တိုင်းရင်းသားများသတင်း

တောင်ကြီးမြို့ အိမ်ရှင်တချို့ အိမ်ငှားခ ငွေအဆမတန် တောင်းနေဟုဆို

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၁၀၊ ၂၀၂၂

ရှမ်းတောင် တောင်ကြီးမြို့ပေါ်ရှိ တချို့ အိမ်ရှင်များသည် ကရင်နီပြည်မှ ထွက်ပြေးလာသည့် စစ်ရှောင်များထံ အိမ်ငှားခငွေ အဆမတန် ပိုတောင်းနေကြောင်း ရှမ်းဒေသအခြေစိုက် ရှမ်းသတင်းဌာန (Shan News) ဖော်ပြချက် အရ သိရသည်။

ကရင်နီပြည် လွိုင်ကော်မြို့ပေါ်ထိ အာဏာသိမ်းစစ်ကောင်စီ အုပ်စု က ရဟတ်ယာဉ်၊ တိုက်လေယာဉ် ၊တင့်ကား တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများသည် ရှမ်းတောင်ဘက်သို့ ထွက်ပြေးတိမ်းရှောင် လာကြ ကြောင်း သိရသည်။

“တိုက်ပွဲတွေက မြို့ပေါ်ထိ ပစ်ခတ်နေတော့ ကျမတို့ က တောင်ကြီးကို ပြောင်းကြ၊ အိမ်တွေကြိုငှားခိုင်းရတယ်။ မနေ့က ၈သောင်းကျပ် ဆိုပြီး ပြောတယ်။ ဒီနေ့ မနက်ကျတော့ တသိန်း၈သောင်းကျပ် တောင်းတယ်။ နောက်ဆုံးတော့ ညှိရင်းနဲ့ တသိန်းခွဲနဲ့ ၃လစာချုပ်ရသွားတယ်” ဟု လွိုင်ကော်မှ စစ်ရှောင်ထွက်လာသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

ပြည်သူများအနေဖြင့် အခက်အခဲမျိုးစုံကြားထွက်ပြေးလာချိန် တချို့ အိမ်ရှင်များ၏ အဆမတန် ငွေကြေး ကောက်ခံမှုကြောင့် စိတ်မကောင်းဖြစ်ရကြောင်း၊ တချို့ထွက်ပြေးလာသည့်သူများမှာ စုထားသည့် ငွေကြေးရှိ ကြသော်လည်း ငွေကြေးမသက်နိုင်သည့် သူများစွာရှိကြောင်း၊ ကိုယ်ချင်းစာစိတ်ထားပေးရန် လည်း စစ်ရှောင် အမျိုးသမီး က ပြောသည်။

“ဒီချိန်က အခက်အခဲဖြစ်နေတာ။ တချို့က အရမ်း အခက်အခဲဖြစ်နေကြတာလေ။ မနေ့ကျတော့ တမျိုး ဒီမနက်ကျတော့ ငွေပိုတောင်းတာတွေ မလုပ်စေချင်ဘူး။ လူတိုင်းက သောကတွေဖြစ်နေတာလေ” ဟု တောင်ကြီးမြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဦးကပြောသည်။

တောင်ကြီးမြို့ရပ်ကွက်တိုင်း တွင် အိမ်ငှားခ ငွေ အဆမတန်တောင်းခံနေကြောင်း၊ ယခင် ၈သောင်းကျပ်တန် အိမ်ခန်းကို ကျပ်ငွေ ၃သိန်းထိ တောင်းခံမှုရှိကြောင်း၊ထို့အပြင် ၃လ၊ ၆လ စာချုပ်ချုပ်ရကြောင်း တောင်ကြီး ဒေသခံများက ပြောသည်။

