တိုင်းရင်းသားများသတင်း

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး စုပေါင်းဆောင်ရွက်ကြပါရန် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) ကတိုက်တွန်း

ပုံစာ – ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) အဖွဲ့ဝင် ခေါင်းဆောင်များအား တွေ့ရစဉ်။

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၄၊ ၂၀၂၂

ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး ငြိမ်းချမ်းရေး အတူတကွ ယှဉ်တွဲ နေထိုင်နိုင်ရေး၊ ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသားအပေါင်း ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီပြည်စုကို စုပေါင်းတည်ဆောက်သွားနိုင်ရေး ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) က ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြည်သူတို့ထံ တင်ပြသည့် နှစ်သစ်သဝဏ်လွှာတွင် ပြောဆိုထားသည်။

လွတ်လပ်ရေး ရရယူကာ ပြည်ထောင်စုကြီးကို စုပေါင်းတည်ဆောက်ခဲ့ပြီးနောက် ရာသီအလီလီ နှစ်ကာလ ရှည်ကြာစွာ တိုင်းရင်းသားအပေါင်းတို့ အတူတကွ ဖြတ်သန်းခဲ့သော်လည်း နိုင်ငံရေးဆိုင်ရာ ပဋိပက္ခအကျပ် အတည်းများကြောင့် ပြည်သူတို့သည် ဆင်းရဲဒုက္ခများ၊ လူ့အခွင့်အရေး ဆုံးရှုံးမှုများ၊ ငြိမ်းချမ်းရေး ကင်းမဲ့မှုများ၊ စစ်ဘေးဒဏ်များကို တွေ့ကြုံခံစားနေရဆဲ ဖြစ်နေသည့်အပေါ် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ လူမျိုးများ အားလုံး စုပေါင်း အဖြေရှာကြရန် တိုက်တွန်း တောင်းဆိုထားသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု စုပေါင်းတည်ဆောက်သွားနိုင်ရေးအတွက် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာတော့ ရှမ်းပြည်ဖက်ဒရယ်အခြေခံမူနဲ့ ရှမ်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပထမ မူကြမ်းအဖြစ် ပဏာမ အတည်ပြုနိုင်ခဲ့တယ်လို့ CSSU မှ အတွင်းရေးမှူးချုပ် စိုင်းလိတ်က ဖက်ဒရယ်ဂျာနယ်ကို ပြောသည်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ CSSU အနေနဲ့ အာဏာသိမ်းမှုကို လက်မခံတဲ့အကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပယ်ဖြတ်ရမယ်ဆိုတဲ့အကြောင်းနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရမယ်ဆိုတာကို အထူးသဖြင့် မည်သည့် အာဏာရှင် ကို မဆို လက်မခံဘူးဆိုတဲ့အကြောင်း သဘောထားထုတ်ပြန်မှုတွေ ထုတ်ပြန်တယ်။ အဲဒီအပြင်ကို ကျနော်တို့ CSSU အဖွဲ့ဝင်အကုန်လုံးအနေနဲ့ ဖက်ဒရယ် Principle ရှမ်းပြည် Principle နဲ့ ရှမ်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးကို တစိုက်မတ်မတ်လုပ်လာတယ်။ ဒီနေ့အထိလည်း စဉ်ဆက်မပြတ် လုပ်နေဆဲဖြစ်တယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာတော့ ရှမ်းပြည်ဖက်ဒရယ်အခြေခံမူနဲ့ ရှမ်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပထမ မူကြမ်းအဖြစ် ပဏာမ အတည်ပြုခဲ့ပါတယ်။ အခုတော့ ဒေသန္တရအုပ်ချုပ်ရေး၊ တနည်းအားဖြစ် နယ်တွင်း အုပ်ချုပ်ဆိုင်ရာကိစ္စများကို စဉ်ဆက်မပြတ် လုပ်နေပါတယ်။ ဆက်လက်ပြီးတော့ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို သင်တန်းတွေဖွင့်ပြီးတော့ သက်ဆိုင်ရာပုဂ္ဂိုလ်၊ သက်ဆိုင်ရာ အဖွဲ့အစည်း တွေကို ချပြသွားဖို့ရှိပါတယ်” ဟု သူက ပြောသည်။

