အိုင်စီဂျီ အစီရင်ခံစာ (၁၅)
(၅) (ခ) ပြည်ပမှ အတိုက်အခံ အင်အားစုများ နှင့် ထိတွေ့ဆက်ဆံရာ
ပြည်ပမှ အတိုက်အခံ အင်အားစုများ နှင့် ထိတွေ့ဆက်ဆံရာတွင် NUG ကိုသာ ဆုံမှတ်အဖြစ် မထားသင့်ပေ၊ NUG အတွင်း ပါဝင်ကိုယ်စားပြုခွင့် ရမှု အတိုင်းအတာ နှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် NLD နှင့် ဆက်နွယ်နေသည့် CRPH ၏ ဩဇာလွှမ်းနိုင်သည့် အနေအထားများ အပေါ် စိုးရိမ်မကင်း ဖြစ်မှုများ တသမတ်တည်းလို ရှိနေခဲ့၍ ဖြစ်သည်။
နိုင်ငံတကာ မှ ပါဝင်ကူညီလိုသူများ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပါအဝင် အခြား အဖွဲ့အစည်းများကိုပို ပိုမို ကျယ်ပြန့်စွာ ထိတွေ့ ဆက်ဆံနိူင်အောင် ကြိုးပမ်းသင့်သည်။ ထိုသို့ ဆက်ဆံရာတွင် အဖွဲ့ တခုချင်း အနေနှင့် ၎င်း၊ သို့တည်းမဟုတ် NUCC ကဲ့သို့ အဖွဲ့အစည်းများမှ ၎င်း ပြုလုပ်သင့်သည်။
NUG အားလည်း ဗမာ နိုင်ငံရေး သမားများနှင့် သာ မဟုတ်ပဲ အားလုံး အမှန်တကယ် ပါဝင်နိူင်သည့် လှူပ်ရှားမှုကြီး အဖြစ် ပေါ်ထွက်လာရေးသည် မည်မျှ အရေးကြီးသည် ဆိုသည်ကို အလေးအနက် ပြောဆိုထားသင့်သည်။
နိုင်ငံတကာ မှ ပါဝင်ကူညီလိုသူများ သည် NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အတူ ပူးတွဲ တည်ဆောက်ထားသည့် လုပ်ငန်းစဉ်များဖြစ်သည့် ကိုဗစ်-၁၉ အထူး လုပ်ငန်း အဖွဲ့၊ အမျိုးသား ကျန်းမာရေး ကော်မတီ များ နှင့်လည်း ပူးတွဲလုပ်ဆောင်နိုင်အောင် ကြိုးပမ်းသင့်သည်။ သို့မှသာ ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများ (ထိုထက် ကျော်လွန်၍၎င်း) သို့ ကာကွယ်ဆေးများ နှင့် အခြား လိုအပ်နေသည့် ပစ္စည်းများ ကူညီ ပို့ဆောင်ပေးခြင်းဖြင့် လူထု၏ လူနေမှုဘဝများ တိုးတက်အောင် ကူညီ ပံ့ပိုးပေးနိုင်မည်လည်း ဖြစ်သည်။
ထိုနေရာတွင် သတိထားရမည်က လက်ရှိ တည်ဆောက်ထားသော ဆက်ဆံရေးသည် အလှုပ်အလှဲ့ မခံနိုင် သည့် သဘော ရှိ၍လည်း သင့်တော်သလို အခြေအနေကြည့် ဆောင်ရွက်ဖို့ လိုသည်။
ဝန်ဆောင်မှု များ လိုအပ်နေသူများ ထံ ရောက်ရှိစေရေး အတွက် ရံပုံငွေများ ကူညီ ပေးရန် လိုအပ်သော်လည်း မစူးစမ်း မဆင်ခြင်ပဲ ပေးမိပါက မလိုလား အပ်သည့် မက်လုံးပေးမှုမျိူး ဖြစ်သွားနိုင်ပြီး အဓိက နေရာမှ လှုပ်ရှားနေသူများကို ဗျုရိုကရေစီ ဆန်ဆန် နေရာမျိုးတွင် တုတ်နှောင်လိုက်သလိုမျိုး ဖြစ်လာနိူင်သည်။ ထိုထက်ပို၍ အရေးကြီးသည်က NUG နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် အင်ဂျီအိုများ၊ ဒေသတွင်းရှိ လူမှု အသင်းအဖွဲ့များ နှင့် လက်တွဲလုပ်ဆောင်ပြီး အကူအညီပေးရေး လုပ်ငန်းများကို ပဲ့ကိုင်လမ်းညွှန်သွားနိူင်ရေးပင် ဖြစ်သည်။
