တိုင်းရင်းသားများသတင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ကျန်းမာရေးကော်မတီနဲ့ ပညာရေးကော်မတီကို KSCC ကထပ်မှန်ဖွဲ့စည်း

ကျန်းမာရေးကော်မတီနဲ့ ပညာရေးကော်မတီကို KSCC ကထပ်မှန်ဖွဲ့စည်း

ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၃၊ ၂၀၂၁

ကျန်းမာရေးကော်မတီနဲ့ ပညာရေးကော်မတီကို ဖွဲ့စည်းပြီးကြောင်း ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)က ယနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန် ကြေငြာထားပါတယ်။ 

ယင်းကော်မတီတို့အနေဖြင့် အရေးပေါ်အခြေအနေမှ ပြန်လည်ထူထောင်ရေးကာလအထိ ကရင်နီပြည်နယ်၏ ပညာရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ဖက်ဒရယ် ဒီမိုကရေစီ ပညာရေး၊ ကျန်မာရေး မူဝါဒရေးဆွဲ ချမှတ်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ပူးပေါင်းဆောင်ရွက်ရန် နှင့် ကရင်နီပြည်နယ် အမျိုးသား ပညာရေးနဲ့ ကျန်းမာရေး စနစ် မူဝါဒများ ပေါ်ထွန်းလာရန်တို့အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ 

ကျန်းမာရေးကော်မတီနဲ့ ပညာရေးကော်မတီ ဆိုင်ရာ ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး “KSCC ကနေ စဉ်းစားသာက နွေဦးတော်လှန်ရေး ကာလဖြစ်နေသာတော့ လူငယ်တွေအနေနဲ့ ပညာရေး သင်ကြားမှု ကဏ္ဍမှာ ဆက်လက်သင်ကြားနိုင်ဖို့ အခွင့်အလှမ်းတွေ ဆုံးရှုံးနေတယ် လူငယ်တွေကို ပညာရေးဆိုင်ရာ ကဏ္ဍမှာ ဖြည့်စည်းပေးဖို့လိုမယ်ပေါ့၊ ပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်ကြမယ်လို့ ပြောနေပြီ၊ ဆောင်ရွက် နေပြီဖြစ်ကြတော့ ကျနော်တို့ကရင်နီပြည်ဘက်ကလည်း ဖက်ဒရယ် ပြည်နယ် ပညာရေး၊ ကျန်းမာရေး ဆိုင်ရာအတွက် ကြိုတင်ပြင်ဆင်ကြဖို့လိုမယ်၊ နောက်ပြီး ဖက်ဒရယ် ယူနစ်၊ ဖက်ဒရယ် ပြည်နယ်တွေ ပေါ်ပေါက်လာပြီဆိုရင် ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့် ပိုပြီး ရရှိလာပြီဆိုရင် အဲဒီအပေါ်မှာ ကျနော်တို့ ပြည်နယ်အတွက် ပြည်နယ်လုံးဆိုင်ရာ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ မူဝါဒတွေကို ဆွေးနွေးနိုင်ဖို့အတွက် အခုကတည်းကနေ ကြိုတင်ပြီး ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ ကော်မတီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်ဟု” KSCC ရဲ့ ပညာရေးနဲ့ ကျန်းမာရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ပလူးရယ်က ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။ 

လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆက်ပြောတာက “ကော်မတီအနေနဲ့ကတော့ ကြားကာလ၊ အသွင်ကူးပြောင်းရေးကာလမှာ ကလေးသူငယ်တွေရဲ့ ပညာရေးကို စဉ်ဆက်မပျက် သင်ကြားနိုင်ဖို့အတွက်ကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရှိတယ်၊ အဲဒီအဖွဲ့အစည်းတွေ ချိတ်ဆက်ပြီးတော့ နည်းပညာ တက်ကျွမ်းတဲ့သူတွေနဲ့ ချိတ်ဆက်မယ် ကမကထလုပ်ပေးပြီး ပညာရေးကို သင်ကြားလေ့လာနိုင်ဖို့ ဆောင်ရွက်ပေးမယ်ဆိုပြီး ကော်မတီရဲ့ လုပ်ငန်းစဉ်အနေနဲ့ ချမှတ်ထားသာဖြစ်ပါတယ်။

နောက်ပြီးတော့ NUG/NUCC ကလည်း ဖက်ဒရယ် ပညာရေးဆိုင်ရာ မူဝါဒတွေကို ရေးဆွဲနေတာတွေရှိပြီဆိုတော့ ကျနော်တို့လဲ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကရင်နီပြည်လုံးဆိုင်ရာ နိုင်ငံရေးဆိုင်ရာမူဝါဒတွေလည်း ပေါ်ထွန်းလာအောင် လုပ်ဆောင်ဖို့လိုပြီ ဆိုပြီး ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ကြပြီး အကောင်အထည်ဖော်လာနိုင်အောင် လုပ်ဆောင်ဖို့ ပညာရေးနဲ့ ကျန်းမာရေး လုပ်ငန်းစဉ်တွေကို ချမှတ်ထားသာဖြစ်ပါတယ်ဟု” KSCC ရဲ့ ပညာရေးနဲ့ ကျန်းမာရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ပလူးရယ်က ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။ 

ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ အခြားပြည်နယ်ကိုယ်းစားပြုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုးအခြေပြု ပညာရေးအဖွဲ့အစည်းများ၊ ဒေသအခြေပြုနှင့် ဘာသာရေးအခြေပြု ပညာရေးအဖွဲ့အစည်းများ၊ ဆရာ/ဆရာမသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ ပညာရေးဘုတ်အဖွဲ့များ၊ CDM ဆရာ/ဆရာမများ၊ ပညာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေကြသော် နိုင်ငံတကာအဖွဲ့အစည်းများ၊ INGOs, NGOs, CSOs, အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ အားလုံးတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ 

လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနေတဲ့ ကော်မတီ ၊ကာကွယ်ရေးနဲ့လုံခြုံရေးကော်မတီ ၊ဘဏ္ဍာရေးကော်မတီ၊ မဟာမိတ်ရေးရာကော်မတီတွေ ဖွဲ့ထားတာတွေရှိပြီး ကော်မတီတွေကတော့ လိုအပ်သလိုထပ်ဖွဲ့သွားဖို့ရှိကြောင်း သိရှိထားပါတယ်။

ပြီးခဲ့တဲ့လ ဩဂုတ် (၂၅)ရက်နေ့တွင် စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန့်ကျင်သည့် CDM ရဲ (၃၂၀)ဦး ပါဝင်သည့် ကရင်နီပြည်နယ် ရဲ တပ်ဖွဲ့ကို ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC)၏ နိုင်ငံရေး ဦးဆောင်မှုအောက်တွင် ဖွဲ့စည်းထားနိုင်ခဲ့သေးသည်။

Related Articles

Back to top button