမှာ မပေါက်ကွဲသေးတဲ့ လက်ကျန် လက်နက်ကြီးကျည်နဲ့မြေမြှုပ်မိုင်းတွေကြောင့် ဒေသခံတွေနေရပ်မပြန်ရဲသေးဘူးလို့ပြောပါတယ်။ မြေမြှုပ်မိုင်းနဲ့ လက်နက် ကြီး မတော်တဆပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် ဖရူဆိုမြို့နယ်မှာ အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး ခုနှစ်ဦးအထိ ထိခိုက်ဒဏ် ရာရတာရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အဲ့ဘက် တကျောက စစ်သားတွေ ရောက်တဲ့နေရာတွေပဲ။ မသိဘဲ မြို့ထဲပြေးပြီး တစ်ခါပြန်လာတဲ့ လူတွေလည်း ရှိနေတော့ အဲ့မှာရှိတဲ့ ကျေးရွာနှစ်ရွာ သွားလာရင်း မိုင်းနင်းတာရှိတယ်။ ကားနဲ့ တာယာပြုတ် ထွက်တဲ့ အထိဖြစ်တယ်။ ရေသွားသယ်ယူနေတဲ့ လမ်းတွေမှာ မိုင်းတွေရှိနေသေးတော့ သွားလာဖို့ စိုးရိမ်စိတ်တွေ ရှိနေဆဲဖြစ် တယ်။”လို့ ဖရူဆိုဒေသခံတစ်ဦးက ပြောပါတယ်။ လူနေအိမ်တချို့မှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်အကြွင်းအကျန်တွေရှိ နေတာကြောင့်လည်း ဒေသခံတွေကစိုးရိမ်နေကြတာပါ။

ဒါ့အပြင် ကျွဲ၊ နွား စတဲ့ တိရစ္ဆာန်တွေ လွှတ်ကျောင်းရတဲ့ စားကျက်မြေနေရာတွေမှာလည်း မိုင်းတွေရှိနေတာကြောင့်  မိုင်းနင်းမိတဲ့ တိရစ္ဆာန်တွေ သေဆုံးသွားတာလည်း ရှိနေပါတယ်။ “ရွာပြန်တာ မပြန်ရဲကြဘူးပေါ့။ တောင်ယာပြန်လုပ်တာ တချို့ ရှိတယ်၊ သွားလိုက် ပြန်လိုက်ပဲပေါ့ မအိပ်ရဲကြဘူး။ ရွာထဲ ဝင်ဖို့ ကြောက်တယ်၊ ကိုယ့်အိမ်နဲ့ကိုယ်လောက်ပဲ ပြန်တယ်၊ ခြံပြန်ရှင်း တာလောက်ပဲ ရှိတယ်။ ယာခင်း၊ တောင်ယာတွေ သွားဖို့ ကျမတို့မသွားရဲဘူး၊ စိုးရိမ်နေရတယ်။” လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။ ဖရူဆိုမြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကျေးရွာတွေမှာ ဒေသခံတွေက ပြန်လာနေထိုင်လိုကြပေမဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် စိုးရိမ်မှုတွေရှိနေကြတာပါ။ ဖရူဆိုမြို့နယ် တောင်ဘက်အစွန်ဖျားက ကျေးရွာနှစ်ရွာမှာ တော့ အိမ်ခြေ ၇၀ ကျော်ရှိနေပြီး လူဦးရေ ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ Read in full

၄။  တရုတ် – မြန်မာနယ်စပ် လွယ်ဂျယ်မြို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်၊ ကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းကို လက်နက်ချရန်တိုက်တွန်းနေ
  April 4, 2024
မြန်မာ – တရုတ်နယ်စပ်ရှိ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများအားလုံးနှင့် ဆေးရုံကို ကချင်လွတ်မြောက်ရေး (KIA) ပူးပေါင်းတပ်က ချိတ်ပိတ်ကာ အလံများလွင့်တင်ထားပြီဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်တပ်အတွင်းကျန်ရှိနေဆဲဖြစ်သော်လည်း KIA တပ်ဖွဲ့ဝင်များက မြို့အတွင်း ဝင်ရောက်ကာ သိမ်းပိုက်စိုးမိုးထားကြောင်း စာများလိုက်ကပ်ထားပြီးဖြစ်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။“KIA က မြို့တွင်း နေရာတွေ အကုန်လုံးတော့ဝင်ထားပြီ၊ ဌာနဆိုင်ရာရုံးတွေ၊ ဆေးရုံးတွေနဲ့ တခြားအရေးကြီးတဲ့ နေရာတွေမှာ စာကပ်တယ်။ သော့ခတ်သင့်တဲ့နေရာခတ်တယ်၊ အစောင့်ချထားဖို့လိုတဲ့နေရာမှာ စောင့်တယ်။ ဝန်ထမ်းတွေကိုတော့ မနေ့က အပြီး သတ်ထွက် သွားခိုင်းတယ်၊ ဖမ်းထားတော့ မရှိဘူး။ လမ်းက KIA ဂိတ်စခန်းတွေမှာလည်း သူတို့စီးတဲ့ကားတွေကို မစစ်ဖို့၊ မဖမ်းဖို့ သတင်းပို့ပြီး လွတ်ပေးလိုက်တယ်” ဟုပြောသည်။ လွယ်ဂျယ်မြို့အတွင်း KIA က အလံများ လွင့်တင်ထားပြီးဖြစ်ကြောင်း ဒေသခံအမျိုးသမီး ပြောသည်။

“မနေ့ထိတော့ မတွေ့ရဘူး။ KIA ကလုံးဝအပိုင်သိမ်းယူလိုက်ပြီဆိုတဲ့သက်သေပဲ။ စာကပ်တာက ရုံးတိုင်းမှာလိုက်ကပ် ထားကြတယ်။ သေနတ်သံမထွက်ပဲ သိမ်းနိုင်တာလည်း အကောင်းဆုံးပါပဲ ဆေးရုံးတို့၊ကျောင်းတို့၊ အိမ်တို့ပျက်ဆီးဆုံးရှုံးမှုလည်း မရှိတော့ဘူးလေနော့။ အခုလိုသိမ်းလိုက်တော့ မပြောတတ်အောင်ပျော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီတွေက အရမ်း အော်ဟစ်ပြီး အရမ်းနိုင်စားလို့”ဟုပြောသည်။ လက်ရှိလွယ်ဂျယ်မြို့ရှိ စစ်ကောင်စီတပ်အတွင်း ရဲနှင့်စစ်သား ၁၀၀ ကျော်ခန့် ကျန် ရှိနေဆဲဖြစ်ပြီး လက်နက်မချပါက ဝင်ရောက်တိုက်ခိုက်ရန်ပြင်ဆင်ထားကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။“သိမ်းပိုက် ထားတဲ့သဘောတော့ရှိတာပေါ့။ ဒါပေမဲ့တပ်စခန်းတစ်ခုရှိသေးတယ် အားလုံးကအဲ့ကိုဆုတ်သွားတယ်။ အဲ့စခန်း ကိုတော့ မသိမ်း ရသေးဘူး။ အဲ့စခန်းမှာရှိတဲ့သူတွေကိုလက်နက်ချပါလို့ ညှိနေတယ် အဆင်မပြေရင်တော့ တိုက်ဖို့ပြင်ဆင်နေတယ်။ တစ်ချို့ က တော့ နှစ်ရက်နေ့ကတည်းက ဗန်းမော်ဘက်ကိုထွက်ပြေးသွားတာ” ဟုပြောသည်။ Read in full

၅။ ပင်လောင်းတွင် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီက ဒေသခံများ၏ကားကိုချောဆွဲပြီး တိုက်ပွဲဖြစ်ပွားရာအထိခေါ်သွား
   April 5, 2024
ပင်လောင်းတွင် PNO ပြည်သူ့စစ်နှင့်စစ်ကောင်စီမတို့သည် ဒေသခံများ၏ ကားကို ချောဆွဲပြီး တိုက်ပွဲဖြစ်ပွားရာ နေရာ အထိခေါ်သွားကြောင်း ဒေသခံထံကသိရသည်။ ပင်လောင်းမြို့နယ်တွင် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီတို့က မတ်လ အတွင်း ဒေသခံများ၏ ကားကို ချောဆွဲပြီး လိုရာခရီးကို ပို့ဆောင်းခိုင်းရာ တိုက်ပွဲဖြစ်ပွါးနေရာထိ သွားခဲ့ရသည်။ “သူတို့က တိုက်ပွဲဖြစ်ပွား တဲ့ နေရာ၊ စစ်မြေပြင် ဖြစ်တဲ့နေရာ ထိခေါ်သွားတယ်။ တစ်ချို့ကားဆို ဒရုန်းနဲ့ ဗုံးကြဲခံရတာတွေရှိတယ်။ ကားကို ကျည်ဆံထိ တာတွေရှိတယ်။ ကားမိုင်းနင်းမိတာတွေရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံကားများအပြင် ရင်းမှီးဂိတ်၊ ပင်လောင်းဂိတ်တို့တွင် ခရီးသွားလာသူများ၏ ကားကိုလည်း ချောဆွဲဖမ်းဆီးနေ ကြောင်းသိရသည်။ “တစ်ချို့ဆိုသူတို့ကိုလိုက်ပို့ပြီး ကားပျက်စီးတာ၊ ဒဏ်ရာရသွားလူတွေအများကြီးရှိတယ်။ ဒီလိုကိစ္စတွေ လည်း လိုင်းပေါ်မတင်ဖို့နဲ့ မီဒီယာကိုမပြောဖို့ PNO တွေကဒေသခံတွေကို ပြောထားတယ်”ဟု ၎င်းကဆက်ပြောသည်။ ပင်လောင်းတွင် ယနေ့အထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ပွဲကြောင့် ဒေသခံ ၂ သောင်းနီးပါးလည်း ဘေးကင်းရာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ Read in full

၆။ ဘီးလင်းမြို့နယ်၌ ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး ယာဉ်နောက်လိုက်သေဆုံး၊ ခရီးသည် ၄ ဦး ဒဏ်ရာရ
  April 5, 2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ အောင်ကျော်မိုး ခရီးသည်တင်ယာဉ် မိုင်းဆွဲခံရပြီး လက် နက်ငယ်နဲ့ ပစ်ခတ်ခံရလို့ ယာဉ်နောက်လိုက် သေဆုံးခဲ့ကာ  ခရီးသည် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ယာဥ်လိုင်းနဲ့ နီးစပ်တဲ့ သူတွေက ပြောပါတယ်။ ဧပြီ ၄ ရက် ည ၉ နာရီကျော်လောက်မှာ ရွှေရောင်ပြကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင် အမှတ် ၁၃၁/၁ နဲ့ ၁၃၁/၂ အကြားမှာ သထုံဘက်မှ ဘီးလင်းဘက်သို့ မောင်းနှင်လာတဲ့ အောင်ကျော်မိုးခရီးသည်တင်ယာဉ်ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာလို့  ယာဥ်လိုင်းနဲ့နီးစပ်တဲ့သူက ပြောပါတယ်။ လက်နက်ငယ်နဲ့ ပစ်ခတ်မှုကြောင့် ယာဉ်နောက်လိုက် ဇင်ကိုလတ်မှာ လည်ပင်း ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားကာ ယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည် အမျိုးသား သုံးဦးနဲ့ အမျိုးသမီး တဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေရောင်ပြဒေသခံတဦးက”မိုင်းဆွဲခံရပြီး သေနတ်နဲ့ ဝိုင်းပြစ်တာ။ ယာဉ်နောက်လိုက်ကတော့ လည်ပင်းထိတဲ့ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီးသေသွားတယ်။ ကျန်တာက အမျိုးသား သုံးယောက်နဲ့ အမျိုးသမီးတယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူ တွေက စိုးရိမ်ရတဲ့အခြေအနေမရှိပါဘူး” လို့ ပြောပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ခရီးသည်တွေကို နောင်ဘို လူမှုကူညီကယ်ဆယ်ရေး အသင်းပိုင်ယာဉ်နဲ့ သထုံမြို့နယ်ရှိ သိမ်ဆိပ်တိုက်နယ်ဆေးရုံကို ပို့‌ဆောင်ခဲ့ပြီး အဲဒီကတဆင့် ဒဏ်ရာရရှိသူ လေးဦးကို သထုံ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။ ခရီးသည်တင်ကား ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေပါ ထုတ်ပြန်ထားတာ မရှိတဲ့အတွက် ဘယ်အဖွဲ့က  ဘာကြောင့် ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။ အောင်ကျော်မိုးခရီးသည်တင်ကားဟာ ၂၀၂၃ နိုဝင်ဘာ ၁ ရက်ကလည်း ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ မိုင်းဆွဲခံခဲ့ရတာကြောင့် ခရီးသည် ရှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ Read in full

