တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 32, April 29, 2025)

၁။ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေ
 April 28, 2025
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့၌တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ သုံးနေကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာတာဝန်ရှိသူက ​ပြောသည်။ (ဧပြီ ၂၈ ရက်)နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်သည် မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေး တော်လှန်ရေးတပ်များ၏ မြို့ကာကင်းများဆီ စစ်ကြောင်းထိုးလာခြင်း ဟုဆိုသည်။ “လောလောဆယ်ထိ တိုက်ပွဲတွေက ဆက်ဖြစ်တုန်းပဲ။ မြေပြင်အချက်အလက်ကိုစုစည်းလို့မရသေးဘူး”ဟု အထက် ပါ တာဝန်ရှိသူက (ဧပြီ၂၈ရက်) နေ့လည် ၁၂ နာရီခွဲခန့်အထိ မိုးဗြဲမြို့တိုက်ပွဲအခြေအနေကို ရှင်းပြသည်။ မိုးဗြဲမြို့တိုက်ပွဲအခြေ အနေကြောင့် မြို့နှင့်ပတ်ဝန်းကျင် ဒေသများကို ဖြတ်သန်းသွားလာခြင်းမပြုရန်လည်း သတိပေးသည်။ “အရင်ရက်တွေကတော့ ထိတွေ့မှုအချို့ပဲ။အဲဒီမှာ လက်နက်ကြီးနဲ့ မြေပြင်ကို ပစ်နေတာတော့ သုံးရက်လောက်ရှိပြီ။မနေ့က(ဧပြီ ၂၇ရက်)က အရပ်သား တစ်ဦးသေသွားတာ​ရှိတယ်”ဟု မိုးဗြဲမြို့ရှိစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကရင်နီတပ်ပေါင်းစုသိမ်းပိုက်ထားသော မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ် ကြိုးပမ်းနေသည်မှာ လေး လကျော်ကြာရှိနေပြီ ဖြစ်သည်။ ယခုနှစ် ဇန်နဝါရီမှစ၍ စစ်ကောင်စီတပ်များသည် လွိုင်ကော်နှင့် မိုးဗြဲမြို့ဆက်ထားသည့် လမ်း မကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုကို ကရင်နီပြည်ရှိတပ်ပေါင်းစုံက ခုခံကာကွယ်နေကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က ဧပြီ ပထမပတ်တွင်ထုတ်ပြန်ထားသည်။ ထို့အပြင်ဧပြီ ၁၈ ရက်က မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်သည် သုံးဦးထက်မနည်းသေဆုံးကာ လက်နက်နှစ်လက်ရရှိကြောင်း ကယန်းအမျိုးသားတပ်မတော် (KNA)က အသိပေးသည်။ Read in Full

၂။ ကျုံဒုံးမြို့ အခြေစိုက် ခမရ ၅၄၅ တပ်ရင်းကိုရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်မှုအရာရှိ ၁ ဦးနှင့်တပ်သား ၁ ဦးဒဏ်ရာရ
 April 28, 2025
ကရင်ပြည်နယ်၊ ကျုံဒုံးမြို့ အခြေစိုက် ခမရ ၅၄၅ တပ်ရင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရာ ဖုန်းတာဝါတိုင် ပျက်စီးပြီး အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း KNLA မဟာမိတ် ပူးပေါင်းတပ် စစ်ရေး သတင်းအရင်းအမြစ်က ပြောဆိုသည်။ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျုံဒုံးမြို့ အခြေစိုက် ခမရ ၅၄၅ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ပစ်ခတ် တိုက်ခိုက်မှု အတွင်း ခမရ ၅၄၅ တပ်ရင်းအတွင်းကို ရှော့တိုက်ဒုံး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦး ပြင်းထန် ဒဏ်ရာရရှိကာ ကျန် ၁ လုံးသည် တပ်ရင်းထိပ် အမှတ် ၁ ရပ်ကွက်ရှိ တယ်လီနော တာဝါတိုင်ကို ထိမှန်ခဲ့ကြောင်း သိရှိရသည်။ “မနေ့က မွန်းလွဲပိုင်းပေါ့။ ၅၄၅ တပ်ရင်းထဲကို ရှော့တိုက်ဒုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်တာ ၅၄၅ တပ်ထိပ်နားက အမှတ် ၁ ရပ်ကွက် တယ်လီနောဖုန်းတိုင်ကိုထိတယ်။ နောက်တစ်လုံးက တပ်ဝင်းထဲကျတာ့ အရာရှိတစ်ယောက်နဲ့ စစ်သားတစ်ယောက်ထိတာဒဏ်ရာ ပြင်းတယ်ကြားသိရ တယ်။ တတိယအလုံးက တော့ တပ်ရင်းနောက်ဘက်ကျတော့ လူတော့မထိဘူး။ တပ်ခြံစည်းရိုးထိတယ်” ဟု ကျုံဒိုး စစ်ရေးနယ် မြေအတွင်းရှိ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရမှု အပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဘက်က ကျုံဒိုးကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် လှည့်ပတ် ရမ်းသန်း ပစ်ခတ်ခဲ့ပြီး သရက်တောကျေးရွာဘက်တွင် အရပ်သားပြည်သူများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ လက်ရှိချိန်တွင် ကျုံဒိုးမြို့တွင်းရပ်ကွက်များ၌ အကြမ်းဖက်စစ်ကောင်စီတပ်သား များ၊ ပျုစောထီးများနှင့် ပြည်သူ့စစ် တပ်ဖွဲ့များအရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ကာ စစ်ဘေးရှောင်နေအိမ်များ ဈေးဆိုင်များ ကို ဖောက်ထွင်းပြီး နေအိမ် အသုံးအဆောင်နှင့်စားသာက်စရာများကို ယူဆောင်မှုများရှိနေကြောင်း သိရှိရသည်။ ” ကျုံဒိုးက လူ တွေက ဂျိုင်းဘက်ပြေးကြပြီဆိုတော့ ရဲစခန်းကုန်းမှာရှိတဲ့ စကစ တွေ ပျူတွေ ပြည်သူ့စစ်တွေက ကမ်းနားတန်းဆိုင်တွေအိမ် တွေကို လိုက်ဖောက်စားနေတယ်။ အိမ်စောင့်ကျန်နေတဲ့ အိမ်တွေတော့ ကပ်မလာဘူး။ အရပ်ဝတ် သေနတ်လွယ်ပြီး စစ်ရှောင် အိမ်တွေ ဝင်မွှေယူနေကြတာမျိုးပေါ့။ ပိုဆိုးတာက ကျုံးဒိုးက ကြံဖွတ် အိမ်တွေဆိုင်တွေပါ ဖောက်နေတာတွေ့ရတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။ ဧပြီလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ် ပူးပေါင်းတပ်များက ကျုံဒိုး ကော့ဝါလဲရွာဘက်တွင် ပစ်ခတ်မှုများ ဆက်ရှိနေပြီး ကော့ကရိတ်မြို့ ကိုးတိုင်စစ်ကတုတ်နှင့် ရန်ကုတ်ရွာစစ်ကတုတ် ဘက်တွင်လည်း မြေပြင်တိုက်ပွဲနှင့် လက်နက်ကြီး၊ ဒရုန်းအပြန်အလှန်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရှိရသည်။ Read in Full

၃။ မအူပင်ရွာအနီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲပြင်းထန်နေ
April 28, 2025
ဖားကန့်ဒေသဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကားမိုင်းမြို့အကျော် မအူပင်ကျေး ရွာအနီးမှာ KIA တပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ ၄ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ အဲဒီစစ်‌ကြောင်းဟာ စစ်အင်အား ၅၀၀ ခန့်ရှိပြီး ဖားကန့်ဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့အတွက် မအူပင်နဲ့ ကျောက်ထု ကျေးရွာကြားမှာ ဧပြီလ ၂၈ ရက်နေ့အထိ ပိတ်ဆို့တိုက်ခိုက်နေတာလို့ ဖားကန့်ဒေသခံ တစ်ဦး ပြောပါတယ်။“စစ်ရေးအခြေ အနေက စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်တွေက ကျောက်ထုမရောက်ခင် မအူပင်ကျေးရွာအကျော်မှာရောက်နေ တယ်။ မတက်လာနိုင်အောင် KIA ဘက်ကလည်း ပြင်းပြင်းထန်ထန် ပိတ်ဆို့တိုက်ခိုက်နေတာ မကျော်တက်နိုင်သေးဘူး”လို့ ပြော ပါတယ်။ လက်ရှိ မအူပင်မှာ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့အတွက် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ နန့်ယားကျေးရွာဘက်ကို အချိန်မရွေးဝင်ရောက်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့လည်း ပြောပါ တယ်။ မအူပင်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား မနေ့က ဧပြီလ ၂၇ ရက်နေ့ တစ်ရက် ထဲမှာပဲ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပြီး မနက်ပိုင်း ၈ နာရီကနေ ၁၀ နာရီအထိတစ်ကြိမ်၊ ညနေပိုင်း ၃ နာရီကနေ ၅ နာရီဝန်းကျင်အထိ တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ၅ ဦးထက်နည်း ထိခိုက်သေဆုံးမှုရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုရှိတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် မနေ့က တစ်ရက်တည်းမှာပဲ တိုက်ပွဲဖြစ်နေတဲ့ နေရာကို စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့ မနက်ပိုင်း ၈ နာရီလောက်မှာ တစ်ကြိမ်၊ ၁၀ နာရီလောက်မှာ တစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါ တယ်။ အခုလို ဖားကန့်ဒေသဘက်မှာ ဦးတည်ပြီး စစ်တပ်ကနေ စစ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့အတွက် ဖားကန့်သွားလမ်းပေါ်က နန့်ယား၊ ကပ်မှော်နဲ့ ဆိုင်းဖရာ ကျေးရွာနေ ဒေသခံပြည်သူ ၆၀၀ ကျော်ခန့်က လက်ရှိမှာ ဖားကန့်မြို့ ပေါ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ အဲဒီကျေးရွာ ၃ ရွာက စစ်ရှောင်ပြည်သူ ၆၀၀ ဝန်းကျင်ခန့်ဟာ လက်ရှိမှာ ဖားကန့်မြို့နယ်ထဲက ကထန်ယန်၊ မဋေမှော်၊ နန့်မဖြစ်၊ သာယာကုန်း၊ မှော်စီစာ ၊ ယူမာ၊ ဆိုင်းအောင်၊ စပေါ့ စတဲ့ သက်ဆိုင်ရာ ဘာသာရေးဘုရားကျောင်းဝင်းနေရာတွေမှာ ထွက်ပြေးတိမ်းရှောင် နေကြတာဖြစ်ပါတယ်။ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေကြတဲ့ နန့်ယား၊ ကပ်မှော်၊ ဆိုင်းဖရာ စတဲ့ကျေးရွာတွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလအတွင်းမှာ KIA က အပြီးသတ် သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာ တစ်နှစ်ဝန်းကျင်ခန့် ကြာမြင့်လာချိန် စစ်တပ်က အခုလို ထိုးစစ် ဆင်တန်ပြန် တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။ Read in Full

၄။ နောင်ချိုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်
 April 28, 2025
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နောင်ချို မြို့နယ်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။ စစ်ကောင်စီဟာ MNDAA နဲ့ အပစ်ရပ်ပြီး လားရှိုးမှာပြန်အထိုင် ချထားနိုင် တဲ့ နောက်မှာတော့ ရှမ်းမြောက်က နောက်ထပ်အင်အားစုတခုဖြစ်တဲ့ TNLA ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာပါ။  လက် ရှိမှာတော့ TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး TNLA တပ်တွေ အထိုင်ချ ထားတဲ့ နောင်လင်ဘက်ကမှာ တိုက်ပွဲပြင်းထန်နေသလို  ဒီနေ့မှာဆိုရင်လည်း အုမ္မသီးဘက်က တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတစ်ယောက် ပြောပါတယ်။“နောင်လင်မှာလည်း တိုက်ပွဲရှိတယ်။ အဲဒီဘက်ကမှာ TNLA ဘက်က အထိုင်ချထားတာ။ ဒီနေ့တော့ အုမ္မသီးဘက်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်။ လက်နက်ကြီးသံတွေလည်း ဆက်တိုက်ကြားရတယ်။ တိုက်ပွဲက တော်တော်ပြင်းတဲ့ပုံပဲ။” ရှမ်းမြောက်မှာရှိတဲ့ အဓိက အင်အားတွေဖြစ်တဲ့ MNDAA နဲ့ TNLA ၂ ဖွဲ့ထဲက MNDAA နဲ့ အပစ်ရပ်ထား နိုင်တာကြောင့် စစ်ကောင်စီအတွက် အဓိက ထိုးစစ်ဆင်ဖို့အတွက် TNLA တဖွဲ့ပဲ ကျန်တဲ့အခြေအနေက စိုးရိမ်စရာအနေအထား လို့ စစ်ရေးလေ့လာသူဖြစ်တဲ့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

လက်ရှိမှာတော့ အုမ္မးသီးဘက်ကို စစ်ကူအင်အားတွေ ဖြည့်ထားသလို ဧပြီ ၂၈ ရက်မှာလည်း ပြင်ဦးလွင်ဘက်ကနေ စစ်ကူအင်အားတွေ ထပ်ပို့တာရှိတာကြောင့် စစ်ကူအင်အား ၁၀၀ ဝန်းကျင်အထိ ထပ်ပြီးရောက်နိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။ နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂ ၄ ခုနှစ် ဇွန်လထဲမှာ TNLA နဲ့ မဟာမိတ်ပူးပေါင်း တပ် တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ သဘာဝဘေးကြောင့် စစ်ကောင်စီဘက်က ဧပြီလကုန်အထိအပစ်ရပ်မယ်လို့ကြေညာထား ပေမဲ့ ထိုးစစ်နဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်။ Read in Full

၅။ ဗန်းမော်တိုက်ပွဲ စကခ(၂၁)၊ ခလရ ၄၇ နဲ့ တက္ကသိုလ်ဝင်းနေရာတွေမှာ တိုက်ပွဲဆက်ဖြစ်နေ
 April 28, 2025
ဗန်းမော်မြို့တွင်း သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ ဗန်းမော်တက္ကသိုလ် အပါအဝင် စကခ (၂၁)၊ ခလရ၄၇ နဲ့တခြား စစ်ကောင်စီတပ် နေရာယူထားတဲ့ နေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက် နေပြီး နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ စကခ(၂၁)၊ ခလရ ၄၇ ၊ စုပေါင်းရုံး၊ စည်ပင်ရုံး၊ Win Light Hotel၊ ကန်ဦးကျောင်း၊ အထက(၁) ကျောင်းနဲ့ Galaxy KTV နေရာတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်တိုက်ခိုက်လျက် ရှိနေပြီး တိုက်ပွဲပြန်လည်ပြင်းထန်နေတာ ၄ ရက်နေ့မြောက် တိုက်ပွဲဖြစ်နေတဲ့ အခြေအနေကို KIA ရှေ့တန်း သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။“ဗန်းမော်တိုက်ပွဲက ဒီကနေ့ ဆိုရင် ၄ ရက်ရှိပြီ။ KIA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်။ မြို့တွင်းဘက်တွေမှာလည်း ရှင်းလင်းတိုက်ခိုက်နေသလို စကခ (၂၁) ဘက်မှာလည်း ဖြစ်နေတယ်။ ခလရ ၄၇ ဘက်မှာလည်းဖြစ် နေတယ်။ တိုက်ပွဲဖြစ်တာ ၄ ရက်အတွင်းမှာ တစ်ချို့ တပ်စခန်းတွေကို ပြန်သိမ်းယူနိုင်ခဲ့တယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲ အခြေအနေမှာ KIA ပူးပေါင်းတပ်တွေ စကခ (၂၁) တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ရန်အတွက် ထိုးစစ်တိုက်ခိုက်နေပြီး စကခ (၂၁) တပ်ရင်းထဲက ဗဟိုကင်းအထိ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဗန်းမော်မြို့တွင်း စုပေါင်းရုံး၊ စည်ပင်ရုံးနဲ့ ကာကင်းတပ်စခန်းတစ်ချို့ KIA လက်လွတ်လိုက်ရပြီး တိုက်ပွဲပြန်ဖြစ်တဲ့ အခု ရက်ပိုင်းအတွင်းမှာပဲ ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒေသအတွင်းစစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ ပြော ဆိုချက်အရ ကချင်စုရပ်ကွက်ရှိ Robert KBC ဘုရားကျောင်းဝင်းနဲ့ စာသင်းကျောင်းတွေမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီ တပ်တွေဟာ ဧပြီလ ၂၇ ရက်နေ့ ပြန်လည်လက်လွတ်လိုက်ရတယ်လို့ပြောပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ယာယီထိုးစစ်ရပ်နားကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့ နောက်ပိုင်း ဧပြီလ ၂၅ ရက်နေ့မှာ တစ်ကျော့ပြန် ထိုးစစ်ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်တွေကလည်း ဗန်းမော်လက်မလွတ်ရေးအတွက် လေကြောင်း၊ ခေတ်မှီဒရုန် လက် နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဗန်းမော်မြို့ တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့  KIA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းကနေ ဗန်းမော်မြို့ သိမ်းတိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပါတယ်။ Read in Full

