သုတေသန

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

လစဉ်အစီရင်ခံစာ (၂၀၂၄ ခုနှစ် စက်တင်ဘာလ)

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသ အခြေအနေများ

လစဉ်အစီရင်ခံစာ (၂၀၂၄ ခုနှစ် စက်တင်ဘာလ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ်ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင်လှုပ်ရှားမှုများအား ဖက်ဒရယ်ဂျာနယ်-မြန်မာက လစဉ်လေ့လာပြုစု၍ ထုတ်ပြန် လျက်ရှိပါသည်။ ယခုစာတမ်းတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများနှင့် တော်လှန် ရေးရဲဘော်များနှစ်ဘက်ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ် ပျက်စီးမှု၊ အရပ်သား ပြည်သူများသေဆုံးမှုနှင့် တော်လှန်ရေးတပ်ပေါင်းစုများ၏ သိမ်းပိုက် ရရှိခဲ့သည့် စစ်ကောင်စီတပ်စခန်းများ ကို စုစည်းတင်ပြ ထားပါသည်။

အပိုင်း (၁)

ပြည်နယ်ဒေသများအတွင်း စစ်ရေးနှင့် လုံခြုံရေး နောက်ဆက်တွဲ အခြေအနေများ

(က) တိုက်ပွဲအတွင်း နှစ်ဘက် သေဆုံးမှုများ

၂၀၂၄ခုနှစ်၊စက်တင်ဘာလအတွင်း တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှု အကြိမ်ပေါင်း (၁၆၀) ကြိမ်ကျော်ရှိခဲ့ရာ ရခိုင်ပြည်တွင် (၃၅)ကြိမ်၊ ကရင်ပြည်တွင် (၃၄) ကြိမ်၊ ရှမ်းပြည်တွင် (၃၀) ကြိမ်၊ ကချင်ပြည်တွင် (၂၈) ကြိမ်၊ ချင်းပြည်တွင် (၁၅) ကြိမ်၊ ကရင်နီပြည်တွင် (၁၃) ကြိမ်၊ မွန်ပြည်တွင် (၅) ကြိမ် ဖြစ်ပွားကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်။

စက်တင်ဘာလ တစ်လတာစစ်ပွဲအတွင်း  သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရခိုင်ပြည် တွင် (၄၃၄) ဦး၊ ကချင်ပြည်တွင် (၃၀၀) ဦး၊  ရှမ်းပြည်တွင် (၂၀၀)ဦး၊ ကရင်ပြည်တွင် (၇၄)ဦး၊ ကရင်နီပြည်တွင် (၆၅)ဦး၊ မွန်ပြည်တွင် (၃၄)ဦး၊ ချင်းပြည်တွင် (၁၀)ဦးစသည်ဖြင့် စုစုပေါင်း (၁၁၁၇) ဦးခန့် နှင့် ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့ ဘက်မှ လည်း (၁၁၇) ဦးခန့် ကျဆုံးခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

 

(ခ) တိုက်ပွဲဖြစ်ပွားမှု ဒေသများ

(၁) ကချင်ပြည်

ကချင်ပြည်တွင် ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ဖားကန့်မြို့နယ်၊ ချီဖွေမြို့နယ်၊ စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်အစပ်ဒေသများတွင် တိုက်ပွဲများပြင်းထန်လျက်ရှိပါသည်။ KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များ သည် ဆိုင်းတောင်ရဲစခန်း အပြင် ချီဖွေမြို့အပါအဝင် စစ်ကောင်စီတပ်စခန်း (၅) ခုကိုလည်း စက်တင်ဘာလ ၃၀ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။

(၂) ချင်းပြည်

ချင်းပြည်ဒေသတွင် Chinland Council(CC) ပူးပေါင်းတပ်ဖွဲ့များ နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များသည် ထန်တလန်မြို့ရှိ စစ်ကောင်စီ တပ်စွဲထားသည့် Lai Villa စခန်းကို စက်တင်ဘာလ ၁၇ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။

(၃) ကရင်နီပြည်

ကရင်နီပြည်ဒေသတွင် KNDF၊ ကရင်နီဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား လွိုင်လင်လေးမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ရှမ်း-ကရင်နီ နယ်စပ်ဒေသ များတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။ အဆိုပါ တိုက်ပွဲများတွင် လွိုင်ကော်ဒေသပြည်သူ့ ကာကွယ် ရေးတပ်၊ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ ကရင်နီ လူမျိုး ပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦးနှင့် ရှမ်းတောင် အခြေစိုက်တပ်ဖွဲ့ စသည့် တပ်ရင်းများ ပူးပေါင်း ပါဝင်လျက်ရှိပါသည်။

(၄) ကရင်ပြည်

ကရင်ပြည်ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KPDF)ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား ကော်သူးလေအုပ်ချုပ်နယ်မြေ အတွင်းရှိ ဒေသများ၊ ဒူးပလာယာခရိုင်အတွင်းရှိ ဒေသများ၊ ညောင်လေးပင်ခရိုင်အတွင်းရှိ ဒေသအချို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ကရင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့များသည် ဝင်းရေးမြို့နယ်ရှိ လွှတ်ရှမ်းစစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလအတွင်း အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါသည်။