၇။  ထားဝယ်မှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အရပ်သားတချို့ကိုလည်း စစ်ကောင်စီတပ်ဖမ်းဆီးထား
  April 4, 2024
ထားဝယ်မြို့နယ်၊ အ‌ရှေ့တော‌ဒေသကို စစ်ကူဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ရက် ဆက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ်။ ထားဝယ်အရှေ့တောဒေသမှာ တော်လှန်ရေး တပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားမှုရှိနေချိန် စစ်ကောင်စီတပ်က စစ်ကူဝင်ရောက်လာခဲ့တာပါ။ အခုလ ၂ ရက်‌နေ့ မနက်ပိုင်းက ပကာရီ ကျေးရွာ အနီးက ရေလယ်အင်းရပ်ကွက်ဘက်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ KNLA၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲ တွေဖြစ်ပွားခဲ့ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေ နှစ်နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၅ ဦးဝန်းကျင်သေဆုံး တယ် လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်ရင်း ၁၂ နဲ့ တပ်ရင်း ၂၇ တို့ရဲ့ ပူးတွဲတပ်ရင်းမှူးစောမှူးဂေက ပြောပါ တယ်။ “သူတို့အင်အား ငါးဆယ်ဝန်းကျင်လောက်ရှိမယ်။ အင်အားလာဖြည့်တာပေါ့။ လက်နက်ကြီးတွေက တော့ တိုက်ပွဲပြီးတဲ့ အထိပစ်နေတုန်းပဲ။ ကျနော်တို့ဘက်ကလည်း ရဲဘော်တချို့ဒဏ်ရာရတာမျိုးရှိတယ်” လို့ တပ်ရင်းမှူး စောမှူးဂေ ကပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ ပြည်သူ့ကာကွယ်ရေးဘက်တံဆိပ်ပါတဲ့ ယူနီဖောင်းတွေကို ပုံမှားရိုက်ပြီးဝတ်ဆင် လာတာတွေ့ရတယ်လို့ လည်းသူက ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။ တိုက်ပွဲဖြစ်ပွားခဲ့ပထမရက် မနက်ပိုင်းမှာ ပကာရီရွာက အမျိုးသား လေးဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီး ပြန်လွတ်လာတာမရှိသေးဘူးလို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကဆိုပါတယ်။ ဒါ့အပြင် ပကာရီရွာထဲက နေအိမ်တစ်ဆောင်နဲ့ ကားတစ်စီးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေကဆိုပါ တယ်။ ပကာရီကျေးရွာက ယက္ကန်းစင်တောင်မှာလည်း တိုက်ပွဲစဖြစ်တဲ့​ရက်က ​စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျရောက်ပြီး အဆောက်အအုံနဲ့ သစ်ပင်တွေမီးလောင်ကျွမ်းခဲ့ပါတယ်။ Read in full

၈။ ဘူးသီးတောင်၊ အမ်းနှင့် မောင်တောရှိ စစ်ကောင်စီစခန်းများကို AA က တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်
  April 4, 2024
ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီ၏ စခန်းများဖြစ်သည့်  ဘူးသီးတောင်၊ အမ်းနှင့် မောင်တောရှိ စစ်ကောင်စီစခန်းများကို ရက္ခိုင့်တပ်တော် AA က တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ စစ်ကောင်စီ၏ ဘူးသီတောင်၊ စကခ(၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင် ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့နှင့် မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ကို တိုက်ခိုက်လျက်ရှိသည်ဟု AA ကထုတ်ပြန်သည်။ ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ ဘူးသီးတောင်၊ခမရ (၅၆၄) တပ်ရင်းဌာနချုပ်စခန်းအား ဧပြီလ(၁) ရက်နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မောင်တော၊ ကြိမ်ချောင်းစခန်းကိုလည်း တစ်ရက်မျှရပ်တန့်ခြင်းမရှိဘဲ ဆက် လက်တိုက်ခိုက်လျက်ရှိသောကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

AA အနေဖြင့် ၎င်းစခန်းကြီးများကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်သည့်နည်းတူ အခြားသော စခန်းငယ်များကိုလည်း အပြီး သတ်သိမ်းပိုက်ရယူရေးအတွက် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။ ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့ကလည်း ဘူးသီးတောင်မြို့ နယ်ရှိ စစ်ကောင်စီ၏ တောင်ဘဇာစခန်းကို AA ကသိမ်းယူနိုင်ခဲ့သည်။ ထို့အပြင် ဘူးသီးတောင်အခြေစိုက် စကခ (၁၅) လက် အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းအား ဖေဖော်ဝါရီလ (၂၄) ရက်နေ့၊ နံနက် (၈) နာရီ (၃၅) မိနစ်အချိန်၌ စတင်ထိုးစစ်ဆင် တိုက် ခိုက်ခဲ့ပြီး ခမရ (၅၅၂) စခန်းအား စစ်ကောင်စီ၏ ကြည်း၊ လေ အပြင်းအထန်ခုခံကာကွယ်မှုကြားထဲမှ ရက်ပေါင်း (၃၂) ရက် အကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးသည့်နောက် မတ်လ (၂၅) ရက်နေ့၊ နေ့လယ် (၁၂) နာရီအချိန်တွင် အဆိုပါစခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့‌သည်။ Read in full

၉။ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်  ကျိုက်ထိုတွင် နှစ်ပါတ်အတွင်း စစ်ကောင်စီသတင်းပေးဆိုသူ  ၆ ဦး သတ်ခံရ
   April 4, 2024
စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေး၊ ပျူစောထီး၊ အုပ်ချုပ်ရေးမှူးများ ပစ်ခတ်ခံရမှုများ ပိုမိုများပြားလာပြီး နှစ်ပါတ်တာကာလအတွင်း သတ်ခံရသူ ခြောက် ဦးအထိရှိလာခဲ့ ကြောင်းသိရသည်။ ကျိုက်ထိုမြို့နယ်အတွင်း စစ်တပ်ထောက်ခံသူများ၊ လက်အောက်ခံ တပ်ဖွဲ့ဝင်များမှ စစ်မှုထမ်းရန်လူဦးရေစာရင်း ကောက်ယူမှုများရှိကာ မဲနှိုက်ရွေးချယ်ရန်လည်း အဓမ္မဖိအားပေးစေခိုင်းမှုများလည်း ရှိနေသည့်အတွက် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်ရခြင်းဖြစ်ကြောင်းသိရသည်။ “စစ်‌ကောင်စီ စစ်မှုထမ်းဥပဒေထွက်ပြီး နောက်ပိုင်း အများအားဖြင့် အုပ်ကြီး တွေရယ် ရပ်/ကျေးထွေအုပ်စာရေးတွေရယ် စစ်မှုထမ်းဟောင်းအချို့တွေရယ် ဒလန်တွေရယ် အဲဒီအဖွဲ့တွေက အဓိက စာရင်းပြု စုမှုတွေကို လိုက်လံဆောင်ရွက်ပေးနေကြပါတယ်။ တချို့ကျေးရွာတွေဆိုရင် အုပ်ချုပ်ရေးမှူးတွေတောင်မသိပဲ ထွေအုပ်တာဝန် ကျ အပိုင်စာရေးက  စာရင်းပြုစုပေးပို့နေတာတွေရှိပါတယ်။ အဲဒီစာရေးတွေကိုလဲ ကျနော်တို့အနေနဲ့ ပြင်းထန်တဲ့အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားဖို့ရှိပါသေးတယ်” ဟု သထုံခရိုင်PDFတာဝန်ရှိသူ ကိုအေးမင်းထွန်းက ပြောသည်။

နှစ်ပါတ်တာကလအတွင်း စစ်ကောင်စီလက်အောက်ခံများဖြစ်သည့် တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအကူ ဦးကျော်ကျော်၊ တောင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံလွင်၊ ပြည်သူ့စစ်သင်တန်းတက်ရောက်ထားသည့် သတင်းပေး ဦးမြအေး၊ လက်နက်ကိုင်ထားသည့်ဘုန်းကြီး ဥူးစန္ဒိမာ၊ ပျူစောထီးဦးတင်ငြိမ်း၊ ခရိုင်ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ဦးနေမင်းကြည် ဆိုသူတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့ပြင် ကျိုက်ထိုမြို့နယ် အတွင်း စစ်ကောင်စီ၏အဓမ္မဖိအားပေး စစ်မှုထမ်းရန်စေခိုင်းမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ထံ ဆက်သွယ်လာသည့် လူငယ်များ၊ ပြည်ပ ထွက်သည့်လူငယ်များ ပိုမိုများပြားလာခဲ့ပြီး အဆက်အသွယ်မရပဲ ပျောက်ဆုံးနေသည့် လူငယ်အများအပြားရှိကြောင်း လည်း  ဒေသခံများထံက သိရသည်။ ကျိုက်ထိုမြို့နယ်၊ တောင်စွန်းရွာတွင် ဧပြီ ၂ ရက်နေ့  ညနေ ၃ နာရီဝန်းကျင်ကလည်း ‌စစ်မှု ထမ်းရန် လူဦးရေစာရင်း လိုက်လံကောက်ယူနေကာ အုပ်ချုပ်ရေးမှူးထက်ပိုမို၍ စစ်ကောင်စီယန္တရားတွင်ပါဝင်နေသည့် အုပ်ချုပ် ရေးမှူးရုံးအကူ ကျော်ကျော် ဆိုသူကို Kyaikhto Revolution Force(KRF) က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။ Read in full

၁၀။ ကျောက်တော်မြို့ ဗုံးကြဲခံရမှု ဒေသခံ နှစ်ဦးထက်မနည်း သေဆုံး
   April 4, 2024
ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ကို ဧပြီလ ၄ ရက် ဒီနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ နှစ်ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ လူနေရပ်ကွက်တွေထဲကို ဂျက်တိုက်လေယာဉ်ပေါ်ကနေ ဗုံးလေးလုံးကြဲချခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံး တာလို့ ကျောက်တော်မြို့ခံတစ်ဦးက ပြောပါတယ်။

“ဂျက်လေယာဉ်နဲ့ နှစ်ခေါက်လာပြီး ဗုံးကြဲသွားတာပါ။ ဗုံးလေးလုံး ကြဲခဲ့ပါတယ်။ ကားဂိတ်မှာ သုံးလုံးပေါက်ကွဲတယ်။ တံတားရင်းမှာ တစ်လုံးပေါက်ကွဲခဲ့ပါတယ်။ လောလောဆယ်တော့ နှစ်ယောက်သေတယ်။ ဒဏ်ရရသူတွေလည်းရှိပါတယ်။ အခု အပြင်ကို မထွက်ရဲကြသေးတော့ ကျန်တဲ့သူတွေကို အတိအကျ မသိရသေးပါဘူး” ရခိုင်ပြည်နယ်က တကျော့ပြန်တိုက်ပွဲတွေ အတွင်း သေဆုံးတဲ့ အရပ်သား နှစ်ရာနီးပါးနဲ့ ဒဏ်ရာရသူ ငါးရာကျော်ရှိအထိရှိနေပါပြီ။ Read in full

