အတွေးအမြင်

တော်လှန်ရေး၊ ဖက်ဒရယ်အရွေ့ နဲ့  ၂၀၂၅

တော်လှန်ရေး၊ ဖက်ဒရယ်အရွေ့ နဲ့  ၂၀၂၅

မြတ်လင်း (DPNS) ၊ အတွေးအမြင်

မကြာမီရက်ပိုင်းကပဲ နှစ်ဟောင်းကုန်ဆုံးခဲ့ပြီး နှစ်သစ်တခုကို ကူးပြောင်းခဲ့ပါတယ်။ ယခု၂၀၂၅ခုနှစ် မကူးခင် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ကုန်ဆုံးခါနီးမှာ တော်လှန်ရေးဘက်တော်သား ပြည်သူတွေအနေနဲ့ စိတ်ဓါတ် တက်ကြွဖွယ်ရာ သတင်းတွေကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖတ်ရှုခဲ့ရ၊ မြေပြင်က ရဲဘော်တွေဆီကနေ ကြားသိခဲ့ရတာတွေ ရှိနေခဲ့ပါတယ်။ ၂၀၂၅ခုနှစ် မရောက်ခင်လေးမှာပဲ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ စစ်ရေးအောင်မြင်မှုဟာ တော်လှန်လူထုကို ရွှင်လန်းတက်ကြွမှုနဲ့ ၂၀၂၅ခုနှစ်ကို ကြိုဆိုနိုင်ခဲ့မယ်လို့ ထင်မြင်မိပါတယ်။

၂၀၂၅ ခုနှစ်မှာ လူမျိုးစုံပြည်သူတွေရဲ့ တော်လှန်ရေးအရွှေ့ဟာ ၂၀၂၄ ခုနှစ်ထက်ပိုမို ရှေ့ကို ရောက်သွားမှာလား၊ တနိုင်ငံလုံးအနှံ့ကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှုတွေက ပိုများလာမှာလား ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ တိုင်းရင်းလက်နက်ကိုင်တွေထဲမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့   အာရက္ခတပ်တော် AAတို့က ၂၀၂၄ခုနှစ်ကုန်ခါနီးထိ စစ်ကောင်စီကို စစ်ရေးအရ အောင်ပွဲ ဆင်နိုင်ခဲ့ကြတာကို ပြည်သူတစ်ရပ်လုံး မြင်ကြားသိခဲ့ပြီးဖြစ်ပါတယ်။ ၂၀၂၄ခုနှစ်ကုန်ပြီးအထိ အာရက္ခတပ်တော် AAက ရခိုင်ပြည်ရှိ ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး ၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏား ကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တောမြို့၊ တောင်ကုတ်၊ အမ်း၊ ဂွ စသည့် ၁၄ မြို့တို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့ကို AA က သိမ်းပိုက်ထားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကလည်း မော်လူး၊ မဘိမ်း၊ ဆင်ဘို၊ မြို့လှ၊ ဒေါ့ဖုန်းယန်၊ လွယ်ဂျယ်၊ ကျင်ဒွေး၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ မိုးမောက်၊ ချီဖွေ၊ ဆော့လော်၊ ပင်လည်ဘူး၊ ပန်ဝါ၊ ဖီမော်၊ ကံပိုက်တည် စတဲ့ မြို့တွေကိုသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ မကြာမှီမှာလည်း ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်မယ့် အနေအထား ရှိပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် · PSLF/TNLA  က မြို့ပေါင်း ၁၂မြို့၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)က ၁၀မြို့၊ ချင်းတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များက (၈)မြို့၊ ကရင်နီတပ်​ပေါင်းစု(KRF)မှ (၆)မြို့၊ ကရင်အမျိုးသား အစည်းအရုံး(KNU)မှ (၅)မြို့၊ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက(၇)မြို့တို့ကို နွေဦးတော်လှန်ရေး အစပိုင်း ကာလမှ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။