“အရင် တလ ၈သောင်းကျပ်တန်ကနေ အခု ၃သိန်းကျပ်ထိ မြင့်တက်သွားတာပဲ။ ရပ်ကွက်တိုင်းလိုလိုပဲ။ နောက် စစ်ရှောင်တွေကို မငှားပေးချင်တဲ့သဘောလားတော့မသိဘူး။ ရပ်ကွက်တွေမှာတော့ တင်းကြပ်မှုတွေရှိတယ််။ အိမ်ငှားခမယူဘဲ ကူညီတာကရှိတော့ရှိတယ်။ နည်းတယ်” ဟု တောင်ကြီးဒေသခံ အသက် ၃၀ကျော် ရှိ အမျိုးသမီး တစ်ဦးက ပြောသည်။ 

တောင်ကြီးမြို့ နယ်အတွင်း တချို့ အိမ်ငှားကြောင့် စစ်ဘေးရှောင်များသည် အခက်အခဲဖြစ်ပွားနေပြီး နေစရာလိုအပ် နေသည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားလိုက်သည့်အတွက် အကူအညီပေးမည့်သူများ လည်း များစွာပေါ်လာကြောင်းသိရသည်။

လွိုင်ကော်မြို့ အတွင်း အာဏာသိမ်းစစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တို့ကြားတိုက်ပွဲ ပြင်းထန်လာသည့်အတွက် သျှမ်းတောင်ဘက်သို့ ပြည်သူများ တရိပ်ရိပ်ပြောင်းရွှေ့လာကြခြင်းဖြစ်ကြောင်း သိရသည်။

“လွိုင်ကော်မြို့ထဲသို့ နည်းနည်းအဆင်ပြေသေးတယ်။ မနက်ဖန်ထိစောင့်ကြည့်မယ် အဆင်မပြေရင်တော့ တောင်ကြီးဘက် ပြောင်းနေရမယ်။ လက်နက်ကြီးသံက ဆက်တိုက် ရဟတ်ယာဉ်သံရောဆိုတော့ ကလေးတွေ က လန့်နေတယ်” ဟု လွိုင်ကော်မြို့တွင်နေထိုင်သည့် အသက် ၃၅နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။

တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က “လွိုင်ကော်မြို့မှ စစ်ရှောင်လာကြတဲ့ ပြည်သူများကို အနီးအနား မြို့၊ ရွာ၊ တောင်ကြီး၊ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးများက ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ ကူညီပေးစေချင်ပါတယ်။ ငှားနေကြဖို့ကိုလည်း ၆ လ စာချုပ်၊ ၁ နှစ်စာချုပ် တို့ဆိုတာ စစ်ပြေးရှောင်လာရတဲ့ ပြည်သူတွေအတွက် အင်မတန်ခက်ခဲစေပါတယ် ကိုယ်ချင်းစာတရား၊ မေတ္တာတရား ရှေ့ထားပြီး ကူညီပေး စေချင်ပါတယ်” ဟု တောင်းဆိုထားသည်။

တောင်ကြီးဒေသခံ တချို့ကလည်း ၎င်းတို့၏ လူမှုကွန်ရက်များမှ တဆင့် “အဆမတန် တောင်းခံနေတဲ့ အိမ်ငှါးစာရိတ်များ မလုပ်သင့်ကြောင်း အခုလို အခက်အခဲကြုံနေရတဲ့ ပြည်သူတွေကို အချင်းချင်း ရိုင်းပင်း ဖေးမ ကူညီပေးသင့်ကြောင်း” မှတ်ချက်ပေး ရေးသားပြောဆိုထားကြသာ တွေ့ရသည်။

တိုက်ပွဲများပြင်းထန်နေသည့်  လွိုင်ကော်မြို့တွင် မြို့အ၀င်အထွက်နှင့် လွိုင်ကော်-ဆီဆိုင်-တောင်ကြီး အသွားလမ်း တစ်လျှောက် စစ်ကောင်စီတပ်သားများက နေရာယူထားပြီး တချို့သောခရီးသည်ကားများကို စစ်ကောင်စီတို့က ပစ်ခတ်သဖြင့် စစ်ရှောင်ရန်အတွက်လာသောတချို့ပြည်သူများသည် စစ်မြေပြင်တွင် ကျန်ရှိနေသေးကြောင်း သတင်းသိရသည်။

Related Articles

Back to top button