တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 21, March 12, 2024)

၁။ လိုင်လင်းပီမြို့ရှိ ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသား တစ်ဦးကို MDF တပ်ဖွဲ့ကဖမ်းဆီး
  March 11, 2024

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့ရှိ ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦးကို မရာလဲန်း ကာကွယ်ရေး တပ်(MDF) က ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင့် ဒေသခံများထံကသိရသည်။ လိုင်လင်းပီမြို့ရှိ ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရွာသားတစ်ဦးကို  မတ်လ ၉ ရက်၊ ညနေပိုင်းက MDF တပ်ဖွဲ့ဝင်များက လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ၎င်းတို့၏ နေအိမ် အသီးသီး၌ တစုံတရာမေးမြန်း ပြောဆိုခဲ့ခြင်းမရှိဘဲဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။ “MDF တပ်ဖွဲ့တွေက သေနတ်၊ ယူနီ ဖောင်း အပြည့်စုံနဲ့ ရွာထဲကို ဝင်လာပြီး အုပ်ချုပ်ရေးမှူးနဲ့ ရွာသားတစ်ယောက် ဖမ်းသွားတာပါ။ ဘာကြောင်း ဖမ်းတာလဲ မသိရ သလို ရွာထဲမှာ စစ်ဆေးမေးမြန်းတာမျိုးမလုပ်ဘဲ ဒီအတိုင်းဖမ်း ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်”ဟု  အမည်မဖော်လိုသည့် ပါဆင်းရွာသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူသည် ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်အောင်နှင့် ဥဦးရာခယ်တို့ဟု သိရပြီး ၎င်းတို့သည် ယနေ့ထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်းသိရသည်။ အဆိုပါ ဖမ်းဆီးခံရသည့် ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသား တစ်ဦးကို စစ်ဆေးမေးမြန်းစရာရှိ၍ MDF တပ်ဖွဲ့က ဖမ်းဆီးခေါ်သွား ခဲ့ခြင်းဖြစ်ပြီး မကြာမီ ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း MDF ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ကျွန်တော်တို့ မြေပြင်ကတာဝန်ရှိသူတွေနဲ့ အဆက် သွယ်မရနိုင် သေးဘူး။ ဒါပေမယ့် ရွာသားတစ်ယောက်က ကျွန်တော်ဆီ MDF တပ်ဖွဲ့တွေက ရွာသားနှစ်ဦး ခေါ်သွားတယ်ဆိုပြီး အကြောင်း ကြားစာရောက်ပါတယ်။ ကျွန်တော်တို့ MDF တပ်ဖွဲ့တွေက စစ်ဆေးမေးမြန်းစရာရှိလို့ ခဏခေါ်ယူတာမျိုး ဖြစ်နိုင်ပါတယ်။  ဒါတွေကို လူတချို့က အကြောင်းမဲ့ဖမ်းဆီးသွားတယ်လို့ စွပ်စွဲနေတာ ဖြစ်တယ်။ ကျွန်တော်တို့က ဖမ်းတာမဟုတ်ဘူး။ မေးမြန်း စရာရှိလို့ ခေါ်တာ။ ပြီးရင် ပြန်လွတ်ပေးမယ်”ဟု  ၎င်းက ဆိုသည်။ Read in full

၂။ ဖမ်းဆီးခံထားရတဲ့ စစ်ရှောင် ၁၇ ဦးထဲက အမှု‌တော်ဆောင်ဆရာတစ်ဦးနဲ့ စစ်ရှောင်တစ်ဦးလွှတ်မြောက်
   March 11, 2024

ကချင်ပြည်နယ် ဗန်းမော်မြို့၊ ရောဘတ်စစ်ရှောင်စခန်းက ဖမ်းဆီးခံထားရတဲ့ အမှာတော်ဆောင်တစ်ဦး အပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ဦးထဲက  အမှုတော်ဆောင်ဆရာနဲ့ စစ်ရှောင်လူငယ်တစ်ယောက် ပြန်လွတ်လာပြီလို့ စစ်ရှောင်စခန်းနဲ့ နီးစပ်တဲ့ ဗန်းမော်မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၉ ရက်ည ၁၂ နာရီဝန်းကျင် စစ်ကောင်စီတပ်တွေဟာ အိမ်စီးကား ၂ စီး၊ စစ်ကား ၁ စီးနဲ့ ရောဘတ် စစ်ရှောင်စခန်းထဲကို ဝင်းတံခါး ရိုက်ချိုးဝင်ရောက်လာခဲ့ပြီးမှာ တော်ဆောင်ဆရာတစ်ဦး အပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့နေ့မှာဘဲ စစ်ရှောင်ကလေးတစ်ဦးကို အသက်မပြည့်သေးတာကြောင့် ပြန်လွတ်ပေးခဲ့သလို အမှုတော်ဆောင်ဆရာကိုတော့ မတ်လ ၁၀ ရက်နေ့ ၁၂ နာရီ ပြန်လွတ်ပေးလိုက်တယ်လို့ ရောဘတ်စစ်ရှောင်စခန်းနဲ့ နီးစပ်တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ဖမ်းသွားတာက ၁၇ ဟုတ်တယ်၊ အဲ့ထဲက အမှုဆာင်ဆရာကိုတော့ PCG တွေပြန်လာထုတ်ပေးတာပေါ့၊  အခု ၁၅ ယောက်ကျန်သေးတယ်၊ တစ်ယောက်ကတော့ အဲ့ဒီဖမ်းသွားတဲ့ နေ့မှာဘဲ ၁၈ နှစ်မပြည့်လို့ဆိုပြီး ပြန်လွတ်ပေးလိုက်တယ်၊ ဖမ်းခံ ရတာဆိုတော့ သူတို့ထားတဲ့နေရာမှာ ဒီလိုဘဲနေနေရတာပေါ့”လို့ပြောပါတယ်။ ဒါ့အပြင် မလွတ်မြောက်သေးဘဲ ကျန်ရှိနေတဲ့ စစ်ရှောင် ၁၅ ဦးကိုလည်း အမဲရောင်၊ အညိုရောင်၊ အဖြူရောင်စတဲ့ အပိုင်းသုံးပိုင်းခွဲ စစ်ဆေးနေပြီး အဖြူရောင်အဆင့် သတ်မှတ် ထားပြီဖြစ်တဲ့အတွက် မကြာခင်ပြန်လွတ်ပေးမှာဖြစ်တယ်လို့ စစ်တပ်ဘက်ကပြောဆိုထားကြောင်း သူကဆက်ပြောပါတယ်။“ဒီကလူတွေကို စစ်ဆေးပြီးတဲ့အချိန်မှတော့ အဖြူရောင်မှာထည့်ပေးလိုက်တယ်။ သူတို့ စာရွက်စာတမ်းတွေ လုပ်ပြီး ပြန်လွတ် ပေးမယ်လို့ သူတို့ဘက်က ကတိတော့ပေးထားပြီ၊ နောက်နေ့ တစ်ဘက်ခါလောက်တော့ လွတ်ပေးမယ် ထင်တယ်”လို့ ပြောပါတယ်။ Read in full

၃။ ဆီဆိုင်နှင့် ဟိုပုန်းတို့တွင် စစ်ကောင်စီနှင့် PNLA တို့ တိုက်ပွဲပြင်းထန်၊ အိမ် ၄၀ ခန့် မီးလောင်ပျက်စီး
   March 11, 2024

ရှမ်းပြည်(တောင်ပိုင်း) ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်နှင့်ဟိုပုန်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်များစစ်ကြောင်း ထိုးလာသဖြင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပေါ်နေကြောင်း ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆီဆိုင်မြို့မြောက်ဘက်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် PNLA တို့ မတ်လ ၁၀ ရက်နေ့က ထိပ် တိုက်တွေ့ဆုံရာမှ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီသည် ဆီဆိုင်မြို့တွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများ အသုံးပြုပြီး တိုက်ခိုက်မှု ၁၀၈ ကြိမ်အထိပြုလုပ်ခဲ့သည့်အပြင် ဂျက်ဖိုက်တာဖြင့်လည်း လာရောက် တိုက်ခိုက်ခဲ့ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အဲဒီတိုက်ခိုက်မှုတွေကြောင့် အိမ် ၁၆ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ရတယ်။ နှစ်ဘက် အထိအခိုက်နဲ့ ဒေသခံတွေထိခိုက်မှုကိုတော့ အတည်ပြုဖို့ ဆက်လက်စုံစမ်းနေပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ က ပြောသည်။

ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စအွန်တောင်ကြောတွင်လည်း စစ်ကောင်စီကစစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ထိုပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ၁၂၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ထို့ပြင် ယမန်နေ့ကပင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ PNLA တပ်စွဲထားခြင်းမရှိသည့် မဲနယ်တောင်ဒေသ ပင်လျမ်းရွာကို စစ်ကောင်စီက ဒုတိယအကြိမ် မီးလောင်းဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ကျော် ပစ်ခတ်တိုက် ခိုက်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် အိမ်ခြေ ၂၀ ထက်မနည်း ပျက်စီးခဲ့ရကြောင်း ခွန်ရိန်းယံက ပြောသည်။ “မနေ့က ကျွန်တော်တို့ နဲ့ တိုက်ပွဲ ဖြစ်တာပေါ့နော်။ ဖြစ်တာက ကျောက်အွမ်ဘက်မှာ။ ပင်လျမ်းရွာနဲ့ ဘာမှမဆိုင်ဘဲ မီးလောင်ဗုံးတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ် တာ။ အိမ်ကတော့ ၂၀ ထက်မနည်းပဲပျက်စီးတယ်။ လူအထိအခိုက်ကိုတော့ ကျွန်တော်တို့အနေနဲ့ ဆက်လက်စုံစမ်းဆဲပါပဲ” ဟု ၎င်းက ပြောသည်။ Read in full

၄။ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီက အမျိုးသမီး (၂)ဦး ကိုဖမ်းဆီး
  March 11, 2024

မင်းတပ်မြို့ပေါ်ရှိ အပြစ်မဲ့ပြည်သူအမျိုးသမီး (၂)ဉီးကို အကြမ်းဖက်စစ်ကောင်စီ ကဖမ်းဆီးချုပ်နှောင်ပြီး ခလရ (၂၇၄) တပ်ရင်းထဲကို ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ “ဟုတ်တယ်။ ဗိုလ်ကျော်ဉီးလမ်းခွဲနားမှာဖမ်းကြတာ၊ အမျိုးသမီး နှစ်ယောက်၊ ကြိုးတုတ်ခေါ်သွားကြတယ်၊ “လို့ဒေသခံတစ်ဉီးရဲ့ပြောပြချက်အရသိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီတွေက မင်းတပ်မြို့ပေါ် မှာ ခြေရှုပ်နေကြပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနေကြတယ်လို့သိရပါတယ်။

ခလရ(၂၇၄)ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတစ်ယောက်ကိုလည်း ပြန်မိကြပြီး၊ဖမ်းဆီးထားတဲ့ အမျိုးသမီး (၂) ဉီး နဲ့အတူ ကြိုးတုတ်ပြီး ခလရ (၂၇၄)ကိုခေါ်သွားကြတယ်လို့သိရပါတယ်။ဖမ်းဆီးခံထားကြတဲ့အမျိုးသမီး နှစ်ဉီးဟာ ညနေ ၇ နာရီ ၄၅ မိနစ် အချိန်မှာပြန်လည်လွတ်မြောက်လာကြပြီလို့သိရပါတယ်။ မင်းတပ်မြို့ပေါ်မှာ အခြေစိုက်​တပ်စွဲကြတဲ့ ခလရ(၂၇၄)တပ် ရင်းမှ စစ်ဗိုလ် အဆင့်၊တပ်ကြပ်အဆင့် ရှိ နှစ်ဉီး လက်နက်မပါဘဲ ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ ဒေသခံသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ Read in full

၅။ ဖားကန့်မှာ စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူ ၄ ဦးသေဆုံး
   March 11, 2024

ဖားကန့်မြို့ မှာရှိတဲ့ စစ်ကောင်စီတပ်မကုန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ နန့်မှော်ကျေးရွာနဲ့ ဆိုင်းတောင်ကျေးရွာ/ရပ်ကွက် မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး  ဒေသခံ ၄ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဆိပ်မူကျေးရွာ အုပ်စု၊ နန့်မှော်ကျေးရွာက  ကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့  ဆိုင်းတောင်ကျေးရွာက အမျိုးသားနှစ်ဦး ထိခိုက်သေဆုံးခဲ့ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ သေဆုံးသူတွေဟာ နန့်မှော်ကျေးရွာ ၊ရပ်ကွက်(၆)က အသက်(၂၇)နှစ် မခင်မာလွင်နဲ့ အသက်(၅)နှစ် မဖူးပွင့်ဝေတို့ဖြစ်ပြီး အသက်(၈)အရွယ် မဆောင်းနှင်းဝေကတော့ ဒဏ်ရာပြင်းထန်ခဲ့ပြီးတော့ ဖားကန့်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ ဆိုင်းတောင်ကျေးရွာက ရှမ်းကုန်း ပွင့်ထူးစံ ကုမ္ပဏီဝင်းမှာလည်း လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကင်းစောင့်တဲ့ အမျိုးသားနှစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဖားကန့်ဒေသခံတစ်ဦးဒေသခံရဲ့ ပြောချက်အရ သိရပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသားနှစ်ဦးဟာ အသက်(၃၅)နှစ် ကိုကျော်ဆန်းထွန်းနဲ့ အသက်(၂၆) နှစ် ကိုချမ်းမြေ့မောင် တို့ ဖြစ် တယ်လို့ ဆိုပါတယ်။ ဖားကန့်စစ်ကောင်စီ တပ်မကုန်းကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ရွာတွေနဲ့ ကုမ္ပဏီ တွေမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ KIA နဲ့နီးစပ်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။“အခုက လုံးခင်း၊ ဆိုင်းတောင်၊ ဖားကန့်  အကုန်လုံးမှာ KIAတွေ ရွာထဲမှာရှိနေပြီ။ သူတို့(စစ်ကောင်စီ)ထွက်မဲ့လမ်းတွေ ပိတ်ထားပေးတဲ့အတွက် ပစ်တာဟုတ် တယ်။ ပစ်တာမတိကျလို့ နေရာအနှံ့ကျတာပေါ့”လို့ အထက်ပါ အမျိုးသားကပြောပါတယ်။ Read in full

