တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 37, May 7, 2024)

၁။ စစ်ကောင်စီတပ်က ၂၀၁၆ ခုနှစ်တွင်သိမ်းယူခဲ့သည့် ဂိဒေါန်စခန်းကို KIA ပြန်လည် တိုက်ခိုက်သိမ်းပိုက်
 May 6, 2024
စစ်ကောင်စီတပ်က ၂၀၁၆ ခုနှစ်တွင် လူသူလက်နက်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဝိုင်းမော်မြို့ နယ်ရှိ ဂိဒေါန် (Gidon) တပ်စခန်းကို ယနေ့ မွန်းလွှဲပိုင်းတွင် KIA ပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရ သည်။ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေး တိမ်းရှောင်သွားခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ကြီးကြီးမားမားတောင် မတိုက်လိုက်ရဘူး။ သူတို့ခွာ စစ် ဆင်တယ်။ ဂိဒွန်ကအဲဒီအနီးအနားပဲလေ မတိုက်ဘဲနဲ့ အဲဒီကောင်တွေထွက်ပြေးသွားလို့ မတိုက်လိုက်ဘဲရသွားတယ်။ အချိန် တော့အတိအကျမသိဘူး” ဟုပြောသည်။ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆမား၊ ကဂမ်၊ အင်ခရမ်၊ ဂိဒေါန်၊ ကုန်းလိမ်နှင့် ငါးဂရန့်တို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစခန်းများအားလုံးသိမ်းပိုက်ပြီးပါက မြစ်ကြီးနား-ဗန်းမော်လမ်းတွင် တပ်စခန်းများ မရှိ တော့ကြောင်း KIA သတင်းနှင့်ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားထားသည်။
မြစ်ကြီးနား – ဗန်မော်လမ်းအရှေ့ဘမ်းအခြမ်းရှိ ဂိဒေါန်တပ်စခန်းအနီးရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်ကြောင်း ရှေ့တန်းမြေပြင်သတင်းအရင်းတစ်ဦးက အတည်ပြုသည်။“အဲ့ဘက် တောင်ပေါ်ဘက်က စခန်းတွင် တစ်ခုမှမကျန်တော့ဘူး။ အဲ့စခန်းတွေက အားလုံးထွက်ပြေးသွားပြီ။ ကာကင်းစခန်းငါးခုလုံး လူမနေတော့ဘူး အားလုံးထွက်ပြေးသွားပြီ။ အောင်မြေ – ၁ ဘက်က ၃၂၁ ကိုပြေးမှာပဲ ကျန်တဲ့နေရာတော့ပြေးဖို့မရှိဘူး။ မနေ့ည ကတည်းက ထွက်ပြေးသွားလို့ ဒီမနက်ကစ နယ်မြေရှင်းလင်းရေး သွားလုပ်တာ” ဟုပြောသည်။ ဂိဒေါန် (Gidon) တပ်စခန်းကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က စစ်တပ်က ကုန်းကြောင်းနှင့်လေကြောင်းမှ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လေးလခန့် အကြာတွင် KIA က ဆုတ်ခွာပေးခဲ့ရသည်။ Read ni full

၂။ မိုးတွင်းကာလ စားသောက်ကုန်နဲ့ လောင်စာဆီပြတ်လပ်မှာကို ချင်းပြည်နယ် ပလက်ဝဒေသခံတွေစိုးရိမ်နေ
 May 6, 2024
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ လာမယ့်မိုးတွင်းကာလအတွင်း အခြေခံစားသောက်ကုန်နဲ့ တခြားကုန်ပစ္စည်းတွေ ပြတ်လပ်မှာကို ဒေသခံတွေကစိုးရိမ်နေကြပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ဒေသခံပြည်သူတွေဟာလည်း    အခြေခံ စားသောက်ကုန်နဲ့ လောင်စာဆီတွေကို မကွေးတိုင်း ဆောမြို့နယ်ဘက်ကနေ သယ်ယူ စရိတ်များစွာနဲ့ ဝယ်ယူ၊ တင်သွင်းနေကြ တယ်လို့သိရပါတယ်။ ဒေသခံတစ်ဦးက “ဆောဘက်ကနေ ပို့ကြတာတွေလည်းရှိတယ် လာသည်တာတွေလည်းရှိတယ် လမ်း ခရီးကလည်း ဆောကနေ ပလက်ဝဘက်ဆိုရင် နှစ်ရက်လောက်သွားရတယ်လေ၊ နောက်ပြီး ဒီကစျေးနဲ့ ဟိုရောက်တဲ့စျေးက လည်း အရမ်းကွာတယ်ပေါ့ လမ်းခရီးကြောင့်လည်းပါတယ်၊ အဓိက လောင်စာဆီနဲ့ စားသောက်ကုန်ခြောက်တွေ အဓိက သယ် ယူကြတယ်”လို့ပြောပါတယ်။ ဆောမှာ ဓာတ်ဆီ (၁) ပေပါကို (၇) သိန်းခွဲနဲ့ ဝယ်ယူကြပြီး ရွာဘက်မှာ (၁) ပေပါကို (၁၃) သိန်း ပြန်ရောင်းကြတယ်လို့သိရပြီး ကားဌားခ စျေးနှုန်းကလည်း သိန်း(၄၀) အထက် ရှိတယ်လို့   သိရပါတယ်။
လာမည့်မိုးတွင်းကာလအတွင်း  ကားတွေအသုံးပြုလို့ မရမှာတွေကြောင့် မိုးတွင်းကာလ အခြေခံစားသောက်ကုန်နဲ့ လူ သုံးကုန်ပစ္စည်းတွေ ပြတ်လပ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။“မိုးတွင်းကာလဆိုရင် ကားရောဆိုင်ကယ်ရော သွား လာလို့ မရနိုင်လောက်ဘူး အခုသုံးနေတဲ့ လမ်းကလည်း မြေသားလမ်းတွေလည်းဖြစ်တော့ မိုးတွင်း ကုန်ပစ္စည်းတွေ ပြတ်လပ် တာတွေ ဖြစ်နိုင်တယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ပလက်ဝမြို့နယ်က ဒေသခံပြည်သူတွေဟာ ယခင်က အခြေခံစား သောက်ကုန်နဲ့ တခြားကုန်စည်တွေကို ချင်းပြည်နယ် ပလက်ဝမြို့နဲ့ နယ်နိမိတ်ခြင်းထိစပ်တဲ့ ရခိုင်ပြည်နယ်ထဲကနေ ဝယ်ယူကြ တာဖြစ်ပြီး လက်ရှိတိုက်ပွဲတွေကြောင့် မကွေးတိုင်းဆောဘက်ကနေ အဓိက ဝယ်ယူနေကြရတယ်လို့လည်း သိရပါတယ်။ Read ni full

၃။ ဇလဲ ကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ်အမိန့်ဖြင့် စစ်ကောင်စီထဲ စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူမှုပြုလုပ်နေ
 May 7, 2024
PNO ပြည်သူ့စစ် (ခမ်းဗွေ) ဖြားဆရာခေါင် အမိန့်ဖြင့် စစ်ကောင်စီခေါ်သည့် စစ်မှုထမ်းရန် တောင်ကြီးမြောက်ဘက် ဇလဲကျေးရွာအုပ်စုအတွင်း တစ်ရွာ သုံးဦးအတင်းခေါ်ယူနေကြောင်း ဒေသခံများထံ သိရသည်။ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ဇလဲကျေးရွာအုပ်စုအတွင်း မေလ ၆ ရက်နေ့က အစည်းဝေး ခေါ်ယူ ကာ စစ်မှုထမ်းရန် တစ်ရွာလျှင် ၃ ဦး စာရင်းပေးရပြီး လူမပေး နိုင်ပါက လူတစ်ဦးကို ငွေသိန်း ၈၀ ပေးဆောင်ရမည်ဟု သိရသည်။ “ပြည်သူ့စစ်အတွက်ခေါ်တာမဟုတ်ဘူးဗျာ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်အတွက်လို့ပြောတယ်၊ အစည်းအဝေးမှာ ငြင်းကြသေးတယ် ဘယ်သူမှမဝင်ချင်ဘူး၊ မဝင်ရင် လူ ၃ ယောက်စာ အတွက် တစ်ယောက်ကို သိန်း ၈၀ ပေးရ မယ်ဆိုတော့တစ်အိမ်ကို ဘယ်လောက်ဆိုပြီး ကောက်ရမှာခုချိန်မှာ အိမ်တိုင်းကခက်ခဲ နေကြတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ကျေးရွာရှိပြည်သူများသည် ငွေကြေးမတတ်နိုင်ကြ၍ စစ်မှုထမ်းရန်တစ်ရွာတွင် ၃ ဦးကို စာရင်းပေးခဲ့ရပြီး လူတစ်ဦးကို နှစ်နှစ် စစ်မှုထမ်းရမည်ဟု လည်းပြောဆိုကြောင်းသိရသည်။ စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှာ ၃၅ နှစ်အတွင်းဟု ပါရှိ သော်လည်း လက်ရှိကျေးရွာအတွင်း ထိုအသက် အရွယ်ရှိလူငယ်များသည် နိုင်ငံခြားသို့ သွားရောက်အလုပ်သွားလုပ်ကြသည့် အတွက် ကျန်ရှိသည့်အသက် ၄၀ ကျော်များက ကိုယ်စား စာရင်းသွင်းရဖြစ်ကြောင်းသိရသည်။ “လူငယ်တွေက ပြည်ပရောက် ကုန်ပြီ၊ တစ်ချို့ရွာသူကြီးလက်ထောက်တွေက ပြည်ပမှာရှိတဲ့လူငယ်ကို အကုန်ပြန်ခေါ်မယ်လည်းပြောတယ်၊ ခုစာရင်းပေးရတဲ့ သူတွေက သူတို့သားသမီးတွေ ပြည်ပရောက်ကုန်တော့ သူတို့ကိုယ်တိုင်ပဲ ကိုယ်စားစာရင်းထဲထည့်လိုက်တာ” ဟုဒေသခံက ပြောသည်။ Read ni full

၄။ ဒဏ်ရာရသူများတင်ဆောင်လာသည့် ရဟတ်ယာဉ်ကို ကရင်နီပူးပေါင်းတပ်ပစ်ချ
 May 6, 2024
ကရင်နီ (ကယား) ပြည်နယ် ၊ ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ် ၁ စီးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များကပစ်ချနိုင်ခဲ့သည်ဟု ကရင်နီတပ်မတော် – KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။ မေလ ၆ ရက်  မနက် ၁၀ နာရီခွဲခန့်တွင် ဖားဆောင်းမြို့ရှိ တော်လှန်ရေးပူးပေါင်းအင်အားစုများရှိနိုင်သည့် နေရာအား စစ်ကောင်စီက ဂျက်ဖိုက် ၁ စီးဖြင့် ဗုံးကြဲပြီးနောက် ၁၀ မိနစ် ဝန်းကျင်ခန့်တွင် ဖားဆောင်းဘက်က ပျံသန်းလာသည့် Mi-17 ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်း ဖြစ်သည်။ ကရင်နီတပ်မတော် – KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “ရဲဘော်တွေပြောပြချက်အရတော့ မီးခိုးတွေ ထွက်ပြီး ပျက်ကျသွားတယ်လို့ပြောတယ်”ဟု ဆိုသည်။ အဆိုပါ ရဟတ်ယာဉ်သည် ဖားဆောင်းမြို့စခန်းသိမ်းတိုက်ပွဲတွင် ဒဏ်ရာရရှိထား သည့် စစ်ကောင်တပ်သားများအား တင်ဆောင်လာသည့်ရဟတ်ယာဉ်ဖြစ်သည်ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က အတည်ပြုပြောဆို သည်။
၎င်းက “ဖားဆောင်းဘက်ကို လူနာတွေ သွားခေါ်လာတာထင်တယ်။ ကျွန်တော်တို့ရဲဘော်တွေ အဲ့မှာပစ်လိုက်လို့ ထိ တာ ဖားဆောင်းနဲ့ ဘောလခဲကြားမှာ ပျက်ကျတယ်လို့ သိရတယ်”ဟုဆိုသည်။ ကရင်နီ တော်လှန်ရေးတပ်ပေါင်းသည် Mi-17 ပျက်ကျခဲ့သည့်  နေရာအား သွားရောက်စစ်‌ဆေးလျက်ရှိသည်ဟု သိရသည်။ ပြီးခဲ့သည့် မေလ ၄ ရက်ကစ၍ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ၁၃၅ စခန်း ၂ ခု အား တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက် ခိုက်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးကာ တော်လှန်ရေးရဲဘော် ၄ ဦးကျဆုံးခဲ့သည့်အပြင် ဆက် လက်၍လည်းတိုက်ပွဲပြင်းထန်နေသည်ဟု ဒေသအခြေစိုက် သတင်းမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။