နွေဦးတော်လှန်ရေးကာလ ၄နှစ်နီးပါး ကာလမှာ ဖက်ဆစ်စစ်တပ်ရဲ့ ပြင်းထန်တဲ့ ဆိုးရွားတဲ့ ယုတ်မာကောက်ကျစ်မှုမျိုးစုံနဲ့ လူထုအပေါ် ညှင်းပမ်းနှိပ်စက် ဖမ်းဆီးသတ်ဖြတ်မှုတွေကို လူမျိုးစုံ ပြည်သူလူထုက ရရာလက်နက်စွဲကိုင်ကာ အာခံတော်လှန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များက မြို့ပေါင်း ၉၀ကျော်ကို ပေးဆပ်မှုများစွာနဲ့ သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်ဟာ စစ်ရေးရေချိန်အလွန်မြင့်ခဲ့တဲ့ ကာလပဲဖြစ်ပါတယ်။ ၂၀၂၄ခုနှစ်မှာ ပြောစမှတ်ပြုစရာ ကတော့ ၁၀၂၇ စစ်ဆင်‌ရေး ဒုတိယလှိုင်းတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဦးဆောင်သော မဟာမိတ်တပ်မျာက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကြီး(ရမခ)အား ဩဂုတ် ၃ရက်နေ့တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။ ဖက်ဆစ်စစ်တပ်တွင် စစ်တိုင်းကြီး ၁၄ ခုရှိသည့်အနက် ရမခသည် စစ်အင်္ဂါစဉ်အရ ဒုတိယမြောက်နေရာတွင်ရှိသည့် တိုင်းစစ်ဌာနချုပ် ဖြစ်သည့်အတွက် စစ်ကောင်စီအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပြီး၊ တော်လှန်ပြည်သူတို့အတွက် အားတက်ဖွယ်ရာ အခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်။

ရမခတိုင်းကို အောင်ပွဲဆင် တိုက်ခိုက်ခဲ့ပြီးနောက် နောက်ထပ်ကျရှုံးခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်တိုင်းတစ်ခုကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပဲဖြစ်ပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုတော့ ဒီဇင်ဘာ ၂၀ ရက်တွင် အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းပိုက်လိုက်ခဲ့တာဖြစ်လို့ ၂၀၂၄ခုနှစ်ကုန်ဆုံးခါနီးမှာ ၂၀၂၅ ခုနှစ်ကို ကြိုဖို့ လူမျိုးစုံတော်လှန်ပြည်သူတို့အတွက် အာရက္ခတပ်တော် AA ရဲ့ နှစ်ကူးလက်ဆောင်လို့ တင်စားရင် ရလောက်မယ်လို့ ထင်မြင်မိပါတယ်။

တပြိုင်နက်တည်းဆိုသလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် ရခိုင်ပြည်နယ်အတွင်းမှ စစ်ကောင်စီ တပ်များကို တိုက် ထုတ်ခဲ့သည့် အာရက္ခတပ်တော် (AA) သည် ၎င်းတို့၏နယ်မြေစိုးမိုးမှုကို ပိုမိုခိုင်ခန့်ရန်အတွက် စစ်ကောင်စီနှင့်နိုင်ငံရေးဆွေးနွေးရန် အသင့်ရှိသည်ဟု ဒီဇင်ဘာ(၃၀)ရက်နေ့ နေ့လယ်က ကြေညာလိုက်တာကို တွေ့ရပါတယ်။ ဒီအချက်ကလည်း ၂၀၂၅ခုနှစ်အတွက် ထူးခြားမယ့် အချက်တချက်ဖြစ်ပါလိမ့်မယ်။ စစ်ရေးမှာအားသာနေတဲ့အချိန် တရုတ်ရင်းနှီးမြုပ်နှံမှုတွေ များစွာရှိနေတဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်ကျွန်းကလွဲရင် ရခိုင်တပြည်လုံးနီးပါး သိမ်းယူထားနိုင်တဲ့ အာရက္ခတပ်တော် (AA) က နိုင်ငံရေးအရ ဖက်ဆစ်စစ်တပ်နဲ့  စကားပြောဖို့အသင့်ရှိနေတယ်လို့ ဆိုလိုက်တာဟာ လူမျိုးစုံ ပြည်သူလူထုကြားထဲမှာ ဂယက်ရိုက်ခတ်သွားတဲ့ သတင်းဖြစ်နေပါတယ်။

