ပုံစာ – ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) အဖွဲ့ဝင် ခေါင်းဆောင်များအား တွေ့ရစဉ်။
ဖက်ဒရယ်ဂျာနယ်
မတ် ၂၊ ၂၀၂၂
ရည်မှန်းချက်များအတိုင်း အဖွဲ့ဝင်များအကြား ပူးပေါင်းလက်တွဲ၍ ရှေ့ခရီးကို အတူတကွ ချီတက်ရန် ခက်ခဲခြင်းကြောင့်သော်လည်းကောင်း၊ လက်ရှိပြဿနာများဖြေရှင်းနိုင်ရန်အတွက် သော်လည်းကောင်း၊ ကော်မတီ၏ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ ပြန်လည်သုံးသပ်ပြင်ဆင်ရန် လိုအပ်ခြင်းတို့ကြောင့် သော်လည်းကောင်း RCSS မှ ရှမ်းပြည်ညီညွတ်ရေးကော်မတီ၏ လုပ်ငန်းစဉ်များ ခေတ္တဆိုင်းငံ့ထားသင့်ကြောင်း CSSU ကော်မတီစတင်ဖွဲ့စည်းနိုင်ရန် ကမကထ ပြုခဲ့သည့် RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ထုတ်ပြန်ကြေညာထားသည်။
(RCSS)၏ ပြောရေးရ ဗိုလ်မှူး စိုင်းခမ်းစံက “CSSU ရဲ့ဖြစ်စဉ်ကို အကျဉ်းချုပ်ကျွန်တော်ရှင်းပြမယ်။ CSSU ဖွဲ့စည်းရခြင်းရဲ့ရည်ရွယ်ချက်က ရှမ်းပြည်နယ် မှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ဆုံချက်တစ်ခုရဖို့ဖြစ်တယ်။ သမိုင်းကြောင်းအရ ကြည့်လိုက်မယ်ဆိုရင် ရှမ်းပြည်မှာ တိုင်းရင်းသားပေါင်းစုံများတယ်။ စုစည်းတယ်ဆိုတာ မရှိခဲ့ဘူး။ ဒါကြောင့်ကျွန်တော်တို့ စုစည်းဖို့ဆုံ ချက်တစ်ခုလိုတယ်။ ဒါကြောင့် CSSU ဖွဲ့စည်းခဲ့ရခြင်းဖြစ်တယ်။ ရှမ်းပြည်ထဲက တိုင်းရင်းသားတွေ ညီညွတ်ဖို့ဆိုရင် ပထမဆုံးရှမ်းတွေစည်းလုံးဖို့ဆိုတာ အရင်နားလည် ထားသင့်တယ်။ ဒါကြောင့် CSSU အတွင်းမှာ ရှမ်းပါတီတွေရယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရယ်၊ CSO တွေရယ်အရင်စုစည်းပြီး နှစ်နှစ် သုံးနှစ်အတွင်း ညှိနှိုင်းမယ်။ ရှမ်းတိုင်းရင်းသားတွေညီညွတ်သွားပီဆိုရင် ကျန်တဲ့တိုင်းရင်းသားတွေနဲ့ ဆက်ညှိ နှိုင်းမယ်။ ဆွေးနွေးတဲ့အခါမှာ နိုင်ငံရေးရယ်၊ အမျိုးသားရေးရယ် ရောထွေးပါလာတော့ ဆွေးနွေးရတာ ရှုပ်ထွေးလာခဲ့တယ်။ ဥက္ကဌကို အလှည့်ကျ တာဝန်ယူကြတယ်။ ဥက္ကဌအလှည့်ကျတဲ့အဖွဲ့တစ်ခုခုက ကိုယ်အဖွဲ့ကို အရင်ဇောင်းပေးပြီးလုပ်တော့ နိုင်ငံရေးအရအမြတ် ထုတ်ခံရ တယ်လို့မပြောချင်ပါဘူး။ ၂၀၁၈ နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်ပြသနာတွေ မှာ CSSU အနေနဲ့ဘာမှ မဖြေရှင်းနိုင်ခဲ့ဘူးပေါ့နော်။ ဒါဖြေရှင်းနိုင်တဲ့ အလားအလာလျော့ကျသွားတယ်။ နောက်တစ်ခုက CSSU ထဲမှာ အတွင်းရေးမှူး အဖွဲ့ဆိုတာရှိတယ်။ တစ်ဖွဲ့ကို နှစ်ယောက်စီထည့်ထားတာပေါ့။ ဒီအတွင်းရေးမှူး အဖွဲ့တွေရဲ့ ကိုယ်စားပြုမှုကလည်း နည်းနည်း မေးခွန်းထုတ်စရာ ဖြစ်တာပေါ့။ ဒါကြောင့်ခဏလောက် ဆိုင်းငံ့ထားပြီးမှ ပြန်ဆွေးနွေးရမယ့် အပိုင်းတွေကိုပြင်ဆင်ဖို့ ကျွန်တော်တို့ ထုတ်ပြန်ရတာပေါ့” ဟု ကို CNI သတင်းဌာနသို့ ဖြေကြားထားသည်။
CSSU ကိုခေတ္တယာယီရပ်နားဖို့အတွက် RCSS ရဲ့ထုတ်ပြန်ချက်အပေါ် CSSU ရဲ့အတွင်းရေးမှူးချုပ် စိုင်းလိတ်က ၎င်းတို့ကြား ဆွေးနွေးချက်နှင့် ပြန်လည် ထုတ်ပြန်ချက်အပေါ် ကွဲပြားမှုရှိပြီး ယင်းအချက်ကို ၎င်းတို့ကိုယ်တိုင် နားမလည် မသိရကြောင်း မေးခွန်းထုတ် ပြောဆိုသည်။