၅။ ဗန်းမော်နှင့် မံစီတို့ရှိ တပ်စခန်းအချို့ KIA သိမ်းပိုက်
 May 7, 2024  
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နှင့် မံစီမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ ယနေ့ နံနက်အစောပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေရာ တပ်စခန်းအချို့ကို သိမ်းပိုက်ရရှိ ထားပြီဖြစ်ကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ ၎င်းက “အခု ဒီမနက်ကတော့ မံစီဘက်က ရဲစခန်းသိမ်း တာတွေရှိပါတယ်။ စင်းခန်း တံတားဦးပေါ့နော်။ တံတားစောင့်တဲ့ကင်းတွေ ၂ ခုလုံး သိမ်းလိုက်တာရှိပါတယ်။ မိုးမောက်ဘက်က တော့ စခန်းသိမ်းတာတွေ၊ မြို့သိမ်းတာတွေ မရှိသေးပါဘူး “ဟု ဆိုသည်။ ဗန်းမော်မြို့နယ်ရှိ ဧရာဝတီမြစ်ကူးတံတား ကာကင်း စခန်းများကို သိမ်းပိုက်နိုင်သော်လည်း စင်းခန်းရှိ စစ်ကောင်စီစခန်းကို ဆက်လက်ထိုးစစ်ဆင်နေဆဲဟု သိရသည်။
ဗိုလ်မှူးကြီး နော်ဘူက “စင်းခန်းမှာက တပ်စခန်းရှိပါတယ်။ အဲဒီစခန်းကို တိုက်နေဆဲ ဖြစ်ပါတယ်။ အဲဒီစခန်းကို မသိမ်း နိုင်သရွေ့တော့တံတားကို ထိန်းချုပ်လို့ရနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် အဲဒီစခန်းကို ပြန်တိုက်နေပါတယ်။ တံတားဦးက ကာကင်း တွေ ကတော့ ၂ ခုလုံးကို သိမ်းလိုက်ပါပြီ” ဟု ပြောသည်။ KIA နှင့် ပူးပေါင်းတပ်သည် ယနေ့ နံနက် ၅ နာရီဝန်းကျင်အချိန်မှစပြီး ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်ရှိ စစ်ကောင်စီလက်ကျန်စခန်းများကို  တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေ ခြင်းဖြစ်ကြောင်း သိရသည်။ Read ni full

၆။ နမ့်ခမ်း TNLA က နှစ်လနီးပါး ပိတ်ထားခဲ့သည့် တရုတ်-မြန်မာ နယ်စပ်ဂိတ် ပြန်ဖွင့်ပေး
 May 6, 2024
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နှစ်လနီးပါးပိတ် ထားခဲ့သည့် နောင်တောင်း နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂၉ ရက်တွင် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ် ရွှေလီမြစ် တစ်ဘက်ကမ်းရှိ နောင်တောင်း-ပိန်းမိုင် နယ်စပ်ဂိတ်မှကုန်အဝင်အထွက်သီးသန့်ဂိတ်ကို TNLA တပ်ဖွဲ့ က နှစ်လနီးပါးအကြာ ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ထားခဲ့ရာမှ ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း နမ့်ခမ်းဒေသခံများက ပြော သည်။“မြန်မာဘက်ခြမ်းကတော့ နောင်ခမ်းပေါ့၊ တရုတ်ဘက်ကတော့ နောင်တောင်းပေါ့။ ဧပြီလ ၂၉ ရက်က ပြန်ဖွင့်တာဆို တော့ အခုပြန်ဖွင့်တာ တစ်ပတ်လောက် ရှိပြီ။ အရင်လိုပဲ ကုန်အဝင်အထွက်ပဲ ရတာပေါ့၊ နောင်ခမ်းဂိတ်မှာက လူအဝင်အထွက် လုပ်လို့မရဘူးလေ။ မီးသွေးကားနဲ့ သတ္တုတင်တဲ့ ကားကြီးတွေလည်း တရုတ်ဘက်ကို ပြန်သွင်းနေပြီ”ဟု နမ့်ခမ်းမြို့မှ ကုန်သည် တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်မှ စတင်ပြီး နမ့်ခမ်းမြို့နယ်ကို ထိန်းချုပ်ထားသည့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA မှ မန်ဟောင်းနှင့် နောင်တောင်း စက်လှေဂိတ်များကို ကြိုတင်အသိပေးခြင်း မရှိဘဲ ရုတ်တရက် ဖြတ်သန်းခွင့် ပိတ်ပင်ခဲ့ခြင်းကြောင့် တရုတ်နယ်စပ်ရှိ နောင်တောင်း-ပိန်းမိုင်ဂိတ်သို့လည်း မသွားရောက်နိုင်တော့ကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။“နောင်တောင်း နယ်စပ်ဂိတ်မှာက SSPP ကော TNLA ကော အတူတူ စောင့်နေတာက အရင်ကတည်းက ရှိနေတာပါ။ သွားလာ ကြည့်ရသလောက် ဆိုရင်တော့ အရင်ကထက် တခုခုတော့ ထူးခြားသလို ဖြစ်နေတာပေါ့”ဟု နမ့်ခမ်းမြို့မှ ၎င်းကုန်သည်က ဆက် ပြောသည်။ ယခုပြန်လည်ဖွင့်လှစ်ပေးသည့် နောင်တောင်း နယ်စပ်ဂိတ်အနီးတွင် သျှမ်းတပ် SSPP/SSA နှင့် TNLA တပ်ဖွဲ့တို့ အကြား ဧပြီလဆန်းပိုင်းက အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ ဆက်ဆံရေး တင်းမာခဲ့ခြင်းကြောင့် TNLA တပ်ဖွဲ့က ဧပြီလ ၅ ရက် တွင် ပိတ်ပစ်ခဲ့ကြောင်း ဧရာဝတီ သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ရေးသားဖော်ပြထားသည်။

၇။ ဆွမ်ပရာဘွမ်မြို့အပါအဝင် စစ်ကောင်စီတပ်စခန်း ဆယ်ခုကျော်ကို KIA သိမ်းယူ
 May 6, 2024
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့အပါအဝင် ကချင်ပြည်နယ်က တပ်စခန်း ဆယ်ခုထက်မနည်းကို မေလ ၅ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့အပြင် ၀ိုင်းမော်မြို့နယ်က တပ်စခန်းအများစုကို သိမ်းယူနိုင်ခဲ့တာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။“အခု ဆွမ်ပရာဘွမ်က အကုန်လုံး ကျွန်တော်တို့ KIA လက်ထဲရောက်သွားပါပြီ။ နောက် ဝိုင်းမော်မြို့နယ်ရဲ့ အရှေ့ ဘက်ခြမ်းမှာကျတဲ့ ကဂမ်၊ ဆမာ၊ နောက်ပြီးတော့ ကာကင်းစခန်းတွေပါတယ်။ အူခိုင်ခက်၊ ရှန်ခေါင်တောင် အဲဒါတွေပါတယ်။ တော်တော်များများကို သိမ်းရပြီ။ ဆက်ပြီးတော့ သိမ်းရမယ့်နေရာတွေလည်း ရှိပါတယ်”  မနေ့ကတစ်ရက်တည်း သိမ်းယူခဲ့တဲ့ တပ်စခန်းတွေက ဆွမ်ပရာဘွမ်မြို့က ခလရ-၄၆၊ မံစီမြို့နယ်က ခမရ -၃၁၉ နဲ့ မိုးမောက်မြို့နယ်က ခမရ-၄၃၈ လက်အောက်ခံ တပ်စခန်းတွေကို သိမ်းယူနိုင်ခဲ့တာလို့ KIA သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘိုနဲ့ ဆွမ်ပရာ ဘွမ်မြို့တွေအပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ရှစ်ဆယ်ကျော်ကို သိမ်းပိုက်ထားတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါ တယ်။ Read ni full

၈။ ဘူးသီးတောင် စကခ (၁၅) ဒုတပ်မမှူးအပါဝင် တပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်
 May 6, 2024
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူသီးတောင်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ စကခ (၁၅) ဒု-တပ်မမှူးအပါဝင် တပ်ဖွဲ့ဝင် တွေနဲ့ မိသားစုတစ်ခုလုံးဟာ မေလ ၄ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ အာရက္ခတပ် တော် (AA)က မေလ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ​ဘူးသီး​တောင်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ စကခ (၁၅) တပ်မဌာနချုပ်ကို AA က ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးမှာ မေလ ၄ ရက်နေ့က တပ်မ ဌာနချုပ်တစ်ခုလုံး လက်နက်ချ အညံ့ခံတာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ ဘူးသီးတောင် အခြေစိုက် စကခ (၁၅) တပ်မ ဌာနချုပ်ကို AA က မေလ (၂ ) ရက်နေ့က သိမ်းပိုက်ရရှိပြီး နောက်ထပ် စစ်ကောင်စီရဲ့ ခမရ (၅၅၁) တပ်ရင်းကို လည်း မေလ (၂) ရက်နေ့က ထပ်မံ သိမ်းပိုက်ရရှိထားပါတယ်။
အဲဒီ တိုက်ပွဲတွင်း စခန်းစွန့်ခွာထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း လိုက်လံချေမှုန်းတိုက်ခိုက်နေတယ်လို့ လည်း သိရပါတယ်။ ဒါ့အပြင် AA က ကျန်ရှိနေသေးတဲ့ ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်စခန်းတွေကို တစ်ခုမကျန် သိမ်းပိုက်ရရှိရေးအတွက် တစ်ပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ မေလ ၅ ရက်နေ့က သတင်းထုတ်ပြန် ထားပါတယ်။ ဘူးသီးတောင်-မောင်တော ကားလမ်းတစ်လျှောက် တည်ရှိတဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့် တပ်စခန်းတွေဖြစ်တဲ့ တာဝါတိုင် စခန်းကုန်း၊ (၆) မိုင်စခန်းကုန်း တို့အပြင် နခခ-၁ (ကျီးကန်းပြင်)၊ နခခ-၁၀ (လှဖိုးခေါင်) စခန်းကိုလည်း သိမ်းပိုက်ရရှိ ထားပါတယ်။ Read ni full

၉။ တီးတိန်မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် ချင်းညီနောင်တပ်ဖွဲ့များကြား ဆွေးနွေးမှု အဆင်မပြေသေး
 May 6, 2024
ချင်းပြည်နယ်၊ တီးတိန်မြို့ကို ထိန်းချုပ်နိုင်ရေးနဲ့ ကုန်သွယ်ရေးနဲ့ စစ်ရေးအရ ဗျူဟာကျတဲ့ တပ်စခန်းကုန်းကို သိမ်းပိုက် ရေးပူးပေါင်းဆောင်ရွက်ဖို့ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ ချင်းညီနောင်တပ်ဖွဲ့တွေကြား ဆွေးနွေးမှုအဆင်မပြေသေးဘူးလို့  နှစ်ဖက်စလုံးက ပြောပါတယ်။ CNF ဘက်ကတော့ တီးတိန်မြို့ကို ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးအရရော ကုန်သွယ်ရေးအရပါ ဗျူဟာကျနေတဲ့ တပ်စခန်းကို သိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိ သူ ဆလိုင်းထက်နီက ပြောပါတယ်။“ကျနော်တို့က သူတို့ကိုသွားပြီးညှိနှိုင်းတယ်။ တီးတိန်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အထိုင် တပ်စခန်းကို အတူတူစစ်ဆင်ရေးလုပ်ဖို့ လုပ်ပေးပါ။ သူတို့က လက်မခံဘူးပေါ့။ သူတို့လည်း ပြင်ဆင်နေပါတယ် ပြောတယ်။ ကျနော်တို့က ပူးပေါင်းပါဝင်ပါ။ ချင်းပြည်ကနေ စစ်ကောင်စီကင်းစင်ရေးကို အဓိကလုပ်တာဖြစ်တဲ့အတွက် အဲဒါကို မပါဝင်ချင် ဘူးဆိုရင်တော့ ဘေးရှောင်ပေးလိုက်ပါ။ အဲအဆင့်ပါပဲ။ အခု တိုက်ပွဲဖြစ်နေတာ သူတို့နဲ့မဟုတ်ပါဘူး။” ချင်းပြည်ချင်းလန်း ကောင်စီမှာ မပါဝင်သေးတဲ့ ချင်းညီနောင်အဖွဲ့တွေဘက်က တီးတိန်မြို့ကို သိမ်းပိုက်နိုင်ရေး လအတော်ကြာကတည်းက စစ်ရေး အရ ပြင်ဆင်ဆောင်ရွက်နေတာကြောင့် တီးတိန်မြို့ကို မသိမ်းပိုက်ခင်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား ပဋိပက္ခမဖြစ်ပေါ် ရေးအတွက် အရင်ညှိနှိုင်းဖို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိအချိန်ထိတော့ တီးတိန်မြို့ကို ထိန်းချုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးမှုဟာ အဆင်မပြေသေးသလို အာဏာရှင်စစ်တပ်ကို တော်လှန်နေကြတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြားမှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘူးလို့  မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမာန်က ပြောပါတယ်။“ညှိနှိုင်းမှုတွေ မရှိသေးဘူး ပြောရမယ်ခင်ဗျာ။ သူတို့က တယောက်နဲ့ တယောက်အထိခိုက်မရှိအောင် ထိပ်တိုက်ရင်ဆိုင်မှုမဖြစ်အောင် ရှောင်နေတဲ့သဘောပဲခင်ဗျ။”  ပြီးခဲ့တဲ့ ရက် ပိုင်းကတော့ တီးတိန်မြို့ကို သိမ်းပိုက်ဖို့ရောက်ရှိနေတဲ့ CNF နဲ့ ချင်းပြည်နယ်မှာ အခြေချလှုပ်ရှားနေတဲ့ ဇိုမီးတော်လှန်ရေး တပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို ဇိုမီးတော်လှန်ရေးတပ်ရဲ့ ရှေ့တန်း ကင်းစခန်းတခုကို  CNF ဘက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက  “စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုကသူတို့ကိုဦးတည်ပြီး တိုက်တာမဟုတ်ဘဲနဲ့ စစ်ဆင်ရေးကြီး တခု လုပ်ဖို့သွားတဲ့အခါမှာ သူတို့က လမ်းကနေဖြတ်တောက် ချုံခိုတိုက်ခိုက်တာကို ကျနော်တို့က ရှင်းလင်းရင်းနဲ့ ၁ ရက်နေ့ ကနေ ၄ ရက်နေ့အထိ အဲဒီတိုက်ပွဲပါ။ အခုအခြေနေကတော့ ဘာမှဆက်ပြီးမရှိတော့ပါဘူး။ သူတို့ရဲ့တပ်စခန်း ၂ ခုကနေ ဆုတ်သွားပြီ။ ဘယ်ကိုဆုတ်သွားလည်းဆိုတာတော့ မသိဘူး”လို့ ပြောပါတယ်။ Read ni full