အာရက္ခတပ်တော် (AA)က နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ်ပြောလာတာက နောက်ပိုင်းမှာဖြစ်လာတာဖြစ်ပြီး အဲ့အရင် MNDAA နဲ့ TNLA တို့က တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေထုတ်ပြန်ခဲ့တာပါ။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ရှိတယ်ပြောလာသလို၊ လူထုအာဏာကိုလုယူထားတဲ့ ဖက်ဆစ်စစ်တပ်ဘက်ကလည်း နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနဲ့ဖြေရှင်းဖို့ ဖိတ်ခေါ်ချက်လိုလို ခြိမ်းခြောက်သလိုလို ထုတ်ပြန်လာတာကို တွေ့ရပါတယ်။ စစ်ကောင်စီရဲ့ ၂၀၂၄ခုနှစ်အတွင်း စစ်ရေးအရ ရှုံးနိမ့်လာတဲ့အခါမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုတဲ့ ထုတ်ပြန်ချက်တွေ ထွက်လာစမြဲပါ။ ဒီနေရာမှာ စစ်ကောင်စီရဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ အမြင့်ဆုံး ရည်မှန်ထားချက်ကိုကြည့်လိုက်ရင် တိုင်းရင်းသား လက်နက်ကိုင်တွေအားလုံး လက်နက်စွန့်ပါ၊ ပါတီထောင်ပါ။ သူတို့ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ပါ ဆိုတာထက် ပိုလမ်းမဖွင့်ထားတဲ့ အနေအထားပဲဖြစ်ပါတယ်။

၂၀၂၅ခုနှစ်မှာ လက်နက်ကိုင်တော်လှန်ရေးဟာ ရှေ့ကိုပိုရောက်လာမလား၊ နိုင်ငံရေးဆွေးနွေးပွဲတွေက ရှေ့ရောက်လာပြီး ဖက်ဒယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာမလားဆိုတာ မှန်းဆရခက်တဲ့အနေအထားတော့ ဖြစ်နေတာအမှန်ပါ။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်လာဖို့လို့ဆိုရင် အာဏာသိမ်းဖက်ဆစ်တပ်ကို စတင်ဆန္ဒပြ ကန့်ကွက်ခဲ့ကတည်းကနေ ကနေ့ကာလအထိ နွေဦးတော်လှန်ရေးမှာ ပါဝင်သူအားလုံးရဲ့ အသံတွေကို နားထောင်ကြည့်ရင် ရှင်းပါတယ်။ လူမျိုးစုံပြည်သူလူထု အားလုံးက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အရောက်လှမ်းဖို့အတွက် တော်လှန်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုယုံကြည်မှုတွေကသာ အခက်အခဲနဲ့ အကြပ်အတည်းအားလုံးကို ပြေလည်စေမှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ စစ်တပ်ရဲ့ ကြီးစိုးမှုတွေကနဲ့ လွတ်မြောက်ချင်စိတ်နဲ့ တွန်းလှန်နေတာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေကတော့ တိုင်းရင်းသားအင်အားစုတွေကြားမှာ အကြိမ်ရေများစွာ လုပ်ကိုင်နေရမှာ အမှန်ပဲဖြစ်ပါတယ်

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအောင်မြင်မှုတွေက ရှေ့ရောက်လာပြီးနောက်၊ ဖက်ဆစ်စစ်တပ်သမိုင်းမှာ မကြုံဖူးတဲ့ စစ်ဌာနချုပ်တွေကို စစ်တက်က လက်လွှတ်ခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့လိုအခြေအနေမျိုးမှာ ကိုယ်တိုက်လို့ရတဲ့နယ်မြေ ကိုယ်ယူစတမ်းလား၊ ကိုယ်လိုချင်တဲ့ နယ်မြေတွေရသွားရင် စကစကို တိုက်မှာမဟုတ်ဘူး၊ စကစနဲ့ နိုင်ငံရေးစကားပြောပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွေ အနေအထားနဲ့ နေလိမ်မယ်ဆိုတဲ့ အသံတွေထွက်လာပါတယ်။ အခုအခြေအနေက မြန်မာပြည်မှာ ဖက်ဆစ်စစ်တပ်ရဲ့ ကောက်ကျစ်ရက်စက်တဲ့ နည်းလမ်းပေါင်းစုံ ထိုးစစ်တွေကို ခုခံတော်လှန်နေကြရတာဖြစ်ပါတယ်။ စစ်ရေးအရ စကစကို ဖိအားမပေးနိုင် နယ်မြေတွေကို မသိမ်းပိုက်နိုင်ရင်တော့ ဖက်ဆစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံရေးဆွေးနွေးဖို့ဆိုတဲ့စကားကို ယောင်လို့တောင်ပြောမှာ မဟုတ်ဘူးဆိုတာ သတိချပ်ရမှာပါ။

