ဆောင်းပါး

ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဗျူဟာ

▄ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဗျူဟာ

• ငြိမ်းချမ်းရေးဆိုတာ တကယ် မရှိဘူး။
• စစ်တိုက်နေတဲ့ ကာလနဲ့
• စစ်တိုက်ဖို့ ပြင်ဆင်နေတဲ့ကာလပဲ ရှိသတဲ့….။
• အကယ်၍ ငြိမ်းချမ်းတဲ့ကာလလို့ သတ်မှတ်ရင်တောင်၊
• အဲဒါဟာ စစ်တိုက်ဖို့ ပြင်ဆင်နေတဲ့ ကာလထဲက အတန်ငယ်ငြိမ်သက်နေတဲ့ ကြားကာလလေးတစ်ခု သက်သက်ကိုသာ ပြောတာဖြစ်လိမ့်မတဲ့….။

စကားလုံးတော့ အတိအကျ မဟုတ်ပါ။ ကျနော် ဖတ်ဖူးခဲ့တာတွေထဲက အစဆွဲမိတဲ့ အကျအနလေး တချို့ဖြစ်ပါ တယ်။ အစ ပထမဆုံးက ဒီသဘောကို သိပ်နားမလည်ခဲ့ပါဘူး။ သို့သော်လည်း သမိုင်းစဉ်ကို ပြန်လေ့လာကြည့်တဲ့ အခါမှာ၊ ကမ္ဘာကြီးရဲ့ ဖြစ်ရပ်တွေကို သမိုင်းပြက္ခဒိန်ဇယားချလိုက်တော့ ဒီသဘောအနက်ဟာ မလွဲဘူးလို့ နားလည် လိုက်ရတယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်ကို ပြန်ကြည့်တဲ့မိတယ်။ လူမျိုးစုလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်အကြားမှာ ဖြစ်ပျက်တဲ့ ပြည်တွင်းစစ်ဟာ ဘာ့ကြောင့် အကင်းမသေသေးတာလဲဆိုတာကို မေးခွန်း ထုတ်ကြည့်တယ်။ အဖြေက ရှိပါတယ်။

▄ တခြမ်းပဲ့

မြန်မာပြည်မှာ တည်ငြိမ်တယ်ဆိုတာဟာ အချိုးမညီ တည်ငြိမ်မှု (asymmetric stability) သာ ရှိခဲ့တာပါ။ ငြိမ်းချမ်း တယ်ဆိုတာလည်း ပေါက္ခရဝဿမိုးလို ကွက်ကြားမိုးသက်သက်မျှသာ ဖြစ်ခဲ့ပါတယ်။ အချိုးမညီတဲ့ ငြိမ်းချမ်းရေးနဲ့ အချိုးမညီတဲ့ တည်ငြိမ်မှုလို့ပဲ သတ်မှတ်နိုင်တယ်။ မြန်မာပြည်တွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဟာ ဘယ်တုန်းကများ အမြစ်ပြတ်ပြီး အကင်းသေခဲ့လို့လဲ။ ကြိုကြားစစ်နဲ့ တဖြည်းဖြည်း သက်ဆိုးရှည်နေခဲ့တာသာ ရှိတာ။ တကယ် ငြိမ်းချမ်းတယ်ဆိုတာ မရှိခဲ့ဘူး။ အတန်ငယ်တည်ငြိမ်ခဲ့တဲ့ ကာလတွေတော့ ရှိခဲ့တယ်။ ဒါကိုလည်း တကယ့် လက်တွေ့နဲ့ ချည်းကပ်ကြည့်ရင်၊ စစ်စစ်မှန်မှန် တည်ငြိမ်ခဲ့တာ မဟုတ်ဘူး။ စစ်တိုက်ဖို့ ပြင်ဆင်နေတာ၊ စစ်တိုက်ဖို့ အားယူနေတဲ့ကာလ။

မြန်မာပြည် ပြည်တွင်းစစ် အမြစ် မပြတ်တာ – ဘယ်ဘက်ကမှ မနိုင်လို့ပါ။ တစ်ဖက်ဖက်က ပြတ်ပြတ်သားသား နိုင်ခဲ့ရင် ပြည်တွင်းစစ် အမြစ်ပြတ်ပါတယ်။ ဖြစ်ချင်တော့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား မှာလည်း စစ်ပွဲတုတွေ တိုက်ခဲ့ဖူးတဲ့ အခြေအနေတွေလည်း ရှိခဲ့ဖူးတယ် မဟုတ်လား။ ထားတော့။

