သီတင်းကျွတ်လပြည့်ညမှာ နောင်ချိုမြို့ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ လူထိခိုက်သေဆုံးမှုရှိ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၈၊ ၂၀၂၄
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ အဘိဓမ္မာအခါတော်နေ့ဖြစ်တဲ့ သီတင်းကျွတ် လပြည့်ည(အောက်တိုဘာလ ၁၇ရက်)မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၇ရက်၊ ည ၁၀ နာရီဝန်းကျင်ကနေ ဒီကနေ့ အောက်တိုဘာ ၁၈ရက်၊ မနက်အစောပိုင်း ၁ နာရီဝန်းကျင်အထိ စံတော်သစ်စားသောက်ဆိုင်နဲ့ နောင်ချိုမြို့ ရဲစခန်းကို ဗုံး ၇ လုံး ကြဲချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“စံတော်သစ်စားသောက်ဆိုင်နဲ့ ရဲစခန်းတဝိုက်ကို ကြဲချသွားတယ်။ လူ ၅ယောက် ထိခိုက်ဒဏ်ရာရတာ၊ ၂ယောက်ဆုံးသွားပြီလို့တော့ သတင်းကြားတယ်။ လောလောဆယ်တော့ ထိခိုက်ဒဏ်ရာရသူတွေကို TNLAက ဆေးကုပေးနေတယ်။ ဗုံးကြဲခံရတဲ့ နေရာတွေကိုလည်း ရှင်းလင်းရေးလုပ်နေတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက ဖက်ဒရယ်ဂျာနယ်၊ မြန်မာကို ပြောပါတယ်။
အဲဒီလို ဗုံးကြဲချတိုက်ခိုက်ခံရတာကြောင့် နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သူတို့လက်လွှတ်လိုက်ရတဲ့ မြို့တွေကို လေကြောင်းကနေ မကြာခဏဗုံးကြဲတိုက်ခိုက်နေတာကြောင့် လေကြောင်းရန်ကာကွယ်ရေးအသိပညာပေးတာတွေကို TNLAက ဖြန့်ဝေလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၀ရက်ကတည်းက TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နောင်ချိုမြို့အပြင် နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးမိတ်နဲ့ သီပေါမြို့ကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်သလို နောင်ချိုမြို့နဲ့ မိုင် ၂၀ သာ ကွာဝေးတဲ့ တောင်းခမ်းရွာမှာလည်း တိုက်ပွဲတွေ ၂လကျော်ကြာ ပြင်းထန်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-CJ