ကိုယ်တိုက်ထားတဲ့နယ်မြေကို ကိုယ်ယူ၊ ကိုယ့်ဘာသာအုပ်ချုပ်ဆိုရင် စစ်ဘုရင်သာဖြစ်လာလိမ့်မယ်ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ သိနားလည်ပြီးသား အချက်တချက် ဖြစ်တယ်လို့ ကျနော်ကတော့ယုံကြည်ပါတယ်။ အခုလိုတော်လှန်ရေး ရေချိန်မြင့်နေတဲ့ကာလမှာ တော်လှန်ရေး အင်အားစုအသီးသီးက ကိုယ့်တပ်ဖွဲ့အင်အားနဲ့ တိုက်လို့ရနိုင်သမျှ ဖက်ဆစ်တပ်စိုးမိုးနိုင်တဲ့ နေရာတွေကို သိမ်းပိုက်ထားဖို့ လိုအပ်တယ်လို့လည်း ထင်မြင်မိပါတယ်။ နယ်မြေပြဿနာတွေကလည်း နောက်ဆက်တွဲ ပါလာမှာကတော့ မလွဲမသွေ ရင်ဆိုင်ရနိုင်တာကလည်း ပကတိအနေအထားတရပ်ဖြစ်ပါတယ်။ အဲ့လိုပြဿနာတွေ ဖြစ်လာမှာစိုးလို့ စစ်ရေးအရမတိုက်ပဲနေရင်ရော ကျနော်တို့ အနာဂတ်ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးဆိုတာ ဖြစ်လာမှမဟုတ်ဘူးဆိုတာကိုလည်း သတိပြုဖို့ လိုအပ်တယ်လို ထင်မိပါတယ်။

လာမယ့်ကာလတွေမှာ ပြီးခဲ့တဲ့နှစ်ပိုင်းက စစ်ရေးအရ စကစကို နလန်မထူထောင်တိုက်နိုင်ခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ အာရက္ခတပ်တော်AAရဲ့ အနေအထားကို လေ့လာဖို့လိုအပ်တာလည်း အမှန်ဖြစ်ပါတယ်။ ရခိုင်တပြည်လုံးကို ထိန်းချုပ်ထားနိုင်လောက်တဲ့ထိ အောင်မြင်မှုကြီးကြီးမားမားရနေတဲ့ အာရက္ခတပ်တော်AAရဲ့ခေါင်းဆောင်တွေရဲ့ ပြောကြားနေမှုတွေကို သိနားလည်မှသာ အာရက္ခတပ်တော်AAရဲ့ အနာဂတ်ပုံစံကို မြင်နိုင်မှာဖြစ်ပါတယ်။ အာရက္ခတပ်တော်AAရဲ့ နွေဦးတော်လှန်ရေးမတိုင်မီကတည်းက ရည်မှန်းချက်ကို မကြာခဏဆိုသလို ဖော်ထုတ်ပြောဆိုပြီးသားဖြစ်ပါတယ်။ အာရက္ခတပ်တော်AAရဲ့  ဖက်ဒရယ်ပြည်ထောင်စုကို မြင်တဲ့အပေါ်ကလည်း ရှင်းလင်းပြတ်သားနေတာကို တွေ့နိုင်ပါတယ်၊ “ပြည်ထောင်စုထူထောင်တဲ့အခါမှာ တစုတဖွဲ့က လက်ဝါးကြီးအုပ်တာမျိုးမဟုတ်ပဲ Coming Together အတူတကွပူးပေါင်းတာမျိုး လိုလားပြီး၊ ရခိုင်ပြည်နယ်အနေနဲ့တော့ ကွန်ဖယ်ဒရိတ်အဆင့်ထက်မနိမ့်တာကို မျှော်မှန်းထားတယ်”လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၄ခုနှစ် ဇွန်လက ဗွီအိုအေနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