၁၁။ လောင်းကစားဝိုင်း ဝင်ဖမ်းမှု ၂ ယောက်သေဆုံးခဲ့တဲ့အတွက် PNO ပြည်သူ့စစ် စစ်ဆေးခံနေရ
  April 4, 2024
ပအိုဝ့်ပြည်သူ့စစ်(PNO) ဟာ ပင်းတယမြို့နယ် ပန်းစစ်ကျေးရွာက လောင်းကစားဝိုင်းကို ဧပြီ ၁ ရက်မှာ ဝင်ရောက်ဖမ်း ဆီးခဲ့လို့ ဒေသခံ ၂ ဦး သေဆုံးခဲ့တဲ့အတွက် မြို့မရဲစခန်းမှာ PNO ပြည်သူ့စစ်အဖွဲ့ဟာ စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။ အဲ့ဒီ ပစ်ခတ်ဖမ်းဆီးမှုကို PNO ပင်းတယမြို့နယ် ကြံခင်းမြောင်ရွာက သီဟဦး ဆိုသူဦးဆောင်ပြီး ပြုလုပ်ခဲ့တာလို့ သတင်း ရင်းမြစ်က ပြောပါတယ်။ သီဟဦးတို့အဖွဲ့ဟာ ပင်လောင်းမြို့နယ် နောင်တရားမြို့မှာ အထိုင်ချထားတဲ့အဖွဲ့ဖြစ်ပြီး အခုလို နယ်ကျော်ပြီး ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့အတွက် စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။
“သီဟဦးဆိုသူက PNO အဖွဲ့၀င်ကဒ် ရထားတယ်။ အဲကဒ် နဲ့ ကား ဝစ်သောက် (without)တွေ သယ်ယူသွားလာခွင့်ရ တယ်။ အခုပစ်ခတ်မှုမှာ PNO  ဆီကရော စကစဆီကရော ခွင့်ပြုချက်မရဘဲ နယ်ကျော်ပြီးလုပ်ခဲ့တာ။” လို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်ကပြောပါတယ်။ အဲဒီအချိန်မှာ ကစားဝိုင်းကနေထွက်ပြေးသူတွေထဲက မဲနယ်တောင်ကျေးရွာ ဥက္ကဌဟောင်း ဖြစ် သူ အသက် ၆၀ အရွယ် ဦးကြီးဖေနဲ့ ပန်းစစ်ရွာသား အသက် ၃၇ အရွယ် ကို၀င်းနိုင် (ခ)Telenor တို့ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး ခဲ့ပါတယ်။ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ် စတဲ့ဒေသတွေမှာ စစ်တပ်အရာရှိတွေနဲ့ ပျူစောထီးတွေက အခကြေးငွေယူပြီး လောင်းကစားဝိုင်းတွေကို တွင်တွင်ကျယ်ကျယ် နေရာအနှံ့ဖွင့်လှစ်ထားတဲ့အချိန်မှာပဲ သီဟဦး ဦးဆောင်တဲ့ PNO အဖွဲ့က အခုလို ပစ်ခတ်ဝင်ရောက် ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။ Read in full

၁၂။ ဟန်ထက်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသဖြင့် KIA ပူးပေါင်းတပ်က သိမ်းပိုက်
   April 5, 2024
မံစီမြို့နယ်၊ ဗန်းမော်-မန္တလေးလမ်းပေါ်ရှိ ဟန်ထက်စစ်ကောင်စီစခန်းမှ တပ်ဖွဲ့ဝင်များ ယမန်နေ့ ညသန်းခေါင် ၁၂ နာရီ ခန့်က ထွက်ပြေးသွားသောကြောင့် စခန်းတွင် နယ်မြေရှင်းလင်းရေး ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ အင်အား ၅၀ ကျော်ခန့် ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် ထွက်ပြေးသွားခြင်းဖြစ်သည်ဟု KIA အရာရှိတစ်ဦးက ပြောသည်။“ကျွန်တော်တို့လည်း ပစ်တော့ပစ်တာပေါ့၊ အရမ်းကြီးထိုးစစ် ဆင်ပြီး တိုက်ခိုက်တာတော့မဟုတ်ဘူး။ အဝေးကနေလက်နက်ကြီးတွေနဲ့ပစ်တာလောက်ပဲလုပ်တယ်၊ အခုတော့အားလုံးပြီးပြီ။ မံစီမြို့တွင်းက စခန်းနှစ်ခုပဲကျန်တော့တယ်” ဟုပြောသည်။
လမ်းသွားလမ်းလာပြည်သူများကို ငွေကြေးကောက်ခံလေ့ရှိသည့် အဆိုပါစစ်ကောင်စီတပ်စခန်းကို ယနေ့နံနက် ၇ နာရီ ခန့်တွင် KIA ပူးပေါင်းတပ်ကနယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြောင်း မံစီဒေသခံအမျိုးသားတစ်ဦးကပြောသည်။“အားလုံး ရှင်းလင်းရေးလုပ်နိုင်ပြီ၊ ဘာမှချန်ထားတာမရှိဘူး။ သွားကြည့်တော့ လက်နက်ကျည်နည်းနည်းလောက်ပဲ တွေ့ခဲ့ရတယ်။ အား လုံးထွက် ပြေးသွားပြီ၊ အဲ့တာက လမ်းမကြီးပေါ်မှာ စခန်းချနေထိုင်နေတာဟုတ်တယ်” ဟုပြောသည်။ အဆိုပါတပ်စခန်းသည် စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၆၀၁) ၏ ရှေ့တန်းစခန်းဖြစ်ပြီး မံစီမြို့နှင့် ၉ မိုင်ခန့်အကွာတွင်တည်ရှိကာ ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ ညမှစတင်ကာ KIA ပူးပေါင်းတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန် မံစီမြို့နယ် တွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခ.မ.ရ (၃၁၉) နှင့် (၆၀၁) တပ်စခန်း ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ Read in full

၁၃။ ကော့သောင်း၊ ခမောက်ကြီးမြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်
  April 4, 2024
ကော့သောင်းမြို့နယ် ၊ ခမောက်ကြီးမြို့ က  ဝိုင်ဒင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေ အကြား မနေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွား ခဲ့တယ်လို့  ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)ရဲဘော်တွေဆီက သိရပါ တယ်။  ခမောက်ကြီးမြို့ ၊ နမ္မသွန်ဒေသ၊ ပါကလပ်နယ်မြေကို ရောက်ရှိနေတဲ့ အမှတ် ၂၀ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၂၀) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေ နဲ့ ကော့သောင်းပကဖ၊ ဘုတ်ပြင်းပကဖ၊  KTLA တို့ ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ပကဖရဲဘော်တွေက ဆိုပါတယ်။ အခုလ ၃ ရက်နေ့ တရက်တည်းမှာ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး  ၊ မနက် ၉ နာရီဝန်းကျင်မှာ တစ်ကြိမ်၊ မွန်းလွဲ  ၁ နာရီဝန်းကျင်မှာ တစ်ကြိမ်၊ ညနေ ၄ နာရီ ဝန်းကျင်မှာ တစ်ကြိမ် ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွား ခဲ့တယ်လို့ မြေပြင်မှာရှိတဲ့ ပကဖ ရဲဘော်တွေ ကဆိုပါတယ်။ “ရန်သူဘက်က တော်တော် များများ ထိခိုက်သေဆုံးရှိတယ်။ လက်ရှိမှာ သူတို့ဘက်ကလည်း တပ်ဆုတ်သွားတဲ့ အနေ အထားဖြစ်တယ်။ ကျနော်တို့ ဘက်က လည်း ထိခိုက်မရှိ တပ်ပြန်ဆုတ်ထားပါတယ်” လို့  တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပကဖ ရဲဘော်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်ကနေ ဝိုင်ဒင်းကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည် သူပိုင် နေအိမ် ၆ ဆောင်နဲ့ ဥယျာဥ်ခြံတစ်ခြံ မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဝိုင်ဒင်းရွာဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါ တယ်။ တိုက်ပွဲမဖြစ်ပွားခင်ရှေ့ရက်တွေမှာလည်းဝိုင်းဒင်းကျေးရွာနဲ့ကပ်ရက် အေးမြသာယာရွာအနီးကတောင်ပေါ်မှာတပ်စွဲထား တဲ့စစ်ကောင်စီတပ်သားတွေကနေ ဝိုင်းဒင်းရွာဘက်ကိုလက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံရွာသားတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂ ရက် မနက် ၈ နာရီဝန်းကျင်မှာတော့ ဝိုင်ဒင်းကျေးရွာနဲ့ အေးမြသာယာကျေးရွာအကြား စစ်ကောင်စီတပ် သားတွေနဲ့ ပျူစောထီအဖွဲ့အဝင်တချို့ ကင်းပုန်းဝပ်ရာနေရာကို စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက် ကွဲပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးကာ ပျူစောထီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အေးမြသာယာရွာ ဒေသခံတွေဆီက သိရပါတယ်။  Read in full

၁၄။ မိုးမောက်မြို့နယ် ကျောက်စခန်းရွာကို စစ်တပ်ဗုံးကြဲ၊ ရွာတဝက်ခန့်ပျက်စီး
  April 5, 2024
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကျောက်စခန်း၊ ခဝမ်ဘန် ကျေးရွာကို ဧပြီ ၃ ရက်နဲ့ ၄ ရက်တွေက စစ်ကောင်စီတပ် က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပြီး လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ရွာတဝက်ခန့် ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မိုးမောက်မြို့ခံတဦးက “ရွာမှာကအိမ်ခြေ ၂၀၀ ကျော်ပါတယ်၊ ရှမ်းလူမျိုးတွေက တံတားရဲ့ဒီဘက်ကကျောက်စခန်း ရွာမှာနေတယ်။ ကချင်လူမျိုးတွေက တံတားရဲ့ အရှေ့ဘက်ရွာထိပ် ခဝမ်ဘန် ရွာမှာနေတာ၊ နှစ်ရွာတရွာ နေထိုင်ကြတာပါ။ ရွာထိပ်ဘက်က စစ်ကောင်စီစုပေါင်းဂိတ် တခုနဲ့ အူဒန်ဘွမ်တပ်စခန်းကို KIA/AA/KPDF ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီး တော့ စစ်တပ်က လေယာဉ်တွေနဲ့လာ ဗုံးကြဲတယ်။ ခမရ ၄၃၇ တပ်နဲ့ ဗန်းမော်အမြောက်တပ်က လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်တယ်။ ရွာတဝက်လောက် ပျက်စီးသွားပြီ” လို့ ပြောပါတယ်။

နောက်တဦးကလည်း “တောဘက်က (ဒေသအခေါ်) ၂ နာရီ ထွက်ခွာချိန်ပေးတယ်လို့ ကြားရတယ်။ တချို့တွေက အသက် ကြီးတဲ့သူတွေ၊ ကလေးငယ်တွေက ဗုံးခိုကျင်းထဲ ကျန်ခဲ့တာ။ မိုးမောက် လူမှုကူညီရေးအသင်းက ကယ်ထုတ်ပေးတယ်” လို့ ပြောပါတယ်။ ဧပြီ ၄ ရက် ည ၉ နာရီကျော်လောက်ကလည်း ခမရ ၄၃၇ နဲ့ အမတ ၃၆၆ က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် မိုးမောက်မြို့အတွင်း အိမ်တွေတချို့မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တဦးနဲ့ လူကြီးတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ Read in full

၁၅။ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်‌မြေမှာ ဒေသခံတွေ နေရပ်ပြန်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ IEC ဆို
  April 4, 2024
ကရင်နီပြည်က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့မှာ ဒေသခံတွေ နေရပ်ပြန်နေထိုင်နိုင်ဖို့ အတွက် ဆောင်ရွက်နေတာရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး ( ၂ ) ဦးဗညားက ပြောပါတယ်။“ကျနော်တို့ကတော့ ဒေသတစ်ခုချင်းစီမှာ မတူညီတဲ့အခြေအနေတွေကို ကြည့်ပြီးတော့မှ မတူညီတဲ့ စစ်ရေးနိုင်ငံ ရေးအခြေအနေတွေကို ကြည့်ပြီးတော့မှ ပြန်နေခွင့် စဥ်းစားထားတာ ရှိတယ်ပေါ့နော။ လုပ်လည်း လုပ်နေပါတယ်။ ခဏက ပြော သလိုပဲ ဒီဟာက သက်ဆိုင်ရာ အင်အားစုတွေနဲ့ ပေါင်းစပ်ညှိ့နှိုင်းပြီးတော့မှ လိုအပ်တဲ့ စစ်ရေး နိုင်ငံရေး နောက်ပြီးတော့မှ ကျန်းမာရေးကိစ္စတွေကို ဆောင်ရွက်စီမံရတယ်ပေါ့နော။ အဲဒီဟာ အဆင်သင့်ဖြစ်တဲ့နေရာတွေကို ကျနော်တို့ပြန်နေခွင့်ပေး တယ်။ လိုအပ်တဲ့ ထောက်ပံ့မှုဟာကအစ စိုက်ပျိုးရေးဟာကအစ မိုင်းရှင်းလင်းရေးကိုလည်း ကျနော်တို့ ချိတ်ဆက်ပြီးတော့မှ တစ်စချင်းတစ်စ ဖြည်းဖြည်း လုပ်‌ဆောင်နေတာရှိပါတယ်။”လို့ ဦးဗညားက ပြောပါတယ်။