၆။ ထားဝယ် ဟားလီးကွေ့စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီဗိုလ်ကြီး အဆုံးစီရင်၊ ၁၆ ဦး လက်နက်ချ
 April 28, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးရှိ စစ်ကောင်စီ၏ ဟားလီးကွေ့တပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲအတွင်းစစ်ကောင်စီတပ် ဗိုလ်ကြီးတဦးမိမိကိုယ်ကိုသတ်သေသွားပြီး၊ အခြား အဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးလည်း ပူးပေါင်းတပ်ထံ လက်နက်ချခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) မှ တာဝန်ရှိသူတဦးက ပြောသည်။“ဗိုလ်ကြီးက တိုက်ပွဲမှာ ကျတာမဟုတ်ဘူး။ စစ်ကူတွေရောက်မလာတော့ နောက် ဆုံးမှာလက်နက်ချတာ။ သူ(ဗိုလ်ကြီး)က သူ့ကိုယ်သူပြန်ပစ်သတ်သွားတယ်” ဟု DNLA မှတာဝန်ရှိသူတဦးက ပြော သည်။ ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဟားလီကွေ့တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် က ဧပြီ လ ၂၆ ရက် နံနက် ၆ နာရီခန့်တွင်စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ ဗိုလ်ကြီးက အဆုံးစီရင်သွားပြီးနောက် ညနေပိုင်းတွင် စခန်း တွင်း ကျန်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးက လက်နက်ချအညံ့ခံလာခြင်းဖြစ်ကြောင်း သိရသည်။ လက်နက်ချအညံ့ ခံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်တကွ သိမ်းဆည်းရရှိသည့် လက်နက်များကိုလည်း DNLA ၏ ဒူရက စစ်ကြောင်းက (ဧပြီ ၂၈ ရက်) တွင် ပုံနှင့်တကွ ထုတ်ပြန်ထားသည်။ လက်နက်ချ အညံ့ခံလာသူများတွင် စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံခဲ့ရသူ များလည်းပါ ဝင်ပြီး၊ အရေအတွက်မည်မျှပါဝင်သည်ကိုတော့ အတိအကျ မသိရသေးပေ။ ဟားလီကွေ့တပ်စခန်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ခန့်ရှိပြီး တိုက်ပွဲတွင်း သေဆုံးသူရှိသကဲ့သို့ ထွက်ပြေးလွတ်မြောက်သွားသူအချို့လည်းရှိကြောင်း DNLA ထံမှ သိရသည်။

ထိုစခန်းသိမ်းတိုက်ပွဲကို DNLA မှ ဒူရကစစ်ကြောင်း၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ KNU တပ်မဟာ (၄) တပ်ရင်း(၁၂) တပ်ခွဲ(၅)၊ ဥဩစစ်ကြောင်း၊ Dawei Guerrilla Revolutionary Force(DGRF)၊ Tavoy People Liberation Force (TPLF)၊ ဒေါနတပ်ခွဲ(၇)၊ Sky Ghost Drone Force၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု စ သည့် ပူးပေါင်းတပ်ဖွဲ့များက ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒူရကစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့ သည့် ဧပြီလ ၁၉ ရက်နေ့တွင်လည်း ထိုင်း- မြန်မာနယ်စပ် ထားဝယ်- ထီးခီးလမ်းပိုင်းရှိ ထီးထာ့ဗျူဟာစခန်းကို KNLA ပူးပေါင်း တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထိုစခန်းမှ စစ်ကောင်စီဗျူဟာမှူးကိုလည်း အသေဖမ်းမိခဲ့ကာ လက်နက်၊ ခဲယမ်း များ သိမ်း ဆည်းရမိခဲ့ကြောင်း ပူးပေါင်းအဖွဲ့တွင် ပါဝင်ခဲ့သည့် Force For Federal Democracy-FFD အဖွဲ့မှ ဧပြီ ၂၀ ရက်နေ့တွင် ထုတ်ပြန် ထားသည်။ တနင်္သာရီတိုင်းအတွင်း သရက်ချောင်း၊ ထားဝယ်- ထီးခီးလမ်းပိုင်း၊ ရေဖြူ၊ ပုလော၊ တနင်္သာရီ- မောတောင် လမ်းပိုင်း (တနင်္သာရီမြို့နယ်)တို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးအခြေအနေများ တင်းမာနေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်း၊ ကင်းထောက်ခြင်းတို့ကို နေ့စဉ်လုပ်ဆောင်နေကြောင်း ဒေသခံများနှင့် သတင်းရင်း မြစ်များကပြောသည်။ Read in Full

၇။ မိုင်းရယ် MNDAA တပ်သားများ ဈေးဆိုင်များတွင် အကြွေးယူစားပြီး ပြန်မဆပ်
 April 29, 2025

သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုမှ MNDAA တပ်ဆုတ်ခွာစဉ် ကိုးကန့်တပ်သားများ ဈေးဆိုင်တွင် အကြွေးယူစားခဲ့သည်ကို ပိုက်ဆံမရှင်းခဲ့ခြင်းကြောင့် ဆိုင်ရှင်များ စိတ်ဆိုးဒေါသထွက်နေကြောင်း စုံစမ်းသိရသည်။ ဧပြီလ (၁၈) ရက်တွင် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စု နောင်မိုကျေးရွာရှိ MNDAA စစ်ဆေးရေးဂိတ်မှ ကိုးကန့်တပ်သားများသည် ဝမ်လုံ ကျေးရွာအတွင်း ကုန်စုံဆိုင်များမှ စားသောက်ကုန်များကို အကြွေးယူစားခဲ့ပြီး ပိုက်ဆံမရှင်းဘဲ တပ်ဆုတ်ခွာသွားခဲ့ခြင်းကြောင့် ဆိုင်ရှင်များ စိတ်ဆိုးဒေါသထွက်နေကြောင်း ဒေသခံများက ပြောသည်။ ဝမ်လုံကျေးရွာရှိ ဈေးဆိုင်စုစုပေါင်း (၇) ဆိုင်တွင် ကိုးကန့်တပ်သားများမှ တစ်ဆိုင်လျှင် ကျပ်နှစ်သိန်းမှ သုံးသိန်းခန့်အထိ ပိုက်ဆံမရှင်းဘဲ အကြွေးယူစားခဲ့ကြောင်း ဒေသခံပြော ဆိုချက်အရ သိရသည်။“အစတုန်းကတော့ လူလူချင်း ကိုယ်ချင်းစာလို့သနားပြီး နည်းနည်းပါးပါးအကြွေးနဲ့ ရောင်းပေးတာ။ ကိုးကန့်စစ်သားတွေ အကြွေးစားထားတာ တချို့ဆိုင်လည်း တစ်သိန်းကျော်၊ တချို့လည်း နှစ်သိန်းကျော်။ နောက်ပြီး ဖုန်းဘေလ် နဲ့ဆို တချို့ဆိုင်မှာ သုံးသိန်းကျော်တယ်။ ပိုက်ဆံမပေးဘဲ အကြွေးတင်နေတာ အားလုံးပေါင်း ၇ ဆိုင် ရှိတယ်”ဟု ဖြစ်စဉ်သိရှိသူ မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုဖြစ်စဉ်ကို MNDAA အထက်အရာရှိများ သိရှိပါက လက်အောက်ငယ်သားများကို အကြွေးပြန်လာဆပ်ရန် တိုက် တွန်းပေးစေလိုပြီး ပြည်သူများသည် စစ်ဘေးဒဏ် ထိခိုက်ခဲ့ရခြင်းကြောင့် ယခုကဲ့သို့ လိမ်လည်မှုမျိုး ထပ်မဖြစ်စေလိုဘဲ ကိုးကန့် တပ်သားများမှ ပြည်သူကို အလေးထားရန် ဒေသခံများမှ တောင်းဆိုသည်။“တချို့စစ်သားဆိုရင် ရွာသားဆီက ပိုက်ဆံချေးငှား ပြီး ရုတ်တရက် တပ်ဆုတ်သွားရတာ။ နောင်မိုဘက်မှာ ကြက် ၄ ကောင်လည်း ခိုးခံရတယ်။ အခုကိုးကန့်တပ်က လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်မှာပဲ ရှိတော့တယ်”ဟု ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာ အုပ်စု နောင်မိုကျေးရွာတွင် MNDAA မှ (၁၀) လကြာ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ခဲ့ကာ ၎င်းနေရာမှ သီပေါမြို့နယ် ဝမ်စန့်ကျေးရွာသို့ သွား ရောက်နိုင်ပြီး ဧပြီလ (၁၈) ရက်နေ့မှ စတင်ကာ ကိုးကန့်တပ်သားများ အားလုံးဆုတ်ခွာသွားခဲ့သည်။ Read in Full

၈။ တနင်္သာရီ ကျေးရွာနေအိမ်များကို စစ်တပ်က ဖျက်ဆီးပြီး ပစ္စည်းများ ယူဆောင်
 April 28, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ကျေးရွာက လူနေအိမ်တွေထဲ တပ်စွဲနေထိုင်ကြတဲ့ စစ်ကောင်စီစစ် ကြောင်းဟာ ရွာထဲက ပြန်ဆုတ်ခွာသွားချိန်မှာ  ပြည်သူပိုင် အိမ်သုံး‌ဆောင်ပစ္စည်းတွေကို သိမ်းဆည်းသယ်ဆောင်သွားတယ်လို့ ဒေသခံက ပြောပါတယ်။ ဧပြီ ၂၅ ရက် မနက်ပိုင်းက ဘန်းလမွတ်ကျေးရွာမှ ပြန်ဆုတ်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေချိန်မှာ ကျန်ခဲ့တဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ အဝတ်အစားတွေကိုပါ စစ်ကြောင်းနဲ့ အတူ ယူဆောင်သွားတယ်လို့ ဘန်းလမွတ်ကျေးရွာခံ အမျိုးသမီးတယောက်က ပြောပါတယ်။“စစ်ဘေးရှောင်နေရတာဆိုတော့ အဲဒီပစ္စည်းတွေ အကုန် လိုက်သယ်‌ဆောင်နေလို့ အဆင်မပြေဘူးလေ။ ဒါကြောင့် ပါရင်လည်း ပါသွားပါစေ ကံပဲဆိုပြီး ထားထား တာ။ အဒေါ်ရဲ့ အိမ်မှာဆို မှန်‌တွေ အကုန်ရိုက်ခွဲတယ်။ အိမ်တွေ တော်တော်များများတော့ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ မရှိကြတော့ ဘူး။ ဖုန်းတော့ ဘယ်သူမှ ယူဆောင်မရဲလို့ ဓာတ်ပုံမရိုက်လိုက်ရဘူး။” ရေခဲသေတ္တာ၊ တီဗွီ စသဖြင့် တန်ဖိုးကြီး အိမ်သုံး ပစ္စည်း တွေ ယူဆောင်သွားတာဖြစ်ပြီး နေအိမ်တံခါး၊ မှန်ချပ်တွေကိုလည်း ရိုက်ခွဲဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဧပြီ ၁၉ ရက်နေ့ မနက်က ဘန်းလမွတ်၊ ရမ်းဖို စတဲ့ကျေးရွာ တွေ ထဲမှာ တပ်စွဲလိုက်ပြီး အရပ်သားပြည်သူအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဝင်ရောက်နေထိုင်ကြတယ်လို့ ဒေသခံပြည်သူတွေ ဆီကသိရပါတယ်။ စစ်ကြောင်းရှိနေစဉ်တလျှောက်မှာလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကနေ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက် ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ တောဗုံးကြီးတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံဆီ က သိရပါတယ်။ Read in Full

၉။ ဗလမင်းထင်တံတားမှာ အရပ်သားတွေကို ဖမ်းဆီးရိုက်နှက်တာတွေရှိနေ
 April 28, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်မြစ်ကူးတံတားမှာ စောင့်နေတဲ့ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ ကို ရိုက်နှက်ဖမ်းဆီးတာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား– ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်မြစ်ကူးတံတားမှာ ဒီရက်ပိုင်း ဖမ်းဆီးရိုက်နှက်တာတွေရှိနေတယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး ပြောပါတယ်။“ဒီရက်ပိုင်း အဲတံတားမှာ ဖမ်းခံရတာ ၃ ယောက်ရှိပြီ။ ဘာလို့ဖမ်းလဲ ဘာကြောင့်ဖမ်းလဲဆိုတာတော့ မသိရဘူး”လို့ ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ဧပြီလ ၂၅ ရက်နေ့ ဆဒုံးဘက်ကနေ မြစ်ကြီးနားဘက်ကိုဆင်းလာတဲ့ အသက် ၃၀ ဝန်းကျင်ရှိ ဇော်ခမ်အောင်နဲ့ ဧပြီလ ၂၇ ရက်နေ့ ချီဖွေကနေ မြစ်ကြီးနားဘက်ဆင်းလာတဲ့ နောက်ထပ် လူငယ် ၂ ဦးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဧပြီလ ၂၇ ရက် ညနေပိုင်းမှာလည်း နောက်ထပ် အမျိုးသားနှစ်ဦး ဗလမင်းထင် ( ဝိုင်းမော်ဘက်ခြမ်း)ရှိ ဂိတ်မှာ ရိုက် နှက်ခံရလို့ တစ်ဦးသေဆုံးပြီး နောက်ထပ်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ ဖြစ်စဉ်ကိုမျက်မြင်တွေ့ရှိတဲ့ အမျိုးသား တစ်ဦးပြောပါတယ်။