အာရက္ခတပ်တော်AAရဲ့ ခေါင်းဆောင်တွေရဲ့ ပြောကြားချက်တွေကို လေ့လာကြည့်ရင် အရင်ကဝေဖန်နေကြတဲ့ ခွဲထွက်မယ်ဆိုတဲ့ အသံတွေလည်း နွေဦးတော်လှန်ရေးကာလတွေမှာ တိတ်သွားတာတွေ့နိုင်ပါတယ်။ အာရက္ခတပ်တော်AAရဲ့ခေါင်းဆောင်ပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပေါ်ကိုလည်း တနိုင်ငံလုံးအတိုင်းအတာရ အဓိကအခန်းကဏ္ဍကရှိနေတယ်လို့ ပြောထားသလို၊ မြေပြင်မှာလည်း ချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိနေပါတယ်ဆိုတာကို ပြောထားပါသေးတယ်။

လူမျိုးစုံပြည်သူလူထုအနေနဲ့ လာမယ့်၂၀၂၅ခုနှစ်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စရပ်တွေဟာ ပန်းခင်းလမ်းဖြစ်နေလိမ့်မလားဆိုတာကိုတော့ တွေးထင်တဲ့သူ မရှိပါဘူး။ နှစ်ပေါင်း၈၀လောက် စစ်သုံးစစ်ရဲ့ ဖိနှိပ်မှုအောက်မှာ အချင်းချင်းကြား ပျက်ယွင်းခဲ့တဲ့ ညီညွတ်ရေးကို အချိန်တိုအတွင်း ပြည်တည်ဆောက်နိုင်ဖို့က သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုတွေကြား ဖေးဖေးမမနဲ့ တိုင်တိုင်ပင်ပင် ရှိကြဖို့က လိုအပ်နေပါတယ်။ အဲ့လိုမှမဟုတ်ဘဲ ကိုယ်တိုက်ကိုယ်ယူပုံစံကို ကူးပြောင်းသွားရင်လည်း ကြားကနေ အကွက်ချောင်းနေတဲ့ ဖက်ဆစ်စစ်တပ်အတွက် အခွင့်အလမ်းတခုတိုးသွားနိုင်မယ်ဆိုတာကိုတော့ နှစ်ခါ၊ သုံးခါမကနာဖူးတဲ့ တိုင်းရင်းသားတွေ သမိုင်းအိမ်စာကြေပြီးသားလို့ ထင်မိပါတယ်။

အခုလောလောဆယ်ကာလမှာ လူမှုကွန်ရက်နဲ့ နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာလည်း ထောက်ခံသံရော ကန့်ကွက်သံရော ညံနေတဲ့ ကိစ္စတခုဖြစ်ပွားနေပါတယ်။ ငွေဆောင်သဘောတူညီချက်ဆိုတဲ့ အကြောင်းအရာြ ဖစ်ပါတယ်။ ၂၀၂၄ခုနှစ်က ပြည်တွင်းနိုင်ငံရေးအင်အားစုတွေကြား ငွေဆောင်ကမ်းခြေမှာ တွေ့ဆုံဆွေးနွေး ကြပြီး ထွက်လာတဲ့ ရလဒ်လို့ အဆိုပါဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ဖြစ်တဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမြအေးက မဇ္စျိမ နဲ့ မေးမြန်းခန်းမှာ ထုတ်ဖေါ်ပြောကြားလိုက်တာကနေ အသံမျိုးစုံပေါ်ထွက်လာပါတယ်။ (ပါဝင်သူတချို့ပြောကြတာကတော့ သဘောတူညီချက်မဟုတ်သိလို ကြေငြာချက်လည်း မဟုတ်ဘူးဆိုတာကိုလည်း ဖတ်ရှုရပါတယ်။ ပါဝင်တဲ့သူတွေရဲ့ ရှေ့ဆက်သွားမယ့် Advocacy လုပ်ငန်းစဉ်တွေအတွက် talking points တွေသာဖြစ်ပါတယ်လို့ ရေးသားထားတာလည်း တွေ့ရပါတယ်။)  အဆိုပါငွေဆောင်ကြေငြာချက်မှာ သဘောတူညီချက် ၇ ချက် ပါဝင်တာကိုလည်း လူမှုကွန်ရက်ကနေ ဖတ်ရှုရပါတယ်။ အမှန်တကယ် အဆိုပါအစုအဖွဲ့ တွေ့ဆုံဆွေးနွေးကြမှုက ၂၀၂၄ နှစ် လယ်ပိုင်းက ဖြစ်ခဲ့ပေမယ့်၊ နိုင်ငံရေးအသိုင်းအဝန်းအကြားမှာ သိပ်ပြီးအသံမထွက်ခဲ့ပါ။ ကိုမြအေးနဲ့ မဇ္ဈိမသတင်းဌာနတို့ ဆွေးနွေးခန်းမှသာ လူထုကြားကို ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ အဆိုပါသဘောတူညီချက် (၇)ချက်က