၆။ ကရင်နီပြည်တွင် ၁ လ အတွင်း ပြည်သူ ၂၅ ဦးသေဆုံးခဲ့
   March 11, 2024

ကရင်နီပြည်တွင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး၊လေကြောင်းနှင့်ဖမ်းဆီးသတ်ဖြတ်မှုများကြောင့်  အရပ်သားပြည်သူ ၂၅ ဦး သေဆုံးခဲ့ပြီး  ၄၂  ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေး တပ် – KNDF က မတ် ၁၀ ရက်တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၅ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကလေးငယ်များ ပညာသင်ကြားနေသော ဒီးမော့ဆိုမြို့နယ်၊ ဒေါစီအိစာသင်ကျောင်းနှင့် လွိုင်နန်းဖကျေးရွာစာသင်ကျောင်းများအား တိုက်လေ ယာဉ် ၅ စင်းဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၄ ဦး ၊ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၃၅ ဦး ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အတူ ဖေဖော်ဝါရီလ ၅ ရက်၊ နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်က ရှားတောမြို့နယ် အတွင်း ရဟတ်ယာဉ် ၃ စင်းဖြင့် စစ်ကူပို့ခဲ့သောစစ်ကြောင်းသည် ဒေသခံစစ်ဘေးရှောင်လူထုများအား လမ်းပြအဖြစ်ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီး လမ်းတွင် ညှင်းပန်းနှိပ်စက်ကာသတ်ဖြတ်ခဲ့သောကြောင့် ကိုယ်ဝန်ဆောင်နှင့် မသန်စွမ်း အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦး၊ ကလေးသူငယ် ၃ ဦး စုစုပေါင်း ၇ဦးသေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၃ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူများ အားပစ်မှတ်ထားကာ တာဝေးပစ်လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖယ်ခုံမြို့နယ်၊ ရွှေစမ်း ကျေးရွာတွင် ဒေသခံ အရပ်သားကလေးငယ် ၁ ဦး အပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ရပြီး အမျိုးသား ၁ ဦးနှင့် အမျိူးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်ဟု KNDF က ထုတ်ပြန်ထားသည်။ ထို့ပြင် ဖေဖော်ဝါရီလ ၁ လတာအတွင်း ကရင်နီပြည်တွင် လွိုင်ကော်၊ ရှားတော၊ ဘောလခဲ မြို့နယ်များနှင့် ဖယ်ခုံ မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်။ လွိုင်ကော်မြို့ပေါ်တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက မြို့အားဝန်းရံပိတ်ဆို့ကာ စစ်ဆင်ရေးများဆက်၍ ဆင်နွှဲနေပြီး စစ်ကောင်စီတပ်ဖွဲ့များသည်  မြို့ပေါ်အခြေစိုက်တပ်များ၌သာ ဆက်၍တပ်စွဲထားနိုင်တော့သည်။  

Read in full

၇။ စစ်ကောင်စီတပ်သားများ ထွက်ပြေးလွတ်မြောက်နေ၍ ပြည်သူများ သတိရှိရန် AA သတိပေး
   March 11, 2024

ရခိုင်ပြည်အတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ဦးချင်း သို့မဟုတ် အုပ်စုငယ်များဖြင့် ထွက်ပြေးလွတ် မြောက်နေ၍ ရခိုင်ပြည်သူများအနေဖြင့် သတိထားသွားလာဆင်ခြင်ကြရန် ရက္ခိုင့်တပ်တော် AA မှ သတိပေးနေသည်။ မင်းပြားမြို့၊ ကမ်းနီကျေးရွာအနီး အမှတ် (၉) တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကနေ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များမှာ လမ်းတလျှောက်ရှိ ကျေးရွာများကနေ ပြည်သူ ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်ရှိခဲ့ ပြီး အဆိုပါ ဓားစာခံများကိုမူ ရက္ခိုင့်တပ်တော် AA က ကယ်တင်ထားနိုင်ပြီဟု ထုတ်ပြန်ထားသည်။ ဓားစာခံများ ဦးဆောင်ခေါ် သွားသူ အမှတ်(၉) တိုင်းဗဟိုသင်တန်းကျောင်းမှ အုပ်ချုပ်ရေးဌာနမှူးဖြစ်သူ ဒု ဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့် အခြားသော စစ်ကောင်စီတပ်ဖွဲ့ဝင်မြောက်များစွာကို မတ်လ ၈ ရက်နေ့ နံနက်က အသေဖမ်းဆီးရမိထားကြောင်း AA က ဆိုသည်။

စစ်ကောင်စီသည် စစ်တွေမြို့ကနေ ရသေ့တောင်မြို့အတွင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ လူနေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ရသည်။ ရမ်းဗြဲမြို့တွင်လည်း မတ်လ ၉ ရက်နေ့ တနေ့လုံး စစ်ကောင်စီရေတပ်ကနေ လက်နက်ကြီး ပစ်ခတ် သည့်အပြင် လေကြောင်းကလည်း ဂျက်တိုက်လေယာဉ်၊ Y-12 ရဟတ်ယာဉ်တို့ဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ ရခိုင်ဒေသတွင်း ကျန်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အချိန် မနှောင်းခင် လက်နက်ချရန်၊ အလံဖြူထောင်ကြရန် AA က ထပ်မံသတိပေးနေသည်။  လက်နက်ချအညံ့ခံလျှင် အသက်ရှင်ခွင့် ပေးမည်ဖြစ်ကြောင်းနှင့် အညံ့မခံသည့် စခန်းတိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု ရက္ခိုင့်တပ်တော် AA က သတိပေးထုတ်ပြန်ထားသည်။ Read in full

၈။ တနင်္သာရီမြို့နယ်ကို ရေလမ်းကနေ ဆန်သယ်ယူနိုင်တဲ့ အရေအတွက် စစ်ကောင်စီကန့်သတ်
  March 11, 2024

တနင်္သာရီမြို့နယ်ထဲကို ဆန်သယ်ယူရာမှာ ကုန်းလမ်းသာမက ရေလမ်းမှာပါ အရေအတွက် ကန့်သတ်၊ တားမြစ်တာ တွေကို စစ်ကောင်စီတပ်က လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြိတ် – တနင်္သာရီသွားနဲ့ ရေယာဉ်တွေဟာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ ဖွင့်ထားတဲ့မင်းဂုတ်ရွာနဲ့ မင်းသန်းရွာမှာ မဖြစ်မနေ ရပ်တန့်စစ်ဆေးခံရပြီး ဆန်အိတ် ငါးအိတ် ထက်ပိုသယ်လာတာ တွေ့ရင် ဂိတ်မှာဆွဲချထားတာမျိုးတွေ လုပ်ဆောင်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ အရပ်သားတွေ ဆန်နဲ့စားသောက်ကုန် သယ်ယူတာကို မြိတ်-တနင်္သာရီကားလမ်းတလျှောက်က စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက ကန့်သတ် ခဲ့တာရှိပေမဲ့ ရေလမ်းမှာ ကန့်သတ်တာကိုတော့ ပြီးခဲ့တဲ့လနှောင်းပိုင်းကစလုပ်လာတာလို့ ဒေသခံတွေပြောပြချက်အရ သိရပါ တယ်။ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂ ရဲ့ပြန်ကြားရေးတာဝန်ခံက “တော်လှန်ရေးအဖွဲ့တွေဆီကို ဆန် မရောက်စေချင်လို့ အခုလိုလုပ်တယ်ပဲထင်တယ်။” လို့ ပြောပါတယ်။

တနင်္သာရီမြို့နယ်က ဒေသခံတွေဟာ ဆန်ကို မြိတ်မြို့က အဓိက ဝယ်ယူစားသုံးနေရတာပါ။ ဆန်အိတ်သယ်ယူတာကို ရေလမ်းကပါ ကန့်သတ်လိုက်တာကြောင့် ကုန်းလမ်းမပေါက်တဲ့ ပဝ၊ လယ်သစ်၊ သာရဖုံကျေးရွာအုပ်စုက ဒေသခံတွေ ပိုအခက်‌ တွေ့နေရပြီး တခြားဒေသကနေ ကူးတို့နဲ့ ခေါက်ပြန်ကူးကာ ဆန်အိတ် သယ်နေရတာကြောင့် စာရိတ်လည်းပိုကြီးလာခဲ့ပါတယ် “ဆန်တစ်အိတ်(၂၄ပြည်)ဆိုရင် လဝက်မပြည့်ဘူး ထပ်ခါထပ်ခါထပ်မှာရတယ်။ မှာရတာကလည်း စာရိတ် ကြီးတယ်။ အရင်က ဆို အိတ်နှစ်ဆယ်ဆို နှစ်ဆယ်တခါတည်းဝယ်စုပြီး တခါတည်း ဒေါင့်သိပ်ထားလို့ရတယ်။” လို့ ပဝ ကျေးရွာက ရော်ဘာ ရောင်း ဝယ်ရေးလုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။  ရေလမ်းသာပေါက်တဲ့ ကျေးရွာအုပ်စုက ဒေသခံတွေဟာ ဆန်ကို မြိတ်မြို့ကနေ အမြန်ရေယာဉ်၊ သဲ၊ကျောက်သယ်တဲ့လှေတွေနဲ့ သယ်ယူကြရတာပါ။ အမြန်ရေယာဉ်ကလည်းရပ်နားထားတာ တစ်လလောက်ရှိနေပြီဖြစ်လို့ သဲ၊ ကျောက်တင်တဲ့ လှေတွေနဲ့ပဲ မှာယူနေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ Read in full

၉။ ဟားခါးမြို့နယ်တွင် မိုင်းမတော်တဆမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးသေဆုံး
   March 11, 2024

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် မိုင်းမတော်တဆမှုဖြစ်ပြီး ဒေသခံက လေးငယ် နှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ချင်းလဲန်းကာကွယ်ရေးတပ် – ဆဲန်ထန်း (CDF-Senthang) ရဲ့ ကားတစ်စီးဟာ ကျေးရွာအတွင်း မြန်မာ စံတော်ချိန် ညနေ ၄ နာရီ နဲ့ ၅ နာရီကြားမှာ ရောက်လာပြီး အဲဒီထဲကနေမိုင်း မတော်တဆ ပေါက်ကွဲတာလို့ သိရပါတယ်။“CDF-Senthang ရဲ့ ကားတစ်စီး က ရွာထဲကိုရောက်လာတယ်။အဲ့ချိန်မှာ ကလေးတွေသွားပြီးတော့ ကားထဲမှာသွားဆော့ကြတာပေါ့နော်၊ ကားထဲမှာမိုင်းပါလာ တာဆိုတော့ အဲလိုဆော့ရင်းကနေရုတ်တရက် ပေါက်ကွဲမှုဖြစ်တာ။ပေါက်ကွဲမှု ဖြစ်ဖြစ်ချင်း ကလေးငယ်တစ်ဦးက ပွဲချင်းပြီးဆုံး သွားတယ်၊နောက်တစ် ယောက်က ဆေးရုံပို့တဲ့လမ်းပေါ်မှာဆုံးသွားတာ”လို့ သေဆုံးသူမိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အခင်းဖြစ်စဉ် သေဆုံးသွားသူ နှစ်ဦးကတော့ မောင် ထဘိခ့်ထောင်း အသက် ၇ နှစ် နဲ့ မောင် ဗန်ဗျက်ကျုံး အသက် ၁၃ နှစ်တို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးအပြင် ဒဏ်ရာရသူ ၄ ဦးရှိတယ်လို့သိရပါတယ်။“ထဘိခ့်ထောင်းက ပွဲချင်းဆုံးသွားတယ်၊ ဗန်ဗျက်ကျုံး က ဆေးရုံပို့တဲ့အချိန်လမ်းမှာ ဆုံးသွားတယ်၊ ဒဏ်ရာ ရသူ ၄ ဦးရှိတယ်လိုကြားတယ်၊တစ်ယောက်ကလက်မောင်း ကျိုးသွားတယ်လို့သိရတယ်၊ တစ်ခြားသူတွေတော့ ဘယ်အခြေအနေရှိလဲမသိသေးဘူး”လို့ သူကဆက်ပြောပါတယ်။ Read in full

၁၀။ နိုင်ငံသားအဖြစ် သတ်မှတ်ခံရခြင်း မရှိသေးသည့် ရခိုင်မြောက်ပိုင်းရှိ မူဆလင်လူငယ်များကို စစ်ကောင်စီက စစ်သင် တန်းပေးပြီး ရှေ့တန်းစေလွှတ်
 March 11, 2024

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများမှ နိုင်ငံသားအဖြစ်သတ်မှတ်ခ့ရခြင်း မရှိသေးသည့် အစ္စလာမ်ဘာသာ ဝင်၊ မူဆလင်လူငယ်များကို စစ်ကောင်စီက စစ်သင်တန်းပေး၍ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်လျက်ရှိကြောင်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က မူဆလင်လူငယ်များကို အဆောက်အအုံ တစ်ခုထဲတွင် စုဝေးထိုင်နေစေပြီး စစ်ကောင်စီတပ်၊ ရဲနှင့် မီးသတ်ဝတ်စုံဝတ်ထားသည့်လူ အချို့က သင်တန်းပေးနေသည့် ရုပ်သံဖိုင်ထွက်ပေါ်လာခဲ့သည်။ အဆိုပါ ရုပ်သံတွင် မူဆလင်လူငယ်ရာချီကို စစ်သင်တန်းပေးနေသည့် စစ်တွေမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်အတွင်းရှိ အဆောက်အအုံအတွင်းကို ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကိုယ်တိုင် လာရောက်၍ ဦးစီးကွပ်ကဲနေသည်ကို တွေ့ရသည်။