“တံတားအစွန်မှာ ဂိတ်တွေရှိတယ် ကားနဲ့လာတဲ့ လူငယ်နှစ်ယောက်က အဲဂိတ်လုပ်ထားတဲ့နေရာ နည်းနည်းဝင် တိုက် မိသလို ဖြစ်သွားတာထင်တယ်။ ကားကနေ ကပျာကယာဆင်းလာကြတာ အဲမှာရိုက်နှက်ခံရတာပဲ”လို့ ပြောပါတယ်။ ဖမ်းဆီး ရိုက် နှက်သတ်ဖြတ်ခံရတဲ့လူငယ်နှစ်ဦးဟာ မဘ်သူမည်ဝါဖြစ်တယ်ဆိုတာသိရပေမယ့် အမည်နာမဖော်ပြဖို့ မိသားစုက ခွင့်မပြု တဲ့တွက်ဖော်ပြဖို့ အဆင်မပြေသေးပါဘူး။ ဒ့ါအပြင် ဖမ်းဆီးခံရသူတွေရဲ့ အခြေနေလည်းသိရဖို့ ခက်ခဲနေပါတယ်။ ဒေသခံပြည်သူ တွေပြောတာက ဗလမင်းထင်တံတားမှာစောင့်တဲ့ စစ်ကောင်စီတပ်ဟာ ယခင်ကဆိုင်ကယ်နဲ့သွားလာတဲ့ပြည်သူတွေကို တားဆီး စစ်ဆေးတာ သိပ်မရှိပေမယ့် ဒီရက်ပိုင်း၊ ဆိုင်ကယ်၊ ကား အားလုံးကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဗလမင်းထင်တံတားမှာ ပြီးခဲ့တဲ့ မတ်လမှာလည်း လိုင်ဇာဘက်ကနေ မြစ်ကြီးနားဘက်လာတဲ့ ကားတစ်စီးတားဆီး စစ်ဆေးခံရပြီး အမျိုးသား ၅ ဦးဖမ်း ဆီးခံရတယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ဖုန်း၊အင်တာနက်လိုင်းအခက်ခဲကြောင့် အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။ Read in Full

၁၀။ ကျောက်ဖြူတွင် စစ်ဘေးရှောင် လေးသောင်းကျော်ထိရှိလာ
 April 28, 2025
တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင် ၄၀,၀၀၀ ကျော်ထိ ရှိလာနေပြီး အရေး ပေါ် အကူအညီများလိုအပ်နေကြောင်း သိရသည်။ ကျောက်ဖြူတွင် ပြီးခဲ့သည့် ဧပြီလအစက စစ်ဘေးရှောင် နှစ်သောင်းကျော် ရှိ ရာကနေ နေ့စဉ်နှင့်အမျှ တိုက်ပွဲပြင်းထန်မှုတို့ကြောင်း ယခုအခါ ထပ်မံတိုးလာခြင်းဖြစ်သည်။ “တဖြည်းဖြည်းတိုးလာနေတယ်။ အခုဆိုရင် လေးသောင်းကျော်ရှိပြီ။ ငါးသောင်းပြည့်တော့မယ်။ စားဝတ်နေရေး ဘယ်လိုမှ အဆင်မပြေကြဘူး။ မကြာခင် မိုးရာသီ ရောက်လာတော့မယ်။ အရေးပေါ် နေရာထိုင်ခင်းတွေ လိုအပ်နေတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသည့် ကိုယ်တော် သဘာဝနဒီက မိန့်သည်။ အဆိုပါ အသစ်တိုးလာသည့် စစ်ဘေးရှောင်များမှာ ကျောက်ဖြူမြို့နယ်၊ မအူတော၊ ဝါးတော၊ လိပ်ခမော်၊ မလကျွန်း၊ ပြင်ရှည်၊ ဦးကင်း၊ ကုလဘာတောင်၊ ကုလဘာတောင်ကြီး၊ ထင်း‌ချောင်း၊ ကြက္တိန်၊ စည်မော် စသည့် ကျေးရွာတို့မှဖြစ်ကြောင်း သိရသည်။ အဆိုပါစစ်ဘေးရှောင်များကို ကျောက်ဖြူမြို့နယ် စစ်ဘေးရှောင်အရေး ကော်မတီက တစ်ပတ်တစ်ကြိမ် အသုတ်လိုက်ခွဲ၍ စားနပ်ရိက္ခာများ ထောက်ပံ့နေသော်လည်း စစ်ဘေးရှောင်ဦးရေမှာ နေ့စဉ် တိုးလာနေ၍ ရိက္ခာမလုံလောက်မှု ဖြစ်နေသည်ဟု သိရသည်။

“စစ်ဘေးရှောင်တွေမှာ ပါလာတဲ့ ဆန်တွေလည်း ကုန်တော့မယ်။ ပြီးတော့ အိမ်ထောင်စုတစ်ခုကို ပျမ်းမျှ လူလေး ယောက်နဲ့တွက်ချက်ရင်တောင် နေအိမ်အလုံးရေ တစ်သောင်းကျော် ဆောက်လုပ်ပေးရမှာ။ အဲဒါနဲ့ ကူညီပေး နေသူတွေအနေနဲ့ လည်း ဘယ်လိုမှ လိုက်မမီဘူးဖြစ်နေကြတယ်” ဟု ကိုယ်တော်သဘာဝနဒီက ထပ်မိန့်ကြားသည်။  စစ်ဘေးရှောင်များအား ကူညီ ဆောင်ရွက်ပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း ဆက်သွယ်ရေးလိုင်းအဆင်မပြေ၍ အကူညီတောင်းခံရာ တွင် အခက်အခဲရှိကြောင်းသိရသည်။ ယခု ဧပြီလအတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင်များမှာ နေ့စဉ်နှင့်အမျှ ထွက်ပြေးတိမ်း ရှောင်မှုများရှိနေခြင်း ဖြစ်သည်။“ဖေဖော်ဝါရီလက တိုက်ပွဲ စဖြစ်ချိန် ရွာက ဒေသခံတွေက အကုန်လုံး မထွက်ပြေးကြသေးဘူး။ ရွာမှာနေပြီး အခြေအနေစောင့်ကြည့်နေကြတယ်။ အခု ဒီရက်ပိုင်း ကျောက်ဖြူတိုက်ပွဲ အရမ်းပြင်းလာတော့ ရွာတွေမှာရှိတဲ့ လူတွေအကုန်လုံး ဘေးလွတ်ရာကို ထွက်ပြေးကြတော့ စစ်ဘေးရှောင်ဦးရေ ပိုတိုးလာနေတာ” ဟု ကျောက်ဖြူ ဒေသခံတစ်ဦးကပြောသည်။ လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်း AA သိမ်းပိုက်ရရှိခဲ့သည့်လိပ်ခမော်၊ မလကျွန်းနှင့် ပြင်ရှည်ကျေးရွာတို့ကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။ Read in Full

၁၁။ လားရှိုးမြို့ပေါ် စစ်ကောင်စီယန္တရား ပြန်လည်ပတ်ပါက စစ်မှုထမ်းခေါ်ယူခံရမည်ကို ဒေသခံများစိုးရိမ်
 April 28, 2025
သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်ပါက စစ်မှုထမ်းခေါ်ယူခံရမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ မေလ (၁) ရက်မှစတင်ပြီး စစ်ကောင်စီတပ် ပြန်လည်အခြေစိုက်ထားသည့် လားရှိုးမြို့ပေါ်တွင် အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်နိုင်ရန် စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံမှ ဝန်ထမ်းအများ အပြား ထပ်မံရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်တွင် တရုတ်အကူအညီဖြင့် စစ်ကောင်စီ တပ်၏ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) မှ စစ်ကား ၂၀၀ ကျော် လားရှိုးမြို့ပေါ်သို့ ဝင်ရောက်လာခဲ့ပြီး မြို့ပေါ်ရပ်ကွက် (၁၂) ခုကို အုပ်ချုပ်ခွင့်ရမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။“လားရှိုးမှာ ရုံးအားလုံး ပြန်ဖွင့်မယ်လို့ ဝန်ထမ်းအသိုင်း အဝိုင်းက ပြောနေကြတယ်။ စစ်ကောင်စီက သိန္နီ၊ ကွမ်းလုံဘက်အထိ ရုံးပြန်ဖွင့်နိုင်ဖို့ လုပ်နေတယ်လို့ ကြားတယ်။ လားရှိုးပြန် ဝင်ချင်လား၊ သိန္နီပြန်ဝင်ချင်လား စာရင်းပေးဖို့ ပြောနေတာ။ ဒီပုံစံနဲ့ဆိုရင် သိန္နီနဲ့ လားရှိုး အနီးတဝိုက်တောင် ကိုးကန့်အတွက် သိပ်မသေချာဘူး”ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ တောင်ကြီးမြို့ရောက် သျှမ်းပြည်မြောက်ပိုင်းမှ ဌာနဆိုင် ရာ ဝန်ထမ်းများနှင့် နေရပ်စွန့်ခွာခဲ့သည့် ဝန်ထမ်းများကို နယ်မြေအခြေအနေ ပြန်လည်အေးချမ်းလာခြင်းကြောင့် တာဝန်ပေးအပ်သည့် အချိန်တွင် မူလတာ ဝန်ကျရာ ဒေသများသို့ သွားရောက်နိုင်ရန်အတွက် စနစ်တကျ စုဖွဲ့ထားရန် စစ်ကောင်စီလက် အောက်ခံ သျှမ်းပြည်နယ်အစိုးရမှ ဧပြီလ (၁၉) ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

“ရုံးကတော့ အားလုံးပြန်ဖွင့်မှာပါ၊ ပြန်မဖွင့်နိုင်မှာက စာသင်ကျောင်းတွေပဲ ကျန်မယ်။ ဒါပေမယ့် ပညာရေးမှူးရုံးက တော့ ပြန်ဖွင့်မယ်။ စစ်ကောင်စီအတွက် အရေးကြီးတာက လဝက နဲ့ ထွေအုပ်ပဲ၊ နောက် ဆေးရုံရယ်။ စိုးရိမ်ရတာက သူတို့ပြန် ဝင်လာပြီးတော့ စစ်မှုထမ်းကောက်မှာ ကြောက်တာ၊ အခုတောင် ကိုးကန့်နဲ့ တွဲလုပ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး အကုန်လုံးကို ပြန် အနားပေးထားတာ”ဟု လားရှိုးမြို့မှ ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် စဉ်က မြို့ပေါ်ရပ်ကွက်များတွင် ခန့်ထားခဲ့သည့် အုပ်ချုပ်ရေးမှူးများကိုလည်း စစ်ကောင်စီ ဝင်ရောက်လာပြီးနောက် တာဝန်မှ ရပ်နားခိုင်းထားပြီး မကြာမီ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်များကို ရွေး ချယ်ခန့်အပ်သွားမည်ဟု ဆိုသည်။ အလားတူ လားရှိုး မြို့ပေါ်သို့ စစ်ကောင်စီတပ် ပြန်လည်တပ်စွဲခဲ့သည့် ဧပြီလ ၂၂ ရက် နောက်ပိုင်းမှ စတင်ပြီး လားရှိုးမြို့ အဝင်အထွက် (၄) နေရာ တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာဖြတ်သန်းသွားသည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကိုငွေတောင်းခံနေကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီ နှင့် ကိုးကန့်တပ်အကြား လားရှိုးမြို့ပေါ်တွင် အုပ်ချုပ်ရေးယန္တရားခွဲဝေမှု တိတိကျကျ မသိရှိရဘဲ ကြားကာလအုပ်ချုပ်ရေး ဖြစ်နေသည့်အတွက် သူခိုး၊ ဓားပြများလည်း အခွင့်အရေးယူကာ သောင်းကျန်းနေကြောင်း ဒေသခံများက ပြောသည်။ Read in Full

၁၂။  ကြံသာရွာထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ် ၂၀ ဦးသေဆုံးဟု CDF KKG ပြော
April 29, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကြံသာကျေးရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်း တပ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦးသေပြီး လက်နက်ရှစ်လက် သိမ်းရရှိကြောင်း CDF KKG တာဝန်ရှိသူက ပြော သည်။ CDF – KKG ၊ ချင်းအမျိုးသားတပ်မတော်(CNA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတပ်ဖွဲ့များနှင့် အခြား တော်လှန်ရေးတပ်များသည် ဧပြီ ၁၁ ရက်တွင် ကြံသာကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်ကောင်စီက  ပြန်လည်ထိုးစစ်ဆင်လာ၍ ဧပြီ ၂၇ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု Chinland Information Center က (ဧပြီ ၂၈ ရက်) ညတွင် သတင်းထုတ်ပြန်သည်။ “ကြံသာ ကိုဂန့်ဂေါဘက်က ပျူစောထီးရွာ(ဟံသာဝတီရွာ)က နေ တက်လာ တာပေါ့။ ကျွန်တော်တို့နဲ့အကွာအဝေးက ၃ မိုင်နဲ့ ၄ ဖာလုံလောက်ပဲ ဝေးတာ။ အင်အားအနည်းဆုံး ၂၀၀ ပါတယ်။ စကစရော၊ ပျူ တွေရော၊ရဲတွေပါ စုဖွဲ့ထားတယ်။ ကြံသာရွာကို ဒါပထမဆုံး ပြန်ထိုးစစ်ဆင်တာ။ အထိနာတဲ့ စကစတွေဟံသာဝတီရွာဘက်ကို ပြန်ဆုတ်ထားတယ်”ဟု CDF KKG တာဝန်ရှိသူက ကြံသာကျေးရွာ ထိုးစစ်ဆင်ခဲ့သော စစ်ကောင်စီစစ်ကြောင်း အခြေအနေကို ရှင်းပြသည်။ တော်လှန်ရေးပူးပေါင်းတပ်များသည် ပြီးခဲ့သည့် နှစ်လကျော်အတွင်း ကြံသာရွာ၊ ကမ်းပါနီစခန်း အပါ အဝင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ စခန်း ၅ ခုကို CDF-KKG Major Operation အဖြစ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် စစ်ဆင် ရေး ဖော်ဆောင်ခဲ့သည်။

ကြံသာရွာစခန်း ပြန်လည်ရရှိရေးအတွက် ယမန်နေ့နံနက် ၅ နာရီတွင် စစ်ကောင်စီက စစ်ကြောင်း ၂ ခုဖြင့် ပြန်လည် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်များ ကျဆုံးမှုရှိသည်ဟုလည်း အသိ ပေးသည်။ စစ်ကောင်စီတပ်မှ ၂၀ ဦးသေဆုံးပြီး လက်နက် ၈ လက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း CIC က ထုတ်ပြန်သည်။ ထို့အပြင် စစ်ကောင်စီတပ်သည် ဒဏ်ရာရ စစ်သားများကိုပြန်လည်သယ်ဆောင်ခဲ့ကြသော်လည်းတချိုကိုမူ ပစ်သတ်သွားခဲ့ကြောင်းလည်း CIC ကဖော်ပြသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီက တိုက်လေယာဉ်၊ Y12 လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဒရုန်း များ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူများနေထိုင်သည့် နတ်ချောင်း၊ နတ်မြောင်း၊ အောင်ချမ်းသာ၊ သံဖိုနှင့်ငါးဖကျေးရွာများ ကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၄ ဦး သေဆုံးခဲ့ရကြောင်းလည်းအသိပေးသည်။ စစ်ကောင်စီတပ်သည်ငလျင်ဒဏကြောင့် အပစ် ရပ်စဲကြောင်း ကြေညာချက်ကို ချိုးဖောက်ပြီး ထိုးစစ်ဆင်လာခြင်းဖြစ်ဟု ထုတ်ပြန်ချက်ကဆိုသည်။ ယမန်နေ့ ကြန်သာရွာ တိုက် ပွဲတွင် စစ်ကောင်စီတပ်ကို CNA၊ CDF KKG၊CDF – Vakok၊ MCF နှင့် အမှတ် (၁)စစ်ဒေသတို့ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်သည် ဟု ထုတ်ပြန်သည်။ Read in Full

