တိုင်းရင်းသားများသတင်း

လွိုင်ကော်တွင် ခရစ်ယာန်ကျောင်းနဲ့ ဘာသာရေးအခြေခံပြု ဆေးခန်းကို စစ်ကောင်စီတပ်ကဝင်စီး

လွိုင်ကော်တွင် ခရစ်ယာန်ကျောင်းနဲ့ ဘာသာရေးအခြေခံပြု ဆေးခန်းကို စစ်ကောင်စီတပ်ကဝင်စီးပြီး ဆရာတော်နှင့် ဆရာဝန် သူနာပြုအပါအဝင် ၁၇ ဦးကို ဖမ်းဆီး

 
ဖက်ဒရယ်ဂျာနယ်
 
နိုဝင်ဘာ ၂၄၊ ၂၀၂၁
 
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်ရှိ ခရစ်တော်ဘုရင် ဗဟိုဘုရားကျောင်းနဲ့ ဂရုဏာဆေးပေးခန်းကို စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ နိုဝင်ဘာ ၂၂ ရက် မနက်က ဝင်ရောက်စီးနင်းပြီး ကျောင်းထိုင်ဘုန်းတော်ကြီးအပါအဝင်၊ ဆရာဝန်တွေ၊ စေတနာ့ဝန်ထမ်း သူနာပြု အားလုံး ၁၇ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။
 
ဘုရားကျောင်းနဲ့ ဆေးခန်းကို ဝင်ရောက်စီးရာမှာ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာ ဘရွှေအပါအဝင် စစ္စတာတွေ၊ ဂရုဏာဆေးခန်းမှာ အခမဲ့ဆေးကုသပေးနေတဲ့ ဆရာဝန်တွေနဲ့သူနာပြုတွေ ဖမ်းဆီး ခေါ်ဆောင်သွား ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ခရစ်တော်ဘုရင်ဗဟိုဘုရားကျောင်းနဲ့ ဂရုဏာ ဆေးခန်းကို ဒီမနက် ၉ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီ တပ်နဲ့ ရဲအင်အား ၂၀၀ ဝန်းကျင်လောက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာ ဂရုဏာဆေးခန်းက တာဝန်ရှိသူ တဦးက ဖက်ဒရယ်ဒရယ်ဂျာနယ် ပြောပါတယ်။
 
“ကျွန်မထင်သာကတော့ ဒီဆေးခန်းကို သူတို့ဝင်ချင်တာ ကြာပြီလို့ထင်တယ် အခုဟာက မဝင်ရင် မရတော့ဘူး ဆိုတဲ့ ပုံစံမျိုးနဲ့ ဝင်ခဲ့တဲ့ ပုံစံပါပဲ ကျွန်မထင်တာကတော့ သတင်းပေးတဲ့ အတွင်းလူရှိတယ်လို့ ထင်တယ် အတိအကျတော့ ဘယ်သိမလဲနော် ဂဃနဏတော့ သေချာမသိဘူးပေါ့နော်၊ ခေါ်ဆောင်သွားတာကတော့ လူနာတော့ မပါဘူး ဆရာဝန်၊ သူနာပြု၊ မိန်းနပ်စ်တွေ အားလုံး ၁၇ ယောက်ကို ဖမ်းသွားတယ် အခုချိန်ထိ ဘယ်သူမှ ပြန်မလာနိုင်သေးဘူး” ဟု ပြောပါတယ်။
 