“စကစ(စစ်ကောင်စီ)ဟာ ရိုဟင်ဂျာတွေကို စစ်မှုထမ်းဆောင်ခိုင်းဖို့ လုပ်လာတာ တွေ့ရတယ်။ ကျွန်တော်တို့ ရခိုင်ဂွင် မှာတုန်းက AA (ရက္ခိုင့်တပ်တော်) နဲ့ချရလို့ dead body ရရင် “အလောင်း တွေသေချာစစ်စမ်း မုတ်ဆိတ်တွေပါလား” ဆိုပြီး အမြဲမေးတယ်။ တစ်ခါမှပါတာ မတွေ့ခဲ့ပါ။ စစ်ဗိုလ်ချုပ်တွေရဲ့သဘောအရ AA ဟာ ရိုဟင်ဂျာတွေကို သုံးပြီး တိုက်နေတယ်ဆိုတဲ့ message ကိုလိုချင်တာ။ နှာခေါင်းလေး နည်းနည်းလောက်တောင် မချွန်ဘူးလားကွာဆိုပြီး လာသေးတာ။ အတိအကျပြန် ဖြေရင် မကြိုက်ကြတာ အမှန်။ အခုတော့ကြမ္မာရဟတ် တစ်ပတ်လည်ပြီ စကစရေ”ဟု CDM ဗိုလ်ကြီးဇင်ယော်ကပြောသည်။ လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခအသွင်ဖန်တီးမှုများ ပြုလုပ်လျက်ရှိသည့် စစ်ကောင်စီက ၎င်းတို့ကိုယ်တိုင် နိုင်ငံသားအဖြစ် သတ်မှတ်ခြင်းမပြုဘဲထားရှိထားသည့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင်ရှိသော ဒုက္ခသည် စခန်းများမှ မူဆလင်လူငယ်များကို အတင်းအကျပ်ခေါ်ဆောင်လာပြီး စစ်သင်တန်းပေးကာ ရှေ့တန်းသို့စေလွှတ်၍ စစ်မှုထမ်းခိုင်းနေကြောင်း သိရသည်။ Read in full

၁၁။ ဖားဆောင်းရှိ သံလွင်တံတားနှင့် စစ်ကောင်စီ၏ အရေးပါသည့် စေတီကုန်းစခန်းကို ကရင်နီတပ်ဖွဲ့များ သိမ်းပိုက်ရရှိ
    March 12, 2024

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်မှ စတင်ကာ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ ဖားဆောင်းမြို့နယ်အတွင်းရှိ အရေးပါသည့် စခန်းကုန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်များမှာ အထိုင်ချခုခံနေသည့် သံလွင်တံတား (ဖားဆောင်း)ထိပ်ရှိ စစ်ကောင်စီအထိုင်စခန်းနှင့် ဖားဆောင်းမြို့စွန်ရှိစေတီကုန်းစခန်းတို့ကို ပြီးခဲ့သည့် မတ် ၉ ရက်နေ့တွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ စစ်ကောင်စီစခန်းနှစ်ခုမှ သေနတ် ၁၇ လက်နှင့် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) က ထုတ်ပြန်ထားသည်။

“သံလွင်မြစ်ကူးတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို သိမ်းလိုက်ပြီး ဗျူဟာအရ အရေးပါတဲ့ မြို့အစွန်မှာရှိတဲ့ စေတီ ကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းထား တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ မြို့တွင်းမှာ ဖြန့်ထားတဲ့ သူတို့ ရဲ့ လှုပ်ရှား‌တပ်တွေ၊ စခန်းကုန်းတွေကနေ ဆုတ်ခွာပြီးတော့ သူတို့ရဲ့အခြေစိုက် တပ်ရင်း တွေထဲ ပြန်ပြီးဆုတ်ခွာရတဲ့ အခြေ အနေမျိုးဖြစ်ပါတယ်။ မြို့ထဲကိုတော့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေရှိတယ်” ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ် (KNDF) တာဝန်ရှိသူက ပြောသည်။ ဖားဆောင်းတွင် ပြီးခဲ့သည့် မတ် ၃ ရက်နေ့ကလည်း စစ်ကောင်စီ၏ လေကြောင်း တိုက် ခိုက်မှုကြောင့်  ဒေသခံ ငါး ဦးနှင့်အထက် သေဆုံးခဲ့သည့်အပြင် ဖားဆောင်း တိုက်ပွဲအတွင်း  မီးလောင်ဗုံးများဖြင့်ကြဲချ တိုက်ခိုက် မှုကြောင့် ဖားဆောင်းမြို့ပေါ် ရပ်ကွက် အများစုမှ ဒေသခံနေအိမ်များ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ Read in full

၁၂။  ပင်လောင်း-ဖယ်ခုံ နယ်စပ်တွင် တိုက်ပွဲပြင်းထန်၊ ဒေသခံများ ဘေးကင်းရာ ထွက်ပြေး
   March 12, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း-ဖယ်ခုံ နယ်စပ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်နဲ့ ဒေသခံတွေ ဘေးကင်းရာ ထွက် ပြေးနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ မတ် ၁၀ ရက် မနက် ၁၀ နာရီလောက်က ကုန်းပေါ နမ်းဖာမူ ရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ဘေးကင်းရာ တောထဲနဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ရှောင်ရတယ်လို့ ဆိုပါတယ်။ ရုတ်တရက် တိုက်ပွဲဖြစ်တာကြောင့် ထွက်ပြေးနေတဲ့အချိန် ကားမှောက် တာရှိသလို မထွက်ပြေးနိုင်တဲ့လူလည်း များတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံတဦးက “ခုတော့ ပြည်သူတွေ ထွက်ပြေးကြတယ်။ မနေ့ကလည်း စစ်ကောင်စီက လမ်းပိတ်ထားတယ်၊ ဘယ်မှ သွားလို့မရဘူး၊ ပြည်သူတွေ ပိတ်မိနေတယ်။ တချို့ကျတော့ တိုက်ပွဲကြားထဲ ကားမောင်းနေရင်း မှောက်တဲ့လူလည်း ရှိတယ်ပေါ့ နော်။ ဆိုင်ကယ်အချင်းချင်း တိုက်တဲ့လူလည်း အများကြီးရှိတယ်။ ကျမတို့နေတဲ့နေရာမှာ ရုတ်တရက် လာတိုက်ကြတော့ ပြည်သူတွေ အကုန်ထိတ်လန့်ကြတာ။ ပိုက်ဆံမရှိတဲ့သူ ကားမရှိတဲ့သူတွေ မသွားနိုင်ကြဘူး” လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာဟာ ဗန်းမောက်၊ ဆောင်လန်၊ နမ်းဖာမူ၊ ကုန်းပေါ ရွာတို့ဖြစ်ပြီး အဲဒီကျေးရွာတွေမှာ ကရင်နီစစ်ရှောင် ၄,၀၀၀ နီးပါး ခိုလှုံနေပြီး တချို့က ငွေကြေးနဲ့ ကား အခက်အခဲတွေကြောင့် ထွက်မပြေးနိုင်ဘဲ တိုက်ပွဲအတွင်း ကြောက်စိတ်နဲ့နေနေရကြောင်း စစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။ ဒေသခံအများစုဟာ တောထဲနဲ့ ပင်လောင်းမြို့ပေါ် နောင်တရား၊ တီကျစ်နဲ့ ညောင်ရွှေ မြို့နယ်တို့မှာ စစ်ရှောင်နေကြရတယ်လို့ ပြောပါတယ်။ Read in full

၁၃။ စစ်ရေးပြင်းထန်နေတဲ့ပုလောမှာ အရပ်သား ၃ ဦး သေဆုံး
   March 11, 2024

တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်နေတဲ့ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ စပူပြင်ရွာမှာ နှစ်ဖက်ထိခိုက်ကျဆုံးရှိသလို အရပ်သားထိခိုက်၊ သေဆုံးတာတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။ အခုလ ၇ ရက်နေ့ကတည်းကနေ ဒီကနေ့အထိ စစ်ရေးတင်းမာနေတာဖြစ်ပြီး ပြီးခဲ့တဲ့ သုံးရက် အတွင်း အရပ်သားသုံးဦးသေဆုံးထားသလို ငါးဦးထက်မနည်း လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။ တိုက်ပွဲစဖြစ်တဲ့နေ့မှာ စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်တဲ့စက် လက်နက် ကျည်ထိ မှန်ပြီး လမ်းသွားလမ်းလာသားအမိနှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီသားအမိဟာ ရွာသားနှစ်ဦး ပျောက်ဆုံးနေတဲ့အကြောင်း သတင်းထွက်ပေါ်နေတဲ့ လိပ်သောင်ကျေးရွာအုပ်စု၊ လယ်ဖက်ရွာကဖြစ်တယ်လို့ ယူဆနေကြပေမယ့် အတိအကျကိုတော့မသိရသေးဘူးလို့ ဒေသခံနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေက ပြောပါတယ်။ အခုလ ၈ ရက်နေ့မှာတော့ တိုက်ပွဲကြောင့် စပူပြင်ရွာဘုန်းကြီးကျောင်းနဲ့ အနီးအနားခြံတွေမှာရှောင် နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီက လူသားဒိုင်းအနေနဲ့ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ အဲဒီထဲက အရပ်သားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်လိုက်ပြီး ချက်ချင်းသင်္ဂြိုဟ်လိုက်တယ်လို့လည်း ဒေသခံနဲ့ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒရုန်းတိုက်ခိုက်မှုကို စစ်ကောင်စီတပ်တွေပြန်လည် တုံ့ပြန်ဖို့ ကြိုးစားနေတဲ့ အချိန် ဘုန်းကြီးကျောင်းပေါ်မှာ  ဖမ်းဆီးခံထားရတဲ့ပြည်သူတွေလည်း ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။ “သူတို့ကဒီဘက်ကို အနည်းဆုံးနယ်မြေရှင်းချင်တဲ့သဘောလား စစ်ကြောင်းဝင်တာ သက်သက် လား ဘာလားတော့မပြောတတ်ဘူး အင်အားတွေဖြည့်ဖြည့်ပြီးတော့ ရှေ့တိုးနေတယ်”လို့ တိုက်ပွဲမှာပါဝင်နေတဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ Read in full

၁၄။ ဖားဆောင်းစစ်ရှောင်စခန်းမှာ ကလေးအပါအ၀င် လူကြီး အရေပြားအနာဖြစ်ပွားနေ
   March 11, 2024

ဖားဆောင်းမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ တော တောင်ထဲမှာ စစ်ရှောင်နေရပြီး ကလေးအပါအဝင် လူကြီးပါ အရေပြားအနာ ဖြစ်ပွားသူရှိနေတယ်လို့ သိရပါတယ်။ “လက္ခဏာက အဖုသေးသေးပဲဖြစ်တာ အဖုသေးသေးလေးကနေ ဒီလိုမျိုးမနီသေးဘူး။ နောက်တော့ ကုပ်ကုပ်တော့နည်းနည်းကနေတက်တက် လာတယ်။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ တောင်တောင်တွေမှာ တဲထိုးနေထိုင်ကြပြီး ပိုးမွှား၊ သစ်ရွက်ထိမိတဲ့ အတွက် ယားယံနေကြသလို သုံးစွဲတဲ့ရေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အရေးပေါ်အတွက် ဆေးဝါးမရှိသလို လိမ်း ဆေးလည်း မရှိတဲ့အတွက် ပျောက်ကင်းမှုမရှိဘဲ ပိုအဖြစ်များလာတယ်လို့ သိရပါတယ်။

အရေပြားအနာဖြစ်ပွားသူတွေဟာ လသားအရွယ်ကစပြီး သက်ကြီးရွယ်အိုအရွယ်အထိ ဖြစ်ပွားနေကြပြီး မျက်လုံးအနီး တစ်၀ိုက် ယားယံမှုတွေလည်း ဖြစ်နေကြတယ်လို့ သိရပါတယ်။ “အသက်အရွယ်မရွေးဘူး အကုန်ဖြစ်တာ။ မျက်လုံးတွေဆို ဖုရောင်ပြီး‌တော့မှ မျက်လုံးတောင်မဖွင့်နိုင်တဲ့သူတောင်ရှိ‌တယ်။ ယားလို့ကုပ်ကုပ်ရင်းနဲ့မှ မျက်လုံးတွေကစ ရောင်လာတာ။ အဲ့ဒါ မှ ဆေးခန်းလာပြတာ”လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။ အဆိုပါ စစ်ရှောင်စခန်းမှာ ဖားဆောင်းမြို့က ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ဦးရေ (၇၀၀)ကျော်ရှိပြီး အရေပြားအနာဖြစ်ပွားသူ ကလေး‌အပါအ၀င် လူကြီး စုစုပေါင်း (၃၀)ကျော် ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကစတင်တဲ့ ဖားဆောင်းမြို့တွင်းတိုက်ပွဲဟာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်တာကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေဟာ နေရပ်ကို ပြန်နေထိုင်လို့ မရသေးပါဘူး။

Read in full

၁၅။ “၀” စစ်သားတစ်ယောက်ကို ထိုးကြိတ်ခဲ့မှု MNDAA ဘက်က ဖြေရှင်းပေးဖို့ UWSA စာထုတ်ပြန်
   March 11, 2024