ကရင်နီပြည် နယ်မြေဧရိယာရဲ့ ၉၀ ရာခိုင်နှုန်း တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက် နေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားပါတယ်။ သို့ပေမယ့် ထိန်းချုပ်ထားတဲ့ဒေတော်တော် များများမှာ နယ်မြေရှင်းလင်းရေး မပြုလုပ်နိုင်သေးဘူးလို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ တာအယ်စိုးက ပြောပါ တယ်။“စစ်ကောင်စီတွေက စစ်ဖြစ်တဲ့ နေရာတွေသာမက စစ်မဖြစ်တဲ့ နေရာမျိုးတွေမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်တာမျိုး တွေရှိပါတယ်။ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေ စစ်ရှောင်စခန်းတွေကို ပစ်တာတွေကတော့ ဒါက တော့ ဒီတော်လှန် ရေးသုံးနှစ်အတွင်းမှာ အမြဲတမ်းကြီးဖြစ်သွားတဲ့ အရာတွေပါ။”လို့ သူကပြောပါတယ်။ မိုင်းရှင်းလင်းရေးတွေနဲ့ ပတ်သက် ပြီး အစီအစဥ်စနစ်တကျ ဆက်လက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိမှာတော့ နေရပ်ပြန်ဖို့ လုံခြုံနိုင် မယ့် ဒေသ၊ ကျေးရွာတချို့တွေမှာ ဒေသခံတွေ ပြန်လည်နေထိုင်တာတွေရှိနေပါတယ်။ သို့ပေမယ့် မြို့ပေါ်ရပ်ကွက်တွေမှာတော့ ဒေသခံတွေ နေထိုင်ဖို့ အန္တရာယ်ရှိနေသေးတဲ့အတွက် ပြန်လည်နေထိုင်ခွင့် မပြုသေးဘူးလို့ ဦးဗညားက ဆက်ပြောပါတယ်။ Read in full

၁၆။ CDF-Matupi တပ်မဟာ (၁) ပထမအကြိမ် ညီလာခံအောင်မြင်စွာကျင်းပ ၊ စစ်ရေးအရှိန်မြှင့် လုပ်ဆောင်သွား မည်ဟုဆို
 April 5, 2024
ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ(၁) ၏ ပထမအကြိမ်ညီလာခံကို ပြီးခဲ့တဲ့ ဧပြီလ ၃ /၂၀၂၄ ရက်နေ့က အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ညီလာခံတွင် တပ်မဟာ တပ်မှူးများရွေးချယ် ခန့်အပ်တာဝန်ပေးအပ် ခြင်းနှင့်ရှေ့ဆက် လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ပြီး ချင်းပြည်နယ်အတွင်းရှိတော်လှန်ရေး လမ်းစဉ်တူညီသည့် လက်နက် ကိုင် အဖွဲ့အစည်းများ၊ မတူပီမြို့နယ်အတွင်းရှိ လမ်းစဉ်တူညီသည့် အရပ်ဖက်တော်လှန်ရေး အင်အားစုများနဲ့ ပူးပေါင်းလက်တွဲသွားမည် ဖြစ်ကြောင်းနှင့် CRPH,NUCC,NUG နှင့်ပြည်တွင်း၊ပြည်ပရှိ ချင်းတော်လှန်ရေးအင်အားစုများနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု ပေါ်ပေါက်လာသည့်အထိ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

တပ်မဟာ(၁)သည် မတူပီမြို့အပါအဝင်၊ မတူပီ ကျေးရွာအချို့ကိုအခြေခံသော လင်းယုန်တပ်ရင်း နဲ့ ဆီနိုင်းတပ်ရင်းတို့ ပါဝင်ပြီး  ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃-၂၅ ရက်နေ့ထိကျင်းပပြုလုပ်ခဲ့တဲ့  ချင်းလဲန်း ကာကွယ်ရေးတပ်ဖွဲ့ မတူပီ၏  တတိယအကြိမ် မြှောက်ညီလာခံတွင် တပ်မဟာ(၁၊ ၂) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။  ဆက်လက်၍ တပ်မဟာ(၁)အနေဖြင့် စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် စစ်ရေးအရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် တတ်နိုင် သည့်ဖက်မှ ဆက်လက်ပါဝင်ပံ့ပို့ပေးကြဖို့လည်း တောင်းဆိုထားပါတယ်။ Read in full

၁၇။ စစ်ကောင်စီထံသို့ လေယာဉ်ဆီတင်ပို့မှု ရပ်ဆိုင်းရန် ကုလလူ့အခွင့်အရေးကောင်စီ ချမှတ်
  April 5, 2024

မြန်မာစစ်တပ်ကို လေယာဥ်ဆီတင်ပိုခြင်း(သို့မဟုတ်)ရောင်းချခြင်းမပြုရန် အစိုးရများကိုတောင်းဆိုထားသည့် ဆုံးဖြတ်ချက် တစ်ရပ်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဧပြီ ၄ ရက်တွင် ချမှတ်လိုက်သည်။ UNHRC ၏ အဖွဲ့ဝင် ၄၇ နိုင်ငံက တကယ်၍အာဏာသိမ်း မြန်မာစစ်တပ်သည် ပြည်တွင်း သို့တင်သွင်းလာ​သောလေယာဉ်ဆီများကို အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် အသုံးချနေကြောင်း ယုံကြည်ရသည့် အခြေအနေတွင် နိုင်ငံတကာ အစိုးရများ က မြန်မာနိုင်ငံအတွင်း လေယာဉ်ဆီ တင်သွင်းမှု တားမြစ်ပိတ်ပင်ထားရေး စုပေါင်း တောင်းဆိုသင့်​ကြောင်း ဘုံသဘောတူညီ ချက်ကို လက်ခံခဲ့ကြသည်။ မြန်မာစစ်တပ်သည် လေကြောင်း တိုက်ခိုက်ရေးစွမ်းရည် အားသာချက်ကို ကျင့်ဝတ်မဲ့ အသုံးချပြီး အရပ်သား ဧရိယာများကိုပါ မရှောင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ကာလရှည်ကြာ နာမည်ဆိုး ထွက်ခဲ့ပြီးသား ဖြစ်သည်။

UNHRC က မြန်မာနိုင်ငံထံသို့  စစ်လက်နက်၊ ခဲယမ်းမီးကျောက်များနဲ့တခြား စစ်သုံးပစ္စည်းများတရားမဝင် တင်သွင်း ရောင်းချနေမှုများကိုပါ ဟန့်တားရန်လည်း တိုက်တွန်းတင်ပြခဲ့သည်။ NHRC ရဲ့ လွတ်လပ်တဲ့ ပညာရှင် အစုအဖွဲ့တစ်ခုက မြန်မာ စစ်တပ်သည် တော်လှန်ရေး အင်အားစုများနှင့် မြေပြင်စစ်ပွဲများ အရှုံးတွေနဲ့ ပိုမိုရင်ဆိုင်ရလေလေ၊ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုပိုမို အရှိန်မြှင့်လေလေ ဖြစ်နေ​ကြောင်း ပြီးခဲ့တဲ့လက သတိပေးခဲ့သည်။ လက်ရှိ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ဗီယက်နမ်သည် ကောင်စီ၏တူညီဆန္ဒနှင့်အတူ ရပ်တည်ထောက်ခံခြင်းမရှိပေ။ ကောင်စီ၏ အထက်ပါဆုံးဖြတ် ချက်နှင့်ပတ်သက်၍ ““ဒါဟာ စစ်ရာဇ၀တ်မှုကျူးလွန်ဖို့ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေသူတွေကို လေယာဉ်ဆီ ထောက် ပံ့ပေးနေတာကိုပုံမှန်အတိုင်း စီးပွားရေးလုပ်ရင်လက်ခံနိုင်စရာမရှိဘူးဆိုတဲ့ ကုလသမဂ္ဂရဲ့ပင်မ လူ့အခွင့်အရေးကောင်စီရဲ့ အရေး ကြီးတဲ့ သတင်းစကားပါ” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဆိုင်ရာ Amnesty International ၏ ကိုယ်စားလှယ် Iniyan Ilango က မှတ်ချက်ပြုသည်။ Read in full

၁၈။ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်
  April 5, 2024
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ဆေကေးအုပ်စု၊ ဖျံချောင်းကျေးရွာတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်ခဲ့သည့်အပြင် ရွာထဲက အရပ်သား တစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားကြောင်း ဒေသခံများထံက သိရသည်။ ကန်ပက်လက်မြို့နယ်၊ ဖျံချောင်းကျေးရွာတွင် စစ်ကောင်စီက ဧပြီလ ၃ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် လေကြောင်းဖြင့် ငါးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ပြီး ကျေးရွာအတွင်းရှိ နေအိမ်အချို့ မီးလောင် ပျက်စီးခဲ့ကာ  ရွာအနီးနားတွင်လည်း တောမီး လောင်ကျွမ်းနေကြောင်း သိရသည်။ “မနေ့က မနက်ပိုင်း ဖျံချောင်းရွာအနားမှာ တိုက်ပွဲရှိတယ်။ တိုက်ပွဲဖြစ်ပြီး နေ့လယ်လောက် မှာ စစ်တပ်က လေကြောင်းကနေ ရွာအနီးနား တစ်ဝိုက် ဗုံးကြဲတိုက်ခိုက်သွားတယ်။ အရပ်သား ထိခိုက်မှုမရှိပေမယ့် အရပ်သား နေအိမ် မီးလောင်မှုရှိတယ်။ မီးလောင်တဲ့ နေအိမ်အတိကျတော့ မသိရသေးဘူး။ ရွာအနီးနားမှာလည်း တောမီးလောင်တာ တွေ့ တယ်။ ငြိမ်းမယ့်လူမရှိဘူး” ဟု ကန်ပက်လက် ဒေသခံတစ်ဦးက ပြောသည်။

ဖျံချောင်းကျေးရွာနှင့်အနီးအနားတွင်တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာထဲရှိအသက်ကြီးပိုင်းအရပ် သားတစ်ဦးကိုလည်း ဖမ်းဆီးပြီး နာရီပိုင်းတွင် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ “စစ်တပ်က ရွာနဲ့ ရွာအနီးနားတွေမှာ တပ်အင် အား ၅ဝ ကျော်နဲ့ တပ်ဖြန့်ထားတယ်။ မနေ့ နေ့လည်က စစ်တပ်က အသက်ကြီးပိုင်း အရပ်သားတစ်ဦးကို ဖမ်းဆီးပြီး နေ့လည် မှာ သတ်ဖြတ်သွားပါတယ်”ဟု ကန်ပက်လက် ဒေသခံတစ်ဦးက ပြောသည်။ သတ်ဖြတ်ခံရသည့် အရပ်သားသည် ဖျံချောင်း ကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဦးဟုန်းသာဟု သိရှိရပြီး စစ်ကောင်စီတပ်က ၎င်းကို စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ  ဖမ်းဆီးခေါ်ဆောင်သွားပြီး  သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ Read in full

၁၉။ နေပြည်တော်စစ်ရုံးချုပ်နှင့် ဧလာလေတပ်ကို တိုက်ခိုက်ဟု NUG ထုတ်ပြန်
  April 4, 2024
အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ဗိုလ်ချုပ်ကြီးများ နေထိုင်သည့် နေပြည်တော်  စစ်ရုံးချုပ် (ကက-ကြည်း) နှင့် ဧလာ လေတပ် စသည့်နေရာနှစ်ခုတွင် (ဧပြီ ၄) နံနက်အစောက ဒရုန်းဖြင့် တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်သည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုံးထိုင်သည့် စစ်ရုံးချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာ တပ်ဖွဲ့၏ Kloud Drone တပ်ခွဲက လုပ်ဆောင်ခဲ့သလို Leather Weapon တပ်ခွဲကလည်း ဧလလာတပ်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ စစ်ရုံးချုပ်နှင့် ဧလာလေတပ်ကို တိုက်ခိုက်မှုသည် ထိခိုက်မှုများ ရှိနိုင်သည်ဟု ဆိုသော်လည်း MOD ထုတ်ပြန်ချက်တွင် အသေးစိတ်မပါရှိသေးပေ။