၁၀။ ကော့ကရိတ်၌ အောင်ဇေယျစစ်ကြောင်းတိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုများရှိ
 May 6, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထား သည်။ မေလ ၃ ရက်က ဒေါနတောင်သို့ ထိုးစစ်ဆင်လာသော အောင်ဇေယျစစ်ကြောင်းကို အမှတ် ၃၁  ဗျူဟာလက်အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ကြီးတဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အဆိုပါ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း သည် ပြီးခဲ့သည့် ဧပြီဒုတိယပတ်မှစတင်၍ ကရင်နှင့် မွန်ပြည်နယ်ရှိ ဆုံးရှုံးထားသောနေရာများကို ပြန်လည်ရရှိရေး ထိုးစစ်ဆင် ရန်လုပ်ဆောင်နေသည့် စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်ရှိ စစ်ကြောင်းဖြစ်ပြီး အင်အားမှာ ၁၀၀၀ ကျော်အထိရှိကြောင်း ပူးပေါင်းတပ်ဖွဲ့များထံက သိရသည်။
လက်ရှိတွင် အောင်ဇေယျစစ်ကြောင်းက ကော့ကရိတ်မြို့ပေါ်ရှိနေရာအများစုကို ပြန်လည်ထိန်းချုပ်ထားသော်လည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသလို ကော့ကရိတ်မြို့အထိုင်တပ် ခမရ ၉၇ တပ်မှလည်း လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါးပစ်ခတ်မှုများရှိနေကြောင်း မြို့ခံများထံကသိရသည်။ ကော့ကရိတ်မြို့ကိုကျော်၍ မြဝတီမြို့ သို့ တက်လာသည့် အောင်ဇေယျစစ်ဆင်ရေးမှ စစ်ကြောင်းများကိုလည်း ကော့ကရိတ်- မြဝတီအာရှလမ်းမကြီး ဒေါနတောင်ပေါ် တောနော်ရေတံခွန် တဝိုက်တွင်တောင်ပိုင်းတိုင်း အမှတ် ၃၂ ဗျူဟာမှပူးပေါင်းစစ်ကြောင်းများကလည်း ဟန့်တားတိုက်ခိုက် လျက်ရှိသောကြောင့် နေ့စဉ်နီးပါးတိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေကြောင်းသိရသည်။ ယခုအချိန်တွင် စစ်ကောင်စီ၏ အောင် ဇေယျစစ်ကြောင်းရှိ စစ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အစွမ်းကုန်ခုခံတိုက်ခိုက်လျက်ရှိသောကြောင့် ပြည်သူ များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရာအရပ်တွင် သတိပြုနေထိုင်ကြပါရန်လည်း ကျားဖြူစစ်ကြောင်းကအသိပေးထားသည်။ Read ni full

၁၁။ မွန်ပြည်နယ်တွင် ဧပြီလအတွင်း တိုက်ပွဲ (၃၉)ကြိမ် နှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု (၄၃) မှု ဖြစ်ပွား
 May 6, 2024
မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဧပြီလ အတွင်း လက်နက်ကိုင် တိုက်ပွဲပေါင်း (၃၉) ကြိမ်ဖြစ်ပွားခဲ့ပြီး လူအခွင့်အရေးချိုး ဖောက်ခံရမှု (၄၃) မှု ဖြစ်ပွားခဲ့သည်ဟု လဂွန်းအိမ်ဒေတာ အချက်အလက်များအရ သိရသည်။ ဧပြီလအတွင်း မွန်ပြည်နယ် အတွင်းရှိ သထုံ၊ ဘီလင်း၊ ကျိုက်ထို၊ ကျိုက်မရော နှင့် စစ်အုပ်ချုပ်ရေး (Martial Law)ကြေညာခံထားရသော ရေးမြို့နယ်များတွင် အခြားမြို့နယ်များထက် တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့သည်။ မွန်ပြည်နယ် (၁၀) မြို့နယ်အနက် ကျိုက်ထိုမြို့နယ်တွင် တိုက်ပွဲငယ် ဖြစ်ပွားမှု(၉)ကြိမ်နှင့် ကျိုက်မရောမြို့တွင် တိုက်ပွဲငယ်အပါအဝင်ပြင်ထန်းတိုက်ပွဲဖြစ်ပွားမှု အကြိမ်ပေါင်း (၁၁)ကြိမ်ထက်မနည်း ရှိခဲ့ပြီး အဆိုပါမြို့နှစ်မြို့တွင် တိုက်ပွားအများဆုံးဖြစ်ပွားခဲ့သည်။
ကျိုက်ထို၊ သထုံ၊ မုဒုံ၊ ရေး၊ ဘီးလင်း၊ မော်လမြိုင်သံနှင့် ဖြူဇရပ်မြို့နယ်များတွင်လည်း ဒရုန်းဖြင့် တိုက်ခိုက်မှုအပြင် မိုင်းဆွဲတိုက်ခိုက်မှု (၁၈)ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု လဂွန်းအိမ်စာစဉ်ထုတ်ပြန်ချက်အရ သိရသည်။ ထို့သို့ တော်လှန်ရေးအင်အား စုများက တိုက်ပွဲများခပ်စိပ်စိပ်ဖော်ဆောင်လာနိုင်ပြီး စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုရှိလာတာကြောင့် စစ်ကောင်စီက အပြစ်မဲ့ အရပ်သားပြည်သူများအား မတးရာဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ တိုက်ပွဲများဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများအတွင်း အကြောင်းမဲ့လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်း၊ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်။ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်အတွင်း အရပ်သား ဖမ်းဆီးခံရသူ (၆) ဦး၊ ထိခိုက်ဒဏ်ရာရသူ (၁၇) ဦး၊ သတ်ဖြတ် ခံရသူ (၁၅)ဦး နှင့် ဖျက်စီးခံရသည့် နေအိမ်အလုံးပေါင်း (၅၁)လုံးကျော်အထိ ရှိခဲ့သည်။ အဆို ပါထိခိုက်၊ သေဆုံးသူများတွင် သက်ကြီး ရွယ်အိုနှင့်ကလေးငယ်များအပါအဝင် ကျောင်းထိုင်ဆရာတော်များလည်း ပါဝင်ခဲ့သည်။

၁၂။ AA သိမ်းပိုက်ထားသော ကျောက်တော်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုပြည်သူ ၃ ဦးထက်မနည်းသေဆုံး
 May 6, 2024
AA က သိမ်းပိုက်ထားသော ရခိုင်ပြည် ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာကို မေလ ၆ ရက်နေ့တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့၍ အပြစ်မဲ့အရပ်သား ၃ ဦးထက်မနည်း သေဆုံးသွားကြောင်း ရွာသားများထံမှ သိရ သည်။ နံနက် ၈ နာရီခန့်က လာရောက်ဗုံးကျဲခြင်းဖြစ်ပြီး သေဆုံးသူထဲတွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးပါဝင်ကြောင်း အလယ်ကျွန်းကျေးရွာသားတစ်ဦးက ပြောသည်။ ” ၈ နာရီဝန်းကျင်လောက်မှာ လေယာဥ်နဲ့လာပစ်ပါတယ်။ ဘုန်းတော်ကြီး ကျောင်းအနောက်ဘက်နဲ့ အရှေ့ဘက်မှာကျတယ်။ နှစ်ကြိမ်ပစ်ခတ်ခဲ့တာပေါ့နော်။ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်သေတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိကြတယ်။ ” ဟု ပြောသည်။
သေဆုံးသူ အမျိုးသားနှစ်ဦးထဲမှာ အသက် ၈၀ အရွယ် ဦးနီထွန်းဦးနှင့် အသက် ၅၀ အရွယ် ဦးမောင်ဟန်နှင့် ဒေါ်မဒွေးတို့ ဖြစ်ကြောင်း၊ အလယ်ကျွန်းကျေးရွာမှာ အိမ်ထောင်စု ၅၀၀ ခန့်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ကျောက်တော်မြို့နယ်တွင် တိုက်ပွဲ များကြောင့် စစ်ဘေးရှောင်ခဲ့ရသည့် ကျေးရွာများထဲမှ တစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီက ရခိုင်ပြည်အတွင်း AA ထိန်းချုပ်ရာမြို့နယ်များအားလုံးကို ဗုံးကြဲတိုက်ခိုက်နေပြီး ကျောက်တော်၊ မင်းပြားကို မေလ ၁ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ ၍ အပြစ်မဲ့အရပ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။  Read ni full

၁၃။ ဖားဆောင်းတိုက်ပွဲအတွင်း တပ်ရင်းမှူးအပါ ၅၆ ဦး လက်နက်ချခဲ့ဟု KNDF ထုတ်ပြန်
 May 7, 2024
ကရင်နီပြည် (ကယားပြည်နယ်)၊ ဖားဆောင်းမြို့တွင် ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများ အပါအဝင် ၅၆ ဦး လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်အစုံ ၇၀ ကျော်နှင့် ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်သည်။ ဧပြီတွင် ဖားဆောင်းမြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခြေလျင်တပ်ရင်း ခလရ ၁၃၅၊ ခလရ ၁၃၄ တပ်တို့နှင့်မီးသတ်ရုံး၊ ဘုန်းကြီးကျောင်း အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား ကရင်နီပူးပေါင်းတပ်များက စစ်ဆင်ရေးပြုလုပ်ခဲ့သောကြောင့် ထိတွေ့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖားဆောင်းမြို့တိုက်ပွဲအတွင်း အထိနာနေသော စစ်ကောင်စီတပ်များကို ဘောလခဲဘက်မှ စစ်ကူပေးရန်လာသည့် အင်အား ၁၀၀ ကျော်ရှိ ခြေမြန်တပ်ရင်း ခမရ ၅၁၆၊ ခမရ ၅၁၅၊ ခလရ ၁၊ ခလရ ၁၃၅ တပ်များကို ဧပြီ ၁၁ ရက် နံနက်ပိုင်းမှစ၍ ညနေပိုင်းထိ ပါပုကျေးရွာအနီးတွင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးပြီး တပ်ရင်းမှူး၊ ဒုရင်းမှူးများ အပါအဝင် ၅၆ ဦး လက်နက်ချအညံ့ခံခဲ့ကာ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်ကြောင်း KNDF က ဆိုထားသည်။
ထို့ပြင် ဧပြီ ၃ ရက်မှစ၍ မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်နှင့် ခြေကုပ်စခန်းများအား KNDF နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံရှိ စစ်ကောင်စီတပ်များမှလည်း လက်နက်ကြီးပစ်ကူများ တောက် လျှောက်ပစ်ခတ်ခဲ့သည့်အပြင် စစ်ကောင်စီမှ ၄၂၂ တပ်ထဲထိ လေယာဉ်ဖြင့် ပြန်လည်ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ စစ်ကောင်စီဘက်မှ စစ်ကြောင်းဖြင့်ထိုးတက်၍ နေရာအချို့အား ပြန်ရယူရန် ကြိုးစားမှုများ ရှိခဲ့သော်လည်း ပူးပေါင်းတပ်များဘက်က တန်ပြန်တိုက်ခိုက်ခဲ့ရာ အရေးပါသည့်နေရာများအား လက်လွှတ်ခဲ့ရခြင်းမျိုးမရှိ ကြောင်း KNDF က အသိပေးထားသည်။ ဧပြီလအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် များ အပါအဝင် အရပ်သားပြည်သူ ၁၀ ဦး သေဆုံးခဲ့ရပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီ၏ ဖမ်းဆီးသတ် ဖြတ်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ကြောင်းလည်း ဖော်ပြထားသည်။ Read ni full