သူဆက်ပြောတာက

“အဓိကကတော့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကို ဉီးတည်တယ်ပေါ့နော်၊ ကျွန်တော်တို့ CSSU ရဲ့ အခြေခံမူရပ်တည်ချက်က (၁) ရှမ်းအမျိုးသားညီညွတ်ရေး၊ (၂) ရှမ်းပြည်တွင်းညီညွတ်ရေး၊ (၃) ပြည်ထောင်စုအတွင်းညီညွတ်ရေးပေါ့နော်။ အခု ရှမ်းအမျိုးသား အချင်းချင်းညီညွတ်ရေးကဏ္ဍမှာတင် အားလုံး သိတဲ့အတိုင်း SSA တောင်ပိုင်းနဲ့ SSA မြောက်ပိုင်းတိုက်ပွဲတွေက အခုထိမငြိမ်းနိုင် သေးဘူး။ အဲ့ဒါကိုစောင့် နေမယ်ဆိုရင်လည်း ရှမ်းပြည်တွင်းညီညွတ်ရေး ဖြစ်လာဖို့အတွက်ကတော့ တော်တော်ကြီးကို အချိန်ယူရ လိမ့်မယ်။ အဲလိုမဖြစ်အောင် Parallel သွားဖို့ ဆုံးဖြတ်ထားတယ်။  ရှမ်းအမျိုးသား ညီညွတ်ရေးကို တည်ဆောက်ရင်း ရှမ်းပြည်တွင်း တိုင်းရင်းသား အားလုံးညီညွတ်ရေးအတွက် ကျွန်တော်တို့ရေးဆွဲ အတည်ပြု ထားတဲ့ ပဏာမ ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနဲ့ ဖက်ဒရယ်အခြေခံမူကြမ်းကို ပထမအဆင့် နိုင်ငံရေးပါတီ အချင်းချင်း၊ ဒုတိယအဆင့် CSO အဖွဲ့အစည်းများ၊ နောက်ပိုင်းမှာ ရှမ်းပြည်အတွင်းရှိ အဖွဲ့အစည်းများထံ သွားရောက်တင်ပြ ဆွေးနွေးပြီးတော့မှ လိုအပ်တာများကို ဝိုင်းဝန်းပြင်ဆင်ဖွဲ့စည်း လုပ်ဆောင် ကြဖို့ရှိပါတယ်ခင်ဗျ။ ကျွန်တော်ရည်မှန်းတာ တစ်ချက် ရှိပါတယ်။ ရှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရှမ်းပြည်သားတွေ အကုန်လုံးဝိုင်းဝန်းပြီးတော့ ရေးဆွဲတာကို ရည်မှန်းတာပါ။ အဲ့ဒါကိုအဓိကလုပ်ဖို့ရှိပါတယ်” ဟု ပြောသည်။

၂၀၂၂ ခုနှစ်မှ စတင်၍ ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အကြား ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ရပ်တန့်နိုင်ရေး နည်းလမ်းရှာဖွေကာ တိုင်းရင်းသားပြည်သူအပေါင်း လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး စုပေါင်းဆောင်ရွက်ကြပါရန် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ကတိုက်တွန်း ဆောင်းဆိုထားသည်။

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌကြီး ယွပ်စစ်မှ ကမကထပြု ဆောင်ရွက်ခဲ့ကာ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ စိန်ကျော့ပြည်သူ့စစ်တို့ပါဝင်သည့် လက်နက်ကိုင်သုံးဖွဲ့အပြင် နိုင်ငံရေးပါတီများ ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP), ရှမ်းပြည်နယ်အရှေ့ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (ESSDDP) ပါပြီး CSOs အဖွဲ့အစည်းများအနေဖြင့် Tai Youth Network (TYN), Tai Youth Organization (TYO), ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ထိုင်းနိုင်ငံ လူငယ်အဖွဲ့အပါဝင် CSOs အဖွဲ့စုစုပေါင်း (၈)ဖွဲ့ပါဝင်ကာ (၂၀၁၃) ခုနှစ်တွင် ဖွဲ့စည်းခဲ့ထားခြင်း ဖြစ်သည်။ နောက်ပိုင်းတော့ SNDP နှင့် ဖြတ်သိမ်းလိုက်တဲ့ ပါတီဖြစ်တဲ့ ESSDDP တို့ကတော့ မပါဝင်ကြတော့ကြောင်း သိရသည်။

Related Articles

Back to top button