လေတပ်အနီးတွင် နေထိုင်သူ ဒေသခံနှစ်ဦးကလည်း ယနေ့နံနက်တွင် ပေါက်ကွဲသံကြားရခြင်းမရှိသေးကြောင်း၊ ၁၁ နာရီအချိန်တွင် လေတပ်ဘက်သို့ အင်အားအပြည့်ပါရှိသည့် စစ်သားသုံးစီး ဝင်ရောက်သွားသည်ကို တွေ့မြင်ရကာ လေတပ် အနီးရှိ ကျေးရွာများတွင် စစ်ကားများ လုံခြုံရေးတင်းကျပ်နေကြောင်း ၎င်းတို့က ပြောသည်။ စစ်ကောင်စီ၏ စစ်ရုံးချုပ်သည် သာမန်ပြည်သူများ ဝင်ထွက်သွားလာနိုင်သည့် နေရာမဟုတ်သည့်အပြင် နေပြည်တော်၏ လုံခြုံရေး အထူးတင်းကျပ်သည့် နေရာဖြစ်၍ တိုက်ခိုက်မှုနှင့် ထိခိုက်မှုကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် စစ်တပ်ကို စွန့်ခွာခဲ့သူ ဗိုလ်ကြီးဇင်ယော်က  ယနေ့နံနက် တိုက်ခိုက်ခံရသည့် သတင်းများ ကြားသိရကြောင်း ဆိုသည်။ ဧလာလေတပ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ “ကျတာကတော့ အပြင်မဟုတ်ဘူး၊ အတွင်းစည်းထဲ ကျတာ၊ လေယာဉ်ပြေးလမ်း အစွန်း နားလေးပဲ၊ ထိခိုက်မှု တော့ အရမ်းမရှိပါဘူး။ နည်းနည်းလေးပဲ ထိတာ” ဟု မြင်တွေ့ခဲ့သူ အမျိုးသားနောက်တစ်ဦးက ပြောသည်။ Read in full

၂၀။ တောင်ကြီးမြို့ပေါ် ရပ်ကွက်တချို့မှာ စစ်မှုထမ်းအသုံးစရိတ်တွေ ကောက်ခံတော့မယ်လို့ဆို
  April 4, 2024
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ် ရပ်ကွက်တချို့မှာ စစ်မှုထမ်းအသုံးစရိတ်တွေ ကောက်ခံတော့မယ်ဆိုပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး‌၊ ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးတို့က လိုက်လံ ဆော်သြနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။ တောင်ကြီးမြို့တွင်း ဘုရားဖြူရပ်ကွက်၊ ရေအေးကွင်းရပ်ကွက် နဲ့ ကျောင်းကြီးစုရပ်ကွက်‌တွေမှာ ငွေကြေး ၅၀,၀၀၀ ကျပ်က‌‌နေ ၁၀၀,၀၀၀ ကျပ်အထိ ရပ်ကွက်အလိုက် မတူညီနှုန်းထားတွေနဲ့ လစဉ်ကောက်ခံသွားမယ်လို့ ဆိုပါတယ်။ ကျောင်းကြီးစုရပ်ကွက် မှာ နေထိုင်သူလတစ်ဦးက ” ကျွန်တော်တို့ဆီမှာတော့ တစ်အိမ် ၇၀,၀၀၀ ထည့်ရမယ်ပြောတယ်၊ ဒါပေမဲ့ ကျ‌‌နော့်သူငယ်ချင်းဆီ ကိုတော့ မလာသေးဘူးတဲ့၊ ကြည့်ရတာ ရပ်ကွက်တစ်ခုလုံးအနှံ့ လိုက်မပြောရသေးတာ ဖြစ်မယ်။ တော်တော်များများကတော့ ကောက်နေကြပါပြီ” လို့ ‌ပြောပါတယ်။

အလားတူ ဘုရားဖြူရပ်ကွက်မှာလည်း အိမ်ထောင်စု တချို့ဆီကိုတစ်အိမ် ၅၀,၀၀၀ နှုန်းနဲ့လာကောက်နေ‌ပြီလို့ ရပ်ကွက် နေထိုင်သူ‌တွေဆီကနေ သိရပါတယ်။ “အသိမိတ်ဆွေတွေ အိမ်ကို လာကောက်တာတော့ ၅၀,၀၀၀ တဲ့၊ ကျွန်မတို့ဆီကိုတော့ မလာသေးဘူး၊ စားဝတ်နေရေးအတွက်ကလုံးပန်းနေရတဲ့အထဲ နောက်ဆိုရင်လတိုင်းကိုထည့်ဖို့ကို ကြံဖန်ရတော့မယ်လို့ စဉ်းစား မိတိုင်း ရင်မောတယ်” လို့ ဘုရားဖြူရပ်ကွက်နေ အိမ်ရှင်မတစ်ဦးကပြောပါတယ်။ စစ်မှုထမ်းအသုံးစရိတ်ကို ဧပြီလအစကတည်း က စတင်ကောက်ခံနေပေမဲ့ စစ်မှုထမ်း အမည်စာရင်းပါတဲ့ အိမ်‌တွေကိုတော့ မတ်လတတိယပတ်ကတည်းက ညှိနှိုင်းဆွေးနွေးမှု နဲ့အတူ ၁၀ သိန်းက‌နေ သိန်း ၁၀၀ အထိ ကောက်ခံနေတယ်လို့ စုံစမ်းသိရပါတယ်။ Read in full

၂၁။ အပူပြင်းဆုံးရာသီဝင်လာ၍ ရခိုင်ကစစ်ရှောင်များ သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရ
  April 5, 2024
အပူပြင်းဆုံးရာသီဝင်လာပြီဖြစ်သဖြင့် ရခိုင်ပြည်အတွင်းက အိုးအိမ်စွန့်ခွာရသူ စစ်ရှောင်များမှာ သောက်သုံးရေရှားပါးမှု ဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ယူအန်အိုချာ (UNOCHA) က ဧပြီလ ၅ ရက်နေ့မှာ ထုတ်ပြန်ပြောသည်။ ပုဏ္ဏားကျွန်းမြို့ နယ် ကျောက်ဆိပ်၊ ယိုးတရုပ်၊ ‌ယိုးငူ၊ သရက်ချို၊ အောင်ဖြူပြင်၊ ပန်းနီလာ၊ ကြံခင်း၊ တောင်နားရွာနှင့် ကျင်တလင်းရွာစသည့် ကျေးရွာများတွင် သောက်သုံးရေရှားပါးနေကာ မသန့်ရှင်းသောရေကို သောက်သုံးနေရသည်ဟု ဒေသခံများထံမှသိရသည်။  အဆိုပါ ကျေးရွာများတွင် မူလနေထိုင်သူ ကျေးရွာသားများအပြင် ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် အခြားသော ကျေးရွာများမှ လာရောက် ခိုလှုံကြသော စစ်ရှောင်အရေအတွက် များစွာရှိနေကြသည်။ မသန့်ရှင်းသောရေကို သောက်သုံးနေရ၍ ကလေးငယ်များနှင့် အမျိုးသမီးအများစုမှာ ခန္ဓာကိုယ်ယားယံမှုနှင့်ဝမ်းပျက်ဝမ်းလျော့ရောဂါကို ခံစားနေရသည်ဟု သရက်ချိုကျေးရွာသို့ ပုဏ္ဏားကျွန်း မြို့ပေါ်မှ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

” ပြီးခဲ့တဲ့ လကနေ စစ်ရှောင်လာတာ။ ပုဏ္ဏားကျွန်းမြို့ကိုလည်း သွားခွင့်မရသေးဘူး။ ဒီမှာကလည်း မသန့်ရှင်းတဲ့ ရေကို သောက်နေရတော့ ကျန်းမာရေးထိခိုက်မှုတွေရှိတယ်။ တချို့ကလေးတွေဆို ဝမ်းပျက်ဝမ်းလျော့ဖြစ်တာတွေရှိတယ်။ အမျိုးသမီ တွေဆို ခန္ဓာကိုယ် ယားယံမှုတွေ ဖြစ်နေတယ်။ ကန်မှာရှိတဲ့ ခမ်းခြောက်သွားတော့ ရေနှောက်တွေကိုပဲ အသုံးပြုနေရတယ်။ ” ဟု ပြောသည်။ လေပြင်းမုန်တိုင်းရာသီအမီ အမိုးအကာထောက်ပံ့ကူညီမှုပေးရန်လည်း အလွန်အရေးကြီးကြောင်းနှင့် နေရာတိုင်း မှာ ကုန်ဈေးနှုန်းမြင့်တက်နေ၍ ဝယ်မရဖြစ်လာခြင်းကြောင့် စစ်ရှောင်များ စားနပ်ရိက္ခာမဖူလုံးခြင်းမှာလည်း လွန်စွာရတတက် မအေးဖြစ်ရသည်ဟု ယူအန်အိုချာက ဆိုသည်။ တကျော့ပြန်တိုက်ပွဲ ပြန်လည်စတင်ခဲ့သည့် နိုဝင်ဘာလကစ၍ ဧပြီလ ၁ ရက်နေ့ အထိ စစ်ကောင်စီနှင့်ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများကြောင့် ရခိုင်ပြည်မှာအိုးအိမ်စွန့်ခွာရသူ ၁၅၇၀၀၀ ဦးရှိကြောင်း ယူအန် အိုချာ ကဆိုသည်။ အရပ်သားပြည်သူများအနေဖြင့် ဖြစ်ပွားဆဲ ပြင်းထန်သည့်ပဋိပက္ခဒဏ်ကို ဆက်လက်ခံစားနေကြရပြီး မြန်မာ နိုင်ငံတစ်ဝန်းမှာ လူဦးရေ ၂ ဒသမ ၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရသည်ဟု ယူအန်အိုချာ (UNOCHA) က ထုတ်ပြန်ပြောဆို ထားသည်။ Read in full

၂၂။ ကော့ကရိတ်၊ မြဝတီနှင့် သင်္ဃန်းညီနောင်တို့တွင် ယနေ့ တိုက်ပွဲပြင်းထန်
   April 5, 2024
ကရင်ပြည်နယ် ကော့ကရိတ်၊မြဝတီနှင့် သင်္ဃန်းညီနောင်မြို့တို့တွင် ယနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်များ အသုံးပြုတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ ကော့ကရိတ်မြို့ကို PDF ပူးပေါင်း စစ်ကြောင်းများက တစ်မြို့လုံး ဝန်းရံပိတ်ဆို့မှုပြုလုပ်အပြီး နောက်တစ်ရက်တွင် စစ်ကောင်စီက လေကြောင်းနှင့် ဒရုန်းတို့ အသုံး ပြု တိုက်ခိုက်လာသည်ဟု ကော့ကရိတ်မြို့သိမ်းတိုက်ပွဲတိုက်ဆင်နွှဲနေသော PDF ရဲဘော်များက ပြောသည်။ ယနေ့နံနက်တွင် ကော့ကရိတ်မြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့လယ်ရှိ အမှတ်(၉၇)ခြေလျင်တပ်ရင်းဌာနချုပ် ဗျူဟာကုန်းနှင့် ရဲစခန်းတို့ကို တိုက် ခိုက်နေသည်ဟု PDF ရဲဘော်များက ပြောသည်။ “လက်နက်ကြီးရော၊ လေယာဥ်ရော၊ ဒရုန်းရော သုံးခုလုံးသုံးပြီး ပစ်နေတာ”ဟု ကော့ကရိတ် ရှေ့တန်းစစ်မျက်နှာပြင်၌ မိုင်းဆရာကြီးဟု ခေါ်ဝေါ်သည့် Tiger Dragon Revolution Force(TDRF) တာဝန်ခံ၊ ရန်ကုန်တိုင်း (၅၁၀၁)ဗျူဟာ မိုင်းအဖွဲ့ တာဝန်ခံအသန်း(ခ) သန်းတင်ဌေးက ပြောသည်။