“၀”တပ်(UWSA)ထိန်းချုပ်ထားတဲ့ နမ့်တစ်မြို့မှာ စစ်ပြေးတွေကို လိုက်ဖမ်းတဲ့ “၀”စစ်သားတစ်ဦးကို ကိုးကန့်တပ် (MNDAA) ရဲ့ တပ်မမှူးတစ်ဦးက ထိုးကြိတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ “၀”ပြည်တပ်မတော် UWSA က စာထုတ်ပြန်လာပါတယ်။ စစ်ပြေးလိုက်ဖမ်းတဲ့ လီကျွင်း ဆိုတဲ့ ‘၀’ တပ်ဖွဲ့ဝင်ရဲ့ကားနဲ့ MNDAA ရဲ့ 211 တပ်သားတို့ရဲ့ ကားတိုက်မိရာကနေ MNDAA ရဲ့ 211 တပ်သားတွေနဲ့ တပ်မမှူးတွေက ‘ဝ’ တပ်သား လီကျွင်းကို ထိုးကြိတ်ရိုက်နှက်ခဲ့ ခြိမ်း ခြောက်ခဲ့တယ်လို့ ထုတ်ပြန် ပါတယ်။ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၆ ရက်က နမ့်တစ်မြို့ထဲမှာ မဟာမိတ်ထောက်ပို့ဌာနမှ ယာဉ်မောင်းက လယ်ထွန်စက် ကို ကျော်တက်ဖို့ လမ်းပြောင်းလိုက်တဲ့အချိန်မှာ ရှေ့ကရုတ်တရက် မောင်းနှင်လာတဲ့ ယာဉ်ကိုတွေ့ရှိပြီး ရှောင်လွှဲနိုင်ခြင်းမရှိ တော့ပဲ ယာဉ်တိုက်မှု ဖြစ်ပွါးခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီဖြစ်စဉ်အပေါ် UWSA ရဲ့ နမ့်တစ်အခြေစိုက်တိုင်းစစ်ရုံးက MNDAA 211 တပ်မမှူးနဲ့ ရိုက်နှက်မှုမှာ ပါဝင်တဲ့သူတွေ ကိုယ်တိုင် လာရောက်တောင်းပန်ဖို့နဲ့ နစ်နာတဲ့ ‘၀’ စစ်သားကိုလျှော်ကြေးပေးဆောင်ဖို့ တရားစာဝင်ပေးပို့ထုတ်ပြန်ခဲ့ပါတယ်။ ညီနောင်(၃)ဖွဲ့ ဖော်ဆောင်တဲ့ (၁၀၂၇)စစ်ဆင်ရေးအတွင်း ကိုးကန့်တိုက်ပွဲမှာ ထွက်ပြေးတိမ်းရှောင်လာတဲ့ သောင်းနဲ့ချီတဲ့ ဒေသခံတွေကို နမ့်တစ်မြို့က UWSA ရဲ့ အကူအညီတွေနဲ့ နေရပ်ပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။ နမ့်တစ်မြို့ဟာ စစ်ဆင်ရေးအပြီး မှာလည်း MNDAA ထိန်းချုပ်နယ်မြေနဲ့ UWSA ထိန်းချုပ်နယ်မြေတို့ နေ့စဉ်အသွားအလာပြုလုပ်နေကြတဲ့ နေရာလည်းဖြစ်ပါ တယ်။ Read in full

၁၆။ ငါးအိုးရွာရှိ ခလရ ၁၂၁ တပ်ရင်းကို KIA နှင့် ပူး‌ပေါင်းတပ်များ တိုက်ခိုက်
   March 11, 2024

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ငါးအိုးကျေးရွာတွင် အခြေစိုက်ထားသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက် အောက်ခံ ခလရ ၁၂၁ တပ်ရင်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့်  ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများ နှင့် တော်လှန်ရေး အင်အားစုများထံက သိရသည်။ ငါးအိုးကျေးရွာရှိ ခလရ ၁၂၁ တပ်ရင်းကို ယမန်နေ့ညပိုင်းကတည်းက စတင် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကာ တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် အနီးဝန်းကျင်ရှိ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။

ABSDF မှ တာဝန်ရှိသူတဦးက “မနေ့ညပိုင်းကတည်းက ABSDF စစ်ကြောင်း ၂ နဲ့ KIA ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်နေ တာပါ။ နယ်မြေခံအဖွဲ့တွေကလည်း တံတားဘက်နေစပြီးတော့ နယ်မြေရှင်းလင်းရေးအနေနဲ့ ပါဝင်ပေးနေကြပါတယ်၊ တိုက်ပွဲ ဖြစ်ပွားနေဆဲမို့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး” ဟု ပြောသည်။ ငါးအိုးကျေးရွာသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပါဝင် သော်လည်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် ၃ နယ်အစပ်၌ တည်ရှိသော ရွှေလီမြစ်ကမ်းဘေး ကျေးရွာကြီးတရွာ ဖြစ်ကာ လူဦးရေ ၁၁၄၉၈ ဦး နေထိုင်သည်။ မဘိမ်းမြို့ကို KIA ၊ KPDF ၊ ABSDF နှင့် PDF ပူးပေါင်းတပ်များက ဇန်နဝါရီ ၁၉ တွင် စတင် တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၁ နံနက်ပိုင်း၌ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ကြောင်း ABSDF က ထုတ်ပြန်ထားသည်။ Read in full

၁၇။  မူဆယ် PDF အယောင်ဆောင်အဖွဲ့က ငွေညှစ်တောင်းခံသူထံ လက်ပစ်ဗုံး ပို့ပြီး အသက်အန္တရာယ် ခြိမ်းခြောက်
  March 11, 2024

မူဆယ်မြို့ တောင်ရပ်ကွက်ရှိ တရုတ်-မြန်မာ ငွေလဲလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်သို့ မူဆယ် PDF အယောင်ဆောင် အဖွဲ့ MSPDF က နှစ်ရက်ဆက်တိုက် လက်ပစ်ဗုံး လာရောက်ပစ်ချပြီး Viber မှတဆင့် ငွေညှစ်တောင်းခံစာနှင့် မိသားစုဝင်များကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။ မူဆယ်မြို့တွင် PDF အယောင် ဆောင်အဖွဲ့က ငွေညှစ်တောင်းခံသူထံသို့ ( မတ် ၉ /မတ်၁၀)ရက်တွင် လက်ပစ်ဗုံး ၂ လုံး ပေးပို့ပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့ကြောင်း စုံစမ်းသိရသည်။“မနေ့တုန်းက တောင်ရပ်ကွက်မှာ Viber ထဲကနေ စာပို့ခြိမ်းခြောက်ပြီး သိန်း ၅၀၀ တောင်းတာ။ လက်ပစ်ဗုံး ၂ လုံးလည်း ပလတ်စတစ်အိတ်နဲ့ ထုပ်ပြီး အိမ်ခြံဝင်းထဲ လာပစ်သွားတယ်၊ စနက်တံလည်း မဖြုတ်ထားဘူး။ အဲ့လောက်ပိုက်ဆံ မပေးနိုင်ရင် ဒရုန်းဗုံး လာပစ်မယ်လို့ ထပ်ပြီးခြိမ်းခြောက်တယ်၊ အခုက ဘယ်ကိုမှ တိုင်လို့မရတော့ အိမ်ရှင်လည်း ထွက်ပြေးနေရ တယ်”ဟု မူဆယ်မြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

MSPDF အမည်ဖြင့် မူဆယ် PDF လက်နက်ကိုင်တပ်ဖွဲ့ အယောင်ဆောင်ပြီး ၎င်းတို့ ငွေညှစ်တောင်းခံလိုသူများကို ဓာတ်ပုံနှင့် ဖုန်းနံပါတ်တို့ဖြင့် တစ်ဦးချင်းစီ လိပ်မူပြီး အခွန်ဆောင်ရန် အကြောင်းကြားစာကို Viber မှတဆင့် ပေးပို့ခြိမ်းခြောက် နေကြောင်း မူဆယ်ဒေသခံများက ပြောသည်။ ၎င်းငွေညှစ်ခြိမ်းခြောက်စာတွင် ရှောင်ပြေးခြင်း၊ အခွန်ပေးဆောင်ခြင်း မရှိပါက နေအိမ်ပိုင်ဆိုင်မှုကို ဗုံးခွဲတိုက်ခိုက်သွားမည့်အပြင် လူကို နောက်ယောင်ခံလိုက်၍ ချောင်းပစ်ခတ်ခြင်း၊ ပြန်ပြေးဆွဲ၍ မိခဲ့လျှင် အဆ ၅၀ အထက်ဖြင့် ပြန်ရွေးရမည်ဟု ခြိမ်းခြောက်ရေးသားထားသည်။“Viber ထဲကနေ ပို့လာတာဆိုတော့ သူတို့ Profile ကိုလည်း မတွေ့ရဘူး။ ခြိမ်းခြောက်တဲ့ နည်းကတော့ အတူတူပဲ၊ ဒါပေမယ့် ဘယ်အဖွဲ့လဲဆိုတာ သေချာမသိရဘူး။ သူတို့နဲ့ မညှိ နိုင်ရင်တော့ ထွက်ပြေးရုံပဲရှိမှာ။ ဘယ်မှလဲ သွားတိုင်လို့မရဘူး၊ တိုင်စရာ နေရာလည်း မရှိဘူး။ သူတို့ စာပို့လာတဲ့အထဲမှာလည်း စကစဆီကိုပဲ တိုင်တိုင်၊ လက်နက်ကိုင်တပ်ဖွဲ့ဆီပဲ တိုင်တိုင် သူတို့မကြောက်ဘူးလို့ ပြောတာ”ဟု မူဆယ်မြို့မှ ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။ Read in full

၁၈။ ရသေ့တောင်မြို့နယ်ကို ရရှိရေး AA ထိုးစစ်မြှင့်
   March 11, 2024

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကို သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ကို နောက်တစ်ဆင့်မြှင့်၍ တိုက်ခိုက်နေပြီဖြစ် ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်လိုက်သည်။ ရသေ့တောင်မြို့နယ်ရှိ တပ်ရင်းဌာနချုပ်များကို မတ်လ ၁၀ ရက်နေ့ ညနေ ၇ နာရီခန့်မှစ၍ ရက္ခိုင့်တပ်တော်က တစ်ဆင့်မြှင့်ထိုးစစ်ကိုတိုးပြီး ဆက်လက်ဆင်နွှဲလျက်ရှိသည်ဟု ထုတ်ပြန် ချက်တွင်ဖော်ပြသည်။ ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ အမှတ် (၅၃၆)၊ (၅၃၇)၊ (၅၃၈) ခြေမြန်တပ်ရင်းများ အခြေ စိုက်နေပြီး ထိုတပ်ရင်းများကို AA က ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ AA က ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ခြင်းဖြစ်ရာ ထိုးစစ်ကာလ ၄ လနီးပါး ကြာမြင့်လာပြီဖြစ်သည်။

ရသေ့တောင်မြို့နယ်အတွင်း နောက်ဆုံးကျန်ရှိသည့် ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို AA က ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ထပ်မံသိမ်းပိုက်လိုက်ရာ မြို့ဧရိယာနှင့် ကပ်လျက်ရှိနေသည့် ခမရ ၅၃၆၊ ၅၃၇၊ ၅၃၈ တပ်ရင်း ၃ ရင်းသာ နောက် ဆုံးကျန်ရှိနေခြင်းဖြစ်သည်။ ရသေ့တောင်မြို့နယ်သည် စစ်တွေခရိုင်အတွင်းတွင်ရှိရာ ရသေ့တောင်ကို ရရှိပါက AA သည် ခရိုင် တစ်ခုလုံးကို သိမ်းယူရန် စစ်တွေမြို့နယ်တစ်ခုတည်းသာ ကျန်ရှိတော့သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် အချက်အလက်များအရ မြို့နယ်ဧရိယာ စတုရန်းမိုင် ၄၃၇.၇၆၁ မိုင် ကျယ်ဝန်းသော ရသေ့တောင်မြို့နယ်တွင် လူဦးရေ ၁၃၀၀၀၀ ကျော် နေထိုင်သည်။ မြို့ပေါ်တွင် လူဦးရေ ၈ ထောင်ကျော်သာ နေထိုင်ပြီး ကျန်လူဦးရေမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြ သည်ဟု ဖော်ပြထားသည်။ AA သည် (မတ်လ ၁၁ ရက်) နေ့လယ်တွင်လည်း ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်တစ်ခုဖြစ်သည့် ရမ်းဗြဲမြို့နယ်ကို သိမ်းပိုက်လိုက်သည်။ ရမ်းဗြဲမြို့နယ် AA လက်အောက် ကျရောက်သွားခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီ ပြန်ကြားရေးဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို AA သိမ်းပိုက်စဉ်ကလည်း စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်ပေ။ Read in full

၁၉။ စစ်ရေးဖော်ဆောင်မည်ဖြစ်၍ မွန်ပြည်နယ်ရှိ ပြည်သူများ အသွားအလာသတိပြုရန် ရေးဘီလူးထုတ်ပြန်
   March 11, 2024

မွန်ပြည်နယ်တွင် စစ်ရေးအကောင်အထည်ဖော်ဆောင်တော့မည်ဖြစ်၍ ပြည်နယ်အတွင်း ဘယ်အချိန်၊ ဘယ်‌နေရာ မဆို တိုက်ပွဲဖြစ်လာနိုင်သဖြင့် မိဘပြည်သူများ အသွားအလာ သတိပြုကြရန် ရေးဘီလူးက ယမန်‌နေ့တွင် ထုတ်ပြန်ကြေညာ ထားသည်။ စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်နိုင်သည့် ဌာနဆိုင်ရာနေရာများ၊ ဂိတ်စခန်းများနှင့် အသွား အလာပြုလုပ်သည့် လမ်းများစသော ထိတွေ့မှုဖြစ်နိုင်သည့်နေရာများတွင် ပြည်သူများအနေဖြင့် သတိ ထားသွားလာကြရန် ရေးဘီလူးခေါင်ဆောင် က ယခုလိုပြောသည်။ ရေး‌ဘီလူးအဖွဲ့ခေါင်းဆောင်က”အဓိက ကျနော်တို့အထိအတွေ့ဖြစ်နိုင်တဲ့နေရာမျိုးဆိုရင် စစ်တပ်အနီး အနား၊ ရဲစခန်းပတ်ဝန်းကျင်၊ ဌာနဆိုင်ရာတွေ ဒီလိုနေရာမျိုးတွေ အဓိကကျတယ်။ နောက်ပြီးစစ်‌ဆေးရေးဂိတ်‌ တွေ စစ်ကောင်စီ ဖြတ်သန်းသွားလာတဲ့လမ်းကြောင်းတွေ အပျော်အပါးတွေလျှော့ပြီး အသွားအလာသတိပြုကြပါပေါ့”ဟု ပြောသည်။