၁၄။ သံတွဲမြို့အပါအဝင်  AA ဝင်ရောက်လာနိုင်သောဝင်ပေါက်များအားလုံးတွင် စစ်ကောင်စီကမြေမြုပ်မိုင်းများထောင်နေ
 May 7, 2024
 ရခိုင်ပြည်နယ်၊ သံတွဲမြို့ အပါအဝင်  AA ဝင်ရောက်လာနိုင်သော ဝင်ပေါက်များအားလုံးတွင် စစ်ကောင်စီက  စီမံချက်ဖြင့် မြေမြုပ်မိုင်းများ ရာချီထောင်နေကြောင်း သံတွဲအခြေစိုက်ရဲနှင့်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ “သံတွဲမြို့ အပါအဝင် ဝင် ပေါက်၊ AA တပ်တွေ ဝင်လာနိုင်တဲ့ တောပိုင်းတွေထဲအထိ  မြေမြုပ်မိုင်းတွေ ရာနဲ့ချီပြီး ထောင်နေပါတယ်။ နေ့တိုင်း စီမံချက်နဲ့ ထောင်နေတာ။ မိုင်းအရေအတွက်​ နေ့စဉ်ရာချီပြီးတော့ကို မိုင်းတွေထောင်လည်း ထောင်နေတယ်။ ဥပမာ-သံတွဲမှာ ရဲ​တွေအား လုံး တစ်​နေ့ကို မိုင်းအလုံး ၃၀၀ ​ထောင်​နေတယ်။ အများပြည်သူတွေအတွက်လည်း အင်မတန် သတိထားရပါ့မယ်” ဟု သံတွဲ အခြေစိုက် ရဲနှင့်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ၁၈ မိုင်ခန့်အကွာ အုန်းမော်တောင် အနီးတဝိုက်အထိ အကြမ်းဖက် စစ်တပ်နှင့် ရခိုင်တပ်တော်တို့ တိုက်ပွဲများ ကျယ်ပြန့်လာကြောင်း ဒေသပြည်သူများက ပြောကြားသည်။ လတ်တလော စစ်တပ်က သံတွဲမြို့ နယ်တစ်ဝန်းတွင် ဒေသနေပြည်သူများကို အကာအကွယ်ယူကာ ခုခံတိုက်ခိုက်နေခြင်းဖြစ်ပြီး ရခိုင်တပ်တော်အနေဖြင့် အုန်းမော် တောင်ပေါ်၌ အပေါ်စီးမှ နေရာယူထားခြင်းကြောင့် အကြမ်းဖက်စစ်တပ်က ထိရောက်စွာ တိုက်ခိုက်နိုင်ခြင်းမရှိကြောင်း၊ တိုက်ပွဲ များတွင် အကြမ်းဖက်စစ်ကောင်စီက သံတွဲမြို့နယ်၊ အုန်းမော်တောင်ပေါ် ပတ်ဝန်းကျင်ကို လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ Read ni full

၁၅။ NUG မှာ လွတ်မြောက်နယ်မြေရှိနေပြီလို့ ကာကွယ်ရေးဝန်ကြီးထုတ်ပြော
 May 6, 2024
အမျိုးသားညီညွတ်‌ရေးအစိုးရ NUG မှာ လွတ်မြောက်နယ်မြေရှိနေပြီလို့ NUG ရဲ့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တရားဝင်ထုတ်ဖော်ပြောကြားလာပါတယ်။“ဒီကနေ့ NUG မှာ လွတ်မြောက်နယ်မြေရှိပြီလားလို့ မေးရင်ရှိပြီလို့ပဲဖြေရမယ်။ ဒီ နယ်မြေတွေမှာ ရန်သူ့အုပ်ချုပ်ရေးယန္တရားကို ဖျက်သိမ်းပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင်လည်ပတ်နေပြီ ဖြစ်ရုံမက ရန်သူ့တပ်များ မြေပြင်က အလွယ်တကူ ဝင်ရောက်မလာနိုင်အောင် စစ်ရေးအရကာကွယ်ဟန့်တားထားနိုင်တဲ့ နယ်မြေတွေရှိနေ ပြီ။ ဒီနယ်မြေတွေဟာ တစ်နေ့ထက် တစ်နေ့ပိုပြီးကျယ်ပြန့်လာတာ ပိုပြီးခိုင်မာလာတာကိုလည်း တွေ့ရမယ်”လို့ မနေ့က မတ် ၅ ရက်မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဖွဲ့စည်းတည်ထောင်ခြင်း(၃)နှစ်ပြည့်နေ့မှာ ကာကွယ်ရေးဝန်ကြီး ကထည့်သွင်းပြောခဲ့တာပါ။ ဒီလိုအောင်မြင်မှုရလာတာကလည်း အဓိကအားဖြင့် ရဲဘော်တွေရဲ့ စွမ်းဆောင်မှုတွေဖြစ်တာကြောင့် ဂုဏ်ရောင်ပြောင်တဲ့ အသက်သွေးချွေးပေးဆပ်မှုတွေက သမိုင်းမော်ကွန်းတင်ရမှာဖြစ်တယ်လို့ ဦးရည်မွန်က ပြောပါတယ်။
ဒါ့အပြင် စစ်ရေးတာဝန်ရှိတဲ့ ရဲဘော်တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိတဲ့ ပအဖ၊ ပလဖကျင့်ဝတ်နဲ့အညီနေထိုင်ကြဖို့ကိုလည်း ဝန်ကြီးက သတိပေးတိုက်တွန်းထားပါသေးတယ်။“တော်လှန်ရေးကာလမှာ စစ်ရေးနဲ့ အုပ်ချုပ်ရေးဟာ ဘယ်လက်နဲ့ညာလက် လိုပဲ လက်နှစ်ဖက်လုံး ခိုင်မာအားကောင်းဖို့လိုတယ်။ လက်နှစ်ဖက် ဟန်ချက်ညီ အလုပ်လုပ်ဖို့လိုတယ်။ စစ်ရေးတာဝန်ရှိတဲ့ PDF ပကဖ၊ အုပ်ချုပ်ရေးတာဝန်ရှိတဲ့ ပအဖ ပလဖတို့ဟာ တော်လှန်ရေးလိုအပ်ချက်အရ ဖွဲ့စည်းပေါ်ပေါက်လာတဲ့ တော်လှန်ရေး ညီနောင်အဖွဲ့အစည်းတွေပဲ ဖြစ်တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ ရဲဘော်တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ကူညီရိုင်းပင်းကြဖို့ လိုတယ်။ ကျင့်ဝတ်နဲ့ညီပြီး ကိုယ်တာဝန်ကိုယ် ကျေအောင် ထမ်းကြဖို့လိုတယ်” PDF သုံးနှစ်ပြည့် အစီရင်ခံစာအရ စစ်ကောင်စီ ရဲ့ အမာခံတိုက်ခိုက်ရေး အင်အားတွေဖြစ်တဲ့ တပ်မ (၁ဝ)ခုနဲ့ စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်ပေါင်း( ၂ဝ)မှာရှိတဲ့ စစ်အင်အားသုံး ပုံနှစ်ပုံကို ယိုယွင်းပြုန်းတီးအောင် လုပ်ထားနိုင်ပြီလို့ သိရပါတယ်။ လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေး (၅)မြို့အပြင် နိုင်ငံတဝန်း နယ်မြေ ၆၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့လည်း NUG က ကြေညာထားတာပါ။

၁၆။ ရေးတွင် ဘီယာဆိုင်ထိုင်ရန်လာသည့်  နယ်ထိန်းရဲ ပစ်ခတ်ခံရပြီး သေဆုံး
 May 6, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်တွင် ရေးမြို့မရဲစခန်းမှ ‌နယ်ထိန်းရဲအောင်သူဆိုသူကို မေ ၅ ရက်နေ့  ၃ နာရီဝန်းကျင်တွင် ရေးဘီလူးအဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်းသိရသည်။ ပစ်သတ်ခံရသည့် နယ်ထိန်းရဲ အောင်သူ သည်  ရပ်ကွက် သုံးရပ်ကွက်ပိုင် နယ်ထိန်းရဲတစ်ဦးဖြစ်ပြီး ရန်မျိူးအောင် ရပ်ကွက်အတွင်း ဘီယာသောက်ရန်လာစဉ် ရေးဘီလူးတပ်ဖွဲ့ မှ သေနတ်ဖြင့် ငါးချက်ခန့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “သူ့ဆီက သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကတော့ ဖုန်းတလုံးရယ်၊ သူ၀တ်လာခဲ့တဲ့ ပြည်သူလူထုဆီက မတရားရလာတဲ့ငွေနဲ့ ပြုလုပ်ထားတဲ့ ရွှေဆွဲကြိုးတစ်ကုံးကို သိမ်းဆည်း ရမိတယ်။ ကျန်တဲ့သေနတ်တွေတော့သူယူမလာဘူး။ သေနတ်တွေကအပ်ထားပုံရတယ်။ အပြင်သွားဘာသွားတာတွေအတွက် နောက်ပိုင်း အကွက်ပျောက်တွေပဲ မြို့ထဲမှာ လိုက်ပတ်သွားလာနေတာမျိုးတွေ တွေ့ရတယ်”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
အဆိုပါ နယ်ထိန်းရဲကို ဒေသခံများ၏ တိုင်ကြားချက်အရ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည်  ညနေ ခြောက်နာရီကျော်တွင် အပြင်ထွက်သည့် လူငယ်များကို ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ လောင်းကစားဝိုင်းများကို တရားဝင်ဖွင့်လှစ်ခွင့် ပေးထားခြင်း၊ ဘောလုံးပွဲလောင်းခြင်း၊ နှစ်လုံးထီထိုခြင်းများကိုလည်း အကောက်ခွန်ဖြင့် ခွင့်ပြုပေးထားခြင်းများကို လုပ်ဆောင်သူဖြစ်ကြောင်း သိရသည်။ ရေးဘီလူးတပ်ဖွဲ့သည့် ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က ရေးမြို့နယ်အတွင်းရှိ ခံသင်းတံတား စစ်ကောင်စီ စစ်ဆေး ရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ဦးသေဆုံးခဲ့ပြီး ရေးဘီလူးတပ်ဖွဲ့ဝင် နှစ် ဦးလည်း သေဆုံးခဲ့ရ ကြောင်း သိရသည်။ Read ni full

၁၇။ စကခ ၈ တပ်မမှူး ဗိုလ်မှူးချုပ် စိုင်းမင်းလှိုင် မိုင်းဆွဲတိုက်ခိုက်ခံရ
 May 6, 2024
ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ ၅ ကမာမောင်းဒေသတွင် စစ်ဆင်ရေးဝင်နေသောအမှတ်(၈)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူးမှာမိုင်းဆွဲတိုက်ခိုက်ခံရ၍ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သတင်းရင်းမြစ်များထံမှသတင်းရရှိသည်။ စကခ (၈) မှ တပ်မမှူး ဗိုလ်မှူးချုပ် စိုင်းမင်းလှိုင်သည် မေလ ၃ ရက်က ကမာမောင်းဒေသရှိ ကိုးနဝင်းဘုန်းကြီးကျောင်းသို့ လာ ရောက်စဉ် တော်လှန်ရေးတပ်ဖွဲ့များကမိုင်းဖြင့်တိုက်ခိုက်ခဲ့သည့်အတွက်၎င်းအပါအဝင် ၄ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
တပ်မဟာ ၅ ဒေသတွင် တိုက်ပွဲဝင်နေသော တပ်ဖွဲ့ဝင်တဦးက “တပ်မှူးက အပြင် မထွက်တာကြာပြီ။ ဗျူဟာကုန်းမှာပဲ နေတာ။ သူထွက်လာတဲ့အချိန်ကို စောင့်ပြီး ရီမုမိုင်းနဲ့ ခွဲလိုက်တာ” ဟု ဆိုသည်။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့အခြေစိုက် အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသည် အာဏာသိမ်းပြီးကတည်းက ကမာမောင်းဒေသတွင် စစ်ဆင်ရေးဝင်နေသောတပ် ဖြစ်သည်။ မတ်လဆန်းပိုင်းမှစ၍ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီတပ်စခန်းများ၊ ဗျူဟာ ကုန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ပေါင်းစုများက ပိတ်ဆို့တိုက်ခိုက်လျက်ရှိကာ ဖာပွန်မြို့နှင့် စစ်ကောင်စီတပ်ရင်း ၃ ရင်းအား တော်လှန်ရေးတပ်ပေါင်းစုဘက်က တိုက်ခိုက်သိမ်း ပိုက်ထားပြီး ဗျူဟာကုန်းနှင့် တပ်ရင်းဌာနချုပ် ၃ ခုသာ ကျန်ရှိတော့သည်။ Read ni full