၁။ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ဖို့

၂။ သက်ဆိုင်တဲ့ စတိတ်ဟိုဒါတွေပါတဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့

၃။ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးဖို့

၄။ စစ်ပွဲတွေရပ်တန့်ဖို့

၅။ နိုင်ငံတကာရဲ့ ကူညီပါဝင်ဆောင်ရွက်မှု

၆။ အသွင်ကူးပြောင်းရေး ကာလ သတ်မှတ်ဖို့

၇။ ကြားကာလ စီမံခန့်ခွဲရေး ယန္တရား တခု ဖွဲ့စည်းဖို့ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

၂၀၂၅ခုနှစ်နှစ်သစ်ကူးကာလမှာပဲ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာခဲ့တဲ့ ငွေဆောင်သဘောတူညီချက်ဟာ ပြည်တွင်းနိုင်ငံရေးအင်အားစုတွေနဲ့ ပြည်ပရောက်အင်အားစုတွေကြားမှာ အပြင်းအထန်ဝေဖန်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သဘောတူညီချက် (၇)ချက်ထဲက အချက်တွေကို ဝေဖန်ချက်တွေက လူမှုကွန်ရက်မှာ တော်တော်ပျံ့နေတာမို့ ဒီနေရာမှာ ချန်ထားခဲ့ပြီး နံပတ်၂အချက်နဲ့ပတ်သတ်လို့တော့ ပြောစရာရှိလာပါတယ်။ အခုချိန်ကာလရဲ့ နောက်ခံမြေပြင်အခြေအနေတွေအရ ဖက်ဆစ်ကောင်တွေဟာ စစ်ရေးမှာ အရေးနိမ့်နေတဲ့အနေအထားဖြစ်ပါတယ်။ ဒီနေရာမှာ သက်ဆိုင်တဲ့ စတိတ်ဟိုဒါတွေပါတဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့ဆိုတာက စတိတ်ဟိုဒါလို့ ဆိုလိုချင်တာက ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေ ဆိုတာလဲက အရေးကြီးပါတယ်။ ငွေဆောင်ကြေငြာချက်မှာလည်း စတိတ်ဟိုဒါတွေကို တိတိကျကျ စားပွဲဝိုင်းတခုမှာထိုင်ပြီး နိုင်ငံ့အရေးအရာတွေကို ဆွေးနွေးသင့်တဲ့ နေရာမှာတကယ်ရော ရှိသင့်လားဆိုတာကို အရင်ဆုံးမေးခွန်းထုတ်ရမှာဖြစ်ပါတယ်။

ဖက်ဆစ်စစ်တပ်ဟာ လူထုအာဏာကို လက်နက်အားကိုးနဲ့ လုယူထားတာဖြစ်ပါတယ်။ မကြာမီ အချိန်မှာလည်း နိုင်ငံတကာရာဇဝတ်ခုံရုံးကနေ ဖမ်းဝရမ်းထုတ်နိုင်တဲ့ ရာဇဝတ်သားတစ်ယောက်ဖြစ်သလို ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် လူမျိုးစုံပြည်သူလူထု ထောင်ပေါင်းများစွာ ရက်စက်စွာ သတ်ဖြတ်ခဲ့၊ သတ်ဖြတ်နေဆဲဖြစ်ပါတယ်။ အဆိုပါ လူထုကို သတ်ဖြတ်နေတဲ့ အပြစ်သားတယောက်ဟာ စားပွဲဝိုင်းထိုင်ပြီး ဆွေးနွေးဖက်ဖြစ်သင့်တဲ့သူလားဆိုတဲ့ မေးခွန်းရှိပါတယ်။ နောက်တစ်ချက်က ငွေဆောင်သဘောတူညီချက် ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်လာတဲ့ကာလက TNLA နဲ့ အာရက္ခတပ်တော် (AA) တို့က နိုင်ငံရေးအရ ဖက်ဆစ်စစ်တပ်နဲ့  စကားပြောဖို့အသင့်ရှိနေတယ်လို့ ကြေငြာလိုက်တဲ့ အချိန်နဲ့လည်း သိပ်မကွာတာကို တွေ့မြင်ရပါတယ်။