CSSU ရဲ့အတွင်းရေးမှူးချုပ် စိုင်းလိတ်က “CSSU ရဲ့အတွင်းရေးမှူးအဖွဲ့ဝင် RCSS ရဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ် ပေါင်ခေး ကျွန်တော်ဆီစာရေးတယ် အတွင်းရေးမှူးချုပ်ဆီကို။ RCSS အနေနဲ့ CSSU နဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေကိုရပ်ဆိုင်း သွားမှာဖြစ်တယ်။ အပြင်မှာလည်း ထုတ်ပြန်ကြေငြာချက်ထုတ်ပြန်မယ်လို့ပြောတယ်။
ဒါပေမယ့် တကယ်တမ်း ထုတ်ပြန်ကြေငြာချက် ထွက်လာတဲ့အခါကြတော့ CSSU ရဲ့ လုပ်ငန်း တစ်ခုလုံးကို ရပ်ဆိုင်းသင့်တယ်ဆိုတဲ့ စာသားကို တွေ့တယ်။ ကျွန်တော်တို့အစ ပထမ နားလည် ထားတာက CSSU ရဲ့ လုပ်ငန်းတွေကို သူတို့ပူးပေါင်း ဆောင်ရွက်မှု ယာယီရပ်ဆိုင်းမယ်ဆိုတာပဲ ကျွန်တော်တို့ နားလည်တယ်။ တကယ် တမ်းထွက်လာတဲ့စာနဲ့ သူတို့ ကျွန်တော်တို့ ဆီလှမ်းပို့တဲ့စာက သဘောသဘာဝ လုံးဝကွဲပြားနေပါတယ်။ အဲတော့ဘာကြောင့် အဲလို ကွဲပြားရတယ်ဆို တာကတော့ ကျွန်တော်တို့ကိုယ်တိုင် မသိဘူး” ဟု ဖက်ဒရယ်ဂျာနယ်သို့ အခုလို ပြောသည်။
အဆိုပါ အခြေအနေ များရှိသော်လည်း CSSU က ချမှတ်ခဲ့သည့် ရှမ်းပြည်ညီညွတ်ရေး သဘောထား မူဝါဒအတိုင်း SSPP အနေနှင့် ဆက်လက် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။
ဗိုလ်မှူးစိုင်းဖုန်းဟန်က “ကျနော်တို့ကတော့ နဂို CSSU ရဲ့ မူဝါဒအတိုင်းပဲ အရင်ကတော့ ရှမ်းအမျိုးသား ညီညွတ်ရေးပေါ့လေ၊ ပြီးတော့မှ တဆင့် ရှမ်းပြည်တိုင်းရင်းသားများ ညီညွတ်ရေး၊ ပြီးတော့မှ ပြည်ထောင်စု အတွင်းရှိ တိုင်းရင်းသားများအားလုံး စုစည်း ညီညွတ်ရေးဆိုပြီးတော့ ဒါက ကျနော်တို့ရဲ့ ဘုံရည်မှန်းချက် ဖြစ်တယ်၊ အဲဒီ ရည်မှန်းချက်အတိုင်းပဲ ခုထက်ထိ ဒီမူဝါဒ အတိုင်းပဲ ကျနော်တို့ မပြောင်းလဲသေးဘူးခင်ဗျ၊ အဲဒီ အတိုင်းပဲ ကျနော်တို့ ရှေ့လျှောက်သွားမှာဖြစ်တယ်”ဟု CNI သတင်းဌာနသို့ ပြောဆိုထားသည်။
ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌကြီး ယွပ်စစ်မှ ကမကထပြု ဆောင်ရွက်ခဲ့ကာ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ စိန်ကျော့ပြည်သူ့စစ်တို့ပါဝင်သည့် လက်နက်ကိုင်သုံးဖွဲ့အပြင် နိုင်ငံရေးပါတီများ ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP), ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (ESSDDP) ပါပြီး CSOs အဖွဲ့အစည်းများအနေဖြင့် Tai Youth Network (TYN), Tai Youth Organization (TYO), ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ထိုင်းနိုင်ငံ လူငယ်အဖွဲ့အပါဝင် CSOs အဖွဲ့စုစုပေါင်း (၈)ဖွဲ့ပါဝင်ကာ (၂၀၁၃) ခုနှစ်တွင် ဖွဲ့စည်းခဲ့ထားခြင်းဖြစ်သည်။ SNDP နှင့် ဖြတ်သိမ်းလိုက်တဲ့ ပါတီဖြစ်တဲ့ ESSDDP တို့သည် ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU)မှ နုတ်ထွက်ထားသည်။