၁၈။ ပုလောနဲ့ မြိတ်မှာ နှစ်ရက်တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံး
 May 7, 2024
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်နဲ့ မြိတ်မြို့နယ်အတွင်းမှာ မေလ ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ တိုက်ပွဲ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ မေလ ၂ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်ချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မေလ ၃ ရက်နေ့မှာလည်း မြိတ်မြို့နယ်၊ ဘန်းပြည့် ရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးရမိပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ တွေ က ပြောပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးရဲ့ အလောင်းကိုပြန်တွေ့ချိန်မှာ မီးရှို့ခံထားရတယ်လို့ အမည် မဖော်လိုတဲ့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “သူတို့အလောင်းတွေမှာ ခေါင်းတွေမရှိတော့ဘူး။ ပြီးတော့ မီးရှို့ခံထားရတာ။ ခြေတို့၊ လက်တို့ပဲ တွေ့ရတယ်။ ကျွန်တော်တို့ အလောင်းတွေ့ရတဲ့ နေရာအနီးအနားကို ခေါင်းတွေလိုက်ရှာ ကြည့်တာ မတွေ့ဘူး။ ခေါင်းဖြတ်သတ်ပြီးမှ ကျန်တဲ့ ခန္ဓာကိုယ်ကို မီးရှို့ခံရတာလို့ ယူဆလို့ရပါတယ်” တနင်္သာရီတိုင်းက နှစ်ဖက် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာရှိပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူး လို့ ဒေသခံတွေက ပြောပါတယ်။ Read ni full

၁၉။ ဆီဆိုင်မြို့တွင် စစ်ကျန် လက်ပစ်ဗုံးထိမိ၍ပေါက်ကွဲပြီး သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
 May 6, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ မြကန်သာရပ်ကွက်နေ နန်းရွဲနှင့် ၎င်း၏သားသည်  မေလ ၅ ရက်နေ့ ညနေ ၅ နာရီ ခန့်တွင် စစ်ကျန် လက်ပစ်ဗုံးထိမိ၍ပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရပါသည်။ ဖြစ်စဥ်မှာ နန်းရွဲသည် လက်ဖက်ရည်ဆိုင်ဖွင့်ရန် သန့်ရှင်းရေးလုပ်နေစဥ် ဆိုင်ရှေ့ မြောင်းထဲရှိ စစ်ကျန် လက်ပစ်ဗုံးကို တုတ်နှင့်ကော်ထုတ် လိုက်မိသည့် အတွက်ပေါက်ကွဲမှုဖြစ်ပွားပြီး သားအမိနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။“မနေ့ညကဖြစ်သွားတာပေါ့ သူကမပေါက် ကွဲသေးတဲ့ဗုံးကို သွားကိုင်တွယ်မိတော့ ပေါက်ကွဲသွားတာ‌‌ပေါ့  မြကန်သာရပ်ကွက်မှာ အဖြစ်များတယ် မြကန်သာမှာပဲ သူအပါ အဝင် သူ့လိုဖြစ်သွားတာသုံးယောက်ရှိပြီ တစ်ယာက်က ခြေပြတ်သွားတယ် နောက်ထပ်တစ်ယောက်က သေဆုံးသွားတယ်”ဟု အမည် မဖော်လိုသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
နန်းရွဲသည်ဗုံးပေါက်ကွဲမှုကြောင့် နားရွက်တွင် ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ၎င်း၏သားသည် ကျောပြင်နှင့် ပေါင်တွင်ထိခိုက် ဒဏ်ရာရှိခဲ့ကာ လက်ရှိတွင် တောင်ကြီးမြို့ရှိ စဝ်ထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရပါသည်။ ဒေသခံများနေရပ် ပြန်ရောက်ပြီး စစ်ကျန်စစ်ပစ္စည်းများတွေ့ရှိက သက်ဆိုင်ရာ တာဝန်ရှိသူ များထံအကြောင်းကြားရန် လိုအပ်ကြောင်း ဒေသခံ တစ်ဦး က ပြောသည်။ ဆီဆိုင်မြို့တွင် မြို့တွင်းနေရာတော်တော်များမပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များရှိနေသည့် အတွက်ကြောင့် ပြည်သူများအနေဖြင့်၊ စိုးရိမ်စိတ်၊ကြောက်လန့်နေသော စိတ်ဖြင့် ပြန်နေနေရကြောင်းသိရသည်။

၂၀။ သရက်ချောင်း နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီကဆက်တိုက်ဗုံးကြဲနေ
 May 6, 2024
သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတဝိုက်မှာ နှစ်ရက်ဆက်တိုက်ပွဲတွေ ပြင်းထန် နေပြီး စစ်ကောင်စီကလည်း နှစ်ရက်စလုံးမှာလေကြောင်းကနေဗုံးကြဲနေတယ်လို့ တော်လှန်ရေးရဲဘော်တွေနဲ့ ‌ဒေသခံတွေက ပြောပါတယ်။ မြိတ်-ထားဝယ်ကားလမ်းပေါ်က ပဲဒက်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနဲ့ ကျောက်ဆည်ရွာက ပျူစောထီး စခန်းတွေကို တော်လှန်ရေးတပ်တွေက မနေ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ မနေ့က မနက် ၆ နာရီ လောက်ကနေ ညနေ ၆ နာရီလောက်အထိတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ပဲဒက်ရွာက စစ်ကောင်စီခန်းတဝိုက်မှာတော့ ဒီနေ့ မနက်ပိုင်းမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကပြောပါတယ်။“မနေ့က ညနေပိုင်း ပြန်ငြိမ်သွားပြီးတော့ အခုမနက်ပြန်ဖြစ်တာ။ ပဲဒက်စခန်းတဝိုက်ပဲ ပစ်နေ​ကြတာ။ကျန်တဲ့နေရာမှာတော့ ဖြစ်တာမရှိသေးဘူး” လို့ တိုက်ပွဲမှာပါဝင်နေတဲ့ သရက်ချောင်းဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
မနေ့က တိုက်ပွဲတွေဖြစ်ပွားနေချိန် စစ်ကောင်စီတပ်ဘက်ကလည်း ပဲဒက်ရွာတဝိုက်ကို K8W တိုက်လေယာဥ်နဲ့နှစ်ကြိမ်၊ Mi-2 ရဟတ်ယာဥ်နဲ့နှစ်ကြိမ် ဗုံးသီး အလုံးရေ ၁၀၀ နီးပါးကြဲချခဲ့တယ်လို့ KNLA နဲ့ PDF ပူးပေါင်းထားတဲ့ ဖယ်ဒရယ်စစ်ကြောင်းရဲ့ ဒုတပ်ရင်းမှူး ကိုမင်းထက်ကပြောပါတယ်။ အခုမနက်မှာလည်း ပဲဒက်ရွာတဝိုက်ကို စစ်ကောင်စီတပ်က သုံးကြိမ်ဗုံးသီးတွေ ကြဲချသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကဆိုပါတယ်။ ပဲဒက်ရွာအနီးက ကျောက်ဆည်ရွာ ပျူစောထီးစခန်းကိုတော့ မနေ့က တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်တချို့သိမ်းမိထားတယ်လို့ ပြည်သူ့ကာကွယ်ရေး ရဲဘော် ရဲ့ပြောပြချက်အရသိရပါတယ်။ နှစ်ရက်ဆက်တိုက်ပွဲအတွင်း စစ်ကာင်စီတပ်သားတွေနဲ့ ပျူ‌စောထီးတွေဘက်က ထိခိုက်သေဆုံး မှုအများအပြားရှိတယ်လို့သိရပြီး တော်လှန်ရေးတပ်တွေဘက်ကလည်း ကျဆုံးတာနဲ့ထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့ ပြည်သူ့ ကာကွယ်ရေး ရဲဘော်တွေရဲ့‌ပြောပြချက်အရ သိရပါတယ်။ Read ni full

၂၁။ တင်းမကျေးရွာ ပြန်လည်ထူထောင်နိုင်ရေး အကူညီများလိုအပ်နေ
 May 6, 2024
ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးထားသည့် ရခိုင်ပြည် ကျောက်တော်မြို့နယ်က တင်းမကျေးရွာ ပြန်လည်ထူထောင် နိုင်ရေးအတွက် အကူညီများလိုအပ်နေကြောင်း ကျေးရွာသားများထံမှ သိရသည်။ တင်းမကျေးရွာမှာ စစ်ကောင်စီတပ်၏ မီးရှို့ ဖျက်စီးခြင်း၊ ကျေးရွာအနီးနှစ်ဖက်တိုက်ပွဲများဖြစ်ပွားခြင်းတို့ကြောင့် ကျေးရွာရှိနေအိမ်များအားလုံးနီးပါး မီးလောင်ပျက်စီးသွား သည်။ တင်းမကျေးရွာသားများမှာ စစ်ဘေးရှောင်များအဖြစ် နှစ်ကြာရှည်စွာနေထိုင်ခဲ့ကြရသည့်အလျောက် ကျေးရွာအတွင်း နေအိမ်အပျက်စီးများအား ပြန်လည်ပြုပြင်နိုင်ရန် အကူအညီများလိုအပ်နေသည်ဟု တင်းမကျေးရွာသားတစ်ဦးက ပြောသည်။ ” ရွာမှာက မပျက်စီးတဲ့အိမ်ရယ်လို့ မရှိသလောက်ပါပဲ။ အိမ်တွေကို ပြန်ပြုပြင်ဖို့ကျတော့လည်း ကျနော်တို့မှာ လေလောဆယ် တတ်နိုင်တာဆိုလို့ စစ်ဘေးရှောင်စခန်းက ယူလာလို့ရမယ့် တာလပေါ်ရယ်၊ ကိုယ်တိုင်ခုတ်လို့ရမယ့် ဝါးရယ်ပဲရှိမယ်။ အခုလို မိုးရာသီမှာ မိုးလုံလေလုံနေနိုင်ဖို့တောင် မတတ်နိုင်ကြပါဘူး”ဟု ပြောသည်။
တင်းမကျေးရွာမှာ နေအိမ် ၅၀၀ ကျော်ခန့်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က စစ်ကောင်စီတပ်မှ ကျေးရွာသားများအားဖမ်းဆီးခြင်း၊ ကျေးရွာအနီးတပ်စွဲနေထိုင်ခြင်းတို့ကြောင့် ကျေးရွာသားများမှာ ကျေးရွာအားစွန့်ခွာခဲ့ကြရ ခြင်းဖြစ်သည်။ တင်းမကျေးရွာကြီးမှာ တိုက်ပွဲများကြား အပျက်စီးများအပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလအတွင်းက တိုက်ခတ်ခဲ့ သည့် မိုခါမုန်တိုင်းကြောင့်လည်း များစွာအပျက်စီးခဲ့ပြီး ထိုအထဲတွင် နှစ်ရာချီသက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းလည်း ပါဝင်ခဲ့ သည်။ တင်းမကျေးရွာသားအများစုမှာ လက်ရှိအချိန်ထိ ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရဆဲ ဖြစ်ပြီး ကျေးရွာအတွင်းပြန်လည်နေထိုင်နိုင်ရန် မျှော်လင့်လျှက်ရှိနေကြသည်ဟု နောက်ထပ် ကျေးရွာသားတစ်ဦးက ဆိုသည်။ “စစ်ရှောင်စခန်းမှာပဲ ထောက်ပံ့ကြေးတွေနဲ့ ကြုံရာလုပ်ကိုင်ပြီး စားသောက်နေကြရတာဆိုတော့ ကိုယ့်အိမ်ကိုယ် ပြန်ပြင်နိုင်ဖို့ဆို တာလည်း မလွယ်ပါဘူး။ အဲ့ဒါကိုတွေးပြီး စခန်းထဲမှာပဲ နေနေကြသေးတာပါ။ ရွာပြန်ရင်လည်း အရင်လို အတည်တကျ လုပ်ကိုင် စားသောက်နိုင်ဖို့ အချိန်တစ်ခုပေးရအုန်းမယ်။ ရွာကိုပြန်ပြီး ကိုယ့်အိမ်ကိုယ့်ယာမှာ ပုံမှန်ပြန်နေရဖို့ကတော့ မျှော်လင့်ရတာပါပဲ” ဟု ပြောသည်။ Read ni full