CRPH/NUG တို့ အောင်မြင်မှု ရှိမည် မရှိမည် ဆိုသည်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပါအဝင် အတူ လက်တွဲသွားရမည့် အဖွဲ့များအား တိုင်းပြည်ကို ဖက်ဒရယ် နိုင်ငံရေးစနစ်ဖြင့် အာဏာခွဲဝေ အုပ်ချုပ်သွားမည် ဆိုသည့် ကတိသည် မည်မျအထိ ရိုးသားမှု ရှိပါသည်ကို နားလည် လက်ခံလာအောင် စွမ်းဆောင်နိုင်မှု အပေါ် တစိတ်တပိုင်းအားဖြင့် မူတည်နေပေသည်။
လက်ရှိတွင် NUG နှင့် လက်တွဲလာခြင်း မရှိသေးသူများ၊ အတိုင်းအတာ တခုအထိသာ လက်တွဲလျက်ရှိသူများသည် KIO, KNU အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆက်သွယ်နေမှုများသည် မည်သို့မည်ပုံ ပေါ်ထွက်လာမည် ကို အနီးကပ် စောင့်ကြည့်နေကြဆဲပင် ဖြစ်သည်။
ထိုအဖွဲ့အစည်း နှစ်ခု နှင့် ဆက်ဆံရေး ပျက်ပြားသွားခဲ့မည်ဆိုက NUG/CRPH တို့ အနေဖြင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မည်သို့မျှ သိမ်းသွင်း၍ ရတော့မည် မဟုတ်ပေ၊ NUG သည် အနာဂတ်တွင် ကော၊ ကြားကာလတွင်ပါ နိုင်ငံရေး အာဏာကို အမှန်တကယ် ခွဲဝေကျင့်သုံးသွားမည်ကို သက်သေပြဖို့လည်း လိုအပ်နေသည်။ ပထမဆုံး အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် စာတမ်း အပိုင်း (၂) ပါ လိုအပ်ချက်များ ကို ဖြေရှင်းပေးခြင်းဖြင့် စတင်သင့်သည်၊ (ဇန်နဝါရီ ၂၈-၂၉ တွင် ကျင်းပခဲ့သော ပြည်သူ ညီလာခံ ကြီးမှ အတည်ပြုပေးလိုက်ပြီ ဖြစ်၍ ဖြေရှင်းပြီးသွားပြီဟု ယုံကြည်ရပေသည် – စာရေးသူ)။
ထိုသို့ ဖြေရှင်းရာတွင်လည်း တဖွဲ့ကို နစ်နာစေ၊ တဖွဲ့ကို သာစေ သဘောမျိုးလည်း မဖြစ်သင့်ပေ။ ဆိုလိုသည်က တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ နှင့် ဒေသခံ အဖွဲ့အစည်းများ၏ လိုလားချက်များကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်၊ အရေးတော်ပုံကြီး တွင် အားလုံး ပါဝင်ကြောင်း ပြသနိုင်ရန် အဆိုပါ အဖွဲ့အစည်းများသည် အခရာ ကျသည့် နေရာတွင် ရှိနေကြသောကြောင့်ပင် ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာပြည်၏ ကသောင်းကနင်း ဖြစ်စဉ်များကို ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများနှင့် ပြည့်ဝနေပြီး