▄ ကြွက်မနိုင် ကျီမီးရှို့ဗျူဟာ

မြန်မာစစ်တပ်ဟာ စစ်သားအရေအတွက်အားဖြင့် သုံးလေးသိန်းသာ ရှိတယ် ပြောတာ။ တကယ် တိုက်နိုင်ခိုက်နိုင် တဲ့ စစ်သားက တစ်သိန်းလောက်ပဲ ရှိမှာပါ။ ဒီလို တစ်သိန်းမှာတောင် ပြုန်းတီးအရေအတွက်နဲ့ စစ်အတွက် အရံ သင့်ဖြစ်မှုတွေကို တွက်ချက်ကြည့်လိုက်ရင် အင်အားတစ်သိန်း မပြည့်ပါဘူး။ တပ်ရင်းတပ်မ အရေအတွက်တွေနဲ့ အမြောက်လက်နက်ခဲယမ်းမီးကျောက် အားဖြင့် စုစည်းထားနိုင်တာလောက်သာ ရှိတာပါ။ တကယ် တိုက်ကြ ခိုက်ကြတော့လည်း — မနေ့တစ်နေ့ကမှ ပေါ်လာတဲ့ “ဗမာသူပုန်” ကိုတောင် မချေမှုန်းနိုင်ပါဘူး။ သူတို့ကို မနိုင်လို့ ရွာကို ဒုက္ခပေးတာ အထင်းသားကြီးပဲ။ ဒါဟာ ကြွက်မနိုင်လို့ ကျီကို မီးနဲ့ ရှို့တဲ့ဗျူဟာပဲ။ သိပ်အဆန်းတကြယ် မဟုတ်ဘူး။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက စစ်ဘုရင်တွေ သုံးတဲ့ နလပိန်းတုံးစစ်ဗျူဟာ။

▄ အသက်ရှုခွင့် ပေးမှာလား

အခု မြန်မာ့နွေဦးလက်နက်ကိုင်တော်လှန်ရေးကလည်း — “ငြိမ်းချမ်းရေးလို့ နာမည်တပ်ပြီး စစ်ပြင်ဖို့၊ စစ်အင်အားပြန်ဖြည့်ဖို့” (တနည်း) မိစ္ဆာရဲ့ သွေးအားဖြည့်ဖို့ အချိန်ပေးလိုက်ရင် မြနမာပြည်က ပြည်တွင်းစစ်က ဘယ်တော့မှ အဆုံးသပ်မှာ မဟုတ်ဘူးလို့ မှတ်ပါ။ အခု ပြောနေကြားနေတဲ့ ငြိမ်းချမ်းရေးဆိုတာလည်း ဇာတ်ညွှန်း ဟောင်းသာ ဖြစ်တယ်။ ဇာတ်ညွှန်းသစ် မဟုတ်ဘူး။ နလပိန်းတုံး ပြောတာကိုမှ နားယောင်ရင်တော့၊ ခံကြပေါ့ကွာ။ တို့ဟာ နလပိန်းတုံးထက်တောင် ညံ့တယ်ဆိုတာ ဝန်ခံပြီးသား ဖြစ်တာပေါ့။

မြန်မာစစ်တပ်ကို အချိန်တစ်နာရီလောက်တောင် နားခွင့် မပေးသင့်ဘူး။ နားခွင့်ပေးလိုက်တာနဲ့ သွေးအားပြန်ပြည့် တဲ့ မိစ္ဆာလို၊ သူ့ရဲ့ အင်အားကို သူ ဖြည့်တင်းလိမ့်မယ်။ သူ အဆင်သင့်တဲ့အချိန် သူပြန် တိုက်ခိုက်လိမ့်မယ်။ ရန်သူ တွေ များနေရင် တချို့ကို ခဏ ငြိမ်ခိုင်းပြီးတော့ ဦးစားပေးရန်သူကို အလုံးအရင်း ထိုးစစ်ဆင်တာ ကြိမ်းသေပဲလေ။ ၁၉၈၈ နောက်ပိုင်းတုန်းကလည်း အဲသည်လို လုပ်ခဲ့တယ် မဟုတ်လား။