၂၀၂၅ခုနှစ်မှာ ပြီးခဲ့တဲ့နှစ်ထက် မလျော့တဲ့ လူမျိုးစုံပြည်သူလူထုရဲ့ စစ်ဆင်ရေးတွေကို မြင်တွေ့ရဖို့ အလားအလာရှိနေပါတယ်။ စစ်ရေးရေချိန် ပိုမြင့်လာရင် နိုင်ငံရေး ရေချိန်လည်း အရင်နှစ်တွေထက် ပိုလာမယ်လို့ထင်မိပါတယ်။ စစ်ရေးအသာရပြီးနောက် ကျနော်တို့ဆွေးနွေးရမယ့် ဆွေးနွေးဘက်တွေက တိုင်းရင်းသားများနဲ့သာဖြစ်ပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဖြစ်သလို၊ နိုင်ငံတကာလူမျိုးသုဉ်းသတ်ဖြတ်မှုတွေနဲ့ မကြာခင်ဖမ်းဝရမ်းထုတ်ခံရတော့မယ် စစ်တပ်နဲ့ဆွေးနွေးဖို့ ဖြစ်နိုင်မှာမဟုတ်ပါဘူး။

နောက်ထပ်၂၀၂၅ခုနှစ် နှစ်ဦးမှာ ထွက်ပေါ်လာခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ၏ “စံပြဖက်ဒရယ် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေ” ကလည်း အနာဂတ်ဖက်ဒရယ်အကြပ်အတည်းအတွက် အဖြေဖြစ်နိုင် မယ်လို့ ယူဆမိတယ်။ အဆိုပါ  စံပြဖက်ဒရယ် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေကို လွတ်လပ်ရေးနေ့မတိုင်ခင် ဇန်နဝါရီ၃ရက်နေ့က Federal Law Academy ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အခြေခံဥပဒေနှင့်အတူ ထုတ်ပြန်ချက်ပါပါရှိပါတယ်။ ထုတ်ပြန်ချက်မှာ အချက်(၈)ချက်ပါဝင်ပြီး အချက်(၁)မှာ ဖော်ပြထားချက်ကို လေ့လာမည်ဆိုပါက ပါဝင်သူအဖွဲ့အစည်းများရဲ့ နှစ်ကာလများစွာ ရင်းနှီးမြုပ်နှံပြီး လူမျိုးစုံပြည်သူလူထု တရပ်လုံး လိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲထား တာကို မြင်တွေ့နိုင်ပါတယ်။           

နိဂုံးချုပ်အားဖြင့်ပြောရရင် ၂၀၂၅ခုနှစ်အတွက် စစ်ရေးအခြေကောင်းတွေ ဖြစ်ထွန်းနေသလို၊ နှစ်သစ်မှာ တိုင်းပြည်ရဲ့ အကြပ်အတည်းလိုပြောနိုင်တဲ့ ဖက်ဒရယ်အကြပ်အတည်းကို နည်းလမ်းရှာနိုင်မယ့် စံပြ ဖက်ဒရယ် ဖွဲ့စည်းပုံအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ထွန်းလာတာဟာ လူမျိုးစုံပြည်သူလူထုအတွက် နိုင်ငံရေး ဆိုင်ရာ အကြပ်အတည်းတွေ ဖြေလျော့နိုင်မယ့် အခြေအနေကောင်းတွေလို့ သုံးသပ်မိပါတယ်။ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘုံရန်သူဖြစ်သောစစ်အာဏာရှင်စနစ်ကို တွန်းလှန်နေကြသော  အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို သက်ဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်များ အချင်းချင်း ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် တိုင်းပြည်ရဲ့ ဖက်ဒရယ်အကြပ်အတည်းကို ကျော်လွှားနိုင်မှာ အသေအချာ ဖြစ်ပါတယ်လို့ ယုံကြည်ပါတယ်။

မြတ်လင်း (DPNS)

Related Articles

Back to top button