(၅) မွန်ပြည်

မွန်ပြည်ဒေသတွင် မွန်ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ – MNSP AD၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA၊ ရေးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ YPDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့သည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဘီးလင်းမြို့နယ်၊ ရေးမြို့နယ် စသည့်ဒေသများတွင် နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

(၆) ရခိုင်ပြည်

ရခိုင်ပြည်ဒေသတွင် အာရက္ခတပ်တော် (AA) အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ တစ်ခုလုံး ကို အပြီးတိုင် သိမ်းပိုက်နိုင်ရန်အတွက် မောင်တောဒေသတွင် နှစ်ဘက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိပါသည်။ ထို့အပြင် စစ်တွေမြို့နယ်၊ သံတွဲမြို့နယ်၊ ဂွမြို့နယ်နှင့် တောင်ကုတ်မြို့နယ် စသည့် ဒေသများ တွင်လည်း တိုက်ပွဲများ ဖြစ်ပွားသည်ကို တွေ့ရသည်။ အာရက္ခတပ်တော် (AA) အနေဖြင့်  မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲကျွန်း၊ ပလက်ဝ စသည့်ဒေသများကို ထိန်းချုပ်နိုင်ခဲ့ပါသည်။

(၇) ရှမ်းပြည်

ရှမ်းပြည်ဒေသတွင် ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ပင်လောင်းမြို့နယ် ဒေသများ၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ရှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင်လည်း RCSS/SSA နှင့် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထို့အတူ ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်၊ သီပေါမြို့နယ်၊ နောင်ချိုမြို့နယ်၊ မန်တုံမြို့နယ်တို့၌ ကိုးကန့်တပ်-MNDAA၊ တအောင်းတပ်မတော် (TNLA)နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။ TNLA ပူးပေါင်း တပ်ဖွဲ့များသည် နောင်ချိုမြို့နယ် တောင်ခမ်း အမြောက်တပ်ကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)၊ အမြောက် တပ်ရင်း (၃၅၄)၊ ခမရ ၅၀၃၊ ၅၀၄ တပ်များကိုလည်း စက်တင်ဘာလအတွင်း သိမ်းပိုက်နိုင်ခဲ့ပါသည်။

အပိုင်း (၂)

အရပ်သားပြည်သူများအပေါ် တိုက်ပွဲ၏ အကျိုးအဆက်များ

(က) အရပ်သားပြည်သူ သေဆုံးမှု

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း တိုင်းရင်းသားဒေသများတွင် စစ်ကောင်စီ၏ လေကြောင်းတိုက် ခိုက်မှု၊ အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းကြောင့်ထိခိုက်မှု၊ တိုက်ပွဲအတွင်း ပစ်ခတ်မှုများနှင့် သတ်ဖြတ်ခံရမှုများကြောင့် အရပ်သားပြည်သူ (၂၄၁) ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မှတ်တမ်းတင်နိုင် ခဲ့သည်။ ထို သေဆုံးမှုများမှာ ရှမ်းပြည်တွင် (၁၁၀)ဦး၊ ရခိုင်ပြည်တွင် (၇၇)ဦး၊ ကချင်ပြည်တွင် (၄၀)ဦး၊ ကရင်နီပြည်တွင် (၅)ဦး၊ မွန်ပြည်တွင် (၄)ဦး၊ ချင်းပြည်တွင် (၃)ဦး၊ ကရင်ပြည်တွင် (၂)ဦး စသည်ဖြင့် အသီးသီး မှတ်တမ်းတင်နိုင်ခဲ့သည်။

(ခ) အိုးအိမ် ပျက်စီးမှု

၂၀၂၄ခုနှစ်၊ စက်တင်ဘာလအတွင်း တိုင်းရင်းသားဒေသအသီးသီးတွင် စစ်ကောင်စီ၏ မီးရှို့ ဖျက်ဆီးမှု၊ တိုက်ပွဲအတွင်းလက်နက်ကြီး ထိခိုက်ခံရမှုတို့ကြောင့် အရပ်သားနေအိမ် (၆၅၄)ကျော်  ပျက်စီးခဲ့ ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ကချင်ပြည်တွင် နေအိမ် (၄၀၀)ကျော်နှင့် ရှမ်းပြည်တွင် (၁၄၀)ကျော်၊ ချင်းပြည်တွင် (၃၆)ကျော်၊ ကရင်နီပြည်တွင် (၃၃)ကျော်၊ ရခိုင်ပြည်တွင် (၃၀)လုံးကျော်၊ ကရင်ပြည်တွင် (၁၅)လုံးကျော် စသည်ဖြင့် အသီးသီး ပျက်စီးမှု ရှိခဲ့ပါသည်။

ကိုးကားချက်များ

၁) လွတ်လပ်သော ပြည်တွင်း သတင်းမီဒီယာများနှင့် တိုင်းရင်းသားသတင်းမီဒီယာများ

၂) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများ

၃) ဖက်ဒရယ်ဂျာနယ်-မြန်မာမှ မေးမြန်းချက်၊ စုစည်းချက်များ

Related Articles

Back to top button