ဖက်ဒရယ်စနစ်နှင့်ပညာရေး(တစေ့တစောင်း)
စောကပီ
ဖက်ဒရယ်စနစ်နဲ့တည်ဆောက်ထားတဲ့နိုင်ငံတွေအတော်များများမှာတော့ အများသိပြီးဖြစ်တဲ့အတိုင်း ပညာရေးကဏ္ဍကို ပြည်နယ်တွေရဲ့လက်ထဲမှာပဲ ထားကြတာများပါတယ်။ ဖက်ဒရယ်ရဲ့အခြေခံမှာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပူတွဲခွဲဝေအုပ်ချုပ်တာ နှစ်မျိုးစလုံးပါတယ်ဆိုတော့ အချို့က ပညာရေးဆိုင်ရာလုပ်ပိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးကြပါတယ်။
အခုလည်း ကျနော်တို့ပြောပြောနေတဲ့ကိစ္စက ပြည်ထောင်စုထဲမှာပါဝင်ကြမယ့် ပြည်နယ်တွေဟာ သူ့ယူနစ်အတွင်းမှာ သူ့ပညာရေးကိစ္စ အတော်များများကို သူ့ဟာသူတာဝန်ယူနိုင်ဖို့လိုပါတယ်။ အခြေခံပညာအဆင့်မှာကို ဆိုလိုတာပါ။
အခုချက်ခြင်းကြီး အဆင်သင့်မဖြစ်သေးရင်တောင်မှ အဆင်သင့်ဖြစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြဖို့လိုပါတယ်။ အခြေခံ ဖွဲ့စည်းတည်ဆောက်မှုကို လုပ်ထားရင်အကောင်းဆုံးပါ။
တစ်ခုရှိတာက ပညာရေးစနစ်ကိုတည်ဆောက်တာနဲ့ကျောင်းတည်ထောင်တာနဲ့ကမတူပါ။ စနစ်တည်ဆောက်တာကတော့ သင်ကြားပိုချတာအပြင် ကျောင်းသား/သူများရဲ့ ကျောင်းတစ်ကျောင်းကနေတစ်ကျောင်း ကူးလူးပြောင်းရွှေ့ဖိုလိုအပ်လာတဲ့အခါ ပြောင်းရွှေ့တာကို အလွယ်တကူလုပ်နိုင်ဖို့ ပညာရေးအဆင့်ဆင့်ကို (မူလတန်း၊ အလယ်တန်း၊ အထက်တန်း အစရှိသဖြင့်) သတ်မှတ်တဲ့အခါမှာ စံချိန်စံနှုန်းတွေရှိဖို့ ကျောင်းသားကျောင်းသူတွေရဲ့တတ်မြောက်မှုကို အကဲဖြတ်တိုင်းတာတဲ့အခါမှာလည်း စံနှုန်းနဲ့နည်းစနစ်တွေထားရှိဖို့ပါ ပါဝင်တာဖြစ်ပါတယ်။
မေးစရာရှိခါတာက — အဲဒီလိုသာ တစ်ပြည်နယ်တစ်မျိုးတွေ လုပ်နေကြရင် ပြည်နယ်တစ်ခုနဲ့တစ်ခုကြား အပြောင်းအရွှေ့တွေလုပ်ရတဲ့အခါ ဘယ်လိုတွေလုပ်ကြမလဲ — ဆိုတဲ့ကိစ္စပါ။ ပြည်ထောင်စုတစ်ခုတည်းအတွင်းမှာ နိုင်ငံသားအားလုံးက မိမိကြိုက်ရာပြည်နယ်မှာ ပြောင်းရွှေ့နေထိုင် လုပ်ကိုင်ပိုင်ခွင့်တွေရှိသင့်ပါတယ်။ ကြိုတင်စဉ်းစားထားရမယ့် အရေးကြီးအချက်တစ်ချက်ပါ။ ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ကျော်လွားပြီး ဖက်ရယ်စနစ်ထဲမှာ ကိုယ်ပိုင်ပြဌာန်းခွင့်များ ရှိနေခြင်ကြောင့် တက်လာနိုင်တဲ့ပြဿနာတွေကို ဖြေရှင်းခဲ့ကြတဲ့ တိုင်းပြည်တွေကလည်းအများကြီးပါ။
ကနေဒါနိုင်ငံကတော့ ကောင်းတဲ့ဥပမာတစ်ခုလို့ဆိုရမှာပါ။ အခြေခံပညာအဆင့်မှာကို ပညာရေးစနစ်ပေါင်း ၁၃ ခုနဲ့ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ပညာရေးစနစ်လို့ ဆိုနိုင်ပါတယ်။ မတူညီတဲ့ ပညာရေးစနစ်တွေကျင့်သုံးတဲ့ ပြည်နယ် (provinces) တွေကြား ညှိနှိုင်းဆောင်ရွက်တာတွေလုပ်နိုင်ဖို့ (coordination role) အခန်းကဏ္ဍကိုတောင်မှ ဖက်ဒရယ်ပညာရေးဝန်ကြီးဌာနကို မပေးထားပဲ ပြည်နယ်ပညာရေးဝန်ကြီးတွေကြား ညှိနှိုင်းဆောင်ရွက်ဖို့ ပြည်နယ်ပညာရေးဝန်ကြီးများကောင်စီကို ဖွဲ့စည်းပြီးတာဝန်ပေးတာကိုတွေ့ရပါတယ်။ ပညာရေးကဏ္ဍကိုပဲတာဝန်ယူဆွေးနွေးရတဲ့အထက်လွတ်တော်ကဲ့သို့သော တာဝန်ကိုယူရတဲ့ ကောင်စီဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှု သို့မဟုတ် ပြည်ထောင်စုအဆင့်ကနေပြည်နယ်များအပေါ်ကို လွှမ်းမိုးတာကို ကာကွယ်နိုင်ဖို့အတွက်ဆိုရင် ပြည်နယ်တွေ လူမျိုးစုတွေကြား ပူးပေါင်းဆောင်ရွက်မှု လုပ်နိုင်မယ့် ကဏ္ဍအလိုက် ပလက်ဖေါင်းတွေရှိနေဖို့လိုကြောင်း ထင်ရှားတဲ့သာဓက တစ်ခုပါပဲ။
ကျနော်တို့တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာလည်း ပညာရေးစနစ်ပေါင်း ၁၀ ခုထက်ပိုရှိနိုင်ပါတယ်။ ကျနော်တိုတည်ဆောက်မယ့် ပညာရေးစနစ်တွေရဲ့ အရည်အသွေးနဲ့ ဒီလိုပညာရေးစနစ်တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကသာလျှင် အဓိကကျပါကြောင်း တစေ့တစောင်းပါ။