 ၂၂။ ဖရူဆိုစစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာများ ချေးယူစားသောက်နေရ
 May 6, 2024
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာကို စစ်ရှောင်အချင်းချင်း ချေးယူ စားသောက်နေရကြောင်း စစ်ရှောင်စခန်း၏ တာဝန်ရှိသူများထံမှ သိရသည်။ အဆိုပါစစ်ဘေးရှောင်စခန်းများတွင် စားနပ် ရိက္ခာအပြင် အရေးပေါ်လိုအပ်ချက်များစွာရှိနေပြီး အလှူရှင်ချိတ်ဆက်နိုင်မှု အားနည်းသည့်အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အလှူရှင်လာရောက်မှုနည်းပါးသဖြင့် လတ်တလောချေးငှား၍သာ ဝမ်းရေးအတွက်ဖြေရှင်းနေရကြောင်း ၎င်းက ရှင်းပြသည်။“ဆန်၊ ဆီကဝယ်လို့တော့ရတယ်၊ ဝင်ငွေမရှိတော့မဝယ်နိုင်ကြဘူး၊ နိုင်ငံခြားမှာသား သမီးရှိတဲ့အနည်းစု တော့ အဆင်ပြေကြတာပေါ့” ဟု စစ်ရှောင်ကော်မတီဝင်တစ်ဦးက ပြောသည်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းဝန်းကျင်၊ စားသုံးဆီ ၅၀ သားလျှင် ၇,၅၀၀ ကျပ်ခန့်ရှိနေပြီး အခြားအခြေခံစားသောက်ကုန် ပစ္စည်းများမှာလည်း ဈေးနှုန်းများမြင့်တက်နေကြောင်း စစ်ဘေးရှောင်ပြည်သူများက ဆိုကြသည်။“လောလောဆယ်တော့ ပြေလည်တဲ့သူတွေဆီက ဆန်တွေ၊ ဆီတွေ ချေးပြီး စား သောက်ဖို့ ဖြေရှင်းနေရတယ်၊ အလှူရှင်တွေလာလှူမှပြန်ဆပ် အဲ့ဒီလိုပေါ့၊ အများစုကတော့ ရိက္ခာကြွေးတင်နေကြပြီ”ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။ အဆိုပါစစ်ရှောင်စခန်းများတွင်နေထိုင်သူအချို့မှာ တပိုင်တနိုင်ဈေးရောင်းကြသည့် အလုပ်ကိုလုပ်ကိုင်နေကြပြီး အများစုမှာ အလုပ်လက်မဲ့များသာဖြစ်ကြသည်။  ဖရူဆိုအနောက်ခြမ်းတွင် စစ်ရှောင်စခန်း ၁၀ ခု ကျော်ရှိပြီး အားလုံးမှာ စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ အရေးပေါ်လိုအပ်နေကြသည်။ Read ni full

၂၃။ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည့် မောင်မယ်ရှောင်ဒေသခံများ နေရာထိုင်ခင်းနှင့်ဆေးဝါး အကူအညီလိုအပ်
 May 5, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး တွင်ဖြစ်ပွားခဲ့ သော တိုက်ပွဲကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများမှာ လက်ရှိ အချိန်တွင် နေရာထိုင်ခင်းနှင့် ဆေးဝါး အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။ မောင်မယ်ရှောင်ကျေးရွာ အနီးရှိ ဘုရားမဲစစ်ဆေး ရေးဂိတ်ရှိတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့်တော်လှန်ရေးတပ်များကြား ပြီးခဲ့သည့် မေလ(၂)ရက်နေ့က တိုက်ပွဲဖြစ် ပွား၍ အနီးရှိ ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်ပြီး ယနေ့အချိန်နေရပ်မပြန်နိုင်ကြ သေးကြောင်း စစ်ဘေးရှောင်အနီးကပ်ကူညီနေသူတစ်ဦးက ပြောသည်။ ၎င်းက “အကုန်လုံးထွက်ပြေးကြတော့ အသက်ကြီးတဲ့ သူတွေပါတယ်။ နေကလည်းပူတော့ နေဖို့ထိုင်ဖို့ အတွက်က ပိုပြီးတော့လိုအပ်တယ်။ အဓိကက ဓာတ်ဆားထုပ်တွေ၊ အမိုးအကာ တွေ လိုအပ်ချက်က ရှိနေတယ်။ တိုက်ပွဲအခြေအနေက ဘာတွေဆက်ဖြစ်မလည်း မသိသေးဘူး။”ဟု ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သည် ဘုရားမဲစစ်ဆေးရေးဂိတ်တွင် တပ်စွဲသည့်အချိန်မှစတင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များကို ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိ ကြောင်းလည်း မောင်မယ်ကျေးရွာ ဒေသခံများကပြောသည်။ လက်ရှိ တိမ်းရှောင်နေကြသော ဒေသခံများမှာ နေရာထိုင်ခင်းနှင့်ဆေးဝါး အကူအညီလိုအပ်ချက်များအပြင်စားနပ်ရိက္ခာ အကူ အညီများလည်း လိုအပ်လျက်ရှိကြောင်းလည်း စစ်ရှောင်ကူညီသူများက ပြောသည်။ Read ni full

၂၄။ ဘူးသီးတောင်မြို့ထဲ AA ဝင်ရောက်လာမည်ကို စိုးရိမ်၍ မြို့ဝင်တံတား စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး
 May 7, 2024
အာရက္ခတပ်တော် ( AA) မြိုထဲကို ဝင်ရောက်လာမည်ကို စိုးရိမ်ပြီး စစ်ကောင်စီက ဘူးသီးတောင်မြို့ အဝင်တံတားကို မိုင်းခွဲဖျက်ဆီးလိုက်ပြီဟု သတင်းရရှိသည်။ ၎င်းတံတားသည် ပန်ဇင်းချောင်းအားဖြတ်ထိုးထားသည့် တံတားတစ်စင်းဖြစ်ပြီး ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့တို့ကို ဆက်သွယ်ရန် ဖြတ်သန်းဖောက်လုပ်ထားသည့် ကားလမ်း ပေါ်တွင် တည်ရှိသည်။ ၎င်းတံတားအား မေလ ၆ ရက်နေ့ညနေ ၄ နာရီကျော်၌ စစ်ကောင်စီတပ်မှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း မျက် မြင် ဘူးသီးတောင်ဒေသ ခံများထံမှသိရသည်။ “ဒီတံတားကို စစ်ရေးအရရော၊ သယ်ယူပို့ဆောင်ရေးအရရော အရေးကြီးတယ်။ မိုင်းခွဲလိုက်တာက အရှေ့ဖက်ကမ်းက အေအေရဲဘော်တွေ ဘူးသီးတောင်မြို့ပေါ်ကို အလွယ်တကူမလာနိုင်အောင် မိုင်းခွဲလိုက် တာ။ ပျက်စီးသွားတာက အရှေဖက်က တံတား ချဉ်းကပ် လမ်းဖက်ပြိုပျက်သွားတယ်”ဟူ ပြောကြားသည်။
တံတားကို ဖျက်ဆီးလိုက်သော်လည်း ဘူးသီးတောင်မြို့ထဲကို ဝင်ရောက်ရန် တစ်ခြားလမ်းများရှိသဖြင့် အာရက္ခတပ် တော်မှ ဝင်လာမည်ကို လုံး၀ တားဆီးနိုင်မည်မဟုတ်ဟု ၎င်းက ပြောကြားသည်။ ဘူးသီးတောင်မြို့ အရှေ့ဖက် ချောင်းတစ်ဖက် ကမ်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်စကခ(၁၅)နှင့် လက်အောက်ခံတပ်ရင်း ခမရ ၅၅၁၊ ၅၅၂၊ ၅၆၄၊  ၅၆၅ တို့အား အာရက္ခတပ် တော် (AA)က မေလ ၃ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် မေလ ၆ ရက်နေ့၌ ယခုလို မိုင်းခွဲဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။ အဆိုပါ တံတားပျက်စီးသွားသောကြောင့် ဘူးသီးတောင်အရှေ့ဖက်ရှိ ကျေးရွာပေါင်း ၂၀၀ ခန့် မှ ဒေသခံပြည်သူများ ဘူးသီးတောင်မြို့သို့ သွားလာရန်အတွက် အခက်တွေ့သွားပြီဟု သိရသည်။ Read ni full

၂၅။ ထန်တလန်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ‌စစ်ဘေးရှောင်စခန်းအပါအဝင် လူနေအိမ် ၅၀၀ ကျော်ပျက်စီး
May 6, 2024
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် လေပြင်းတိုက်ခတ်၍ မိုးသီးများကြွေကျမှုကြောင့် ကျေးရွာ ၁၀ ရွာဝန်းကျင်ရှိ စစ်ဘေးရှောင်စခန်းအပါအဝင် လူနေအိမ် ၅၀၀ ကျော် အမိုးလန်ပျက်ဆီးခဲ့ကြောင်း ထန်တလန်မြို့နယ် စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ မေလ ၅ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်ပြီး မီုးသီးများပါ အများအပြားကြွေ ကျသောကြောင့် လူနေအိမ်ရာနှင့်ချီပျက်စီးခဲ့သည့်အပြင် အသက် ၆၇ အရွယ် အဘွားတစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။“မနေ့ညက မိုးရွာတယ်၊လေပြင်းတိုက်တယ်၊ ပြီးတော့ မိုးသီးလဲကျတယ်လေ၊ နေအိမ် တော်ပျက်စီးတယ်၊ တချို့က အမိုးလန်ပျက်စီးတာပေါ့ တချို့ စစ်ရှောင်စခန်းတွေဆို မိုးကာတွေနဲ့နေတာဆိုတော့ ပေါက်ပြဲကုန် တာပေါ့နော်၊ ပြီးတော့ အဘွားတစ်ယောက် မိုးသီးကျလို့ ထိခိုက်ထားတယ်၊ ဘယ်လိုဒါဏ်ရာမျိုးရတယ်ဆိုတာ‌တော့ သေချာမသိ ရသေးဘူး၊ ဒါပေမဲ့သိပ်တော့မစိုးရိမ်ရဘူး ဆေးရုံတော့သွားပြရတဲ့အခြေအနေပေါ့နော်။”ဟု ထန်တလန်မြို့နယ်အတွင်း စစ်ဘေး ရှောင်များအရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။
လေပြင်းတိုက်ခတ်၍ မိုးသီးများကြွေကျမှုကြောင့် ထန်တလန်မြို့နယ် Zahnak တောင်ကြောရှိ Bungkhua တွင် စစ်ရှောင်နေအိမ် ၁၄၆ လုံး၊ Thangzang  A, B တွင် ၇၀ ကျော်၊  Sihhmuh တွင် ၃၅ လုံး၊ Fungkah တွင် ၃၁ လုံး၊ Lungler တွင် ၈၀ ကျော်၊ Ralpel တွင် ၁၀ လုံး ၊ Ruakhua တွင် ၅၂ လုံး နှင့်  Ruabuk တွင် ၁၈ လုံး စသည်ဖြင့် အမိုးလန်ထိခိုက်ပျက်စီးခဲ့ သည် ဟု သိရသည်။ ထို့အပြင် ထန်တလန်မြို့နယ် Vailam တောင်ကြောရှိ Hmunlipi တွင် နေအိမ် ၂၀ ကျော်၊ Bungtlang ရွာသစ်တွင် ၇ လုံး နှင့် Thau ရွာသစ်တွင် ၁၀ လုံး နှင့် Vanzang ရွာတွင် နေအိမ် ၃၀ ခန့်ပျက်စီးခဲ့ကြောင်းသိရသည်။ အပျက်အစီး စာရင်းကို ဆက်လက်ကောက်ခံနေဆဲဖြစ်ပြီး ယခုထက်လည်းများနိုင်သည်ဟု သိရသည်။ လက်ရှိတွင် ၎င်းတို့အတွက် အကူအညီများလို အပ်နေကြောင်း သိရပြီး ပျက်စီးသွားသော နေအိမ်များကို စစ်ဘေးရှောင် များနှင့် ဒေသခံပြည်သူများမှ ကိုယ်ထူကိုယ်ထဖြင့် ပြန် လည် ပြုပြင်နေကြကြောင်းသိရသည်။  Read ni full