▄ ပွဲသိမ်းရိုက်ချက် မရောက်သေးဘူး

လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေသာ (၁) လ (၂) လ (၃) လလောက် အတွင်းမှာ မြန်မာစစ်တပ်ကို ထိုးစစ်မဆင်ဘဲ ငြိမ်ပေးလိုက်ပါ။ ပြည်မက ဗမာသူပုန် (တနည်း) ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးတပ်တွေကို မြန်မာစစ်တပ်က အပြုတ်ဖြုတ်နိုင်ပါလိမ့်မယ်။ တကယ်တော့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့ ငြိမ်းချမ်းရေးဆိုတာ တခြမ်းပဲ့ကြီးပါ။ PDF (ပကဖ) ကို ဖြိုချင်လို့၊ လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေကို ခဏ စစ်ငြိမ်ဖို့ မေတ္တာရပ်ခံတာ။ ဒါကလည်း စစ်ဗျူဟာထဲက တစ်ခုပဲလေ။ သိပ် အဆန်းတကြယ်မှ မဟုတ်တာ။ ဒါကို နားယောင်ရင်တော့ ခံကြပေအုံးပေါ့ဗျာ။
ခံရရင်တော့ အရင်ဆုံး ခံရမှာ၊ ဗမာကာကွယ်ရေးတပ်တွေပေါ့။ ပြီးမှ ခင်ဗျားတို့ အလှည့်ပေါ့။ မြန်မာပြည် ပြည်တွင်း စစ်သမိုင်းကို ကြည့်ရင် တလှည့်စီ ဒုက္ခခံနေကြရတာ ထုံးစံပဲလေ။ နောက်ဆုံး အကြီးအကျယ် ဒုက္ခရောက်ကြရတာ ကတော့ ပြည်သူပေါ့။ ပြည်တွင်းစစ် အကင်းမပြတ်လေလေ၊ ပြည်သူက နာလေလေပါပဲ။

တကယ်တော့ ဒီပွဲက အခုထိ မြန်မာစစ်တပ်လည်း မရှုံးသေးဘူး၊ နွေဦးတော်လှန်ရေးအင်အားစုတွေလည်း မနိုင်သေးဘူး။ မြန်မာစစ်တပ်ဟာ ရှုံးမလိုလို ဖြစ်နေတဲ့ကာလတော့ ရောက်ပြီ။ ရှုံးမလိုလို ဖြစ်နေတာဟာ တကယ် ရှုံးနိမ့်သွားတာ မဟုတ်ဘူးဆိုတာကို နားလည်ပါ။

▄ စစ်မိစ္ဆာအတွက် အားဖြည့်ချိန်

တကယ်တော့ မြန်မာစစ်ခေါင်းဆောင်တွေမှာ အချိန် သိပ်နည်းနေပြီ။ သူတို့မှာ အချိန် မရှိတော့ဘူး။ ဒါပေမယ့် တချို့က အချိန် ထပ်ပေးချင်နေသေးတယ်။ ဒီလိုဆိုရင်တော့ ပြည်တွင်းစစ် သက်ဆိုးထပ်ရှည်မယ်။ နောက်ဆုံး ဒုက္ခရောက်မှာက မြန်မာစစ်တပ်လည်း မဟုတ်ဘူး၊ လူမျိုးစုလက်နက်ကိုင်တွေလည်း မဟုတ်ဘူး၊ ဗမာနိုင်ငံရေးသမားတွေလည်း မဟုတ်ဘူး။ ပြည်သူပဲ။ ပြည်သူပဲ ဒုက္ခရောက်မယ်။

ပြည်သူ့ဒုက္ခတွေကို လက်သပ်မွေးပေးနေတဲ့ “ငြိမ်းချမ်းရေးသကာ”ကို အရသာခံပြီး၊ စစ်မိစ္ဆာကို သွေးအားဖြည့်ခွင့် ပေးလိုက်ကြပေါ့ဗျာ။

မင်းသေ့ ရေးတယ်

ဖက်ဒရယ်ဂျာနယ်

ဧပြီ ၂၃၊ ၂၀၂၂ 

Related Articles

Back to top button