သူဆက်ပြောတာက…
 
“ဆေးခန်းကို လိုင်စင်မရှိပဲ ဖွင့်တဲ့ဆေးခန်း ဖြစ်တာကြောင့် ဆက်ပြန်မဖွင့်ခိုင်းတော့ဘူးလို့ ပြောသံကြားပါတယ် အခုလိုဖြစ်သွားတော့ လူနာတွေအတွက်လည်း ပိုဒုက္ခရောက်စေသာပေါ့နော် ပုံမှန်ဆို အတွင်းလူနာ၊ ခွဲလူနာ၊ မွေးလူနာ အိုဘီဒီ တွေကအစ ရှိနေတက်ပါတယ် လူနာပါးတဲ့ ရက်ဆိုရင်တောင် လူနာ ဦးရေ ၂၀ ဝန်းကျင်ခန့် ရှိနေတက်ပါတယ် အခုလို ဆေးခန်းပိတ်ခံလိုက်ရတော့ အရေးပေါ်မွေးလူနာတွေအတွက်ဆို ပိုဆိုးသွားတာပေါ့ ခွဲမွေးရမယ်ဆိုရင်လည်း အဆင်မပြေတော့ဘူး အစစ အရာရာ လူထုကျန်းမာရေး ဒေသခံတွေရဲ့ ကျန်းမာရေး စောင့်ရှောက်တဲ့ ဝန်ဆောင်မှုတွေက မပေးနိုင်ဘူးဆိုရင် အခုလိုကာလမှာ ကျန်းမာရေး လိုအပ်ချက်တွေ ပိုပြီးလိုအပ်စေနိုင်သာပေါ့” ဟု ပြောပါတယ်။
 
မနေ့ကဆို နေ့လယ် ၂ နာရီဝန်းကျင်အချိန်လောက်ထိတော့ ဘုရားကျောင်းကို စစ်တပ်က ဝိုင်းထားဆဲဖြစ်ပြီး အဝင်အထွက်တွေကိုလည်း ကန့်သတ်ထားတယ် စစ်ဆေးမေးမြန်းသာတွေ လုပ်နေကြောင်း သိရပါတယ်။
 
ဒီဖြစ်စဉ် အခြေအနေနဲ့ ကရင်နီပြည်သူ့အင်အားစု PKPF တာဝန်ရှိသူတစ်ဉီးက ဖက်ဒရယ်ဂျာနယ်ကို အခုလို သုံးသပ် ပြောဆိုပါတယ်။
 
“စစ်ကောင်စီက အခုလို စီးနင်းတဲ့ သဘောမျိုးက ပထမ တချက်ကတော့ PDF တွေနဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်တယ်၊ အဲတာကတော့ သီးခြား အတည်မပြုနိုင်သေးဘူး၊ ဒုတိယအချက်က CDM ကျန်းမာရေးဝန်ထမ်းတွေက အဲဒီ ဆေးခန်းမှာ ပြန်လည် ကူညီပေးနေကြသာကြောင့် ဖမ်းဆီးဖြိုခွင်ခြင်တဲ့ သဘောမျိုးလို့ ပြောရမှာပဲ ပြီးတော့ စစ်ကောင်စီအနေနဲ့ အခုလို ဘာသာရေးခေါင်းဆောင်တွေနဲ့ ကျန်းမာရေး ပညာရှင်တွေကို မဆင်မခြင် ဖမ်းဆီးတာဟာ လူသားချင်း စာနာမှုမရှိပဲ ကျန်းမာရေးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်နေသာပဲ” ဟု ပြောပါတယ်။
 
ဂရုဏာဆေးခန်းဟာ လွိုင်ကော်မြို့ပေါ်အဝင် အနီးနားပတ်ဝန်းကျင်က ဒေသခံ ပြည်သူတွေ အားကိုးအားထားရတဲ့ ဆေးခန်းဖြစ်ပြီး လူနာတွေကို အခမဲ့နီးပါ ကုသပေးနေတဲ့ဆေးခန်းဖြစ်ပါတယ်။
 
အထူးသဖြင့်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေက ဖျားနာလာရင် ဂရုဏာဆေးခန်းကိုသာ အဓိက အားထားကြရပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် CDM လုပ်တဲ့ ဆရာဝန်နဲ့သူနာပြုတွေက အဆိုပါ ဆေးခန်းမှာ သွားရောက်လုပ်အားပေး ကုသပေးနေတဲ့ဆေးခန်းလည်း ဖြစ်ပါတယ်။
 

Photo – PKPF

Related Articles

Back to top button