၁၃။  လောင်းလုံးတွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ကား တိုက်ခိုက်ခံရပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး
 April 29, 2025
တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီ တပ်ကားကို ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေး ဦးသေဆုံးသွားကြောင်း ဒေသခံများ နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ လောင်းလုံးရဲစခန်း မှ ညောင်ပင်လမ်းဆုံဘက်သို့ ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲဝင် ခြောက်ဦးပါသည့် ကားကို  ယမန်နေ့  ဧပြီ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က လောင်းလုံးမြို့ ပေါ် အထက်တန်းကျောင်းအနီးတွင် တော်လှန်ရေးတပ်များမှ တိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ “ကင်းလှည့်လာတာက ပျူစောထီး ခေါင်းဆောင် မင်းသိန်း ပိုင်တဲ့ကားဗျ။ အဲ့ဒီကား ထဲမှာက အားလုံး ခြောက်ယောက်ပါတယ်။ ကားက အမဲရောင်လေးပါ။ လေးယောက် ကတော့ပွဲချင်းပြီး သေတယ်။ တစ်ယောက်ကတော့ မသေမရှင် ဖြစ်နေတယ်။ နောက်တစ်ယောက်က ထွက် ပြေးလွတ်မြောက်သွားတယ်။ ကားကတော့ ကျွန်တော်တို့ သေနတ်နဲ့ ပစ်ထားတာအချက်ရေများတော့ မောင်းလို့ မရတော့ဘူး”ဟု နယ်မြေခံ ရဲဘော် တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင် လေးဦးသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာ အပြင်းအထန်ရရှိကာ စိုးရိမ်ရ သည် အခြေအနေတွင် ရှိကြောင်းသိရသည်။ ကင်းလှည့်နေသည်  အဆိုပါကားပစ်ခတ်ခံရပြီးနောက် လောင်းလုံး ရဲစခန်းမှနေ၍ လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်ခဲ့ရာ လောင်းလုံးမြို့ပေါ်ရှိနေအိမ်သုံးလုံးထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ “စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်တာအချက်ရေအများကြီးပဲ့။မြို့ပေါ်က နေအိမ်သုံးလုံး တော့ထိသွားတယ်။ လူထိ ခိုက်မှု မရှိလို့တော်သေးတယ်”ဟု လောင်းလုံးမြို့ပေါ်မှ ဒေသခံတစ်ဦးက ကိုပြောသည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်း လှည့်ထွက်လာသည့်ကားမှာ ပျူစောထီး ဦးမင်းသိန်းပိုင်သည့် ကားဖြစ်ကြောင်းသိရပြီး သေဆုံးမှုမှာ ဦးမင်းသိန်း ပါဝင်ခြင်း ရှိ/မရှိ ကိုမူသီးခြား အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း နယ်မြေခံ ရဲဘော်များကဆိုသည်။ Read in Full

၁၄။  အပစ်ရပ်ကာလ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ သေဆုံးခဲ့ကြောင်း KNU ပြော
 April 29, 2025
စစ်ကောင်စီက ငလျင်ကြောင့် အပစ်အခတ်ရပ်စဲခဲ့တဲ့ ဧပြီလ ၂ ရက်ကနေ ၂၂ ရက်အတွင်း ကရင်ပြည်နယ်မှာ ဝေဟင် ကနေ ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၂၀ သေဆုံးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဧပြီလ ၂၆ ရက် ညနေက ထုတ်ပြန်ပါတယ်။ ရဟန်းနှစ်ပါး၊ ကိုရင်ကြီးတစ်ပါးအပါအဝင် အရပ်သား ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သလို ဘုန်းကြီးကျောင်း ငါးကျောင်း၊ ဘုရားကျောင်းတစ်ကျောင်းနဲ့ နေအိမ် ၂၇ လုံးပျက်စီးခဲ့ရတယ်လို့လည်းဆိုပါတယ်။ စစ်ကောင်စီရဲ့ အပစ်အခတ်ရပ်စဲရေးကြေညာချက်ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေထံကနေ အကူအညီတွေရဖို့ ရည်ရွယ်ထုတ် ပြန်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်တဲ့ မြို့ရွာတွေက ပြည်သူလူထုတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု တွေကိုတော့ အဆက်မပြတ်လုပ်ဆောင်နေတယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဧပြီလ ၂၀ ရက်နေ့ကတော့ အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ KNU ဘက်က စစ်ကောင်စီစခန်းတွေကို လာရောက်တိုက်ခိုက်တာရှိတဲ့အကြောင်း စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင် MRTV ရုပ်သံကနေတစ်ဆင့် အခုလိုစွပ်စွဲပြောဆိုခဲ့ပါတယ်။

“KNU အနေနဲ့လည်း ကော့ကရိတ် ငါးဒိုင်ရွာ၊ ပတ္တမြားကွင်း စတဲ့နေရာတွေကို ဧပြီလ ၁၉ ရက်နေ့ မနက် ၈ နာရီမှာ တိုက်ခိုက်ခဲ့တဲ့အပြင် မြဝတီမှာရှိတဲ့ မဖွားသူလုံခြုံရေးစခန်းနေရာကို မနက် ၁၀ နာရီ ၅၀ မှာ တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်” စစ်ကောင်စီက ငလျင်ကယ်ဆယ်ရေးအတွက်ဆိုပြီး ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ဧပြီလ ၃၀ ရက်နေ့ အထိ သက်တမ်း တိုးထားပါတယ်။ စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြောင်းကြေညာခဲ့တဲ့ ဧပြီလ ၂ ရက်ကနေ ၂၄ ရက်အထိ လေကြောင်းနဲ့ လက်နက်ကြီးတိုက်လိုက်မှု ၁၇၂ ကြိမ်ရှိခဲ့ပြီး အဲဒီအထဲက ၇၃ ကြိမ်ဟာ ငလျင်ဘေးသင့်ဒေသတွေမှာ လုပ်ဆောင်ခဲ့တာလို့ ကုလသမဂ္ဂလူ့အခွင့်ရေးရုံးက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဧပြီလ ၂ ရက်ကနေ ၁၈ ရက်အတွင်း စစ်ကောင်စီဟာ တစ်ရက်ကို ပျမ်းမျှ လေယာဉ် ဒါမှမဟုတ် ဒရုန်းတိုက် ခိုက်မှု ဆယ်ကြိမ်နီးပါးခန့် ပြုလုပ်ခဲ့ပြီး နေ့စဉ် လူခြောက် ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း၊ ဒီကာလ အတွင်း လေ ကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၅ ဦး ရှိကြောင်း ထုတ်ပြန် ချက်မှာပါရှိပါတယ်။ Read in Full

၁၅။ ညောင်ကျိုးစခန်းကို ပြန်ရရန် စစ်ကောင်စီ ထိုးစစ်ဆင်နေ
 April 28, 2025
အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် ပဲခူးတိုင်း၊ ပန်းတောင်မြို့နယ် ဥသျှစ်ပင်တပ်နယ်ရှိ ညောင်းကျိုးစခန်းကို ပြန်လည်ရရှိရေး စစ်ကောင်စီသည် ဧပြီလ ၂၅ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရှိနေကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်များမှ  သိရသည်။ ညောင်ကျိုးနှင့် အနီးဆုံး ရှုခင်းသာနှင့် ဆင်လန်ကျေးရွာတို့မှာ ခံစစ်ပြင်ထားပြီး ထိုမှတစ်ဆင့် ညောင်ကျိုးစခန်းကို ပြန်လည်ရရှိရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး လေ ကြောင်းပစ်ကူနှင့် ဒရုန်းပစ်ကူများကို အဓိက အသုံးပြုတိုက်ခိုက်နေခြင်း ဖြစ်သည်။“ညောင်းကျိုးဖက်မှာ အခုရက်ပိုင်းတိုက်ပွဲ ဖြစ်နေကြတာရှိတယ်။ AA က အပစ်ခတ်ရပ်ထားတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက ညောင်ကျိုးစခန်းကို ပြန်တိုက်ယူဖို့ ကြိုးပမ်းနေတာ။ အဓိကတော့ သူတို့ခံစစ် ပြင်ထားတဲ့ ရှုခင်းသာဖက်က စစ်ကြောင်းထိုး တိုက်ခိုက်မှုရှိသလို လေကြောင်းကလည်း ပစ်ကူတိုက်ခိုက်နေတယ်” ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြော သည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ညောင်ကျိုးစခန်းကို ဧပြီ ၂ ရက်တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ညောင်ကျိုးစခန်းနှင့် ၄ မိုင်သာ အကွာအဝေးရှိသည့် ရှုခင်းသာမှာ ခံစစ်ပြင်ဆင်နေခြင်း ဖြစ်သည်။ ညောင်ကျိုး စခန်းမှာ စစ်ကောင်၏ ညောင်ခြေထောက် အခြေစိုက် ပစက(၆) နှင့် ၁၀ မိုင်ကျော် သာကွာဝေးတော့သဖြင့် စစ်ကောင်စီက ကပစ(၆) ညောင်ခြေထောက်ကို ကာကွယ်နိုင်ရန်အတွက် အသည်းအသန် ကြိုးပမ်းလာြခင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ် များက သုံးသပ်မှုများရှိကြသည်။ ဥသျှစ်ပင်တပ်နယ်အတွင်းမှာ စစ်ကောင်စီ၏ ကာကွယ် ရေးပစ္စည်းထုတ် စက်ရုံများအဖြစ် ကပစ(၃)၊ ကပစ(၅)၊ ကပစ(၆)၊ ကပစ(၉)၊ ကပစ(၁၆)တို့ တည်ရှိကြသည်။ အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် တောင်ကုတ် ရခိုင်ရိုးမတောင်ကျော်လမ်းအတိုင်း ၂၀၂၅ ခုနှစ် ဇန်န ဝါရီလ ကတည်းကစပြီး ပဲခူးတိုင်းသို့ ထိုးစစ်ဆင်တိုက်ခိုက် နေခြင်းဖြစ်ကာ တောင်ပုံကြီးစခန်း၊ မိုးထိစခန်း၊ ပန်း ကန်ကွဲ စခန်းနှင့် ညောင်းကျိုးစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ Read in Full

၁၆။ စာမေးပွဲပြန်ဖြေမယ့်ကလေးတွေ နေထိုင်စားသောက်ရေးတာဝန်ယူမယ်လို့ စစ်ကောင်စီပြော
 April 28, 2025
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်ဖြေဆိုမယ့် ကလေးတွေကို ရက်ပေါင်း ၅၀ စခန်းသွင်းလေ့ကျင့်ပြီး နေထိုင်စားသောက်ရေးအတွက် အကုန်တာဝန်ယူသွားမယ်လို့ စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ ဒီနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာပါတဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းချက်မှာ စာမေး ပွဲပြန်ဖြေရမယ့် ကျောင်းသားတွေနဲ့ပတ်သက်လို့ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနရဲ့ ပညာရေးသုတေသန၊ စီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူး ချုပ် ဒေါက်တာခင်သီတာကတော့ စာမေးပွဲပြန် ဖြေမယ့် ကျောင်းသားတွေကို ရက်ပေါင်း ၅၀ စခန်းသွင်းလေ့ကျင့်မှာဖြစ်ပြီး အဲဒီအတွက် နေထိုင်စားသောက်ရေး အကုန်တာဝန် ယူသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ အဝတ်အစား စတာတွေကို လည်း ထောက်ပံ့ပေးသွားမှာဖြစ်ပြီး တက္ကသိုလ်က ပါမောက္ခတွေလည်း လာသင်ကြားပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ အခု ပြန်ဖြေဆိုရမယ့် ကချင်၊ စစ်ကိုင်းနဲ့ မန်းလေးက ကျောင်းသူ၊ ကျောင်းသားပေါင်းကတော့ စုစုပေါင်း ၆၃,၀၀၀ ကျော်ရှိတယ် လို့လည်း သိရပါတယ်။

လေ့ကျင့်သင်ကြားရေးစခန်းတွေမှာတော့ ဧပြီလ ၂၈ ရက်နေ့ကနေ မေလ ၂ ရက်နေ့အထိ လက်ခံပြီး သင်ကြားပေးသွား မှာဖြစ်ပြီး စာမေးပွဲတွေကိုတော့ ဇွန်လ ၁၆ ရက် (တနင်္လာ) ကနေ ဇွန်လ ၂၁ ရက် (စနေ) နေ့အထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီကတော့ အဲဒီလိုစာမေးပွဲပြန်ဖြေခိုင်းရတာဟာ တခြားဒေသကကျောင်းသားတွေအတွက် တရားမျှတမှုရှိအောင်ဖြစ်တယ်လို့ဆိုထားပါတယ်။ ငလျင်ဘေးကြောင့် အဲဒီလို အဖြေလွှာတွေ မီးလောင် တာဟာ စစ်ကောင်စီရဲ့ ပညာရေး အပေါ် အလေးမထားတာတွေနဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတာတွေကြောင့်ဖြစ်တယ်လို့လည်း ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် စာမေးပွဲပြန်ဖြေရမယ့် ကိစ္စနဲ့ပတ်သက်လို့လည်း မကျေနပ်တဲ့မိဘတွေအများအပြားရှိနေပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့ကတော့ စစ်ကောင်စီရဲ့ အစီစဉ်ဟာ မတရားတဲ့လုပ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ Read in Full

၁၇။ ကျွန်းစုတွင် စက်လှေများ ဆန်အိတ်အကန့်အသတ်ဖြင့်သာ တင်ဆောင်ခွင့်ရ
 April 29, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ စက်လှေတွေကို စစ်ကောင်စီက ဆန်အိတ် ၅၀ ထက်ပိုတင်ဆောင်ခွင့် မပြုဘဲ စစ်ဆေးတွေ့ရှိခဲ့ရင် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတွေမှာ ဧပြီ ပထမအပတ်လောက်ကစပြီးတော့  ဆန်အိတ်တင်ဆောင်လာတဲ့ စက်လှေတွေကို စစ်ဆေးတင်းကျပ်မှုတွေလုပ်ဆောင်လာ တာတွေ့ရတယ်လို့ ကံမော်ကျေးရွာအုပ်စုရှိ အမျိုးသမီးတယောက်က ပြောပါတယ်။“ကံမော်ရွာမှာတော့ တံတားမှာ ပြည်သူ့စစ် တွေ စောင့်နေတယ်။ လှေတွေကို တံတားကလွဲပြီး တခြားမှာ ကမ်းကပ်လို့မရဘူး။ မြိတ်ကို တက်ဆင်းလုပ်တဲ့ စက်လှေတွေကို ဆို ကံမော်ကျေးရွာဘက်မှာ စစ်တယ်။ ဆန်အိတ် ၅၀ ထက် ပိုမတင်ခိုင်းဘူး။” အခုနှစ် မတ်လလောက်ကစပြီး ကျွန်းစုမြို့နယ်ရှိ ကျေးရွာတွေဘက်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေ ပူးပေါင်းကာ စစ်သင်္ဘောတွေအပြင် စက်လှေငယ်တွေနဲ့အတူ လှုပ်ရှား သွားလာနေပြီး ကျေးရွာတွေထဲကိုလည်း စစ်ကြောင်းထိုးသွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဧပြီ ၅ ရက်က ကျွန်းစုမြို့နယ် မဲတောကျေးရွာက ဆန်အိတ်တင်ဆောင်လာတဲ့ စက်လှေတစီးကို ချောင်းကြီးဝရွာဘက် မှာ စစ်ကောင်စီရေတပ်က ထိန်းသိမ်းလိုက်ပြီးတော့ လှေပိုင်ရှင်ဖြစ်သူကို PDF တပ်ဖွဲ့တွေဆီ ရိက္ခာထောက်ပံ့တယ်လို့ စွပ်စွဲဖမ်း ဆီးခဲ့ကာ နောက် ၂ ရက်အကြာမှာ လှေပိုင်ရှင် ပြန်လွတ်လာတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ စစ်‌ကောင်စီဘက်က လှုပ်ရှားသွားလာမှု ပိုလုပ်လာတာကြောင့် ခရီးသွားပြည်သူတွေ ည ၆ နာရီမှ မနက် ၆ နာရီအထိ တတ်နိုင်သမျှ ခရီးမသွားလာကြ ဖို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။ Read in Full