လက်ရှိ မွန်ပြည်နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့က မြေပြင်နယ်မြေစိုးမိုးမှု ပိုမိုရရှိနေပြီဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့မှာ စခန်းတွင်း၌ ခံစစ်အနေအထားသာရှိတော့ကြောင်း ရေးမြို့ဒေသခံတစ်ဦးက ပြောသည်။“နယ်မြေထိန်းချုပ်မှုအပိုင်းက တော်လှန်ရေးအင်အားစုမှာ ပိုသာတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေက စခန်း အပြင်ကို မထွက်ရဲတော့တာကြာနေပြီး။ ခံစစ်ပဲ‌နေတော့တယ်။ တိုက်မယ်ဆိုရင် တပ်စခန်းကိုပဲ ဝင်တိုက်ရ မယ်”ဟု ၎င်းရေးမြို့ဒေသခံ ပြောသည်။ လတ်တလော မွန်ပြည်နယ်၊ ရေးမှ သံဖြူဇရပ်မြို့နယ်အထိ တော်လှန်ရေးအင်အားစုများ ‌နယ်မြေထိန်း ချုပ်ထားပြီး စစ်ကောင်စီတပ်ဘက်မှာ ခံစစ်မှခွာစစ်အနေအထားသို့ ရောက်ရှိနေသည့်အပေါ်တွင် ယခုစစ်ဆင်ရေး ကို အကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များဘက်က ပြောသည်။ Read in full

၂၀။ ဖလူးစစ်စခန်းကို KNLA/ PDF ပူးပေါင်းတပ်များ သိမ်းပိုက်
  March 11, 2024

ကရင် အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ မြဝတီမြို့နယ်ထဲရှိ စစ်ကောင်စီ၏ ဖလူးစခန်းအား ကရင် အမျိုးသား လွတ် မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီဖြစ် ကြောင်းသိရသည်။ အဆိုပါ စခန်းအား တော်လှန်ရေးအင်အားစုများအနေဖြင့် မိနစ်ပိုင်းသာ တိုက်ခိုက်ရ ကြောင်း သတင်းရင်းမြစ် တဦးက ဆိုသည်။ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအမြောက်မြား သိမ်းဆည်းရမိသည်ဟုသိရပြီး ပါဝင်တိုက်ခိုက်နေ သည့် စစ်ကြောင်းများမှ တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိသေးပေ။

မြဝတီမြို မှ ၈ မိုင်ခန့်သာ ကွာဝေးသော ဖလူးစခန်းသည် ယခင်က KNU ၏ အခိုင်အမာစခန်းတခုဖြစ်ပြီး ဖလူးစခန်းနှင့် လေးကေ့ကော်ကြားတွင် စစ်ကောင်စီ၏ လက်နက်ကြီးကုန်း တခု ရှိသည်။ မတ်လ ၇ ရက် နံနက်မှစ၍ KNLA နှင့် ပူးပေါင်းတပ် များသည် မြဝတီ သင်္ကန်းညီနောင်ဒေသရှိစစ်ကောင်စီ ခမရ ၃၅၅၊ ၃၅၆ ၊ ၃၅၇ တပ်ရင်းတို့အား စတင်တိုက်ခိုက်ခဲ့ပြီး ခမရ-၃၅၅ တပ်ရင်းနှင့် သင်္ကန်းညီနောင် ရဲစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ဗျူဟာကုန်းအား ဆက်လက်တိုက်ခိုက်လျက်ရှိသည်။ Read in full

၂၁။ တအာင်းမှာ ဖွင့်လှစ်မဲ့ စာသင်ကျောင်း ၅၀၀ ကျော်အတွက် CDM ဆရာ၊ ဆရာမတွေ ခေါ်ယူမယ်
  March 11, 2024

နိုင်ငံတဝှမ်းက CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမတွေကို လာမဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ဖိတ်ခေါ်သွားမယ်လို့ တအာင်းပြည်ပညာရေးကောင်စီ TLEC က ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းဒေသတွင်း အခြေခံပညာရေး ကျောင်း ၅၅၀ တိုးချဲ့ဖွင့်လှစ်မှာ ဖြစ်တဲ့အတွက်လည်း ဖိတ်ခေါ်တာလို့ ဆိုပါတယ်။ ဆရာ၊ ဆရာမ ဦးရေဘယ်လောက်ဖိတ်ခေါ် မယ် ဆိုတာကိုတော့ မပြောထားပါဘူး။ တအာင်းဒေသအတွင်းရှိ CDM လှုပ်ရှားမှုမှာ ပါတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့လည်း မိမိတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို အသုံးပြုပြီး ဒေသပညာရေး တည်ဆောက်မှုမှာ ပူးပေါင်းပါဝင်ဆောင် ရွက်ပေးကြဖို့ ကို TLEC က တိုက်တွန်းထားပါတယ်။

တအာင်းဒေသအတွင်းမှာ အခြေခံပညာရေးကျောင်းတွေ ပိုမိုဖွံ့ဖြိုးလာဖို့နဲ့ အဆင့်မြင့်ပညာရေးကျောင်းတွေ တိုးချဲ့ဖွင့် လှစ်သွားနိုင်ရေး၊ ခိုင်မာတဲ့တက္ကသိုလ်ဖြစ်ပေါ်လာရေး၊ ရှေးဦးကလေးသူငယ်ပညာရေးကို မြှင့်တင်ဖွင့်လှစ်နိုင်ရေး အပါအဝင် ဖက်ဒရယ်ပညာရေး မူဝါဒ၊ မိခင်ဘာသာစကားအခြေပြု ပညာရေးမူဝါဒတို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်မှာ တအာင်းအမျိုးသား ပညာရေးကော်မတီ TNEC ဦးဆောင်မှုနဲ့ တအာင်းဒေသတွင်း အခြေခံပညာစာသင်ကျောင်းပေါင်း ၃၈၀ ကျော်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး သင်ကြားရေး ဆရာ၊ ဆရာမ ၁၅၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ Read in full

၂၂။  နောင်ကောန်(Nawng Kawn)တပ်မှ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ရှမ်းအမျိုးသမီးငယ် ၃ ဦးသေဆုံး
   March 12, 2024

မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးပေါ် နွမ်လန့်ကျေးရွာအနီးမှာရှိတဲ့ နောင်ကောန်(Nawng Kawn) အမြှောက်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နန်းအီ(Nang Ei) ကျေးရွာမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ တာလီ(Tar Li) ဒေသခံ ရှမ်းအမျိုးသမီးငယ် ၃ ယောက် အသက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ နွမ်လန့်ကျေးရွာရဲ့ အနောက်ဘက်ခြမ်း ၅ မိုင်အကွာလောက်မှာရှိတဲ့ နောင်ကောန်ကျေးရွာမှာရှိတဲ့ အမြှောက်တပ်ကနေ မန်နောင်နဲ့ နန်းအီ ဘက်ကို မတ်လ ၁၁ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်ခဲ့ရာ နန်းအီကျေးရွာအလယ်မှာ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်မှုရှိခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။ နောင်ကောန်အမြှောက်တပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နန်းအီမှာ လာရောက်တိမ်းရှောင်နေတဲ့ ရှမ်းအမျိုးသမီးငယ် ၃ ယောက်သေဆုံးသွားတဲ့ပြင် နေအိမ်တစ်လုံး၊ စပါးကျီတစ်ခုနဲ့ နွာတင်းကုတ် တစ်ခု မီးလောင်ပျက်စီးသွားတယ်လို့ နွမ်လန့်ဒေသခံတစ်ယောက်က ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ နွမ်လန့်ရွာနဲ့ အတူ နန်အီဘက်ကို တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဖြစ်တယ်။ မနေ့က နောင်ကောန်တပ်စခန်းကနေ လက်နက်ကြီး ၂ လုံးပစ်လိုက်တယ်။ အဲဒီ ၂ လုံးစလုံးက နန်အီရွာအလယ်ထဲမှာပဲ ကျတယ်။ အမျိုးသမီး ငယ် ၃ ယောက်က အဲ့နေရာမှာပဲ ပွဲရှင်းပြီးဆုံးသွားတယ်။ ၃ ယောက်စလုံးက ဖုန်းထိုင်သုံးနေတဲ့ အချိန်မှာ လက်နက် ကြီးကျပေါက်ကွဲသွားတယ်လို့ ပြောပြတယ်”လို့ပြောပါတယ်။ စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီး ၂ လုံးဟာ နန်းအီရွာထဲမှာရှိတဲ့ ဦးညီထွေးဆိုသူနဲ့ ဦးသောင်းရွှေ စတဲ့ နေအိမ် ၂ ခုမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဦးသောင်းရွှေရဲ့ နေအိမ်က တစ်စစီပျက်စီး သွားပြီးတော့ ဦးညီထွေးရဲ့ နေအိမ်က စပါးကျီနဲ့ နွားကုတ် ၂ ခုစလုံးပျက်စီးသွားတယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ရှမ်းအမျိုး သမီးငယ် ၃ ယောက်ဟာ အတူရှိနေတဲ့ တစ်ချိန်ထဲမှာပဲ လက်နက်ကြီး ကျပေါက်ကွဲခဲ့တာကြောင့် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီသေဆုံးသွားတဲ့ တာလီကျေးရွာက ရှမ်းအမျိုး သမီးငယ် ၃ ယောက်မှာ ၁၅ နှစ်အရွယ် မလန်းရင်၊ အသက် ၁၄ နှစ်အရွယ် မကိန်းဆွမ်နဲ့ အသက် ၁၉ နှစ်အရွယ် မလောမိုင် တို့ဖြစ်ကြပါတယ်။ Read in full

၂၃။ ထိန်းချုပ်နယ်မြေအတွင်း ရမ်းကားနေထိုင်ခြင်းနဲ့ ငွေကြေးကောက်ခံခြင်းမပြုရန် CDF-Hakha ဗဟိုကောင်စီ သတိပေး
  March 11, 2024

CDF-Hakha ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟားခါးမြို့ပေါ်နဲ့ နယ်ဘက်တွေမှာ ရမ်းကားနေထိုင်ခြင်းနည်းအမျိုးမျိုးနဲ့ ငွေကြေး ကောက်ခံခြင်းတို့ကို CDF-Hakha ရဲ့ထောက်ခံချက်မပါပဲမပြုလုပ်ရန် Chinland Defense Force –Hakha Central Council က သတိပေးထုတ်ပြန်ထားပါတယ်။“ယခုကာလ အတွင်းမိမိတို့ရဲ့ ခွင့်ပြုချက်မပါပဲ ဟားခါးမြို့ပေါ်နဲ့ နယ်ဘက်တွေမှာ ငွေကြေးကောက်ခံခြင်း၊ ဆက်ကြေးကောက်ခြင်း၊ခိုင်းစေခြင်းစတာတွေ များပြားလာတယ်လို့ကြားရတယ်။ ဒါ့ကြောင့် မိမိတို့ အဖွဲ့အစည်းက ပြည်သူတွေကိုစောင့်ရှောင့်ဖို့ဖွဲ့စည်းထားတာနဲ့အညီ အထက်ဖော်ပြပါ လုပ်ဆောင်ချက်ကျူးလွန်သူ များရှိပါက CDF-Hakha ထံတိုင်ကြားနိုင်ပြီး CDF-Hakha ကလိုအပ်သလိုတာဝန်ယူသွားမယ်”လို့ ဆိုပါတယ်။

ချင်းလဲန်းကောင်စီ အနေနဲ့ဖြစ်စေ CNF/A အနေနဲ့ဖြစ်စေ အထက်ဖော်ပြပါအချက်များကို ဆောင်ရွက်မယ်ဆို ရင် မိမိတို့ CDF-Hakha ကိုအရင်အသိပေးကာ လုပ်ငန်းများကို အတူဆောင်ရွက်သွားမှာ ဖြစ်တာကြောင့်  မိမိ တို့ကို ကြိုတင်အသိပေးခြင်း မရှိတဲ့ မည်သည့်လုပ်ဆောင်ချက်မျိုးမှ အကျုံးမဝင်ဘူး လို့ CDF-Hakha ဗဟိုကောင်စီကဆိုပါတယ်။ CDF-Hakha ဗဟို ကောင်စီ ဟာ လူထုတော်လှန်ရေးကနေ ပေါက်ဖွားလာတာနဲ့အညီ အဖွဲ့အစည်းကိုထိခိုက် စေနိုင်သောအပြုအမူများဖြစ်ကြတဲ့ စစ်ဝတ်စုံ ဝတ်ထားကာ မူးရူးရမ်းကားခြင်း၊ ပြည်သူများနဲ့ တာဝန်ရှိသူများ ကိုနှောင့်ယှက်ခြင်း၊လက်ပါခြင်း၊ အတင်းငွေတောင်းခြင်း၊ ခြိမ်း ခြောက်ခြင်းနဲ့ ကုန်စျေးနှုန်းမြှင့်တင်ရောင်း ချသူများကို ငွေကြေးကောက်ခံခြင်းတို့အပြင် ရန်သူဖြစ်တာကြောင့် သူ့ရဲ့ မိသားစုနဲ့ ဆွေမျိုးသူငယ်ချင်းများ အထိ အနှောင့်အ ယှက်ပေးခြင်း စတာတွေကို မပြုလုပ်ဘဲ ပြည်သူများရဲ့ ထောက်ခံမှုကိုဆက်လက်ရယူ နိုင်ရန် ကြိုးစားသွားမယ်လို့ဆိုပါတယ်။ Read in full

၂၄။ နမ့်လန်မှာ SSPP က အရင်နှစ်ထက် အခွန်ကို ၁၀ ဆတိုးမြင့်ကောက်ခံလို့ ဒေသခံတွေ အခက်တွေ့နေ
  March 11, 2024