၂၆။ ဟိုပုံးမြို့နယ်အတွင်း SSPP နဲ့ တိုက်ပွဲဖြစ်နိုင်တဲ့အတွက် ဒေသခံတွေကို စစ်ကောင်စီက သတိပေးထား
 May 6, 2024
ဟိုပုံးမြို့နယ် မိုင်းပျဉ်းတိုက်နယ်၊ ဖာလဲကျေးရွာဘက်က စစ်ကောင်စီတပ်က ကျေးရွာသားတွေကို SSPP/SSA နဲ့တိုက်ပွဲ ဖြစ်ပွားနိုင်လို့ စစ်ဘေးရှောင်ရန် အထုပ်ပြင်ထားဖို့ သတိပေးထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီအဖွဲ့ဝင် ခွန်စံလွင်က မေ ၅ ရက်မှာ စငေါနဲ့ ပန်လျန်းရွာတွေက ဘုန်းကြီးကျောင်းတွေပြန်ပြင်ဖို့ ငွေလာပေးရင်း ဒေသခံတွေကို အဝါရောင်အဆင့် သတိထား နေဖို့ ပြောသွားတာဖြစ်တယ်လို့ သိရပါတယ်။ “ဖာလဲမှာ ရှိတဲ့ ဗမာစစ်တပ်က ရွာကို ပြောတာ၊ ၁၀ ရက်အတွင်း အထုပ်အသင့် ပြင်ထား၊ သတိနဲ့နေဖို့ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဟိုပုံးမြို့နယ်အတွင်းက ကျောက်တန်း၊ နမ့်ခုတ်၊ စံဖူး၊ နောင်အေးစတဲ့ ကျေးရွာဘက်တွေမှာလဲ စစ်ကောင်စီတပ်တွေနဲ့ PNO ပြည်သူ့စစ်တွေ၊ ဟိုပုံး နည်းပညာစစ်ကျောင်းက ဆင်းလာ တဲ့ စစ်မှုထမ်း ပထမအပတ်က သင်တန်းဆင်းတွေနဲ့ အင်အားတိုးချဲ့ထားပါတယ်။
ဟိုပုံးမြို့ဟာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးကနေ ၁၄ မိုင်ဝေးသာကွာဝေးပြီး ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်ပြီး မတ်လအတွင်း PNLA နဲ့ ဒေသတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ SSPP/SSA  ဒုဥက္ကဌ ကိုယ်တိုင်က စစ်ကောင်စီကို တိုက်မယ်လို့ မေလ ၃ ရက်နေ့က ထုတ်ပြန်ထားတာတွေလဲရှိပြီး SSPPရဲ့ ဌာနချုပ်(ဝမ်ဟိုင်း)ပေါ် စစ်ကောင်စီရဲ့ နမ်စန် လေတပ်က လေယာဉ်အချို့ မေလ ၄ ရက်ကပျံဝဲနေတာတွေရှိခဲ့တယ်လို့ မြေပြင်သတင်းတွေအရ သိခဲ့ရပါတယ်။

 ၂၇။ ဖမ်းဆီးထားတဲ့ မြေသယ်ကား ၆ စီးကို ငွေကျပ် သိန်းငါးထောင်နဲ့ရွေးခိုင်းနေ
 May 6, 2024
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ပြည်သူ့စစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေက မြေသယ်ကား ၆ စီးဖမ်းဆီး ထားပြီး ငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းနေတယ်လို့သိရပါတယ်။ ဟိုပင်ပြည်သူ့စစ်ခေါင်းတောင် ဦးငမျိုး(တရုတ်လူမျိုး) ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့နဲ့  စစ်ကောင်စီပူးပေါင်းတပ်က မတ်လ ၅ ရက်ရက်နေ့ ဖားကန့်ဘက်ကိုတက်မယ့် မြေသယ်ကား (၁၀ ဘီးကား) ၆ စီးကို ဟိုပင်တိုးဂိတ်အကျော် လမ်းခုလတ်မှာ ဖမ်းဆီးထားပြီး ငွေကျပ်သိန်း ၅၀၀၀ နဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဖမ်းဆီးခံရတဲ့ မြေသယ်ကားပိုင်ရှင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “တရုတ် ငမျိုး ဆိုပြီးလည်းခေါ်ကြတယ် သူ့ကို ဟိုပင်ပြည်သူ့စစ်ခေါင်းဆောင်ဟုတ်တယ် သူပဲလုပ်နေတာ ဖမ်းတာက ဟိုပင်တိုးဂတ်အကျော်မှာဖမ်းလိုက်တာ အဲ့ငမျိုးဆိုတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ကဖမ်းက ၆ စီးစလုံးကို သိန်းငါးထောင်တောင်းလို့ အခုညှိနေကြတယ်”လို့ အထက် ဖော်ပြပါ ဟိုပင် ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
မြေသယ်ကား ၆ စီးစလုံးကို လက်ရှိ ဟိုပင် တပ်ရင်း ၄၀ ထဲမှာ ထိန်းသိမ်းထားပြီး စစ်ကောင်စီတပ်နဲ့ ဟိုပင်ပြည်သူ့စစ် ခေါင်းဆောင် ဦးငမျိုးတို့ တောင်းတဲ့ ကျပ်သိန်းငါးထောင်နဲ့ ရွေးရင်ပြန်လွတ်ပေးမှာဖြစ်ကြောင်း ကားပိုင်ရှင်တွေကို ပြောဆိုထား တယ်လို့သိရပါတယ်။“အခုဖမ်းထားတဲ့အဲ့ ၆ စီးလုံးက ၄၀ ထဲမှာ တပ်ရင်း ၄၀ ထဲမှာထားထားတယ်။ အရင်တစ်ခေါက်ကလို တစ်ခါထဲဖမ်းပြီးမှ မီးရှို့တာမျိုးတော့မလုပ်သေးဘူး ဖမ်းပြီးနောက်ရက်မီးရှို့တာအခုတစ်ခေါက်ကလည်း သူပဲလုပ်တာ သူပဲဖမ်း ပြီးသူပဲလွတ်တာ အရှေ့၇ စီးကတစ်ခါဖမ်းပြီးမီးရှို့တာ။ အဲ့ကသူမစားရလို့လားမသိဘူး အခုဒီ ၆ စီးကသူကိုယ်တိုင်လုပ်တာ သူကိုယ်တိုင်ပိုက်ဆံပေးမယ့် ကုန်သည်တွေနဲ့လုပ်ပြီးသူကအခုအောက်ခြေနဲ့ ပြန်ညှိပြီးပြန်လွတ်ဖို့လုပ်နေတယ်”လို့ အထက်ဖော် ပြပါ အမျိုးသမီးကဆက်ပြောပါတယ်။ Read ni full

၂၈။ ဖားဆောင်းမြို့ကို တော်လှန်ရေး အင်အားစုတွေက ၈၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထား
 May 6, 2024
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ကို ကရင်နီမဟာမိတ် တော်လှန်ရေး အင်အားစုတွေက ၈၀ ရာခိုင်နှုန်းကျော် ထိန်းချုပ် ထားနိုင်ပြီလို့ ဖားဆောင်း PDF ဆီက သိရပါတယ်။ မြို့ပေါ်မှာ စစ်ကောင်စီဘက်က ခမရ-၁၃၄ နဲ့ ခမရ-၁၃၅ တပ်ရင်း ၂ ခု တည်းသာကျန်တောပြီး တော်လှန်ရေးမဟာမိတ်တွေက မြို့ပါတ်ဝန်းကျင်နဲ့ မြို့ပေါ်ရပ်ကွက်တွေကို စိုးမိုးထားနိုင်တယ်လို့ ပြောပါ တယ်။ ဖားဆောင်း PDF ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက “၈၀/ ၉၀ ရာခိုင်နှုန်းလောက်အထိကို တော်လှန်ရေး အင်အားစုတွေ က စိုးမိုးထားတာပါ။ စစ်ကောင်စီက သူတို့တပ်တွင်းစည်းရိုးထဲမှာပဲ ပိတ်မိနေပါတယ်။ ရိက္ခာတွေ လက်နက်တွေက လေကြောင်း ကပဲ ပို့လို့ရတော့တယ်။ မြေပြင်လမ်းကြောင်းတွေက ကျနော်တို့ အကုန်သိမ်းထားတယ်” လို့ ပြောပါတယ်။
ဖားဆောင်းမြို့ပေါ်နဲ့ ပတ်ဝန်ကျင်ကျေးရွာတွေမှာ တိုက်ပွဲ ဖြစ်ပွားမှုတွေ ၃လ အတွင်း  အနည်းငယ်ငြိမ်သက်လာတဲ့ အတွက် ဒေသခံ စစ်ဘေးရှောင် ၂၀ ရာခိုင်နှုန်းခန့်ဟာလည်း နေရပ်ပြန်လည်နေထိုင်မှုတွေရှိပါတယ်။ ကရင်နီပြည်နယ်တဝှမ်း စစ်ကောင်စီအနေနဲ့ ရိက္ခာလက်နက်ဖြည့်တင်းမှုကို လေကြောင်းကသာ အဓိကလုပ်ဆောင်နေပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု အရင်ကထက်လျှော့ကျလာတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ၂၀၂၄ နှစ်စကနေ ဧပြီ(၁၂)ရက်နေ့အထိ ဖါးဆောင်းမြို့နယ်အတွင်း တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သား (၈၀)ကျော်နဲ့ ဗျူဟာမှူးတစ်ဦးအပါအဝင် (၅၆)ဦးဖမ်းဆီးရမိပြီး လက်နက်အမြောက်အများ သိမ်းဆည်းရမိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ Read ni full

၂၉။ ဘီးလင်း-ဖာပွန်ကားလမ်းပေါ်က တံတားတစ်စင်း မိုင်းခွဲခံရလို့ ပြိုကျပျက်စီး
 May 6, 2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပျဉ်သာကျေးရွာ ဘီးလင်း-ဖာပွန်ကားလမ်းပေါ်က တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရတာ ကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မေ ၆ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ ဘီးလင်း -ဖာပွန်ကားလမ်းပေါ်က မိုင်တိုင်အမှတ် ၁၆/၂ နဲ့ ၁၆/၃ ကြားမှာရှိတဲ့ ကညင်ပင်ကွင်းတံတားကို အမည် မသိလက်နက် ကိုင်အဖွဲ့တစ်ခုက မိုင်းခွဲဖျက်ဆီးခဲ့တာပါ။ မိုင်းခွဲခံရတာကြောင့် တံတားအရှည် ပေ ၈၀ ၊ တံတားအကျယ် ၂၄ ပေရှိတဲ့ သံကူကွန် ကရစ်တံတားဟာ အလယ်ကနေကျိူးကျပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ တံတားတစ်စင်းလုံး ပြိုကျပျက်စီး သွားတာကြောင့် ကားနဲ့ဆိုင်ကယ်တွေကအစ ဖြတ်သန်းသွားလာလို့ မရတော့သလို ဆက်သွယ်ရေးလမ်းပိုင်းတစ်ခုလုံးပြတ် တောက်သွားတယ်လို့ သိရပါတယ်။
အဲဒီလမ်းပိုင်းကို စစ်ကောင်စီတပ်ဘက်က ဘီးလင်းနဲ့ဖာပွန်မြို့ကို လက်နက်ခဲယမ်း၊ ရိက္ခာတွေနဲ့ တပ်အင်အားတွေ ဖြည့်တင်းရာမှာ အဓိက အသုံးပြုနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။ ကညင်ပင်ကွင်းတံတား မိုင်းခွဲဖျက် ဆီးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့ မတ် ၆ ရက်နေ့ကလည်း ဘီးလင်း-ဖာပွန်ကားလမ်းပေါ်က ပျဉ်သာတံတား မိုင်းခွဲ ဖျက်ဆီးခံရတာကြောင့် ပြိုကျပျက်စီးခဲ့သေးတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ https://www.facebook.co m/photo?fbid=491872233403588&set=pcb.491874616736683