၁၈။ ဖားအံမြို့နယ်အတွင်းသို့ စစ်မကူးလာရေး ဂျိုင်းမြစ်တစ်ဘက် ရွာများ၌ စစ်ကောင်စီ ခံစစ်ပြင်
 April 28, 2025
ဖားအံမြို့နယ် အတွင်းသို့ စစ်မကူးလာရေးအတွက် ဂျိုင်းမြစ်တစ်ဘက်ကမ်း ဖားအံမြို့နယ် ကျေးရွာများ၌ စစ်ကောင်စီ က တပ်ဖြန့် ခံစစ်ပြင်ဆင်ထားသည်ဟု ကျုံဒိုးစစ်ရေးနယ်မြေ သတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီက ဂျိုင်းတံတားတစ် ဘက်ကမ်း ဖားအံမြို့နယ်အတွင်းရှိ ဂျိုင်းရွာ၊ ရိုးမဟာ၊ မနီကုန်း၊ ကျားကလေး လမ်းခွဲ၊ ဘုရားကုန်း၊ ရွှေဖြူ၊ သာမညကျေးရွာ ဘက်အထိ စစ်ကြောင်းဖြန့်ကျက်ချထားပြီး တပ်ခွဲအလိုက် အခြေချနေရာများ၌ အမြောက် လက်နက်ကြီး တစ်စုများနေရာယူ ပစ်ကူပေးရန်ပြင်ဆင်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယခုလို ပြောသည်။ “အရေးကြီးတာက ကျုံဒိုးပေါ့၊ ခမရ ၅၄၅-၅၄၆ တပ်နှစ်ခုနဲ့ ရဲစခန်းကျရင် ဂျိုင်းတံတားကျော်ပြီလေ။ အဲ့လိုဆိုရင် ဖားအံဘက်ကူးဝင်လာကြမှာကို စကစတပ်တွေကအရံအတား တွေ လုပ်ပြီး ကျူံဒိုးမြို့ကို ကာနေတယ်၊ အင်အား ၅၀၀ လောက်ရှိတယ်။ နေရာ ၁၀ ခု လောက်မှာ လက်နက်ကြီးတပ် စိတ်နဲ့ အတူ စကစက ပျူတွေ ပြည်သူ့စစ်တွေ ပါ စုထားတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ကျုံဒိုးမီးပုံကွင်း၊ ရသေ့ကျောင်းတို့၌ လက်နက်ကြီးတပ်ဆင် ထားသလို တော်လှန်ရေးတပ်ဖွဲ့များ ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။ လက်ရှိ စစ်ကောင်စီတပ်က ကျုံဒိုး၊ ကော့ကရိတ်နယ်တွင် လေကြောင်းမှ ဒရုန်း၊ တိုက်လေယာဉ်၊ ဗုံးကြဲ လေယာဉ် များဖြင့် ကင်းထောက်၊ ဗုံးကြဲမှုဆက်လုပ် နေဆဲဖြစ်သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA မဟာမိတ် စစ်ကြောင်းများဘက်မှလည်း စစ်ကောင်စီတပ်စခန်းများအား အနီးကပ်တိုက်ခိုက်နေသည်ဟု KNLA မဟာမိတ်တပ် တာဝန်ရှိစစ်ရေးသတင်း အရင်းအမြစ်က ပြောသည်။ လက်ရှိကျုံဒိုး- ကော့ကရိတ် အာရှလမ်းပိုင်းနှင့် ကော့ကရိတ်-မြဝတီ အာရှ လမ်းပိုင်းတို့၌ KNLA မဟာမိတ် ပူးပါင်း တပ်များက စိုးမိုးထားပြီး၊ စစ်ကောင်စီတပ်က မြို့တွင်းတပ်ရင်း နေရာများတွင် ခံစစ်ပြင် တိုက်ခိုက်မှုဖြင့် ဧပြီ ၂၇ ရက် အထိ ဆက်လက်တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိသည်။ Read in Full

၁၉။ ဒီးမော့ဆိုတွင် တောင်ပေါ်က လိမ့်ကျလာသည့်ကျောက်တုံး စစ်ရှောင်အဘိုးအိုကို ပိမိပြီး သေဆုံး
 April 28, 2025
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ဧပြီ ၂၈ ရက်က တောင်ပေါ်ကနေ ကျောက်တုံးတလုံး လိမ့်ကျလာပြီး စစ်ရှောင်အဘိုးအိုကို ပိမိတာကြောင့် သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ ကျောက်တုံးက တောင်​ခြေကို လိမ့်လာရင်းကနေ  အဘိုးအိုနေနေတဲ့ အခန်းတည့်တည့်ကို ကျပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေသခံ အမျိုးသမီးတယောက်က “ကျောက်တုံးက အပေါ်ကနေ ကျလာတာ၊ အဲ့နောက် တဆင့် ခံပြီး အဘိုးအိပ်တဲ့နေရာကို တည့်တည့်ကျတာ။ အဘိုးနေတဲ့အခန်းလည်းတော်တော်စုတ် သွားတယ်”လို့ ပြောပါတယ်။ လေဖြတ် ရောဂါဝေဒနာ ခံစားနေရတဲ့ အဘိုးအိုဟာ 4 wheel ကားတစီးစာအရွယ် ကျောက်တုံးပိမိတာကြောင့် ဆုံးပါးသွားကာ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

မတ် ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကျောက်တောင်တွေ ကွဲအက်မှုရှိနေပြီး ဧပြီ ၂၇ ရက်နေ့မှာလည်း မိုးရွာတာကြောင့် ကျောက်ဆောင်တွေ ပြိုကျလာတယ်လို့ ဆိုပါတယ်။ ငလျင်ကြောင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ အလျား ပေ ၁၀၀ နဲ့ အနက် ပေ ၁၀၀ ကျော်တဲ့ တွင်းပေါက်ကြီးတခုလည်း ပေါ်လာတာကြောင့် အနီးနားက ပြည်သူတွေ နေရာရွှေ့ပြောင်း ခဲ့ရပါသေးတယ်။ Read in Full

၂၀။ သီးခြားလွတ်လပ်တဲ့ ရိုဟင်ဂျာပြည်နယ် ထူထောင်ဖို့ တရုတ်ကွန်မြူနစ်ပါတီကို ဘင်္ဂလားဒေ့ရှ်ပါတီ အဆိုပြု
 April 28, 2025
ဧပြီ ၂၇ ရက်မှာ တရုတ် ကွန်မြူနစ်ပါတီနဲ့ တွေ့ဆုံမှုတစ်ခုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Jamaat-e-Islami ပါတီက ရိုဟင်ဂျာအများစုရှိတဲ့ ဒေသမှာ လွတ်လပ်တဲ့အာရက္ခပြည်နယ်တစ်ခု ထူထောင်ဖို့ အဆိုပြုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါ တယ်။ အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောကြားရာမှာတော့ ပါတီအလုပ်အမှုဆောင် ကော်မတီဝင် Jamaat Nayeb-e-Ameer Syed Abdullah Md Taher က “ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းဟာ ဘင်္ဂလားဒေ့ရှ်မှာ ရှိနေပါတယ်။ သူတို့ဟာ လူသားမဆန်တဲ့ဘဝမှာ နေနေကြရပါတယ်။ အစားအသောက်နဲ့ နေထိုင်စရာထောက်ပံ့ပေးတာဟာ အဖြေ မဟုတ်ဘူးဆိုတာ ကျနော်တို့ ပြောခဲ့ပါတယ်။” လို့ ပြောပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်မြေပေါ်မှာ အခြေချစေဖို့ဆိုတာ အဖြေဖြစ်ပြီး လွတ်လပ်တဲ့ အာရက္ခပြည်နယ်အသစ်တစ်ခု အဆိုပြုတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ “တရုတ်ဟာ မြန်မာနဲ့ ဆက်ဆံရေးကောင်း ရှိလို့ ဒီနေရာ က ကြီးမားတဲ့အခန်းကဏ္ဍမှာ တရုတ် ပါဝင်နိုင်ပါတယ်” လို့ Taher က ပြောပါတယ်။ ပါတီအချင်းချင်း တွေ့ဆုံမှုမှာတော့ ဒေသ တွင်း လုံခြုံရေးကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ သူက ဆိုပါတယ်။

သူက “ဒေသတွင်းမှာရှိတဲ့ဘယ်သူကမှ တစ်ယောက်နဲ့တစ်ယောက်အပေါ် ရန်လိုတဲ့ သဘောထားမရှိပါဘူး” လို့ ပြောပါ တယ်။  တရုတ်ကွန်မြူနစ်ပါတီ CCP နဲ့ Jamaat ပါတီတို့ကြား ဆက်ဆံရေးတိုးမြှင့်ဖို့အတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါ တယ်။ ဘင်္ဂလားဒေ့ရှ်မှာရွေးကောက်ပွဲတွေ ဘယ်လိုကျင်းပမလဲဆိုတာနဲ့အကြံပေးမှူးချုပ်က ချထားပေးတဲ့အချိန်ဇယားအတိုင်း ပါတီတွေ ဘယ်လိုလှုပ်ရှားမလဲဆိုတာကို တရုတ်ကိုယ်စားလှယ်တွေဘက်က သိရှိလိုတယ်လို့လည်း Taher က ပြောပါတယ်။ ဘေကျင်းအစိုးရက တခြားဘယ်နိုင်ငံရဲ့ ပြည်တွင်းရေးကိုမှ ဝင်ရောက်နှောင့်ယှက်မှာမဟုတ်ကြောင်း၊ အဲဒီလိုပဲ ဘင်္ဂလားဒေ့ရှ် အပေါ်ကိုလည်း အလားတူမူဝါဒမျိုး ချမှတ်ထားတယ်လို့ တရုတ်ကိုယ်စား လှယ်တွေဘက်က ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်ပါတီနဲ့ တွေ့ဆုံခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီအဖွဲ့ကိုတော့ ပါတီဗဟိုကော်မတီ အရှေ့တောင်နဲ့ တောင်အာရှရေးရာ နိုင်ငံတကာဗျူရိုမှ ဖန်ကျူဘင်းက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ Read in Full

၂၁။ CDF-Matupi တပ်မဟာ(၁)ရဲ့ဖမ်းဆီးချုပ်နှောင်ခံရတဲ့ CDF–Matupi တပ်မဟာ(၂)ကရဲဘော် ၂ ဦးထွက် ပြေးလွတ်မြောက်
April 29, 2025
CDF – Matupi တပ်မဟာ (၁) ထိန်းချုပ်နယ်မြေအတွင်းမှာ ဧပြီလ ၅ ရက်နေ့က တပ်မဟာ(၁)ရဲ့ ဖမ်းဆီးချုပ်နှောင် တာခံရတဲ့ CDF – Matupiတပ်မဟာ(၂)လက်အောက်ခံ တပ်ရင်း (၃)က ရဲဘော် ၂ ဦးဟာ ဧပြီလ ၂၃ ရက်နေ့မှာ  ထွက်ပြေးလွတ် မြောက်လာတယ်လို့ တပ်မဟာ(၂)ဆီကသိရပါတယ်။ CDF – Matupi တပ်မဟာ (၁) ထိန် းချုပ်နယ်မြေဖြစ်တဲ့ လေဆင်းကျေးရွာ မှာ ခွင့်ယူပြီး အိမ်ပြန်နေတဲ့ CDF – Matupi တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၃) က ရဲဘော် ဖိုးသားနဲ့လိုင်ကုန်းတို့ကို CDF – Matupi တပ်မဟာ (၁) နဲ့ အာရက္ခတပ်တော် (AA )တို့က ဖမ်းဆီးချုပ်နှောင်ခဲ့တာလို့ CDF – Matupi တပ်မဟာ (၂) ပြော ရေးဆိုခွင့်ရှိသူက ပြောပါတယ်။“ဧပြီလ ၃ ရက်နေ့ကစလို့ လေဆင်းကနေ ဘွေလီတံတားအထိတောင် AA ဗိုလ်ကြီးတစ်ဦးကို တောင် ဆိုင်ကယ်နဲ့လိုက်ပို့သေးတယ်တဲ့ ဧပြီလ ၅ ရက်နေ့ကျတော့ သူငယ်ချင်းတစ်ယောက် တပ်ရင်းမှာ သွားကြိုပြီးအပြန် လေဆင်းမှာ AA တွေက ခဏလေးပစ္စည်းပါးစရာရှိတယ် စောင့်ပေးပါအုံးဆိုပြီး မနက်ကနေ ညနေ ၅ နာရီထိ စောင့်ခိုင်းပြီး မြို့ပေါ်ကို Icon ပေါက်ပြီးတော့ တခါတည်းဖမ်းတော့တာ၊ လေဆင်းမှာ တစ်ညလောက်  သူတို့ ၂ ယောက်ကို လက်ထိပ်ခတ်ပြီး တော့ ညဏ်လင်းဖြိုးတို့ အဖွဲ့လာပြီး မတူပီမြို့ပေါခေါ်သွားတာလို့ မြေပြင်သတင်းရတယ် ၂၂ ရက်နေ့ညမှာ ထွက်ပြေးလာကြ တယ် ၂၃ ရက်နေ့မှာ ကျနော်တို့ဆီပြန်ရောက်လာတယ်” လို့ CDF – Matupi တပ်မဟာ (၂) ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ CDF – Matupi တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၃) က ရဲဘော် ၂ ဦးကို မတူပီမြို့မရဲစခန်းမှာထား ကာ တပ်မဟာ (၁) ဖက်ဝင်ရောက်လျှင် လစာရပြီး မိဘတွေကိုလည်း မတူပီမြို့ပေါ် လွတ်လပ်စွာ ဖြတ်သန်းသွားလာလှုပ်ရှားခွင့် ပေးမယ်လို့ စည်းရုံးခဲ့တာတွေလည်း ရှိခဲ့တယ်လို့ Matupi တပ်မဟာ (၂) ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဒီကိစ္စတွေနဲ့ ပက်သက်ပြီး CDF – Matupi တပ်မဟာ (၁) ဘက်က တာဝန်ရှိသူတွေကို ဆက်သွယ်ထားပေမယ့် ပြန်လည်ဖြေကြားတာမရှိ သေးပါဘူး။ မတူပီမြို့နယ်မှာ  မတူပီမြို့ပေါ်ကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့ CDF-Matupi တပ်မဟာ(၁) က ချင်းညီနောင်အဖွဲ့ (CB)ဝင်ဖြစ်ပြီး CDF-Matupi တပ်မဟာ(၂)က Chinland Council အဖွဲ့ဝင်ဖြစ်ပါတယ်။ CDF – Matupi တပ်မဟာ (၁) နဲ့ တပ်မဟာ ၂ အကြား ပြန်လည်ပေါင်းစည်းရေး အတွက် ပထမအကြိမ်  ဆွေးနွေးခဲ့ပြီး ဒုတိယအကြိမ်ဆွေးနွေးဖို့ ကျန်နေတဲ့အချိန် မှာ အခုလိုဖြစ်စဉ်ဖြစ်ပွါးခဲ့တာလို့လည်း CD – Matupi တပ်မဟာ ၂ ဘက်ကပြောပါတယ်။ Read in Full