မဟာဗျုဟာအရရော၊ ကျိုးကြောင်း ဆီလျှော်စွာဖြင့် ၎င်း သုံးသပ်နိုင်သူများလည်း ဖြစ်ပေသည်။ ထို့အတွက် NUG/ CRPH တို့နှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သူများသည် ရင်ဆိုင်လာရမည့် အန္တရာယ်ကို ကောင်းစွာ သိရှိထားကြပြီး ဖြစ်သည်။ ၎င်းတို့အဖို့ ဖြစ်လာနိုင်သော အနေအထားများနှင့် ရရှိလာနိူင်သည့် အကျိုးရလဒ်များကို ချိန်ဆ တွက်ချက်ခဲ့ကြပြီးလည်း ဖြစ်ပေသည်။
လက်ရှိတွင် ဖာသိဖာသာ နေသူများ၊ အာဏာသိမ်း အဖွဲ့ဖက်မှ ရပ်တည်နေသူများသည်လည်း အလားတူ ချိန်ဆ ဆုံးဖြတ်ပြီးမှ ပြုလုပ်ခဲ့ကြခြင်း ပင် ဖြစ်သည်။ နိူင်ငံတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များ၏ ရည်ရွယ်ချက်များကို နားလည်ရန်သည်လည်း အရေးကြီးပေသည်။
နိုင်ငံတကာ မှ ပါဝင်ကူညီလိုသူများ အနေဖြင့် NUG/CRPH နှင့် ပူးပေါင်းနေသူများ၊ မပူးပေါင်းသူများကို ခွဲခြားရာတွင် မလိုအပ်ပဲနှင့် အတွေးမခေါင်ဖို့လည်း လိုသည်။ ယင်း အနေအထားများသည် ကျောက်သား ကျောက်ဆောင်လို ခိုင်မာစွာ ထွက်ပေါ်လာခြင်းမျိူး မဟုတ်သဖြင့် မလိုအပ်ပဲ အလေးအနက် ထား သုံးသပ်ခဲ့မည် ဆိုလျှင် စိတ်ဝမ်းကွဲမှုများ ဖြစ်အောင် ဖန်တီးကာ စစ်တပ်လက်ထဲ တွန်းပို့ပေးလိုက်သလို ဖြစ်သွားနိူင်ပေသည်။
NUG နှင့် ဆက်ဆံရေး ပျက်ပြားသွားခဲ့မည် ဆိုလျှင်
တိုင်းရင်းသား လက်နက်ကိုင် အဖ္ဓဲ့များသည် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရန် ကြိုးစားလာကြမည် ဖြစ်သည်။ ထိုသို့ ဖြစ်လာခဲ့လျှင် ရရှိလာသော အပစ်အခတ် ရပ်စဲရေးသည် အကူအညီများ တိုးချဲ့ ပေးနိုင်ရေး အတွက် အခွင့်အလန်းများ ရရှိလာနိုင်သလော သို့တည်းမဟုတ် အဆိုပါ အဖွဲ့များ ထိန်းချုပ်ထားရာ ဒေသနှင့် အနီးတဝိုက်တွင် တိုက်ခိုက်နေမှုများ လျော့ကျသွားနိုင်သလော ဆိုသည်တို့ကို အသေအချာ ဆန်းစစ်သွားသင့်သည်။
မည်သို့သော အနေအထားများ ထွက်ပေါ်လာစေကာမူ လက်ရှိ ပေးနေသော အကူအညီများကို ဆက်လက် ပံ့ပိုးသွားရမည်လည်း ဖြစ်သည်။ သို့မှသာ ၁၉၉၀ ကျော်နှစ်များ အတွင်းက အမှားမျိုးကို
ရှောင်ရှားနိုင်မည်လည်း ဖြစ်သည်။ ထိုစဉ်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သူများကို နိုင်ငံတကာမှ လက်ရှောင်ခဲ့ကြသဖြင့် အကူအညီများ မဆိုသလောက်သာ ရရှိခဲ့ကြသည်။
နိဂုံးပိုင်းကို ဆက်လက် တင်ပြပါမည်။
Hla Soewai(လှစိုးဝေ)
ဖက်ဒရယ်ဂျာနယ်
ဖေဖော်ဝါရီ ၄၊ ၂၀၂၂