ရှမ်းမြောက် သီပေါမြို့နယ် နမ့်လန်မြို့မှာ ရှမ်းပြည်တိုးတတ်ရေးပါတီ SSPP/SSA က အရင်နှစ်တွေထက် အခွန်ကို ၁‌၀ ဆတိုးမြင့်ကောက်ခံလို့ ဒေသခံတွေ အခက်တွေ့နေရတယ်လို့  ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ ၅ သိန်းသာ ပေးဆောင်ရသူတွေ ဒီနှစ် ၂၀၂၄ ခုနှစ်မှာတော့ သိန်း ၅၀ ဆောင်ခိုင်းပြီး ၃ သိန်း ပေးဆောင်ရတဲ့သူတွေကတော့ ဒီနှစ်မှာ သိန်း ၃၀ ဆောင်ခိုင်းတယ်လို့ ပေးဆောင်ခဲ့ရတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။“ အရင်နှစ်တွေဆို လျှပ်စစ်ပစ္စည်းဆိုင်တို့ ကုန်မာ ဆိုင်တို့ အိမ်ဆောက်ပစ္စည်းဆိုင်တို့ဆိုရင် တစ်နှစ်ကို ငါးသိန်း အကုန်ဆောင်ရတယ်ဗျ။ ဒီနှစ်က သိန်းငါးဆယ် ဆောင်ခိုင်းတယ်။ ကျနော်တို့ကို သူတို့က တအားမိုက်မိုက်ရိုင်းရိုင်း ဆက်ဆံကြတယ်။ဒုက္ခပေးတယ်။ မင်းတို့က ငါတို့ ရှမ်းပြည်တပ်မတော် အခွန်ကို ဆောင်နိုင်ရင်ဆောင်တဲ့ မဆောင်နိုင်ရင် ထွက်သွားတဲ့ အဲလိုကို ခြိမ်းခြောက်တယ်။ မပေးမနေရ တစ်ခုခုလုပ်မယ့်ပုံစံမျိုးနဲ့ကို ခြိမ်းခြောက်တယ်။ သူတို့ကို ဒူးထောက်ပြီး တောင်းတောင်းပန်ပန်နဲ့ ခြေထောက် မဖက်ရုံတမယ်ပဲ ကျနော် သိန်း ‌၄၀ ဆောင်ခဲ့ ရတယ်” ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က စတင်ကောက်ခံတာဖြစ်ပြီး ပြောင်းဂိုဒေါင်၊ ဖုန်းဆိုင်၊ ကုန်စုံဆိုင်၊ ကုန်မာဆိုင်၊ ဝပ်ရှော့ဆိုင်၊ အထည်ဆိုင်၊ စားသောက်ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ ရေသန့်ဆိုင်၊ ကွမ်းယာဆိုင်ပါမကျန် အကုန်အခွန်ဆောင်ရတာ ဖြစ်ပါတယ်။ အခွန်ကို ၁၀ တိုးကောက်ခံတဲ့အပြင် အိမ်မှာ ၁၂ ဘီးကားဖြစ်ဖြစ် အိမ်စီးကားဖြစ်ဖြစ် ပိုင်ဆိုင်ထားရင်လည်း အခွန်ဆောင်ထပ်ဆောင်ရတယ်လို့ နောက်ထပ် ပေးဆောင်ရတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် SSPP မှာ စစ်မှုထမ်းဖို့ တပ်သားသစ်လည်း ကောက်ခံပြီး ရှမ်းလူမျိုးအပြင် တရုတ် နဲ့ ကုလား၊ မူစလင်ပါမကျန် အကုန်ကောက်တယ်လို့ သူကပြောပါတယ်။“ ရှမ်းလူမျိုးဆိုရင်တော့ ရှယ်ကောက်တာ။ ဗမာတော့ သူမကောက်ဘူး။ တရုတ် ဆိုရင် အယောက်၂၀ သွားရမယ်တဲ့ ပိုက်ဆံနဲ့သွားညှိလို့မရ။ လူမှလူ ပဲ တစ်ချို့ကျငိုကြတယ်။ အိပ်ယာထဲ လှဲသူကလှဲ ဘယ်လို မှ ညှိလို့မရဘူး။ စစ်မှုးထမ်းခိုင်းတာပေါ့နော်။ မင်းတို့ ငါတို့စီစစ်မှုထမ်းမှာလား ဗမာစစ်မှုထမ်းမှာလားတဲ့ ဗမာတော့ သင်္ကြန်ပြီး တာနဲ့ မင်းတို့ကို လာကောက်မယ်တဲ့။ ဘုန်းကြီး ကိုရင်ဝတ်နေတယ်လို့ ပြောရင် မင်းတို့ဘာသာရေးလုပ်မယ်ဆိုရင် မင်းတို့ ရှမ်းပြည်ကို ကာကွယ်နိုင်ပါ့မလားတဲ့ အဲလိုပြောတာ” လို့ဆိုပါတယ်။ Read in full

၂၅။  ကရင်နီပြည် ကြားကာလလွှတ်တော်က တရားရုံးချုပ် တရားသူကြီး ၁ ဦး ခန့်အပ် အတည်ပြု
  March 11, 2024

ကရင်နီပြည်နယ်၊ ကြားကာလလွှတ်တော်ရဲ့ ဒုတိယပုံမှန်အစည်းအဝေးကို မတ်လ ၁၁ ရက်နေ့ကျင်းပခဲ့ပြီး ကရင်နီ ပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ၂၀၂၄ ခုနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်တွေကို အတည်ပြုခဲ့သ လို တရားရုံးချုပ်ရဲ့ တရားသူကြီး နောက်တဦးကို ခန့်အပ်အတည်ပြုလိုက်ပါတယ်။ ကရင်နီပြည်နယ်ကြားကာလ လွှတ်တော် ရဲ့  ဒုတိယပုံမှန်အစည်းအဝေးကို ဒီကနေ့ မနက်က Zoom Meeting နဲ့ အွန်လိုင်းကနေ ကျင်းပခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စား လှယ် ၁၅ ဦးထဲက ၁၂ ဦး တက်ရောက်ခဲ့ပါတယ်။ ပြည်နယ် တရားရုံးချုပ်ရဲ့ တရားသူကြီးခန့်အပ်အတည်ပြုမှုနဲ့ ပတ်သက်ပြီး ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ရဲ့  ဒုဥက္ကဋ္ဌ စောအားလ်နိုက “အဓိကကတော့ ကျနော်တို့ ကရင်နီ ပြည်နယ် ကြားကာ လ အစီအမံကနေ တရားဝင်မှုကိုယူပြီးတော့ လုပ်ဆောင်ရတာတွေရှိပါတယ်။ အဲဒီမှာ ကျနော်တို့ ဖော်ပြတဲ့အတိုင်း ပြဋ္ဌာန်းမှု အဆင့်အဆင့်အတိုင်း ရွေးချယ်စိစစ်ရေးကော်မီတီတွေ ကျနော်တို့ ဖွဲ့စည်းရတယ်။ စိစစ်ရေးကော်မီတီကနေပြီးမှ ပေးပို့လာတဲ့ စာရင်းကို KSCC ကနေပြီးမှ စိစစ်တယ်။ အားလုံး စိစစ်ပြီးပြီ ကျနော်တို့ လွှတ်တော်ကနေတဆင့် ထပ်မံ စိစစ်တယ်ပေါ့နော်။ စိစစ်ပြီးအားလုံးပြီးဆုံးသွားပြီဆိုရင်ကျနော်တို့ လွှတ်တော်ကနေပြီး သူ့ရဲ့  လုပ်ထုံးလုပ်နီးအတိုင်း ကျနော်တို့ လွှတ်တော်ခေါ်ပြီး တရားဝင် အတည်ပြုခန့်အပ်တာပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

စောအားလ်နိုက “လွှတ်တော်မှာက ရေးရာကော်မီတီတွေ ဖွဲ့စည်းထားတာရှိပါတယ်။ ရေးရာကော်မီတီတွေထဲမှာ ပြည်သူ့ဘဏ္ဍာ စိစစ်စောင့်ကြည့်ရေးကော်မီတီလည်းတခု အပါအဝင် ဖြစ်ပါတယ်။ အိုင်အီးစီ ဘက်ကနေလည်း ဒီ ၂၀၂၄ မှာ အသုံး ပြုမယ့်ဘဏ္ဍာငွေအသုံးစရိတ်တွေ၊ အရသုံးစရိတ်တွေသူတို့ ဘတ်ဂျက်ရာထားချက်ပေါ့၊ အဲဒါကို အိုင်အီးစီကနေပြီးမှ ပြုစုပြီး‌တော့ ကျနော်တို့ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအရ ဆက်ပြီးဒါကို ကျနော်တို့ ဘက်နေပြီးမှ စစ်ဆေးတယ်။ အဆင့်ဆင့် ကျနော်တို့ အစည်းအဝေးခေါ်ယူပြီးမှ လေ့လာသုံးသပ်မှုတွေ လုပ်တယ်။ စိစစ်မှုတွေလုပ်တယ်။  လိုအပ်ချက်တွေကို ပြန်ပြီးတော့ မှ ညှိနှိုင်းတယ်ပေါ့လေ။ အဲဒါအဆင်ပြေသွားတဲ့အခါကျမှ ကျနော်တို့က ဒီကနေ့မှ လွှတ်တော်ခေါ်ပြီးတော့မှ အိုင်အီးစီကနေ တင်သွင်းလာတဲ့ ရသုံးဘဏ္ဍာရေးကို ကျနော်တို့ ကရင်နီပြည်ကြားကာလလွှတ်တော်ကနေပြီးမှ အတည်ပြု ဆုံးဖြတ်ပေးလိုက် တာဖြစ်တယ်ပေါ့နော်”လို့ ပြောပါတယ်။ ကရင်နီ(ကယား)ပြည်နယ်မှာ  ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ လွှတ်တော် ကိုယ်စား လှယ်တွေနဲ့ ပူးပေါင်းပြီး “ကရင်နီပြည်နယ်ကြားကာလလွှတ်တော်” ဆိုပြီး ပြောင်းလဲခေါ်ဆို ဖွဲ့စည်းလိုက်ကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)က ၂၀၂၃ ခု နိုဝင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Read in full

၂၆။ ဂေဘားတပ်မတော်အမည်ခံဖြင့် အကျိုးစီးပွားရှာနေသူများအား ထိရောက်စွာအရေးယူမည်ဟု KNU တပ်မဟာ(၂) သတိပေး
  March 11, 2024

လူတစ်ဦးကောင်းစားရေးနှင့် စစ်ကောင်စီတပ်အကျိုးရှိစေရန် ဂေဘားတပ်မတော်အမည်ခံကာ ဦးဆောင် နေသူများ၊ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးနေသူများ အား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း KNU တပ်မဟာ(၂)ဘက် သတိပေးထုတ်ပြန်သည်။ ဂေဘားတပ်မတော်ဖွဲ့၍ စစ်သင်တန်းပေးနေသည့်ကိစ္စတွင် ဦးဆောင်လုပ်ကိုင်နေသူများအား KNU အနေဖြင့် သိရှိထားပြီးဖြစ်သလို သတိပေးချက်ထုတ် ပြန်ထားသော်လည်း ဆက်လက်လုပ်ဆောင်နေဦး မည်ဆိုပါက ခေါ်ယူဆွေးနွေးပြီးနောက် အရေးယူမှုများလုပ်ဆောင်သွားမည် ဟု မတ်လ(၇)ရက်နေ့ပါ ထိုထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ(၂) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။“စာထုတ်ထားမယ်။ နားမထောင်ဘူး ဆက်လုပ်မယ့်သူတွေကိုကျတော့ ခေါ်ပြီးဆွေးနွေးမယ်။ ဘယ်သူ တွေလုပ်သလဲဆိုတာ လည်း ကေအဲန်ယူဘက်က သိတယ်။ ခေါ်ဆွေးနွေးပြီးနောက်ပိုင်းမှာ နားမထောင်ရင်တော့ အရေး ယူမယ့်အပိုင်းမှာရှိတယ်။ တပ်မဟာ(၂)က လူကြီးပိုင်းတွေအကုန်လုံး အစည်းအဝေးလုပ်ပြီးတော့မှ ထုတ်ပြန်တာပါ။” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီကို ကျောထောက်နောက်ခံပြုထားသော ထိုဂေဘားတပ်မတော်အမည်ခံ အဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ပိုင်းမှစ၍ တပ်မဟာ(၂)နယ်မြေ လိပ်သိုဒေသအတွင်းမှ ဂေဘားမျိုးနွယ်များ နေထိုင်ရာ ကျေးရွာ များအတွင်းဝင်ရောက်၍ လူစု ဆောင်းမှုများပြုလုပ်ခဲ့ပြီး လက်ရှိတွင် စစ်သင်တန်းများ ပေးနေပြီဖြစ်ကြောင်း ဒေသခံများနှင့်ကေအဲန်ယူဘက်က ပြောကြားချက်အရ သိရသည်။ လက်ရှိကာလသည် စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် ၎င်းတို့၏စစ်အင်အားကိုဖြည့်တင်းရန် ကြိုးပမ်း လုပ်ဆောင်နေသော ကာလဖြစ်သလို ဂေဘားတပ်မတော်သင်တန်းဆင်းလာသူများအား စစ်တပ်က အခြားဒေ သများတွင် တိုက်ပွဲဝင်ရန်စေလွှတ်နေသဖြင့် မိမိတို့ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လှည့်ကွက်တွင် ပါဝင်ခြင်းမပြုဘဲ ဆန့်ကျင်ကြရန် KNU တပ်မဟာ(၂) ဘက်က ထုတ်ပြန်ချက်တွင် ထည့်သွင်းတိုက်တွန်းသည်။ လိပ်သိုဒေသအတွင်းရှိ အစွန်းရောက်အချို့က ဦးဆောင်ကာ ဂေဘားတပ်မတော်အမည်ခံဖြင့် လူအင်အားရာနှင့်ချီစုဆောင်းခဲ့ပြီး စစ်ကောင်စီ၏စီမံမှုအောက်တွင် စစ်သင်တန်း ပေးခြင်း လုပ်ဆောင်နေကြခြင်းသည် လူမျိုးရေးပဋိပက္ခကိုဖြစ်ပေါ်စေရုံသာမက မျိုးနွယ်၏ပုံရိပ်ကိုကျဆင်းစေသဖြင့် ထိုလုပ်ရပ် ကို လက်မခံကြောင်း ဂေဘားမျိုးနွယ် ဒေသခံရပ်မိရပ်ဖများကလည်း အသိပေးပြောဆိုထားသည်။ Read in full