ထိုသို့ တိုက်ခိုက်သော်လည်း PDF ရဲဘော်များ ထိခိုက်မှုမရှိဟု ဆိုသည်။ “မြို့ပေါ်မှာရော ၊မြို့အနီးမှာရော လေယာဥ်တွေ ဝဲနေတယ်။ စစ်ကောင်စီက ၉၇ ကုန်းကနေ စစ်ကြောင်းထိုးလာတယ် လို့ သိရတယ်”ဟု ကော့ကရိတ်စစ်မြေပြင်ရှိ PDF ရဲဘော်တစ်ဦးက ပြောသည်။ ကော့ကရိတ်မြို့ရှိ စခန်းကုန်းတစ်ခုအတွင်း ကျန် ရှိနေသော စစ်ကောင်စီတပ်အား ထွက် ပေါက်တစ်ခုပေးထားရာမှ အလံဖြူမထောင်၍ မြို့အားအလုံးစုံပိတ်ဆို့လိုက်ပြီဟု တောင် ပိုင်းတိုင်းစစ်ဒေသ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်း က ဧပြီ ၃ ရက်တွင် ပြောသည်။ ကော့ကရိတ်မြို့ သိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ကျားဖြူစစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ Special Operation Group – SOG၊SPECIAL OPERATION FORCE – SOF၊နဂါးဖြူ၊ရန်ကုန်(၅၁၀၁)၊Spring Phoenix Force၊ Federal Wings ဒရုန်းတပ်ဖွဲ့အပြင်အခြားဒရုန်းတပ်ဖွဲ့များဖြင့် ပူးပေါင်းဆင်နွှဲနေခြင်းဖြစ်သည်။ ၂၀၂၃ ဒီဇင်ဘာ ၁ ရက်ကစတင်တိုက် ခိုက်ခဲ့ ခြင်းဖြစ်သည်။ လေးလတာတိုက်ပွဲတိုက်ပွဲအတွင်း သေဆုံးသည့် စစ်ကောင်စီတပ်သား အနည်းဆုံး ၅၀ ရှိသည်ဟုလည်း ရဲဘော်များက သုံးသပ်သည်။ မြဝတီမြို့ရှိ စစ်ကောင်စီ၏ ခမရ (၂၇၅)တပ်ရင်းအား ဘော်ဘရာ စစ်ကြောင်းဦးဆောင် မှုဖြင့် PDF စစ်ကြောင်းများက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အလောင်း ၁၅လောင်းရရှိသည်ဟု လူထုနွေဦးက ကရင်ပြည် နယ် စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ Read in full

၂၃။ မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားရာနဲ့ချီပြီးပိတ်မိနေ
  April 5, 2024
မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ ခရီးသည်ကားတွေ ရာချီ ပိတ်မိနေတယ်လို့ ခရီး သွား ပြည်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၃၀ ရက်နေ့ကစပြီး မြစ်ကြီးနား– မန္တလေးလမ်းမပေါ်မှာရှိတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူနယ် ဇင်းရွာမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တို့ကြား တိုက်ပွဲပြင်းထန်နေတာကြောင့်  ဧပြီ ၅ ရက်နေ့ အထိကားလမ်းပိတ်ထားတာဖြစ်တယ်လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။“ပိတ်ထားတာက အဲ့ကန့်ဘလူနယ်ထဲမှာပဲ ပိတ်ထားတာ မြစ်ကြီးနားဘက် တက်လာမယ့်သူတွေလည်း တက်လာလို့မရဘူး မြစ်ကြီးနားဘက်ကနေ ဆင်းလာမယ့် ကားတွေ လည်း သွားလို့မရဘူးဖြတ်လို့မရဘူး ဇင်းရွာမှာပိတ်ထားတာ မတ်လ ၃၀ ရက်နေ့ကနေထိတွေ့မှုတွေဖြစ်နေတာလေ။ အဲ့ဇင်းရွာ မှာကျတော့ စစ်ကောင်စီတပ်စခန်းတွေရှိတယ် စစ်ကြောင်းထိုးပြီးရွာတွေလည်းမီးရှို့နေတယ် အဲ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့ တွေက တိုက်ပွဲဖြစ်ရင်ပြည်သူတွေကြားညပ်မှာရယ်အန္တာရာယ်ဖြစ်မှာရယ်စိုးရိမ်တာကြောင့်ပိတ်ထားတယ်”လို့ ပြောပါတယ်။

ရွှေဘိုမြစ်ကြီးနားကားလမ်းပိုင်းကို ဧပြီ ၁ ရက်နေ့မနက်ကနေစပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ရက်အကန့်အသတ်မရှိ ပိတ်ထားတာဖြစ်ပြီး မန္တလေးကနေ မြစ်ကြီးနားဘက်တက်မယ့်ကားတွေ စပယ်နံ့သာမှာ ပိတ်မိနေသလို မြစ်ကြီးနားကနေ မန္တလေးဘက်ကို ဆင်းမယ့်ကားတွေလည်း ပေကြီးရွာထဲမှာပိတ်မိနေတယ်လို့သိရပါတယ်။ “ကောလင်းအထိသွားလို့ ရတယ် ဆိုတော့ ကောလင်းအထိသွားကြတယ် အဲ့ဇင်းမှာပိတ်ထားတာဆိုတော့ ပြန်ဖွင့်ရင်အရံသင့်သွားလို့ရအောင်ဆိုပြီး အချိန်ပိုင်း လေးပါ့ဖွင့်ဆိုပြီးတော့သွားကြတာဟိုမှာပဲ ပိတ်မိနေတယ် ကားတွေကတော့ ရာနဲ့ချီပြီးအများကြီးတန်း စီနေတယ်” ခရီးသွား ပြည်သူတစ်ဦးက ပြောပါတယ်။ ခုလိုရွှေဘို မြစ်ကြီးနားကားလမ်းပိုင်း တစ်ပတ်ကြာ ပိတ်ထားတာကြောင့် လက်ရှိ ကချင်ပြည် နယ်အပါအဝင်အင်းတော် ကောလင်းစတဲ့မြို့နယ်တွေထဲမှာ အခြေခံစားသောက်ကုန်တွေ စျေးတက်နေပြီး စက်သုံးဆီရှားပါး လာမှုတွေကိုလည်းကြုံတွေ့နေရတယ်လို့သိရပါတယ်။ Read in full

၂၄။ လေယာဉ်နေ့စဉ်ပျံဝဲနေခြင်းကြောင့် ရေဖြူဒေသမှ စစ်ရှောင်ပြည်သူများ နေရပ်မပြန်ရဲသေး
  April 4, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီ၏ လေယာဉ်ပျံဝဲမှု နေ့စဉ်လုပ်ဆောင်သည့် အခြေ အနေကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများအနေဖြင့် ယခုအချိန်ထိ နေရပ်မပြန်ရဲကြ သေးကြောင်း ၎င်းတို့ အား အနီးကပ်ကူညီသူများက ပြောသည်။ ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ဝင်များကြား တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သောကြောင့် ရေဖြူမြို့နယ်အတွင်းရှိ ကျွဲတလင်းရွာ၊ လော့သိုင်းရွာ၊ ရားဖူးရွာနှင့် အလယ် စခန်းရွာများမှ ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။ စစ်ဘေးရှောင်များအား အနီးကပ်ကူညီသူတစ်ဦးက “ပြီးခဲ့တဲ့ အပတ်ကတည်းက ထွက်ပြေးနေရတာ။ ပြေးစရာ နေရာမရှိတော့ တောတွေထဲမှာ ရှောင်တိမ်းနေရတယ်။ လေယာဉ် ကလည်း ဒီနှစ်ထဲမှာ သုံးထားတာတွေရှိတော့။ အဲ့လို အခက်အခဲတွေတော့ရှိတယ်။ စစ်ဘေးလာရှောင်ရတဲ့ရွာတွေက ရွာလေးရွာ လောက်က ဆိုတော့ ဒေသခံထောင်ကျော်တယ်။”ဟု ပြောသည်။

အဆိုပါ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသည့် ရေဖြူဒေသခံစစ်ရှောင်များသည် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း အဆိုပါ စစ်ရှောင်ကူညီသူများက ပြောသည်။ “အမြဲတမ်းစစ်ရှောင်ရော၊ ယာယီစစ်ရှောင်တွေရောရှိနေတော့ စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိတယ်။ စကစ က လေကြောင်းနဲ့ လာတိုက်မှာကို ကြောက်နေတော့ အခုထိမပြန် ရဲကြဘူး။ နေရာထိုင်ခင်းအခက်အခဲတွေ အခုထိရှိနေတုန်းပဲ။”ဟု နောက်ထပ် စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကလည်း ပြော သည်။ Read in full

၂၅။ ကွတ်ခိုင်အရပ်သားတစ်ဦး MNDAA ဖမ်းဆီးရိုက်နှက် သေဆုံး၊ ဖြေရှင်းချက်မပေးဘဲ တာဝန်မယူဟုပြော
  April 4, 2024
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် အရပ်သားတစ်ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးရိုက်နှက်၍ သေဆုံးခဲ့ရပြီး ၎င်းအမှု ကိစ္စကို ဖြေရှင်းချက်မပေးဘဲ တာဝန်မယူဟု ပြောဆိုကြောင်း စုံစမ်းသိရသည်။ မတ်လဆန်းပိုင်းက ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့သစ်ရပ်ကွက် (၂)တွင်နေထိုင်သည့် အသက် ၃၅ နှစ်ခန့်ရှိ ဇော်ဆိုင်း ဆိုသူသည် နေအိမ်မှထွက်သွားပြီး ‌ရက်သတ္တပတ်ခန့်အ ကြာပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဆွေမျိုးများနှင့် အိမ်နီးချင်းများက ဝိုင်းဝန်းစုံစမ်းခဲ့ရာ မတ်လ (၆) ရက်နေ့ တွင် သိန္နီမြို့နယ် စယ်အူကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ လူတစ်ဦးကို ဖမ်းဆီးစစ်ဆေးရင်း လက်လွန်သေဆုံးသွားခဲ့ ကြောင်း သတင်းကြားသိရ၍ သွားရောက်ကြည့်ရှုခဲ့ရာ တစ်လနီးပါးကြာ ပျောက်ဆုံးနေသူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“စယ်အူမှာ ရုံးထိုင်တဲ့ သူတို့ရဲ့ တာဝန်ခံကို ရပ်ရွာက တာဝန်ရှိတဲ့လူတွေ သွားပြီး စကားပြောခဲ့တာ။ အဲ့အချိန်မှာ သူတို့ ဘက်က အထက်ကို တင်ပြမယ်ပြောတယ်။ ဒါပေမယ့် အကြောင်းပြန်လာတဲ့နေ့က အလောင်းပြန်လာယူလို့ရတယ်၊ လျော်ကြေး တော့မပေးနိုင်ဘူး။ ဒီတစ်ယောက်သည် သူတို့စစ်သားနှစ်ယောက်ကို ဓားနဲ့ခုတ်တယ်ဆိုပြီးမှ ဆင်ခြေပေးခဲ့တာပေါ့”ဟု ကွတ်ခိုင် ဒေသခံ သေဆုံးသူ၏ အိမ်နီးချင်းတစ်ဦးက ပြောသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးရိုက်နှက်ခဲ့၍ သေဆုံးခဲ့ရသူမှာ အိမ် ထောင်ရေး ပြိုကွဲမှုဒဏ်ကြောင့် စိတ္တဇပုံစံ ဖြစ်နေပြီး နားမကြားသူ တစ်ဦးဖြစ်ကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူများက ပြော သည်။ “လူမျိုးရေး ပဋိပက္ခမဖြစ်အောင် ကိုးကန့်တွေနဲ့ အတတ်နိုင်ဆုံး သွားညှိခဲ့တာပဲ။ သူတို့ဘက်က တာဝန်ယူမှု တာဝန် ခံမှု လုံးဝ မရှိတဲ့အပြင်တကယ်ကို မဖြစ်သင့်တဲ့ စကားပြောတာပေါ့လေ၊ တာဝန်မယူနိုင်ဘူး လျော်ကြေးမပေးနိုင်ဘူး ပြောတယ်။ သတ်တာလည်း သူတို့ဝန်ခံတယ်၊ ဒါကို သူတို့ တာဝန်မယူဘူး ပြောတော့ မဖြစ်သင့်တဲ့ အရာလေနော်”ဟု ကွတ်ခိုင်မြို့နယ်မှ ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောသည်။ Read in full