၂၂။  မိုးဗြဲ တိုက်ပွဲအတွင်း မိုးဗြဲ PDF( 1001) တပ်ရင်းမှ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံး
 April 29, 2025
နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးဗြဲ တိုက်ပွဲအတွင်း မိုးဗြဲ PDF ( 1001 ) တပ်ရင်း၊ ကျွဲချိုတပ်ခွဲ က တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့မှာ ကျဆုံးခဲ့တာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် မောင်ကျော်ရှိန်  ဖြစ်ပါ တယ်။ မောင်ကျော်ရှိန် ကျဆုံးမှုဟာ မိုးဗြဲ PDF ( 1001 ) တပ်ရင်း၊ ကျွဲချိုတပ်ခွဲရဲ့ ၁၀ ဦးမြောက် ကျဆုံးသွားတဲ့ ရဲဘော် တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။  ကျဆုံးသွားတဲ့ ရဲဘော် ကျော်ရှိန်ရဲ့ စျာပန အခမ်းအနားကို ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့ တယ်လို့ မိုးဗြဲ PDF ( 1001 ) တပ်ရင်း၊ ကျွဲချိုတပ်ခွဲက အသိပေးထုတ်ပြန်ထားတာရှိပါတယ်။

မိုးဗြဲမြို့မှာ ဧပြီလ ၂၇ ရက်နေ့နဲ့ ဧပြီလ ၂၈ ရက်နေ့ ၂ ရက်အတွင်း နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ တိုက်ပွဲအတွင်း အဆိုပါ ရဲဘော် ကျဆုံးမှုအပြင် အခြားရဲဘော် ၃ ဦးလည်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲပြင်းထန်မှုတွေကြောင့် စစ်ကောင်စီက လက်နက်ကြီး၊ လေယာဉ်တို့နဲ့ ပစ်ကူ တိုက်ခိုက်နေပြီး မိုးဗြဲမြို့က နေအိမ်တွေလည်း ထပ်မံပျက်စီးခဲ့တယ်လို့ ယမန်နေ့ ဧပြီလ ၂၈ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ရှမ်းတောင် စစ်ဒေသခွဲ အမှတ်(၁) ဗျူဟာကလည်း ထုတ်ပြန် ထားပါတယ်။ Read in Full

၂၃။ ဗုံးကြဲခံထားရသည့် ဘီးလင်းမြို့နယ်ရှိ ရွာများမှ စစ်ရှောင်ပြည်သူ နှစ်ထောင်ကျော် နေအိမ်မပြန်ရဲသေး
 April 28, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံထားရသည့် မင်းစော(ဃောဖိုးပလယ်)နှင့် တဂေးလောင်း(ထီးချီဘော) ရွာနှစ်ရွာမှ စစ်ရှောင်သူ နှစ်ထောင် ကျော်မှာ ယနေ့အထိ လေယာဥ်ပျံဝဲမှုများရှိနေသဖြင့် နေအိမ်ပြန်မနေရဲကြသေးကြောင်း ၎င်းတို့ကိုအကူအညီပေးနေသူထံမှ သိရ သည်။ ပြီးခဲ့သည့် ဧပြီလ(၁၉)ရက်နေ့က မင်းစောရွာဘုန်းကြီးကျောင်းသို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက် ယနေ့အထိ လေယာဥ်ပျံဝဲမှုများရှိနေ၍ ရွာနှစ်ရွာပေါင်း အိမ်ထောင်စု ၇၀၁ စုမှ လူဦးရေ ၂,၂၂၂ ဦးမှာ နေရပ်မပြန်မနေရဲ ကြခြင်းဖြစ်သည်ဟု ဘီးလင်းမြို့နယ်ရှိ စစ်ရှောင်ကူအမျိုးသမီးတစ်ဦးက ပြောသည်။“လူတွေက ညညအိပ်မရဲကြဘူး။ ရှောင် နေရတယ်။ နေ့ဘက်ပြန်လာပေမယ့် ခဏပဲ၊ လေယာဥ်ကြောက်လို့ကြာကြာမနေရဲဘူး။ လေယာဥ်ကလည်း ဒီနေ့အထိ လာလာဝဲ နေတယ်။ တဂေးလောင်းက မင်းစောရဲ့ဘေးရွာ၊ မင်းစောမှာဖြစ်ပြီးကတည်းက သူတို့လည်းသတင်းကရထားတော့ မနေရဲကြ ဘူးလေ” ဟု အဆိုပါစစ်ရှောင်ကူအမျိုးသမီးက ပြောသည်။ မင်းစောရွာလေကြောင်းတိုက်ခိုက်ခံခဲ့ရစဥ်က သံဃာတော်များ ဆွမ်း စားနေချိန်ဖြစ်၍ ဝိုင်းဝန်း ဆွမ်းပြင်ပေးရန် ကျောင်းသို့ရောက်နေသည့် ဒေသခံများပါ ထိခိုက်သေဆုံးမှုအတွင်းပါဝင်ခဲ့သည်။ ထို အချိန်ကတည်းက ဒေသခံများမှာ ရွာပြင်ထွက်အိပ်စက်ကြရခြင်းဖြစ်ပြီး နောက်ပိုင်း ရွာ၌ပြန်နေသူအများစုမှာလည်း လတ်တ လော စစ်ကောင်စီ လေယာဥ်များအသွားအလာရှိနေ၍ သတိထားနေကြရကြောင်း ကေအဲန်ယူ တပ်မဟာ(၁)တာဝန်ရှိသူတို့ ပြောပြချက်အရ သိရသည်။

အများစုမှာ တောင်ယာ၊ လယ်ယာ အသက်မွေးလုပ်ငန်းကိုသာလုပ်ကိုင်ကြရပြီး မိမိနေအိမ်၌ကောင်းစွာ နေထိုင်အလုပ်လုပ်ကိုင်ရခြင်းမရှိ၍ ရေရှည်စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာနိုင်မည်ဟုလည်း စစ်ရှောင်များကိုအကူအညီပေးနေ သည့် ဖော်ပြပါ အမျိုးသမီးက ဆက်ပြောသည်။ ၎င်းက “လေယာဥ်လာလာနေတာ့ အလုပ်ကကောင်းကောင်းမလုပ်ရဘူး။ အသံ ကြားတာနဲ့ရှောင်ရပြီ။ လက်ရှိတော့ရှိတာလေးနဲ့ စားတယ်။ ရက်ရှည်မှာဆိုရင် ပိုပြီးအဆင်မပြေဘူးလေ။ သူတို့အတွက်အဓိက လိုအပ်တာ အခြေခံစားသောက်ကုန်၊ ဆန်၊ ဆီပဲ” ဟု ပြောသည်။ စစ်ရှောင်အုပ်စုတွင် ပါဝင်သည့် တဂေးလောင်းကျေးရွာမှာ ယခုနှစ် ဇန်နဝါရီလလယ်က စစ်ကောင်စီမှ ဒုတိယအကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ကျေးရွာဖြစ်ပြီး ထိုစဥ်က ရွာပြင်နှင့် စာသင်ကျောင်းသို့ ဗုံးကျရောက်၍ ရွာခံများ စိုးရိမ်ထိတ်လန့်မှုအတွင်း သွားသွားလာလာလုပ်ခဲ့ရသည့်အပြင် ကျောင်း ဆက်လက်ဖွင့်နိုင်ရေး စိန်ခေါ်မှုရှိခဲ့သေးသည်။ ယခုဧပြီလအတွင်း စစ်ကောင်စီက ကေအဲန်ယူထိန်းချုပ်သည့်နယ်မြေများအား လေကြောင်းတိုက်ခိုက်မှုများ ထပ်တိုးလုပ်ဆောင်လာနေခြင်းကြောင့် ပြည်သူလူထုအသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပွား လျက်ရှိသည်။ ကရင်ပြည်တွင်းနေရပ်စွန့်ခွာရသူများကော်မတီ-CIDKP ၏ မတ်လအထိစာရင်းများအရ ကေအဲန်ယူထိန်းချုပ် သည့် ခရိုင်ခုနှစ်ခုလုံးပေါင်း စစ်ရှောင် ၁၁သိန်းကျော်ရှိလာပြီး သထုံခရိုင်တစ်ခုတည်းတွင် စစ်ရှောင်ဦးရေ ၁ သိန်း ၄ သောင်း ကျော်ရှိသည်။ Read in Full
 

၂၄။ ရခိုင်တောင်ပိုင်း ဒေသခံများ ခရီးသွားထောက်ခံစာ ယူရာတွင် အခက်ခဲအချို့ရှိနေ
 April 28, 2025

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်က ဒေသခံများမှာ မြို့နယ်ဖြတ်ကျော် ခရီးဝေး သွားလာခွင့် ထောက်ခံစာ ULA ထံမှ တောင်းခံရာတွင် အခက်အခဲများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ပိုင်း ဒေသခံများအနေဖြင့် ရခိုင်ပြည် အနှံ့သို့ မြို့နယ်ဖြတ်ကျော်၍ ခရီးသွားလာရာတွင် ULA/AA က ထုတ်ပေးသော ခရီး သွားထောက်ခံစာလိုအပ်ပြီး ယင်းထောက်ခံစာတောင်းခံရာ၌မလွယ်ကူဖြစ်နေကြခြင်းဟု ဆိုသည်။“အရင်ဆုံးကျေးရွာတာဝန် ခံ ဒါမှမဟုတ် တိုက်နယ်တာဝန်ခံဆီက ထောက်ခံစာ တောင်းရတယ်။ အဲဒီထောက်ခံ ညစာတွ ရပြီးတဲ့ အခါကျမှ မြို့နယ်ရုံးကို သွားပြီး ခရီးသွားထောက်ခံစာထပ်တောင်းရတယ်။ ဆိုတော့အရေးပေါ်သွားရမယ့် လူအတွက်မလိုအပ်ဘဲအချိန်ကြန့်ကြာတယ်။ ဝေးလံတဲ့ နေရာက လူတွေဆိုရင် တစ်နေရာကနေ တစ်နေရာကိုသွားတဲ့ လမ်းမှာတင် တစ်ရက်နှစ်ရက်ထိ အချိန်ကုန်သွားပြီ” ဟု မအီမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ အမ်းနှင့် တောင်ကုတ်မြို့နယ်တို့သည် ပြည်မနှင့် ဆက်စပ်နေပြီး လက်ရှိ မကွေး နှင့်ပဲခူးတိုင်းနယ်စပ်တလျောက် စစ်ကောင်စီနှင့်အာရက္ခတပ်တော်တို့တိုက်ပွဲများရှိနေသည်။ အလားတူမာန်အောင်နှင့် ကျောက် ဖြူ မြို့ကိုလည်း စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပြီး လက်ရှိ ကျောက်ဖြူတွင်လည်းတိုက်ပွဲများ ပြင်းထန်နေသည်။

ထို့ကြောင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအခြေအနေအရ ရခိုင် တောင်ပိုင်း မြို့နယ်များရှိ ကုန်းလမ်း၊ ရေလမ်းတလျှောက် တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စစ်ဆေးရေးဂိတ်များ ချထားပြီး ခရီးသွားထောက်ခံစာပါ သူများကိုသာ မြို့နယ် ဖြတ်ကျော်ခွင့် ပြုထားခြင်းဖြစ်ကြောင်း သိရသည်။ ထောက်ခံစာ ယူရာတွင် တစ်နေရာမှ တစ်နေရာသို့ အဆင့်ဆင့် ဖြတ်နေရ၍ အချိန်ကြန့်ကြာခြင်းနှင့် လမ်းစရိတ်ငွေ အပိုကုန်ကျခြင်းတို့ကိုလည်း ကြုံနေကြရသည်။“လုံခြုံရေးအရ ထောက်ခံစာယူရတာ ကို လက်ခံပါတယ်။ ဒါပေမဲ့ အလွယ်တကူဖြစ်အောင် အစိုးရအနေနဲ့ ဝန် ဆောင်မှုပေးသင့်တယ်။ အခုက ထောက်ခံစာအတွက် ငွေကြေးမပေးရပေမယ့် ထောက်ခံစာကို သွားယူဖို့ လမ်းစရိတ်က မလွယ်ဘူး။ ဒါကြောင့် ခရီးသွား ထောက်ခံစာကို ကျေးရွာ အဆင့်၊ အုပ်စုအဆင့်တွေနဲ့အလွယ်တကူရအောင်စီစဉ်ပေးစေချင်တယ်”ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ လက်ရှိ ရခိုင်မြောက်ပိုင်းဒေသက ULA/ AA ထိန်းချုပ်စိုးမိုးထား နေရာအနှံ့အပြားတွင်အလွယ်တကူလွတ်လပ်စွာသွားလာ၍ ကူးသန်းသွားလာခွင့် ရရှိနေကြပြီဖြစ်သည်။ သို့သော်လည်း ရခိုင်တောင်ပိုင်း မြို့နယ်များက ဒေသခံများမှာ ထောက်ခံစာ အခက် အခဲကြောင့် အဆင်မပြေမှုများကြုံတွေ့နေကြရခြင်းဖြစ်သဖြင့် ဖြေလျှော့ပေးစေလိုကြောင်းတောင်းဆိုကြသည်။ 

၂၅။  စစ်ကောင်စီပြန်ထိန်းချုပ်နေသည့် လားရှိုးမြို့တွင်း၌ သေနတ်ပစ်ခတ်သံပြန်ကြားရ
 April 29, 2025
စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်း ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ (၂၉)ရက်နေ့ နံနက်ပိုင်းက လက်နက်ငယ်ပစ်ခတ်သံများ ကြားရသည်ဟု ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ် (MNDAA) သိမ်းပြီးနောက် သေနတ်ပစ်သံမကြားရတော့သည့် လားရှိုးမြို့တွင် စစ်ကောင်စီပြန်ဝင်လာပြီးနောက် သေနတ်သံများ ပြန်ကြား လာရပြီး မည်သည့်အတွက်ကြောင့် ပစ်ခတ်သည်ကိုမူ မသိရဟု ဆိုသည်။“အခုမနက် ၈ နာရီကျော်လောက်က လားရှိုးမြို့တွင်း ထဲကပဲ တစ်ချက်ခြင်းစီပစ်နေတာ။ ၇ ချက်လောက်ပစ်သံ ကြားလိုက်ရတယ်။ ”ဟု လားရှိုးမြို့တွင်းနေ ဒေသခံတစ်ဦးက ပြော သည်။ အဆိုပါ ပစ်ခတ်သံကို လားရှိုးမြို့ ရပ်ကွက်(၅)ဘက်က ကြားရခြင်းမရှိဟုလည်း ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် လားရှိုးမြို့ အမှတ်(၁)ရဲစခန်းကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ပြန်လည်ဝင်ရောက်နေပြီ ဖြစ် ပြီး ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း ယခင်လားရှိုးမြို့တွင် တာဝန်ကျဖူးသည့် ဝန်ထမ်းများကို ပြန်ပို့မည့် အစီစဉ်ရှိနေသည်ဟု လည်း သိရသည်။“အုပ်ချုပ်မှုမရှိတော့ သူခိုးဓါးပြ စိုးရိမ်ရတယ်။ စစ်ကောင်စီဌာနဆိုင်ရာတွေလည်း မလည်ပတ်သေးဘူး။ ရုံးက ဘာရုံးမှမဖွင့်သေးဘူး။ စစ်ကောင်စီကလည်း တပ်စခန်းတွေ ပျက်စီးကုန်တော့ နေထိုင်စရာတွေနဲ့ အချိန်ကုန်နေတုန်းထင်တယ်။ အမှတ်(၁) ရဲစခန်းထဲကို ရဲအနည်းငယ်ရောက်နေတယ်။ ဘာမှမလုပ်နိုင်သေးဘူး။”ဟု ဒေသခံတစ်ဦးကဆက်ပြောသည်။ တရုတ် နိုင်ငံ၏ ဖိအားပေးမှု၊ စစ်ကောင်စီကို ကူညီပေးမှုဖြင့် ကိုးကန့် (MNDAA)တပ်များ လားရှိုးမြို့မှ ဧပြီလ(၂၁) ရက်နေ့တွင် အပြီးပြန် ဆုတ်ပေးလိုက်ရပြီးနောက် စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် လားရှိုးမြို့ကို ပြန်လည်ဝင်ရောက်လာခြင်းဖြစ် သည်။ Read in Full