၂၇။ စစ်ဆင်ရေး ၃ ရက်အတွင်း စစ်တပ်စခန်းပေါင်း ၂၀ ဝန်းကျင် KIA မဟာပူးပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်
  March 11, 2024

မြစ်ကြီးနား – ဗန်းမော်ကားလမ်းမ တစ်လျောက် နဲ့ လိုင်ဇာမြို့အနီးပတ်ဝန်းကျင်က စစ်တပ်စခန်းပေါင်း ၂၀ ဝန်းကျင်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်အရှိန်မြှင့်ပြီး KIO ဌာနချူပ် လိုင်ဇာမြို့အနီးပတ်ဝန်းကျင် တောင်တန်းတစ်ကြောရှိ စစ်တပ် စခန်း တွေကို တစ်ပြိုင်နက် တိုက်ခိုက်နေရာ ၃ ရက်အတွင်း စခန်းပေါင်း ၂၀ ဝန်းကျင် သိမ်းပိုက်ထားနိုင်ပြီလို့ ဆိုပါတယ်။“နောက်ဆုံး အခြေအနေက သူတို့ရဲ့ အင်အားတွေစုထားတဲ့ နောင်ရာဇိန်ခန် (Naura Zinghkang) စစ်တပ်စခန်းကြီးကို သိမ်းပိုက်ထားတယ်။ ၇ ရက်နေ့ကစပြီး မနေ့ညအထိ သိမ်းပိုက်ထားတာ စခန်းကြီး၊ စခန်းငယ် အားလုံးပေါင်းရင်တော့ ၂၀ လောက်ရှိပြီ။” ဟု KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ KIA သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ အရေးကြီး တပ် စခန်းကြီးတွေကတော့  ခယာဘွမ် (Hkaya bum)၊ နောင်ရာဇိန်ခန်(Naura Zinghkang)၊ ဖွန်းပရန်ဘွမ် (Hpun pyen bum) ၊ အင်တပ်ဘွမ် (Ntap Bum)၊ ရှဒန်ပါ လေယာဉ်ကွင်းစခန်း၊ မလိ (Mali myen dap) ၊ လဂျားယန်ဘက်က မဆဲန်ဘွမ်( Masen bum)၊ ဒေါ့ဖုန်းယန် စတဲ့တပ်စခန်းတွေဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ဒေါ့ဖုန်းယန် – ဗန်းမော်ဘက် မြို့သစ် – ကုန်းလောက စစ်တပ်စခန်းတွေအပါအဝင် ပန်စွန်တပ်စခန်း၊ ခလား ကုန်းတပ်၊ ခန်းကိုင်ကုန်းစစ်တပ် စတဲ့စခန်းတွေနဲ့ ရှေ့တန်းစခန်းငယ်အမြောက်အများ သိမ်းပိုက်ထားနိုင်တဲ့အခြေ အနေရှိ ကြောင်းသိရပါတယ်။ လက်ရှိ လိုင်ဇာမြို့အနီးပတ်ဝန်းကျင် တောင်တန်း ၊ တောင်ကုန်းတစ်ကြော စစ်တပ်စခန်းအများပိုင်းကို KIA သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ဘွမ်ရေဘွမ်စခန်းကြီးနဲ့ စခန်းငယ်တချို့ကျန်ရှိသေးကာ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တယ် လို့ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။“အကြီးဆုံးဘွမ်ရေဘွမ်စခန်းကျန်တယ်။ အဲ့ဒီအနီးပတ်ဝန်းကျင် တောင်တန်းတစ်ကြော လုံရော့ (Lungrawk) တပ်စခန်းတွေကျန်တယ်။ သူ့ရဲ့ ရှေ့တန်းစခန်းတော်တော်များကျန်တယ်။ အဲ့လို တပ်စခန်းကြီးတွေ ကျန်နေသေးတာဖြစ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ ဆက်လက်တိုက်ခိုက်နေတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြော ပါတယ်။ လက်ရှိ ဖားကန့်နဲ့ ဆွမ်ပရာဘွမ်ဒေသတွေအပါအဝင် ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နဲ့ မံစီဒေသခံတွေ တိုက်ပွဲတွေ ဆက် လက်ပြင်းထန်နေပြီး တိုက်ပွဲဖြစ်ပွားရာနယ်မြေတွေဘက် လမ်းကြောတွေလည်း ပိတ်ထားတာဖြစ်ပါတယ်။ Read in full

၂၈။ ကျွန်းစုမှာ စစ်ဘေးရှောင်နေရတဲ့ အိမ်ထောင်စု တစ်ထောင်နီးပါးရှိလာ
   March 11, 2024

တိုက်ပွဲတွေ ဖြစ်ပွါးပြီး စစ်ရေးတင်းမာနေတာကြောင့် ကျွန်းစုမြို့နယ်ထဲက ကျေးရွာအုပ်စုနှစ်ခုက စစ်ဘေးရှောင်ရတဲ့ အိမ်ထောင်စုပေါင်း တစ်ထောင်နီးပါးရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာအုပ်စုဟာ မင်းဂုတ် ကျေးရွာအုပ်စုနဲ့ ဝါရစ်ကျေးရွာအုပ်စုထဲက ရွာတွေပါ။ တချို့ရွာတွေက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က စတင်ပြီး စစ်ရှောင်ခဲ့ရသူ တွေ ဖြစ်သလို တချို့က လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ အရင်လနဲ့ အခုလ ၅ ရက်နေ့က စစ်ရှောင်ခဲ့ရသူတွေဖြစ်ပါတယ်။ ဝါရစ်ကျေးရွာအုပ်စုထဲမှာဆိုရင် ဝါရစ်ရွာက အိမ်ထောင်စု ၁၃၅  စုဝန်းကျင်၊ မင်းဂုတ် ကျေးရွာအုပ်စုထဲက မင်းဂုတ်ရွာရှိ အိမ် ထောင်စု ပေါင်း ၅၀၀ ကျော်၊ ပြင်ဝန်းကျေးရွာက အိမ်ထောင်စု ၁၃၀ ဝန်းကျင်နဲ့ ဂျိုးတောင်ရွာက အိမ်ထောင်စု ၁၀၀ ဝန်းကျင် အထိပါဝင်တယ်လို့ အဆိုပါကျေးရွာတွေက ဒေသခံတွေက ခန့်မှန်းပြောပြပါတယ်။

စစ်ဘေးရှောင်သူတွေထဲမှာ ဆန်နဲ့ စားသောက်တွေ ​အချင်းချင်း မျှဝေစားသောက်နေရတဲ့ အခြေအနေဖြစ်နေတဲ့ အတွက် စားနပ်ရိက္ခာ အခက်အခဲရှိနေသလို မြစ်ကမ်းအနီးတွေမှာ တိမ်းရှောင်နေရသူတွေဟာလည်း သောက် သုံးရေသန့်ရဖို့ အခက်အခဲကိုပါ ကြုံတွေ့နေရတယ်လို့  စစ်ဘေးရှောင်အမျိုးသားက ရှင်းပြပါတယ်။  ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေဟာ လက်နက်ကြီးတွေမကျရောက်နိုင်တဲ့နေရာ၊ စစ်ကောင်စီတပ်သားတွေ မရောက်လာနိုင်တဲ့နေရာတွေမှာ ယာယီတဲထိုးပြီးနေရ တာမို့ အချိန်ကြာလာတာနဲ့အမျှ မိုးဝင်လာရင် နေရေးထိုင်ရေး ခက်ခဲလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။“ပြည်သူတွေကို စကစအဖွဲ့တွေနဲ့ ဝေးရာမှာ ရှောင်စေချင်တယ်ဗျ။ စကစတွေက ဘုရားရှိခိုးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ ဝင်ပြီးတပ်စွဲနေ တာဆိုတော့ အများပြည်သူပိုင် အဆောက်အအုံတွေဆိုတော့ ကျနော်တို့လည်း ချင့်ချိန်ပြီး လှုပ်ရှားနေရတာပါ” လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂) ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ဆိုပါတယ်။ Read in full

၂၉။ တောင်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို ပအိုဝ်းပြည်သူ့စစ်က စစ်အသုံးစရိတ် ကောက်ခံနေ
  March 12, 2024

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းက ပအိုဝ်းကျေးရွာတွေမှာ ပအိုဝ်းပြည်သူ့စစ် (PNA)က စစ်အသုံး စရိတ်တွေ အဓမ္မကောက်ခံနေတယ်လို့ ရွာခံတွေက ပြောပါတယ်။ တောင်ကြီးမြို့နယ်အတွင်းက ပင်ငို(ခ)ပင်ပက်ရွာ၊ မဲတောင်း ရွာ၊ ၆ မိုင်ကုလားရွာတို့မှာ မတ်လ ဒုတိယပတ်ကတည်းက စတင်ကောက်ခံခဲ့ပြီး မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား ပေးသွင်း ရမယ်လို့ ဆိုပါတယ်။ ပင်ငိုရွာခံ တစ်ဦးက “မထည့်မနေရလို့ပဲ ပြောတာ။ ခြိမ်းခြောက်တာတော့ မရှိသေးဘူး။ ဒါပေမယ့်လည်း ထည့်ကြမှာပဲ။ ပအိုဝ်းတွေက တစ်ယောက်လုပ်ရင် အကုန်လိုက်လုပ်တာလေ” လို့ ပြောပါတယ်။

တစ်အိမ်ကို ပျှမ်းမျှ ၃၀,၀၀၀ ကျပ် သတ်မှတ်ထားပြီး ချမ်းသာတဲ့ အိမ်တွေကိုတော့ ရွာသူကြီးက ၅၀,၀၀၀ ကျပ် ထည့် ဝင်ခိုင်းနေတယ်လို့ သိရပါတယ်။ ၆ မိုင်ကုလားရွာခံ တစ်ဦးက “ပအိုဝ်းအချင်းချင်း သတ်ကြမယ့် ကျည်ဆံဖိုးကို မထည့်ချင်ပါဘူး။ ကောက်တဲ့ အဖွဲ့ကလည်း PNO ဖြစ်နေလို့ အယုံအကြည်မရှိပါဘူး”လို့ ပြောပါတယ်။ လတ်တလောမှာ ရွာခံတွေအနေနဲ့ ငွေကြေး ထည့်ဝင်ဖို့ ခက်ခဲနေတာကြောင့် ရှိသမျှပစ္စည်းတွေ ပေါင်နှံရောင်းချခြင်း၊ ငွေတိုးယူခြင်း စတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ စီစဉ် ထားတယ်လို့ ဆိုပါတယ်။ တောင်ကြီးမြို့နယ် အတွင်းက နမ့်ဆီးနောင်လေကျေးရွာမှာလည်း PNA က တစ်အိမ် ၃၀,၀၀၀ ကျပ် လစဉ်ကောက်ခံနေပြီး အခု မတ်လထဲမှာ ရွာခံတွေရဲ့ ညှိနှိုင်းမှုနဲ့အတူ ၁၀,၀၀၀ ကျပ်အထိ လျှော့ထားပေးတယ်လို့ စုံစမ်းသိရပါ တယ်။ Read in full

၃၀။ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ငွေချေးငှားပြီး ရေဝယ်ယူသုံးစွဲနေရ
   March 12, 2024

ကရင်နီပြည်၊ ဒီး‌မော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ နွေရာသီရောက်လာတာနဲ့အမျှ ရေရှားပါးမှု ပြဿနာကို ကြုံတွေ့လာကြပြီး လက်ရှိမှာ ရေသုံးစွဲနိုင်ဖို့ ငွေ ချေးငှားပြီး ဝယ်ယူဖြေရှင်းနေရတယ်လို့ စစ်ဘေးရှောင်တွေနဲ့ စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။ ရေချောင်း၊ ရေမြောင်းနဲ့နီးတဲ့ စခန်းတွေဟာ အနည်းစုသာရှိတာကြောင့် ရေချောင်း တွေနဲ့ ဝေးတဲ့ စစ်ရှောင်စခန်းအားလုံးနီးပါးဟာ ရေရှားပါးတဲ့ ပြဿနာကို ရင်ဆိုင်နေကြတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်မှ အသင်းဝင်တစ်ဦးက ပြောပါတယ်။“တချို့စခန်းတွေက ရေထွက်ပေါက် နဲ့ ၂/၃ မိုင်ထိ ဝေးတဲ့ စခန်းတွေရှိတယ်။ တချို့က ၁ မိုင်တို့ဝေးတဲ့ဟာမျိုးတွေပေါ့နော်။ ဆိုတော့ သွားခပ်ဖို့က စစ်ရှောင်စခန်းမှာ နေတဲ့သူတွေ တော် တော်များများက မလွယ်ဘူးပေါ့နော်။ အများစုက ခုနပြောသလို ရေဝယ်ကြတယ်ပေါ့နော်။ ရေဝယ်ပြီးမှ ဖြေရှင်းကြတယ်။ တချို့ လူတွေက ပိုက်ဆံချေးပြီးမှ ဝယ်တဲ့ စစ်ဘေးရှောင်တွေလည်း ရှိတာပေါ့နော်။ ဆိုတော့ အများကန်ဆိုလည်း ဘယ်လောက်မှ မဆံ့ ဘူးပေါ့နော်။ ပြီး အလှူရှင်တွေလည်း ပုံမှန်မရှိဘူး။ ကန်တိုင်းလိုလို မပေးနိုင်ကြဘူးပေါ့ အလှူရှင်လည်း”လို့ သူကဆိုပါတယ်။

