တိုင်းရင်းသားများသတင်း

ကရင်နီဒေသက ဆုံးရှုံးမှုများကို PKPF ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ ဇူလှိုင် ၁

အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ပဋိပက္ခတို့ကြောင့် ကရင်နီပြည်နယ်ရှိ အရပ်သားသေဆုံးမှု (၂၄၁) ဦးထိရှိခဲ့ပြီး မတရား ဖမ်းဆီးခံရသူဦးရေ (၂၅၃) ဦးထိ တိုးလာကြောင်း PKPF က ထုတ်ပြန်ထားသည်။

ဒါ့အပြင် စစ်ဘေးရှောင်နေစဉ် ဆေးဝါးနှင့် စားနပ် ရိက္ခာမလုံလောက်မှုတို့ကြောင့် သေဆုံးသွားခဲ့ရသောပြည်သူ (၃၃) ဦးထိ ရှိလာပြီဟုလည်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဆိုသည်။

ယနေ့ထိ ကရင်နီဒေသအတွင်း တိုက်ပွဲအကြိမ်အရေတွက် (၃၆၄ ) ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် (၁၃၇)ကြိမ်ထိ ပြုလုပ်ခဲ့ကြောင်းလည်း ဆိုသည်။

ယင်းတိုက်ပွဲများတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်(၁၃၂ ) ဦးထိ ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီ တပ်သား(၁၃၄၁) ဦးထိ သေဆုံးခဲ့သည်။ တဖန် စစ်ကောင်စီတပ်သားများ သေဆုံးမှုနှင့်အတူ စစ်ကောင်စီယာဥ်တန်(၅၄)စီးထိ ပျက်စီးမှု ရှိခဲ့ပြီဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။ 

ဒါ့အပြင် စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့် လေကြောင်းပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ နေရအိမ်များ(၁၁၂၁) လုံးထိ ပျက်စီးခဲ့ရပြီး ဘာသာရေးအဆောက်အဦး (၂၂)လုံး ပျက်စီးသွားခဲ့ရပြီ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဖော်ပြထားသည်။ 

တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF)သည် မည်သည့်အဖွဲ့အစည်း၏ ငွေကြေးထောက်ပံ့မှုများ ရယူခြင်းမရှိပဲ ကိုယ့်စာရိတ်ကိုယ်စိုက်ကာ ကရင်နီအမျိုးသားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာနိုင်ရေးအတွက် ကရင်နီလူငယ်များဖြင့် ဖွဲ့စည်းထားပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပိုမိုအားကောင်းစွာ သုတေသနပြုစု သက်သေခံ အချက်အလက်များ ကောက်ယူနေသည့် အဖွဲ့အစည်း တခုဖြစ်သည်။

PKPF ပြုစုထားသောစာရင်းများသည် မြေပြင်အခြေအနေကို အခြေခံထားသလို အဖွဲ့အစည်း အသီးသီး၏ ထုတ်ပြန်မှုအပေါ်လည်း အခြေခံ၍ စုဆောင်းထားသည့် အချက်အလက်များ ဖြစ်သောကြောင့် တချို့သော ကိန်းဂဏန်းများမှာ လွဲမှားနိုင်ကြောင်းလည်း အသိပေးထားသည်။

Related Articles

Back to top button