၂၆။ ဒီးမော့ဆိုအနောက်ဘက်ခြမ်း၌ ကျောက်တုံးပြိုကျပြီး စစ်ရှောင်ပြည်သူတစ်ဦးသေဆုံး၊နေအိမ်အချို့ ပျက်စီး
April 28, 2025
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း၌ ကျောက်တုံးပြိုကျပြီး စစ်ရှောင်ပြည်သူတစ်ဦးသေဆုံးကာ နေအိမ်အချို့ပျက်စီးမှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။ (ဧပြီ ၂၈ ရက်)နေ့လည် ၂ နာရီခန့်က မိုးသွန်းရွာ ပြီး နောက် ငါးပေပတ်လည်ခန့်ရှိမည့် ကျောက်တုံးတစ်လုံးသည် စစ်ရှောင်ပြည်သူများနေထိုင်ရာ နေအိမ်များပေါ်သို့ လိမ့်ကျခဲ့ခြင်း ဟု ဆိုသည်။ “ငလျင်ဒဏ်နောက်ဆက်တွဲကြောင့် တောင်ပေါ်က ကျောက်တုံးတွေ မခိုင်မာတော့ မိုးကထပ်ရွာခဲ့တာကြောင့် လိမ့် ကျလာတယ်လို့ ယူဆရပါတယ်”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ကျောက်တုံးပြို ကျမှုဖြစ်စဥ်နှင်ပတ်သက်၍ ပြောသည်။ ဖြစ်စဥ်ကြောင့် စစ်ဘေးရှောင်အဖိုးတစ်ဦး သေဆုံးခဲ့ပြီး စစ်ရှောင်နေအိမ်အချို့ပျက်စီးခဲ့ရသည်။

လက်ရှိအခြေအနေအရ ကျောက်တောင်အနီးနေထိုင်ကြသည့် စစ်ဘေးရှောင်များလည်းတာဝန်ရှိသူများအနေဖြင့် သတိ ပေးရန်လိုကြောင်းလည်း ဒေသခံအချို့က တိုက်တွန်းထားသည်။ “ကျွန်တော်တို့ စစ်ရှောင်ဘဝလည်း လေယာဉ်ရန် ကြောက်ရ လိုက်။ လက်နက်ကြီးရန်ကြောက်ရလိုက်။ သဘာဝဘေးကြောက်ရလိုက်နဲ့။အခုလည်း ကျောက်တုံးလိမ့်ကြလို့။ လူသေဆုံးရသ လို စစ်ရှောင်ပြည်သူအိမ်လည်း ပျက်စီးခဲ့ရပြီ”ဟု ဒီးမော့ဆိုမြို့နယ်၌ စစ်ရှောင်အရေးကူညီပေးနေသူက ပြောသည်။ မတ်လ ၂၈ ရက်က စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့် ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်း၌ အကျယ်၊အနက် ပေ ၁၀၀ကျော်ရှိသည့် တွင်းနက် ကြီးတစ်ခုလည်းဖြစ်ပေါ်ထားသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်၌စစ်ရှောင်နေရသည့်ပြည်သူ သုံးသိန်း ခန့်ရှိကာ အများစုမှာ အရေးပေါ်ဆေးဝါး နှင့် စားနပ်ရိက္ခာများ လိုအပ်နေသည်။ Read in Full

၂၇။ ပူတာအို – ခေါင်လန်ဖူးလမ်း ပျက်စီးနေပြီး သွားရေးလာရေး အခက်ကြုံ
 April 28, 2025
မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြန်မာပြည်မြောက်ဖျားပိုင်းက ပူတာအို – ခေါင်လန်ဖူးလမ်း ပျက်စီးနေပြီး ဒေသခံတွေ သွားရေးလာရေး အခက်ကြုံနေရတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့အပတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လမ်းနေရာ တော်တော်များများမှာ မြေပြိုပြီး လမ်းပျက်စီးတာတွေဖြစ်ပေါ်ခဲ့တာလို့ ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။  “ပူတာအို-ခေါင်လန်ဖူးလမ်းကျတော့ ရီဒမ်းနဲ့ ဆန်းလွတ်ချက်ကြားထဲမှာ တော်တော်လေး ဆိုးဆိုး ဝါးဝါး ပျက်စီးသွားတယ်လို့ ကြားရတယ်။ ဆိုင်ကယ်တွေသွားဖို့လည်း တော်တော်ခက်ခဲတယ်လို့ သိရတယ်။”လို့ဆိုပါတယ်။ ပြုပြင်ထားတာ မကြာသေးတဲ့ ခေါင်လန်ဖူးနဲ့ ရီဒမ်းရွာကြားက လမ်းလည်း ပြန်လည် ပျက်စီးသွားပြီဖြစ်ပြီး ကားသွားလို့မရတော့သလို ဆိုင်ကယ်သွားလာဖို့ကို ခက်ခဲသွားတာ လို့ သိရပါတယ်။ အခုလို လမ်းပျက်စီးနေတာကြောင့် ၁၂ တန်းစာမေးပွဲ ပြန်လည်ဖြေဆိုရမယ့်သူတွေလည်း သွားရေးလာရေး အခက်ခဲကြုံနေရကြောင်း ဆိုပါတယ်။ ဒေသခံတွေ အားထားရပြီး ကုန်စည်စီးဆင်းရာ လမ်းကြောင်းဖြစ်တဲ့အတွက် ပျက်စီးနေ တဲ့ လမ်းနေရာတွေကို သက်ဆိုင်ရာက အမြန်ပြုပြင်ပေးစေလိုတယ်လို့လည်း အခုလိုပြောပါတယ်။

“အမြန်မပြုပြင်နိုင်ရင်က ဒေသခံတွေအတွက် အခက်အခဲအများကြီးဖြစ်နိုင်တယ်။ ဒေသခံတွေက ဒီလမ်းကြောင်း တစ်ခုနဲ့ပဲ အခြေခံစားသောက်ကုန်တွေ အကုန်လုံး သယ်ယူရတာဆိုတော့ လမ်းပျက်စီးရင်တော့ တော်တော်လေးအခက်ခဲဖြစ် နိုင်တယ်။”လို့ ဒေသခံကဆက်လက်ပြောပါတယ်။ ခရီးသည်တင်ကားတွေနဲ့ ကုန်စည်တင်ဆောင်တဲ့ကားတွေလည်း ခေါင်လန်ဖူး ဘက်ခြမ်းမှာ ပိတ်မိနေတာရှိသလို ပူတာအိုဘက်က တက်တဲ့ကားတွေကလည်း ရပ်တန့်နေရတဲ့ အခြေအနေတွေ ကြုံနေရတာ ကြောင့် ခေါင်လန်ဖူးဒေသဘက် ကုန်ဈေးနှုန်းတွေ အချိန်မရွေး မြင့်တက်နိုင်တဲ့ အခြေအနေရှိတယ်လို့လည်း ပြောပါတယ်။ လက်ရှိမှာတော့ ပျက်စီးနေတဲ့လမ်းနေရာတွေကို ပြုပြင်ပေးဖို့အတွက် သက်ဆိုင်ရာကို တင်ပြ အကြောင်းကြားထားတယ်လို့ လည်း သိရပါတယ်။ ခေါင်လန်ဖူးဒေသဟာ နဂိုကတည်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတစ်ခုဖြစ်ပြီး ဖောက်ထားတဲ့ လမ်းတွေကလည်း တောင်ပေါ်လမ်းတွေဖြစ်တာကြောင့် ရာသီဥတုဆိုးရွားပြီး မိုးရွာများရင်မကြာခဏဆိုသလို မြေပြိုတာ၊ သစ်ပင်လဲတာတွေကြောင့် လမ်းပျက်စီးလေ့ ရှိတာ ဖြစ်ပါတယ်။ Read in Full

၂၈။  UWSA မှ ကျားဖြန့်လုပ်ကိုင်သူ (၇၂) ဦးကို တရုတ်ရဲလက်အပ်၊ ကျားဖြန့်အတွက် နေရာငှားပေးပါက အိမ်ခြံမြေသိမ်းမည်
 April 28, 2025
သျှမ်းပြည် UWSA ထိန်းချုပ် ‘ဝ’ဒေသအတွင်း အွန်လိုင်းကျားဖြန့်ဂိုဏ်းအတွက် နေရာငှားရမ်းပေးပါက အိမ်ခြံမြေ ပိုင် ဆိုင်မှုများကို သိမ်းဆည်းသွားမည်ဖြစ်ကြောင်းထုတ်ပြန်လိုက်သည်။‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်း ချုပ်ထားသည့် ‘ဝ’ဒေသတွင် နေထိုင်သူများအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ကူညီခြင်း မပြုရန် တားမြစ်ထားသည့် အချက်(၄) ချက်ပါ ကြေညာချက်တစ်ခုကို ဧပြီလ (၂၆) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကျားဖြန့် ငွေလိမ် လုပ်ငန်းများတွင် ပုံစံမျိုးစုံဖြင့် ပါဝင်ကူညီခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ပြီး ချိုးဖောက်ပါက ပြင်းပြင်းထန်ထန်ထန် အပြစ် ပေးခံရမည့်အပြင် ကျားဖြန့်ဂိုဏ်းများအတွက် နေရာငှား ရမ်းပေးပါက ၎င်းပါဝင်ပတ်သက်နေသည့် အိမ်ခြံမြေတို့ကို သိမ်းဆည်း သွားမည်ဖြစ်ကြောင်း UWSA ၏ တရားစီရင်ရေးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဟိုတယ် သို့မဟုတ် အိမ်ငှားရမ်းမည် ဆိုပါက သက်ဆိုင်ရာ ပုဂ္ဂိုလ်၏ အထောက်အထားများကို တိတိကျကျ စစ်ဆေးရမည်ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းတွင် ပါဝင်ပတ်သက်နေ ကြောင်း သံသယရှိပါက UWSA တရားစီရင်ရေးဌာနသို့ ချက်ချင်းတိုင်ကြားရန် ရေးသားထားသည်။

UWSA ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ (၇၂) ဦးကို နယ်စပ်ဂိတ်မှတဆင့် တရုတ်ရဲတပ်ဖွဲ့ထံ ဧပြီလ ၂၅ ရက်တွင် လွှဲပြောင်းနေစဉ် အလားတူ ဧပြီလ (၂၅) ရက်တွင် UWSA မှ ‘ဝ’ဒေသအတွင်း ဖမ်းဆီးရမိသည့် အွန်လိုင်းကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၂) ဦးတို့ကို တရုတ်ရဲတပ်ဖွဲ့ထံ နယ်စပ်ဂိတ်မှတဆင့် ထပ်မံလွှဲပြောင်းပေးခဲ့ပြီး ဆက်စပ်ပစ္စည်း ဖုန်း (၃၀၁) လုံးနှင့် ကွန်ပျူတာ (၃၁) လုံးတို့ကို တပါတည်း လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန် သည်။ ဧပြီလ ပထမပတ်အတွင်းကလည်း တရုတ်နိုင်ငံက အလိုရှိကြောင်း ဖမ်းဝရမ်းထုတ်ခံထားရသူ (၈) ဦး အပါအဝင် ကျားဖြန့်လုပ်ကိုင်သူ (၄၈) ဦးတို့ကို UWSA မှ တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီး မတ်လအတွင်းကလည်း တရုတ်အလိုရှိနေသည့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင် နှစ်ဦးနှင့် တရုတ်နိုင်ငံသား (၁၆) ဦးတို့ကို လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ Read in Full

၂၉။  စစ်ကောင်စီအပြင် တော်လှန်ရေးအဖွဲ့တချို့ အင်တာနက်ဖြတ်တောက်မှုများ လုပ်ဆောင်လာဟု MIP ပြော
 April 29, 2025
မြန်မာတွင် အင်တာနက်ဖြတ်တောက်မှုကို တော်လှန်ရေးအဖွဲ့တချို့ကပါ စစ်ကောင်စီကဲ့သို့လုပ်ဆောင်လာသည်ကို သုတေသနပြုတွေ့ရှိရသည်ဟု မြန်မာအင်တာနက်ပရောဂျက်(MIP)က ဧပြီ ၂၈ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။ စစ်တပ်က အာဏာ သိမ်းမှုလုပ်ဆောင်ပြီး ၃ နှစ်မြောက်ကာလတွင် ယခုလိုအင်တာနက်ဖြတ်တောက်ခြင်းကို တော် လှန်ရေးအဖွဲ့တချို့က လုပ်ဆောင် လာသည်ကို လေ့လာတွေ့ရှိခဲ့သည်ဟု MIP ကပြောသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဒီမိုကရေစီလိုလားသည့်အဖွဲ့ များအနေဖြင့် ဒစ်ဂျစ်တယ်အခွင့်အရေး၏ အခြေခံအကျဆုံး အခွင့်အရေးဖြစ်သည့် အင်တာနက်ရယူသုံးစွဲနိုင်ခွင့်အား ကန့်သတ် မည်ဆိုပါက အာဏာရှင်နှင့် တူသောသူများဖြစ်မည်ဟု မြန်မာအင်တာနက်ပရောဂျက် (MPI)က ပြောဆိုထားသည်။ အာဏာ သိမ်း စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း မြို့နယ်ပေါင်း (၈၂) မြို့နယ်တွင် အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်မှု အကြိမ်ပေါင်း ၁၃၀ ကျော်ရှိခဲ့ပြီး အာဏာသိမ်းကာလမှစတင်၍ ယနေ့အချိန်ထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာနက် ဖြတ် တောက်ခံရမှုပေါင်း ၆ ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ စစ်ရေးပဋိပက္ခပြင်းထန်သည့် နယ်မြေများဖြစ်ကြသည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီ ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်တွေမြို့၊ ဟားခါးမြို့၊ လွိုင်ကော်မြို့နှင့် မြစ်ကြီးနားမြို့ အနီးတဝိုက်နေရာများတွင်လည်း အာဏာ သိမ်းစစ်ကောင်စီမှ လက်ရှိအချိန်ထိဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားကြောင်း MIP က ပြောဆိုသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့မှုကျယ်ပြန့်လာသော ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နေရာအချို့နှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဒေသအချို့တွင်လည်း အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်မှုများကို စစ်ကောင်စီမှ တိုးမြှင့်လုပ် ဆောင်လာကြောင်း သိရသည်။ ယခုလို စစ်ကောင်စီတပ်၏ ဆက် သွယ်ရေးလိုင်းများဖြတ်တောက်မှုများကြောင့် ဒေသခံပြည်သူအနေဖြင့် ဘဏ်လုပ်ငန်းကဲ့သို့ အခြေခံဝန်ဆောင်မှုများရရှိနိုင်မှု ဆုံးရှုံးခြင်း၊ စစ်ရေးသတင်းများကိုအချိန်နှင့်တပြေးညီရရှိနိုင်မှုဆုံးရှုံးခြင်းနှင့်အတူ အသက်အန္တရာယ်ထိခိုက်နိုင်မှုမြင့်မားလာခြင်း တို့ ကြုံတွေ့ခဲ့ရသည်။ ၎င်းအပြင် ဆက်သွယ်ရေးပြတ်တောက်မှုများကြောင့် ဒေသတွင်းကုန်စျေးနှုန်းကြီးမြင့်လာခြင်း၊ ကျန်းမာ ရေး၊ ပညာရေးဆိုင်ရာ အခြေခံဝန်ဆောင်မှုများ ရရှိနိုင်မှုအခြေအနေဆုံးရှုံးခြင်းစသည့် အခြေအနေဆိုးများကို ရင်ဆိုင် ကြုံတွေ့ နေရသည်ဟု မြန်မာအင်တာနက် ပရောဂျက်သုတေသန ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ Read in Full