၃၀။  မြ၀တီမှာ စမတ်ကတ် UID နံပါတ်အတွက် ကျပ်နှစ်သိန်းခန့် ဈေးပေါက်နေ
 May 6, 2024
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့မှာ စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးတဲ့ စမတ်ကတ် UID (Unique Identity Number) နံပါတ်ရဖို့အတွက် ပြင်ပမှာ မြန်မာကျပ်ငွေ နှစ်သိန်းကျပ်အထိ ဈေးပေါက်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ မြ၀တီဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ မြ၀တီမြို့ကနေ ထိုင်းနိုင်ငံကိုထွက်ခွာဖို့ UID ကတ်ပြားပါမှသာ ခွင့်ပြုတော့မှာ ဖြစ်တဲ့အတွက် လာရောက်လျှောက်ထားသူများပြားနေပြီး ကတ်အမြန်ရရှိနိုင်ဖို့ ပြင်ပတရားမဝင်ဈေးကွက်ပေါ်ပေါက်လာတာ လို့ဆိုပါတယ်။ UID ကတ်ပြားလျှောက်ထားတဲ့အခါရရှိဖို့ ဆယ်ရက်ခန့်ကြာနိုင်ပြီး ပြင်ပအကျိုးဆောင်တွေကနေ တစ်ဆင့် တစ်ရက်အတွင်းရဖို့ လုပ်ဆောင်ကြတဲ့အခါ ကျပ်ငွေနှစ်သိန်းခန့် တောင်းယူနေတာလို့ မြ၀တီမြို့ခံတစ်ဦးက ပြောပါတယ်။
“ပထမတော့ မြန်မာငွေ ငါးသောင်းလောက်ကြားထားတော့ ငါးသောင်းလောက်ဆိုလည်း သွားလုပ်ရင် ကောင်းမလား ပေါ့။ အဲဒါနဲ့ မေးကြည့်လိုက်တော့ ဘတ်နှစ်ထောင် (ကျပ်နှစ်သိန်း) လို့ပြောတယ်။ ဘတ်နှစ်ထောင်ဆိုရင်တော့ မလုပ်နိုင်သေး ဘူးဆိုပြီး နေလိုက်တာ။ ဒါပေမဲ့ ကိုယ့်အသိတွေထဲက တစ်ယောက်က သူကတော့ လုပ်မယ်တဲ့ ချိတ်ဆက်ပေးပါဆိုလို့ အဲဒါ လှမ်း ပြီး ချိတ်ဆက်ပေးတော့ ချက်ချင်းလုပ်ပေးမယ် ဘတ်နှစ်ထောင်ဆိုပြီး ဟိုဘက်က ပြန်အကြောင်းပြန်တယ်” မြ၀တီမြို့နယ်က လူဝင်မှုကြီးကြပ်ရေးရုံးမှာ မေလ ၁ ရက်ကစပြီး UID ကတ် လာရောက်လျှောက်ထားသူတွေ နေ့စဉ် လူငါးရာ ခန့်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  လာရောက်လျှောက်ထားသူတွေ များပြားတာကြောင့် ကိုယ်ရေးအချက်အလက် မှားယွင်းဖြည့် သွင်းတာတွေလည်း ရှိနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။  Read ni full

၃၁။ နောင်မွန်မှာ စက်သုံးဆီပြတ်လပ်မှုကြောင့် လူနဲ့ လယ်ထွန်နေရ
 May 6, 2024
မြန်မာနိုင်ငံ မြောက်ဖျားပိုင်းဖြစ်တဲ့ ကချင်ပြည်နယ် နောင်မွန်မြို့နယ်ထဲမှာ စက်သုံးဆီတွေ ပြတ်လပ်နေတာကြောင့် စိုက်ပျိုးရေးအတွက် လယ်ထွန်စက်တွေကို မသုံးနိုင်တော့ဘဲ လူအားအသုံးပြုပြီး လယ်ထွန်နေရတယ်လို့ ပြောပါတယ်။ မတ်လ ၉ ရက်နေ့ကစလို့ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းမှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့နယ်က တပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ် မတော်(KIA)က ထိုးစစ်ဆင်တိုက်ခိုက်ချိန်ကစလို့ ကုန်သွယ်ရေးလမ်းကြောင်းပြတ်တောက်သွားပြီး စက်သုံးဆီတွေလည်း သယ် ယူလို့မရတော့ဘဲ ပြတ်လပ်နေခဲ့တာလို့ နောင်မွန်ဒေသခံ တစ်ဦးက ပြောပါတယ်။“ဆီက လုံးဝကို မရနိုင်တာ ဝယ်မယ့်နေရာကို မရှိတာ။ အခုလိုဖြစ်တာက နှစ်ပတ်လောက်ရှိပြီ။ အခုက ဆီမရှိတော့ ထယ်တောင် မထိုးနိုင်တော့ဘူး။ တချို့ကတော့ လူနဲ့ဝိုင်းဆွဲ နေကြတယ်။ နွားတွေလည်း တရုတ်တွေကို အကုန်ရောင်းလိုက်ကြပြီ။ ရှိတဲ့နွားတွေကလည် စက်သုံးတာများတော့ ဒီအတိုင်းထိုး လို့မရဘူး သင်ပေးမှရတာ။ အရင်က ထယ်ထိုးတဲ့ဟာတွေက တရုတ်တွေကို ရောင်းလိုက်ပြီ” စက်သုံးဆီရှားပါးနေတဲ့အတွက် အာဏာပိုင်တွေက လျှပ်စစ်မီးကို တစ်ရက်မှာ တစ်နာရီပဲ ပေးတော့သလို၊ ဆက်သွယ်ရေးတာဝါတိုင်တွေကိုလည်း ညဘက်မှာ ပိတ်ထားပြီး မနက်ပိုင်းရောက်မှ ပြန်ဖွင့်ပေးတော့တယ်လို့ သူကဆိုပါတယ်။
လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် ပူတာအိုခရိုင်က လယ်သမားတွေ စိုက်ပျိုးထွန်ယက်နိုင်ဖို့ အတွက် မန္တလေးမြို့ကနေ စစ်တပ်လေယာဉ်နဲ့ မေလ ၁ ရက်နေ့မှာ ဒီဇယ်ဆီ ပီပါ ၄၀ ကို ပူတာအိုမြို့က အာဏာပိုင်တွေထံ ပို့ဆောင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒါ‌ပေမဲ့ ဒီစက်သုံးဆီတွေဟာ ဒေသခံလယ်သမားတွေထံ ရောက်၊ မရောက်အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ နောင်မွန်ဒေသခံတွေက ပြောပါတယ်။ Read ni full

၃၂။ ဆီဆိုင်မြို့၊ ဝိန်းကောင်တံတားကို KNDF နှင့် PDF တို့ကမိုင်းခွဲဖျက်ဆီးခဲ့ဟု စစ်ကောင်စီသတင်းမှားဖြန့်
 May 7, 2024
သျှမ်းပြည် ဆီဆိုင်မြို့နယ် ဝိန်းကောင်ကျေးရွာရှိ ဝိန်းကောင်တံတားကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီက ဝါဒဖြန့်ချိနေလျက်ရှိ သည်။ စစ်ကောင်စီတပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS) မှ “ဒေသအတွင်း လူမှုစီးပွားရေးဘဝဖွံ့ဖြိုး တိုးတက် စေရေးနှင့် ပြည်သူများခရီးသွားလာမှု လွယ်ကူမြန်ဆန်စေရေးအတွက် အခြေခံအဆောက်အုံဖြစ်သည့် လမ်း၊ တံတားများ ဖောက် လုပ်တည်ဆောက်ပေးလျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများက လမ်း၊ တံတားများအား လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများ ဖြင့် မိုင်းထေင်ဖောက်ခွဲ၊ တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရား နည်းပါးစွာဖြင့် ကျူးလွန်ပြုလျက်ရှိသည်” ဟုဆိုကာ ရေးသား ဖြန့်ချိခဲ့သည်။ ဆီဆိုင်မြို့မှ ဝိန်းကောင်ကျေးရွာအကြားရှိ ဝိန်းကောင်တံတားကို ဧပြီ ၂၇ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့မှ တော်လှန်းရေးတပ်ဖွဲ့များ၏စစ်ကူလမ်းကြောင်း မလာနိုင်ရန်အတွက် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ ဒေသခံ နေအိမ်များကိုလည်း ဒရုန်း ၂ စီးဖြင့် ဗုံးကြဲခဲ့ကြောင်း Black Fox Southern Shan Local Defence Force တပ်ဖွဲ့ကို ကိုးကား၍ ဖယ်ဒရယ် FM သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
အလားတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO က “ဆီဆိုင်မြို့နယ် ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့က မိုင်းဖြင့်ဖော်ခွဲဖျက်စီးလိုက်သည်” ဟုဆိုကာ ဧပြီလ ၂၈ ရက်၌ ထုတ်ပြန်ထားသည်။ ထို့အပြင် ယုံကြည်စိတ်ချရသည့် သတင်းဌာနများတွင် ဆီဆိုင်မြို့အတွက် အရေးပါသည့် ဝိန်းကောင်ကျေးရွာမှ သဘက် ချောင်းတံတား (ဝိန်းကောင်တံတား) ကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့ မိုင်းခွဲ့ဖျက်စီးခဲ့သည်ဟု ဒေသခံနှင့် PNLO ထုတ်ပြန်ချက်ကိုကိုးကား၍ RFA သတင်းတစ်ပုဒ်တွင်လည်း ဖော်ပြထားသည်။ ဒေသအတွင်း သတင်းဌာနတစ်ခုဖြစ်သည့် The People’s Voice (ခမ်းသားငေါဝ်း) ကလည်း ဆီဆိုင်မြို့နယ် ဝိန်းကောင်းကျေးရွာမှ သဘက်ချောင်းတံတားအား စစ်ကောင်စီတပ် ဖွဲ့ဝင်များက မိုင်းခွဲဖျက်စီးခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ Read ni full

၃၃။ မြဝတီမြို့ဒေသတဝိုက်ရှိ ကျားဖြန့်ဂိုဏ်းများထွက်ခွါရန် BGF အမိန့်ထုတ်မှုသည် တရုတ်၏ဖိအားကို အချိန်ဆွဲခြင်းဟုပြော
May 7, 2024
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ဒေသတဝိုက်ရှိ ကျားဖြန့် (ခေါ်) အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို ထွက်ခွာ ကြရန် စစ်ကောင်စီလက်အောက်ခံ  ကရင်နယ်ခြား စောင့်တပ်ဖွဲ့ (BGF)မှ သတိပေး အမိန့်စာထုတ်ခြင်းသည် တရုတ်၏ဖိအားကို အချိန်ဆွဲခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ် ပြောကြားသည်။ အဆိုပါအွန်လိုင်း ငွေလိမ်ဂိုဏ်း လုပ်ကိုင်နေကြသော နိုင်ငံခြားသားများအားလုံးသည် ယခုလ မေ ၁ ရက်မှ လာမည့် အောက်တိုဘာ ၃၁ ရက်အတွင်း မြ၀တီဒေသတစ်ဝိုက်မှ ထွက်ခွာ သွားကြရန် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်ဘာသာတို့ဖြင့် BGF က သတိပေးစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။“တကယ့်တကယ် သာ သူတို့ ပြတ်ပြတ်သားသား လုပ်ချင်ရင် အလွယ်ကလေးပဲ။ တစ်ခါတည်း ဖမ်းလိုက်ရင် ပြီးမယ့်ကိစ္စ၊ မဖမ်းဘဲ အချိန်ပေးတာ က တရုတ်ရဲ့ ဖိအားပေးတာကို အချိန်ဆွဲချင်တာ ဖြစ်မှာပေါ့။ ပြီးတော့မှ တဖြည်းဖြည်းနဲ့ ပြန်လွှတ် တာတို့ဘာတို့ လုပ်မယ်ထင် ပါတယ်။ အချိန်ဆွဲတဲ့ သဘောပါပဲ” ဟု တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)၏ ထိုသို့သတိပေး အမိန့်စာတွင် တရားမဝင်နယ်စပ်ဖြတ်ကျော် ခိုးဝင်ရောက်ရှိလာ သော နိုင်ငံခြားသားများအနေဖြင့် မိမိတို့လာရာ လမ်းအတိုင်းသတ်မှတ်ရက်အတွင်းထွက်ခွာသွားကြရန်နှင့် လာမည့် အောက်တို ဘာ ၃၁ ရက်နောက်ပိုင်း တွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ မြဝတီမြို့ရှိ ကျားဖြန့်ဂိုဏ်းများ ကို BGF အနေဖြင့် ချက်ချင်းအရေးယူ ဖမ်းဆီးခြင်း မပြုသည်မှာ ၎င်းတို့နှင့် အစကတည်းက ပတ်သက်နေသော လူများဖြစ်နေပြီး လူမှောင်ခိုလုပ်နေသော ထိုဂိုဏ်းများကို စိစစ်ပြန်လွှတ်ရန် အချိန်ကာလပေးလိုက်သည့် သဘောဖြစ်ကြောင်း ဒေါက်တာ လှကျော်ဇော က ဆိုသည်။ ယင်းကိစ္စသည် အိမ်နီးချင်း နိုင်ငံများ၏ ဖိအားရှိနိုင်ပြီး ကျားဖြန့် (ခေါ်) အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို အောက်တိုဘာလကုန်အထိ အချိန်ပေးထားခြင်းသည် နားလည်ရ ခက်ကာ တစုံတရာ ညှိနှိုင်းထားမှု ရှိနိုင်ကြောင်း ဝါရင့်နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။“ဗိုလ်ချစ်သူက အင်အားတစုံတရာရှိတော့ မြေပြင်စစ်ဆင်မှုမျိုးကို သူမမှု လောက်ဘူး။ သူကြောက်နိုင်တာက လေကြောင်းနဲ့ သူ့ဇုန်တွေကို ဗုံးကြဲပစ်တာမျိုးပေါ့။ တခဏလေးနဲ့ ပျက်ကုန်မယ်လေ“ ဟု ဝါရင့်နိုင်ငံရေး လေ့လာသုံးသပ်သူက ဆိုသည်။ Read ni full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button