စစ်ရှောင်ကူညီသူတွေအနေနဲ့လည်း လက်လှမ်းမှီသလောက်တစ်လကိုစခန်းလေးခုဝန်းကျင်သာလှူနိုင်တယ်လို့ပြည်ကံ့ ကော်စစ်ရှောင်ကူညီရေးအသင်းမှ ကိုပြည့်စုံက ပြောပါတယ်။“ရေကတော့ တော်တော်လေးအဆင်မပြေကြဘူးဗျ။ ကားဆီ စျေးတက်တော့ ကျနော်တို့လဲ သိပ်မလှူနိုင်ဘူးဗျ။ အရင်ကတော့တစ်လကို ရေအလှူ ၄ ခါလောက် လှူဖြစ်တယ်။ တချို့စခန်း တွေပါပဲ။ စခန်းလည်းများတယ်ဆိုတော တစ်လ လေးခါလောက်မှာ ကျနော်တို့ကတော့ လက်လှမ်းမီသလောက် လေးစုံစမ်းပြီး တော့ တစ်လ လေးခါမှာ စခန်း၄ ခုလောက်တော့ လှူဖြစ်တယ်ပေါ့နော်”လို့ ကိုပြည့်စုံက ဆိုပါတယ်။ စစ်ရှောင်စခန်းတိုင်းမှာ ရေသိုလှောင်နိုင်ဖို့ အများသုံးရေလှောင်ကန်တွေ ကြိုးစားလုပ်ထားကြပေမဲ့ လူဦးရေများတဲ့အတွက် လုံလောက်မှု မရှိဘူးလို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်စခန်း ၅၀ ကျော်ရှိပြီး စစ်ရှောင်ဦးရေ ၈သောင်း ရှိတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ပြောပါတယ်။ Read in full

၃၁။ နမ္မတူ ဗုံးခိုကျင်းမြေပြိုပိ အမျိုးသမီး ၁ ဦး သေဆုံး
  March 11, 2024

သျှမ်းပြည် နမ္မတူမြို့တွင် ဗုံးခိုကျင်း တူးနေစဉ် မြေပြို၍ မြေကြီးပိမိပြီး အမျိုးသမီး ၁ ဦး သေဆုံးသွားကြောင်း စုံစမ်း သိရသည်။ မတ်လ ၉ ရက်တွင် နမ္မတူမြို့နယ် သတလရပ်ကွက်၌ တိုက်ပွဲစိုးရိမ်မှုကြောင့် နေအိမ်အနီး ဗုံးခိုကျင်း တူးနေစဉ် ဝင်ရောက်ကြည့်ရှုခဲ့သည့် အမျိုးသမီး အပါအဝင် လူ ၂ ဦးကို မြေပြိုပိမိခဲ့ရာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကို နောက်ကျမှ ပြန်လည်တူးဖော် တွေ့ရှိသောကြောင့် သေဆုံးသွားခဲ့ကြောင်း နမ္မတူဒေသခံများက ပြောသည်။“ကလေးတွေ ဗုံးခိုကျင်း တူးထားတာကို အမေဖြစ်သူက သွားစစ်ကြည့်တာ၊ အဲ့ဒါနဲ့ မြေကြီးပြိုကျပြီး ပိမိတာ။ အိမ်နားက တောင်စောင်းမှာ ဂူပေါက်လိုမျိုး တူးထားတာ။ မြေပြိုတာ ပြန်တူးရှာကြတော့ နေရာမမှတ်မိဘဲ ကြာသွားတာ၊ ၁၀ မိနစ်လောက် နောက်ကျတော့ အဒေါ်ဖြစ်သူက အသက်မရှိတော့ဘူး။ ဦးလေးကတော့ နည်းနည်းလှုပ်နိုင်တော့ သူ့ကိုအရင်တွေ့တာ”ဟု နမ္မတူမြို့မှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နမ္မတူမြို့ သတလရပ်ကွက်ရှိ တောင်စောင်းတွင် တည်ဆောက်ထားသည့် နေအိမ်ထဲမှ လက်နက်ကြီးနှင့် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကို ပုန်းရှောင်ရန်အတွက် နေအိမ်နှင့်ကပ်လျက် တောင်စောင်းနံရံကို လှိုဏ်ဂူပုံစံ တူးဖော်ရာမှ မြေပြိုပိမိခြင်း ဖြစ်ကြောင်း နမ္မတူမြို့မှ ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။“၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က ထိန်းချုပ်ထားနိုင်ခဲ့သည့် နမ္မတူမြို့ အပါအဝင် နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့ကို စစ်ကောင်စီက မတ်လ ၄ ရက်တွင် စစ်အုပ်ချုပ်ရေး မာရှယ်လော ကြေညာခဲ့သည်။ ၎င်းနောက်တွင် မတ်လ ၇ ရက်နေ့က စစ်ကောင်စီတပ်မှ စစ်ရဟတ်ယာဉ် တစ်စီးဖြင့် နမ္မတူ မြို့ပေါ် လှည့်ပတ်ပျံသန်းသွားခဲ့ခြင်းကြောင့် တိုက်ပွဲပြန်လည် ပြင်းထန်မည်ကို စိုးရိမ်ပြီး မြို့ပေါ်တွင် ဗုံးခိုကျင်း များကို ပြန်လည်ပြင်ဆင် တူးဖော်နေသည်ဟု ဒေသခံများက ပြောသည်။ Read in full

၃၂။ သထုံတွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ
  March 11, 2024

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြတ်စံကြီးကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတဦးကို မတ် ၁၀ ရက် ညက သေနတ်သမား တွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ မြတ်စံကြီးကျေးရွာမှာ နေထိုင် တဲ့ အသက် ၆၀ အရွယ် ဦးရွှေလှဦးကို မတ် ၁၀ ရက် ည ၈ နာရီခန့်က သူ့နေအိမ်အောက်ထပ်မှာပဲ အမည်မသိ သေနတ်သမားတွေ က ပစ်ခတ်ခဲ့ပါတယ်။ သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးရွှေလှဦးရဲ့ ညာဘက်ရင်အုံနဲ့ ဆီးခုံတို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ပြီး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။

သထုံဒေသခံတဦးက “သူက အိမ်အောက်မှာထိုင်နေတုန်း သေနတ်သမား ၂ ယောက်ကလာပစ်သွားတာ။ စစ်တပ်နဲ့ ပေါင်းနေတယ်ဆိုပြီး လာပစ်သွားတာလို့တော့ ကြားရတယ်။ သေချာတော့ ကျနော်တို့လည်းမသိဘူး။ ဘယ်အဖွဲ့ကဘယ်သူတွေ လုပ်သွားတယ်ဆိုတာလည်း မသိပါဘူး”လို့ ပြောပါတယ်။ ဦးရွှေလှဦး ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့ တယ်ဆိုတာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ Read in full

၃၃။ ရခိုင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး လက်နက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ဝင်ပြေးပြန်
  March 11, 2024

ရခိုင်ပြည်နယ်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၂၉ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးဝင်လာကြောင်း ဘင်္ဂလား ဒေ့ရှ်က တရားဝင် သတင်းထုတ်ပြန်သည်။ မတ်လ ၁၁ ရက်နေ့တွင် မောင်တောမြို့နယ်၊ အောင်သပြေနယ်ခြားစောင့် ရဲစခန်းမှ ရဲတပ်ဖွဲ့ ၂၉ ဦးသည် လက်နက်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ပြေးဝင်လာကြောင်း၊ လက်နက်များနှင့်အတူ ပြေးဝင်လာ ခြင်းဖြစ်ပြီး လက်နက်များကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ သိမ်းဆည်းလိုက်ကြောင်း သိရှိရသည်။

မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးလာကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် အဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ Md Shariful Islam က မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အတည်ပြု ပြောဆိုသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၇ ရက်နေ့အတွင်း AA ၏ တိုက်ခိုက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦးကို ထွက်ပြေးခဲ့ပြီး ၎င်းတို့ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သင်္ဘောဖြင့် ပြန်ပို့ခဲ့ပြီးဖြစ်သည်။ Read in full

၃၄။ နမ့်ခမ်းက အမျိုးသမီးတစ်ဦး တရုတ်မှာ ရောင်းစားခံရ
   March 11, 2024

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာအုပ်စုက အမျိုးသမီးတစ်ဦး တရုတ်ပြည်မှာ ရောင်းစားခံခဲ့ရတယ်လို့ အစ်မ ဖြစ်သူက ပြောပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလပိုင်းက လွေးအမ် (၁၈ နှစ်)ဆိုသူကို လိုင်းပေါ်ကနေတဆင့်သိတဲ့ ​ပန်ဆိုင်းမြို့ မှ ပွဲစားအမျိုးသမီး ဆိုင်းဂျာဆိုသူက လစာ​ ကောင်းတယ်ဆိုပြီး ခေါ်ဆောင်သွားတာပါ။ လွေးအမ်ရဲ့ အစ်မဖြစ်သူက “ပွဲစားက သူ့ကို လိမ်ပြီးခေါ်သွားတယ်။ အလုပ်က ရွှေလီအပြင်မှာဘဲပြောပြီး မဝေးဘူးတဲ့။ အဲဒါနဲ့ သူတို့တွေက တစ်ဆင့်ပြီးတစ်ဆင့် ခေါ်သွား တယ်။ ကား ၃ ည စီးရတယ်။ ပြည်ကြီးဘက် ရောက်သွားတာ” လို့ ပြောပါတယ်။

လွေးအမ်ကို အနှိပ်ခန်းမှာ လုပ်ခိုင်းရာ မလုပ်ရဲလို့ဆိုပြီး တခြားနေရာဘက် ​ပြန်လည် ခေါ်ဆောင်သွားတယ်လို့ ဆိုပါ တယ်။ “သူက တစ်ဆင့်ပြီးတစ်ဆင့် ကားစီးနေရလို့ သူ့ကိုယ်သူ သိပြီ သူ့ကို ရောင်းစားမယ်ဆိုတာ။ သူ့သူငယ်ချင်းကို ပြောပြ လိုက်တာ သူတို့က ငါ့ကိုရောင်းစားမှာဆိုပြီး ရဲတွေကိုပြောပြပေးအုံးတဲ့” ဆိုပြီး သူမကဆက်ပြောပါတယ်။ တရုတ်ရဲထံ တိုင်ကြား ပြီးနောက် လွေးအမ်ကို ရဲက လာခေါ်သွားပြီး ပွဲစားကတော့ ထွက်ပြေးသွားကြောင်း လွေးအမ်ရဲ့ သူငယ်ချင်းကနေတဆင့် သိခဲ့ရ တယ်လို့ အစ်မဖြစ်သူက ပြောပါတယ်။ ဒေသတွင်း အလုပ်အကိုင် ရှားပါးမှုကြောင့် နယ်စပ်မြို့နဲ့ တရုတ်ဘက် အလုပ်သွားလုပ် သူတချို့ဟာ ပွဲစားရဲ့ မက်လုံးပေးမှုကြောင့် လူကုန်ကူးခံရတာတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ Read in full

၃၅။ အောင်မြေ ၂ ကျေးရွာမှာပိတ်မိနေတဲ့ ဒေသခံပြည်သူတွေကို ကယ်ထုတ်ဖို့သွားတဲ့ ယာဉ်တန်း စစ်ရေးအခြေအနေကြောင့် ပြန်လှည့်ခဲ့ရ
   March 11, 2024

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က အောင်မြေ ၂ ကျေးရွာမှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေကို ကယ်ထုတ်ဖို့သွားတဲ့ ယာဉ် တန်းဟာ စစ်ရေးအခြေအနေကြောင့် ပြန်လှည့်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့(PCG)က တာဝန်ရှိသူ တွေနဲ့ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်း အသီးသီးကနေ သာသနာ့အလံလွှင့်ထူပြီး ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေကို သွား ရောက်ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ နှစ်ဖက်တပ် စစ်ရေးအခြေအနေကြောင့် ပြန်ကွေ့ခဲ့ရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေ ပြီး ပိတ်မိပြည်သူတွေကို ကယ်ထုတ်ဖို့ ကြိုးစားရာမှာ ပါဝင်နေတဲ့ ဝါရှောင်ဆရာတော်က မိန့်ပါတယ်။ “လေယာဉ်သံ၊ ဗုံးသံတွေ ကြားတော့ တဒုန်းဒုန်းဆိုတော့ ပြန်ကွေ့ခဲ့ရတာပေါ့”လို့ ဆိုပါတယ်။ နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် တစ်နာရီလောက် စောင့်ကြည့်ပြီးနောက် ဝင်ခွင့်မရခဲ့တဲ့အတွက် ပြန်လှည့်ပြန်ခဲ့ရတယ်လို့ နောက်ထပ် ပါဝင်ကူညီနေသူ တစ်ဦး ကလည်း အခုလိုပြောပါတယ်။

“ဝင်မရတော့ မကယ်ထုတ်နိုင်ခဲ့ဘူး။ လေယာဉ်တွေလည်း လာတော့။ တစ်နာရီလောက် သွားစောင့်နေကြတာ။ မနက် ဖြန် ပြန်ကြိုးစားရမှာပေါ့”လို့ ဆိုပါတယ်။ အောင်မြေ ၂ ကျေးရွာ အနီးတစ်ဝိုက် စစ်ကောင်စီက ဂျက်ဖိုက်တာ လေယာဉ်အပြင် ကင်းထောက်လေယာဉ်နဲ့ပါ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ပစ်ကူသံတွေပါ ကြားရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါ တယ်။ ဒါ့အပြင် ပိတ်မိနေတဲ့ ဒေသခံပြည်သူ အယောက် ၆၀၀ လောက်ဟာ လက်ရှိအချိန်အထိ ဘုန်းကြီးကျောင်းဝင်းထဲမှာပဲ စုဝေးနေထိုင်နေရပြီး သောက်သုံးရေပြတ်လပ်တော့မယ့်အရေးအပြင် အစားအသောက်နဲ့ ဆေးဝါးလိုအပ်မှုတွေ ဖြစ်ပေါ်နေပြီလို့ အောင်မြေ ၂ ကျေးရွာဒေသခံကပြောပါတယ်။ ဖျားနာသူတွေထဲက မန္တလေးမြို့ဘက်သွားပြီး ဆေးကုသဖို့ စီစဉ်ထားတဲ့ ဦးနှောက် အမြှေးပါး လူနာတစ်ဦးဟာလည်း မကြာခဏဆိုသလို သတိလစ်နေတဲ့အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ပြောပါတယ်။ အောင်မြေ ၂ ကျေးရွာအတွင်း စစ်ကောင်စီတပ်သားအင်အား ၁၀၀ လောက်ရှိနိုင်ပြီး အတိအကျကိုတော့ ခန့်မှန်းပြောဆိုလို့ မရ ဘူးလို့လည်း ကြားသိရပါတယ်။ Read in full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button