၃၀။ နမ့်လန်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က အမျိုးသမီး၂ ဦးကို ဖမ်းဆီး၊ ၁ ဦးကို ငွေ ၃ သိန်း တောင်းယူ
April 29, 2025
ရှမ်းမြောက် သီပေါမြို့နယ် နမ့်လန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ တအာင်းအမျိုးသမီး ၂ ဦးကို ဖမ်း ဆီးထားကာ တစ်ဦးကို ငွေ ၃ သိန်းတောင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ကာယကံရှင်ဖြစ်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကအမျိုးသမီး ၂ ဦးဟာ နေရပ်ဖြစ်တဲ့ သီပေါမြို့ကို လာနေချိန် နမ့်လန်မြို့မှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆက်ပြောပါတယ်။ “ရွာဘက်မှာ အလုပ်ရှိလို့ သွားတာပါ။ အလုပ်ကိစ္စပြီးတော့ သီပေါမြို့ကို ပြန်မယ်ပေါ့။ နမ့်လန်ဂိတ်ရောက်တော့ မှတ်ပုံတင်ပြရတယ်။ ပလောင်လားဆိုပြီးမေးတော့ ခဏစောင့်ခိုင်းသေးတယ်။ ဘာကိစ္စ နဲ့ နမ့်လန်ဘက်ကိုလာတာလဲပေါ့။ အဲတာနဲ့ပဲ ရစ်လာတယ်။ ဂိတ်စောင့်က ၂ ယောက်ပဲရှိတာ သူတို့က လုပ်စားနေတာလား မသိ ဘူး” စစ်ကောင်စီတပ်က တောင်းတဲ့ ငွေပမာဏကို ‌ချက် ချင်းပေးနိုင်တာကြောင့် ဧပြီ ၂၆ ရက်‌မှာပဲ ပြန်လွှတ်ပေးလိုက်တယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ ကာယကံရှင်ဖြစ်သူက ဆက်ပြောပါတယ်။

နမ့်လန်မြို့မှာရှိတဲ့ စစ်တပ်ဂိတ်ဟာခရီးသွားလာသူထဲကတအာင်းလူထုတွေကို သာစစ်ဆေးရေးပိုတင်းကြပ်နေကြောင်း ‌ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က လောက်ကိုင်မြို့ဘက် အလုပ်လုပ်ဖို့သွား တဲ့ တအာင်းလူငယ် ၃ ဦးကို အဲဒီစစ်ကောင်စီတပ်က ဖမ်းဆီးကာ တစ်ဦးကို ငွေ ၄ သိန်း တောင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြီးခဲ့ တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း လင်မယား ၂ ဦးဟာ နမ္မတူမြို့မှာရှိတဲ့ သမီးဖြစ်သူဆီ အလည် လာနေချိန်မှာပဲ ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီဂိတ်ကို ငွေ ၆ သိန်း ပေးကာပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။ Read in Full

၃၁။ အဓမ္မစစ်မှုထမ်းခိုင်းနေသည့် စစ်ကောင်စီအား အရေးယူနိုင်ရန် ကုလနှင့် အာဆီယံကို NUG တောင်းဆို
 April 29, 2025
စစ်ကောင်စီက ပြည်သူများကို အတင်းအကြပ်စစ်မှုထမ်းခိုင်းစေခြင်းအား အမြန်ဆုံးရပ်တန့်နိုင်ရန်အတွက် ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းထံသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ ဧပြီ ၂၈ ရက်နေ့မှာ တိုက်တွန်းတောင်းဆိုလိုက်သည်။ စစ်ကောင်စီသည် စစ်သားအင်အား လျော့နည်းလာမှုနှင့် ဘက်ပြောင်းလက်နက်ချမှုများ၊ အဆမတန်များပြားလာမှုကို အစားထိုးဖြေရှင်းနိုင်ရန်အတွက် “ပြည်သူ့စစ်မှုထမ်း ဥပဒေ” အမည်ခံ ဗျူဟာတစ်ရပ် ချမှတ်ကျင့်သုံးခဲ့ကြောင်း NUG က ပြောသည်။ စစ်မှုထမ်းဥပဒေကို အသုံးချပြီး လူငယ်များနှင့် မိသားစု များကို ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ အတင်းအကြပ် အကြမ်းဖက်ခေါ်ဆောင်သည့် နည်းလမ်းများကိုသုံး၍ စစ်သားစု ဆောင်းလျက်ရှိကြောင်း “အဓမ္မစစ်မှုထမ်းစေခြင်း- မြန်မာနိုင်ငံရှိ အတင်းအကြပ် စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေ များ”ဆိုသည့် အစီရင်ခံစာကဆိုထားသည်။ အတင်းအကြပ် စစ်မှုထမ်းခိုင်းနေခြင်းများသည် အဓမ္မလုပ်အားခိုင်းစေခြင်းနှင့် လူ ကုန်ကူးမှုကျူးလွန်ခြင်းမြောက်ကြောင်း၊လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်းလည်းဆိုထားသည်။ ထိုသို့စုဆောင်းခြင်းခံရသည့် လူငယ်များထဲတွင်အသက်မပြည့်သေးသည့် ကလေးသူငယ်များနှင့်စစ်မှုထမ်းရန် မသင့်လျော် သော ရုပ်ပိုင်း၊ စိတ်ပိုင်း မသန်စွမ်းသူများပင် ပါဝင်သည့်အပြင် အမည်စာရင်းများကို ကောက်ခံပြီး ငွေညှစ်တောင်းခံသည့် ဖြစ်ရပ်များ လည်းရှိကြောင်း ယင်းအစီရင်ခံစာကဆိုသည်။

ဝန်ကြီးဌာနက မှတ်တမ်းတင်နိုင်သည့် ထွက်ဆိုချက်များအနက် စစ်မှုထမ်းရန် အကြုံးဝင်သည့် လူငယ် များ၏ အမည် စာရင်းကို ကောက်ယူပြီး မိသားစုဝင်များထံ ငွေညှစ်တောင်းခံသည့်ဖြစ်ရပ်များလည်းရှိကြောင်းလည်း ဖော်ပြထား သည်။ အတင်း အကြပ် စစ်မှုထမ်းစေခိုင်းခံခဲ့ရသည့် လူငယ်များ၏ ထွက်ဆိုချက်များကို အခြေခံ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန် သည့် စစ်အုပ်စု၏ နည်းနာများကိုတင်ပြထားပြီး ထိုထွက်ဆိုများအရ လူငယ်များသည် နေအိမ်များ၊ လုပ်ငန်းခွင့်များနှင့် စစ်ဆေး ရေးဂိတ်များတွင် အကြမ်းဖက်စစ်အုပ်စု၏ စီမံချက်ချမှတ် ဖမ်းဆီးမှုများကို ရင်ဆိုင်ခဲ့ရကြောင်းဆိုသည်။ တစ်ဖက်မှာလည်း အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် အဓမ္မ စစ်သားစုဆောင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသော လူငယ်များကို လူသားချင်း စာနာသော မူဝါဒကိုအခြေခံ၍ စောင့်ရှောက်မှုများ လုပ်ဆောင်ပေးဖို့ကိုလည်း တိုက်တွန်းတောင်းဆိုထားသည်။ စစ်ကောင်စီ သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်များအား ဆက်တိုက်ဖမ်းဆီးနေပြီး စစ်မှုထမ်းအပတ်စဉ်တစ်ခုလျှင် သင်တန်းသားဦးရေ ၅,၀၀၀ နှုန်းဖြင့် အပတ်စဉ် ၁၂ အထိ ခေါ်ယူထား ပြီလည်းဖြစ်သည်။ Read in Full

၃၂။ အင်းလေးဒေသ မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်
 April 28, 2025
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန် အနီး ကြာတောရွာတွင် မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်သွားပြီး ဒေသခံများ အခက်တွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ ဧပြီလ (၂၇)ရက် နေ့လည် (၁)နာရီကျော် တွင် မိုးများပြင်းထန်စွာရွာသွန်းပြီး မိုးသီးများကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ကြောင့် ငလျင်ဒဏ်ကြောင့် ဖြိုထားသည့် အိမ်သွပ်အမိုးများ လေထဲသို့ လွင့်ပါခြင်း၊ ယာယီတဲ မိုးကာများလည်း လန်ထွက်သွား ခြင်းများကြောင့် ပြည်သူများ ကြောက်လန့်ခဲ့ရသည်ဟု အင်းလေး ဒေသခံ များထံမှ သိရသည်။ “မနေ့တုန်းကတော့ မိုးတွေရွာ လေတွေတိုက်တယ်။ မိုးသီးတွေလည်းပါတယ်။ အရမ်းကြီး ထိခိုက်တာမျိုးတော့ မဟုတ်ဘူး။ အမိုးတွေလန်ကုန်တယ်။ ယာယီတဲ မိုးကာနဲ့ပဲနေရတယ်ဆိုတော့ လေတိုက်တော့ အကုန်လန်ထွက်ကုန်တယ်။ ပြည်သူတွေလည်း မိုးထဲလေထဲမှာကြောက်ကြောက် လန့်လန့်နဲ့ နေရတယ်။” ဟု အင်းလေး ငလျင်ဒဏ်သင့် ကူညီနေသည့် အမျိုးသား တစ်ဦးက ပြောသည်။ ထို့အပြင် ငလျင်ဒဏ် ကြောင့် ပျက်စီးသွားသည့် အိမ်များကို ပြန်လည်ပြင်ဆင်ရန်လိုအပ်ပြီး မြေကျွံသွားသည့် အိမ်များကို သစ်သားတစ်ချောင်းခြင်း လိုက်လံ ဆွဲနုတ်ရသောကြောင့် ပြန်လည်ပြင်ဆင်ရန် အချိန်ကြာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး အင်းလေးဒေသတွင် ငလျင်ဒဏ်သင့် ပြည်သူ (၂၀၀၀)ဦးမျှရှိပြီး အိမ်များကို ပြန်လည်ပြင်ဆင်ရန် လူအင် အား၊ ငွေအင်အားများလည်း လိုအပ်နေပြီး ဝါးတစ်လုံးကကျပ်(၁၈၀၀၀)ဖြင့် ဝယ်ယူနေကြရသည်ဟု ကူညီကယ်ဆယ်ရေးလုပ် ဆောင်နေသည့် အင်းလူငယ် တစ်ဦးက ပြောသည်။“အချိန်လည်း အများကြီးယူရမယ်။ လူအင်အား ငွေအင်အား အစရှိသဖြင့် ပေါ့လေ။ တော်တော်တော့ မလွယ်ဘူး။ ဝါးတစ်လုံးကို ကျပ်(၁၈၀၀၀)ပေးဝယ်ရတယ်။ဒါကတော့ ဈေးများတယ်လို့ မယူဆပါဘူး။ ဝါးခုတ်ရတာ။သယ်ရတာ ပို့ရတာနဲ့ဆို ဒီဈေးက အဆင်ပြေတယ်။ ဝါးတစ်လုံးကို ကျပ်(လေးသောင်း)မျိုး ပေးဝယ်နေရရင် တော့ ဒါမဟုတ်တော့ဘူး။” ဟု အဆိုပါ လူငယ်တစ်ဦးက ပြောသည်။ “မနေ့က မိုးရွာ လေတိုက်တယ်။မိုးကာနဲ့ဆိုတော့ အပေါ် လည်းမလုံ ဘေးလည်းမလုံဘူး။ ဒါတောင် မိုးအစပဲရှိသေးတယ်။မိုးရာသီဆို ဘယ်လိုနေမလဲ မသိဘူး။” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ ဧပြီလ (၂၇)ရက်တွင် မိုးသက်လေပြင်းကြောင့် သျှမ်းပြည်တစ်ဝန်း နေအိမ်များ ပျက်စီးခြင်း စိုက်ခင်းများပျက်စီးခြင်းများ တွေ့ကြုံခဲ့ရသည်။ https://burmese.shannews.org/archives/48003

၃၃။ ရခိုင်မှာ တစ်လကျော်အတွင်း စစ်ကျန်ဗုံးသီးနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူ ၁၇ ဦးရှိ
 April 28, 2025
အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည်က မြို့နယ်များတွင် မြေမြှုပ်မိုင်းများနှင့် စစ်ကျန်ဗုံးသီးများကြောင့် ၃၃ ရက်အတွင်းမှာ အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ခြေထောက်ပြတ်ပြီး ပြင်းထန်ဒဏ်ရာရနေသူ ၁၇ ဦးရှိကြောင်း သိရသည်။ စစ်ကျန်လက်နက်ပစ္စည်းများနှင့် မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးသူများအား Western News မှ ၂၀၂၅ မတ်လ ၂၆ ရက်ကနေ ယနေ့ ဧပြီလ ၂၇ ရက်နေ့အထိ စုစည်းထားချက် စာရင်းအရ သိရသည်။ ယခု ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးသွားသူမှာ အာဏာသိမ်း စစ်ကောင်စီ တပ်စွဲထားသော နေရာများ၊ တပ်ရင်းများနှင့် သွားလာလှုပ်ရှားခဲ့သော နေရာများသို့ သွားရောက်ခြင်းမှ ထိခိုက်သေဆုံး ကြခြင်းဖြစ်သည်။ ရခိုင်ပြည်က ဒေသခံပြည်သူများမှာ လယ်ယာလုပ်ငန်း၊ တောင်ယာလုပ် ငန်းနှင့် ချောင်းအင်းအိုင်များတွင် သားငါးရှာဖွေခြင်း၊ ထင်းခွေမှုများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရပြီး ထိုသို့ ရှာဖွေစား သောက်ချိန် စစ်ကောင်စီ ထောင်ထားခဲ့သော မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် အသက်ဆုံးရခြင်းဖြစ်သည်။

မြေမြှုပ်မိုင်းနှင့် စစ်ကျန်ဗုံးသီးများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ ယခု ၃၄ ရက်တာအတွင်း စာရင်းအရ သံတွဲက ၁ ဦး၊ တောင်ကုတ်မြို့က ၇ ဦး၊ ဂွမြို့က ၂ ဦး၊ မြောက်ဦးက ၂ ဦး၊ မြေပုံမြို့က ၁ ဦးနှင့် မင်းပြားမြို့က ၂ ဦး အမ်း ၁ ဦးနှင့် မောင်တော ၁ ဦး တို့ဖြစ်သည်။ မြေမြှုပ်မိုင်းနှင့် စစ်ကျန်ဗုံးသီးများကြောင့် ထိခိုက်သေဆုံးသူမှာ တောင်ကုတ်မြို့က အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရသည်။ Read in Full

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button