 ၂၆။ မောင်တောမြို့က နယ်ခြားစောင့်ရဲတပ်ရင်းကို AA တိုက်ခိုက်
  April 5, 2024
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြို့အဝင် မြို့သူကြီးရွာမှာ အထိုင်ချထားတဲ့ နယ်ခြားစောင့်ရဲတပ်ရင်း နခခ (၅) ကို ဧပြီလ ၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) က ဒရုန်းတွေနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ကြိမ်ချောင်းနဲ့ မောင်တော-ဘူးသီးတောင်မြို့ချင်းဆက် ကားလမ်းက မေယုတောင်ထဲကို အဲဒီရဲတပ်ရင်းကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် အခုလို တုံ့ပြန်တိုက်ခိုက်လာတာလို့ တိုက်ပွဲအခြေ အနေတွေကို သိရှိတဲ့ဒေသခံတစ်ဦးကပြောပါတယ်။ “အဲဒီ နခခ (၅) ကနေ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်နေလို့ နည်းနည်း အဟန့်အတားဖြစ်အောင်လို့ AA က ဒရုန်းနဲ့လာပြီး ဗုံးကြဲခဲ့တာလို့သိရတယ်။ လေးလုံး လာချခဲ့တာ။ နခခ (၅) ကနေ မနေ့က မနက်ပိုင်းကနေစပြီး ပစ်နေတာ တစ်ရက်လုံး နားလိုက်ပစ်လိုက်၊ နားလိုက်ပစ်လိုက်လုပ်နေတာ” မောင်တောနဲ့ ဘူးသီးတောင် မြို့ချင်းဆက် ကားလမ်းဟာ မောင်တောခရိုင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း တပ်စခန်းတွေအတွက် ရိက္ခာနဲ့ စစ်အင်အား၊ လက်နက်အင်အားသယ်ယူရာ အဓိကလမ်းကြောင်းတစ်ခုလို့ သူကဆိုပါတယ်။

အခုတိုက်ခိုက်မှုတွေကြောင့် သေဆုံးထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရသေးပါဘူး။ မောင်တောမြောက်ပိုင်းက ကြိမ်ချောင်းတိုက်ပွဲဟာ အရှိန်မြင့်ပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေးတာတွေ ဆက်တိုက်ပြု လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲ အချိန်လေးလကျော်အတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝစတဲ့ မြို့နယ် ကိုးခုကို AA က သိမ်းပိုက်ထားပါတယ်။ Read in full

၂၇။ လွိုင်ကော်အကျဉ်းထောင်မှ အကျဥ်းသား ၃၈ ဦး လွတ်မြောက်လာ၊ နိုင်ကျဉ်း ၁၃ ဦး ပါဝင်
  April 4, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့ အကျဉ်းထောင်ကနေ အကျဉ်းသား ၃၈ ဦး လွတ်မြောက်လာပြီး နိုင်ငံရေး အကျဉ်းသား ၁၃ ဦး ပါဝင်တယ်လို့ နိုင်ကျဉ်း မိသားစုဝင်တွေက ပြောပါတယ်။ ဧပြီလ ၁ ရက်နေ့ည ၁၂ နာရီမှာ လွတ်မြောက်လာတာဖြစ်ပြီး အမျိုးသမီး ၅ ဦး၊ အမျိုးသား ၈ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ KPPA ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဇင်လင်းထက်က “အခုက လွတ်ရက်စေ့လို့ လွတ်တာပေါ့နော်။ လွတ်ငြိမ်း ပါတာမျိုး မဟုတ်ဘူး။ လိုက်ဖို့လည်း မလွယ်ဘူးလေ ဒီမှာက။ လိုက်ရင်တောင်မှ လွတ်ငြိမ်းပါနိုင်ခြေက အရမ်းနည်းတယ်ပေါ့နော်။ နောက်ပိုင်း အမှုတွေက ရက်စေ့နေပြီးမှ လွတ်ကြတာ။ ၁၃ ယောက်ထဲမှာ အမျိုးသမီးလည်း ပါတာပေါ့နော်” လို့ ပြောပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ကျဉ်း ၁၃ ဦးကို KPPA တာဝန်ရှိသူတွေက လွိုင်ကော်ထောင်အထိသွားရောက်ကြိုဆိုခဲ့ကြပြီး ၈ ဦး ကိုတော့ နေရပ် ပြန်ပို့ပေးတာ၊ သွားလာဖို့ ကူညီဆောင်ရွက်ပေးတာ၊ အလုပ်အကိုင် ရှာဖွေပေးတာတွေ ဆောင်ရွက်ပေးခဲ့ တယ်လို့ နိုင်ကျဉ်းတွေဆီက သိရပါတယ်။ ဒါ့အပြင် နေရပ်ပြန်ဖို့ ခက်ခဲတဲ့ နိုင်ကျဉ်း ၅ ဦးကိုလည်း KPPA က ခေါ်ယူထားပြီး အလုပ်အကိုင် ပေးအပ်ထားတယ်လို့ ဆိုပါတယ်။“သူတို့ကို ကူညီဆောင်ရွက်ပေးတာက ကျနော်တို့ လုပ်နေကြ အရာတွေပေါ့ နော်။ လွတ်လာတဲ့ နိုင်ကျဉ်းတိုင်းကို သူတို့ ဘယ်မှာနားချင်လဲ။ သူတို့နဲ့ ကိုက်ညီမယ့် အလုပ်မျိုးဆိုရင် ရှာပေးတယ်ပေါ့နော်” လို့ ကိုဇင်လင်းထက် က ဆက်ပြောပါတယ်။ Read in full

၂၈။  ဖာပွန် စစ်ရှောင်အိမ်ထောင်စု ၂၅၀ အတွက် စားနပ်ရိက္ခာများ ထောက်ပံ့
   April 4, 2024
ကရင်ပြည်နယ်၊ ကမမောင်းမြို့ အမှတ် ၂ ရပ်ကွက် အုန်းတောဘုန်းကြီးကျောင်းကို ဖာပွန်မြို့နယ်အနီးတဝိုက်ရှိကျေးရွာတွေကနေ စစ်ဘေးရှောင်လာတဲ့ အိမ်ထောင်စု ၂၅၀ အတွက် စားနပ်ရိက္ခာနဲ့အဝတ်အထည်တွေကို ကူညီထောက်ပံ့ခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး ကရင်ပြည်နယ်အဖွဲ့က ပြောပါတယ်။ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး ကရင်ပြည်နယ် အဖွဲ့ဝင်တဦးက “ဖာပွန်မြို့နယ် အနီးအနားက ရွာတွေကနေ စစ်ဘေးရှောင်လာကြသူတွေပါ။ အဖွဲ့ကတော့ ကမမောင်းကို လက် ရှိကူနေတာပါ။ အိမ်ထောင်စု ၂၅၀၊ လူဦးရေဆို ၇၀၀ လောက်ရှိတယ်။ သာမညဝန်းကျင်မှာဆို စစ်ရှောင်နေရာ လေးနေရာလောက်ရှိပါ သေးတယ်။ ကမမောင်းမှာဖြစ်တဲ့ပုံစံမျိုးဆို သူတို့က အဝတ်တထည်ကိုယ်တခုနဲ့ပြေးလာရတာ။ ဘာမှမပါဘူး။ ဒီတော့အစား အစာ အခြောက်အခြမ်းတွေအပြင် အဝတ်အစားပါ လှူရပါတယ်။ ချက်ပြုတ်ဖို့ အိုးခွက်တွေပါ လိုနေပါတယ်။ လက်ရှိနေနေကြ တာက မြိုင်ကြီးငူ တဖက်ကမ်းက အုန်းတောဘုန်းကြီးကျောင်းမှာ စုနေကြသလို ရွာထဲမှာလည်း နေနေကြပါတယ်”လို့ ပြောပါ တယ်။

စစ်ရှောင်မိသားစုတွေ လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ အဝတ်အထည်၊ အသုံးအဆောင်တွေ ရရှိရေးအတွက် တဦးချင်း အလှူ ရှင်တွေ၊ အဖွဲ့လိုက်ပေါင်းလှူတာတွေနဲ့ ဘုန်းတော်ကြီးတွေ လှူတဲ့ ရန်ပုံငွေတွေကို မြေပြင်က စစ်ရှောင်တွေ အဓိကလိုအပ်မယ့် ပစ္စည်းတွေ ဝယ်ခြမ်းပြီး ကယ်ဆယ်ရေးအဖွဲ့က ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ကော့ဘိန်း ဘက်ကို တရက်တည်းမှာ စစ်ဘေးရှောင်လာသူဦးရေ ၈၀၀ ကျော်အထိ ရှိခဲ့တာကြောင့် ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး လက်ရှိမှာ ကမမောင်းကို ရှောင်လာတဲ့ စစ်ရှောင်အရေအတွက်က ထပ်တိုးလာနေတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အသုံးအဆောင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။ Read in full

၂၉။ ဗန်းမော်မှာတိုက်ပွဲပြင်းထန်လာမှာစိုးလို့ မြို့ခံတစ်ချို့တိမ်းရှောင်နေ
 April 4, 2024
ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့ အခြေနေမှာရှိနေတဲ့အတွက် မြို့ခံတစ်ချို့တိမ်းရှောင်နေတဲ့အပြင် တစ်ချို့က တော့ ကတုတ်ကျင်းတူးပြီး ပြင်ဆင်နေကြပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ကနေ စတင်လာ တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးအရှိန်ဟာ တစ်ဖြည်းဖြည်းမြင့်တက်နေတဲ့အလျောက် ဗန်းမော်ခရိုင်ရဲ့ မြို့နယ်တွေထဲမှာရှိတဲ့ စစ်တပ်အထိုင်တပ်စခန်းအများပိုင်းတိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်တွေဟာ ဗန်းမော်တက္ကသိုလ်နဲ့ စာသင်ကျောင်းနေရာတစ်ချို့မှာ တပ်စွဲနေရာယူပြီး မြို့တွင်းကင်းပုန်းချ စစ်ဆေး ဖမ်းဆီးတာကို ခပ်စိပ်စိပ်လုပ်ဆောင်နေတာကြောင့် မြို့တွင်းတိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။

ဒါကြောင့် မြို့ခံပြည်သူတစ်ချို့က မြို့စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေရှိနေသလို  တစ်ချို့ကတော့ ကတုတ်ကျင်း တွေ တူးပြီး ပြင်ဆင်နေကြတယ်လို့ သိရပြီး ကတုတ်ကျင်းတူးဖို့အနည်းဆုံးတစ်သိန်းကျပ်အထိ ပေးပြီးတူးနေရတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။“တော်တော်များများတော့ တူးနေကြပြီ တစ်ချို့ကျတော့လည်း လူငှားလို့မရတာရယ် ငွေကြေး အဆင်မပြေတာတွေရယ် အခုလည်းပိုက်ဆံတွေတစ်အားတောင်းတာ တစ်သိန်းအောက်မရဘူး။ ဟိုတုန်းကဆိုရင် သုံးလေးသောင်း ဆိုရနိုင်တယ် အခုက ၁ သိန်းကနေ ၄ သိန်းထိရှိတယ် ကျင်းက ကြီးရင်ကြီးသလိုပေးရတယ်၊ အဲ့တာကျင်းတူးခဘဲရှိ သေး တာနော် အပေါ်မှာ အုပ်မဲ့ဟာတွေနဲ့ဆို ငါးသောင်းခြောက်သောင်းလောက်ပြန်ကုန်အုံးမှာ ကြိုတင်ပြင်ဆင်နေကြတာ ဟုတ် တယ် ”လို့ပြောပါတယ်။ လက်ရှိ  ဗန်းမော်မြို့မှာရှိတဲ့ ရွှေဆိုင်တွေ၊ ကုန်စုံဆိုင်၊ စတိုးဆိုင်တွေ တော်တော်များများ ပိတ်ထား တယ်လို့သိရပြီး ဒေသခံရဲ့ပြောပြချက်အရ တစ်ချို့ဌာနဆိုင်ရာရုံးတွေလည်း ပိတ်ထားတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ Read in full

၃၀။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရေး  စစ်ကောင်စီကို တရုတ်ဖိအားပေး
  April 5, 2024
တရုတ်နိုင်ငံက နယ်စပ်တလျှောက်တည်ငြိမ်စေဖို့နဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ရေးအတွက် စစ်ကောင်စီ ကို ဘက်အားလုံးနဲ့ တွေ့ဆုံဆွေး နွေးစေလိုတဲ့ တိုက်တွန်းမှုတွေရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာလာရောက်တွေ့ဆုံခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စား လှယ် တိန်ရှီကျင်းဟာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေအပြင် ကုန်စည်စီးဆင်းမှု ရပ်တန့်နေတဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းတွေ ပြန်ဖွင့်နိုင်ရေးကိစ္စ ဆွေးနွေးခဲ့တယ်လို့  စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုကနေ တရက်ကိုအမေရိကန်ဒေါ် ၁၀ သန်းနီးပါးထိခိုက်နေတာကို ရပ်တန့်နိုင်ဖို့အပြင် တရုတ်နယ်စပ်တ လျှောက် တည်ငြိမ်စေဖို့ စစ်ကောင်စီကို တော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဆွေးနွေးစေလိုတဲ့ ဆန္ဒမျိုးလည်းရှိနေတယ် လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

အခုတွေ့ဆုံမှုဟာ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီကြား ဒီလထဲမှာ ထပ်မံ မတွေ့ဆုံခင် အကြိုညှိနှိုင်း မှုဖြစ်နိုင်ပြီး သဘောတူညီမှုမရရှိသေးတဲ့ နယ်စပ်ကုန်သွယ်မှု ပြန်ဖွင့်နိုင်ရေးကိစ္စကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားမှု တခု ဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတဦးက သုံးသပ်ပါတယ်။ တရုတ်အထူးကိုယ်စားလှယ်ရဲ့ အခုတခေါက် စစ်ခေါင်း ဆောင် နဲ့ တွေ့ဆုံမှုဟာ တရုတ်- မြန်မာနယ်စပ်က လွယ်ဂျယ်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်း ရပ်ဆိုင်းလုနီးနီးဖြစ်နေတဲ့ အခြေ အနေတွေကိုပါ ဆွေးနွေးနိုင်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနရဲ့ စာရင်းအရ ဆိုရင် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ နီးပါးကုန်သွယ်မှု ပမာဏရှိနေ ပါတယ်။ Read in full

၃၁။  သီပေါနဲ့ နမ့်လန်ကြားက တံတားတွေမှာ စစ်ကောင်စီတပ်ဖွဲ့က ခြိမ်းခြောက်ပြီး ငွေညှစ်ကောက်ခံတာတွေရှိနေ
 April 4, 2024
ရှမ်းမြောက် သီပေါမြို့နဲ့ နမ့်လန်ကြားက တံတားတွေမှာ စစ်ကောင်စီတပ်ဖွဲ့က သွားလာတဲ့ ကားသမားတွေနဲ့ ခရီးသည် တွေထံကို ခြိမ်းခြောက်ပြီး ငွေညှစ်ကောက်ခံတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လကတည်းက ကောက်ခံနေတာပြီး မြန်မာစကားလည်လည်ဝယ်ဝယ်မပြောတတ်တဲ့ တိုင်းရင်းသားတွေနဲ့ တရုတ်လူမျိုးတွေကို ပိုပြီးတောင်းခံတယ်လို့ ကိုယ်တိုင်ကြုံတွေခဲ့တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ “ပြီးခဲ့တဲ့ သုံးလေးရက်တုန်းက လားရှို့ကနေလာတာ သီပေါမြို့အဝင် သီပေါတံတားကြီးရောက်တော့ ကားဆရာနဲ့ ခရီးသည်တွေရော တစ်ယောက်တစ်သိန်းခွဲ ပေးရ တယ်။ မှတ်ပုံတင် ထောက်ခံစာတွေ အကုန်ပါတော့ ပြတယ်။ သူတို့ပြောတာ မရဘူးတဲ့။ သေနတ်တွေနဲ့ ချိန်ပြီးတော့မှ စစ်တာ။ တိုင်းရင်းသား လူမျိုးတွေဆို ပိုပြီးညစ်တယ်။ သူတို့ လုပ်စားနေတာ” ခြိမ်းခြောက်တာတွေအပြင် တချို့က ပစ္စည်းမွှေခံရတာနဲ့ ရှိသမျှငွေ သိမ်းခံ ရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က သီပေါမြို့အဝင်အထွက်နဲ့ စံဖိတ်ရွာတွေမှာလည်း  အရင်ကထက် ပိုပြီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့‌ သီပေါမြို့မှ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။ “အခုကပိုပြီးတော့ဟိုဘက်တံတား ဒီတံတား တွေ အကုန်စစ်နေတာ။ ဂိတ်ရှိတဲ့နေတိုင်း ပိုက်ဆံမပေးရတဲ့ နေရာကို မရှိဘူး။ သူတို့က အဓိက မှတ်ပုံတင် စစ်‌တယ်ဆိုပေမယ့် ပါတာတောင်မှ ပိုက်ဆံပေးရတာဘဲ” ရဲတပ်ဖွဲ့တွေနဲ့အတူ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)တွေနဲ့ စစ်ကောင်စီတပ်သား တွေက ပူးပေါင်းလုပ်ဆောင်နေကြတာဖြစ်ပြီး အခုလိုလုပ်ရပ်တွေက သွားလာသူတွေကို အခက်တွေ့စေတယ်လို့ ဒေသခံတွေ ဆိုပါတယ်။ Read in full

၃၂။ မြေပြိုပြီး ပူတာအို-ခေါင်လန်ဖူးလမ်းပိတ်နေသဖြင့် ဒေသခံများအခက်တွေ့၊ စားနပ်ရိက္ခာပြတ်လပ်နိုင်သည့်အခြေ   အနေ ဖြစ်နေ
 April 4, 2024
ခေါင်လန်ဖူးမြို့နယ်တွင် မိုးရာသီအတွက် ရိက္ခာစုဆောင်းမည့်ကာလရောက်ရှိလာသော်လည်း လမ်းတွင်တောင်ပြိုပြီး လမ်းပိတ်နေသဖြင့် ဒေသခံများ အခက်အခဲကြုံနေရကြောင်း သိရသည်။ ပူတာအို-ခေါင်လန်ဖူးလမ်းပိုင်း ရီဒမ်းကျေးရွာအနီးရှိ နေရာနှစ်ခုတွင် တောင်ပြိုကာ လမ်းပိတ်နေသောကြောင့် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့မှစတင်ကာ ပိတ်မိနေခြင်းဖြစ်ပြီး လမ်း ဖောက်ထားသော်လည်း ခြေလျင်ခရီးဖြင့်သာ သွားလာနေရသည်ဟု အသက် ၃၅ နှစ်ခန့်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။“ဇီဆုံနဲ့ အက်စ်ကွေ့ အဲ့နှစ်နေရာပြိုတဲ့အခါကျတော့ ဆိုင်ကယ်လည်း ဖြတ်လို့မရ ခြေလျင်နဲ့ပဲ ရတယ်။ မနေ့ညက (ပူတာအိုမှ)ရောက်လာတဲ့ အဖွဲ့တွေတောင် ခြေလျင်နဲ့ဖြတ်လာတာ။ မိုးတအားရွာပြီးတော့ လမ်းကလည်း အခုမှဖောက် ထား တော့ မြေသားတွေက မခိုင်တော့ အဲ့လိုတွေ ပြိုတာ။ တော်တော်လေး ဒုက္ခရောက်နေတယ်” ဟုပြောသည်။

ခေါင်လန်ဖူးဒေသသည် အအေးပိုင်းဒေသဖြစ်သောကြောင့် စပါးမဖြစ်ထွန်းသဖြင့် ရှောက်ကော စိုက်ပျိုးကာ ပူတာအိုမြို့ တွင် သွားရောက်ရောင်းချပြီး ဆန်နှင့် ရိက္ခာများ ပြန်ဝယ်ယူရလေ့ရှိကာ မြို့အတွင်းရှိ ဆိုင်များတွင် ကုန်ပစ္စည်းများ ပြတ်လပ်နေ သည်ဟု ရှောက်ကောစိုက်တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။“ရှောကောတွေကိုပူတာအိုဘက်ကိုသွားရောင်းပြီး ဆန်နဲ့ ရိက္ခာတွေပြန်ဝယ်လာ အဲ့လို့လုပ်ကြတာ။ အရင်တုန်းကတော့ ရှိန်းခေါင်ဘက်မှာ သွားရောင်းကြတာ ကိုဗစ်ဖြစ်ကတည်းက ပိတ် သွားလို့ ပူတာအိုဘက်ကိုပဲ အဓိကအားထားနေရတာ။ လမ်းကြောပိတ်ရင် အဓိကတော့ ဆန်၊ ဆီ၊ ဆားတွေ အရမ်းခက်ခဲသွားပြီ။ အခုဆိုကားလမ်းပိတ်တော့ ဆိုင်မှာတွေလည်း ရောင်းဖို့ကုန်ပစွည်းတွေ မရှိတော့ဘူး” ဟုပြောသည်။ တောင်ပြိုထားသောနေရာ ကို ရှင်းလင်းပေးရန် လမ်းလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများကို အကူအညီတောင်းသော်လည်း ဆီပြတ်နေသည်ဟု ပြော ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သောင်း ကျော်ခန့်နေထိုင်သည်။ Read in full

၃၃။ ဆီဆိုင်မြို့မှာ သူခိုး ၈ ဦးကို PNLA  ဖမ်းဆီး၊ ပြည်သူ့စစ် ၁ ဦး ပါဝင်
  April 4, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ တစ်နေရာမှာ ဖောက်ထွင်းခိုးယူနေတဲ့ သူခိုး ၈ ဦး ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)က လက်ပူးလက်ကြပ် ဖမ်းမိထားတယ်လို့ တပ်ရင်း တာဝန်ရှိသူတွေ က ပြောပါတယ်။ မြို့ခံ ပြည်သူတွေရဲ့ တိုင်ကြားချက်အရ ဧပြီလ ၃ ရက်နေ့က ဖမ်းမိခဲ့တာ ဖြစ်ပြီး ပအိုဝ်း ပြည်သူ့စစ် (PNA)က ဗိုလ်လေးခွန်သုံလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “တိုက်ပွဲ ဖြစ်တော့ လူထု က အဝေးကြီး စစ်ရှောင်ရတာပေါ့နော်။ အဲဒီထဲမှာနဂိုကတည်းက အကျင့်စာရိတ္တပျက်စီးနေတဲ့ မူးယစ်ဆေးစွဲသမားတွေက ဝင်ခိုး ကြတာပေါ့နော်။ ဘယ်သူ၊ ဘယ်ဝါ ခိုးတယ်ဆိုတာ ပြည်သူက သိတယ်လေ။ သိတော့ ကျနော်တို့ကို တိုင်တာပေါ့။ အဲတော့ ကျနော်တို့ဘက်ကလည်း ပြန်ပြီးတော့ အရေးယူရတာပေါ့” လို့ ပြောပါတယ်။

လတ်တလောမှာ ဖမ်းမိထားတဲ့ သူခိုးတွေကိုအမှုဖွင့် စစ်ဆေးနေပြီး ပြစ်မှုကျူးလွန်တဲ့ အတိုင်းအတာအလျောက် PNLA ရဲ့ အကျဉ်းဦးစီးဌာနမှာ အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။“ပြစ်ဒဏ်ကတော့ အမျိုးမျိုး ရှိတာပေါ့။ ကြက်ခိုး မှုဆိုရင် ကြိမ်ဒဏ်။ ဒါပေမယ့် အခုလို ဖြစ်ရပ်လို ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဖောက်ထွင်းခိုးယူတာ ကျတော့ ကြိမ်ဒဏ်နဲ့ မရဘူးပေါ့။ သူတို့ကတော့ ထောင်ဒဏ် ပေးရတာပေါ့” လို့ PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။ ဆီဆိုင်မြို့ တိုက်ပွဲစင်တဲ့ ဇန်နဝါရီလ နောက်ဆုံးအပတ်ကနေ ဒီနေ့အထိ ဖမ်းမိထားတဲ့ သူခိုးပေါင်း အယောက် ၂၀ ကျော်ရှိပြီး PNLA ရဲ့ အကျဉ်းဦးစီးဌာနမှာ လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားတယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။ Read in full

မှတ်ချက်။  ။သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button